← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း (၃၀၈) - ရုတ်တရက် ထွက်ပေါ်လာသော ကြေညာချက်

သူတို့သည် ထိုနယ်မြေအတွင်းရှိ အားအနည်းဆုံးသူများစာရင်းတွင် ပါဝင်နေပြီဖြစ်သည်။ သူတို့ထက် ပို၍အားနည်းသူဆိုလျှင် သုံးယောက်သာရှိ၏။

၎င်းတို့ထဲမှ တစ်ယောက်မှာ သံမဏိခန္ဓာကိုယ်အဆင့်ရှိ လိုင်ရိုဖြစ်ပြီး အခြားတစ်ယောက်မှာမူ သူတို့နှင့် အသက်မတိမ်းမယိမ်းရှိသည့် တောရိုင်းဆန်ဆန် ကောင်လေးတစ်ယောက် ဖြစ်ပေသည်။

ထိုကောင်လေးမှာ အသက်ကိုးနှစ်ခန့်သာ ရှိသေးကာ တိရစ္ဆာန်သားရေအမျိုးမျိုးကို အဝတ်အစားအဖြစ် ဝတ်ဆင်ထားလေသည်။ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကိုသာ မြင်ရစေရန် ချန်လှပ်ထားပြီး မျက်နှာတစ်ပြင်လုံးကို တိရစ္ဆာန်ချေးများဖြင့် လိမ်းကျံထား၏။

သူ၏ လက်မောင်းများ၊ ခြေထောက်များ၊ ကိုယ်လုံးပေါ်ရှိ အချို့အစိတ်အပိုင်းများနှင့် မျက်နှာပေါ်တို့တွင် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာများ အပြည့်ရှိနေသည်။ ထိုဒဏ်ရာများသည် သားရဲအမျိုးမျိုး၏ ကုတ်ခြစ်ရာများနှင့် ဆင်တူလှပေသည်။

နောက်ဆုံးတစ်ယောက်မှာမူ အသက် ၁၃ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်လေသည်။ သူမသည် တွေဝေငေးမောနေပြီး စိတ်ရှုပ်ထွေးနေပုံရ၏။

ထိုမိန်းကလေးငယ်မှာ အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဘဲ ငြိမ်သက်နေခဲ့သည်။ ရေတံခွန်ကိုသာ အသက်မဲ့နေသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်လျက် ရပ်နေခဲ့သည်။

သူမသည် ဟောင်းနွမ်းနေသော နို့နှစ်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမနှင့် မတော်ဘဲ သေးနေပုံရသော အပြာရောင်ကြယ်ပွင့်များပါသည့် လည်စည်းကိုလည်း ပတ်ထားလေသည်။ ထို့ကြောင့် ထိုအုပ်စုထဲတွင် အထူးဆန်းဆုံးဖြစ်နေသည်။

…

"ငါသိပါတယ်"

ကျိုးရီက သက်ပြင်းချကာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့အတွက် ရွေးချယ်စရာမှ မရှိတာ။ ထိပ်ဆုံးရောက်ချင်တယ်ဆိုရင် အကူအညီလိုတယ်။ ငါတို့မှာရှိတာက အားအနည်းဆုံး ကျင့်ကြံခြင်းအခြေခံတွေထဲက တစ်ခုပဲ။ ဒီအတိုင်းသာ တောင်ပေါ်တက်သွားမယ်ဆိုရင် သိပ်ခရီးရောက်ပါ့မလားလို့ သံသယ၀င်မိတယ်"

"ငါတို့ထဲက ဘယ်သူမှ ဆေးပညာနဲ့ ဆေးဘက်ဝင်အပင်တွေအကြောင်းကို ကျွမ်းကျင်တာ မဟုတ်ဘူး။ ငါတို့ဆီမှာရှိတဲ့ ဆေးနည်းတွေကို အကောင်းဆုံး အသုံးချချင်တယ်ဆိုရင် ဒီအရာတွေနဲ့ပတ်သက်ပြီး အနည်းဆုံး အခြေခံလောက်သိတဲ့သူကို လိုအပ်တယ်"

"စာအုပ်ထဲမှာ ငါတို့လိုချင်တဲ့ ဆေးပင်တွေရဲ့ နာမည်တွေနဲ့ ပုံတွေ ပါတယ်ဆိုပေမဲ့ အဲဒါအကုန်ပဲလေ။ ပုံနဲ့ နာမည်ပဲရှိတာ"

