← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇)

ဆန်ဖရန်စစ္စကိုရဲ့ တောင်ဘက်မှာတော့ အမေရိကန် အိုင်တီလောကရဲ့ အကြီးမားဆုံး ဗဟိုချက်ဖြစ်တဲ့ Silicon Valley ရှိပါတယ်။

ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ ကားအသစ်မှာ တပ်ဆင်မယ့် အလိုအလျောက်မောင်းနှင်မှု နည်းပညာနဲ့ ပတ်သက်ပြီး သုတေသနအဖွဲ့မှာ ရှင်းလင်းတင်ပြပွဲ ရှိလို့ပါပဲ။ ပြီးတော့ ဓာတ်ခွဲခန်းရဲ့ အခြေအနေကိုလည်း ကျွန်တော် ကိုယ်တိုင် စစ်ဆေးဖို့ လိုအပ်နေတာပါ။

လေယာဉ် ပျံတက်လိုက်တာနဲ့ အယ်လီက စိတ်ပျက်သွားတဲ့ လေသံလေးနဲ့ ပြောတယ်။

" ကနေဒါအထိ သွားပြီး နိုင်အာဂရာ ရေတံခွန်ကို တစ်ခါလောက်တော့ ကြည့်ချင်ခဲ့တာ"

ကျွန်တော်လည်း အတူတူပါပဲ။ ကနေဒါအထိ သွားနိုင်ရင် ကောင်းမှာပဲလို့ တွေးခဲ့တာပါ။ အမေရိကန် ခရီးစဉ်က လည်ပတ်ဖို့ လုံးဝမပါဘဲ အလုပ်ချည်းပဲ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

"ကားနဲ့ လမ်းခရီးတစ်လျှောက် မောင်းသွားရင် ပျော်စရာကောင်းမှာပဲနော်"

"ဒီထရိုက်ကနေ Silicon Valley အထိလား"

အကွာအဝေးက ကီလိုမီတာ ၄၀၀၀ နီးပါး ရှိတာလေ။ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မရပ်မနား မောင်းရင်တောင် နာရီ ၄၀ လောက် ကြာမှာ မဟုတ်ဘူးလား။

"လမ်းမှာရှိတဲ့ တခြားမြို့တွေကိုလည်း ဝင်လည်လို့ ရတာပေါ့"

ဒါဆိုရင် အနည်းဆုံး တစ်လလောက်တော့ ကြာသွားမှာပဲ။ အမေရိကန် အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ ဖြတ်သန်းရမယ့် ခရီးစဉ်ပဲလေ။

"ဒါပေမဲ့ ပျော်စရာတော့ ကောင်းမှာအမှန်ပဲ"

ကျွန်တော့်အသက်အရွယ်နဲ့ ခရီးသွားရမယ့်အစား ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲနေရလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။

"အလုပ်တွေ အားလုံးပြီးရင်တော့ စိတ်ကြိုက် လျှောက်လည်ကြတာပေါ့"

"အင်း... လူတစ်ယောက် ပြောဖူးတာတော့ အလုပ်ရှုပ်တဲ့ ကာလတွေ ကုန်ဆုံးသွားရင် ပိုပြီး အလုပ်ရှုပ်စရာတွေ ရောက်လာတတ်တယ်တဲ့"

"ဘယ်သူပြောတာလဲ"

"ဂျက်စီကာလေ"

"……"

အတွေ့အကြုံကနေ ရလာတဲ့ အမှန်တရားမလို့ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။

ရုတ်တရက် အယ်လီက ကျွန်တော့်မျက်နှာကို သေချာ စိုက်ကြည့်လာတယ်။

"ဒါနဲ့ ဂျင်ဟူ... ခုနကတည်းက ကြည့်ရတာ မျက်နှာ သိပ်မကောင်းသလိုပဲ။ အဆင်ပြေရဲ့လား"

အမှန်တော့ ကျွန်တော် ခေါင်းနည်းနည်း ကိုက်နေပြီး ရင်ပြည့်သလိုလို ဖြစ်နေတာပါ။

ကျွန်တော့်ရဲ့ ခံစားရတဲ့ရောဂါလက္ခဏာတွေကို ကြားတော့ အယ်လီက ပြောတယ်။

"လေယာဉ် မူးနေတာလား"

"ဖြစ်နိုင်တယ်"

ကျွန်တော် တစ်ခါမှ လေယာဉ်မူးတာမျိုး မရှိခဲ့ဖူးလို့ ဒါက တကယ်ပဲ လေယာဉ်မူးတာလားဆိုတာ သေချာမသိဘူး။

အယ်လီက စိုးရိမ်တဲ့မျက်နှာနဲ့ ကြည့်တယ်။

"ခန္ဓာကိုယ် အခြေအနေ မကောင်းလို့လည်း ဖြစ်နိုင်တယ်။ မကြာသေးခင်က စိတ်ဖိစီးမှုတွေ အများကြီး ရှိခဲ့တာကိုး"

"အဲဒါနဲ့ပဲ ဆိုင်မလား"

ကျွန်တော် အတင်း ပြုံးပြလိုက်တယ်။

"ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ။ မစိုးရိမ်ပါနဲ့"

ကျွန်တော် ထိုင်ခုံကို နောက်လှန်ပြီး အသက်ကို ပုံမှန်ရှူဖို့ ကြိုးစားရင်း လှဲနေလိုက်တယ်။ ဒါက စိတ်ကို နည်းနည်းတော့ တည်ငြိမ်သွားစေပုံရတယ်။

ရင်ပြည့်နေတာကြောင့် လေယာဉ်ပေါ်က ကျွေးတဲ့ အစားအစာကိုတော့ မစားဘဲ ကျော်လိုက်တယ်။

ဒီအတောအတွင်းမှာပဲ ပြတင်းပေါက် အပြင်ဘက်မှာ ကြီးမားတဲ့ မြို့ကြီးတစ်မြို့ ပေါ်လာခဲ့တယ်။

ကံကောင်းထောက်မစွာနဲ့ လေယာဉ် ဆိုက်ရောက်တဲ့ အချိန်မှာတော့ ခေါင်းကိုက်တာနဲ့ ရင်ပြည့်တာက တော်တော်လေး သက်သာသွားခဲ့ပါပြီ။

"တကယ်ပဲ လေယာဉ်မူးတာ ထင်တယ်"

အယ်လီက သက်ပြင်းချရင်း စိတ်အေးသွားပုံရတယ်။

"တော်သေးတာပေါ့။ ဆေးရုံ သွားဖို့လိုမလား"

"မလိုပါဘူး"

ဒါပေမဲ့ လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်မြေပြင်ပေါ် ခြေချလိုက်တဲ့ အခိုက်အတန့်မှာပဲ စာဖွဲ့ဖို့ ခက်ခဲတဲ့ ထူးဆန်းတဲ့ ခံစားချက်ကြီးတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။

တစ်ခုခုက စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေသလိုမျိုးပဲ။

ကျွန်တော် ရုတ်တရက် လမ်းလျှောက်တာ ရပ်လိုက်တော့ အယ်လီက မေးတယ်။

"ဘာဖြစ်လို့လဲ"

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"ဘာမှမဟုတ်ပါဘူး"

ဒါက တကယ်ပဲ စိတ်ဖိစီးမှုကြောင့်လား။

ပြည်တွင်းလေယာဉ်ကို စီးခဲ့တာမလို့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေ မရှိပါဘူး။ အိတ်တွေ ယူပြီးတဲ့နောက် လုံခြုံရေး ဝန်ထမ်းတွေက ကျွန်တော်တို့ကို စောင့်ဆိုင်းနေကြတယ်။

လေဆိပ်ကနေ ထွက်လာပြီး စီစဉ်ထားတဲ့ ကားပေါ်ကို တက်လိုက်ကြတယ်။

လေဆိပ်ကနေ Silicon Valley ကို ရောက်ဖို့ မိနစ် ၃၀ တောင် မကြာလိုက်ဘူး။ ကားက ဟိုတယ်ဆီ တိုက်ရိုက် မောင်းနှင်သွားခဲ့တယ်။ ဟိုတယ်ရဲ့ အခန်းဖွဲ့စည်းပုံက ဧည့်ခန်းတစ်ခုနဲ့ အိပ်ခန်းနှစ်ခန်း ပါဝင်ပါတယ်။

ကျွန်တော်တို့ ကိုယ့်အိပ်ခန်းထဲကိုယ် ဝင်ပြီး အဝတ်အစားတွေ ထုတ်ကြတယ်။

"လေယာဉ်စီးရတာ ပင်ပန်းလာမှာပဲ။ အနားယူလိုက်ဦး"

"အယ်လီကော"

"ငါကတော့ အောက်ဆင်းပြီး အားကစားလုပ်မလို့။ ရက်အနည်းငယ်လောက် အားကစား မလုပ်ရသေးလို့ ခန္ဓာကိုယ်က လေးလံနေသလိုပဲ"

