အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂) - နောက်ဆုံးပြင်ဆင်မှုများ
"မင်းက နန်းတော်အဆင့် တရားသူကြီးတစ်ယောက် ဖြစ်သွားပေမဲ့ တချို့အရာတွေ မပြောင်းလဲသေးတာကို တွေ့ရလို့ ဝမ်းသာပါတယ်"
နည်းပြဝူရှီက ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။
ထိုစကားကြောင့် ယန်ချင်းမှာ အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးဖြီးသာ လုပ်နေနိုင်လေသည်။
"ဒါနဲ့ မင်းကရော မင်းရဲ့စီနီယာတွေ နန်းတော်အဆင့်ကို တက်လှမ်းနိုင်သွားတဲ့အချိန်တုန်းကလိုမျိုး 'ရင်းနှီးတဲ့' လက်ရည်စမ်းပွဲလေးလုပ်ဖို့ ရောက်လာတာလား"
နည်းပြဝူရှီက မေးလိုက်၏။
ယန်ချင်းက ထိုအမေးကြောင့် တွန့်ဆုတ်သွားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"မဟုတ်ပါဘူးဗျာ။ ကျုပ် အဲဒီလောက် မရူးသေးပါဘူး။ ကိစ္စတချို့ကို သဘောတူညီမှုယူဖို့အတွက် ဒုတိယအဓိပတိကြီးနဲ့ တွေ့ဖို့ ရောက်လာတာပါ။ မနက်ဖြန်ကျင်းပမယ့် ဝင်ခွင့်စာမေးပွဲတွေအတွက် ကျုပ်က စာမေးပွဲစစ်ဆေးရေးမှူးချုပ်အဖြစ် တာဝန်ယူရမှာလေ"
ယန်ချင်းက ပြောလိုက်ရင်း နည်းပြဝူရှီ၏ မျက်နှာပေါ်မှ မယုံကြည်နိုင်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ရှက်ကိုးရှက်ကန်းဖြင့် ချက်ချင်း ပြုံးလိုက်၏။
"သူတို့က မင်းကို ရွေးလိုက်တာလား"
'ကျုပ်က ဘာဖြစ်နေလို့လဲ။ ကျုပ်က အရည်အချင်းပြည့်မီတာထက်တောင် ပိုနေသေးတယ်။ ကျုပ် နယ်ပယ်အဆင့်ကို ရောက်တဲ့အထိသာ စောင့်နေလိုက်။ ခင်ဗျား ကျုပ်ကို အမြဲဂရုစိုက်ခဲ့သလိုမျိုး ကျုပ်ကလည်း သေချာလေး ပြန်ဂရုစိုက်ပေးဦးမယ်'
ယန်ချင်းက ထိုအတွေးများကို စိတ်ထဲတွင်သာ သိမ်းထားလိုက်ပြီး အပြင်ပန်းတွင်မူ ဆန့်ကျင်ဘက် စကားများကို ပြောလိုက်လေသည်။
"ကျုပ်က ရင့်ကျက်မှုမရှိသေးဘဲ ဒီနေရာနဲ့ မထိုက်တန်သေးဘူးဆိုတာ သိပေမဲ့ အဖွဲ့အစည်းက စိတ်မပျက်ရအောင် ကြိုးကြိုးစားစား လုပ်ဆောင်သွားမှာပါ"
ယန်ချင်းက လေးနက်စွာ ပြောလိုက်၏။
သူက အခြေခံအားဖြင့် ဤနေရာတွင် ဖိနပ်လျက်ကာ မျက်နှာချိုသွေးနေခြင်း ဖြစ်သော်လည်း သူ၏စကားများသည် တကယ်ကို ရိုးသားပေသည်။ အဖွဲ့အစည်း၏ စံနှုန်းများကို ထိန်းသိမ်းနိုင်စေရန် သူ အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်လေသည်။
