← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း (၃၀၇) - ကျိုးရီ၏ အစီအစဉ်များ

ယန်ချင်းက ကြေညာချက်ထုတ်ပြီးသည်နှင့် တောင်ထိပ်ဆီသို့ ပျံသန်းသွားလေသည်။

"စိတ်ဝင်စားဖို့ကောင်းတဲ့ အံဖွယ်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

တိုင်ချန်က သူ့အတွက်သူ နောက်ထပ်လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်ရင်း ပြောလိုက်၏။

စမ်းသပ်မှုကို စိတ်အားထက်သန်စွာ စတင်နေကြပြီဖြစ်သော ပါဝင်ယှဉ်ပြိုင်သူများအား စိုက်ကြည့်ရင်း အခြားသော တရားသူကြီးများကလည်း သူတို့၏ အတွေးများကို အသီးသီး ဝင်ရောက်ပြောဆိုလိုက်ကြသည်။

သူတို့၏ အုပ်ထိန်းသူများကလည်း အကောင်းဆုံးဖြစ်လာစေရန် မျှော်လင့်လျက် စိုးရိမ်တကြီး စောင့်ကြည့်နေကြလေ၏။

သူတို့ထဲမှ အချို့အတွက် ဤအရာသည် နဂါးတံခါးကို ခုန်ကျော်ကာ ငါးကြင်းမှ နဂါးအဖြစ်သို့ ကူးပြောင်းနိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။

မသေမျိုးတစ်ဦး အဆင့်တက်သွားပါက သူ၏ နွား၊ ကြက်နှင့် ခွေးများပင်လျှင် အဆင့်တက်သွားလိမ့်မည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။

အဆိုပါကိစ္စမျိုးသည် ပါဝင်ယှဉ်ပြိုင်သူများ၏ မိသားစုများနှင့် အုပ်ထိန်းသူများအတွက်လည်း အလားတူပင် ဖြစ်သည်။

အကယ်၍ ပါဝင်ယှဉ်ပြိုင်သူများသာ အောင်မြင်သွားခဲ့ပါက ၎င်းတို့အတွက်သာမက ၎င်းတို့၏ မိသားစုနှင့် အုပ်ထိန်းသူများအတွက်ပါ ကြီးကျယ်ခမ်းနားသော အခွင့်အရေးကြီးတစ်ရပ် ဖြစ်လာပေလိမ့်မည်။

အောင်မြင်သွားသော ယှဉ်ပြိုင်သူနှင့် ပတ်သက်ဆက်နွှယ်နေမှုကြောင့် ရုံးတော်၏ မျက်နှာသာပေးမှုကိုပါ ရရှိကြမည်ဖြစ်သည်။

သူတို့ အိပ်မက်ပင် မမက်ဖူးသည့် အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ပြီး ရုံးတော်၏ အလင်းရောင်ဝန်းကို ရရှိထားခြင်းကလည်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။

တစ်ခါတစ်ရံတွင် တိုက်ကြီးပေါ်၌ မိမိတို့ မဖြေရှင်းနိုင်သော ပြဿနာအချို့မှ လွတ်မြောက်ရန် ရုံးတော်အား ဘေးကင်းရာခိုလှုံရာအဖြစ် အသုံးပြုကြသည့် အဖွဲ့အစည်းအချို့လည်း ရှိတတ်လေသည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးက မကြာခဏဆိုသလို ဖြစ်ပွားတတ်၏။ ကျရှုံးသွားသူများအတွက် အဆုံးသတ်တွင် စောင့်ကြိုနေသည်မှာ ငြင်းပယ်ခံရမှုသာမက သူတို့အား ကျရှုံးစေသည့် အရာကပေးမည့် မုချပျက်စီးကိန်းပင် ဖြစ်ပေသည်။

အချို့သူများအတွက် ဤစမ်းသပ်မှုသည် သေရေးရှင်ရေး တိုက်ပွဲတစ်ခုဟုပင် ဆိုနိုင်၏။

...

