← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း (၃၀၅) - မတူညီသော ပါဝင်ယှဉ်ပြိုင်သူများ

ယန်ချင်း၏ စကားကြောင့် လေထုတစ်ခုလုံး လေးနက်တည်ငြိမ်သွားလေသည်။ ဤသည်မှာ ဤသို့သော အချိန်မျိုးတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ခုပင်။

လူတိုင်းက မိမိတို့ အောင်မြင်ကျော်ဖြတ်နိုင်မည်ဟုသာ လွယ်လွယ်တွေးထားတတ်ကြပြီး မြင့်မားသော ကျရှုံးမှုနှုန်းရှိသည့် ဤကဲ့သို့သော စာမေးပွဲမျိုးတွင် ကျရှုံးနိုင်သည်ဟူသော အခြားတစ်ဖက်ကိုမူ မည်သူမျှ တွေးမထားတတ်ကြပေ။

"ကျုပ် ထပ်ပြောမယ်။ ဒီစာမေးပွဲမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်။ အဲဒါက တောင်ထိပ်ကို ရောက်အောင်သွားဖို့ပဲ။ တောင်ထိပ်က ကျုပ်ရဲ့စားပွဲဆီ ရောက်တာနဲ့ မင်းတို့ကို စာမေးပွဲအောင်ပြီလို့ သတ်မှတ်ပေးမယ်”

“ပြီးတော့ အခု မင်းတို့အတွက် အကြံဉာဏ်ကောင်းလေးတွေ ပေးမယ်။ ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးကို အထူးဂရုစိုက်ပါ။ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေပါ။ သတိမလွတ်စေနဲ့။ ပြီးတော့ အကောင်းဆုံး ကြိုးစားကြပါ”

“အကယ်၍ မင်းတို့သာ အောင်မြင်ခဲ့မယ်ဆိုရင် ဒါက မင်းတို့ဘဝရဲ့ လားရာကို ပြောင်းလဲပေးနိုင်မယ့် တစ်သက်တာ အခွင့်အရေးကြီးပဲ။ ဒါကြောင့် နောင်တမရအောင် သေချာလုပ်ကြပါ..."

ယန်ချင်းက ပါဝင်ယှဉ်ပြိုင်သူ တစ်ယောက်ချင်းစီကို မျက်လုံးချင်းဆုံကာ ပြောလိုက်၏။

"အို... ကျုပ် မေ့တော့မလို့။ တောင်ပေါ်မှာ နေရာအနှံ့ချထားတဲ့ အထူးနေရာတွေ ရှိတယ်။ ကျုပ်သာ မင်းတို့နေရာမှာဆိုရင် အဲဒီနေရာတွေကို ရောက်အောင်သွားဖို့ ဦးစားပေးမှာပဲ”

“အဲဒီနေရာတွေကို ဘေးကင်းဇုန်တွေလို့ သတ်မှတ်နိုင်တယ်။ အဲဒီနေရာတွေရဲ့ မီတာ ၅၀ အတွင်းမှာ မင်းတို့ကို ဘာကမှ တိုက်ခိုက်လို့မရဘူး”

“ဒါ့အပြင် အဲဒီနေရာတွေကပေးတဲ့ ဘေးကင်းလုံခြုံမှုထက် မင်းတို့အတွက် ပိုပြီးအရေးပါတဲ့ တခြား အထူးလုပ်ဆောင်ချက်တွေလည်း ရှိသေးတယ်”

“အဲဒီမှာ မင်းတို့ အသုံးပြုဖို့အတွက် ကျုပ်ချန်ထားခဲ့တဲ့ အရာတချို့ကို တွေ့ရလိမ့်မယ်။ အဲဒါတွေက တောင်ပေါ်ကို တက်တဲ့အခါ မင်းတို့ရဲ့ အသက်ရှင်နိုင်စွမ်းကို တိုးလာအောင် ကူညီပေးလိမ့်မယ်”

“အဲဒီနေရာတွေကို တောင်ပေါ်မှာ ကျပန်းဖြန့်ကျက်ထားတာဆိုတော့ သေချာဂရုစိုက်ပြီး ရှာကြပါ။ အဲဒီနေရာက ဒီလိုပုံစံမျိုး ရှိတယ်"

