← Chapters

ကျုပ် တကယ် ကုန်သွားပြီ

Vol. 13 Ch. 1207

ကျုပ် တကယ် ကုန်သွားပြီ

Vol. 13 Ch. 1207

" ကျုပ် လောကနတ်ဘုရားအလင်းက ဒီလောက်မြန်မြန်ကုန်သွားလိမ့်မယ်လို့ ဘာလို့ ခင်ဗျားက ထင်နေတာတုန်း ... "

ပိုင်ရှောင်ချန်းက ထူးဆန်းသောအလင်းတစ်ခုဖြင် မျက်လုံးများ တောက်ပနေလျက် မခိုးမခန့်ရယ်လိုက်သည်။ သူသည် တကယ်တမ်း ဆယ့်လေးချက်သာ ကျန်တော့သည်ကို မေ့နေသည့်အလား လုံးလုံးလျားလျား ယုံကြည်မှုရှိနေပုံရလေသည်။

ပိုင်ရှောင်ချီကို အပြစ်ပေးရန် အလင်းတန်းတစ်တန်း သုံးခဲ့သော်လည်း စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မို နိုးလာပြီးနောက် သူ၏သုံးရန်ကျန်သောပမာဏကား ဆယ်ငါးချက်ပြန်ဖြစ်သွားခဲ့သည်။

သို့ပေမည့် ဤအခိုက်အတန့်တွင် သူက သူ၏ကျန်ရှိသောပမာဏမှာ အကန့်အသတ်မရှိကြောင်း ယုံကြည်နေပုံပေါ်လေသည်။ မိစ္ဆာဧကရာဇ်နှင့် သူ၏နေဝန်းနီကို မျက်နှာချင်းဆိုင်လျက် သူက လက်ကိုဝှေ့ယမ်းလိုက်သည်။

" မကြောက်ဘူးလား ကိုယ်တော်ပိုင်မှာ လောကနတ်ဘုရားအလင်းတွေ အများကြီးကျန်သေးတယ် "

သူက ယပ်တောင်ထံ ဆက်သွယ်ရန် နတ်ဘုရားအာရုံဖြင့် လှမ်းလိုက်ချိန် ဒုတိယမြောက်လောကနတ်ဘုရားအလင်းတန်း ပေါ်လာတော့သည်။

သို့သော် ထိုသည်က အကုန်မဟုတ်သေး။ တတိယမြောက်အလင်းတန်းလည်း ဖြစ်တည်လာရာ နှစ်တန်းလုံးက လောကနတ်ဘုရားတစ်ပါး၏ အတိုက်အခိုက်စွမ်းရည် ထုတ်ဖော်လျက် နေဝန်းနီထံ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

မိစ္ဆာဧကရာဇ်တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏စိတ်အစဥ် ချာချာလည်လာလေသည်။ ပိုင်ရှောင်ချန်းက ဤကဲ့သို့ အရာမျိုးလုပ်လိမ့်မည်ဟု သူပင် မခန့်မှန်းနိုင်ခဲ့လေရာ ၄င်းက သူ၏ယခင်ထင်မြင်ချက်များကို ချက်ချင်း မေးခွန်းထုတ်မိသွားစေတော့သည်။

လောကနတ်ဘုရားအလင်းတန်းနှစ်တန်းက နေဝန်းနီအား ဝင်တိုက်လိုက်သဖြင့် အံ့သြဖွယ်ကောင်းသော တုန်ခါလှိုင်းများ ပျံ့နှံ့လာကာ ဧရာမအက်ကြောင်းကြီးနှစ်ကြောင်း ပေါ်ပေါက်လာ၏။

လောကနတ်ဘုရားအလင်းက မိုးမြေဧကရာဇ်လက်မောင်းကို အပေါက်ပေါက်စေနိုင်လျှင် သေချာပေါက် မိစ္ဆာဧကရာဇ်ဖန်တီးထားသော ဤနေဝန်းကြီးအား ဖျက်စီးနိုင်စေလေသည်။

အက်ကြောင်းနှစ်ကြောင်းက နေဝန်းအထိ တောက်လျှောက် ထိုးဖောက်မသွားသော်လည်း အံ့သြစရာကောင်းနေသေးသည်။

