← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆) - စမ်းသပ်မှု စတင်ပြီ

ရုံးတော်သည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်သူများအပေါ် ကန့်သတ်ချက်များစွာ မထားရှိပေ။ အသက်အရွယ်နှင့်ပတ်သက်လာလျှင် သေမင်းနှင့် မရင်ဆိုင်ရမီ နှစ်နှစ်ဆယ်ခန့် လိုသေးပါက စမ်းသပ်မှုများအား ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။

အသက်ငယ်ရွယ်သူများတွင် အားကောင်းသော သက်စောင့်စွမ်းအင်များ ပါရှိတတ်သဖြင့် အဆင့်တက်ရန် အခွင့်အလမ်းပိုများသော်လည်း ၎င်းမှာ ကျင့်ကြံခြင်းအစောပိုင်းအဆင့်များတွင်သာ အကျုံးဝင်ပြီး ထိုအားနည်းချက်ကို အချို့သော သဘာ၀ရတနာများဖြင့် ကုစားနိုင်ပေသည်။

ပါရမီများအား ဖော်ထုတ်ပေးနိုင်မည့် လိုအပ်သော အရင်းအမြစ်များ မရှိခြင်းကြောင့် ပျောက်ကွယ်သွားရသည့် ပါရမီရှင်များစွာ ရှိလေသည်။

ထို့ကြောင့်ပင် ရုံးတော်က အသက်အရွယ်ကို များစွာဂရုမစိုက်ဘဲ ကျင့်ကြံခြင်းအခြေခံမရှိသူများကိုပင် စာမေးပွဲဖြေဆိုခွင့် ပြုသည်အထိ ဝင်ခွင့်သတ်မှတ်ချက်များအား လျှော့ပေါ့ပေးထားခြင်း ဖြစ်၏။

တစ်ချက်ကြည့်ရုံဖြင့် ပါရမီရှင်ဖြစ်ကြောင်း သိနိုင်သူများရှိသကဲ့သို့ ၎င်းတို့၏ အရည်အသွေးများအား ဖော်ပြနေသော သိသာထင်ရှားသည့် အချက်များလည်း ရှိတတ်သည်။

သို့ရာတွင် အချို့သူများ၏ တောက်ပမှုမှာ တစ်စုံတစ်ရာကြောင့် မှေးမှိန်နေတတ်ပြီး အချို့မှာမူ ယခုထက်တိုင် ပေါ်လွင်လာခြင်း မရှိသေးပေ။

ဥပမာအားဖြင့် ထိုအဘိုးအိုပင် ဖြစ်သည်။ သူသည် မှားယွင်းသော ကျင့်စဉ်များဖြင့် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ရသည့် လျှို့ဝှက်ပါရမီရှင်တစ်ဦး ဖြစ်နေနိုင်သကဲ့သို့ သာမန်လူတစ်ယောက်လည်း ဖြစ်သွားနိုင်ပေသည်။

ယင်းကို ရှာဖွေဖော်ထုတ်ခြင်းဖြင့် ရုံးတော်အနေနှင့် မည်သည့်အရာမှ ဆုံးရှုံးသွားမည်မဟုတ်ပေ။

အကယ်၍ သူသာ အစပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော ကံဆိုးသည့် ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့လျှင် ရုံးတော်က သူ၏အလားအလာများကို မြှင့်တင်ပေးရန် မည်သည့်အရင်းအမြစ်မျိုးကိုမဆို သုံးစွဲရန် ဝန်လေးမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အဆုံးတွင်တော့ လောင်းကစားတစ်ခုသာ ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် အကျိုးအမြတ်ရတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ အချည်းနှီးဖြစ်သွားတတ်၏။

ယန်ချင်းသည် ဝင်ခွင့်စာမေးပွဲကာလအတွင်း ထိုကဲ့သို့သော လူအနည်းငယ်နှင့် အတူတကွ ပါဝင်ဖြေဆိုခဲ့ဖူးသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူတို့ထဲမှ တစ်ယောက်မျှ အောင်မြင်ခဲ့ခြင်း မရှိပေ။