ယန်ချင်းက ပြောရင်းဆိုရင်း သူ၏ချီစွမ်းအင်ကို အသုံးပြုကာ ပင်စည်တွင် ဖားပြုတ်သင်္ကေတပါရှိသော မေပယ်သစ်ပင်တစ်ပင်၏ ပုံရိပ်ကို ရှင်းလင်းကွက်ကွင်းစွာ ဖန်တီးပြလိုက်လေသည်။

ပါဝင်ယှဉ်ပြိုင်သူများက သစ်ပင်၏ သစ်သားအကြောအထိ အစိတ်အပိုင်းတိုင်းကို မှတ်သားထားနိုင်ရန် မျက်လုံးများ ကျဉ်းမြောင်းကာ သေချာစိုက်ကြည့်လိုက်ကြ၏။

"ဒီအထိ မေးစရာ မေးခွန်းရှိတဲ့သူ ရှိလား"

ယန်ချင်းက ညင်သာစွာ မေးလိုက်သည်။

လူအုပ်ကြီးမှာ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူတို့ထဲမှ တစ်ယောက်က ချီတုံချတုံဖြင့် လက်မြှောက်လာလေသည်။

မေးခွန်းမေးရန် အကြောက်ကြောက်အလန့်လန့်ဖြင့် ရှေ့သို့ထွက်လာသည့် ယှဉ်ပြိုင်သူမှာ ပိန်လှီသော ခန္ဓာကိုယ်ရှိသည့် ကလေးတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ ပိန်လှီမှုမှာ ရွေးချယ်စရာရှိ၍ ဖြစ်လာသည့်ပုံ မပေါ်ပေ။ ဤနေရာတွင် တိုက်ခတ်နေသော လေကြောင့်ပင် အလွယ်တကူ လွင့်ပါသွားနိုင်သည်ဟု ထင်ရလောက်အောင်ကို ပိန်ချုံးနေခြင်း ဖြစ်၏။

သူ၏ မျက်လုံးများက နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်နေပြီး ပြာနှမ်းကာ ဖွာလန်ကြဲနေသော ဆံပင်၊ ကြေးညိုရောင်အသားအရည်နှင့် မည်းနက်သော မျက်ဝန်းများ ရှိလေသည်။

ပတ်ဝန်းကျင်ရှိ လူများထဲတွင် အရပ်အရှည်ဆုံးလူများထဲမှ တစ်ယောက်ဖြစ်သော်လည်း အာဟာရချို့တဲ့နေသည့် ရုပ်သွင်ကြောင့် တင်းမာနေသော လေးကြိုးတစ်ချောင်းကဲ့သို့ ခါးကိုကိုင်းထားရလေသည်။

အသက်အရွယ်အရ ကြည့်မည်ဆိုလျှင် ဆယ့်ခြောက်နှစ်အရွယ်ဟု ထင်ရသော်လည်း ထိုကလေးမှာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးကြောင်းကို ယန်ချင်း ခန့်မှန်းသိရှိနိုင်ပေသည်။

သူ၏ဝတ်ရုံများက သန့်ရှင်းနေသော်လည်း ဟောင်းနွမ်းနေပြီး အဖာအထေးများဖြင့် ပြည့်နှက်နေ၏။ ချမ်းသာကြွယ်ဝသော ယှဉ်ပြိုင်သူတချို့က သူ့အား လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ ခန္ဓာသန့်စင်ခြင်းနယ်ပယ်၏ သံမဏိအဆင့်တွင်သာ ရှိနေလေသည်။

"မင်းနာမည်က ဘယ်လိုခေါ်လဲ"

ဆံပင်ပြာနှမ်းနှမ်းနှင့် ယှဉ်ပြိုင်သူလေး စိတ်သက်သာရာရစေရန် ယန်ချင်းက ဖော်ရွေစွာ ပြုံးပြရင်း မေးလိုက်သည်။

"ကျွန်တော့်နာမည် လိုင်ရိုလို့ ခေါ်ပါတယ်"