ထိုမျှသာမက နေဝန်းကြီးမှာ အတန်ငယ်တုန်ခါသွားပြီး ၄င်း၏အရှိန်သာမက အပူနှင့်အလင်းနှစ်မျိုးလုံး သိသာစွာ လျှော့ချခံလိုက်ရ၏။ တစ်ဆက်တည်းမှာပင် တန်ပြန်အားက မိစ္ဆာဧကရာဇ်ကို သွေးတစ်ပွက်အန်သွားစေလေသည်။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း "

မိစ္ဆာဧကရာဇ်မှာ ရင်အစုံနိမ့်ချည်မြင့်ချည်လှုပ်ရှားနေလျက် ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးကြည့်၍ မယုံကြည်နိုင်စွာ တွေးလိုက်သည်။

ပိုင်ရှောင်ချန်းက ယပ်တောင်၏ပိုင်ရှင်ဖြစ်ကြောင်း သူ သိထားသော်လည်း နှစ်ခြောက်ဆယ်စက်ဝန်း၏ တစ်ဝက်ကလေးနှင့် ယခုကဲ့သို့ အလွန်ပြောင်းလဲသွားခဲ့ရသည်ကို သူ မတွေးတတ်အောင် ဖြစ်နေတော့သည်။

ယခင်က သူသည် ပုံရိပ်ယောင်တိုက်ကွက်တစ်ကွက်ကို တန်ပြန်တိုက်ခိုက်နိုင်သည်ဆိုရုံလေးသာရှိပြီး မိစ္ဆာဧကရာဇ် များများစားစား အားစိုက်ထုတ်စရာမလိုဘဲ သတ်နိုင်ခဲ့သော လူတစ်ယောက်ဖြစ်သည်။

သို့သော် ယခုတွင် မိုးမြေဧကရာဇ်လက်သီးချက်ဖြင့် ပိုင်ရှောင်ချန်းကား သေချာပေါက် လောကနတ်ဘုရားတစ်ပိုင်းနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်ရှိကြောင်း မိစ္ဆာဧကရာဇ် ဝန်ခံရပေမည်။

အမှန်တွင် မိစ္ဆာဧကရာဇ်က ထိုကဲ့သို့စွမ်းအားမျိုးကို အနိုင်ယူနိုင်သေးသည်။

သို့သော် ထပ်ရှိသေး၏။ ပိုင်ရှောင်ချန်းတွင် လောကနတ်ဘုရားတစ်ပါး၏ စစ်မှန်သော အတိုက်အခိုက်စွမ်းရည်ပါရှိသည့် လောကနတ်ဘုရားအလင်း ရှိသေးသည်။ ထိုသည်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီး မိစ္ဆာဧကရာဇ်မှာ ၄င်းအား ဝန်မခံချင်သော်လည်း သူ၏စိတ်ထဲတွင် ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ သူဘာမှမတတ်နိုင်ကြောင်း သူသိလေသည်။

သူ၏တစ်ခုတည်းသော အခွင့်အရေးမှာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ရန် ဖြစ်မည်။ ထို့နောက် သူက ဒဏ်ရာအပြင်းအထန်ရခြင်းဖြင့် အဆုံးသတ်သွားလောက်မည် ဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများ၌ သူတစ်ယောက်တည်းသာ လောကနတ်ဘုရားဆိုပါက လက်ခံနိုင်သော ရလဒ်ဖြစ်နိုင်သေးသည်။ သို့သော် သူတစ်ယောက်တည်း မဟုတ်ပေ။ သူတော်စင်ဧကရာဇ်က အကြောင်းကိစ္စများ မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် အလွန်နီးကပ်စွာ စောင့်ကြည့်နေမည် ဖြစ်သည်။

သိသာစွာပင် သူတော်စင်ဧကရာဇ်သည် မိစ္ဆာဧကရာဇ်က ပိုင်ရှောင်ချန်းကိုသတ်ရန် တန်ဖိုးကြီးကြီးမားမား ပေးရခြင်းအတွက် ဝမ်းသာနေမည်ဖြစ်သည်။ မိစ္ဆာဧကရာဇ်သာ ထိုကိစ္စတွင် ဒဏ်ရာအကြီးအကျယ်ရသွားပါက ကိစ္စဝိစ္စများ ငြိမ်သက်သွားသည့်အခါ သူတော်စင်ဧကရာဇ်က သူ့ကို ဝင်သတ်နိုင်လေသည်။