ထို့ကြောင့်ပင် မပြည့်စုံသေးသော သူ၏ကိုယ်ပိုင်ရွှေရောင်ကျင့်စဉ်ကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုရန်နှင့် ခန်းဟွေ့လန်၏ အကူအညီအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်သောင်း ပေးချေရန် မတွန့်ဆုတ်ခဲ့ခြင်း ဖြစ်ပေသည်။
"အဲဒါကိုတော့ ငါ သံသယမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းက မင်းရဲ့နှစ်မှာ ရှုံးပွဲအနည်းဆုံး စံချိန်တင်ထားတဲ့သူတွေထဲက တစ်ယောက်ပဲလေ"
နည်းပြဝူရှီက လက်ခံမှုနှင့် လေးစားမှုပါသော အမူအရာဖြင့် ပြောလိုက်လေသည်။
သူ၏စကားကြောင့် မောပန်းနွမ်းနယ်နေပုံရသော ကျောင်းသားများမှာ အံ့ဩသွားပြီး သူတို့၏ မျက်လုံးများထဲတွင် အသက်ဝင်မှုအချို့ ပြန်လည်ရရှိလာကာ ယန်ချင်းအား လေးစားအားကျသော မျက်လုံးများဖြင့် စိုက်ကြည့်လာကြ၏။
တစ်ဦးတစ်ယောက်၏ ရှုံးနိမ့်မှုနှင့် ဆုံးရှုံးမှုမှတ်တမ်းများကို ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်မှ အကျဉ်းသားများနှင့် သေရေးရှင်ရေး လက်ရည်စမ်းပွဲများ စတင်သည့် အချိန်မှစ၍ အဖွဲ့အစည်းကြီးတွင် သူတို့၏ ငါးနှစ်တာ ကာလတစ်လျှောက်လုံး စာရင်းပြုစုထားခြင်း ဖြစ်လေသည်။
(T/N - ရီကွီယမ် = ငြိမ်းချမ်းရာမဲ့အကျဉ်းထောင်)
နည်းပြဝူရှီ၏ စိတ်သဘောထားနှင့် အကဲဖြတ်ပုံနည်းလမ်းများကို သူတို့ သိထားကြ၏။ အကယ်၍ သူက တစ်စုံတစ်ယောက်ကို ချီးကျူးလိုက်ပြီဆိုလျှင် ထိုသူသည် ထူးချွန်သော အရည်အချင်းရှိရပေမည်။ သူ၏ချီးကျူးမှုနှင့် ထိုက်တန်သူများသည် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်များသာ ဖြစ်ပေသည်။
ချီးကျူးခံရသော်လည်း ယန်ချင်းမှာ ခါးသက်သက်သာ ပြုံးလိုက်လေသည်။ အခြားထိပ်ဆုံးဆယ်ယောက်စာရင်းဝင်များနှင့် မတူဘဲ သူသည် ဤတိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းကြောင့် ထိုနေရာသို့ ရောက်လာခြင်း မဟုတ်ပေ။
သင် မရှုံးနိမ့်သရွေ့ သင့်အတွက် အနိုင်အဖြစ် သတ်မှတ်မည် ဖြစ်လေသည်။ ဆိုလိုသည်မှာ သရေပွဲသည်ပင် အနိုင် (သို့မဟုတ်) ပြိုင်ဘက်ထက် ပိုမိုတောင့်ခံနိုင်ခြင်းပင် ဖြစ်လေသည်။
ယန်ချင်း၏ ခန္ဓာကိုယ်သည် ထိုအရာအတွက် အတိအကျ တည်ဆောက်ထားခြင်း ဖြစ်၏။ ခံနိုင်ရည်ရှိမှုနှင့် ကြံ့ခိုင်မှုပင် ဖြစ်လေသည်။
"အစစအရာရာ အဆင်ပြေပါစေကွာ။ ပြီးတော့ အရိုက်ခံနိုင်တဲ့ ကျောရိုးနဲ့ ဆက်ပြီးတောင့်ခံနိုင်တဲ့ မျိုးစေ့ကောင်းလေးတွေကို ငါတို့အတွက် ရှာပေးပါဦး"
နည်းပြဝူရှီက ပြောလိုက်၏။