ခရီးထွက်နေရင်းတောင် အားကစား လုပ်တာလား။ အဲဒီလို ခန္ဓာကိုယ်အချိုးအစားမျိုး ရဖို့က ကြိုးစားမှုမရှိဘဲ မရနိုင်ဘူးဆိုတာ ရှင်းနေတာပဲ။

အယ်လီက ကိုယ်ကြပ် အားကစားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး ဟိုတယ်ရဲ့ Fitness Centerဆီ သွားခဲ့တယ်။ ကျွန်တော်ကတော့ အဝတ်အစားတောင် မလဲရသေးဘဲ ဆိုဖာပေါ်မှာ မျက်လုံးမှိတ်ပြီး လှဲနေလိုက်တယ်။

အချိန် ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲ။

တံခါးဖွင့်သံကြောင့် ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တော့ အယ်လီ ပြန်ရောက်လာတာကို တွေ့ရတယ်။ ဆံပင်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲနေပြီး မိုးမိလာတဲ့အတိုင်းပဲ။

ကျွန်တော် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တယ်။ မှန်ပြတင်းပေါက်ရဲ့ ဟိုဘက်မှာတော့ စိမ်းပြာရောင် ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ကြီး ရှိနေပါတယ်။

ရာသီဥတုက သာယာပြီး နေသာနေတယ်။

ဒါဆို ဒါက မိုးရေ မဟုတ်ဘဲ ချွေးတွေနဲ့ စိုရွှဲနေတာလား။

"နိုးပြီလား။ ပိုပြီး မအိပ်လိုက်ဘူးလား"

"အခု သက်သာသွားပါပြီ။ ဒါနဲ့ ဘာအားကစား လုပ်ခဲ့တာလဲ"

"ဟိုတယ်မှာ Squashကစားကွင်း ရှိတာနဲ့ မကစားရတာ ကြာပြီမလို့ အဝကစားခဲ့တာ။ ဂျင်ဟူလည်း အတူတူ လိုက်ခဲ့ရင် ကောင်းမှာပဲ"

"……"

အရင်က တစ်ခါ အတူတူသွားဖူးပြီး ကျွန်တော် အန်မတတ် ဖြစ်ခဲ့ဖူးတာလေ။

ကျွန်တော် အချိန်ကို စစ်ဆေးလိုက်တယ်။ မျက်လုံး ခဏပဲ မှေးလိုက်ရသလို ခံစားရပေမဲ့ နှစ်နာရီတောင် ကုန်ဆုံးသွားခဲ့ပါပြီ။

"လမ်းလျှောက်ထွက်ကြမလား။ ကော်ဖီလည်း သောက်ရင်းပေါ့။ မနက်ဖြန်ကစရင် အလုပ်တွေ အများကြီး လုပ်ရတော့မှာလေ"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းသားပဲ"

"ခဏလေးနော်။ ရေချိုးပြီးတာနဲ့ ချက်ချင်း ထွက်လာခဲ့မယ်"

အယ်လီက ရေချိုးပြီးနောက် အဝတ်အစား လဲပြီး ထွက်လာခဲ့တယ်။

ပခုံးဖော် အင်္ကျီအဖြူရောင်နဲ့ ခြေကျင်းဝတ်အထိ ရောက်တဲ့ ကောင်းကင်ပြာရောင် စကတ်အရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး ဒေါက်အနည်းငယ်ပါတဲ့ ကမ်းခြေစီး ဖိနပ်ကို အယ်လီက စီးထားတယ်။

"ငါဝတ်ထားတာ ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား"

ကျွန်တော် လက်မထောင်ပြလိုက်တယ်။

"အမြဲတမ်းလိုပဲ လှနေတာပဲ"

ထူးထူးခြားခြား မိတ်ကပ်ပြင်ဆင်မထားပေမဲ့ ဒီနေ့ အယ်လီရဲ့ အလှက ပိုပြီး တောက်ပနေပါတယ်။

ကျွန်တော်ကတော့ ဝတ်စုံအစား ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ဝတ်ဆင်ပြီး စနီကာ ဖိနပ်ကို စီးဖို့ ရွေးချယ်လိုက်တယ်။

"သွားကြစို့"

ဟိုတယ်ကနေ ထွက်လာတာနဲ့ အယ်လီက ကျွန်တော့်လက်မောင်းကို သဘာဝကျကျပဲ တွဲချိတ်လိုက်တယ်။

ရာသီဥတုက တကယ်ပဲ ပြီးပြည့်စုံတဲ့ နွေဦးရာသီဥတုမျိုးပဲ။ ကျွန်တော်တို့ နေရောင်ဒဏ်ကို ကာကွယ်ဖို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။

မြို့က ယေဘုယျအားဖြင့် ဘေးကင်းတယ်ဆိုပေမဲ့ ပေါ့ဆလို့မရတာကြောင့် လုံခြုံရေး ဝန်ထမ်း အမျိုးသားနဲ့ အမျိုးသမီးက အကွာအဝေးတစ်ခုကနေ သတိထားပြီး လိုက်ပါလာကြတယ်။

သူတို့လည်း သာမန်အဝတ်အစားတွေကို ဝတ်ဆင်ထားလို့ ကြည့်ရတာ ချစ်သူစုံတွဲတစ်တွဲ ဒိတ်လုပ်နေတဲ့အတိုင်းပဲ။ ဒါပေမဲ့ အဝတ်အစားတွေထဲမှာတော့ သေနတ် ဝှက်ထားနိုင်တာပေါ့လေ။

လူမျိုးပေါင်းစုံ ရောနှောနေတာက "လူမျိုးစုံရာ အရပ်" ဆိုတဲ့ စကားလုံးနဲ့ ကွက်တိပဲ။ အရှေ့အာရှသားတွေလည်း တော်တော်လေး အတွေ့ရများပြီး နေကာမျက်မှန် တပ်ထားတဲ့သူတွေလည်း မနည်းဘူး။

အဲဒါကြောင့်ပဲ ကျွန်တော်တို့က လူအများရဲ့ အာရုံစိုက်မှုကို မခံရတာပါ။

…လို့ ကျွန်တော် တစ်ယောက်ထဲ တွေးနေခဲ့နမိတယ်။

နေကာမျက်မှန်တပ်ပြီး လမ်းလျှောက်နေတဲ့ အယ်လီရဲ့ အချိုးအစားက ဘေးပတ်ဝန်းကျင်က လူတွေရဲ့ အာရုံကို ဖမ်းစားဖို့ လုံလောက်နေခဲ့တယ်။ သူက မော်ဒယ်လ်တစ်ယောက်လားလို့ တီးတိုးမေးနေကြတဲ့ အသံတွေကို ကြားနေရတာပါ။

ကျွန်တော်ကတော့ အိုင်တီ ပညာရှင် ဒါမှမဟုတ် နိုင်ငံခြားကျောင်းသားတစ်ယောက်လို ပုံစံမျိုး ပေါက်နေမလားပဲ။

အယ်လီက အနားကို ပိုတိုးလာပြီး ပြောတယ်။

"ဟိုကော်ဖီဆိုင်ဆိုရင်ကော ဘယ်လိုလဲ။ အဲဒီမှာ ကော်ဖီ သောက်ကြမလား"

"ကောင်းတာပေါ့"

ကျွန်တော်တို့ လမ်းကူးပြီး အပြင်ဘက် ကော်ဖီဆိုင်ရဲ့ ဝရန်တာ စားပွဲတစ်ခုမှာ နေရာယူလိုက်ကြတယ်။ ကျွန်တော် ကော်ဖီနဲ့အတူ ပင်လယ်စာ ဆလတ်သုပ်နဲ့ ဆန်းဒဝစ်ချ်ကို မှာလိုက်တယ်။

ကော်ဖီ သွားယူပြီး ပြန်လာတဲ့အခါ အသက် ၂၀ ကျော် အရွယ် ဆံပင်ရွှေဝါရောင်နဲ့ လူငယ်တစ်ယောက်က အယ်လီကို လာပြီး စကားလိုက်ပြောနေတာကို တွေ့လိုက်ရတယ်။

"ဒီကို အလည်လာတာလား"

"မဟုတ်ပါဘူး။ ကိုရီးယားကနေ အလုပ်ကိစ္စနဲ့ လာခဲ့တာပါ"

"အို... ကိုရီးယားလား။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကီဗင် အန်ဒါဆန် ပါ။ ဒီအနားမှာပဲ အလုပ်လုပ်ပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ်။ ကီဗင်က ဘာအလုပ်လုပ်တာလဲ"

"အခုလောလောဆယ် M Pizza မှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေတာပါ။ အချိန်ရမယ်ဆိုရင်တော့……"

အယ်လီက သဘောကျပြီး ရယ်မောလိုက်တယ်။

"အို... M Pizza မှာ အလုပ်လုပ်တာလား။ တိုက်ဆိုင်လိုက်တာ... အဲဒီကုမ္ပဏီရဲ့ အဓိက အစုရှယ်ယာရှင်ကြီးက ရှင့်ရဲ့ နောက်မှာကွက်တိကြီး ရပ်နေတာလေ"

"ဟမ်"

အယ်လီက ကျွန်တော့်ကို လက်ညှိုးထိုးပြတော့ အဲဒီလူက လှည့်ကြည့်လာတယ်။

ကျွန်တော် စကားပြောမယ့်အစား နေကာမျက်မှန်ကို နည်းနည်း ပင့်ပြလိုက်တယ်။ သူက ကျွန်တော့်ကို ချက်ချင်း မှတ်မိသွားပြီး အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။

"ဝိုး... မဖြစ်နိုင်တာ... ကန်..."

