← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း ၁၆၃ : အရိပ်မိန်းကလေးလည်း အလုပ်လုပ်ချင်..

~

"ရှောင်ယင်း..."

လမ်းဘေး စားသောက်ဆိုင်တန်းတွင် ရှနွမ်းယန်သည် ခုံတန်းလျားလေးပေါ်၌ ထိုင်နေပြီး မလှမ်းမကမ်းတွင် ရပ်နေသော ယင်းနွီကို စိတ်အားထက်သန်စွာ ဖြင့် လှမ်း၍ လက်ယမ်းပြလိုက်သည်။

ယင်းနွီက သူမကို သတိပြုမိသွားပြီး သူမရှိရာသို့ တည့်တည့်လျှောက်လာကာ ရှေ့တည့်တည့်ရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

"အန်ကယ်... ဆန်ပြားကြော် နှစ်ပွဲပေးပါ၊ အစပ်မထည့်ဘူးနော်.."

ယင်းနွီ ဝင်ထိုင်လိုက်သည်နှင့် ရှနွမ်းယန်က လှည့်၍ ဆိုင်ရှင်ကို လှမ်းမှာလိုက်သည်။

"အခုပဲ လာပါပြီဗျာ.."

ဆိုင်ရှင်က ပြန်ထူးလိုက်ပြီးနောက် ဂြိုဟ်ပတ်အင်ဂျင်စက်ကြီးတစ်လုံးကို နှိုးလိုက်သကဲ့သို့ ယောင်မနှင့် ဒယ်အိုးတို့ ထိခတ်သံများ တချန်ချန် မြည်ဟီးလာတော့သည်။ ဒယ်အိုးအတွင်းရှိ ဆန်ပြားကြော်များမှာ ပြင်းထန်လှသော မီးအပူရှိန်အောက်တွင် လိပ်တက်ကာ တရှူးရှူး မြည်သံများနှင့်အတူ ရနံများ မွှေးကြိုင်လာသည်။

'ရှောင်ယွင်း ငါ့ဆီကို အဆက်အသွယ်လုပ်လာလိမ့်မယ်လို့ ထင်မထားဘူး။ တစ်ခုခု ဖြစ်လို့လား..'

ရှနွမ်းယန်က သူမ၏ရှေ့မှ ယွင်းနွီကို ကြည့်ရင်း ဝမ်းသာအားရ ပြုံးပြလိုက်သည်။

သူမသည် သူစိမ်းမြို့ပြတစ်ခုတွင် ပါဆယ်ပို့ဆောင်ရေး လုပ်ကိုင်နေသူတစ်ဦး ဖြစ်သဖြင့် သူငယ်ချင်းအပေါင်းအသင်းဟူ၍ အလွန်ပင် ရှားပါးလှသည်။ ရင်ဖွင့်တိုင်ပင်နိုင်မည့်သူ ဝေးစွ၊ အတူတူ လျှောက်လည်မည့် မိန်းကလေးသူငယ်ချင်းတစ်ဦးမှ မရှိ။

ယင်းနွီသည် အနည်းငယ် အူကြောင်ကြောင်ဖြစ်နေတက်သော်လည်း စိတ်နေသဘောထားမှာ အလွန်ရိုးသားဖြူစင်လှသဖြင့် ရှနွမ်းယန်၏ စိတ်ထဲတွင် သူမကို ညီမငယ်လေးတစ်ဦးကဲ့သို့ ကာကွယ်စောင့်ရှောက်လိုစိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာသည်။

လွန်ခဲ့သည့်တစ်ခေါက်က သူမကို အိမ်သို့ လိုက်ပို့ပေးပြီးနောက် နောက်ထပ်တစ်ကြိမ် ဆုံတွေ့ခွင့်ရတော့မည် မဟုတ်ဟု တွေးမိကာ စိတ်မကောင်း ဖြစ်ခဲ့မိ၏။

ထို့ကြောင့် ယင်းနွီထံမှ အစပြု၍ ဆက်သွယ်လာသော စာတိုကို လက်ခံရရှိလိုက်သည့်အခါ သူမ အလွန်ပင် ပျော်ရွှင်သွားခဲ့ပြီး တွေ့ဆုံမည့်နေရာကို စိတ်အားထက်သန်စွာ ချက်ချင်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနွီက တည်ငြိမ်သော လေသံဖြင့် ...