"ပုံစံချင်းဆင်တူတဲ့ ဆေးပင်တွေက အများကြီးပဲ"

"ဒါက ထောင်ချောက်ဆင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်တယ်။ တစ်ယောက်ယောက်ကို ဆွဲဆောင်ဖို့နဲ့ သတိလက်လွတ်ဖြစ်သွားစေဖို့ သတင်းအချက်အလက် အလုံအလောက်ပေးပြီးမှ ထောင်ချောက်ထဲ သွင်းလိုက်တာမျိုးပေါ့"

ကျိုးရီက ထပ်လောင်းပြောလိုက်ရာ ကျိုးလီချင်း၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားတော့သည်။

"ဗဟုသုတ နည်းနည်းလေးပဲရှိတာက လုံးဝမသိတာနဲ့တန်းတူ အန္တရာယ်များတယ်။ တစ်ခါတလေဆို ပိုပြီးတောင် အန္တရာယ်များသေးတယ်လို့ ငါ ထင်တယ်။ ငါတို့ အကူအညီလိုတယ်။ ဒီတောင်ကြီးပေါ်မှာ ဘာမဆို ရှိနေနိုင်တယ်"

"ငါတို့က လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကိုတော့ သိတယ်။ ဒါပေမဲ့ ဟိုဘက်မှာ ရှိနေတာတွေက တခြားအရာတွေ ဖြစ်နိုင်တယ်"

ကျိုးရီက ရေတံခွန်ကို ကျော်လွန်ကာ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ငါတို့ ဘယ်သူနဲ့ အတူသွားရမလဲ"

ကျိုးလီချင်းက မေးလိုက်သည်။

"နင်ဆိုရင်ရော ဘယ်သူ့ကို ရွေးမလဲ"

ကျိုးရီက ပြန်မေးလိုက်၏။

ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ကျိုးလီချင်း၏ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးမည် ဖြစ်သည်။

အကယ်၍ ၎င်းတို့သာ ရုံးတော်ထဲသို့ ဝင်ရောက်ခွင့်ရခဲ့ပါက မတူညီသော ဌာနများသို့ အပို့ခံရနိုင်ပေသည်။

ခရမ်းရောင်မြို့တော်တွင် ရှင်သန်နိုင်ရန်အတွက် သူတို့နှစ်ဦးမှာ အချင်းချင်း အမှီပြုခဲ့ရသည်။ သို့သော် ဤအချိန်မှစ၍ အချို့သော ကိစ္စရပ်များတွင်၊ အထူးသဖြင့် ၎င်းတို့၏ တိုးတက်မှုနှင့် ကိုယ်ပိုင်လမ်းကြောင်းရှာဖွေမှုတို့တွင် ထိုအချက်က အားနည်းချက်တစ်ခု ဖြစ်လာနိုင်ပေသည်။

စမ်းသပ်မှု မစတင်မီ ရုံးတော်၌ သူဖြတ်သန်းခဲ့ရသော ရက်အနည်းငယ်သည် ၎င်းတို့၏ အနာဂတ်နှင့် အတွေ့အကြုံများအပေါ် အရာများစွာကို ပြန်လည်စဉ်းစားသုံးသပ်မိစေခဲ့သည်။

…

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျိုးရီရဲ့ဝိညာဉ်က အများကြီး ပိုတည်ငြိမ်သန့်စင်လာပုံပဲ"

ပြောရင်းဆိုရင်း ယန်ချင်း၏ မျက်လုံးများအတွင်း၌ အဖြူရောင်မျက်ဆန်များ ထွက်ပေါ်လာလေသည်။

"သူတို့ရဲ့ အရင်အတွေ့အကြုံတွေက သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်လာနိုင်တယ်"

ရှားပေါ်ချင်းက ပြောလိုက်၏။

၎င်းတို့အားလုံးသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးချင်းစီ၏ လုပ်ရပ်များအား အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏ စားပွဲဆီသို့ မရောက်နိုင်သူများအတွက် ထိုသူတို့၏ လုပ်ရပ်များသည် အရည်အချင်းပြည့်မီရန် အထောက်အကူပြုနိုင်ပေသည်။

…

ကျိုးလီချင်းသည် သူမ၏ လက်သည်းများကို ကိုက်ကာ ဘေးပတ်ဝန်းကျင်ရှိ လူများအား သတိကြီးစွာဖြင့် အကဲခတ်ရင်း ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။