"ရှူး"

ကျွန်တော် နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြလိုက်တယ်။ အဲဒီနောက် သူက ကျွန်တော့်ကို လက်ကမ်းပေးလာတယ်။

" တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ဒီထရိုက်မှာ ရှိနေတယ်လို့ ကြားထားတာဗျ"

"အဲဒီဘက်က အလုပ်တွေ ပြီးသွားလို့ပါ။ ဘာပဲဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်။ M Pizza ကိုလည်း ဆက်ပြီး အားပေးပါဦး"

"ဟုတ်ကဲ့... ဒါပေါ့ဗျာ"

သူက သူ့နေရာဆီ အမြန်ပဲ ပြန်ပြေးသွားတော့တယ်။

ကျွန်တော် ဝင်ထိုင်လိုက်တော့ အယ်လီက ပြုံးပြီး ပြောတယ်။

"တွေ့တယ်မလား... ငါ့ရဲ့ ရေပန်းစားမှုက ဒီလောက်အထိ ရှိတာ"

ရေပန်းစားတာကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် လာပြီး စကားပြောခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

"အယ်လီ့ကို တစ်ယောက်ထဲ ထားခဲ့လို့ မရတော့ဘူး ထင်တယ်"

"ရပါတယ်... ငါ့မျက်လုံးထဲမှာတော့ ဂျင်ဟူက အမိုက်ဆုံးပဲ"

ဒါကို ကြားရတာက စိတ်ကို နည်းနည်းတော့ သက်သာရာရသွားပါတယ်။

အယ်လီက ကော်ဖီကို တစ်ငုံသောက်ပြီး ပြောတယ်။

"ရာသီဥတုက တကယ်ကောင်းတာပဲ။ အပြင်ထွက်လာတာ မှန်သွားတယ်မလား"

"အမှန်ပဲ"

နွေဦးရာသီရဲ့ နေရောင်ခြည်က နွေးထွေးမှုကို ပေးစွမ်းနေတယ်။

ကိုရီးယားနဲ့မတူတာက ဒီမှာ လေထုညစ်ညမ်းမှုတွေ မရှိတာပဲ။ ဝရန်တာမှာ ထိုင်ပြီး နေပူစာလှုံနေရတာက လူတိုင်း ဘာကြောင့် ဒီမှာ နေချင်ကြလဲဆိုတာကို နားလည်ပေးနိုင်ပါတယ်။

ဟုတ်ပါတယ်။ အဲဒီလို နေနိုင်ဖို့အတွက်ကတော့ ကြီးမားလှတဲ့ အိမ်လစာနဲ့ ကုန်ကျစရိတ်တွေကို တောင့်ခံနိုင်ရမှာပါ။ ကမ္ဘာ့ထိပ်တန်း အရည်အချင်းရှိသူတွေ စုပြုံရောက်ရှိလာတာကြောင့် ဆန်ဖရန်စစ္စကိုရဲ့ အိမ်ခြံမြေစျေးနှုန်းတွေက တစ်ရက်ထက်တစ်ရက် ထိုးတက်နေတာလေ။

လက်ရှိအချိန်မှာ ဆိုးလ်မြို့ရဲ့ တိုက်ခန်း ပျမ်းမျှစျေးနှုန်းက ဝမ် သန်း ၅၀၀ လောက် ရှိပေမဲ့ ဆန်ဖရန်စစ္စကိုမှာတော့ သန်း ၁ထောင်လောက် ရှိပါတယ်။ ဝမ် သန်းပေါင်း ၁သောင်းကျော် တန်တဲ့ အိမ်တွေကလည်း အများကြီးပါပဲ။ မြို့ပြင်က စုတ်ပြတ်နေတဲ့ စတူဒီယို အခန်းကျဥ်းလေးတွေရဲ့ အိမ်လစာတောင် ဝမ် သန်းနဲ့ချီ ပေးရတာပါ။

အိမ်လစာ မတတ်နိုင်တဲ့သူတွေက မြို့ပြင်ကို မောင်းထုတ်ခံရတာ ဒါမှမဟုတ် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရတယ်။ အမှန်တော့ အိမ်ခြံမြေစျေးနှုန်း ကြီးမြင့်မှုကြောင့် ဖြစ်ရတဲ့ အိမ်ရာမတည်ငြိမ်မှုက လူမှုရေးပြဿနာတစ်ခု ဖြစ်လာခဲ့တာလေ။

အိမ်စျေးနှုန်းတွေ ကြီးမြင့်သလို ဝင်ငွေအဆင့်အတန်းကလည်း မြင့်မားကြတယ်။

တစ်နှစ်ကို ဒေါ်လာ ၁ သိန်းကျော် ရရင် ဘယ်နိုင်ငံမှာမဆို ဝင်ငွေမြင့်မားတဲ့ အလွှာထဲမှာ ပါဝင်နိုင်ပေမဲ့ Silicon Valley မှာတော့ လူလတ်တန်းစားလို့ သတ်မှတ်ခံရဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၂ သိန်းကျော် ရှာနိုင်ရပါမယ်။

ဘဏ္ဍာရေး လုပ်ငန်းစုတွေ စုဝေးရာ နယူးယောက် မန်ဟက်တန်တောင် ဒီအဆင့်အထိ ရောက်ပါ့မလားလို့ တွေးမိတယ်။

ဒီနေရာက ကမ္ဘာ့အရည်အချင်းအရှိဆုံး လူသားတွေနဲ့ အချမ်းသာဆုံး လူသားတွေ နေထိုင်တဲ့ နေရာလို့ ပြောရင်လည်း မမှားပါဘူး။

ကျွန်တော် အလုပ်ထွက်ပြီးရင် ဒီလိုနေရာမျိုးမှာ နေထိုင်ရတာလည်း မဆိုးဘူးလို့ တွေးမိတယ်။ စျေးနှုန်းတွေ ပိုပြီး မတက်ခင် အိမ်တစ်လုံးလောက် ဝယ်ထားရမလား။

"ပင်လယ်နားက မြို့ဖြစ်တာချင်း တူပေမဲ့ ဟောင်ကောင်နဲ့တော့ အငွေ့အသက်က သိသိသာသာ ကွဲပြားတယ်နော်"

"ဟောင်ကောင်က ဘယ်လိုမျိုးလဲ"

ကျွန်တော့်မေးခွန်းကြောင့် အယ်လီက ခဏ စဉ်းစားလိုက်တယ်။

"အင်း... တောက်ပနေတဲ့ မိုးမျှော်တိုက်ကြီးတွေရဲ့ ဘေးမှာ ပြိုကျလုနီးပါး ဖြစ်နေတဲ့ အဆောက်အဦးဟောင်းတွေကို မြင်ရတာက ထူးဆန်းမနေတဲ့ အငွေ့အသက်မျိုး ရှိတယ်။ အရှေ့တိုင်းနဲ့ အနောက်တိုင်း... အတိတ်နဲ့ ပစ္စုပ္ပန်က သဟဇာတဖြစ်စွာ ရောနှောနေသလိုမျိုးပေါ့"

"အို... အဲဒီခံစားချက်ကို နားလည်ပြီ"

"ဒါနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒီနေရာက ပိုပြီး သန့်ရှင်းပြီး စိတ်အေးလက်အေး ရှိစေတာပေါ့လေ"

ကျွန်တော် လမ်းပေါ်က လူတွေကို ကြည့်လိုက်တယ်။ သူတို့ရဲ့ မျက်နှာအမူအရာက တက်ကြွနေပြီး ခြေလှမ်းတွေက တည်ငြိမ်နေတယ်။ အိုင်တီ ဝန်ထမ်းတွေ အများကြီး ရှိနေတာကလည်း အဲဒီအပေါ်မှာ သက်ရောက်မှု ရှိပုံရတယ်။