မိစ္ဆာဧကရာဇ် လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်သော်လည်း ထိုသို့ဖြစ်လျှင်တောင်မှ သူတော်စင်ဧကရာဇ်က သေချာပေါက် စစ်ကြေညာမည်ဖြစ်သည်။ သူတော်စင်ဧကရာဇ်နိုင်ငံက အင်မော်တယ်နယ်မြေများ ထပ်ရသွားမည်ဖြစ်ပြီး မိစ္ဆာဧကရာဇ်မှာ မတတ်သာ၍ ပြန်လည်သက်သာစေရန်သာ ပုန်းကွယ်နေရမည်ဖြစ်ပြီး ဆက်စက်နေသော တိုက်ပွဲတွင် အရေးနိမ့်ပေလိမ့်မည်။

အလွန်တိုတောင်းသောအချိန်လေးအတွင်း ထိုအတွေးများ သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ သူက ၄င်းနှင့်ပတ်သက်၍ သိပ်မကျေနပ်သော်လည်း သူ၏ဒေါသများကို ချုပ်တည်းရမည်ဖြစ်ကြောင်း သိလေသည်။

" ချီးတဲ့မှပဲ ဒီအတိုင်းထားရတော့မယ်လို့ ငါ့ကို မပြောစမ်းနဲ့ "

သူ အတန်ငယ် မွန်းကြပ်နေလျက် တွေးလေသည်။ အေးစက်သောအလင်းဖြင့် သူ့မျက်လုံးများ တောက်ပနေပြီး သူက ပိုင်ရှောင်ချန်းကိုသတ်ရန်အတွက် အထိအခိုက်ခံရန် အမှန်တကယ် တန်၊ မတန် စဥ်းစားလိုက်သည်။

" ဒီကောင် လောကနတ်ဘုရားအလင်းကို ဘယ်နည်းနဲ့မှ တစ်သက်လုံး သုံးနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆို ... ငါ ဒဏ်ရာမရဘဲ သူ့ကို သတ်ဖို့ နည်းလမ်း ရှာလို့ရလောက်တယ်။ ပြီးတော့ တချိန်တည်းမှာပဲ သူတော်စင်ဧကရာဇ်ကို ဝင်မပါဝံ့တော့တဲ့အထိ ခြိမ်းခြောက်နိုင်မယ် "

ဤသည်မှာ လုပ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း လက်ခံယုံကြည်သဖြင့် မိစ္ဆာဧကရာဇ်က ယခင်ထက်ပင် ပိုပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ရိပ်ခနဲလှုပ်ရှားကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်ဖော်လိုက်သည်။ အကျိုးဆက်အနေဖြင့် သူက နေဝန်းနီကြီးဖြင့် ပေါင်းစည်းလာတော့သည်။

တစတစမှိန်ဖျော့လာနေသော နေလုံးကြီးမှာ တဟုန်းဟုန်း ပြန်တောက်လာ၏။ ဤသည်မှာ သူက နေဝန်းနီဖြစ်ပြီး နေဝန်းနီက သူဖြစ်သော မိစ္ဆာဧကရာဇ်၏ ထိပ်ဆုံးအခြေအနေပင်။

သူက အရှိန်တင်လိုက်သဖြင့် အလွန်ပြင်းထန်သော အပူလှိုင်းများ တလိပ်လိပ်ထွက်လာရာ မြေပြင်ကို ညှိုးနွမ်းခြောက်ကပ်သွားစေပြီး လေထုကို ပုံပျက်ရှုံ့တွလာစေတော့သည်။ လူအများမှာ နာနာကျင်ကျင် မချိတင်ကဲ အော်ဟစ်၍ ချက်ချင်း အလောင်းခြောက်များအသွင် ပြောင်းသွားလေသည်။

" မင်းမှာ လောကနတ်ဘုရားအလင်းတန်း နည်းနည်းပဲ ရှိတော့မယ်ဆိုတာ ငါလောင်းရဲတယ်"

