← Chapters

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း (၄၂၆)

နေဝင်ဆည်းဆာချိန်တွင်

နေမင်းသူရိန်သည် သူ၏ ရောင်ခြည်ဖြင့် ကမ္ဘာမြေကို ဖြန်းပက်လို့နေသည်။

သောင်းပြောင်းပညာရပ်ဌာနသည် အထူးတလည် စည်းကားသိုက်မြိုက်နေ၏။

ယဲ့ပေရွှမ်တို့ ကျောင်းတော်သို့ ပြန်ရောက်လာပြီးနောက် ပင်းယန်တို့လည်း သူမ တပည့်များကို ခေါ်လာသည်။ ရှောင်ချန်းတို့အုပ်စုကတော့ နောက်ဆုံးမှ ရောက်သည့်အဖွဲ့ပင်။ တစ်ချိန်တည်းမှာ သူတော်စင်အဆင့် ဝိညာဉ်သွေးကြောကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။

ဂုဏ်ပြုပွဲကျင်းပသည့်အနေဖြင့် ချူဖုန်းသည် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ပြီး လူတိုင်းကို ပါဝင်ပျော်ရွှင်စေခဲ့သည်။

ပွဲအတွင်း တပည့်တိုင်းသည် ခရီးစဉ်၏ အတွေ့အကြုံများကို မျှဝေးပေးကြ၏။

ရှောင်ချန်းနှင့် ချူချိုက်ယီသည် လူတိုင်းကို လက်ဆောင်များ ပေးခဲ့ကြသည်။

လေထုထဲတွင် ခွက်တိုက်သံများ ရယ်မောသံများဖြင့် မြူးကြွလို့နေ၏။

ပွဲအဆုံးသတ်သို့ ရောက်လာချိန်၌ ချူဖုန်း ပြောကြားလာသည်။

“ဒီတစ်ကြိမ် ကံကြမ္မာသားတော်ကို အမဲလိုက်တဲ့နေရာမှာ လူတိုင်း သိသိသာသာကို တိုးတက်လာကြတယ်။ မင်းတို့ တာအိုနှလုံးသား မငြိမ်မသက်ဖြစ်တာကို ကာကွယ်ဖို့ ငါ ခုနစ်ရက်ကို တစ်ကြိမ် စုစုပေါင်း လေးဆယ့်ကိုးရက်ကြာ တာအိုဟောကြားပေးမယ်”

၎င်းကို ကြားသည်နှင့် တပည့်တိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာပြီး လေးစားစွာ ပြောကြား၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

နောက်တစ်နေ့တွင် ချူဖုန်း ရှားရှားပါးပါး အစောကြီးထလာပြီး တောင်အနောက်ဘက်သို့ သွားကာ တပည့်များကို တာအိုဟောကြားတော့သည်။ သူ‌ရောက်သည့်အချိန်တွင် သောင်းပြောင်းပညာရပ်ဌာန၏ တပည့်တိုင်း စောင့်နေကြလေသည်။

မဟာပဏ္ဍိတရီရှန်းနှင့် ကျန်းယန်ပင် ဝင်ရောက်ပါဝင်လာ၏။

လူတိုင်း စုဝေးနေသည်ကို တွေ့၍ ချူဖုန်း စတင်ဟောကြားတော့သည်။

“ဒီတစ်ကြိမ် ငါ တာအိုကျမ်းရဲ့ အပြည့်အစုံကို ဟောကြားမယ်”

ထိုစကားကြောင့် တပည့်တိုင်း စိတ်လှုပ်ရှားလာကြသည်။ အချို့က တာအိုကျမ်း၏ တစ်စိတ်တစ်ပိုင်းကို ကံကောင်းထောက်မ၍ ရခဲ့ကြသော်လည်း အပြည့်အစုံတော့ မည်သူမှ မရရှိသေးချေ။ ယခု သူတို့ဆရာသည် အပြည့်အစုံကို စတင်ဟောကြားတော့ပေမည်။

လူတိုင်း စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ချူဖုန်း ပြုံးလိုက်သည်။

“တာအိုကျမ်းက အတော်လေး နက်နဲဆန်းကြယ်တယ်။ ငါ တစ်ကြိမ်ကို တစ်နာရီပဲ ဟောမယ်။ မေးစရာရှိရင် ငါ့ကို သီးသန့်လာမေးချည်”