အယ်လီက ဟောင်ကောင်မှာ ရှိခဲ့တုန်းက အကြောင်းအရာ တချို့ကို ပြောပြလာတယ်။

"ဂျက်စီကာက ဟောင်ကောင်မှာ ဘယ်လောက်အထိ ရေပန်းစားခဲ့လဲ သိလား။ အသက် ၃၀ အရွယ် တရုတ်သူဌေးတစ်ယောက်က လက်သီးဆုပ်အရွယ်ရှိတဲ့ စိန်လက်စွပ်ကြီးနဲ့ ချက်ချင်းပဲ လက်ထပ်ခွင့် တောင်းခဲ့တာလေ"

"တကယ်လား"

ဒါက ကျွန်တော့်အတွက်တော့ သတင်းအသစ်ပဲ။

"လက်သီးဆုပ်အရွယ်ဆိုတာကတော့ ပုံကြီးချဲ့ပြောတာပါ... ဒါပေမဲ့ စိန်လက်စွပ်နဲ့ လာတောင်းခဲ့တာကတော့ အမှန်ပဲ"

"ဒါနဲ့ အစ်မ ဟျွန်းဂျူးက ဘာပြန်ပြောလဲ"

"ဘာပြောမလဲ... တိုက်ရိုက်ပဲ ငြင်းပယ်လိုက်တာပေါ့။ ဂျက်စီကာကို လာပိုးပန်းတဲ့ တခြားယောက်ျားတွေလည်း အများကြီးပဲ။ ငါ့ထက်တောင် ပိုပြီး ရေပန်းစားသေးတယ်"

"……"

အစ်မ ဟျွန်းဂျူးက ဒီလောက်အထိ ရေပန်းစားတာလား။

ဘက်မလိုက်ဘဲပြောရရင် အစ်မ ဟျွန်းဂျူးက တကယ်ပဲ လှပါတယ်။ သီးခြား အကြိုက်ရှိတဲ့သူတွေအတွက်တော့ ဆွဲဆောင်မှု အပြည့် ရှိနေပုံရတယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို အကြိုက်မျိုး မရှိတာမလို့ သေချာတော့ မသိဘူး။

ဒါနဲ့... ခုနကတည်းက တစ်ခုခုက လွဲချော်နေသလိုမျိုး ခံစားချက်ကြီးက ဆက်ရှိနေတုန်းပဲ... ဒါက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလား။

နောက်တစ်နေ့

ကျွန်တော်တို့ ကားနဲ့ သုတေသနအဖွဲ့ဆီကို ဦးတည်ခဲ့ကြတယ်။

ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခုအနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်ဟာ Silicon Valley မှာ သုတေသနအဖွဲ့ အမျိုးမျိုးကို ထားရှိပြီး အိုင်တီကုမ္ပဏီ အများအပြားနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

ဆန်ဟိုဆေးမှာရှိတဲ့ ကာကွယ်ရေးကဏ္ဍ သုတေသနအဖွဲ့မှာတော့ ဆိုဆောင်း အီလက်ထရောနစ် နဲ့ CarOS ရဲ့ သုတေသနအဖွဲ့တွေဟာ ဆော့ဖ်ဝဲလ် တည်ငြိမ်မှုနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေကြတယ်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်တာက လုံးဝ တခြားစီပါ။ နည်းပညာတစ်ခုက စျေးကွက်ဝင်ဖို့ဆိုရင် အခက်အခဲ အများကြီးကို ကျော်ဖြတ်ရပါတယ်။

အရေးကြီးဆုံး အချက်ကတော့ စျေးနှုန်းပဲ။ စျေးနှုန်းကြောင့် စျေးကွက်မဝင်နိုင်ဘဲ ကျရှုံးခဲ့ရတဲ့ ထုတ်ကုန်တွေ ဘယ်လောက်တောင် များနေပြီလဲ။

လျှပ်စစ်ကားတွေနဲ့ ဟိုက်ဒရိုဂျင်ကားတွေက သာမန် အင်ဂျင်ကားတွေထက် စျေးနှုန်း သိသိသာသာ ပိုကြီးကြတယ်။ ကျွန်တော်တို့က စျေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ စျေးနှုန်းကို ရရှိနိုင်တာက အစိုးရရဲ့ ထောက်ပံ့ကြေးတွေကြောင့်ပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေအတွက် ထောက်ပံ့ကြေး ရှိပေမဲ့ အလိုအလျောက်မောင်းနှင်မယ့် ကားတွေအတွက်တော့ ထောက်ပံ့ကြေး မရှိပါဘူး။ နောက်ဆုံးတော့လည်း ကျွန်တော်တို့ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချရမှာပါပဲ။

နည်းပညာ ဘယ်လောက်ပဲ ကောင်းကောင်း စျေးနှုန်းကြီးရင် ဝယ်လိုအားက နည်းသွားမှာပဲလေ။ လက်တွေ့ကျကျ ပြောရရင် လူထုဆီ ရောင်းချဖို့အတွက် sedanကားတွေဆိုရင် ဒေါ်လာ ၄ သောင်း... SUV ကားတွေဆိုရင် ဒေါ်လာ ၅ သောင်းက အကန့်အသတ်ပဲ။ ဒါထက် နည်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။

ကားရဲ့ ထုတ်လုပ်မှုစရိတ်ကတော့ အတူတူပါပဲ။ အမှန်တကယ် ပြဿနာက အလိုအလျောက်မောင်းနှင်မှု အစိတ်အပိုင်းတွေရဲ့ ကုန်ကျစရိတ်မှာ ရှိတာပါ။

ရှေ့ပြေးပုံစံ ကားတွေမှာ တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေကို အရေအတွက် အနည်းငယ်ပဲ ထုတ်လုပ်နိုင်တာမလို့ သဘာဝကျကျ စျေးကြီးနေတာလေ။ အစုလိုက်အပြုံလိုက် ထုတ်လုပ်မယ့် စနစ်ကို တည်ဆောက်နိုင်ရင်တော့ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ အဲဒီအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။

နောက်ဆုံးတော့ ထုတ်လုပ်မှု ပမာဏကို မြှင့်တင်နိုင်ဖို့ကပဲ သော့ချက် ဖြစ်ပုံရပါတယ်။

သုတေသနအဖွဲ့ဆီ ရောက်တဲ့အခါ မထင်မှတ်ထားတဲ့ လူတစ်ယောက်က ရောက်နှင့်နေတာကို တွေ့လိုက်ရတယ်။

"ဟင်"

အသက် ၄၀ ကျော်အရွယ် မျက်မှန်တပ်ထားတဲ့ အမျိုးသားတစ်ယောက်က ကျွန်တော့်ဆီ လက်ကမ်းပေးလာတယ်။

"ဒီမှာ တွေ့ရတာ ဝမ်းသာပါတယ်"

ကျွန်တော် အံ့ဩသွားပြီး မေးလိုက်တယ်။

"ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ပြုံးပြီး ပြန်ဖြေတယ်။

"မင်း Silicon Valley ကို လာမယ်လို့ ကြားတာနဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ အမြန်ပဲ လာခဲ့တာပေါ့"

ကျွန်တော် လာမယ့်အကြောင်းကို ဆိုဆောင်း အီလက်ထရောနစ် ရဲ့ သုတေသနအဖွဲ့ဆီ အကြောင်းကြားထားပြီးသား ဖြစ်လို့ ဆိုဆောင်း အီလက်ထရောနစ် ရုံးချုပ်ကလည်း သိထားပြီးဖြစ်မှာပါပဲ။

ဒါပေမဲ့ အမေရိကန်အထိတောင် လိုက်လာဖို့ လိုအပ်လို့လား... ကိုရီးယားမှာ လုပ်စရာ အလုပ်တွေ မရှိဘူးလား။

"လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်"

ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

အဲဒီအခိုက်အတန့်မှာပဲ အချိန်အတော်ကြာမှ ဟိုလိုဂရမ် စာတန်းတစ်ခု ကျွန်တော့်ရှေ့မှာ ပေါ်လာခဲ့တယ်။

[CarOS ရဲ့ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် - ဆိုဆောင်း အီလက်ထရောနစ်]

အခန်း (၁၅၈)

"အာရုံစိုက်စမ်း။ အာရုံစိုက်စမ်း"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ပြီး ပြောတယ်။

"ဘာဖြစ်လို့လဲ"

"အာ…. ဘာမှမဟုတ်ပါဘူး။ ဝင်ကြရအောင်"

အယ်လီက ကျွန်တော့်ကို အသံတိုးတိုးလေးနဲ့ မေးလာတယ်။

"တကယ်ပဲ အဆင်ပြေရဲ့လား"

"ဒါပေါ့"

"မနေ့ကတည်းက တစ်မျိုးဖြစ်နေတာကို သတိထားမိနေတာနော်"

ကျွန်တော်က ဝေဝါးဝါးပဲ ပြန်ဖြေလိုက်တယ်။

"ငါက တစ်ခါတလေ စိတ်လွတ်သွားတတ်လို့ပါ"

