အခန်း ၃၀၉
Vol. 31 Ch. 309
အခန်း (၃၀၉) - အဖွဲ့တစ်ခု ဖွဲ့စည်းခြင်း
ယန်ချင်း၏ ကြေညာချက်က ယမ်းကြိုးကို မီးညှိလိုက်သကဲ့သို့ ဖြစ်သွားလေရာ အေးအေးဆေးဆေး အချိန်ယူလိုသော ပါဝင်ယှဉ်ပြိုင်သူများပင် ချက်ချင်း လှုပ်ရှားလာကြတော့၏။
၎င်းတို့သည် ရေတံခွန်အတွင်းသို့ ခုန်ဆင်းသွားကြပြီး ကျန်ရှိနေသော အမွေခံများက ရှေ့ဆုံးမှ ဦးဆောင်သွားကြလေသည်။
ကျိုးရီ၏ ပစ်မှတ်ဖြစ်သော အဘိုးအိုပုဖေးမှာ ထိုရုန်းရင်းဆန်ခတ်မှုကြားတွင် ပျောက်ကွယ်သွားလေရာ ကျိုးရီက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ညီမဖြစ်သူရှိရာသို့ ပြန်ဆုတ်လာခဲ့သည်။
"ဘယ်လိုလုပ်ကြမလဲ၊ ငါတို့နှစ်ယောက်တည်း အတင်းဝင်သွားကြမလား"
"ဟင့်အင်း၊ အခြေအနေကြည့်ပြီး ကြုံသလို ဖြေရှင်းတာကလွဲလို့ တခြားလုပ်နိုင်တာ မရှိဘူးလို့ ထင်တယ်"
ကျိုးရီက ပြောလိုက်ပြီးနောက် တိရစ္ဆာန်သားရေများကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးတွင် ပြတ်ရှဒဏ်ရာများ ပြည့်နှက်နေသည့် အသက် (၉) နှစ်အရွယ် ကောင်လေးထံသို့ လျှောက်သွားလိုက်သည်။
ကျိုးရီ လျှောက်လာသည်ကို မြင်သောအခါ ကောင်လေးက ချက်ချင်းပင် သတိရှိသွားပြီး သူ၏ဘယ်ဘက်ခါးရှိ ပုဆိန်တိုကို ဆုပ်ကိုင်လိုက်သည်။ သူ့ထံတွင် အကြမ်းထည်ပြုလုပ်ထားသော လေးနှင့် မြားများလည်း ရှိပေသည်။ ပုဆိန်မှာ သံချေးတက်နေပြီး သွေးခြောက်ကွက်များ ရှိနေကာ နွယ်ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ချည်နှောင်ထားပုံရ၏။
"ခင်ဗျားတို့နှစ်ယောက် ဘာလိုချင်လို့လဲ။ ကျုပ်က သံမဏိအဆင့်မှာပဲ ရှိနေနိုင်ပေမဲ့ ကျုပ်ကို အနိုင်ကျင့်လို့ရမယ်ထင်ရင်တော့ ခင်ဗျားတို့ နှစ်ယောက်လုံး အဲဒီအတွက် ပေးဆပ်ဖို့ ပြင်ဆင်ထားလိုက်"
ကောင်လေး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လက်ကနဲဖြစ်သွားပြီးနောက် ပြောလိုက်လေသည်။
"ငါတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး၊ မင်းနဲ့ မဟာမိတ်ဖွဲ့ချင်လို့ပါ"
ကျိုးရီက ကောင်လေးနှင့် လုံခြုံသော အကွာအဝေးတစ်ခုတွင် ရပ်တန့်လိုက်ရင်း ပြောလိုက်သည်။
သူက ရင်းနှီးဖော်ရွေသော အပြုံးတစ်ခုကို ပြသရန် ကြိုးစားလိုက်သော်လည်း ထိုအရာက ကောင်လေးကို ပို၍ပင် သတိရှိသွားစေခဲ့၏။
"ကျုပ် မလုပ်ချင်ဘူး"
