← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀) - အတိတ်မှ သင်ခန်းစာများ

ဟယ်ရှန်းက အရှေ့တွင် ဘာများကြန့်ကြာနေသလဲ ဆိုသည်ကို သိလိုသဖြင့် ဇဝေဇဝါ လှမ်းကြည့်လိုက်သည်။

ကျိုးရိနှင့် ကျိုးလီချင်းတို့ တစ်ခုခုကြံစည်လာပါက တုံ့ပြန်ရန် နေရာလုံလုံလောက်လောက် ရရှိစေရန်အတွက် သူသည် အနောက်ဘက် ခပ်လှမ်းလှမ်းတွင် တမင်သက်သက် နေရာယူထားခဲ့သည်။

ယခု သူတို့ မဟာမိတ်ဖွဲ့ထားသော်ငြား ထိုမောင်နှမနှစ်ယောက်ကို သူ အနည်းငယ်မျှပင် မယုံကြည်သေးပေ။

ကျိုးလီချင်းက သီးခြားအရပ်မျက်နှာတစ်ခုဆီသို့ ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုအကြည့်ကို သူ ရင်းနှီးနေ၏။

ယင်းမှာ သူ အလွန်ငယ်ရွယ်စဉ်က အမဲလိုက်ထွက်ချိန်များတွင် သားရဲတစ်ကောင်ကောင်ကို အသက်ချမ်းသာပေးရန် အဘိုးဖြစ်သူအား နားချရာ၌သော်လည်းကောင်း၊ အခွင့်အရေးရလျှင် ထိုသားရဲက မိမိတို့ကို ပြန်စားသွားမည်ဟူသည့် အချက်ကို လျစ်လျူရှုကာ အိမ်သို့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခေါ်သွားချင်သော အခါတွင်လည်းကောင်း၊ သူ ကြည့်တတ်သည့် အကြည့်မျိုးပင် ဖြစ်သည်။

အတိတ်က သူ၏ ရိုးအမှုကို ပြန်တွေးမိချိန်တွင် တခစ်ခစ်မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ထို့နောက် သူ၏ အကြည့်က နောင်တနှင့် ဝမ်းနည်းမှုရောယှက်နေသည့် အကြည့်တစ်မျိုးသို့ ပြောင်းလဲသွားလေတော့သည်။

ဟယ်ရှန်း၏ မျက်နှာအမူအရာက တည်ကြည်သွားပြီး မေးလိုက်၏။

"မင်းညီမက သူ့ကို ငါတို့နဲ့အတူ ခေါ်သွားချင်နေတာလား"

"လီချင်း၊ ငါတို့ အဲဒီလိုလုပ်လို့ မရဘူး။ သူ့မှာ ကျင့်ကြံခြင်းအခြေခံလည်း မရှိဘူး။ ပြီးတော့ ကြည့်ရတာ ဒီစမ်းသပ်မှုမှာတောင် ပါဝင်ချင်တဲ့ပုံ မပေါ်ဘူး။ ကြေညာချက်ထွက်လာတာတောင်မှ သူက တစ်ချက်လေးတောင် မလှုပ်ရှားသေးဘူး"

ကျိုးရီက ပြောလိုက်သည်။

ကျိုးလီချင်း ရပ်တန့်သွားသည့်အချိန်၌ သူမ၏အကြည့်များ မည်သည့်နေရာသို့ ရောက်သွားသည်ကို သူ မြင်လိုက်ရသည်။

သူမ ကြည့်နေသည်မှာ အားအနည်းဆုံး ပါဝင်ယှဉ်ပြိုင်သူထံသို့ ဖြစ်ပေသည်။ မျက်နှာပေါ်တွင် မိန်းမောတွေဝေနေသည့် အမူအရာဖြင့် ရေတံခွန်ကို စိုက်ကြည့်နေသော ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးဆီသို့ ဖြစ်သည်။

ကျိုးရီသည် ရုံးတော်က သူမကဲ့သို့လူတစ်ယောက်အား စမ်းသပ်မှုတွင် ပါဝင်ခွင့်ပြုလိုက်ခြင်းမှာ အမှားအယွင်း တစ်ခုများလားဆိုသည်ကိုပင် သံသယဝင်နေမိ၏။