ဆိုဆောင်း အီလက်ထရောနစ်က CarOSရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ လောလောဆယ် CarOSရဲ့ အကြီးဆုံး ရှယ်ယာရှင်က ၉၆ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ OTK ကုမ္ပဏီ ဖြစ်တာကတော့ အထင်အရှားပဲလေ။ ပြီးတော့ ဒါရီလ်က ၁.၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်တဲ့ ၂.၅ ရာခိုင်နှုန်းကိုတော့ အမှုဆောင်တွေကြားထဲ ခွဲဝေထားကြတာ။

ဆိုဆောင်း အီလက်ထရောနစ်သာ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာမယ်ဆိုရင် သူတို့က ဆိုဆောင်း အီလက်ထရောနစ်အတွက် သတ်မှတ်ပေးထားတဲ့ ရှယ်ယာအသစ်တွေ ထုတ်ပေးဖို့ လိုလိမ့်မယ်၊ ဒါမှမဟုတ် OTK ကုမ္ပဏီ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို ဝယ်ရလိမ့်မယ်။

ကျွန်တော်ကတော့ နတ်မျက်စိနဲ့မြင်သမျှကို တက်ဂယူနဲ့ ဆွေးနွေးလေ့ရှိပေမဲ့ အခုအချိန်မှာ တက်ဂယူက ပစိဖိတ်သမုဒ္ဒရာရဲ့ တစ်ဖက်ခြမ်းမှာ ဂိမ်းကစားနေတာလေ။ တက်ဂယူဆီ ဖုန်းလှမ်းဆက်လိုက်ရမလား။

ကျွန်တော် ဒီလိုအတွေးတွေထဲ နစ်မျောနေတုန်းမှာ ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ အယ်လီတို့ နှုတ်ဆက်စကား ဖလှယ်လိုက်ကြတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံပါ"

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက Golden Gateရဲ့ ကိုရီးယားရုံးခွဲ ဥပဒေရေးရာအဖွဲ့က ရှေ့နေ အယ်လီကင်ပါ"

ဒါက သူတို့ လူချင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဆုံဖူးခြင်းပဲ။

အယ်လီက ဥက္ကဋ္ဌ လင်ဂျင်ယုံကို သိတာပေါ့။ ဥက္ကဋ္ဌ လင်ဂျင်ယုံဘက်ကလည်း ထို့အတူပါပဲ။

"ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ ခင်ဗျားက အာရှရုံးခွဲကနေ ကိုရီးယားရုံးခွဲကို ဒါရိုက်တာ အိုဟျွန်းဂျူးနဲ့အတူ ပြောင်းရွှေ့လာပြီး OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု အသီးသီးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သိထားပါတယ်"

လင်ဂျင်ယုံက တော်တော်များများ သိထားတာပဲ။

အယ်လီက ပြုံးပြီး "အခုလို ပြောပေးလို့ ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော်တို့ကို အထဲကို ဦးဆောင်ခေါ်သွားပေးတယ်။

"ကဲ… အထဲဝင်ကြစို့"

ဆိုဆောင်း အီလက်ထရောနစ် သုတေသနဌာနရဲ့ အကြီးအကဲ ဟန့်ခ် မက်ဒေါ်နယ်က ကျွန်တော်တို့ကို လာရောက်နှုတ်ဆက်ပြီး စက်ရုံတွင်းကို လိုက်လံပြသပေးတယ်။

လူတိုင်းက ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားကြပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြပါတယ်။ ဝန်ထမ်းတွေထဲမှာ ကိုရီးယားလူမျိုး အတော်များများကိုလည်း တွေ့ရတယ်။

ကျွန်တော်တို့ သုတေသနဌာနကို လှည့်ပတ်ကြည့်ရှုရင်း သုတေသနပညာရှင်တွေရဲ့ ရှင်းလင်းတင်ပြချက်တွေကို နားထောင်ခဲ့ကြတယ်။

စမ်းသပ်မောင်းနှင်မှု အပါအဝင် စမ်းသပ်ချက်အားလုံးက ပြီးစီးသွားပြီဖြစ်လို့ အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ပဲ ကျန်တော့တာပါ။ ဒါပေမဲ့ အဲဒီအတွက် အတားအဆီးတချို့ ရှိနေသေးတယ်။

"နည်းပညာ မိတ်ဆက်ပွဲက သုံးရက်နေရင် ရှိပါတယ်။ အဲဒီအချိန်ကျရင် ကားအသစ်အတွက် သတ်မှတ်ထားတဲ့ အစီအစဉ်တွေကိုလည်း ထုတ်ဖော်ပြသသွားမှာပါ"

နားထောင်နေရင်းနဲ့ ကျွန်တော်က မကြာခင်က မြင်ခဲ့ရတဲ့ အနာဂတ်နိမိတ်အကြောင်းကို တွေးနေမိတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ဒီအကြောင်းပြချက်ကြောင့် ဒီကို ရောက်လာတာ သဘာဝကျပါတယ်လေ။ တကယ်လို့ ဟုတ်တယ်ဆိုရင် လင်ဂျင်ယုံက ဘယ်လိုကမ်းလှမ်းချက်မျိုး ယူဆောင်လာနိုင်မလဲ။

တတိယအဖွဲ့အစည်းကို ရှယ်ယာအသစ်တွေ ထုတ်ပေးမှာလား။ ဒါမှမဟုတ် ရှယ်ယာဝယ်ယူဖို့ တောင်းဆိုတာမျိုးလား။

Hermanကို ဝယ်ယူတာနဲ့ ရှယ်ယာတွေ ပြန်လည်ဝယ်ယူတာတွေအတွက် အများကြီး သုံးစွဲခဲ့ပေမဲ့လည်း ဆိုဆောင်း အီလက်ထရောနစ်မှာ ဝမ် သိန်းပေါင်း ၅၀ကုဋေနီးပါး ငွေသား လက်ကျန်ရှိနေပါသေးတယ်။ ဒီပမာဏက ကြီးမားတဲ့ ကားကုမ္ပဏီတစ်ခုကို အလွယ်တကူ ဝယ်ယူနိုင်တဲ့ ပမာဏပါ။

သူတို့က အဲဒီငွေနဲ့ ကမ်းလှမ်းလာရင်တောင် ကျွန်တော်ကတော့ CarOS ကို ရောင်းမှာမဟုတ်ပါဘူး။

အတွေးထဲ နစ်မျောနေရင်းနဲ့ ကျွန်တော် အသာအယာ မတ်တတ်ရပ်လိုက်တယ်။

"ခွင့်ပြုပါဦး။ သန့်စင်ခန်း သုံးဖို့လိုလို့ပါ"

အထဲရောက်လို့ ဘယ်သူမှမရှိတာ သေချာတာနဲ့ ကျွန်တော်က တက်ဂယူဆီ ဖုန်းဆက်လိုက်တယ်။ ကိုရီးယားမှာ ညအချိန်ဖြစ်နေပေမဲ့လည်း တက်ဂယူက ချက်ချင်း ဖုန်းကိုင်တယ်။

[ဘာကိစ္စလဲ]

"ငါ အခု သုတေသနဌာနမှာ ရောက်နေတာ..."

ကျွန်တော်က ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တွေ့တဲ့အကြောင်းနဲ့ အနာဂတ်နိမိတ်အကြောင်းကို ပြောပြလိုက်တယ်။

တက်ဂယူက အံ့သြသွားပုံရပြီး ပြန်ဖြေတယ်။

[အိုး… ဆိုဆောင်းက ဒုတိယအကြီးဆုံး ရှယ်ယာရှင်လား။ အဲဒါက သူတို့က ငါတို့ရှယ်ယာတွေကို ဝယ်လိမ့်မယ်လို့ ဆိုလိုတာလား]

"အဲဒါ ဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ ငါတို့ဘက်က ငွေသားအရေးတကြီး လိုအပ်နေတာမျိုး မရှိတဲ့အတွက် အခုအချိန်မှာ ရှယ်ယာရောင်းဖို့ အကြောင်းပြချက် မရှိဘူး။ ငွေတိုက်စာချုပ်တွေပဲ ထုတ်ဝေလိုက်တာက ပိုကောင်းလိမ့်မယ်"

[ဒါဆိုရင် သူတို့က ငါတို့အတွက်လည်း အကျိုးရှိမယ့် ကမ်းလှမ်းချက်မျိုး လုပ်လာမှာ မဟုတ်ဘူးလား။ ဆိုဆောင်း SBတုန်းက အခြေအနေကို တွေးကြည့်လေ]

"ဆိုဆောင်း SB တုန်းက အခြေအနေကို တွေးကြည့်ရင်..."