" ငါ နင့်ကို အကူအညီတစ်ခု တောင်းချင်လို့ပါ.."

"ဘာကိစ္စလဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ အားနာမနေနဲ့.."

"ငါ အလုပ်တစ်ခု ရှာချင်လို့.."

"အလုပ်ရှာချင်လို့ ဟုတ်လား.."

ရှနွမ်းယန် ခဏတာ ကြောင်သွားပြီးနောက် ဆက်မေးလိုက်သည်။

"ရှောင်ယင်း.. နင့်ရဲ့ ပညာအရည်အချင်းက ဘယ်လောက်အထိ ရှိလဲ.."

"ငါ ကျောင်းမတက်ဖူးဘူး.."

"ဒါဆိုရင် ရော... ထူးခြားတဲ့ ကျွမ်းကျင်မှု အတတ်ပညာတစ်ခုခု ရှိလား.."

"အင်း..."

ယင်းနွီ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ရုပ်သေကြီးဖြင့်(ခပ်တည်တည်) ပြောလိုက်သည်။

"နတ်ဆိုးအရှင်ကတော့ ပြောဖူးတယ်။ ငါက ကိုယ်ယောင်ဖျောက်တာ၊ နောက်ယောင်ခံလိုက်တာနဲ့ လုပ်ကြံသတ်ဖြတ်တဲ့ နေရာတွေမှာ အထူးပါရမီရှိတယ်တဲ့..."

"နေဦး.. နေဦး..."

ယင်းနွီ၏ စကားမဆုံးသေးမီမှာပင် ရှနွမ်းယန်က လက်ကို အမြန်မြှောက်၍ တားလိုက်ရတော့သည်။

'အဲ့ဒါတွေက ဘာတွေလဲ..'

'ကိုယ်ယောင်ဖျောက်တာ၊ နောက်ယောင်ခံလိုက်တာ၊ လုပ်ကြံသတ်ဖြတ်တာ တဲ့လား.. ဒါတွေက လူသတ်သမားတွေရဲ့ အရည်အချင်းတွေလေ..'

'တကယ့်ကို အဓိပ္ပာယ်မရှိတာ..'

'အဲ့ဒီ မုန်းစရာကောင်းတဲ့ နတ်ဆိုးအရှင် ဆိုတဲ့ကောင်က ဒီလောက်ချစ်စရာကောင်းတဲ့ ရှောင်ယင်းလေးကို ဘာတွေ လျှောက်ပြောထားတာပါလိမ့်..'

'ဒီလို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်က အဲ့ဒီလို အရာမျိုးတွေကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ..'

'ရှောင်ယင်းလို ရိုးအဖြူစင်လွန်းတဲ့ မိန်းကလေးမျိုးမို့လို့သာ အဲ့ဒီလို လိမ်ညာလှည့်ဖြားတဲ့ စကားတွေကို ယုံကြည်နေတာ ဖြစ်ရမယ်..'

"ရှောင်ယင်း... နင်ကိုယ်တိုင်ကော တကယ် လုပ်ချင်တဲ့ အလုပ်မျိုး သီးသန့်ရှိလား.."

"မရှိပါဘူး.."

