အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁ : ရုပ်ချောရုံနဲ့ ထမင်းမငတ်ဘူး...
~
ညဉ့်နက်သန်းခေါင်ယံအချိန်...
ဧည့်ခန်းအတွင်း၌ လင်းဖန်၊ လုံယွဲ့နှင့် အခြားသူများသည် မေ့ကျီ အင်တာဗျူးသွားရာမှ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
မေ့ကျီသည် ယနေ့မနက်ကတည်းက အင်တာဗျူးရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး တစ်နေ့တာကုန်လွန်သွားသော်လည်း ပြန်ရောက်မလာသေးပေ။
လုံယဲ့က လင်းဖန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"နတ်ဆိုးအရှင်... အင်တာဗျူးတစ်ခုက ဒီလောက်တောင် အချိန်ကြာတတ်လို့လား..."
လင်းဖန်က ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
" ပုံမှန်ဆိုရင်တော့ ဒီလောက် အချိန်မကြာသင့်ဘူး .."
သူလည်း သေချာမသိ။ အင်တာဗျူးတစ်ခုက မည်သို့ကြောင့် ဤမျှ ကြာမြင့်နေရသနည်း။
မေ့ကျီ၏ ရုပ်ရည်နှင့်ဆိုလျှင် host တစ်ယောက် ဖြစ်လာရန်မှာ ပြဿနာမရှိနိုင်ချေ။ တစ်ခုရှိသည်မှာ သူသည် နတ်ဆိုးစစ်သူကြီးတစ်ဦးအနေဖြင့် ထိုhost ကဏ္ဍကို သေချာပီပြင်စွာ သရုပ်ဆောင်နိုင်ပါ့မလားဆိုသည့်အချက်သာ ဖြစ်ပြီး ထိုသည်ကပင် အင်တာဗျူး၏ သော့ချက် ဖြစ်သည်။
သို့သော်လည်း သူ အင်တာဗျူးမအောင်မြင်လျှင်ပင် ယခုအချိန်ဆို၌ ပြန်ရောက်သင့်ပေပြီ။ မည်သို့ကြောင့် ဤမျှလောက် ကြာနေရသနည်း။
လင်းဖန်က အပြင်ထွက်၍ မေ့ကျီကို သွားရှာရမလားဟု တွေးနေစဉ်မှာပင် အိမ်တံခါးပွင့်လာပြီး မေ့ကျီသည် လက်ထဲ၌ လက်ဆောင်အိတ်များနှင့် စျေးဝယ်အိတ်အကြီးအသေးမျိုးစုံကို ဆွဲမကာ အိမ်ထဲသို့ လျှောက်ဝင်လာခဲ့သည်။
ဧည့်ခန်းထဲတွင် ထိုင်နေသော လင်းဖန်နှင့် လုံယွဲ့တို့ကို မြင်လိုက်ရသည့်အခါ သူ သယ်ဆောင်လာသော လက်ဆောင်အိတ်မျိုးစုံကိုပင် ချရန် အချိန်မရဘဲ ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"အရှင်... အရှင်မ..."
လင်းဖန်နှင့် အခြားသူများက ပြန်လည်ရောက်ရှိလာသော မေ့ကျီကို အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။ ယနေ့မနက် သူ ထွက်ခွာသွားစဉ်ကနှင့် နှိုင်းယှဉ်လျှင် ယခုအခါတွင် သူသည် တန်ဖိုးကြီး ဒီဇိုင်နာအဝတ်အစားများကို ဝတ်ဆင်ထား၏။
မေ့ကျီက ပြောလိုက်သည်။
"အရှင်.. ကျွန်တော် အင်တာဗျူးအောင်ခဲ့တယ်.. အဲ့ဒီဆိုင်ရဲ့ ပိုင်ရှင်က ကျွန်တော့်ကို ချက်ချင်းအလုပ်ခန့်ပြီး ဒီနေ့ပဲ တရားဝင် အလုပ်စဆင်းခိုင်းပါတယ်.. ဒီပစ္စည်းတွေကတော့ အမျိုးသမီးဧည့်သည်တစ်ယောက်က ဝယ်ပေးလိုက်တာပါ.."