ကိုးနှစ်အရွယ် ကောင်လေးက ကြမ်းတမ်းစွာ တုံ့ပြန်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်သည့်အနေဖြင့် ပုဆိန်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
ကျိုးရီသည် စိတ်လှုပ်ရှားကာ တင်းမာနေသော ထိုကိုးနှစ်အရွယ် ကောင်လေးကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် မျက်နှာပေါ်ရှိ အပြုံးကို ဖယ်ရှားလိုက်ကာ အနည်းငယ် လေးနက်သော အမူအရာသို့ ပြောင်းလဲလိုက်သည်။
ထိုကိုးနှစ်အရွယ် ကောင်လေးမှာ သူ၏ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူလာတော့၏။
"ဒီကိုရောက်နေတာ မင်းအတွက် အကြောင်းရှိမှာ သေချာသလို ငါတို့မှာလည်း ရှိတယ်"
ကျိုးရီက သိမ်မွေ့စွာ ပြောလိုက်ရင်း သူ၏ဝတ်ရုံကို ပခုံးမှနေ၍ တစ်ကိုယ်လုံးပေါ်လာသည်အထိ ချွတ်ချလိုက်သည်။
ထိုအခါ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော ကိုးနှစ်အရွယ်ကောင်လေးမှာ အံ့အားသင့်သွားသော အမူအရာဖြင့် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
သူ မြင်တွေ့လိုက်ရသည်မှာ သူ၏ခန္ဓာကိုယ်ကဲ့သို့ သွယ်လျသော ကိုယ်လုံးတစ်ခုပင် ဖြစ်သော်လည်း သူ့လောက် ကြွက်သားများ မရှိချေ။
သို့သော်လည်း သူ၏အာရုံကို ဖမ်းစားသွားသည်မှာ ထိုခန္ဓာကိုယ်ပေါ်တွင် ပြည့်နှက်နေသော အမာရွတ်အမြောက်အမြားပင် ဖြစ်သည်။ အချို့အမာရွတ်များမှာ တစ်ခုနှင့်တစ်ခု ထပ်နေသည်အထိပင် ဖြစ်နေ၏။
ကိုးနှစ်အရွယ်ကောင်လေးမှာ သူ၏ ကိုယ်ပိုင်ဒဏ်ရာများကိုပင် မသိမသာ ပြန်လည်စမ်းသပ်ကြည့်မိသွားသည်။
"ဟောဒီတောင်ထိပ်ပေါ်မှာ ငါတို့နှစ်ယောက်လုံး ရှာဖွေချင်နေတဲ့ အရာတစ်ခုစီ ရှိကြတယ်။ ငါက သူငယ်ချင်းတွေ၊ သွေးသောက်ညီအစ်ကိုတွေဖြစ်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး၊ အလုပ်သဘောအရ လက်တွဲဖို့ပဲ တောင်းဆိုနေတာ”
“ဒါကို ကုန်သွယ်မှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ ဒီတောင်ကြီးက အပြင်ပန်းကနေ ကြည့်ရသလောက် မရိုးရှင်းဘူးဆိုတာကို မင်းလည်း ရိပ်မိပြီးသားဖြစ်မှာပါ၊ ဒါကြောင့်လည်း မင်း အခုထိ ခြေလှမ်းမစသေးတာ မဟုတ်လား”
“မင်းတစ်ယောက်တည်းတက်ဖို့ ယုံကြည်ချက်ရှိလို့လား"
ကျိုးရီက မေးလိုက်၏။
ကိုးနှစ်အရွယ်ကောင်လေးမှာ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း သူသည် ယခင်ကလောက် လုံခြုံရေးမတင်းကျပ်တော့ဘဲ ကျိုးရီ၏ ဒဏ်ရာများကိုသာ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေတော့၏။
