အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄) - စာမေးပွဲစည်းမျဉ်းများ
မတူညီသော အသက်အရွယ်နှင့် ဝတ်ရုံအမျိုးမျိုးကို ဝတ်ဆင်ထားသည့် လူအုပ်ကြီးမှာ တသီတတန်း ဝင်ရောက်လာကြ၏။ အချို့က ဝတ်ရုံသစ်များ ဝတ်ဆင်ထားပြီး အချို့၏ဝတ်ရုံများမှာမူ အချိန်မရွေး စုတ်ပြဲသွားမည့်အလား ဟောင်းနွမ်းနေပေသည်။ ငါးနှစ်အရွယ် ကလေးငယ်များ ပါဝင်သလို အသက်ခုနစ်ဆယ်အရွယ် အဘိုးအိုများလည်း ပါဝင်လေသည်။
အသက်၊ ခန္ဓာကိုယ် အရွယ်အစား၊ လိင်နှင့် ရုပ်ဆင်းသွင်ပြင်တို့က အရေးမပါတော့ဘဲ အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် အထိတ်တလန့်ဖြစ်မှုများ ရောယှက်နေကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြ၏။
ထိုလူအုပ်ကြီးထဲတွင် ကျိုးရီနှင့် ကျိုးလီချင်းတို့ကို ယန်ချင်း မြင်တွေ့လိုက်ရပေသည်။ ကျိုးလီချင်းမှာ ကျိုးရီ၏ အနီးတွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို မျက်လုံးကလယ်ကလယ်ဖြင့် ကြည့်နေသောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရ၏။ ကျိုးရီကမူ စူးစမ်းလိုစိတ်အပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေပြီး သူ၏ကိုယ်မှ ယှဉ်ပြိုင်လိုသည့် အငွေ့အသက်များ လျှံကျနေလေသည်။
"မင်းတို့ရော ဘယ်လိုထင်လဲ"
ယန်ချင်းက အောက်ဘက်သို့ ဆင်းသွားရန် ပြင်ဆင်ရင်း မေးလိုက်၏။
"ထူးခြားတဲ့ ပါရမီရှင်တချို့တော့ ပါတာပဲ"
"ဒီအထဲကနေ မထင်မှတ်ထားတဲ့ အံ့ဩစရာတွေ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်"
"ပထမဆုံးအကြိမ်မှာတင် ဘယ်နှစ်ယောက် အောင်မြင်မလဲဆိုတာ သိချင်နေပြီ"
"ဟွေ့လန်၊ ဘာလို့ အဲဒီလိုမျက်နှာပေးမျိုး လုပ်နေတာလဲ"
"မင်းတို့နှစ်ယောက် တစ်ခုခုလုပ်ထားသေးလား"
"စာမေးပွဲထဲက ကိစ္စအကုန်လုံးကို ဒုတိယကျောင်းအုပ်ကြီးက အတည်ပြုပေးထားတာပဲလေ"
...