"ငါတို့နဲ့ အဆင့်တူ ဒါမှမဟုတ် ငါတို့ထက် ပိုသန်မာတဲ့သူတွေကိုပဲ ရွေးမယ်။ ဒါပေမဲ့ ငါ့ထက် ပိုသန်မာတဲ့သူတွေထဲကဆိုရင် ချီသန့်စင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်ထက် ကျော်လွန်နေတဲ့သူကို မရွေးတာက ပိုစိတ်ချရမယ်လို့ ထင်တယ်"

"အဲဒီလိုအခြေအနေမျိုးမှာ ငါတို့က မိတ်ဖက်တွေဖြစ်မယ့်အစား လက်အောက်ငယ်သားတွေ ဖြစ်သွားနိုင်တယ်။ အဲဒါက ငါတို့အတွက် ပိုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်"

ကျိုးလီချင်းက သူမ၏ အတွေးများကို စုစည်းပြီးနောက် ပြန်ဖြေလိုက်သည်။

"နင့်ရဲ့သုံးသပ်ချက်ကို ငါ အပြည့်အဝ သဘောတူတယ်"

ထိုစကားကို ကြားသောအခါ ကျိုးလီချင်း၏ မျက်နှာသည် ဂုဏ်ယူဝင့်ကြွားမှုဖြင့် ဝင်းပသွားတော့၏။

"ဒါပေမဲ့ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိတဲ့ သူတွေထဲကနေ ချွင်းချက်နည်းနည်းတော့ ထားလို့ရမယ် ထင်တယ်"

ကျိုးရီက ထပ်လောင်းပြောလိုက်ရင်း သူ၏အကြည့်များက လူအနည်းငယ်ကို လျှို့ဝှက်စွာ အကဲခတ်လိုက်လေသည်။

ထိုအထဲမှ တစ်ယောက်မှာ လယ်သမားဝတ်ရုံနှင့် ဦးထုပ်ကို ဆောင်းထားသော ယခင်က အသက်ခြောက်ဆယ်အရွယ် အဘိုးအိုပင် ဖြစ်သည်။ ထိုအဘိုးအိုသည်လည်း ကျင့်စဉ်စာအုပ်ငယ်ကို ဦးစွာလေ့လာရန် ဆုံးဖြတ်ခဲ့သူများထဲမှ တစ်ဦးဖြစ်ပေသည်။

"တချို့သူတွေကိုတော့ စမ်းကြည့်သင့်တယ်လို့ ထင်တယ်။ ဥပမာပြောရရင် အဘိုးအိုပုဖေး ဒါမှမဟုတ် အဲဒီအမြွှာနှစ်ယောက်ပေါ့”

“သူတို့ထဲက တစ်ယောက်က ရိုးသားတဲ့ပုံပေါက်တယ်။ အကယ်လို့ လိုင်ရိုသာ ဒီမှာရှိနေမယ်ဆိုရင် သူက ငါတို့ထက် ပိုအားနည်းနေရင်တောင် သူနဲ့ပဲ ပူးပေါင်းချင်တယ်"

ကျိုးရီက ပြောလိုက်သည်။

သူပြောသော အမြွှာနှစ်ဦးမှာ မျက်နှာမှလွဲ၍ အရာအားလုံး ကွဲပြားခြားနားနေသည့် အသက် ၁၄ နှစ်အရွယ် အမြွှာညီအစ်ကို ဖြစ်ကြသည်။

တစ်ယောက်မှာ အနက်ရောင်ဆံပင်တိုတို၊ အညိုရောင်ဝတ်ရုံနှင့် ယောက်ျားပီသသော ခန္ဓာကိုယ်အချိုးအစားရှိပြီး အခြားတစ်ယောက်မှာမူ သွယ်လျသော ခန္ဓာကိုယ်၊ အဖြူရောင် ပညာရှိဝတ်ရုံနှင့် ဆံထုံးထုံးထားသော ဆံပင်ရှည်တို့ ရှိကြလေသည်။

ယောက်ျားပီသသော တစ်ယောက်သည် ရိုးရှင်းသည့် အသွင်အပြင်ရှိကာ သူ၏အပြုံးကပင် အပြစ်ကင်းစင်မှုနှင့် ဖြူစင်မှုကို ပြသနေ၏။ ထို့ကြောင့်ပင် ကျိုးရီက မဟာမိတ်ဖွဲ့ရန် စဉ်းစားခဲ့ခြင်း ဖြစ်ပေသည်။

"ငါတို့ လှုပ်ရှားသင့်ပြီလို့ ထင်တယ်"