ကျိုးရီ၏ ကိုယ်လုံးကို ဘေးဘက်ရှိ ကျိုးလီချင်းမြင်သောအခါ ဝမ်းနည်းနေသော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ ယန်ချင်းနှင့် အတူရှိစဉ်က ယန်ချင်းသည် ၎င်းတို့ကို လုံးဝပျောက်ကင်းအောင် ကုသပေးမည်ဟု ကမ်းလှမ်းခဲ့၏။
ကျိုးလီချင်းက ထိုကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ကျိုးရိလည်း ထိုနည်းတူစွာ လက်ခံခဲ့သော်လည်း နောင်တစ်ချိန်တွင် မောက်မာမလာစေရန် သတိပေးချက်တစ်ခုအနေဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို ချန်ထားချင်ခဲ့ခြင်း ဖြစ်ပေသည်။
"ငါတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ရတယ်။ ငါ့ညီမနဲ့ ငါက ဝင်္ကပါအခင်းအကျင်းတွေမှာ ကျွမ်းကျင်တယ်၊ ပြီးတော့ ငါက ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် မဟုတ်ပေမယ့် ငါရဲ့တုံ့ပြန်မှုက မဆိုးပါဘူး။ အကူအညီဖြစ်မယ့် လက်တစ်စုံနဲ့ မျက်လုံးတစ်စုံ အပိုရှိနေတာ နစ်နာစရာမှ မရှိတာ”
“ဘယ်လိုလဲ မိတ်ဆွေ၊ မင်း ငါတို့နှစ်ယောက်နဲ့ အဖွဲ့ဖွဲ့ချင်လား"
ကျိုးရီက မေးလိုက်ရင်း ငြိမ်းချမ်းရေးအတွက် လက်ကမ်းပေးလိုက်သည်။
ကိုးနှစ်အရွယ်ကောင်လေးသည် သူတို့နှစ်ဦးထံမှ အကြည့်ကို လုံးဝမခွာဘဲ တိတ်ဆိတ်နေဆဲဖြစ်ကာ သူ၏လက်ကလည်း ပုဆိန်ကို ကိုင်ထားဆဲပင်။
"ကျုပ် ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ပေါ်လာရင် ခင်ဗျားတို့ကို နောက်ချန်ထားရစ်ခဲ့ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ အဲဒီအချိန်ရောက်လာရင် ကျုပ်က ခင်ဗျားတို့ကို သတိပေးမှာလည်း မဟုတ်ဘူး၊ ကူညီမှာလည်း မဟုတ်ဘူး၊ အတူတူနေပေးမှာလည်း မဟုတ်ဘူး"
နောက်ဆုံးတွင် ကိုးနှစ်အရွယ်ကောင်လေးက ပြောလိုက်၏။
"ဒါပေမယ့် ကျုပ်အသက်ရှင်ဖို့အတွက် ခင်ဗျားတို့ကို နောက်ကျောကနေ ဓားနဲ့ထိုးမှာတော့ မဟုတ်ပါဘူး"
သူ၏စကားမှာ အနည်းငယ် လွဲမှားနေသည်ဟု ခံစားရသောကြောင့် စက္ကန့်အနည်းငယ်အကြာတွင် သူက ထပ်ဖြည့်ပြောလိုက်သည်။
သူ၏တုံ့ပြန်မှုကို ကြားသောအခါ ကျိုးရီမှာ နောက်ဆုံးတွင် ပြုံးလိုက်လေသည်။ ၎င်းမှာ အခြေခံအားဖြင့် ကိုးနှစ်အရွယ်လူငယ်လေးထံမှ သဘောတူညီချက်တစ်ခုပင် ဖြစ်ပေသည်။
"ငါပြောသလိုပဲ၊ ဒါက အလုပ်သဘောအရ လက်တွဲတာပါပဲ။ မင်းနဲ့ အတူအလုပ်လုပ်ရတာ ဝမ်းသာပါတယ်"
"ကျုပ်နာမည် ဟယ်ရှန်းပါ"
ကိုးနှစ်အရွယ်ကောင်လေးက ဖြေလိုက်လေသည်။