အဲဒီအချိန်မှာပဲ အကြံတစ်ခုက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။

"သူတို့က ဘယ်လိုကမ်းလှမ်းချက်မျိုး လုပ်မလဲဆိုတာ ငါ သိပြီထင်တယ်"

[ဘာလဲဟ]

"ငါ နောက်မှ ပြောပြမယ်"

ကျွန်တော်တို့က အစည်းအဝေးခန်းထဲမှာ ကော်ဖီသောက်ရင်း ထိုင်နေကြတယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေတယ်။ ရာသီဥတုက မနေ့ကအတိုင်းပဲ သာယာနေပါတယ်။

"ဆိုးလ်ကနေ ဒီကိုလာရတာ လေထုကတော့ သိသိသာသာကို ပိုကောင်းတာ အမှန်ပဲ"

"ဒီရက်ပိုင်း ဆိုးလ်မှာ မြူမှုန်တွေ အများကြီး ရှိနေတုန်းပဲလား"

ကျွန်တော့်ရဲ့မေးခွန်းကို လင်ဂျင်ယုံက ခေါင်းခါပြတယ်။

" ဆိုးလ်မှာ ကောင်းကင်ပြာပြာကို မြင်ရဖို့ ဘယ်တုန်းကတည်းက ဒီလောက်တောင် ခက်ခဲသွားမှန်း မသိတော့ဘူး။ ရာသီဥတုဆိုးတဲ့ ရက်တွေဆိုရင် ငါ ဆိုးလ်မှာ ရောက်နေတာလား။ ပီကင်းမှာ ရောက်နေတာလားတောင် ခွဲရခက်တယ်"

လင်ဂျင်ယုံက လေကောင်းလေသန့် လာရှူဖို့သက်သက်နဲ့ အမေရိကအထိ တကူးတက လာခဲ့တာတော့ မဟုတ်လောက်ဘူး။

လင်ဂျင်ယုံက ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌပါ။ ဆိုဆောင်း အီလက်ထရောနစ် တစ်ခုထဲတင်မကဘဲ စီမံခန့်ခွဲရမယ့် လက်အောက်ခံ ကုမ္ပဏီတွေ အများကြီး ရှိသေးတာပါ။

အရေးကြီးတဲ့ အစီအစဉ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အလုပ်ရှုပ်နေမှာ သေချာတာမလို့ ဒီကို ရောက်လာတယ်ဆိုကတည်းက ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပဲ ဖြစ်ရမယ်။

လင်ဂျင်ယုံက စကားစလာတယ်။

"ငါ ဆွေးနွေးစရာ ရှိတယ်။ နှစ်ယောက်ထဲပဲ သီးသန့် စကားပြောချင်တယ်..."

"ကျွန်မ ခဏ အပြင်ထွက်ပေးပါ့မယ်"

ထရပ်ဖို့ပြင်နေတဲ့ အယ်လီကို ကျွန်တော်က တားလိုက်ပြီး လင်ဂျင်ယုံဘက် လှည့်ပြောလိုက်တယ်။

"အဆင်ပြေပါတယ်၊ ဒီအတိုင်းပဲ ဆက်ပြောလို့ရပါတယ်"

လင်ဂျင်ယုံက အနည်းငယ် အံ့သြသွားပုံရပြီး အယ်လီနဲ့ ကျွန်တော့်ကို တစ်လှည့်စီ ကြည့်တယ်။ ပြီးတော့ တစ်ခုခုကို သဘောပေါက်သွားပုံရပြီး အမူအရာက အံ့သြသွားတဲ့ပုံစံသို့ ပြောင်းလဲသွားတယ်။

"မင်းတို့ နှစ်ယောက်က..."

"ဥက္ကဋ္ဌ တွေးနေတာ မှန်ဖို့များပါတယ်"

ကျွန်တော့်စကားကြောင့် လင်ဂျင်ယုံက သဘောကျတကြီး ရယ်မောလိုက်တယ်။

"ဟားဟား၊ ဒါက အံ့သြစရာပဲ။ မင်းက အလုပ်တစ်ခုထဲ အာရုံစိုက်နေတာလို့ ထင်ခဲ့တာ၊ တကယ်တော့ တွဲနေကြတာကိုး"

"ဒီအကြောင်းကို လျှို့ဝှက်ပေးထားနိုင်ရင် ကျေးဇူးတင်မိမှာပါ"

ကျွန်တော်က အနုပညာရှင်တစ်ယောက် မဟုတ်သလို ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကိုလည်း မီဒီယာတွေပေါ် မရောက်စေချင်ဘူး။ ပြီးတော့ ဒါက အယ်လီရဲ့ အလုပ်ကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်တယ်လေ။

"ဒါပေါ့။ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်"

လင်ဂျင်ယုံက မျိုးဆက်သစ် ချေဘောအုပ်စုထဲက ဖြစ်ပေမဲ့လည်း အုပ်စုကို ဆက်ခံဖို့အတွက် ငယ်စဉ်ကတည်းက သေချာ လေ့ကျင့်သင်ကြားလာခဲ့တာ ဖြစ်ရမယ်။ နှိုင်းယှဉ်ရရင် ကျွန်တော်က စီးပွားရေးကျောင်း တက်ခဲ့တာ တစ်နှစ်ခွဲပဲ ရှိသေးတာပါ။

သဘာဝကျကျပဲ လင်ဂျင်ယုံရဲ့ စီမံခန့်ခွဲမှုနဲ့ ညှိနှိုင်းမှု စွမ်းရည်တွေက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်။ ဒီအစည်းအဝေးကို ကြိုတင်အကြောင်းမကြားဘဲ လင်ဂျင်ယုံ ရောက်လာတာကလည်း ညှိနှိုင်းမှုမှာ အသာစီးရဖို့အတွက် ဗျူဟာတစ်ခု ဖြစ်နိုင်တယ်လေ။

ဒါပေမဲ့ တစ်ဖက်လူက ဘာကို ကမ်းလှမ်းလာမလဲဆိုတာ ကြိုသိနေရင်တော့ တန်ပြန်အစီအစဉ်ကို ပြင်ဆင်ထားလို့ ရတာပေါ့။

ဥက္ကဋ္ဌ လင်ဂျင်ယုံက အဓိကအကြောင်းအရာကို စပြောတယ်။

"ကိုယ်ပိုင်မောင်းနှင်စနစ် ဟာ့ဒ်ဝဲတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ရာမှာ အကြီးမားဆုံး ပြဿနာက ဈေးနှုန်းပဲ။ ငါတို့က အစိတ်အပိုင်းတွေကို စနစ်တကျ ပေါင်းစပ်ပြီး ကုန်ကျစရိတ်ကို လျှော့ချဖို့ ကြိုးစားခဲ့ပေမဲ့ အခုအချိန်အထိတော့ ဒေါ်လာ ၃၀၀၀၀ အောက် လျှော့ချဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"

စမ်းသပ်မှုတွေအတွက် တပ်ဆင်ထားတဲ့ ကိရိယာတွေရဲ့ တန်ဖိုးက ဒေါ်လာ ၁၀၀၀၀၀ ကျော် ရှိတာမလို့ အဲဒီဈေးနှုန်းနဲ့ ယှဉ်ရင် သုံးပုံတစ်ပုံတောင် မရှိပါဘူး။ ဒါပေမဲ့လည်း...

"အခြေခံအားဖြင့်တော့ ဒါက ကားတစ်စီးရဲ့ ဈေးနှုန်းပဲလေ"

"3D ကင်မရာ၊ LIDAR၊ ရေဒါနဲ့ အာထရာဆောင်းလိုမျိုး ဆင်ဆာအမျိုးမျိုးရဲ့ ဈေးနှုန်းတွေကလည်း ကြီးမြင့်သလို AP နဲ့ Semiconductorတွေအတွက် ကုန်ကျစရိတ်ကလည်း အတော်လေး များပြားတယ်"

ကိုယ်ပိုင်မောင်းနှင်စနစ်က ကောင်းမွန်တဲ့ နည်းပညာတစ်ခုဆိုတာ လူတိုင်းသိကြတယ်။ ဒါပေမဲ့ ထုတ်ကုန်တစ်ခုကို ရောင်းချနိုင်ဖို့ဆိုရင် လက်တွေ့ကျတဲ့ ဈေးနှုန်းတစ်ခုကို တင်ပြနိုင်ရပါမယ်။

"ဈေးနှုန်းကို ဒီထက်ပိုပြီး လျှော့ချနိုင်မယ့် နည်းလမ်း မရှိဘူးလား"

"နည်းလမ်း နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ အကြီးစား စက်ရုံရင်းနှီးမြှုပ်နှံမှုကနေတစ်ဆင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုစနစ်ကို တည်ထောင်ဖို့ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ ဆိုဆောင်း အီလက်ထရောနစ်ဘက်က အမြတ်ဝေစုတချို့ကို စွန့်လွှတ်ဖို့ပဲ။ ဒါဆိုရင် ဒေါ်လာ ၁၅၀၀၀ အထိ လျှော့ချနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့အတွက် ကုမ္ပဏီနှစ်ခုလုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သေချာမှုမျိုး လိုအပ်တယ်"