"ဒါက ကျုပ်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ပါပဲ"
ယန်ချင်းက သူ၏လေသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်စွာဖြင့် ပြန်ဖြေလိုက်လေသည်။ သူသည် နှစ်များတစ်လျှောက် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသောကြောင့် အမြဲတမ်း အနည်းငယ် ရက်စက်တတ်သူ ဖြစ်နေခဲ့၏။ ၎င်းကို သူကိုယ်တိုင် သတိပြုမိခြင်း ရှိ၊ မရှိ ဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်။
စစ်ဆေးရေးမှူးချုပ်တစ်ယောက်ဖြစ်ခြင်းသည် အကျိုးပြုမှတ်များစွာ ရယူနိုင်မည့် အခွင့်အရေးတစ်ခု ပါလာသကဲ့သို့ သူ၏ ဂျူနီယာအသစ်များကို အခက်အခဲများစွာထဲသို့ ဆွဲသွင်းခွင့်ရသောကြောင့်လည်း သူ သဘောကျနေပေသည်။
နည်းပြဝူရှီက ယန်ချင်း၏ မျက်နှာပေါ်တွင် ပေါ်လာသည့် ရက်စက်သော အပြုံးငယ်လေးကို မြင်လိုက်ရသည့်အခါ ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ ထို့နောက် နှုတ်ဆက်ကာ သနားစရာကောင်းသော အမူအရာများရှိနေသည့် မောပန်းနွမ်းနယ်နေသော ကျောင်းသားများနှင့်အတူ ထွက်ခွာသွားလေတော့သည်။
ယန်ချင်းမှာ ထိုစိတ်ကူးယဉ်မှုမှ ပြန်လည်ရုန်းထွက်နိုင်ရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရ၏။
'စဖို့တောင် မစောင့်နိုင်တော့ဘူး'
ယန်ချင်းက ဝမ်းသာအားရဖြင့် တွေးလိုက်လေသည်။
အဖွဲ့အစည်း၏ ပြင်ပအဝန်းအဝိုင်းရှိ အုပ်ချုပ်ရေးရုံးကို အသုံးပြု၍ ဒုတိယအဓိပတိကြီးရှိရာ ဗဟိုအုပ်ချုပ်ရေးအဆောက်အအုံသို့ ခေါ်ဆောင်သွားပေးမည့် အာကာသမှော်စာလုံးထံသို့ သူ ဝင်ရောက်နိုင်ခဲ့၏။
သူ့အတွက် ကံကောင်းသည်မှာ ဒုတိယအဓိပတိ ဝူလင်း ရှိနေပြီး သူနှင့်အတူ ဌာနမှူးကျူးလောင်လည်း ရှိနေခြင်းကြောင့် ယန်ချင်းအတွက် ဝမ်းသာစရာ အံ့ဩမှုတစ်ခု ဖြစ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယအဓိပတိနှင့် ကိစ္စပြီးသွားပါက သူ့ထံသို့ နောက်ထပ်သွားရောက်ရန် အစီအစဉ်ရှိနေသောကြောင့် ဖြစ်သည်။
ခန္ဓာသန့်စင်ခြင်းနယ်ပယ်ရှိသူများနှင့် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်များအတွက် ကျင့်စဉ်တစ်ခုအား ခန့်မှန်းတွက်ချက်ရသည်မှာ မခက်ခဲသော်လည်း ဌာနမှူးကျူးလောင်ကဲ့သို့ ကျင့်စဉ်များ ဖန်တီးခြင်းနှင့် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းတွင် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦး၏ အမြင်ကို ရှာဖွေခြင်းက မမှားပေ။