အခြားပါဝင်ယှဉ်ပြိုင်သူများလည်း သူနှင့် တစ်ထပ်တည်း ကောက်ချက်ချလိုက်သည်ကို မြင်သောအခါ ကျိုးရီက ပြောလိုက်သည်။

ပါဝင်ယှဉ်ပြိုင်သူ အများအပြားသည် အုပ်စုဖွဲ့ရန် စတင်နေကြပြီဖြစ်ပြီး ၎င်းတို့ဘက်သို့ လူအနည်းငယ် လာရောက်နေသည်ကိုပင် သူ မြင်လိုက်ရသည်။ သူတို့သည် အားအနည်းဆုံး အုပ်စုတစ်စု ဖြစ်သော်လည်း ကျိုးမျိုးနွယ်စုဝင်များအဖြစ် သူတို့၏ အပြုအမူများကမူ ပျောက်ကွယ်မသွားခဲ့ပေ။

သူတို့၏ လိမ္မော်ရောင်ဝတ်ရုံသစ်များနှင့် ပေါင်းစပ်လိုက်သောအခါ ကြေးနီခန္ဓာကိုယ် သန့်စင်ခြင်းနယ်ပယ်သာ ရှိသေးသော်လည်း အချို့အုပ်စုများက သူတို့အား လက်ခံရန် ပို၍ကမ်းလှမ်းလာကြသည်။

ကျိုးရိသည် ရှေ့သို့ရောက်လာသူ အများစုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့၏။ တောင်ပေါ်တွင် မည်သို့ရှင်သန်ရမည်ကို သူ မသိသော်လည်း လူပေါင်းစုံဖြင့် ပြည့်နှက်နေသော မြို့တော်တွင် မည်သို့ရှင်သန်ရမည်ကိုမူ သူ ကောင်းကောင်းသိပေသည်။

ခရမ်းရောင်မြို့တော်၏ အောက်ခြေအလွှာများတွင် ရှင်သန်ခဲ့ရခြင်းနှင့် မြို့တော်၏ မြေအောက်လောကနှင့် ထိတွေ့ဆက်ဆံခဲ့ရခြင်းတို့က အချို့ရည်ရွယ်ချက်များကို အလွန်အကဲဆတ်စွာ သိမြင်စေခဲ့သည်။ ၎င်းတို့ထံ ချဉ်းကပ်လာသော ပါဝင်ယှဉ်ပြိုင်သူ အများစုထံမှ ထိုမကောင်းသည့် ရည်ရွယ်ချက်များကို သူ အာရုံခံမိခဲ့သည်။

ခရီးစဉ်ကို တစ်ယောက်တည်းသွားခြင်းက အန္တရာယ်များမည်ဟု ထင်ထားခဲ့သော်လည်း အခြားအရာများထက် သူတို့အပေါ် အချိန်မရွေး သစ္စာဖောက်သွားနိုင်သည့် လူများနှင့် ပူးပေါင်းမည့်အစား ကျိုးလီချင်းနှင့်အတူသာ သွားလိုပေသည်။

အဘိုးအို ပုဖေးထံသို့ သူ ချဉ်းကပ်ရန် ပြင်လိုက်ချိန်မှာပင် ယန်ချင်း၏ ကြေညာချက်တစ်ခုက တောင်တစ်ခွင်လုံးသို့ ရုတ်တရက် ပဲ့တင်ထပ်သွားလေတော့သည်။

"ဒီအကြောင်းပြောဖို့ မေ့သွားတယ်။ တောင်ပေါ်ကို ပထမဆုံးရောက်တဲ့ သုံးယောက်က အကျိုးပြုရမှတ်တွေ ရရှိလိမ့်မယ်”

“သဘောမပေါက်သေးတဲ့ သူတွေအတွက် ပြောရရင် အကျိုးပြုရမှတ်တွေနဲ့ ရုံးတော်ကနေ အားလုံးနီးပါး ဝယ်လို့ရတယ်။ အဲဒီရမှတ်တွေက ဝိညာဉ်ကျောက်တုံးတွေထက်တောင် ပိုပြီး တန်ဖိုးရှိသေးတယ်"

"ဒါ့အပြင် ရုံးတော်ကို ဝင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တောင်ပေါ်မှာ တွေ့သမျှအရာအားလုံးကို ကိုယ်တိုင် သိမ်းဆည်းထားပိုင်ခွင့်ရှိတယ်"

"အားလုံး ကံကောင်းကြပါစေ..."

All Chapters