ယင်းနွီက စဥ်းစားမနေဘဲ ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။

လုံယဲ့တို့နည်းတူ သူမသည်လည်း အလုပ်တစ်ခုကို မည်သို့ရှာရမည် သို့မဟုတ် မည်သည့်အလုပ်မျိုးကို ရှာဖွေရမည်ဆိုသည်ကို မသိချေ။

သို့သော်လည်း မေ့ကျီ အလုပ်ရပြီးနောက် နတ်ဆိုးအရှင်၏ ချီးမွမ်းခြင်းကို ခံရသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမသည်လည်း အမြန်ဆုံး အလုပ်တစ်ခု လုပ်ချင်နေခြင်း ဖြစ်သည်။

ဤကမ္ဘာလောကတွင် သူမကို ကူညီနိုင်လိမ့်မည်ဟု တွေးမိသော တစ်ဦးတည်းသောလူမှာ မကြာသေးမီကမှ သိကျွမ်းခဲ့ရသည့် ရှနွမ်းယန်သာ ရှိသည်။

"ကိုယ်တိုင်လုပ်ချင်တဲ့ အလုပ် သီးသန့်မရှိဘူး ဆိုတော့လည်း..."

ယင်းနွီတစ်ယောက် မိမိဘာလုပ်ချင်သည်ကိုပင် မသိကြောင်း ကြားလိုက်ရသည့်အခါ ရှနွမ်းယန်မှာ ချက်ချင်းပင် အခက်တွေ့သွားတော့သည်။

ပညာအရည်အချင်းလည်း မရှိ၊ ထူးခြားသည့် အတတ်ပညာလည်း မရှိ၊ မိမိဘာလုပ်ချင်သည်ကိုလည်း မသိဘဲနှင့် မည်သည့်အားသာချက်မျှမရှိ၊ လမ်းကြောင်းမရှိဘဲ အလုပ်တစ်ခု ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ရှောင်ယင်းသည် အလွန်ပင် ရိုးအလွန်းလှသဖြင့် လူလိမ်များ၏ လှည့်ဖြားခြင်းကို အလွယ်တကူ ခံရနိုင်သည့် မိန်းကလေးမျိုး ဖြစ်နေသည်မှာ ထင်ရှားလှရာ မည်သည့်အလုပ်မျိုးက သူမနှင့် သင့်တော်မည်ကို ရှနွမ်းယန်လည်း မဝေခွဲတတ်တော့ချေ။

ခဏတာ စဥ်းစားပြီးနောက် ရှနွမ်းယန်က အကြံပြုလိုက်သည်။

"ရှောင်ယင်း... ဒါဆိုရင် ငါနဲ့အတူတူ အစားအသောက် ပါဆယ်လိုက်ပို့မလား.."

"ပါဆယ်ပို့တာ ဟုတ်လား။ အဲ့ဒါဆိုရင် ပိုက်ဆံအများကြီး ရနိုင်မလား.."

ယင်းနွီက ဘာမှမသိသော အကြည့်ဖြင့် မေးလိုက်သည်။

"အဲ့ဒါကတော့... လူအပေါ်မှာပဲ မူတည်တာပေါ့.."

"တကယ်လို့ နင် ပါဆယ်ကို မြန်မြန်နဲ့ အများကြီး ပို့နိုင်ရင်တော့ ပိုက်ဆံအများကြီး ရမှာ.."

"ကောင်းပြီလေ.. ဒါဆိုရင် ငါ စမ်းကြည့်ချင်တယ်.."

ပိုက်ဆံအများကြီး ရနိုင်မည့် မျှော်လင့်ချက် ရှိကြောင်း သိလိုက်ရသောအခါ ယင်းနွီက ချက်ချင်းပင် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ..ဒါဆိုရင် စားသောက်ပြီးတာနဲ့ ငါ လိုက်ပြမယ်.."

ရှနွမ်းယန်က တောက်ပစွာ ပြုံးလိုက်သည်။

ထိုအချိန်တွင် ဆန်ပြားကြော် နှစ်ပွဲ ရောက်ရှိလာခဲ့သည်။

သူတို့နှစ်ဦးသည် ဆန်ပြားကြော်ကို စားသောက်ရင်း စကားစမြည် ပြောဆိုကြရာ အများအားဖြင့် ရှနွမ်းယန်ကသာ စကားများကို အဆက်မပြတ် ပြောဆိုနေခြင်းဖြစ်ပြီး ယင်းနွီကမူ ဘေးမှနေ၍ အလိုက်သင့်သာ ထောက်ခံနေသည်။