စမ်းသပ်မှုကို စတင်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း ပါဝင်ယှဉ်ပြိုင်သူများအားလုံးက ကြေညာချက်အပေါ် တုံ့ပြန်ပုံချင်း မတူညီကြချေ။ အဖွဲ့ငယ်လေးတစ်ခုကမူ နှစ်ကြိမ်တွေးတောနေခြင်းမရှိဘဲ ရေတံခွန်ထဲသို့ တန်း၍ ခုန်ဆင်းသွားကြလေသည်။

ဤအဖွဲ့သည် လူဦးရေအနည်းဆုံးဖြစ်ပြီး လူလေးယောက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ဦးမှာ ဆက်ခံသူများဖြစ်ပြီး နောက်တစ်ဦးမှာမူ အခြားသော ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူသည် ပါးပြင်ပေါ်တွင် ကလေးသဘာဝ အဆီဖုလေးများ ရှိနေသေးသည့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးပင်။

သူသည် အငယ်ဆုံး ယှဉ်ပြိုင်သူဖြစ်သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ခန္ဓာသန့်စင်ခြင်းအဆင့် ကြေးခန္ဓာကိုယ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

နောက်ဆုံးအဖွဲ့ဝင်အနေဖြင့်မူ ယန်ချင်းက မေးခွန်းများမေးရန် အခွင့်အရေးပေးခဲ့စဉ်တွင် ပထမဆုံး မေးခွန်းမေးခဲ့သော ပိန်ပိန်ပါးပါး ကျင့်ကြံသူ လိုင်ရိုပင် ဖြစ်ပေသည်။

ကျန်ရစ်သူများမှာမူ အခြေခံအားဖြင့် အဖွဲ့နှစ်ဖွဲ့ ကွဲသွားလေသည်။ အဖွဲ့တစ်ဖွဲ့က ရေတံခွန်ထဲတွင် ထောင်ချောက်တစ်ခုခု ရှိမရှိ သိနိုင်ရန် ပထမအဖွဲ့ကို အေးဆေးစွာ စောင့်ကြည့်နေကြပြီး အခြားတစ်ဖွဲ့ကမူ ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်း ပါဝင်သော စာအုပ်ငယ်ကို အသေအချာ ဖတ်ရှုနေကြ၏။

စာအုပ်ငယ်ကို ဖတ်ရှုနေစဉ် သူတို့တစ်ဦးစီ၏ မျက်လုံးများက တောက်ပနေကြလေသည်။ ကျန်ရစ်သော ဆက်ခံသူများထဲမှ နှစ်ဦးမှာ ဤအဖွဲ့တွင် ပါဝင်လေသည်။

ယှဉ်ပြိုင်သူများ အလွန်အမင်း ဖိအားများမသွားစေရန် ရုံးတော်သည် စမ်းသပ်မှုတိုင်းတွင် ဆက်ခံသူ မည်မျှပါဝင်နိုင်သည်ဆိုသည့် ကန့်သတ်ချက်တစ်ခုကို သတ်မှတ်ထား၏။ ကန့်သတ်ချက်မှာ စမ်းသပ်မှုတစ်ခုလျှင် ခြောက်ဦးဖြစ်ပေသည်။

စမ်းသပ်မှုနှင့် ပတ်သက်၍မူ ရုံးတော်သည် နှစ်ပတ်လျှင် တစ်ကြိမ် ဝင်ခွင့်စာမေးပွဲကို ကျင်းပလေ့ရှိသည်။

သုံးစွဲလိုက်ရသည့် အရင်းအမြစ်များ သို့မဟုတ် အရည်အသွေးအာမခံချက်တို့ဘက်မှ ကြည့်လျှင် ဖြစ်နိုင်ခြေရှိပြီး ၎င်းနှင့် ဆက်စပ်နေသော ကြီးမားလှသည့် ကုန်ကျစရိတ်များသာ မရှိပါက စမ်းသပ်မှု အရေအတွက်ကို တစ်ရက်လျှင် တစ်ကြိမ်အထိ တိုးမြှင့်ကျင်းပမည် ဖြစ်လေသည်။

သို့သော်လည်း ကန့်သတ်ချက်များကြောင့် တစ်လလျှင် စမ်းသပ်မှု နှစ်ကြိမ်သာ ကန့်သတ်ထားပြီး စာမေးပွဲစစ်ဆေးရေးမှူးချုပ်မှာ စမ်းသပ်မှုအမျိုးအစားနှင့်အတူ အကြိမ်တိုင်း ကွဲပြားနေမည်ဖြစ်လေရာ အားလုံးအတွက် နှိုင်းယှဉ်ကြည့်ပါက တရားမျှတပြီး ခန့်မှန်းရခက်စေသည်။

...