ထိုသို့ပြောပြီးနောက် မေ့ကျီသည် သူသယ်ဆောင်လာသော အိတ်အကြီးအသေးများကို ဂရုတစိုက်ချလိုက်ပြီး ယနေ့ရရှိခဲ့သော လက်ဆောင်များကို အိတ်ထဲမှ တစ်ခုချင်းစီ ထုတ်ပြတော့သည်။
အယ်လ်ဗွီ အိတ်တစ်လုံး၊ စုစုပေါင်း တစ်ပေါင်ကျော် အလေးချိန်ရှိသော ရွှေစင်တုံးနှင့် ရာသီဥတုမရွေး ဝတ်ဆင်နိုင်ပြီး လဲလှယ်လျှော်ဖွတ်နိုင်ရန် နှစ်စုံစီပါဝင်သော အဝတ်အစားများ ဖြစ်ကြသည်။
မေ့ကျီက လက်ဆောင်အိတ်များထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ထုတ်ပြနေသည်ကို ကြည့်ရင်း လင်းဖန်နှင့် အခြားသူများမှာ ပါးစပ်အဟောင်းဖြင့် ဆွံ့အနေကြ၏။
ဤအဝတ်အစားများထဲမှ မည်သည့်အင်္ကျီတစ်ထည်မဆို ငွေသောင်းနှင့်ချီတန်သော ဇိမ်ခံအမှတ်တံဆိပ်များ ဖြစ်ကြပြီး သူတို့အိမ်ရှိ လူအားလုံး ဝတ်ဆင်ထားသော အဝတ်အစားအားလုံး ပေါင်းလိုက်သည်ထက်ပင် ပို၍ တန်ဖိုးကြီးနေသေးသည်။
လက်ရှိ ရွှေပေါက်စျေးနှင့် တွက်ချက်မည်ဆိုလျှင် ထိုတစ်ပေါင်ကျော် အလေးချိန်ရှိသော ရွှေစင်တုံးတစ်ခုတည်းပင် ယွမ်လေးသိန်းနီးပါးအထိ တန်ဖိုးရှိနေလေပြီ။
အကယ်၍ အယ်လ်ဗွီအိတ်နှင့် အခြားသော အထွေထွေပစ္စည်းများကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ယနေ့ သူရရှိခဲ့သော လက်ဆောင်များ၏ စုစုပေါင်းတန်ဖိုးမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ငါးသိန်းအထိ ရှိနေတော့သည်။
လင်းဖန်က သူ့ရှေ့မှ ပစ္စည်းပုံကြီးကို ညွှန်ပြရင်း မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်သည်။
"ဒီပစ္စည်းတွေ အားလုံးက... အဲ့ဒီအမျိုးသမီးဧည့်သည်က မင်းကို ပေးလိုက်တာ ဟုတ်လား.."
မေ့ကျီက ခေါင်းအသာညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် အရှင်... သူ ကျွန်တော့်ကို အားလုံး ပေးခဲ့တာပါ.. ကျွန်တော် အတတ်နိုင်ဆုံး ငြင်းခဲ့ပေမဲ့ သူက အတင်းအကျပ် လက်ခံခိုင်းလို့ ယူလာခဲ့တာပါ..."
ထိုစကားကို ကြားသည့်အခါ လင်းဖန်နှင့် လုံယွဲ့တို့ ဘာမှပြန်မပြောနိုင်ဘဲ မှင်သက်သွားသည်။
နတ်ဆိုးစစ်သူကြီး ရှန့်သည် လင်းဖန်နှင့် လုံယွဲ့တို့၏ အံ့အားသင့်နေသော အမူအရာများကို မြင်သည့်အခါ စားပွဲပေါ်နှင့် ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို စပ်စုလိုစိတ်ဖြင့် အနားသို့ တိုးကပ်စစ်ဆေးရင်း မေးလိုက်၏။
"အရှင်... ဒီပစ္စည်းတွေက အရမ်းတန်ဖိုးကြီးလို့လား.."
သူမ၏ မျက်လုံးထဲတွင် တန်ဖိုးကြီးပုံရသော ရွှေတုံးမှလွဲ၍ ကျန်ရှိသောပစ္စည်းများမှာ သာမန်အိတ်နှင့် အဝတ်အစားများကဲ့သို့သာ မြင်နေရသည်။
လင်းဖန်က စကားအများကြီး မပြောဘဲ အယ်လ်ဗွီအိတ်ကို ညွှန်ပြလိုက်ပြီး...
"ဒီအိတ်တစ်လုံးတည်းနဲ့တင် နင့်အတွက် အကောင်းဆုံး ဖုန်းတစ်လုံး ဝယ်လို့ရတယ်..."
နတ်ဆိုးစစ်သူကြီး ရှန့်သည် ထိုစကားကို ကြားသည်နှင့် မျက်လုံးများ ပြူးကျယ်သွားပြီး စားပွဲပေါ်မှ အယ်လ်ဗွီအိတ်ကို မှင်သက်စွာ လှည့်ကြည့်ရင်း အော်လိုက်သည်။
"တ... တကယ်ကြီးလား... ဒီအိတ်အသေးလေး တစ်လုံးတည်းကိုလား.."
သူမ၏ မျက်လုံးထဲတွင် ဤအယ်လ်ဗွီအိတ်မှာ ထူးခြားမှုမရှိချေ။ အကယ်၍ ထူးခြားသည်ဆိုလျှင် လက်ရာက အနည်းငယ် ပိုမိုသေသပ်ပြီး ပစ္စည်းအမျိုးအစား ပိုကောင်းခြင်းသာ ရှိသော်လည်း စျေးနှုန်းကွာခြားချက်ကမူ အလွန်အမင်း ကြီးမားလွန်းလှသည်။
' အိတ်တစ်လုံးတည်းကို ယွမ်သောင်းဂဏာန်း ပေးရတယ်ပေါ့...ငါ့ ဖုန်းတောင် ယွမ်တစ်ထောင်ပဲ ရှိတာလေ..'
နတ်ဆိုးစစ်သူကြီး ရှန့်သည် မေ့ကျီ၏ ဘေးနားသို့ ချက်ချင်းရောက်ရှိသွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို သူ၏လက်မောင်းတွင် ကပ်ထားကာ ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ကြည့်လိုက်ပြီး မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ ချိုသာသော လေသံဖြင့် ...
"အစ်ကိုမေ့... သမီးအတွက် အိတ်လေးတစ်လုံး လိုနေတာ.. ဒီအိတ်လေးကို သမီးကို ပေးလို့ရမလားဟင်.."