မိစ္ဆာဧကရာဇ်က ဟိန်းဟောက်၍ ပိုင်ရှောင်ချန်းနှင့် နီးသထက် နီးကပ်လာ၏။

မိစ္ဆာဧကရာဇ်၏ ခေါင်းမာမှုကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူက ဆယ့်နှစ်ချက်သာ ကျန်တော့ကြောင်း သိသဖြင့် သေချာပေါက် သူ၏အကန့်အသတ်အမှန်ကို လုံးဝထုတ်ဖော်၍မဖြစ်ပေ။

" ဒီတော့ " သူက ကျယ်လောင်စွာ ဆို၏။

" ခင်ဗျားက ကျုပ်ရဲ့ ပရိယာယ်လေးကို မြင်တယ်ပေါ့လေ။ သိပ်ကောင်းတယ်။ နည်းနည်းလောက်ပဲ ထပ်တောင့်ခံလိုက်။ ကျုပ် ခင်ဗျားကို ထပ်အရူးမလုပ်တော့ပါဘူး။ ဒါက ကျုပ်ရဲ့ နောက်ဆုံးအချက်ပဲ "

ထို့နောက် သူက ကောင်းကင်ကို လက်ညှိုးထိုးလိုက်ရာ လောကနတ်ဘုရားအလင်းတန်းနောက်တစ်တန်း ထိုးဆင်းလာပြန်သည်။ သို့သော် သူက ထိုနေရာတွင် ရပ်မနေပေ။ သူကား တကယ်တမ်း စုစုပေါင်း အလင်းတန်းငါးတန်း ဆင့်ခေါ်လိုက်လေသည်။

အလင်းတန်းတစ်တန်းပြီး တစ်တန်း ပေါ်လာသဖြင့် မိစ္ဆာဧကရာဇ်၏ နှလုံးသား တဒိန်းဒိန်းခုန်လာတော့သည်။ ပိုင်ရှောင်ချန်းက လောကနတ်ဘုရားအလင်းအား ထာဝရမသုံးနိုင်ကြောင်း သူသေချာသော်လည်း သုံးနိုင်သည့်ပုံပေါ်နေချေသည်။

သူ အခြေအနေအား မည်မျှခွဲခြမ်းစိတ်ဖြာသုံးသပ်စေကာမူ ပိုင်ရှောင်ချန်းအတွက် ဤကဲ့သို့ လုပ်နေနိုင်ရန်မှာ လုံးဝဖြစ်နိုင်သော ပုံမပေါ်ပေ။

ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က တစ်ခဏသာကြာပြီးနောက် ပိုင်ရှောင်ချန်းက အင်္ကျီလက်စအား ပေါ့ပေါ့ပါးပါးခါယမ်းကာ မေးကိုမော့၍ ပြောလေသည်။

" ကဲကဲ ဒီမှာ ကျုပ်ရဲ့ နောက်ဆုံးအချက် လာပြီ "

လောကနတ်ဘုရားအလင်းနှစ်တန်းထပ်မံ ဖြစ်တည်လာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ လေထဲ ပြည့်နှက်သွား၏။ ထိုနှစ်တန်းမှာ မထင်မှတ်ထားသည့်အရာ ဖြစ်လေသည်။

မိစ္ဆာဧကရာဇ်မှာ ရင်တဒိန်းဒိန်းခုန်နေလျက် ပြောသည်။

" မင်းမှာ ဘယ်လောက်ရှိတာတုန်းကွ "

ပိုင်ရှောင်ချန်းက ဘာမှမပြောခဲ့လျှင် အခြေအနေကို လက်ခံရန် ပို၍လွယ်ကူခဲ့ပေဦးမည်။ သို့သော် သူ မည်သို့ပြုမူနေကြောင်း စဥ်းစားတွေးတောကာ မိစ္ဆာဧကရာဇ်မှာ ဒေါသထွက်ပြီး မတွေဝေမိဘဲ မနေနိုင်တော့ပေ။

သူက လမ်းကြောင်းပေါ်မှ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏နေဝန်းနီပုံစံကြီးမှာ ကြီးမားလွန်းလှသည်။ လောကနတ်ဘုရားအလင်းက ၄င်းကို ဝင်တိုက်သည်တွင် ၄င်းမှာ ပျက်စီးတော့မတတ် ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ မိစ္ဆာဧကရာဇ်မှာမူ ပါးစပ်မှ သွေးများပန်းထွက်သွားကာ နေလုံးကြီးကို ဖယ်ရှားပြီးနောက် နောက်ဆုတ်လိုက်သည်။