သူမမှာ စိတ်မှန်ပုံမပေါ်ချေ။ အတိတ်က ကျိုးမျိုးနွယ်စုတွင် သူမကဲ့သို့ အမူအကျင့်မျိုး ပြသသည့် မျိုးနွယ်ဝင်အချို့အား သူ မြင်ဖူးသည်။

ထိုမျိုးနွယ်ဝင်များမှာ နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ရေး စမ်းသပ်မှုကို ခံယူစဉ် စိတ်ဒဏ်ရာရသွားခဲ့ကြသူများ ဖြစ်ကြသည်။

အသက် ၁၃ နှစ်အရွယ် ထိုမိန်းကလေး၌လည်း ထိုကဲ့သို့ပင် ဖြစ်ပျက်နေခြင်းများလားဆိုသည်ကို သူ သံသယမဝင်ဘဲ မနေနိုင်တော့ချေ။

"ဒါပေမဲ့ အစ်ကိုရယ်၊ အကူအညီပိုရတော့လည်း မဆိုးပါဘူး။ ပြီးတော့ အဘိုးက..."

တွေဝေနေသော ထိုမိန်းကလေးကို အာရုံစိုက်နေသော ကျိုးလီချင်း၏ အသံလေးက တိမ်ဝင်ကာ တုန်ယင်သွားသည်။

သူမအား ချေပကာ ရေတံခွန်ဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားရန် ပြင်ဆင်နေသော ကျိုးရီမှာ သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ မိမိ၏ ညီမဖြစ်သူနှင့် ထိုမိန်းကလေးကို သူက တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အတန်ကြာသော် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူက တင်းမာသော လေသံ၊ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ၊ မင်း လုပ်ချင်တာလုပ်။ ဒါပေမဲ့ သူက မလှုပ်ရှားချင်ဘူးဆိုရင်တော့ သူ့ကို ငါတို့ အတင်းအကျပ် လုပ်လို့မရသလို စောင့်လည်းမနေပေးနိုင်ဘူး”

“ပြီးတော့ သူက ငါတို့ကို အန္တရာယ်တစ်ခုခုထဲ ဆွဲသွင်းမယ်ဆိုရင်လည်း သူ့ကို ငါတို့ စွန့်ပစ်ခဲ့ရလိမ့်မယ်။ မင်း အဲဒါကို သဘောတူတယ်ဆိုရင်တော့ သူ့ကို ငါတို့နဲ့ လိုက်မလားလို့ သွားမေးလို့ရတယ်”

“သဘောမတူဘူးဆိုရင်တော့ သူ့ကို ငါတို့ ထားခဲ့ရလိမ့်မယ် လီချင်း။ ငါတို့သဘောအတိုင်း လုပ်နေလို့ မရဘူး"

"ကောင်းပြီ၊ ကျွန်မ သဘောတူပါတယ်"

ကျိုးလီချင်းက မကျေမချမ်းဖြင့် သဘောတူလိုက်ပြီးနောက် တွေဝေနေသော ထို အသက် ၁၃ နှစ်အရွယ် မိန်းကလေးဆီသို့ အလျင်စလို လျှောက်သွားလိုက်သည်။

"မင်းတို့နှစ်ယောက် ရူးနေလား"

ဟယ်ရှန်းမှာ တံတွေးများ လွင့်စင်သွားသည်အထိ အလျင်စလို အော်ဟစ်လိုက်တော့သည်။ တံတွေးအချို့မှာ သူနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် ကျိုးရီအပေါ်သို့ပင် ကျရောက်သွားလေ၏။

"သူ့မှာ ကျင့်ကြံခြင်းအခြေခံ လုံးဝမရှိဘူးလေ။ ပြီးတော့ ငါတို့က အစိမ်းသက်သက် အခြေအနေတစ်ခုထဲကို ခြေလှမ်းရတော့မယ်။ ဒါကို မင်းတို့နှစ်ယောက်က မသာယာတဲ့ အခြေအနေတွေအပေါ် အန္တရာယ်တွေ ထပ်ပေါင်းထည့်ချင်နေသေးတာလား"