ယန်ချင်းက အသက်အရွယ်ကြီးရင့်မှုကို လေးစားသောအားဖြင့် အဘိုးအိုထံသို့ အရင်ဆုံး လက်ညှိုးထိုးပြလိုက်သည်။

"ကျုပ်နာမည်က ပုဖေးပါ အရှင်။ ခွင့်ပြုမယ်ဆိုရင် ဒီကျင့်စဉ်နဲ့ပတ်သက်ပြီး မေးခွန်းနှစ်ခုလောက် မေးပါရစေ"

အဘိုးအိုက မေးလိုက်၏။

သူသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ရိုးရှင်းပြတ်သားသော လေယူလေသိမ်းမျိုးရှိနေသည်။

"မေးပါ"

ယန်ချင်းက ဆက်ပြောရန် အချက်ပြရင်း တုံ့ပြန်လိုက်၏။

"အကယ်လို့ ကျုပ်တို့ စာမေးပွဲကျသွားခဲ့ရင်တောင် ဒီကျင့်စဉ်ကို ဆက်သုံးလို့ရပါသလား။ နောက်မေးခွန်းတစ်ခုက ကျုပ်တို့ ဒီကျင့်စဉ်အတွက် လမ်းညွှန်မှုရနိုင်မလား၊ ရနိုင်မယ်ဆိုရင်ရော အဲဒီလမ်းညွှန်မှုက ဘယ်လောက်ကြာမလဲ၊ ပြီးတော့ အဲ့ဒါကို စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သတ်မှတ်ထားသလားဆိုတာကို သိချင်ပါတယ်"

ပုဖေးက မေးမြန်းလိုက်သည်။

"ခင်ဗျားရဲ့ ပထမမေးခွန်းကို ဖြေရရင် ဝင်ခွင့်စာမေးပွဲကျသွားခဲ့ရင်တောင် ဒီကျင့်စဉ်ကို လွတ်လွတ်လပ်လပ် အသုံးပြုလို့ရပါတယ်။ ပြီးတော့ ခင်ဗျားပေးချင်တဲ့သူတိုင်းကို လွတ်လွတ်လပ်လပ် လက်ဆင့်ကမ်းပေးလို့ရတယ်။ ဒါပေမဲ့ ဘယ်သူ့ကို ပေးမလဲဆိုတာတော့ သေချာဂရုစိုက်ပါ”

“တကယ်လို့ ခင်ဗျားပေးလိုက်တဲ့သူက ဒီကျင့်စဉ်ကိုသုံးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခဲ့တာကို ကျုပ်ကြားရရင် ခင်ဗျားဆီကို ကျုပ်ကိုယ်တိုင် လာရှာရလိမ့်မယ်"

"ဒီကျင့်စဉ်က ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်စဥ်ပါ။ ဒီလိုရဲရင့်တဲ့ခြေလှမ်းကို လှမ်းခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးအတွက် ကျုပ်ရဲ့လက်ဆောင်အနေနဲ့ မှတ်ယူနိုင်ပါတယ်"

ယန်ချင်းက ပြောလိုက်လေသည်။

ဖြေဆိုသူအားလုံး၏ မျက်လုံးများက တောက်ပသွားကြသည်။ အမွေဆက်ခံသူများပင်လျှင် ချွင်းချက်မရှိပေ။ ကျင့်စဉ်တစ်ခုကို အခမဲ့ရရှိမည့် အခွင့်အရေးကြောင့် မည်သူမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။