မကြာမီပင် သူတို့နှစ်ဦး စားသောက်ပြီးစီးသွားကြပြီး ပါဆယ်ပို့ဆောင်မည့် အလုပ်ကို စတင်ကြတော့သည်။

"ရှောင်ယင်း... ဒါက ပါဆယ်ပို့ဆောင်သူတွေ သုံးရတဲ့ App လေ။ ပထမဆုံး အနေနဲ့ ဖုန်းထဲကို ဒေါင်းလုဒ်ဆွဲပြီး အကောင့်တစ်ခု အရင်ဖွင့်ရမယ်။ ပြီးရင်တော့ အခြေခံ သင်တန်းနဲ့ စစ်ဆေးမှုတွေကို အောင်မြင်အောင် လုပ်ပြီးတာနဲ့ လိုင်းပေါ်တက်မယ်ဆိုတာကို နှိပ်ပြီး အော်ဒါ Orderတွေကို စလက်ခံလို့ရပြီ.."

"စနစ်ကနေ အော်ဒါတွေကို အလိုအလျောက် ချပေးတတ်သလို တစ်ခါတစ်လေ ငါတို့ ကိုယ်တိုင်လည်း အော်ဒါကို လုပြီး ဖမ်းရတာမျိုး ရှိတယ်။ အော်ဒါတစ်ခုကို ဖမ်းမိပြီဆိုရင်တော့ လမ်းကြောင်းကို နှိပ်ပြီး ဂျီပီအက်စ် အတိုင်း လိုက်သွားပြီး ပစ္စည်းယူ၊ ပြီးရင် သွားပို့ရုံပဲ.."

ရှနွမ်းယန်က စကားပြောနေရင်း ဖုန်းမျက်နှာပြင်ပေါ်မှ စာရင်းကို အမှတ်မထင် ဆွဲချ၍ အသစ်ပြန်ဖွင့်လိုက်ရာ အော်ဒါအသစ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သူမ၏ အကြည့်များက စူးရှသွားပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လက်အမူအရာဖြင့် ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကာ ထိုအော်ဒါကို ဖမ်းယူလိုက်တော့သည်။

"တွေ့လား... ဒီလိုမျိုးပဲ။ ဒါက အော်ဒါတစ်ခုကို အောင်အောင်မြင်မြင် ဖမ်းလိုက်နိုင်တာပဲ.."

ရှနွမ်းယန်က သူမ အောင်မြင်စွာ ဖမ်းလိုက်နိုင်သော အော်ဒါကို ဂုဏ်ယူစွာဖြင့် ထုတ်ပြလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းပြကာ ယင်းနွီကို သူမ၏ နောက်တွင် ဝင်ထိုင်စေပြီး လျှပ်စစ်ဆိုင်ကယ်၏ လီဗာကို ဆွဲကာ အစားအသောက်ဆိုင်ရှိရာသို့ ဦးတည်မောင်းနှင်လိုက်တော့သည်။

"အန်ကယ်... အော်ဒါနံပါတ် ၃၆ ရပြီလားရှင့်.."

ရှနွမ်းယန်သည် ယင်းနွီကို ခေါ်ဆောင်ကာ လမ်းဘေး စားသောက်ဆိုင်လေးတစ်ခုအတွင်းသို့ ဝင်သွားပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

ဆိုင်အတွင်းရှိ အမျိုးသားဆိုင်ရှင်က ရှနွမ်းယန်ကို မြင်လိုက်ရသည့်အခါ ပြုံးရွှင်စွာဖြင့် ဘေးနားရှိ စားပွဲပေါ်တွင် ထုပ်ပိုးထားသော ပါဆယ်ထုတ်ကို ညွှန်ပြလိုက်သည်။

"ဟောဒီမှာ... မင်းအတွက် အဆင်သင့် ပြင်ထားပြီးသားပါ.."

"ကျေးဇူးတင်ပါတယ် အန်ကယ်.."