လင်ဂျင်ယုံ ဘာပြောချင်နေတာလဲဆိုတာ ကျွန်တော် ခန့်မှန်းလို့ရပေမဲ့ မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။

"ဥက္ကဋ္ဌက ရေရှည်စာချုပ် ဒါမှမဟုတ် သီးသန့် သဘောတူညီချက်မျိုးကို လိုချင်တာလား"

"ငါက အဲဒါထက် ပိုမိုနက်ရှိုင်းတဲ့အရာကို တွေးထားတာပါ"

"အဲဒါက ဘာလဲ"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။

"ငါက ဆိုဆောင်း အီလက်ထရောနစ်နဲ့ CarOS ကြားထဲမှာ ရှယ်ယာချင်း လဲလှယ်ဖို့ ကမ်းလှမ်းချင်တာပါ"

"……"

ထင်ထားတဲ့အတိုင်းပဲ။

ဆိုဆောင်း အီလက်ထရောနစ်က ပြီးခဲ့တဲ့နှစ် တစ်နှစ်ထဲတင် လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ ဝမ် သိန်းပေါင်း ၄၀ ကုဋေကျော် ရရှိခဲ့တယ်။ ဒီပမာဏက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေထဲမှာ ပါဝင်တဲ့ အဆင့်ပါ။

ရှယ်ယာရှင်တွေကို တန်ဖိုးပြန်လည်ပေးအပ်ဖို့အတွက် ကုမ္ပဏီက ကြီးမားတဲ့ ရှယ်ယာပြန်လည်ဝယ်ယူမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မိမိကုမ္ပဏီရဲ့ အထွေထွေရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ကုမ္ပဏီပိုင် ရှယ်ယာအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့တယ်။

အစပိုင်းမှာတော့ အဲဒီကုမ္ပဏီပိုင် ရှယ်ယာတွေကို ပိုင်ဆိုင်မှုထိန်းချုပ်တဲ့ မိခင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အသုံးပြုလိမ့်မယ်လို့ အများစုက ထင်ကြေးပေးခဲ့ကြတာပါ။ ဒါပေမဲ့ အုပ်စုတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီးသား ဖြစ်လို့ အဲဒီလိုလုပ်ဖို့ မလိုတော့ဘူးလေ။

ဥက္ကဋ္ဌ လင်ဂျင်ယုံကလည်း လုပ်ငန်းကဏ္ဍတွေကို ခွဲထုတ်ဖို့ ဒါမှမဟုတ် မိခင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အစီအစဉ် မရှိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ဖူးတယ်။

ရလဒ်အနေနဲ့ ကုမ္ပဏီပိုင် ရှယ်ယာတွေကို ဘယ်လိုအသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အမြင်အမျိုးမျိုး ရှိခဲ့ကြတာပါ။

ရှယ်ယာရှင်တွေ အဓိက လိုလားတာကတော့ ရှယ်ယာတွေကို ဖျက်သိမ်းပစ်ဖို့ပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် အခွန်ပေးဆောင်စရာ မလိုဘဲ ရှယ်ယာတစ်ခုချင်းစီရဲ့ တန်ဖိုးကို မြှင့်တင်နိုင်မှာ ဖြစ်လို့ပါပဲ။

ဒါပေမဲ့ ကုမ္ပဏီပိုင် ရှယ်ယာတွေကို အသုံးပြုပြီး CarOS ရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ အခုလာပြီး အကြံပြုနေတာလား။

ဒီအခြေအနေမှာ ဥက္ကဋ္ဌ လင်ဂျင်ယုံအတွက် အားသာချက် နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ငွေသားချက်ချင်း သုံးစွဲစရာမလိုဘဲ CarOS ရဲ့ ရှယ်ယာကို ရရှိနိုင်မှာဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ ပေးလိုက်ရတဲ့ ကုမ္ပဏီပိုင် ရှယ်ယာပမာဏနဲ့ ညီမျှတဲ့ မဟာမိတ်ရှယ်ယာတွေကို အာမခံချက် ရရှိသွားမှာပါ။

ကျွန်တော်တို့ဘက်က ကြည့်ရင်လည်း ဒါက မဆိုးတဲ့ အရောင်းအဝယ်တစ်ခုပါပဲ။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာက အသေအချာပဲ ထည့်သွင်းစဉ်းစားဖို့ ထိုက်တန်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ လဲလှယ်မယ့် အချိုးအစားပါ။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ တန်ဖိုးက ဈေးကွက်ကနေ သတ်မှတ်ပြီးသား ဖြစ်နေပါပြီ။ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေး ဝမ် ၂.၆၁ သန်းအထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ရှယ်ယာဈေးက ဝမ် ၂.၃ သန်းဝန်းကျင်အထိ ကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၃၀၀ကုဋေခန့် ရှိနေတာပါ။ (ဦးစားပေး ရှယ်ယာတွေ အပါအဝင်ဆိုရင် ဝမ် သိန်းပေါင်း ၃၃၀ ကုဋေအထိ ရှိလောက်ပါတယ်။)

ဒါဆိုရင် CarOS ရဲ့ တန်ဖိုးက ဘယ်လောက်လဲ။

"ဒါက ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တစ်ခုပဲ၊ ဒါပေမဲ့ အချိုးအစားနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌက ဘယ်လိုထင်လဲ"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ဒီမေးခွန်းကို စောင့်ဆိုင်းနေခဲ့တဲ့အတိုင်း ချက်ချင်း ပြန်ဖြေတယ်။

"ငါက ၁ အချိုး ၄ အချိုးကို လိုချင်တယ်။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ကုမ္ပဏီပိုင် ရှယ်ယာ ၇.၅ ရာခိုင်နှုန်းနဲ့ CarOS ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို လဲလှယ်တဲ့ ပုံစံမျိုးပေါ့"

ဒါက CarOS ရဲ့ တန်ဖိုးကို ဆိုဆောင်း အီလက်ထရောနစ်ရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ဝမ် သိန်းပေါင်း ၇၅ ကုဋေအဖြစ် သတ်မှတ်လိုက်တာပါပဲ။ ဒါက GM ရဲ့ ဈေးကွက်တန်ဖိုးထက် ပိုများပြီး Nikola ထက်တောင် သာလွန်နေသေးတယ်။

ကျွန်တော်က ဝမ် သိန်းပေါင်း ၃၀၀ကုဋေနီးပါး ရင်းနှီးမြှုပ်နှံထားပြီးသား ဖြစ်တာကို ထည့်တွက်ရင် ဒါက ဝမ် သိန်းပေါင်း ၄၅ ကုဋေ ထပ်ဆောင်းတန်ဖိုး ပေးတာပါ။

ဒါက ကျွန်တော်မျှော်လင့်ထားတာထက် ပိုပြီး ရက်ရောတဲ့ ကမ်းလှမ်းချက်ကါပဲ။ အယ်လီလည်း အနည်းငယ် အံ့သြသွားပုံရတယ်။

ကျွန်တော်က စဉ်းစားဟန်ဆောင်လိုက်ပြီးမှ ပြန်ဖြေလိုက်တယ်။

"ဥက္ကဋ္ဌရဲ့ ကမ်းလှမ်းချက်ကို သဘောတူပါတယ်၊ ဒါပေမဲ့ အချိုးအစားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နည်းနည်း ထပ်စဉ်းစားဖို့ လိုလိမ့်မယ်ထင်တယ်"

ဥက္ကဋ္ဌ လင်ဂျင်ယုံက စားပွဲကို လက်ချောင်းနဲ့ တောက်တောက်တောက် ခေါက်ရင်း ပြောတယ်။

"အဲဒီလိုလား။ အမှန်အတိုင်း ပြောရရင် ၁ အချိုး ၄ အချိုးက ငါ့ဘက်ကကြည့်ရင် တော်တော်လေးကို ကြီးကြီးမားမား သတ်မှတ်ပေးထားတာပါ။ ရှယ်ယာရှင်တွေက သဘောတူပါ့မလားတောင် မသိဘူး"

အဲဒါ တကယ်ပဲ ဟုတ်နိုင်ပါ့မလား။

သဘာဝကျကျပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ကို အလေးအနက်ထားလို့ ဒီလိုကမ်းလှမ်းချက်မျိုး လုပ်တာတော့ မဟုတ်ဘူး။ သူကိုယ်တိုင်နဲ့ ဆိုဆောင်း အီလက်ထရောနစ်အတွက် အကျိုးရှိမယ်လို့ ယူဆလို့သာ ဖြစ်ရမယ်။