“ကျေးဇူးတင်ပါတယ် ဆရာ”

တပည့်များ ညီညာစွာ ပြန်ဖြေသည်။

“အမည်ပေးလို့ရတဲ့ အမည်ဟာ ထာဝရအမည်မဟုတ်ဘူး။ ဟောကြားလို့ရတဲ့ တာအိုဟာလည်း ထာဝရတာအိုမဟုတ်ဘူး။ မိုးမြေရဲ့ ဇာစ်မြစ်ဟာ နာမကင်းမဲ့တယ်။ နာမသမုတ်နိုင်ရင်တော့ အရာခပ်သိမ်းရဲ့ စတင်ဖြစ်တည်မှု မိခင်မည်၏”

ချူဖုန်းအသံသည် တောင်အနောက်ဘက်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့ပြီး သူ့စကားလုံးတိုင်းတွင် တာအိုလမ်းစဉ်၏ အင်မတန်နက်နဲသော အနှစ်သာရတို့ ကိန်းအောင်း ပျော်ဝင်လျက်ရှိသည်။

တပည့်များ ဉာဏ်အလင်းဝင်သွားကြတော့သည်။

မဟာပဏ္ဍိတလေးပါသည် တာအိုနှင့်ပတ်သက်၍ ပို၍ နားလည်မှု မြင့်မားကြသည့်အတွက် တပည့်များထက် ပို၍ အကျိုးအမြတ်ရခဲ့ပြီး ထိုနောက်တွင် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ အကျိုးအမြတ်အများဆုံး ရခဲ့သည်။

ကျန်ရှိနေသော တပည့်များသည် သင်ကြားမှုမှ တစ်စိတ်တစ်ပိုင်းသာ နားလည်နိုင်ခဲ့သည်။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတော့၏။

လေးဆယ့်ကိုးရက်တိုင်တိုင် ဟောကြားပို့ချခြင်းသည် ပြီးဆုံးသွားတော့သည်။

ချူဖုန်း ပို့ချပြီးနောက် မဟာပဏ္ဍိတလေးပါးသည် ချက်ချင်း တံခါးပိတ်ကျင့်ကြံတော့၏။

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့လည်း အသိအမြင်အချို့ရခဲ့သော်လည်း တန်း၍ တံခါးပိတ်ကျင့်ကြံခြင်းမပြု ငြိမ်သက်စွာသာ အာရုံစိုက် ကျင့်ကြံနေသည်။

“သင် မဟာပဏ္ဍိတရီရှန်းကို တာအိုအနှစ်သာရ နှစ်ခု နားလည်စေခဲ့ပါတယ်။ လက်ခံသူကို တာအိုအနှစ်သာရ နှစ်ဆယ် ချီးမြှင့်ပါတယ်”

“သင် ပင်းယန်ကို တာအိုအနှစ်သာရ သုံးခု နားလည်စေခဲ့ပါတယ်။ ဆုလဒ်အဖြစ် တာအိုအနှစ်သာရ သုံးဆယ် ရရှိပါတယ်”

“သင် မဟာပဏ္ဍိတရွှေတောင်ပံကို တာအိုအနှစ်သာရလေးခု နားလည်စေခဲ့ပါတယ်။ လက်ခံသူကို တာအိုအနှစ်သာရ လေးဆယ် ဆုချီးမြှင့်ပါတယ်”

“သင် မဟာပဏ္ဍိတကျန်းယန်ကို တာအိုအနှစ်သာရငါးခု နားလည်စေခဲ့ပါတယ်။ ဆုလဒ်အဖြစ် တာအိုအနှစ်သာရ အခုငါးဆယ် ချီးမြှင့်ပါတယ်”

အသိပေးချက်များ တက်လာသည်ကို နားထောင်ရင်း ချူဖုန် အိပ်မက်ထဲမှ အလောတကြီး နိုးထလာရသော်လည်း မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ ပေါ်လာ၏။