"ငါတို့က အားအနည်းဆုံးတွေဖြစ်နေပြီ။ ငါတို့အားလုံး ပူးပေါင်းရင်တောင်မှ အဲဒီထဲမှာ ငါတို့ရဲ့ လုံခြုံရေးအတွက် သေချာပေါက် အာမခံနိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ မင်းတို့က နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဆွဲသွင်းချင်နေတာလား"

"ဒီလိုလုပ်တာ ဘာအတွက်လဲ။ နေရာလွဲနေတဲ့ ကြင်နာမှုတစ်ခုအတွက်လား။ သူ့ကြောင့် ငါတို့အားလုံးပြုတ်သွားရင် ဘယ်လိုလုပ်မလဲ။ မင်းတို့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သေချာစဉ်းစားပြီးပြီလား"

"နေရာမှားယွင်းနေတဲ့ ကြင်နာမှုဆိုတာက ဆာလောင်မှုကို သက်သာစေလိမ့်မယ်လို့ မျှော်လင့်ပြီး အဆိပ်သောက်တာထက် အန္တရာယ်မနည်းဘူး။ မင်းတို့နှစ်ယောက်က ဒီလိုအန္တရာယ်မျိုးကို ယူချင်တယ်ဆိုရင်လည်း ယူလိုက်ကြ။ ငါ တစ်ယောက်တည်းသွားတာကမှ ပိုကောင်းဦးမယ်"

ဟယ်ရှန်းက ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပြီး တစ်ယောက်တည်းထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

"သူ့ကိုခေါ်သွားတာက အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုပေမဲ့ အခုချိန်မှာ မင်း ထွက်သွားပြီး တောင်ပေါ်ကို တစ်ယောက်တည်းတက်မယ်ဆိုရင်တော့ မင်း သေချာပေါက် ပြုတ်သွားလိမ့်မယ်လို့ ငါ ပြောရဲတယ်။ ဝန်ထုပ်ဝန်ပိုးပါလာရင်တောင် ငါတို့နဲ့အတူ သွားတာက မင်းအတွက် ပိုကောင်းလိမ့်မယ်"

ကျိုးရီက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"မင်းဆီမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှိနေရင်တော့ တောင်ပေါ်ကို တက်နိုင်ပြီး အောင်မြင်မှုရမှာ သေချာပေမဲ့ မင်းက ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့တယ်”

“ပြီးတော့ စမ်းသပ်မှု စတင်ကြောင်း ကြေညာလိုက်တာနဲ့ ချက်ချင်း ဝင်မသွားဘဲ နောက်မှာ ကျန်နေခဲ့တယ်ဆိုတဲ့ အချက်က မင်းရဲ့ ကိုယ်ပိုင်ပါရမီက တစ်ယောက်တည်း တောင်တက်ဖို့အတွက် လုံလောက်တဲ့ ယုံကြည်ချက်မရှိဘူးဆိုတာကို ပြသနေတာပဲ"

"ငါတို့က မင်းကို လိုအပ်သလို မင်းကလည်း ငါတို့ကို လိုအပ်နေတာပဲ။ ပြီးတော့ ဒီဝန်းကျင်မှာ ငါတို့နှစ်ဖက်လုံး မဟာမိတ်ဖွဲ့ဖို့ သက်သောင့်သက်သာ ဖြစ်စေနိုင်တဲ့ တခြားသူတစ်ယောက်မှ မရှိတော့ဘူးလေ"

ကျိုးရီက ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။

သူ၏ စကားများက အကျိုးသက်ရောက်မှု ရှိသွားပုံရသည်။ ဟယ်ရှန်းမှာ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့ကို လှည့်၍ စိုက်ကြည့်လာ၏။

"ဟယ်ရှန်း..."