"နောက်မေးခွန်းအတွက်ကတော့ ဟင့်အင်း၊ ဘယ်သူကမှ ခင်ဗျားတို့ကို လမ်းညွှန်ပေးမှာမဟုတ်ဘူး။ ပြီးတော့ ဒီကျင့်စဉ်ကို သင်ယူဖို့ သီးသန့်သတ်မှတ်ထားတဲ့ အချိန်လည်း မရှိဘူး"

"ဒီကျင့်စဉ်ကို အချိန်ဘယ်လောက်ယူပြီး လေ့ကျင့်မလဲဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ တစ်ချို့ရှုထောင့်ကနေကြည့်ရင် အဲဒါကလည်း စမ်းသပ်မှုတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ရုံးတော်ရဲ့ စံနှုန်းတွေအရ ခင်ဗျားတို့အားလုံးက ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ခံရနိုင်တဲ့ အရည်အချင်းတွေ ရှိ၊ မရှိ သိချင်နေကြတာ မဟုတ်ဘူးလား။ ဒါက ခင်ဗျားတို့ရဲ့ အခွင့်အရေးပဲ။ ဒီမေးခွန်းအတွက် အဖြေရှာဖို့ ခင်ဗျားတို့ လိုအပ်တဲ့ အရာအားလုံး ရှိပြီးသားပဲ"

ယန်ချင်းက ပြုံးလျက် ပြောလိုက်၏။ သူ၏စကားက ဖြေဆိုသူများ၊ အထူးသဖြင့် လူငယ်များ၏ တိုက်ခိုက်လိုစိတ်ကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်လေသည်။

"မိန်းကလေး၊ မင်းအလှည့်ရောက်ပြီ။ ဘာမေးချင်လို့လဲ"

အဘိုးအိုပုဖေးသည် ကျေးဇူးတင်စကားဆိုရင်း နောက်သို့ ဆုတ်ပေးလိုက်ရာ အဝါရောင်ဆံပင်ကို မြင်းမြီးပုံစံစည်းနှောင်ထားသော အသက်ဆယ့်တစ်နှစ်အရွယ် မိန်းကလေးအတွက် နေရာဖယ်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

သူမထံတွင် ဂုဏ်ယူဝင့်ကြွားသည့်ဟန် ရှိနေပြီး ချွေးတလုံးလုံးဖြင့်ရှိနေသော သူမ၏ မိဘများနှင့်တော့ လုံးဝ ကွဲလွဲနေပေသည်။

ဖခင်ဖြစ်သူမှာ ဝဖြိုးပြီး ကုန်သည်တစ်ဦး၏ အသွင်အပြင်မျိုး ရှိသော်လည်း ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိချေ။

မိခင်ဖြစ်သူမှာမူ သွယ်လျကာ မိန်းကလေး၏ အလှအပကို ဆင်းသက်လာစေသည့် အကြောင်းရင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သူမ၏ ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်းတွင်သာ ရှိပေသည်။

ထိုမိန်းမငယ်လေးသည် ယန်ချင်းက သူမထံသို့ လက်ညှိုးထိုးပြလိုက်သည်ကို မြင်သောအခါ လက်ယှက်အရိုအသေပေးလိုက်ပြီး တည်ငြိမ်သောခြေလှမ်းများဖြင့် ရှေ့သို့ ကျော့ရှင်းစွာ လျှောက်လာခဲ့သည်။

"ဒီအခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ် အရှင်။ ကျွန်မနာမည်က ယင်ရုံပါ။ ဖြေဆိုသူတွေအချင်းချင်း တိုက်ခိုက်ခွင့် ရှိပါသလား"

သူမက မေးလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မတို့အရေအတွက်က သတ်မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေထက် ပိုများနေနိုင်လို့ပါ"

သူမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအချို့ထံသို့ အန္တရာယ်ရှိသော အကြည့်များဖြင့် စိုက်ကြည့်ရင်း ဖြည့်စွက်ပြောလိုက်လေသည်။ ထိုကျင့်ကြံသူများထဲတွင် လိုင်ရိုလည်း တစ်ယောက်အပါအဝင် ဖြစ်၏။