သူ တွေးလိုက်သည်။

‘ကံကြမ္မာသားတော်တွေက တကယ့်ကို အကျိုးရှိတာပဲ။ မြောင်တောင်တစ်ခုလုံး အကျိုးကျေးဇူးတွေ ဒလဟောရခဲ့တယ်။ ငါလည်း သူတော်စင်အဆင့်ကို တက်နိုင်တော့မယ်ဆိုတော့ မနက်စောစော ထရတာ အကျိုးမယုတ်တော့ဘူး’

သူ အညောင်းအညာဖြေပြီး ခြံဝင်းထဲသို့ သွားကာ လက်ဖက်ရည်တစ်အိုး ဖျောလိုက်သည်။

လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် ချူဖုန်း အတော်လေး ပျော်ရွှင်သွားတော့၏။

ယခု သူ အခြားသူများ သတင်းကောင်းလာရောက်မျှဝေမည်ကို စောင့်နေသည်။ ထင်ထားသည့်အတိုင်း နောက်တစ်ခဏအတွင်း ပုံရိပ်လေးခု ခြံဝင်းထဲသို့ ဆင်းသက်လာ၏။

သူတို့အားလုံး ချူဖုန်းကို ဦးညွှတ်ကာ ပြောသည်။

“ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကို၊ အစ်ကိုကြီး၊ ယောကျ်ား”

ချူဖုန်း ပြုံးကာ ပြောသည်။

“မလိုဘူး။ မင်းတို့အဆင့်တက်တာ ငါ့ကြောင့်တင်မဟုတ်ဘူး။ ကံကြမ္မာသားတော်တွေကနေ အကျိုးကျေးဇူးရတာလည်း ပါတယ်”

မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောကာ ပြောသည်။

“အစ်ကိုကြီးသာ ကျွန်တော့်တို့ကို မခေါ်ပေးရင် ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဒီအခွင့်အရေးကို ရမှာလဲဗျာ”

ချူဖုန်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ထားလိုက်တော့။ လက်ဖက်ရည်သောက်ရင်း မင်းတို့နားလည်လာတာတွေ ဆွေးနွေးရအောင်”

“ဟုတ်ကဲ့ပါ”

လေးယောက်သား စားပွဲဝိုင်းတွင်ထိုင်ကာ ဆွေးနွေးကြတော့၏။

မြောင်တောင်ပေါ်က နေ့ရက်များသည် အေးချမ်းနေသည်။

တပည့်တိုင်းသည် ဇွဲလုံလရှိစွာ ကျင့်ကြံနေပြီး အကျိုးအမြတ်အားလုံးကို သူတို့ကိုယ်ပိုင်ကျင့်ကြံခြင်းအဖြစ်သို့ ပြောင်းလဲနေ၏။

တစ်နေ့တွင် အင်မော်တယ်ကြိုးကြာငှက်တစ်ကောင် ကောင်းကင်ယံမှ ဆင်းသက်လာသည်။

သတင်းပို့ ကြိုးကြာငှက်ကို မြင်သောအခါ ဖုန်းချုံးယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

ထိုအပြောင်းအလဲက ယဲ့‌ပေရွှမ် အာရုံမှ မလွတ်ကင်းပေ။ သူ ခပ်ဖွဖွ ပြုံးကာ မေးသည်။

“ဂျူနီယာညီမလေးဖုန်း ဘာဖြစ်လို့လဲ”

“အိမ်ကနေ စာရောက်လာလို့ပါ”

“ဖတ်ကြည့်ကြည့်”

၎င်းကိုကြားသောအခါ ယဲ့ပေရွှမ်၏ အတိတ်ဘဝမှတ်ဉာဏ်များသည် လျှပ်တပြက် ပေါ်လာတော့သည်။

သူ့ယခင်ဘဝင်တွင် ဂျူနီယာညီမလေးဖုန်းသည် သူ့ကဲ့သို့ပင် သာမန်အတွင်းစည်းတပည့်ဘဝမှ စစ်မှန်တပည့်တစ်ယောက်ဖြစ်လာပြီး ဖုန်းမိသားစုနှင့်ပတ်သက်၍ ကောလဟာလများလည်း မရှိခဲ့ချေ။