လူငယ်လေးက ဖြေလိုက်၏။ သို့သော် သူဖြေလိုက်သော အသံမှာ တုန်ယင်နေလေသည်။

"မင်း ဘာမေးချင်လို့လဲ။ မင်းမေးချင်တဲ့ မေးခွန်းက ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ ဘယ်လောက်ပဲ ရယ်စရာကောင်းနေတယ်လို့ မင်းထင်နေပါစေ၊ ကျုပ်ကတော့ ဂရုမစိုက်ပါဘူး။ ဘာမေးခွန်းပဲဖြစ်ဖြစ် ကျုပ်ဖြေပေးပါ့မယ်။ ဒါကြောင့် မေးသာမေးလိုက်ပါ"

ယန်ချင်းက ပြောလိုက်လေသည်။

လိုက်ရိုက သူ၏ အတွေးများနှင့် သတ္တိများကို စုစည်းရန် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွား၏။

"ကျွန်တော်တို့အားလုံး အတူတူ စာမေးပွဲဖြေရမှာလားခင်ဗျာ"

သူက အလျင်အမြန်ပင် မေးလိုက်ပေသည်။

"ကျွန်တော် ဆိုလိုတာက၊ ကျွန်တော်တို့... ကျွန်တော်တို့အားလုံးက ကျင့်ကြံခြင်းအဆင့်တွေ တူကြတာ မဟုတ်ဘူးလေ။ တကယ်လို့ ကျွန်တော်တို့အားလုံး တစ်ချိန်တည်းမှာ ဝင်သွားမယ်ဆိုရင်..."

သူ၏ မျက်လုံးများက ချီသန့်စင်ခြင်းနှင့် အထက်အဆင့်တွင်ရှိသော ပါဝင်ယှဉ်ပြိုင်သူတချို့ဆီသို့ အလျင်အမြန် ရောက်သွားလေသည်။

သူ အမှန်တကယ် စိုးရိမ်ပူပန်နေသည်က မည်သည့်အရာဖြစ်ကြောင်းကို သူ၏အရိပ်အမြွက်များက ရှင်းရှင်းလင်းလင်း ပြသနေ၏။

ထိုအရာက ယှဉ်ပြိုင်သူတချို့ထံမှ လှောင်ပြောင်သည့် အကြည့်များစွာကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားသော်လည်း အခြားသူများကမူ ဂရုမစိုက်ကြပေ။

"ဟုတ်တယ် လိုက်ရို။ ဒီနေရာမှာရှိတဲ့ ပါဝင်ယှဉ်ပြိုင်သူတိုင်းက သူတို့ရဲ့ အသက်အရွယ် ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်ကို မခွဲခြားဘဲ အားလုံးအတူတူ တစ်ချိန်တည်းမှာ စာမေးပွဲ ဖြေဆိုကြရမှာပဲ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လိုက်ရို၏ မျက်နှာအမူအရာမှာ ညှိုးကျသွားလေတော့သည်။ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ အားနည်းသော ကျင့်ကြံခြင်းအဆင့်ရှိသည့် အခြားသူများအားလုံးသည်လည်း အလားတူ မျက်နှာအမူအရာမျိုး ဖြစ်သွားကြ၏။

ယန်ချင်း၏စကားကြောင့် ကျိုးရီနှင့် ကျိုးလီချင်းတို့ပင်လျှင် အခက်တွေ့နေသည့် မျက်နှာထားများ ဖြစ်ပေါ်လာကြသည်။

"လောကကြီးက မတရားတဲ့ နေရာတစ်ခုပဲ။ ဒါကို ကျုပ်က မင်းတို့ကို အထူးတလည် ပြောပြနေစရာ မလိုပါဘူး။ မင်းတို့ထဲကတချို့က ဒီအချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ကြဖူးပြီးသားပါ”

“ဒီအချက်က ဒီနေရာမှာလည်း ပြောင်းလဲသွားမှာ မဟုတ်သလို မင်းတို့ ရုံးတော်ကို ဝင်ရောက်ပြီးတဲ့နောက်မှာလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူး။ မင်းတို့အတွက် အကျိုးရှိနိုင်မယ့် ဒါမှမဟုတ် အကျိုးမရှိနိုင်မယ့် စိမ်းသက်နေတဲ့ အခြေအနေတွေထဲကို ပစ်ချခံရလိမ့်မယ်”

“အဲဒီလိုသာ ဖြစ်လာခဲ့ရင် မင်းတို့ ဘာလုပ်ကြမှာလဲ။ အခြေအနေတွေက မတရားဘူးဆိုပြီး မင်းတို့ရဲ့ တာဝန်တွေကို စွန့်လွှတ်လိုက်ကြမှာလား”