ယန်ချင်းသည် ဆောင်းဦးအရုဏ်ဦးတောင်ထိပ်မှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားကာ တောင်ခြေ၌ ပြန်ပေါ်လာပေသည်။
တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားပြောနေကြသော လူအုပ်ကြီးမှာ ရုတ်တရက်ပေါ်လာသော ယန်ချင်းကို မြင်လိုက်ရချိန်၌ ငြိမ်သက်သွားကြလေသည်။
နောက်ဆုံးလျှောက်ထားသူများ ရောက်လာသည်အထိ ယန်ချင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ လူငါးထောင်ခန့်ရှိသဖြင့် အရေအတွက်မှာ အတော်လေး များပြားပေသည်။ သို့သော် ထိုအရေအတွက်၏ တစ်ဝက်ခန့်မှာ လျှောက်ထားသူများအား လိုက်ပို့ပေးသော မိသားစုဝင်များနှင့် အုပ်ထိန်းသူများ ဖြစ်ကြလေသည်။
ရုံးတော်သည် အဆင့်သတ်မှတ်ချက်မရှိသော အဖွဲ့အစည်းများ သို့မဟုတ် အဆင့်ငါးရှိ အဖွဲ့အစည်းများမှ လျှောက်ထားသူများကိုသာ လက်ခံပေသည်။
အဆင့်ငါးအဖွဲ့အစည်းများအတွက်မူ တစ်ဖွဲ့လုံး ရုံးတော်၏ လက်အောက်ခံအဖြစ် ဝင်ရောက်ရမည်၊ သို့မဟုတ်ပါက အောင်မြင်သည့် လျှောက်ထားသူက ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်ရမည် ဖြစ်၏။ ဤသည်မှာ နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်သည့် ရှုပ်ထွေးမှုများကို ရှောင်ရှားရန် ဖြစ်ပေသည်။
အကယ်၍ ရုံးတော်မှ လူတစ်ဦးဦးနှင့် နက်ရှိုင်းသော ဆွေမျိုးဆက်စပ်မှု သို့မဟုတ် အခြားပတ်သက်မှု ရှိနေကြောင်းကို တစ်စုံတစ်ဦး သိရှိသွားပါက ထိုအဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာနိုင်ခြင်းကြောင့် ဖြစ်လေသည်။
အခြားအကြောင်းရင်းတစ်ခုမှာ ထိုအဖွဲ့အစည်းအနေဖြင့် ရုံးတော်မှ သူတို့အား ကျောထောက်နောက်ခံပြုပေးထားသူ ရှိသည်ဟု သိသွားကာ အာဏာရှင်ဆန်လာပါက ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကို ရှောင်ရှားရန်ပင် ဖြစ်၏။
လျှောက်ထားသူတိုင်းသည် မိသားစုဝင် သို့မဟုတ် အုပ်ထိန်းသူ အများဆုံးလေးဦးအထိသာ ခေါ်ဆောင်လာခွင့် ရှိလေသည်။
အချို့က ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်များ၊ ရင်းနှီးသော မိသားစုဝင်များနှင့်အတူ လာကြပြီး အချို့က အဆင့်သတ်မှတ်ချက်မရှိသော ဂိုဏ်းများမှ ဖြစ်ကြ၏။ မိသားစုမရှိသူများလည်း ပါဝင်သလို 'အထူးလျှောက်ထားသူများ' ဟု သတ်မှတ်ခံရသူများလည်း ရှိပေသည်။
၎င်းတို့မှာ အဆင့်မြင့်အဖွဲ့အစည်းများမှ ဖြစ်သော်လည်း ရုံးတော်သို့ မဝင်ရောက်မီ ထိုအဖွဲ့အစည်းများနှင့် အဆက်အသွယ် ဖြတ်ခဲ့သူများဖြစ်၏။ ယန်ချင်း၏ အကယ်ဒမီတက်စဉ်က ပြဿနာကောင် သူငယ်ချင်းဖြစ်သူ ဟောက်တာမှာ ထိုကဲ့သို့သော ဥပမာတစ်ခုပင်။