ယဲ့ပေရွှမ် ထိုအတွေးများကို လျင်စွာ ဖယ်ရှားလိုက်သည်။ ယခုဘဝသည် သူ့ယခင်ဘဝနှင့် လွန်စွာ ကွာခြားနေပြီး ဂျူနီယာညီမလေးဖုန်းသည် ယခုတွင် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ရောက်နေပြီဖြစ်၍ ပြဿနာ မရှိနိုင်ချေ။

စာကိုဖတ်ပြီးနောက် ဖုန်းချုံးယွီ၏ အမူအရာသည် ပို၍ လေးနက်လာသည်။

သူမ ခေါင်းမောပြီး ယဲ့ပေရွှမ်ကို အပြစ်ရှိစွာ ကြည့်လာသည်။

“စီနီယာအစ်ကို ကျွန်မမိသားစုမှာ ပြဿနာတစ်ခု တက်လာလို့”

“ဘာကိစ္စလဲ”

ယဲ့ပေရွှမ် ဖုန်းချုံးယွီ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။

“ကိုယ့်ကိုပြော။ ပြဿနာကြီးရင် ဆရာ့ကို ဝင်ပါပေးဖို့ ပြောပေးမယ်”

ဖုန်းချုံးယွီ လျင်မြန်စွာ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး။ အကြီးအကဲတွေက ကျွန်မ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်တက်သွားတာ သိတော့ သင့်တော်တဲ့ ခင်ပွန်းလောင်းရှာဖို့ ပြိုင်ပွဲတစ်ခု ကျင်းပတော့မယ်။ အခု သူတို့က ကျွန်မကို အဲ့ပွဲကို တက်စေချင်နေတယ်”

သူ မေးလိုက်သည်။

“မင်း မိသားစု အကြီးအကဲတွေက ဘယ်ပါရမီရှင်ကို ရွေးချယ်ထားလဲ”

ယဲ့ပေရွှမ် မျက်နှာပေါ်မှ နောက်တီးနောက်တောက် အမူအရာကို မြင်သောအခါ ဖုန်းချုံးယွီ၏ စိုးရိမ်နေသော အမူအရာသည် ဒေါသတကြီး ဖြစ်သွားတော့သည်။ သူမ လက်သီးသေးသေးလေးများဖြင့် ယဲ့ပေရွှမ်၏ ရင်ဘက်ကို ထုလိုက်သည်။

“စီနီယာအစ်ကို ကျွန်မကို နောက်ပြောင်နေတာလား”

“ဒါ ကိစ္စကောင်းပဲ မဟုတ်ဘူးလား”

ယဲ့ပေရွှမ် ရယ်မောကာ ပြောသည်။

“မင်းတို့ဖုန်းမိသားစုက အနာဂတ်ခင်ပွန်းလောင်းကို ပြိုင်ပွဲကျင်းပပြီး ရွေးတော့ ကိုယ် ဝင်ပြိုင်လိုက်လို့ရတယ်မလား”

ဖုန်းချုံးယွီ ကြောင်အအ ခေါင်းညိတ်သည်။

“အို ဟုတ်သား။ ကျွန်မ မေ့သွားလို့”

ယဲ့ပေရွှမ် ဆက်ပြောသည်။

“ကောင်းပြီ။ ဒါဆို ပစ္စည်းတွေ သိမ်းကြတာပေါ့။ ဆရာ့ကို ကိုယ်တို့တွေ မနက်ဖြန် သွားနှုတ်ဆက်ကြမယ်”

“ကောင်းပြီလေ။ ကျွန်မ သွားသိမ်းလိုက်မယ်”

ဖုန်းချုံးယွီ၏ စိတ်ထဲမှ ညစ်ညူးမှုများသည် ပျောက်ကွယ်သွားတော့၏။ သူမ စီနီယာအစ်ကိုယဲ့ပေရွှမ်သည် ပြိုင်ပွဲ၌ လူတိုင်းကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်ပါ၏။

သူမ အစောပိုင်း စိုးရိမ်မှုများသည် ယဲ့ပေရွှမ် ဒေါသထွက်မည်ကို စိုးရိမ်၍ပေ။

ဖုန်းချုံးယွီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယဲ့ပေရွှမ် တွေးလိုက်သည်။

‘ချုံးယွီ ကိုယ် မင်းကို ဒီဘဝမှာ ဘယ်လိုထိခိုက်မှုမှ မခံစားရစေဘူး’

All Chapters