မေ့ကျီက သူမကို ရွံရှာသော မျက်လုံးဖြင့် ကြည့်လိုက်ပြီး တွန်းဖယ်လိုက်သည်။
"နင် လိုချင်ရင် ယူသွားလိုက်.."
"တကယ်ကြီးလား... အစ်ကိုမေ့က အကောင်းဆုံးပဲ..."
"ဒီနေ့ကစပြီး သမီးရဲ့ နှလုံးသားထဲမှာ အစ်ကိုက နတ်ဆိုးအရှင်ပြီးရင် ဒုတိယနေရာ ရောက်သွားပြီ.."
နတ်ဆိုးစစ်သူကြီး ရှန့်၏ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ဝင်းပသွားပြီး စားပွဲပေါ်မှ အယ်လ်ဗွီအိတ်ကို လှမ်းယူကာ သူမ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း ပြန်မချနိုင်အောင် ဖြစ်နေတော့သည်။
လင်းဖန်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မေ့ကျီ၏ ပုခုံးကို ဆွဲကိုင်ကာ တည်ကြည်သော အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"မေ့ကျီ... ငါ့ကို အမှန်အတိုင်းပြော.. မင်း အဲ့အမျိုးသမီးဧည့်သည်ကို တမင်တကာ ပြုစားလိုက်တာ မလား.."
လုံယွဲ့သည်လည်း မေ့ကျီကို စိုက်ကြည့်နေပြီး သူ၏အဖြေကို စောင့်ဆိုင်းနေသည်။
မေ့ကျီ၏ ဆပ်ကျူးဘတ်စ် ဖြစ်တည်မှုနှင့်ဆိုလျှင် သာမန်လူသား အမျိုးသမီးတစ်ဦးကို ပြုစားရန် အလွန်ပင် လွယ်ကူသည်။
သူ၏ မွေးရာပါ ဆွဲဆောင်မှုရှိသော ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်ရုံမျှဖြင့် မည်သည့်အမျိုးသမီးမဆို သူ့အပေါ် ကျရှုံးသွားပြီး အရာရာကို ပေးဆပ်ရန် ဝန်လေးတော့မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူမက သူ့အတွက် လက်ဆောင်များစွာ ဝယ်ပေးခဲ့သည်မှာ ပုံမှန်သာ ဖြစ်ပေလိမ့်မည်။
လင်းဖန်နှင့် အခြားသူများ၏ အကြည့်အောက်တွင် မေ့ကျီက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းပြလိုက်သည်။
"ကျွန်တော် ဖြစ်တည်မှု ပေါ်သွားမှာ စိုးလို့ရယ်၊ ကျင့်ကြံခြင်းစွမ်းအားတွေ အလဟဿ မဖြစ်စေချင်လို့ရယ်ကြောင့် ကျင့်ကြံခြင်းစွမ်းအားတွေကို အလွယ်တကူ မသုံးဖို့ အရှင်ရဲ့ အမိန့်ကို သေချာမှတ်သားထားပါတယ်။ အဲ့ဒါကြောင့် ဘာစွမ်းအားမှ ထုတ်မသုံးခဲ့ပါဘူး.."
မေ့ကျီသည် အလွန် တည်ငြိမ်ပြီး ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ်သဖြင့် လိမ်ညာနေပုံ မရချေ။ သို့သော် ဤအချက်ကပင် လင်းဖန်နှင့် လုံယွဲ့တို့ကို ပို၍ စိတ်မသက်မသာ ဖြစ်သွားစေသည်။
ဆွဲဆောင်မှုစွမ်းအားကို မသုံးခဲ့ဘူးဆိုလျှင် သူသည် သူ၏ ချောမောသော ရုပ်ရည်သက်သက်ကိုသာ အသုံးပြုပြီး ထိုအမျိုးသမီးဧည့်သည်က သူ့အတွက် လက်ဆောင်များကို စိတ်လိုလက်ရ ဝယ်ပေးလာအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင်။
တစ်ရက်တည်းနှင့် သူသည် ယွမ်ငါးသိန်းနီးပါး တန်ဖိုးရှိသော လက်ဆောင်များကို ရရှိခဲ့သည်။
လင်းဖန်၏ အကောင်းဆုံး လစဉ်စာမူခမှာပင် ယွမ်သောင်းအနည်းငယ်သာ ရှိသည်ကို သတိပြုရမည် ဖြစ်သည်။
လုံယွဲ့သည်လည်း ပြင်းထန်သော စိတ်ဒဏ်ရာကို ခံစားလိုက်ရ၏။
သူမ နေ့တိုင်း ပင်ပန်းခံကာ လိုက်ဖ်လွှင့် ခဲ့ရသည်။ သုံးလတိုင်တိုင် လိုက်ဖ်လွှင့်ခြင်းကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလတွင် ရရှိသော လစာနှင့် ဆုကြေးငွေများ ပေါင်းမှသာ ငွေတစ်သိန်းကျော်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် မေ့ကျီကမူ အပြင်ထွက်၍ တစ်ရက်တည်း အင်တာဗျူးဖြေပြီး ပြန်လာရုံမျှဖြင့် သူမ၏ ခြောက်လစာ လစာနီးပါးကို ရရှိခဲ့သည် မဟုတ်ပါလော။
'သူ ငွေရှာတာ လွယ်လွန်းမနေဘူးလား..'