ဟယ်ရှန်း၏ အမည်ကို ခေါ်လိုက်ချိန်တွင် ကျိုးရီ၏ အကြည့်များက ဝမ်းနည်းကြေကွဲမှုဆီသို့ ပြောင်းလဲသွားသည်။

"ငါနဲ့ ကျိုးလီချင်းတို့ရဲ့ ဖခင်က ပါရမီရှင်တစ်ယောက်၊ နှစ်တစ်ထောင်မှာ တစ်ခါသာ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ချီးကျူးခံခဲ့ရတယ်။ ပါရမီရှင်တွေ မရှားပါးတဲ့ နေရာမျိုးမှာ သူက အဲဒီဂုဏ်ပုဒ်ကို ရရှိခဲ့တယ်။ သက်ကြီးရွယ်အိုတွေကစလို့ လူငယ်တွေအထိ အားလုံးက အဲဒီအချက်ကို ယုံကြည်ခဲ့ကြတယ်"

ဤနေရာသို့ရောက်ချိန်တွင် ကျိုးရီက ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ အကြည့်များက အဝေးဆီသို့ လွင့်မျောသွားလေသည်။

ဟယ်ရှန်း၏ မျက်နှာတွင်မူ ဤအကြောင်းအရာများက ယခုလက်ရှိကိစ္စနှင့် ဘာများသက်ဆိုင်နေသလဲ ဆိုသည်ကို စဉ်းစားရင်း ဇဝေဇဝါ အမူအရာ ဖြစ်ပေါ်နေ၏။

'ငါတို့မှာ ဒီလိုစကားပြောနေဖို့ အချိန်ရှိလို့လား။ ထားလိုက်ပါတော့၊ တစ်စုံတစ်ယောက်မှာ ပြောပြစရာ ဇာတ်လမ်းတစ်ပုဒ်ရှိနေရင် အနည်းဆုံး လုပ်ပေးနိုင်တာက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးခြင်းပဲလို့ အဘိုးပြောဖူးတယ်။ အမဲလိုက်နေတယ်လို့ သဘောထားပြီး ငါ့သားကောင်ရဲ့ အမူအကျင့်တွေအကြောင်းကို ပိုလေ့လာနေတယ်လို့ပဲ မှတ်လိုက်တော့မယ်'

ဟယ်ရှန်းက တွေးလိုက်သည်။

"ဒါပေမဲ့ အဲဒီလို နှစ်တစ်ထောင်မှာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်က ဘယ်သူမှ မျှော်လင့်မထားတဲ့ သူတစ်ယောက်ဆီမှာ ရှုံးနိမ့်သွားခဲ့ရတယ်။ အဲဒီရှုံးနိမ့်မှုကလည်း သေးငယ်တဲ့အရာ မဟုတ်ဘူး"

"ဟယ်ရှန်း၊ ငါတို့ရဲ့ဖခင်က ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့တယ်။ သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့သူက ဘယ်သူမှန်းမသိရတဲ့ လူစိမ်းတစ်ယောက်ဖြစ်ပြီး တစ်မျိုးနွယ်စုလုံးကို အံ့ဩမှင်တက်သွားစေခဲ့သလို အတိုင်းအဆမရှိ တပ်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုကို ရရှိသွားခဲ့တယ်"

"အဲဒီကြေကွဲစရာကောင်းလှတဲ့ အမှန်တရားကနေ ငါ တစ်ခုသင်ယူခဲ့ရတယ်။ အရာအားလုံးက ဘယ်တော့မှ မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုတာပဲ။ ဘဝဆိုတာက မင်းကို အံ့အားသင့်စေမယ့် နည်းလမ်းတွေ ရှိနေပြီး ဘယ်တော့မှ ပုံသေသတ်မှတ်ထားလို့ မရဘူး”

“ငါတို့အတွက် အဲဒီမိန်းကလေးက အသုံးမကျတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ ဘယ်သူ သိနိုင်မှာလဲ၊ သူမက ငါတို့ကို အံ့အားသင့်စေနိုင်မလား ဆိုတာကိုပေါ့"

"မင်း အမဲလိုက်တဲ့ အချိန်တွေမှာရော မင်း မျှော်လင့်ထားတာထက် ကျော်လွန်ပြီး လှုပ်ရှားတတ်တဲ့ သားရဲတစ်ကောင်ကြောင့် အံ့အားသင့်ခဲ့ရတာမျိုး တစ်ခါမှ မရှိဖူးဘူးလား"

ကျိုးရီက မေးလိုက်လေသည်။

All Chapters