သူနှင့် ခန်းဟွေ့လန်တို့ လျစ်လျူရှုမိကောင်း လျစ်လျူရှုမိနိုင်သည့် ကိုက်ညီမှုမရှိခြင်းများနှင့် အမှားများကို ထောက်ပြနိုင်ပြီး ကျင့်စဉ်ကို ပိုမိုသန့်စင်လာစေနိုင်ပေသည်။
ခန်းဟွေ့လန် လုပ်ဆောင်နေသော အစီအစဉ်အပါအဝင် စာမေးပွဲအတွက် သူ၏အစီအစဉ်များကို ယန်ချင်းက အမြန်ပင် အသေးစိတ် ရှင်းပြလိုက်ရာ ဒုတိယအဓိပတိ ဝူလင်းနှင့် ဌာနမှူးကျူးလောင်တို့က ထောက်ခံအားပေးသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားရလေသည်။
ယန်ချင်းမှာ အစီအမံ၏ အားသာချက်များအားလုံးကို စာရင်းပြုစုရန် အပြည့်အဝ ပြင်ဆင်ထားသော်လည်း ကနဦးရှင်းလင်းချက် ပေးပြီးပြီးချင်းပင် စီနီယာနှစ်ဦးလုံးက အပြည့်အဝ ထောက်ခံခဲ့ကြ၏။
သူ ရှင်းပြပြီးသွားသည်နှင့် ဌာနမှူးကျူးလောင်အား သူတို့ ပြုပြင်မွမ်းမံထားသော ကိုးကားရန် ကျင့်စဉ်မိတ္တူတစ်ခုနှင့် ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းကိုပါ ပြသခဲ့လေသည်။
ဌာနမှူးကျူးလောင်မှာ ကျင့်စဉ်ရူးသွပ်သူတစ်ဦးကဲ့သို့ ချက်ချင်းပင် ကျင့်စဉ်ထဲသို့ နစ်မြုပ်သွားပြီး ဒုတိယအဓိပတိ ဝူလင်း၏ အချိန်မီ ဝင်ရောက်စွက်ဖက်မှုသာ မရှိပါက သူကိုယ်တိုင်ပင် အသိစိတ်လွတ်သွားလုနီးပါး ဖြစ်သွားချေပြီ။
ဌာနမှူးက ကျင့်စဉ်ကို အနည်းငယ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့ပြီး အထူးသဖြင့် ချီသန့်စင်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်များကို ထိတွေ့နေသည့် အစိတ်အပိုင်းများကို ပြုပြင်ပေးခဲ့သဖြင့် စိတ်ပျက်စရာ မဖြစ်ခဲ့ပေ။
သူ ပြီးစီးသွားပြီးနောက် ဌာနမှူးကျူးလောင်၏ လက်ထဲတွင်ရှိသော မပြည့်စုံသော တူညီသည့် ကျင့်စဉ်မိတ္တူတစ်ခုနှင့် အလဲအလှယ်လုပ်ကာ ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းကျင့်စဉ်ကို မိတ္တူကူးရန် တောင်းဆိုခဲ့လေသည်။
ယန်ချင်းက အပေးအယူကို ချက်ချင်းပင် သဘောတူလိုက်ပြီး ထိုနေ့အတွက် ကျန်ရှိနေသေးသော လုပ်ငန်းဆောင်တာများကို အပြီးသတ်ရန် ချက်ချင်း ထွက်ခွာသွားတော့၏။
ဒုတိယအဓိပတိထံသို့ လာရောက်တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်များမှာ စာမေးပွဲအတွက် သူ၏အစီအစဉ်များကို ပြောပြရန်ဖြစ်ပြီး နောက်တစ်ချက်မှာ သူ စာမေးပွဲကျင်းပမည့် နေရာ၏ အတည်ပြုချက်နှင့် ပစ္စည်းများအား ရယူရန်ပင် ဖြစ်လေတော့သည်။