"အရာအားလုံးက မင်းတို့အပေါ်မှာပဲ မူတည်တယ်။ ငါပြောခဲ့သလိုပဲ သတိထားကြပါ"

ယန်ချင်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

မိန်းမငယ်လေးသည် သူ၏မရေရာသော အဖြေကြောင့် မကျေမနပ်ဖြစ်သွားပုံရသော်လည်း ယဉ်ကျေးသောအပြုံးဖြင့် ကောင်းစွာဖုံးကွယ်နိုင်ခဲ့လေသည်။

ထို့နောက်တွင် ယန်ချင်းက မေးခွန်းအနည်းငယ်ကို ထပ်မံဖြေကြားပေးခဲ့ပြီး စမ်းသပ်မှုများ မစတင်မီ ဖြေဆိုသူများအား အုပ်ထိန်းသူများ၊ မိသားစုဝင်များနှင့် နှုတ်ဆက်စကားများပြောရန် အချိန်အနည်းငယ် ပေးလိုက်သည်။

သူတို့ နှုတ်ဆက်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ခေါ်ဆောင်လာသူများ၏ တိုးတက်မှုကို ကြည့်ရှုနိုင်မည့် အခြားကြည့်ရှုရေးဧရိယာတစ်ခုသို့ ပို့ဆောင်ပေးလိုက်လေသည်။

...

"ဒါက ငါပံ့ပိုးပေးမယ့် ကျင့်စဉ်ပဲ။ ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းလို့ ခေါ်တယ်။ မင်းတို့အသုံးပြုချင်ရင် လွတ်လွတ်လပ်လပ်သုံးနိုင်တယ်။ အသုံးပြုခြင်း၊ အသုံးမပြုခြင်းက မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်ကို ထိခိုက်စေမှာ မဟုတ်ဘူး"

"ပြီးတော့ ဒါကို မင်းတို့ဝတ်ရုံရဲ့ တစ်နေရာရာမှာ တပ်ဆင်ထားဖို့ လိုတယ်"

ယန်ချင်းက ပြုပြင်မွမ်းမံထားသော ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်း ကျင့်စဉ်များပါရှိသည့် စာအုပ်ငယ်များအား လိုက်လံဝေငှရင်း ပြောလိုက်သည်။ ထိုစာအုပ်ငယ်နှင့်အတူ လိမ္မော်ရောင် မေပယ်သစ်ရွက်များကိုပါ ဝေပေးခဲ့လေသည်။

ဖြေဆိုသူများသည် စာအုပ်ငယ်ကို စိတ်အားထက်သန်စွာ ယူလိုက်ကြပြီး သစ်ရွက်ကိုလည်း စူးစမ်းလိုစိတ်ဖြင့် သေချာကြည့်ရှုလိုက်ကြသည်။

"ဒီသစ်ရွက်က မင်းတို့ သေလုမျောပါးဖြစ်နေချိန်မှသာ တုံ့ပြန်မယ့် အကာအကွယ်ပစ္စည်းတစ်ခုပဲ။ ဒါက မင်းတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးပြီး တောင်ပေါ်ကနေ အပြင်ကို ပို့ဆောင်ပေးလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ မင်းတို့ ကျရှုံးသွားပြီလို့ သတ်မှတ်ခံရလိမ့်မယ်"

"ကဲ... ထပ်ဖြည့်စွက်ပြောစရာ ဘာမှမရှိတော့တဲ့အတွက် ရုံးတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို စတင်လိုက်ပြီ"

ယန်ချင်းက သူ၏ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို ဖြေဆိုသူများအားလုံးမှာ ရေတံခွန်တစ်ခု၏ ရှေ့သို့ ရောက်ရှိသွားလေတော့သည်။

"မင်းတို့ရဲ့စမ်းသပ်မှု အခု စတင်ပြီ"

All Chapters