ရှနွမ်းယန်က ချိုသာစွာ ပြုံးပြလိုက်ပြီး ပါဆယ်ထုတ်ကို ကောက်ယူကာ သူမ၏ အပူထိန်းအိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ယင်းနွီကို သူမ၏ နောက်တွင် ပြန်လည် ထိုင်ခိုင်းပြီး ပါဆယ်သွားရောက်ပို့ဆောင်ရန် ထွက်ခွာခဲ့ကြတော့သည်။

"ဆိုင်ပိုင်ရှင်တွေက ယေဘုယျအားဖြင့် တို့တွေလို ပါဆယ်ပို့သမားတွေကို အခက်အခဲဖြစ်အောင် မလုပ်ကြပါဘူး။ တစ်ခါတစ်ရံမှာ သူတို့က ငါတို့ကို အစားအသောက် လက်ဆောင် ပေးတာမျိုးတောင် ရှိတတ်သေးတယ်။ တစ်ခါတလေ သူတို့ အစားအသောက် ပြင်ဆင်ရတာ အလုပ်များနေပြီး အချိန်မရဖြစ်နေရင် တို့တွေက သက်ဆိုင်ရာ အော်ဒါနံပါတ်ကို ကိုယ်တိုင်ရှာပြီး ပါဆယ်ထုတ်ကို ယူသွားလို့ရတယ်.."

"တကယ်လို့အစားအသောက် စောင့် ရတာ အလွန် ကြာနေမယ်ဆိုရင်တော့ အထက်ကို ကြိုတင် တင်ပြထားလို့ရတယ်၊ အဲ့ဒါဆို တို့တွေဘက်က နစ်နာမှု မရှိတော့ဘူး.."

"ပြီးတော့ ကိတ်မုန့်တွေနဲ့ ပန်းစည်းတွေလို ပစ္စည်းမျိုးတွေဆိုရင်တော့... အတတ်နိုင်ဆုံး အဲ့ဒီအော်ဒါတွေကို မဖမ်းတာ အကောင်းဆုံးပဲ.."

လမ်းခရီးတစ်လျှောက်တွင် ရှနွမ်းယန်သည် စကားများကို အဆက်မပြတ် ပြောဆိုနေခဲ့ပြီး သူမ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် ပါဆယ်ပို့ဆောင်ရေး အတွေ့အကြုံများကို စိတ်ရှည်လက်ရှည်ဖြင့် လက်ဆင့်ကမ်း သင်ကြားပေးနေခဲ့သည်။

သူတို့ စကားပြောနေကြရင်း တိုက်ခန်း အဆောက်အအုံတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

"ရောက်ပြီ။ ဒါပဲ.."

ရှနွမ်းယန်က သူမ၏ လျှပ်စစ်ဆိုင်ကယ်ကို ရပ်တန့်လိုက်ပြီး အပူထိန်းအိတ်အတွင်းမှ ပါဆယ်ထုတ်ကို ထုတ်ယူကာ လိပ်စာအတိုင်း ဓာတ်လှေကားစီး၍ သတ်မှတ်ထားသော တိုက်ခန်း တံခါးဝရှေ့သို့ တက်လာခဲ့သည်။

"ဒီဧည့်သည်ကတော့ အစားအသောက်ကို တံခါးဝမှာပဲ ထားခဲ့ပါလို့ မှတ်ချက်ရေးထားတယ်။ အဲ့ဒါကြောင့် တို့တွေက တံခါးဝမှာပဲ ထားခဲ့ပြီး ဓာတ်ပုံရိုက်လိုက်ရုံပဲ.."

"တကယ်လို့ သူတို့က အဲ့လို မှတ်ချက်မရေးထားဘူးဆိုရင်တော့ တို့တွေက တံခါးခေါက်ပြီး သူတို့ရဲ့ လက်ထဲကို အရောက် ပေးအပ်ရမယ်။ အဲ့ဒါဆိုရင် အမှားအယွင်း ဖြစ်တာ နည်းသွားပြီး ပစ္စည်းပျောက်ဆုံးသွားခဲ့ရင်တောင် တို့တွေဘက်က ပြန်လည် ရှင်းလင်းတင်ပြလို့ရတယ်.."