သူသည် အဆင့် ၃ မျိုးနွယ်စုဖြစ်သော ဟောက်မိသားစုမှ ဖြစ်သော်လည်း သူ၏မိခင် ကွယ်လွန်သွားချိန်တွင် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ရုံးတော်သို့ ဝင်ရောက်ရန် လျှောက်ထားခဲ့ခြင်း ဖြစ်လေသည်။
ကျိုးမောင်နှမများကလည်း ဤအမျိုးအစားထဲတွင် ပါဝင်ပြီး သူတို့တစ်တွေသာ ဤသို့ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ ယန်ချင်းက ၎င်းတို့၏ စွမ်းအင်လှိုင်းအတက်အကျများအပေါ် မူတည်၍ ဤအုပ်စုကို ခွဲခြားနိုင်လေသည်။ သူတို့၏ အခြေခံ နောက်ခံသမိုင်းကြောင်းကြောင့် ကျန်သူများထက် များစွာ တည်ငြိမ်နေကြ၏။
နောက်ဆုံးအနေဖြင့် 'အမွေဆက်ခံသူများ' ဟူ၍လည်း ရှိသေးသည်။ သူတို့မှာ ရုံးတော်တွင် အလုပ်လုပ်နေသော အဖွဲ့ဝင်များ၏ သားသမီးများ ဖြစ်ကြသည်။
အားလုံးအတွက် တရားမျှတမှု ရှိစေရန်ဟူသော ရုံးတော်၏ သဘောထားကြောင့် ရုံးတော်ဝန်ထမ်းများ၏ သားသမီးများပင်လျှင် ရုံးတော်တွင် အလုပ်လုပ်ခွင့်ရရှိရန် ပုံမှန်လမ်းကြောင်းမှသာ ဝင်ရောက်ရလေသည်။
ဝန်ထမ်းတစ်ဦး၏ သားသမီးဖြစ်ရုံမျှဖြင့် ရုံးတော်၏ ဝန်ထမ်းအဖြစ် အလိုအလျောက် အရည်အချင်း ပြည့်မီမည်မဟုတ်ပေ။ သူတို့ကိုယ်တိုင် ကြိုးစား၍ နေရာရယူရမည် ဖြစ်၏။
တရားမျှတမှုကို အလေးထား၍ ဆောင်ရွက်ခဲ့လျှင်ပင် သူတို့၏ မိဘများနှင့် ဆွေမျိုးများ ရှိနေခြင်းကြောင့် ကျန်သူများထက် အသာစီးရနေပြီဖြစ်သည်။
အလုပ်သမားတစ်ဦးအဖြစ် ရုံးတော်သို့ ဝင်ရောက်နိုင်ရန် အခြားသူများနှင့် တူညီသော လုပ်ငန်းစဉ်များကို ဖြတ်သန်းရမည်ဟူသည့် စည်းမျဉ်းကို ရုံးတော်က တင်းကြပ်စွာ ချမှတ်ထားသော်လည်း သူတို့၏ စတင်ရာအမှတ်က ကျန်သူများနှင့် ကွာခြားနေပေသည်။
သူတို့ရရှိသော လေ့ကျင့်မှုနှင့် အတွေ့အကြုံများမှာ မြင့်မြတ်နယ်မြေမှ တပည့်များနည်းတူပင် ဖြစ်၏။ ထို့ကြောင့် လျှောက်ထားသူများအနက် ၎င်းတို့၏ ဝင်ခွင့်စာမေးပွဲ အောင်မြင်ရန်မှာ သေချာလုနီးပါးပင် ဖြစ်လေသည်။
...
လူအားလုံး ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် ယန်ချင်းက စကားပြောလိုကြောင်း ပြသသည့်အနေဖြင့် ချောင်းဟန့်လိုက်၏။
"ရုံးတော်အတွက်ရော မင်းတို့အတွက်ပါ အရေးကြီးတဲ့ ဒီနေ့လို မင်္ဂလာရှိတဲ့နေ့မှာ မင်းတို့အားလုံးကို ကြိုဆိုပါတယ်။ ကျုပ်နာမည်က ယန်ချင်း။ ဒီစာမေးပွဲအတွက် စာမေးပွဲစစ်ဆေးရေးမှူးချုပ်အဖြစ် တာဝန်ယူမှာပါ။ ကျုပ်အပြင် နောက်ထပ်စစ်ဆေးမယ့်သူကတော့ ဆောင်းဦးအရုဏ်ဦးတောင်တန်းပဲ"
ယန်ချင်းက တည်ကြည်သော မျက်နှာထားဖြင့် သူ၏အနောက်ရှိ တောင်တန်းကို ညွှန်ပြရင်း ပြောလိုက်လေသည်။