ထိုအချိန်တွင် လင်းဖန်နှင့် လုံယွဲ့တို့ နှစ်ဦးစလုံး၌ တူညီသော အတွေးတစ်ခု ပေါ်လာတော့သည်။
'ရုပ်ချောတာက တကယ် ထမင်းကျွေးနိုင်တာပဲ...'
မေ့ကျီသည် စားပွဲပေါ်ရှိ ပစ္စည်းများကို လင်းဖန်ထံသို့ ဖြည်းဖြည်းချင်း တွန်းပေးလိုက်သည်။
"နတ်ဆိုးအရှင်... ကျန်တဲ့ပစ္စည်းတွေ အားလုံးကို အရှင် စိတ်ကြိုက် စီမံနိုင်ဖို့အတွက် ကျွန်တော် လွှဲအပ်ချင်ပါတယ်.. ကျွန်တော့်ရဲ့ အင်အားအနည်းငယ်ကို ပံ့ပိုးပေးခွင့်ပြုပါ.."
လင်းဖန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"မလိုပါဘူး.. ဒီပစ္စည်းတွေက တစ်ဖက်လူက မင်းကို ပေးထားတာဆိုတော့ မင်းပဲ ယူထားလိုက်ပါ..."
ထို့နောက် သူသည် စားပွဲပေါ်မှ တောက်ပနေသော ရွှေတုံးကို ခိုးကြည့်လိုက်မိပြီး လေသံကို ပြောင်းလိုက်သည်။
"ဒါပေမဲ့ ဒီရွှေတုံးကိုတော့ ငါ မင်းအတွက် သိမ်းပေးထားမယ်.. ကျန်တာတွေကိုတော့ မင်းပဲ သိမ်းထားလိုက်တော့.."
ထိုသို့ပြောပြီးနောက် သူက စားပွဲပေါ်မှ ရွှေတုံးကို ဆွဲယူလိုက်သည်။
လင်းဖန်က ရွှေတုံးကို အိတ်ထဲသို့ ထည့်ရန် ပြင်လိုက်စဉ်မှာပင် ဘေး၌ ထိုင်နေသော လုံယွဲ့က ရုတ်တရက် ချောင်းနှစ်ချက် ဆိုးလိုက်၏။
"အဟမ်း... အဟမ်း..."
လင်းဖန်၏ လက် ရပ်တန့်သွားပြီး လမ်းကြောင်းကို ချောမွေ့စွာ ပြောင်းလဲလိုက်ကာ စားပွဲပေါ်မှ ရွှေတုံးကို သူမရှိရာဘက်သို့ ပြန်လည် တွန်းပေးလိုက်တော့သည်။
"အိမ်တွင်း စီမံခန့်ခွဲမှုက တကယ်တော့ မိန်းကလေးတွေ ကိုင်တွယ်တာက ပိုပြီး သင့်တော်ပါတယ်..ဒီရွှေတုံးကို ယွဲ့အာပဲ သိမ်းထားလိုက်ပါ.."
အားလုံးက ဆွံ့အစွာ ကြည့်နေမိကြ၏။
ဤချောမွေ့လှသော လွှဲပြောင်းမှုကို ကြည့်ပြီး နတ်ဆိုးစစ်သူကြီး ရှန့်နှင့် အခြားသူများမှာ မှင်သက်သွားကြသည်။
'အိမ်တွင်းရေးမှာ အရှင်မက အာဏာအပြည့်အဝ ရှိပုံရတယ်..'
လုံယွဲ့က ချိုသာစွာ ပြုံးလိုက်ရင်း လက်ထဲရှိ လေးလံသော ရွှေတုံးကို ကိုင်ထားကာ သူမ၏ မျက်ဝန်းများထဲတွင် ရွှေတုံး၏ တောက်ပသော အရောင်ဟပ်နေသည်။
"နတ်ဆိုးအရှင်က ဒီလိုပြောမှတော့ ဒီဧကရီက ငြင်းလို့ ဘယ်ကောင်းပါ့မလဲ လက်ခံထားလိုက်မယ်.."
သူမသည် ယခင်က ထိုကဲ့သို့သော ရွှေငွေ ရတနာများကို အမှိုက်ကဲ့သို့ သဘောထားခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အလွန်လှပပြီး တောက်ပနေသည်ဟု ခံစားလိုက်ရတော့သည်။
Chapter 162
~
အခန်း ၁၆၂ : ဤနေရာမှ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်...
~
ကျန့်ရှို့ အိမ်ရာဝင်း၏ တံခါးဝအပြင်ဘက်တွင်...