"ငါက ကျိုးရီပါ၊ ဒါက ငါ့ညီမ ကျိုးလီချင်းပဲ"
ကျိုးရိက သူ၏ညီမဖြစ်သူကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"တွေ့ရတာ ဝမ်းသာပါတယ်"
ကျိုးလီချင်းက ယဉ်ကျေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဟယ်ရှန်းသည် သူမ၏အပြုံးကြောင့် အနည်းငယ် တွန့်ဆုတ်သွားကာ ပုဆိန်ကို ကပျာကယာဖြင့် တင်းကျပ်စွာ ကိုင်လိုက်သော်လည်း မကြာမီတွင် အေးဆေးတည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး အနေရခက်စွာဖြင့် ပြန်လည်ခေါင်းညိတ်ပြလိုက်လေသည်။
မောင်နှမနှစ်ဦးလုံး ပေါ့ပေါးပါးပါး ရယ်မောလိုက်ကြရာ ထိုအရာက စောစောက တင်းမာမှုများကို ပြေလျော့သွားစေရန် ကူညီပေးခဲ့၏။
"ဒါဆို မင်းရဲ့ကျွမ်းကျင်မှုတွေက ဘာတွေလဲ၊ ငါတို့က ထိရောက်တဲ့ မဟာမိတ်အဖွဲ့ ဖြစ်လာဖို့ဆိုရင် အချင်းချင်း နည်းနည်းတော့ မျှဝေဖို့ လိုလိမ့်မယ်”
“စောစောက ငါပြောခဲ့သလိုပဲ၊ ငါတို့က ဝင်္ကပါအခင်းအကျင်းတွေမှာ ကျွမ်းကျင်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ရင် ငါတို့က နည်းနည်းတော့ စွယ်စုံရတယ်၊ ငါတို့က ပါရမီရှင်တွေလို့ ပြောတာမဟုတ်ပါဘူး၊ ဟိုနည်းနည်း ဒီနည်းနည်း သိထားတာပါ"
ကျိုးရီက ပြောလိုက်လေရာ ဟယ်ရှန်းထံမှ မယုံကြည်နိုင်သော အကြည့်တစ်ချက် ထွက်ပေါ်လာစေခဲ့သည်။
သူတို့သည် ဝင်္ကပါခင်းကျင်းမှုများတွင် ကျော်ကြားသော အဆင့် (၂) မျိုးနွယ်စုဖြစ်သည့် ကျိုးမျိုးနွယ်စု၏ အကောင်းဆုံး ပါရမီရှင်များထဲမှ တစ်ဦး၏ သင်ကြားပေးမှုကို ခံခဲ့ရကြောင်းနှင့် သူတို့၏ဖခင်မှာ မျိုးနွယ်စု၏ အသက်အငယ်ဆုံး အပြာရောင်အဆင့် ဝင်္ကပါသခင်များထဲမှ တစ်ဦးဖြစ်ကြောင်းကို ကိုးနှစ်အရွယ်ကောင်လေးက မည်သို့ သိနိုင်မည်နည်း။
ဖခင်ဖြစ်သူသည် သူတို့ ငယ်စဉ်ကတည်းက အခြေခံများကို သေချာပေါက် ရိုက်သွင်းပေးခဲ့ခြင်း ဖြစ်သည်။
သူတို့အား ထိုဘာသာရပ်အတွက် အခြေခံအုတ်မြစ် အပြည့်အဝ မချပေးနိုင်မီ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သော်လည်း ၎င်းတို့သည် ပါရမီပါသော အပြာရောင်အဆင့် ဝင်္ကပါသခင်တစ်ဦး၏ ကိုယ်ပိုင်သင်ကြားပြသမှုများ ရှိခဲ့သောကြောင့် အခြားပါဝင်ယှဉ်ပြိုင်သူများနှင့် ယှဉ်ပြိုင်ရန် လုံလောက်စွာ သိရှိထားကြောင်း ယုံကြည်မှုရှိနေကြသည်။
"ကျုပ်ရဲ့ကျွမ်းကျင်မှုက အမဲလိုက်တာနဲ့ မုဆိုးတစ်ယောက်အနေနဲ့ အသက်ရှင်သန်တာပဲ"
ဟယ်ရှန်းက ပြောလိုက်၏။