"မင်းတို့အနောက်မှာရှိတဲ့ တောင်တန်းက မင်းတို့ကို ရုံးတော်က လက်ခံဖို့ လုံလောက်တဲ့ အရည်အချင်းရှိမရှိ စမ်းသပ်လိမ့်မယ်။ မင်းတို့ထဲက တစ်ယောက်ချင်းစီက ဘာလို့ လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာကို ကျုပ် မသိပါဘူး”
“ဒါပေမဲ့ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ထိပ်ဆုံးအထိသာ ရောက်သွားခဲ့ရင် အခုအချိန်ကစပြီး မင်းတို့ရဲ့ဘဝတွေ ပြောင်းလဲသွားမယ်လို့ ကျုပ် ကတိပေးရဲတယ်"
ယန်ချင်း၏ စကားကြောင့် လွန်ခဲ့သော မိနစ်အနည်းငယ်က အကြောက်လွန်နေခဲ့သည့် လျှောက်ထားသူများမှာ တိုက်ခိုက်လိုစိတ်များ တောက်လောင်သွားစေခဲ့၏။
"ရုံးတော်ရဲ့ စာမေးပွဲက ပုံမှန်သတ်မှတ်ထားတာတွေနဲ့ နည်းနည်းတော့ ကွာခြားတယ်။ ဒါပေမဲ့ ပုံမှန်ကနေ သိပ်မကွဲလွဲတဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်"
စာမေးပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပြောပြနေချိန်တွင် အားလုံးက နားစွင့်ထားကြလေသည်။ အမွေဆက်ခံသူများမှစ၍ ခြေသလုံးအိမ်တိုင် သွားလာနေသူများအဆုံး မည်သူမျှ ချွင်းချက်မရှိပေ။
လျှောက်ထားသူများ၏ အုပ်ထိန်းသူများနှင့် မိသားစုဝင်များပင်လျှင် ယန်ချင်း၏ စကားကို သေချာ အာရုံစိုက် နားထောင်နေကြ၏။
"ရုံးတော်က လက်ခံမယ့်သူတွေအတွက် ကဏ္ဍမျိုးစုံကို ထည့်သွင်းစဉ်းစားပါတယ်။ ဒါကြောင့် ရုံးတော်အတွက် တန်ဖိုးရှိတဲ့သူအဖြစ် သတ်မှတ်ခံရဖို့ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်နေဖို့ မလိုပါဘူး”
“မင်းတို့ထဲက တချို့က ဆေးပညာ၊ ဆေးဘက်ဝင်အပင်ပညာ၊ ကုသရေး၊ ဝင်္ကပါ၊ ဝိညာဉ်သားရဲပညာ၊ ဖုန်းရွှေပညာ၊ ပန်းပဲ၊ လက်မှုပညာ၊ တိုက်ခိုက်ရေး စတာတွေမှာ ကျွမ်းကျင်ကောင်း ကျွမ်းကျင်ပါလိမ့်မယ်”
“မင်းတို့ရဲ့ ကျွမ်းကျင်မှုက ဘာပဲဖြစ်ဖြစ် ကျုပ်အနောက်က တောင်တန်းက အဲဒီစွမ်းရည်တွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေး ပေးလိမ့်မယ်"
"ဒါကြောင့် ဘာကိုမှ ဖုံးကွယ်မထားပါနဲ့။ စာမေးပွဲကျသွားနိုင်ပေမဲ့ ရလဒ်အပေါ် မမူတည်ဘဲ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ထည့်သွင်းစဉ်းစားပေးဖို့ အကြောင်းပြချက်တွေ ရှိနိုင်တယ်”
“တိတိကျကျပြောရရင် ဒီစာမေးပွဲမှာ စည်းမျဉ်းက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက တောင်ထိပ်က အသက်မီးတောက်သစ်ပင်ဆီကို ရောက်အောင်သွားဖို့ပါပဲ"
"ရောက်အောင်သွားနိုင်တဲ့သူတွေကတော့ ရုံးတော်ထဲကို အလိုအလျောက် ဝင်ရောက်ခွင့် ရရှိလိမ့်မယ်။ မရောက်တဲ့သူတွေထဲက တချို့ကိုတော့ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အထူးထည့်သွင်း စဉ်းစားပေးပါလိမ့်မယ်”
“ကျန်တဲ့သူတွေအတွက်ကတော့ ဝမ်းနည်းစရာပါပဲ။ ကျုပ်တို့ လမ်းခွဲရတော့မှာပါ"