လုံယဲ့သည် လှေကားထစ်ပေါ်၌ မျက်မှောင်ကြုတ်ကာ မေးထောက်ထိုင်နေပြီး တစ်ချက်တစ်ချက် သက်ပြင်းချနေသည်။ သူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများက အတိုင်းသားပေါ်လွင်နေ၏။
မေ့ကျီသည် အလုပ်တစ်ခုကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ရုံသာမက ဆိုင်၏ အဓိကဆွဲဆောင်မှု ကြယ်ပွင့်ပင် ဖြစ်လာခဲ့ပြီး နေ့စဉ်နေ့တိုင်း သူ့ကို လာရောက်တွေ့ဆုံကြသည့် အမျိုးသမီးများမှာလည်း မနည်းမနော ပင်။
အခြားတစ်ဖက်တွင်မူ သူသည် မည်သည့်အလုပ်မျိုးကို လုပ်ကိုင်ချင်သည်ဆိုသည်ကိုပင် ယခုထိတိုင် ရေရေရာရာ မသိသေးချေ။
နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီးလေးဦးအနက် တစ်ဦးဖြစ်ပြီး မြင့်မြတ်လှသော နဂါးမျိုးနွယ်တစ်ဦးအနေဖြင့် သူ၏တာဝန်မှာ နတ်ဆိုးလောက၏ နယ်စပ်ဒေသများကို စောင့်ကြပ်ရန်နှင့် နတ်ဆိုးအရှင်ကို ကာကွယ်ရန်သာ ဖြစ်သည်။ မေ့ကျီကဲ့သို့ အမျိုးသမီးများကို ပြုစုဖျော်ဖြေရမည့် အလုပ်မျိုးကိုမူ သူ မည်သည့်သော အကြောင်းနှင့်မှ လုပ်နိုင်မည် မထင်။
ထို့အပြင် မေ့ကျီ အွန်လိုင်းတွင် လုပ်ဆောင်ခဲ့သည့် ကိုယ်ရေးမှတ်တမ်း တင်ရသည့်အလုပ်ကလည်း သူအတွက် အလွန်ပင် ခက်ခဲနေသည်။
ကိုယ်ရေးမှတ်တမ်းပေါ်တွင် ဘာတွေရေးရမည်ကို မသိသည့်အပြင် မေ့ကျီကဲ့သို့ အားစိုက်ထုတ်ပြီး ရေးသားနိုင်ခဲ့လျှင်ပင် တစ်ခုချင်းစီ လိုက်လံတင်ပြပြီး အကြောင်းပြန်စာကို စောင့်ဆိုင်းနေရဦးမည်ဖြစ်ရာ အလွန်ပင် ကြာလွန်းလှသည်။
သူသည် အချိန်ဆွဲပြီး စောင့်ဆိုင်းရခြင်းကို မနှစ်သက်သလို အခြားသူများ၏ ရွေးချယ်ခြင်းကို ခံရသည့် အဖြစ်မျိုးကိုလည်း လုံးဝ မလိုလားပေ။ အွန်လိုင်းတွင် ကိုယ်ရေးမှတ်တမ်းများ လိုက်တင်နေမည့်အစား အပြင်သို့ ထွက်ကာ အလုပ် ရှာဖွေခြင်းက ပို၍ ကောင်းမွန်ပေသည်။
သို့သော်လည်း သူ အပြင်ဘက်တွင် တစ်နေ့ကုန်နီးပါး လျှောက်သွားခဲ့ပြီး ဆိုင်ခန်းမျက်နှာစာများတွင် ကပ်ထားသည့် အလုပ်ခေါ်စာ အမြောက်အမြားကို ကြည့်ခဲ့သော်လည်း သူ မျက်စိကျလောက်မည့် အလုပ်တစ်ခုမှ မရှိခဲ့ချေ။
များသောအားဖြင့် သူ မတက်ကျွမ်းသည့် အလုပ်များသာ ဖြစ်နေ၏။
သင့်တော်မည့် အလုပ်တစ်ခု ရှာဖွေရခြင်းမှာ သူ၏ အဓိက ပူပန်မှုကြီး ဖြစ်လာတော့သည်။
နတ်ဆိုးအရှင်က သူ့ကို အလုပ်ရှာခိုင်းခြင်းမှာ တကယ်ကို ခက်ခဲလွန်းလှသည်။ တစ်စုံတစ်ယောက်ကို သွားရောက်သတ်ဖြတ်ရန် အမိန့်ပေးလိုက်ခြင်းက ဤအလုပ်ထက် ပိုမိုရိုးရှင်းပြီး လွယ်ကူလိမ့်မည်ဖြစ်ရာ သူကလည်း ထိုအရာကိုသာ ပို၍ သဘောကျမိပေလိမ့်မည်။
"ဟူး.."
လုံယဲ့ စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ အလုပ်တစ်ခု ရှာရခြင်းမှာ ထာဝရဧကရာဇ်ကို သတ်ရခြင်းထက်ပင် ပို၍ ခက်ခဲနေသည်။
သူ ပြန်ရန်အတွက် ထရပ်လိုက်ပြီး အိမ်ရာဝင်း တံခါးဝမှ ဖြတ်သန်းသွားစဉ် ဘေးဘက်ရှိ အရာတစ်ခုကို အမြင်အာရုံက ဖမ်းစားသွားသဖြင့် ချက်ချင်း ခြေလှမ်းတုံ့ကာ နောက်သို့ တစ်လှမ်း ပြန်ဆုတ်လိုက်သည်။
အိမ်ရာဝင်း တံခါးဝဘေးရှိ ကြော်ငြာသင်ပုန်းပေါ်တွင် ထင်ရှားစွာ ကပ်ထားသည့် လုံခြုံရေးဝန်ထမ်း ခေါ်ယူခြင်း ကြော်ငြာစာရွက်ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
"လုံခြုံရေးဝန်ထမ်း တစ်ဦး အလိုရှိသည်။ တစ်လလျှင် လေးရက် ပိတ်ရက်ရှိပြီး လစာ ငါးထောင် ဖြစ်သည်။ အဓိက တာဝန်မှာ အိမ်ရာဝင်း တံခါးဝကို စောင့်ကြပ်ရန် ဖြစ်သည်..."