ကျွမ်းကျင်မန်နေဂျာတွေနဲ့ လည်ပတ်တဲ့ စနစ်မှာဆိုရင် တစ်မျိုးဖြစ်နိုင်ပေမဲ့ ချေဘော စီမံခန့်ခွဲမှု စနစ်မှာတော့ ဆုံးဖြတ်ချက်တွေက အထက်ကနေ အောက်ကို ချမှတ်တဲ့ ပုံစံမျိုးပါ။ ဒါကြောင့်မလို့ ဥက္ကဋ္ဌရဲ့ အလိုဆန္ဒက အရာရာထက် အရေးကြီးဆုံးပါပဲ။

ဒါဆိုရင် ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ အလိုဆန္ဒက ဘယ်လောက်အထိ ပြင်းထန်နေလောက်မလဲ။

ကျွန်တော် မကြာခင်က မြင်ခဲ့ရတဲ့ အနာဂတ်မြင်ကွင်းကို ပြန်တွေးကြည့်လိုက်တယ်။

ရလဒ်ကို ကြိုသိနေရင် ညှိနှိုင်းမှုကို ပိုပြီး အသာစီးရမယ့် ဘက်ကို လမ်းကြောင်းပြောင်းလို့ ရတာပေါ့။

"၁ အချိုး ၂ ဆိုရင်ကော ဘယ်လိုလဲ"

ကျွန်တော့်စကားကြောင့် လင်ဂျင်ယုံက မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လာတယ်။

"မင်း အတည်ပြောနေတာလား"

"ဒါပေါ့"

"၁ အချိုး ၂ အချိုးဆိုရင် CarOS ရဲ့ တန်ဖိုးက သိန်းပေါင်း ၁၅၀ကုဋေဖြစ်သွားမှာနော်။ အဲဒီလောက်အထိ တန်ဖိုးရှိတယ်လို့ တကယ်ပဲ ထင်လို့လား"

"လောလောဆယ်မှာတော့ မဟုတ်သေးပေမဲ့ အနာဂတ်ကတော့ ကွဲပြားလိမ့်မယ်။ တစ်နှစ်ကို အစီးရေ ၁၀၀၀၀ဝ တောင် မရောင်းရတဲ့ Nikola က တစ်နှစ်ကို အစီးရေ ၁၀ သန်း ရောင်းရတဲ့ GM နဲ့ ဈေးကွက်တန်ဖိုး တူညီနေတာလေ။ အဲဒါက Nikola ရဲ့ အနာဂတ်တန်ဖိုးကို မြင့်မြင့်မားမား အကဲဖြတ်ထားကြလို့ ဟုတ်တယ်မလား။ CarOS အတွက်လည်း ထို့အတူပါပဲ"

လောင်စာဆီအင်ဂျင်သုံး ကားတွေကနေ လျှပ်စစ်ကားတွေဆီ ကူးပြောင်းသွားရင်တောင် မောင်းနှင်သူတွေအတွက်တော့ လောင်စာဆီ ကုန်ကျစရိတ် သက်သာတာနဲ့ အားသွင်းရတဲ့ ပုံစံပြောင်းသွားတာကလွဲလို့ ထူးခြားတဲ့ ကွာခြားချက်ကို ရှာရခက်ပါလိမ့်မယ်။

ဒါပေမဲ့ အရင်က လူကိုယ်တိုင် မောင်းနှင်ခဲ့ရတဲ့ ကားတစ်စီးက သူ့အလိုလို စတင်လှုပ်ရှား မောင်းနှင်လာနိုင်မယ်ဆိုရင်တော့ အရာရာ အများကြီး ပြောင်းလဲသွားမှာပါ။

ကျွန်တော်က ဆက်ပြောလိုက်တယ်။

"ဒါ့အပြင် ကျွန်တော်တို့က Nikola နဲ့မတူဘဲ လုံလောက်တဲ့ ထုတ်လုပ်မှုစွမ်းအားကို အာမခံချက် ရှိထားပြီးသားလေ"

လောလောဆယ် Nikola က ထုတ်လုပ်မှု ငရဲခန်းထဲမှာ ရုန်းကန်နေရတာပါ။ ပစ္စည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ထုတ်လုပ်မှု မအောင်မြင်ရင် ဘာမှ အဓိပ္ပာယ်မရှိပါဘူး။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

"ကိုယ်ပိုင်မောင်းနှင်စနစ်ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ဆိုရင် ဟာ့ဒ်ဝဲပိုင်း စွမ်းဆောင်ရည်က ပံ့ပိုးပေးနိုင်ရမယ်။ တစ်ကမ္ဘာလုံးမှာ ဆိုဆောင်း အီလက်ထရောနစ် တစ်ခုထဲသာ ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုစနစ် ရှိတာနော်"

လက်တွေ့ကျကျပဲ ဆိုဆောင်း အီလက်ထရောနစ်ထက် ပိုကောင်းတဲ့ မိတ်ဖက်ကို ရှာဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒါကြောင့်မလို့ ပြိုင်ဘက်ဖြစ်တဲ့ NPL တောင်မှ အစိတ်အပိုင်းတွေအတွက် ဆိုဆောင်း အီလက်ထရောနစ်အပေါ် အမှီပြုနေရတာပါ။

ဆိုဆောင်း အီလက်ထရောနစ်က ကမ္ဘာ့အကြီးဆုံး အိုင်တီထုတ်လုပ်သူ ဖြစ်ပေမဲ့ သူတို့ကိုယ်ပိုင် ဆော့ဖ်ဝဲလ်တော့ မရှိပါဘူး။ ရလဒ်အနေနဲ့ သူတို့က ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေရဲ့ ဆွဲခေါ်ရာကို မကြာခဏ ပါသွားခဲ့ရတယ်။

စမတ်ဖုန်းတွေကိုပဲ ကြည့်လေ၊ ဆိုဆောင်း အီလက်ထရောနစ်က ထုတ်ကုန်တွေကို ဖန်တီးပြီး ဈေးကွက်တင်ရောင်းချပေမဲ့ Google လို ကုမ္ပဏီတွေကတော့ Appအခကြေးငွေ အမျိုးမျိုးကနေတစ်ဆင့် ပိုက်ဆံအများကြီး ရနေကြတာပါ။

ဒါကြောင့်မလို့ သူတို့က ရှယ်ယာလဲလှယ်မှုကနေတစ်ဆင့် CarOS ပိုင်ဆိုင်ထားတဲ့ ဆော့ဖ်ဝဲလ်ရဲ့ အစိတ်အပိုင်းတချို့ကို ရယူဖို့ ကြိုးစားနေကြတာလေ။

ရှယ်ယာလဲလှယ်တာက ခိုင်မာတဲ့ ယုံကြည်မှု ဆက်ဆံရေးကို တည်ဆောက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ညှိနှိုင်းမှုတွေမှာ အလိုက်သင့် ပါသွားဖို့ အစီအစဉ် မရှိပါဘူး။

ကျွန်တော်က ခုံကို နောက်မှီလိုက်ရင်း ပြောလိုက်တယ်။

"NPL က သူတို့ရဲ့ ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေကို ကိုယ်ပိုင် OS သုံးပြီး ထုတ်လုပ်ကြတယ်။ တစ်ဖက်မှာလည်း Google နဲ့ Microsoft တို့က OS ကို ဟာ့ဒ်ဝဲထုတ်လုပ်သူတွေ ဒါမှမဟုတ် စားသုံးသူတွေဆီ ရောင်းချတဲ့ ဗျူဟာကို ကျင့်သုံးကြတယ်"

ဘယ်ချဉ်းကပ်မှုက မှန်ကန်လဲဆိုတာနဲ့ ပတ်သက်ပြီး အသေအချာ သတ်မှတ်ထားတဲ့ အဖြေတော့ မရှိပါဘူး။

ကျွန်တော်က ပြုံးပြီး မှတ်ချက်ချလိုက်တယ်။

"တကယ်လို့ ကျွန်တော်တို့က ကိုယ်ပိုင်မောင်းနှင်စနစ် ဆော့ဖ်ဝဲလ်ကို ဖြန့်ဖြူးပေးမယ်လို့ ကမ်းလှမ်းရင် ယာဉ်ထုတ်လုပ်မှုကို သူတို့ဘာသာသူတို့ ကိုင်တွယ်နိုင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိလာလိမ့်မယ်"

ဒါက ဆိုဆောင်း အီလက်ထရောနစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မရှိမဖြစ် လိုအပ်ချက်တစ်ခု မဟုတ်ဘူးဆိုတာကို ထောက်ပြလိုက်တာပါပဲ။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြုံးလိုက်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ အလစ်အငိုက် အဖမ်းခံလိုက်ရတဲ့ ပုံစံမျိုး ပေါ်သွားခဲ့တယ်။

All Chapters