"ပါဆယ်ကို အောင်မြင်စွာ ပို့ဆောင်ပြီးသွားပြီဆိုရင်တော့ တို့တွေ လုပ်ရမှာက ပို့ဆောင်ပြီးပါပြီ ဆိုတာကို နှိပ်လိုက်ရုံပဲ.."

" ကြည့်စမ်း။ ဒီအော်ဒါကနေ ၁၀ ယွမ် ချက်ချင်း အကောင့်ထဲ ရောက်သွားပြီ။ မလွယ်ဘူးလား.."

ပါဆယ် ပို့ဆောင်ပြီးနောက် ရှနွမ်းယန်က သူမ၏ ပါဆယ်ပို့ဆောင်ရေး စနစ်၏ နောက်ကွယ်မှ ဝင်ငွေစာရင်းကို ယင်းနွီအား ထုတ်ပြလိုက်ရာ သူမ၏ မျက်နှာတွင် ဝင်ငွေရရှိမှုကြောင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"အင်း ငါ နားလည်ပါပြီ.."

ယင်းနွီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရှနွမ်းယန်က သူမကို ခေါ်ဆောင်ကာ ပါဆယ်တစ်ခေါက် လိုက်ပို့ပေးပြီးနောက် ဤပါဆယ်ပို့ဆောင်ရေး အလုပ်သည် မည်သို့သော အရာမျိုးဖြစ်သည်ကို သူမ ယေဘုယျအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။

အော်ဒါတစ်ခုကို ဖမ်းရုံ၊ ပြီးရင် အစားအသောက် သွားယူရုံ၊ နောက်ဆုံးမှာ သွားပို့ရုံပဲ...

တကယ့်ကို လွယ်ကူလွန်းလှသည်။

"ငါ အခု ပါဆယ် စပို့လို့ရပြီလား.."

ယင်းနွီ၏ ရုတ်တရက် မေးခွန်းကြောင့် ရှနွမ်းယန် ဆွံ့အသွားသည်။

"ရှောင်ယင်း... ငါ ပြောတာကို သေသေချာချာ နားမထောင်လိုက်ဘူး ထင်တယ်..."

"နင်က ပထမဆုံး အနေနဲ့ ဖုန်းထဲမှာ ပါဆယ်ပို့သူတွေ သုံးတဲ့ အပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲရမယ်။ အကောင့်ဖွင့်ပြီး စစ်ဆေးမှုနဲ့ သင်တန်းတွေကို အောင်မြင်ပြီးမှ လိုင်းပေါ်တက်ပြီး အော်ဒါလက်ခံလို့ ရမှာပါ.."

"ပါဆယ်ပို့တဲ့ အပ်ပလီကေးရှင်း... အကောင့်ဖွင့်ရမယ်..."

ယင်းနွီသည် သူမ၏ ဖုန်းကို ထုတ်ယူလိုက်ပြီး ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်နေသော မျက်လုံးများဖြင့် ကူညီပေးရန် ရှနွမ်းယန်ထံသို့ အကြည့်များ ပို့လိုက်တော့သည်။

"ဟူး... ငါပဲ ကူညီပေးပါ့မယ်.."

ရှနွမ်းယန်က သက်ပြင်းချလိုက်မိသော်လည်း ချစ်ခင်မြတ်နိုးသော အပြုံးဖြင့် ယင်းနွီ၏ ဖုန်းကို ကိုယ်တိုင်ယူကာ သီးသန့် ပါဆယ်ပို့ဆောင်ရေး အပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲပေးခြင်း၊ အကောင့်ဖွင့်ပေးခြင်းနှင့် အခြားသော အဆင့်ဆင့်သော အလုပ်များကို ကူညီလုပ်ဆောင်ပေးလိုက်တော့သည်။