လုံယဲ့သည် အလုပ်ခေါ်စာရွက်ပေါ်ရှိ အချက်အလက်များကို သေသေချာချာ ဖတ်ရှုစစ်ဆေးပြီးနောက် သူ၏ နှလုံးသား လှုပ်ခတ်သွားသည်။
ဤလုံခြုံရေးဝန်ထမ်း၏ လစာမှာ မမြင့်မားလှဘဲ မေ့ကျီ၏ အလုပ်နှင့် နှိုင်းယှဉ်လျှင် အလွန် ကွာခြားလှသော်လည်း ဤအလုပ်သည် သူနှင့် အလွန် သင့်တော်လိမ့်မည်ဟု အကြောင်းပြချက်မရှိဘဲ ခံစားလိုက်ရသည်။
နတ်ဆိုးအရှင်နှင့် အရှင်မတို့က ဤအိမ်ရာဝင်းအတွင်း၌ နေထိုင်ကြ၏။ သူ၏ နတ်ဆိုးလောကရှိ တာဝန်မှာလည်း နတ်ဆိုးလောက နယ်စပ်ကို စောင့်ကြပ်ရန်နှင့် နတ်ဆိုးအရှင်ကို ကာကွယ်ရန် ဖြစ်သည်။ အကယ်၍ သူသာ ဤအိမ်ရာဝင်း၏ လုံခြုံရေးဝန်ထမ်း ဖြစ်လာခဲ့လျှင် ထိုသည်မှာ နတ်ဆိုးအရှင်နှင့် အရှင်မတို့ကို ကာကွယ်စောင့်ရှောက်နေရခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
ဤသို့ဆိုလျှင် ယခုအလုပ်သည် နဂါးမျိုးနွယ်တစ်ဦးအနေဖြင့် သူ၏ မြင့်မားလှသော သိက္ခာနှင့် မာန်မာနကို ညှိုးမှိန်စေမည် မဟုတ်ချေ။
ထိုသို့ တွေးတောပြီးနောက် လုံယဲ့သည် အလုပ်ခေါ်စာရွက်ကို ဆွဲခွာလိုက်ပြီး လုံခြုံရေးရုံးခန်းရှိရာသို့ လျှောက်သွားသည်။
"ဒီဘု... အဟမ်း.. ကျွန်တော် လုံခြုံရေးဝန်ထမ်း အလုပ်လျှောက်ဖို့ လာတာပါ.."
လုံခြုံရေးရုံးခန်းအတွင်း၌ တစ်ခေါင်းလုံးဖြူဖွေးနေသောအဘိုးအိုတစ်ဦးသည် မျက်စိကို မှေးထားရင်း သူ၏ရှေ့မှ လွတ်နေသော နေရာကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"နောက်ဆုံးတော့ အလုပ်လျှောက်မယ့်သူ ရောက်လာပြီပဲ။ ကောင်းတယ်၊ ကောင်းတယ်။ အခုပဲ အထက်ကလူတွေကို ဖုန်းဆက်ခေါ်လိုက်မယ်.."
ထိုသို့ပြောပြီးနောက် အဘိုးအိုက ခေါက်ဖုန်းတစ်လုံးကို ကောက်ကိုင်ကာ နံပါတ်တစ်ခုသို့ ခေါ်လိုက်တော့သည်။
လုံယဲ့သည် လုံခြုံရေးရုံးခန်း ဝင်ပေါက်ဝတွင် ဆွံ့အစွာ ရပ်နေမိပြီး သူ၏ နောက်ဘက်နှင့် ဘေးပတ်ပတ်လည်ကိုပင် လှည့်ပတ်ကြည့်ရှုကာ နားမလည်နိုင်ဖြစ်သွားသည်။
'ဒီအဘိုးကြီး ဘယ်သူ့ကို စကားပြောနေတာပါလိမ့်..'
မကြာမီပင် အနည်းငယ် ဝဖြိုးသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လုံခြုံရေးရုံးခန်းအတွင်းသို့ ဝင်လာခဲ့သည်။
"အဘိုးလျို... အလုပ်လျှောက်မယ့်သူ ရောက်လာပြီလား.."
"အင်း... ဟုတ်တယ်၊ ဟုတ်တယ်။ လူငယ်လေးတစ်ယောက်လေ၊ ဟောဟိုမှာ ထိုင်နေတယ်.."
အဘိုးအိုက လှည့်ကာ လုံယဲ့၏ ဘေးနားရှိ လွတ်နေသော ခုံကို ညွှန်ပြလိုက်သည်။
လုံယဲ့ ၏ မျက်နှာတွင် မေးခွန်းအမှတ်အသား အကြီးကြီး ပေါ်လာသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသလည်း ကြောင်အသွားသည်။
လုံယဲ့သည် မိမိဘေးရှိ လွတ်နေသော ခုံကို ကြည့်ရင်း အတွေးနက်သွား၏။
'ဒီအခန်းထဲမှာ ငါ မမြင်နိုင်တဲ့ အရာတစ်ခုခု ရှိနေတာလား..'