သူ အမှန်တကယ် ရွေးချယ်စရာမရှိပေ။ သူ အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး ပိုင်ရှောင်ချန်းက အဆိုပါတိုက်ကွက်ကို အကြိမ်မည်မျှထုတ်နိုင်ကြောင်း မည်သည့်နည်းနှင့်မှ မသိရသဖြင့် စိတ်လည်းစိတ်တို၊ ရူးလည်းရူးချင်နေတော့သည်။

သူတော်စင်ဧကရာဇ်က ဖြစ်ပျက်နေသမျှအရာအားလုံးကို စောင့်ကြည့်နေပြီး သူလည်း အံ့အားသင့်နေလေသည်။ တစ်နေရာတွင် သူက လှုပ်ရှားရန် ထရပ်လိုက်သော်လည်း မည်သို့လုပ်ရမည်ကို မသေချာသဖြင့် ပြန်ထိုင်လိုက်လေသည်။

အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချနေတော့သည်။ သူက ကိုးချက်သာကျန်ကြောင်း သိထားပြီး လက်မလွန်သွားချင်ပေ။ သူက လေထဲတွင် ရပ်နေလျက် လက်နှစ်ဖက် နောက်ပစ်ကာ သက်ပြင်းချပြီး ပြောသည်။

" ကျုပ်မှာ အခု တစ်ချက်ပဲ ရှိတော့မယ်... "

"တစ်ချက် ချီးတစ်ချက် "

မိစ္ဆာဧကရာဇ်က ပြန်ငေါက်သည်။ ရုတ်တရက် ရပ်နေရာမှလှည့်၍ သူက သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ တောက်လောင်နေလျက် ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ပြန်လည်ဦးတည်လာ၏။

သို့ထိတိုင် သူ နီးကပ်လာချိန်မှာပင် ပိုင်ရှောင်ချန်းက ယားခနဲအော်လိုက်ရာ လောကနတ်ဘုရားအလင်းတန်း .... တစ်.... နှစ် ..... သုံးတန်းကား လျှပ်စီးမိုးကြိုးများကဲ့သို့ ထိုးဆင်းလာတော့သည်။

ထိုအချိန်တွင် မိစ္ဆာဧကရာဇ်၏ သံသယများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။ သူက ဟိန်းဟောက်၍ နောက်ဆုတ်လိုက်၏။ သူနောက်ဆုတ်လိုက်စဥ် ပိုင်ရှောင်ချန်းက အသံကျယ်ကြီးဖြင့် ထပ်အော်လိုက်ပြန်လေသည်။

" ကဲ ကဲ ကျုပ်အခုတကယ် ကုန်သွားပြီနော်... "

" ပိုင်ရှောင်ချန်း "

မိစ္ဆာဧကရာဇ်မှာ နောက်တစ်ဖန် လှည့်လာကာ မာန်ပါပါနောက်ဆုတ်၍ အော်ဟစ်လိုက်ပြန်၏။ သို့သော် ထိုအချိန် ကောင်းကင်မှ လောကနတ်ဘုရားအလင်းတန်း သုံးတန်းထပ်မံ ထိုးဆင်လာလေသည်။

မိစ္ဆာဧကရာဇ်မှာ ခေါင်းနောက်လှန်၍ ဒေါသတကြီးဟိန်းဟောက်လိုက်သဖြင့် ပါးစပ်မှ သွေးများပန်းထွက်သွားတော့သည်။ ထိုအချိန်တွင် သူက ပိုင်ရှောင်ချန်းကို ထပ်မံစစ်ဆေးလိုစိတ်မရှိတော့၍ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်။

သူ တစတစပျောက်ကွယ်လာချိန်မှာပင် ပိုင်ရှောင်ချန်း၏ စိတ်မချရသော အသံကို နောက်တစ်ခေါက် ကြားလိုက်ရပြန်သည်။

" ကဲကဲ ကျုပ် အခု တကယ် ကုန်သွားပြီ။ အေးအေးသက်သာ အနားယူလိုက်တော့ ... "

All Chapters