အခြားနည်းလမ်း မရှိချေ။ ရှောင်ယင်းမှာ စမတ်ဖုန်းတစ်လုံးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ သူမသည် ဓာတ်ပုံဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် မသိသလို စမတ်ဖုန်းကို မည်သို့အသုံးပြုရမည်ဆိုသည်ကိုလည်း လုံးဝ နားမလည်သဖြင့် ရှနွမ်းယန်ကသာ သူမအတွက် အစစအရာရာကို ကိုယ်တိုင် လုပ်ဆောင်ပေးရတော့သည်။

Chapter 164

~

အခန်း ၁၆၄ : အများကြီး မပို့ပါဘူး..

~

နောက်တစ်နေ့ မနက်ခင်းတွင်...

စည်ကားလှသော စီးပွားရေးရင်ပြင်တစ်ခုအတွင်း၌ မနက်ခင်း ရုံးတက်ချိန် ဖြစ်သဖြင့် လမ်းမထက်တွင် လူပင်လယ်ကြီးမှာ အဆက်မပြတ် စီးဆင်းနေပြီး လူခေါင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။

ရှနွမ်းယန်သည် ရင်ပြင်၏ အလယ်ဗဟိုတွင် ရပ်ရင်း လူထူထပ်လှသော လမ်းမကြီးပေါ်တွင် တစ်စုံတစ်ယောက်ကို ရှာဖွေရန် လှည့်ပတ်ကြည့်ရှုနေလေသည်။

မကြာမီပင် လူအုပ်ကြီးကြားထဲ၌ ငေးငိုင်နေသော ယင်းနွီ၏ ပုံရိပ်လေး ပေါ်လာခဲ့သည်။ အလောတကြီး သွားလာနေကြသည့် လူများကြားထဲတွင် သူမသည် ကျော၌ အစားအသောက်ထည့်သည့် အပူထိန်းအိတ်ကြီးကို လွယ်ကာ လမ်းမအလယ်တွင် မလှုပ်မယှက် ရပ်နေသဖြင့် အထူးပင် ထင်ရှားနေလေတော့သည်။

ရှနွမ်းယန်သည် ယင်းနွီကို ချက်ချင်း မြင်တွေ့သွားပြီး အမြန် လက်ဝှေ့ယမ်းကာ သူမရှိရာသို့ လျှောက်သွားလိုက်သည်။

"ရှောင်ယင်း.. ဒီမှာ ဒီမှာ.."

မနေ့က သူမသည် ယင်းနွီကို ပါဆယ်ပို့ဆောင်ရေး အပ်ပလီကေးရှင်း ဒေါင်းလုဒ်ဆွဲပေးခြင်း၊ အကောင့်ဖွင့်ပေးခြင်းနှင့် အွန်လိုင်းသင်တန်း စစ်ဆေးမှုများကို အောင်မြင်အောင် လုပ်ဆောင်ပေးခြင်း စသည့် ကြိုတင်ပြင်ဆင်မှုအားလုံးကို ကူညီပေးခဲ့သည်။ ထို့နောက်တွင်လည်း သူမနှင့်အတူ ပါဆယ်အနည်းငယ် လိုက်လံပို့ဆောင်ပေးခဲ့သေးသည်။

သူမအနေဖြင့် သင်ကြားပေးစရာ ရှိသည်များကို ပြည့်စုံလောက်ပြီဟု ခံစားရသဖြင့် ယနေ့နံနက်တွင် ဤနေရာ၌ ဆုံတွေ့ရန် ချိန်းဆိုခဲ့ခြင်း ဖြစ်ပြီး ယင်းနွီကို ကိုယ်တိုင် အော်ဒါစတင် လက်ခံခိုင်းရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

"ရှောင်ယင်း... အဆင်သင့်ဖြစ်ပြီလား.."

"အင်း.."