"အဘိုးလျို... အဘိုးရဲ့စာဖတ်မျက်မှန်ကို ပြန်တပ်သင့်နေပြီဗျ.."
အလယ်အလတ်အရွယ် အမျိုးသားသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ ထို့နောက် လုံယဲ့၏ အရှေ့သို့ လျှောက်လာပြီး သူ့ကို သေသေချာချာ အကဲခတ်လိုက်သည်။
' အင်း သူ့ ကိုယ်ခန္ဓာက သန်မာတယ်..ယုံကြည်ရတဲ့ ရုပ်ရည်ရှိပြီး တောင်တစ်လုံးလို မတ်မတ် ထိုင်နေတာဆိုတော့ ..တကယ် သင့်တော်တဲ့သူပဲ..'
'ဒီလူငယ်ရဲ့ ကိုယ်ပေါ်မှာ နဂါးနှစ်ကောင် တက်တူးကို ဘာဖြစ်လို့ ထိုးထားတာပါလိမ့်..'
လုံယဲ့၏ လက်မောင်းပေါ်ရှိ နဂါးတက်တူးများကို မြင်လိုက်ရသည့်အခါ သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်မှောင်ကြုတ်လိုက်မိ၏။
အကယ်၍ လုံခြုံရေးဝန်ထမ်းတစ်ဦးတွင် တက်တူးများ ရှိနေပါက အိမ်ရာဝင်းအတွင်း နေထိုင်သူများကို အထင်အမြင် လွဲမှားစေနိုင်သဖြင့် ထိုကဲ့သို့သော လူမျိုးများကို များသောအားဖြင့် ထည့်သွင်းစဉ်းစားလေ့ မရှိကြချေ။
သို့သော်လည်း သူတို့အိမ်ရာဝင်း၏ အလုပ်ခေါ်စာ ကပ်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မည်သူမျှ လာရောက်လျှောက်ထားခြင်း မရှိ။ လာရောက်စုံစမ်းသူ အနည်းငယ်မှာလည်း အခြေအနေကို မေးမြန်းပြီးနောက် လက်လျှော့သွားခဲ့ကြသည်။
သူတို့အိမ်ရာဝင်းမှာ မြို့နှင့် ဝေးကွာလွန်းလှပြီး လစာလည်း နည်းပါးကာ ခံစားခွင့်များကလည်း သိပ်မကောင်းသဖြင့် သင့်တော်မည့်သူကို ရှာဖွေရန် ခက်ခဲနေခြင်း ဖြစ်သည်။
အဘိုးလျိုမှာလည်း အသက်အရွယ်ကြီးရင့်လာပြီဖြစ်ရာ အနားယူရန် အချိန်နီးကပ်နေလေပြီ ။ သူတို့အနေဖြင့် အဘိုးအို၏ အလုပ်ကို လွှဲပြောင်းရယူမည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကို အရေးတကြီး လိုအပ်နေသည်။
ခဏကြာအောင်ဝေခွဲမရ ဖြစ်နေပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကုလားထိုင်တစ်လုံးကို ဆွဲကာ လုံယဲ့၏ အရှေ့တွင် ဝင်ထိုင်လိုက်သည်။
"မင်္ဂလာပါ၊ ငါ့နာမည်က ကျန်းကန်း ပါ။ ဒီက လုံခြုံရေးအဖွဲ့ရဲ့ အရာရှိဖြစ်ပြီး အိမ်ရာဝင်း စီမံခန့်ခွဲသူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်.."
"ပထမဆုံးအနေနဲ့ ရိုးရိုးရှင်းရှင်း အင်တာဗျူးလေးပဲ လုပ်ကြရအောင်။ စိတ်မလှုပ်ရှားပါနဲ့၊ သာမန် စကားစမြည် ပြောကြတယ်လို့ပဲ သဘောထားလိုက်ပါ.."
"မင်းမှာ အရင်က လုံခြုံရေးဝန်ထမ်း လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိလား.."
လုံယဲ့သည် ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
" မရှိပါဘူး.."
ထို့နောက် သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်မှာ အလားတူ အလုပ်အတွေ့အကြုံတော့ ရှိပါတယ်..ကျွန်တော့်ရဲ့ အရင် တာဝန်ကတော့ နယ်စပ်ဒေသတွေကို စောင့်ကြပ်ဖို့နဲ့ ကျူးကျော်လာတဲ့ ရန်သူအားလုံးကို ချေမှုန်းဖို့ပါ.."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းကန်း၏ မျက်လုံးများက တောက်ပသွားသည်။
"အို... ညီလေး ..အရင်က စစ်သားတစ်ယောက် ဖြစ်ခဲ့တာလား.."
လုံယဲ့က တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်.."
ထိုသည်ကို မြင်သည့်အခါ ကျန်းကန်း၏ မျက်နှာတွင် အပြုံးများ ပွင့်လန်းသွားပြီး လုံယဲ့အပေါ် ထားရှိသော အထင်အမြင်မှာလည်း အလွန်အမင်း ကောင်းမွန်သွားတော့သည်။
"တိုက်ဆိုင်လိုက်တာ ညီလေးရာ.. ငါလည်း အရင်က စစ်တပ်ထဲမှာ ရှိခဲ့တာ၊ ဒါပေမဲ့ အဲ့ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပေါ့.."