“ဒါမှမဟုတ် မင်းတို့ထဲက တချို့လူတွေလို ကိုယ့်မှာရှိတဲ့အရာနဲ့ မတရားတဲ့ အခြေအနေတွေအောက်မှာ အသက်ရှင်သန်အောင် လိုက်လုပ်ကြမလား။ မင်းတို့ဆီကနေ မျှော်လင့်ထားတာက အဲဒီလိုလုပ်နိုင်ဖို့ပဲ။ မင်းတို့တစ်ယောက်ချင်းစီတိုင်းကိုပေါ့..."

ယန်ချင်းက အဆိုပါအမှန်တရားကို ယှဉ်ပြိုင်သူများ၏ စိတ်ထဲတွင် စိမ့်ဝင်သွားစေရန်အတွက် အနည်းငယ် ရပ်တန့်လိုက်လေသည်။

"ဒါပေမဲ့ မင်းတို့ကို တိုက်ခိုက်ခွင့်တော့ ပေးထားပါတယ်။ ကျုပ်ပြောခဲ့သလိုပဲ အဲဒီအထူးဇုန်တွေမှာ တချို့အရာတွေ ရှိတယ်။ ဘေးကင်းလုံခြုံမှုဆိုတာက အဲဒီအရာတွေထဲမှာ အသေးမွှားဆုံး အရာတစ်ခုပဲ”

“ဒါ့အပြင် ကျုပ်က မင်းတို့အားလုံးကို ကျင့်စဉ်တစ်ခုလည်း ပေးဦးမှာပါ။ မင်းတို့ အဲဒီကျင့်စဉ်ဆီကနေ နားလည်သဘောပေါက်မှု ဘယ်လောက်ရရှိလဲ ဆိုတဲ့အပေါ် မူတည်ပြီး မင်းတို့က ဘယ်လိုအဆင့်မှာပဲ ရှိနေပါစေ၊ ဒီတောင်ထိပ်ကိုရောက်အောင် သယ်ဆောင်သွားပေးလိမ့်မယ်”

“လောကကြီးက မတရားဘူးဆိုပေမဲ့ တချို့ရှုထောင့်တွေမှာတော့ သဘာဝတရားက လူတိုင်းအပေါ် တရားမျှတပါတယ်။ ဒါကြောင့် တောင်ပေါ်ကို တက်တဲ့အခါ အဲဒါကို စိတ်ထဲမှာ မှတ်ထားကြပါ”

“တခြားမေးစရာ မေးခွန်းရှိသေးလား"

ယန်ချင်းက မေးလိုက်၏။

လိုက်ရိုက စတင်လုပ်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ် ပါဝင်ယှဉ်ပြိုင်သူနှစ်ဦးသည်လည်း လက်မြှောက်ရန် သတ္တိရလာကြသည်။

တစ်ဦးမှာ အထူးအုပ်စုမှဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ရှိရောက်နေသော ထူးခြားသည့် ယှဉ်ပြိုင်သူများထဲမှ တစ်ဦး ဖြစ်ပေသည်။ နှစ်ဦးစလုံးမှာ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင် ရှိကြ၏။

တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၏ လိင်နှင့် အသက်အရွယ်ပင် ဖြစ်သည်။

အထူးအုပ်စုမှ ကျင့်ကြံသူမှာ အသက် ၁၁ နှစ်ခန့် အရွယ်ရှိမည့် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး အခြားကျင့်ကြံသူမှာမူ အသက်ခြောက်ဆယ်ကျော်အရွယ်ရှိ အဘိုးအိုတစ်ဦး ဖြစ်လေသည်။

သူက လယ်သမားတစ်ဦး၏ အစိမ်းနုရောင်ဝတ်ရုံကို ၀တ်ဆင်ထားကာ ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး ထောက်ကူရန်အတွက် ပြောင်ချောနေသော သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

သူ၏အသက်အရွယ်ကြောင့် လူအများ၏ အာရုံစိုက်မှုကို အလွန်အမင်း ရရှိနေသည်။ သူက ဤနေရာရှိ အသက်အကြီးဆုံး ပါဝင်ယှဉ်ပြိုင်သူပင် ဖြစ်လေတော့သည်။

All Chapters