ဟယ်ရှန်း၏အဖြေကို ကြားသောအခါ ကျိုးမောင်နှမနှစ်ဦးလုံး ဆွံ့အသွားသော အမူအရာများ ဖြစ်သွားကြလေသည်။
သူက မုဆိုးတစ်ယောက်ဆိုတာကို သိနှင့်ပြီးသားဖြစ်သော်ငြား ဟယ်ရှန်းအနေဖြင့် ထိုအကြောင်းကို အနည်းငယ်မျှ ထပ်မံချဲ့ထွင်၍ မပြောနိုင်ပေဘူးလော။
"ကျုပ်က အဝေးပစ်နဲ့ အနီးကပ်တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တယ်။ အမြင်၊ အနံ့နဲ့ အကြားအာရုံလိုမျိုး ကျုပ်ရဲ့ အာရုံခံစားမှုတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ ဆေးဘက်ဝင်အပင်တွေအကြောင်း နည်းနည်းပါးပါး သိတယ်၊ ဘယ်ဟာက စားလို့ရပြီး ဘယ်ဟာက မထိသင့်ဘူးဆိုတာမျိုးပေါ့၊ ဒါပေမဲ့ ကျုပ်က အပင်နာမည်တွေကို သိတယ်လို့ ပြောတာတော့ မဟုတ်ဘူး”
“ပြီးတော့ ပထမဆုံး အကြိမ်အနည်းငယ် ထိပ်တိုက်တွေ့ပြီးတာနဲ့ သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်ရေးပုံစံတွေနဲ့ ကြိုက်နှစ်သက်မှုတွေကို အကြမ်းဖျင်း ခန့်မှန်းနိုင်တယ်။ အဘိုးကတော့ ကျုပ်က အဲဒီကိစ္စမှာ မွေးရာပါ ပါရမီရှိတယ်လို့ ပြောတယ်"
ဟယ်ရှန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ပြီး ၎င်းတို့ စတင်တွေ့ဆုံကတည်းက မတွေ့ဖူးသေးသော ရှားရှားပါးပါး အပြုံးတစ်ခုကို ပြသလာခဲ့သည်။ သို့သော် သူ မည်သည့်နေရာတွင် ရောက်နေသည်ကို သတိရသွားသည်နှင့် တစ်ပြိုင်နက် သူ၏ပါးစပ်ကို အလျင်စလို ပြန်ပိတ်လိုက်ကာ သတိထားနေသော အမူအရာကို ပြန်လည်ဖမ်းယူလိုက်လေသည်။
"အဲဒါက တော်တော်လေး အသုံးဝင်တာပဲ ဟယ်ရှန်း"
ကျိုးရီက အံ့သြတကြီးဖြင့် ပြောလိုက်သည်။ တောင်ပေါ်တွင် ဝိညာဉ်သားရဲများ ရှိနေနိုင်သည်ကို သူ လုံးဝ သံသယမရှိချေ။ ထို့ကြောင့် ဟယ်ရှန်း၏ ကျွမ်းကျင်မှုများက သေချာပေါက် အသုံးဝင်လာပေလိမ့်မည်။
"ငါတို့ သွားကြမလား"
ကျိုးရီက အကြံပြုလိုက်၏။
ကျိုးလီချင်းနှင့် ဟယ်ရှန်းတို့ နှစ်ဦးလုံးက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြပြီး များမကြာမီ ရေတံခွန်ဆီသို့ ဦးတည်သွားကြလေသည်။
သို့သော်လည်း သူတို့ ရေတံခွန်ကို ဖြတ်ကျော်တော့မည့်ဆဲဆဲတွင် ကျိုးလီချင်း၏ အကြည့်များက သီးခြားဦးတည်ချက်တစ်ခုဆီသို့ ကျရောက်သွားပြီးနောက် သူမက ရပ်တန့်လိုက်သည်။
"နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား"
ကျိုးရီက သူ၏မျက်နှာကို လက်ဖြင့်အုပ်လိုက်ရင်း ပြောလိုက်တော့၏။