ကျိုးရီနှင့် ကျိုးလီချင်းတို့မှာ စမ်းသပ်မှုမစတင်မီ ကျင့်စဉ်စာအုပ်ငယ်ကို ဖတ်ရှုရန် ဆုံးဖြတ်ခဲ့ကြသော ဒုတိယအဖွဲ့တွင် ပါဝင်လေသည်။

"မင်း ဘယ်လိုထင်လဲ"

ကျိုးရီက စိတ်အားထက်သန်စွာ မေးလိုက်၏။

ကလေးဘဝကတည်းက ကျင့်ကြံခြင်း၊ အထူးသဖြင့် ဝင်္ကပါအစီအရင်များနှင့် ပတ်သက်လာလျှင် ညီမဖြစ်သူက သူ့ထက် ပါရမီပိုမြင့်ကြောင်းကို သူ သိထားခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်လျှင် သူမက သူတို့၏ ဖခင်နှင့် ပိုတူပေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အခြေအနေများ အဆင့်ဆင့် ပြောင်းလဲလာမှုကြောင့် သူမ၏ အလားအလာများကို အကောင်အထည်ဖော်ရန် အခွင့်အရေး မရခဲ့ခြင်းပင်။

အစောပိုင်းအဆင့်များတွင်ပင် ကျင့်ကြံခြင်းဆိုသည်မှာ ကုန်ကျစရိတ်ကြီးမားလှသော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

ထိုသို့သာမဟုတ်ပါက ခရမ်းရောင်မြို့တော်တွင် ရှိနေခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့သည် ခန္ဓာသန့်စင်ခြင်းနယ်ပယ်၏ ကြေးဝါအဆင့်၌ တစ်ဆို့နေခဲ့မည် မဟုတ်ချေ။

၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်အရ လိုအပ်သော အစားအသောက်များအား မတတ်နိုင်ကြသောကြောင့် ကိုယ်တွင်းဒဏ်ရာများ ရရှိနိုင်မည့် အန္တရာယ်ပင် ရှိနေသေးသည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကျိုးရီသည် သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။ ၎င်းမှာ သူ့အတွက် မဟုတ်ဘဲ ညီမဖြစ်သူ ရောက်ရှိနိုင်မည့် အမြင့်ဆုံးအဆင့်ကို မြင်တွေ့လိုသောကြောင့် ဖြစ်ပေသည်။

သူသည် မိမိ၏ အလားအလာကို အထင်မသေးသော်လည်း ညီမဖြစ်သူ၏ အခွင့်အရေးက သူ့ထက် ပိုများကြောင်းကို သိထားလေသည်။ သူ၏ကျရှုံးမှုအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ အကယ်၍သာ အောင်မြင်သွားမည်ဆိုပါကလည်း သူ အဆင်ပြေနိုင်ပေသည်။

ဝမ်ဇနီးမောင်နှံနှင့်အတူ စားသောက်ဆိုင်တွင် သူ အလုပ်လုပ်နိုင်သည်။ သို့သော် သူ၏ညီမ အောင်မြင်စေရန်အတွက် သူ တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ ၎င်းမှာ အစ်ကိုတစ်ယောက်အနေဖြင့် သူမအတွက် သူ လုပ်ပေးနိုင်သည့် အသေးဆုံးအရာပင်။

...

"တော်တော်လေး နက်နဲတယ်။ အစ်ကိုကြီးယန်ချင်းက ဒါကို ငါတို့နဲ့ မျှဝေဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတောင် မယုံနိုင်ဘူး။ မျိုးနွယ်စုမှာတောင်မှ ဒီလိုမျိုးဝေငှတာကို မြင်ရဖို့ ရှားတယ်။ ဖေဖေ့လိုမျိုး တန်ဖိုးထားရတဲ့ မျိုးနွယ်စုဝင်တွေပဲ ဒီလိုအခွင့်အရေးမျိုး ရနိုင်ကြတာ"

သူမ၏ မျက်နှာပေါ်တွင် လွမ်းဆွေးသော အမူအရာတစ်ခု ပေါ်လာပြီးနောက် တဖြည်းဖြည်း အသံတိတ်ကျသွားလေသည်။

"ဒါက အမေနဲ့ အဖေတင်မကဘဲ အဘိုးကိုပါ ဂုဏ်ယူစေနိုင်မယ့် အခွင့်အရေးပဲ။ ငါတို့ စာမေးပွဲပြီးသွားရင် သူ့ဆီ သတင်းကောင်းပို့ဖို့ ကြိုးစားလို့ ရလောက်တယ်"

ကျိုးရီက ညီမဖြစ်သူ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် ကြိုးစားရင်း ညင်သာစွာ ပြောလိုက်၏။

"အင်း"

ကျိုးလီချင်းက ခေါင်းညိတ်လိုက်ပြီး လက်သီးကိုဆုပ်ကာ စာအုပ်ငယ်ပေါ်သို့ အာရုံပြန်စိုက်လိုက်လေသည်။

"ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းကျင့်စဉ်က အဆင့်တိုင်းမှာရှိတဲ့ အရာအားလုံးကို ဖြေရှင်းပေးနိုင်တယ်။ ခန္ဓာသန့်စင်ခြင်းနယ်ပယ်က အဆင့်တစ်ခုစီအတွက် ငါတို့လိုအပ်တဲ့ မတူညီတဲ့ ဆေးရည်ကျိုနည်းတွေနဲ့ ဆေးဖော်စပ်နည်းတွေတောင် ပါသေးတယ်”

“ဒါက ဒီလောက်တောင် ကျယ်ပြန့်တယ်ဆိုတာကို မယုံနိုင်ဘူး။ အထူးသဖြင့် ငွေရောင်ခန္ဓာကိုယ်အဆင့်အတွက် ဆေးဖော်စပ်နည်းတွေနဲ့ အောင်မြင်နိုင်မယ့် နည်းလမ်းမျိုးစုံပဲ"

ကျိုးလီချင်းက သူမ၏ လေသံတွင် သိသာထင်ရှားသော စိတ်လှုပ်ရှားမှုများပါ၀င်လျက် ပြောလိုက်၏။

"အဆင့်တက်ဖို့နဲ့ ကျင့်စဉ်ကို နားလည်ဖို့ ကူညီပေးမယ့် တွဲဖက်ပညာရပ်တွေတောင် ပါသေးတယ်။ အစ်ကိုကျိုးရီ၊ အဲဒီအဆင့်က ဘယ်လောက်လောက်ဖြစ်နိုင်မယ်လို့ ထင်လဲ"

စာအုပ်အား ပိုဖတ်လေလေ သူမ၏မျက်လုံးများနှင့် လက်ဝါးများက စာအုပ်ငယ်တွင် ပိုကပ်လေလေဖြစ်လာပြီးနောက် သူမက စိတ်အားထက်သန်စွာ မေးလိုက်လေသည်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ကျယ်ပြန့်မှုကို စဉ်းစားကြည့်မယ်ဆိုရင် အပြာရောင်အဆင့်ထက်တော့ မနိမ့်သင့်ဘူး"

ကျိုးရီက ပြန်ဖြေလိုက်၏။

"လီချင်း၊ အစ်ကိုကြီးယန်ချင်းရဲ့ စကားအရဆိုရင် အထူးဇုန်တွေမှာ ဆေးရည်ကျိုဖို့နဲ့ ဆေးဖော်စပ်ဖို့အတွက် အရင်းအမြစ်တွေနဲ့ ကိရိယာတွေ အများကြီး ရှိနေနိုင်တယ်”

“စမ်းသပ်မှုက ပြီးပြည့်စုံပြီး ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ ဘာသာရပ်အသီးသီးမှာ သူတို့ရဲ့ မတူညီတဲ့ အားသာချက်တွေကို ပြသနိုင်မယ်ဆိုတာ့ ပြောခဲ့တာဆိုတော့ ဆေးဖော်စပ်တာကလည်း အဲဒီအထဲက တစ်ခုဖြစ်မယ်လို့ ငါ ထင်တယ်။ ပေးထားတဲ့ ဒီဆေးဖော်စပ်နည်းတွေအားလုံးက အဲဒီအချက်ကို သက်သေပြနေတယ်"

ကျိုးရီက ပိုမိုနက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားရင်း ဖြည့်စွက်ပြောလိုက်လေသည်။

"ငါတို့ တခြားလူတွေနဲ့ အဖွဲ့ဖွဲ့ဖို့ လိုမယ်ထင်တယ်"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျိုးရီက ပြတ်သားစွာ ပြောလိုက်၏။

"ဒါပေမဲ့ အန္တရာယ်မများဘူးလား။ တကယ်လို့..."

အခြားယှဉ်ပြိုင်သူများကို တိုက်ခိုက်ခွင့် ရှိမရှိ ယန်ချင်းအား မေးမြန်းခဲ့သော ဆံပင်အဝါရောင်နှင့် မိန်းကလေးထံသို့ သူမ၏ မျက်လုံးများက လျှပ်တစ်ပြက် ရောက်သွားလေသည်။

သူမ၏ ရည်ညွှန်းချက်က ရှင်းလင်းလှသည်။ စမ်းသပ်မှုအတွင်း တိုက်ခိုက်ခံရမည်နှင့် ပိုဆိုးလျှင် အသုံးချခံ အသေခံအဖြစ် အသုံးပြုခံရမည်ကို သူမက စိုးရိမ်နေခြင်း ဖြစ်လေသည်။

All Chapters