"ဒါနဲ့ ညီလေးက ဘယ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တာလဲ.."
"နတ်ဆိုးနဂါး ပထမ တပ်မကြီးပါ.."
" နတ်ဆိုးနဂါး ပထမ တပ်မကြီး ဟုတ်လား..."
ကျန်းကန်း၏ အမူအရာမှာ ခဏတာ ကြောင်အသွားသည်။
ထိုကဲ့သို့သော တပ်ဖွဲ့အမည်ကို သူ တစ်ခါမှ မကြားဖူးချေ။
အထူးတပ်ဖွဲ့တစ်ခုခု၏ လျှို့ဝှက်ကုတ်နာမည် ဖြစ်နေမည်လော။ ဤလူငယ်၏ ထိုင်နေသော ပုံစံကို ကြည့်ရသည်မှာ အမှန်ပင် အနားယူလာခဲ့သော အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်နိုင်ပေသည်။
ထိုသို့ တွေးတောမိသည့်အခါ ကျန်းကန်း၏ မျက်လုံးများထဲတွင် လုံယဲ့အပေါ် လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာတော့သည်။
အထူးတပ်ဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်သူများမှာ တပ်ဖွဲ့အသီးသီးရှိ ထောင်သောင်းချီသော စစ်သားများထဲမှ လက်ရွေးစင် ရွေးချယ်ခံထားရသည့် ထိပ်တန်းကျွမ်းကျင်ပညာရှင်များသာ ဖြစ်ကြသည်ကို သိထားရမည်။
ထို့အပြင် သူသည် စစ်တပ်မှ အနားယူပြီးသည့်တိုင်အောင် ယခုကဲ့သို့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံကို ထိန်းသိမ်းထားနိုင်ခြင်းက သူ စစ်တပ်မှ ထွက်လာခဲ့သော်လည်း ပျင်းရိခြင်းမရှိဘဲ ကြိုးစားပမ်းစား လေ့ကျင့်နေဆဲဖြစ်ကြောင်း ပြသနေသည်။
ကျန်းကန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ညီလေး.. မင်းရဲ့ အရည်အချင်းမျိုးနဲ့ဆိုရင် ဘာဖြစ်လို့ ဒီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် ဘာလို့ လာလျှောက်တာလဲ.."
ကျန်းကန်း၏ အမြင်အရ လုံယဲ့၏ အရည်အချင်းနှင့်ဆိုပါက ပိုမိုကောင်းမွန်သော အလုပ်တစ်ခုကို သေချာပေါက် ရှာနိုင်မည်ဖြစ်သည်။ သူတို့အိမ်ရာဝင်းတွင် လုံခြုံရေး လာလုပ်နေခြင်းမှာ သူ၏ အရည်အချင်းများကို ဖြုန်းတီးပစ်ရာ ရောက်နေ၏။
လုံယဲ့က မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး သူ၏ စကားလုံးများမှာ ပြတ်သားကာ ဟိန်းထွက်သွားတော့သည်။ စကားလုံးတိုင်းမှာ ကျန်းကန်း၏ နှလုံးသားကို လေးလံသော တူတစ်လက်ဖြင့် ထုနှိုက်လိုက်သကဲ့သို့ ရှိသည်။
"ဒီနေရာက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ။ ပြီးတော့ ကျွန်တော့်ရဲ့ စောင့်ကြပ်ရမယ့် တာဝန်ကို ကျေပွန်ဖို့အတွက် ဖြစ်ပါတယ်.."
'ဒီနေရာက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဟုတ်လား..'
အိမ်ရာဝင်းအတွင်း နေထိုင်သူများကို ရည်ညွှန်းခြင်းလော။ မဟုတ်နိုင်။ သူ၏ အတွေးက အလွန် ကျဉ်းမြောင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ နောက်ထပ်စကားနှင့် ပေါင်းစပ်လိုက်လျှင် စစ်သည်တော်တစ်ဦး အမှန်တကယ် ကာကွယ်ရမည့်အရာမှာ အဘယ်နည်း။
ထိုသည်က ပြည်သူလူထုပင် ဖြစ်သည်။
သူသည် ပိုမိုကောင်းမွန်သော အခြေအနေများရှိသည့် အခြားအလုပ်များကို ငြင်းပယ်ရန် ဝန်မလေးခဲ့ဘဲ နယ်မြေတစ်ခုကို ကာကွယ်ရမည့် လုံခြုံရေးဝန်ထမ်းအလုပ်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုခေတ်တွင် ဤကဲ့သို့သော သိနားလည်မှုမျိုးရှိသည့် လူများမှာ အလွန်ပင် ရှားပါးလှသည်။ ထိုကဲ့သို့သောသူကို လုံခြုံရေးဝန်ထမ်းအဖြစ် ရရှိထားခြင်းက စိုးရိမ်ပူပန်စရာ ဘာရှိတော့မည်နည်း။
ကျန်းကန်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး လုံယဲ့၏ ပုခုံးကို တည်ကြည်စွာဖြင့် ပုတ်လိုက်သည်။
"မင်း မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ.."
"မင်းရဲ့ လစာကို ခြောက်ထောင်အထိ တိုးမြှင့်ပေးဖို့အတွက် အထက်လူကြီးတွေဆီကို ငါ ကိုယ်တိုင် တင်ပြပေးမယ်.."