ယင်းနွီက အရေးကြီးသော စစ်ဆင်ရေးတစ်ခုကို လက်ခံရရှိလိုက်သည့်အလား တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"နင် ဒီက လမ်းတွေကို သိပ်မကျွမ်းကျင်သေးဘူး၊ အဲ့ဒါကြောင့် ဂရုစိုက်ရမယ်နော်။ မီးနီကိုလည်း လုံးဝ ဖြတ်မမောင်းနဲ့.."

"အော်ဒါတွေ လက်ခံတဲ့အခါကျရင်လည်း တစ်ခါတည်းနဲ့ နှစ်ခုထက်ပိုပြီး မယူနဲ့ဦး။ အချိန်ကျော်သွားရင် ဒဏ်ငွေအဖြတ်ခံရလိမ့်မယ်.."

ရှနွမ်းယန်၏ အမူအရာမှာ မိမိ၏ကလေးကို အပြင်သို့ တစ်ယောက်တည်း လွှတ်လိုက်ရတော့မည့် စိုးရိမ်ပူပန်နေသော မိခင်တစ်ဦးကဲ့သို့ ဖြစ်နေပြီး ယင်းနွီကို တစ်ချက်ချင်းစီ မှာကြားနေမိသည်။

ယနေ့တွင် ယင်းနွီတစ်ယောက်တည်း သူမဘေးနား၌ မရှိဘဲ ပါဆယ်သွားပို့ရတော့မည်ဟု တွေးမိသည့်အခါ စိုးရိမ်စိတ်များဝင်လာ၏။

သူမ တတ်နိုင်သမျှ အရာအားလုံးကို သင်ကြားပေးခဲ့သော်လည်း ရှောင်ယင်းမှာ အမြဲတမ်း ငေးငိုင်နေတတ်ပြီး လမ်းရှာ ပါရမီလည်း အလွန်အားနည်းလှရာ ချိန်းဆိုထားသည့် နေရာများသို့ အမြဲတမ်း နောက်ကျမှ ရောက်ရှိလာတတ်သောကြောင့် ဖြစ်သည်။

သူမသည် ယင်းနွီတစ်ယောက် လမ်းပျောက်သွားလေမလား၊ သို့မဟုတ် သူတစ်ပါး၏ အနိုင်ကျင့်ခြင်းကို ခံရလေမလားဆိုသည်ကို တကယ်ပင် စိုးရိမ်နေမိသည်။

ရှနွမ်းယန်က စိတ်မချနိုင်သေးဘဲ နောက်ထပ်တစ်ခွန်း ထပ်မံမှာကြားလိုက်သည်။

"အဆင်မပြေတာတစ်ခုခု ရှိရင် ငါ့ကို ချက်ချင်း ဖုန်းဆက်နော်.."

လိုအပ်သည်များကို မှာကြားပြီးနောက် သူမသည် ရှေ့သို့ ကိုင်းညွတ်ကာ ယင်းနွီ၏ နောက်ဘက်ကို ကြည့်လိုက်မိမှသာ သူမတွင် လျှပ်စစ်ဆိုင်ကယ် ပါမလာသည်ကို သတိပြုမိတော့သည်။ သူမအတွက် ပြင်ဆင်ပေးထားသည့် ပါဆယ်ပို့ အပူထိန်းအိတ်ကြီးကိုမူ ကျောတွင် လွယ်ထားဆဲ ဖြစ်သည်။

"ရှောင်ယင်း... နင့်ရဲ့ လျှပ်စစ်ဆိုင်ကယ်ကော ဘယ်မှာလဲ.."

ယင်းနွီက တည်ငြိမ်သော လေသံဖြင့် ...

"ငါ့မှာ လျှပ်စစ်ဆိုင်ကယ် မရှိဘူး.."

ရှနွမ်းယန်သည် ထိုစကားကြောင့် ထိတ်လန့်သွားသည်။

"လျှပ်စစ်ဆိုင်ကယ် မရှိဘူး ဟုတ်လား။ ဘာဖြစ်လို့ စောစောက မပြောရတာလဲ.."

"လျှပ်စစ်ဆိုင်ကယ် မရှိဘဲနဲ့ အစားအသောက် ပါဆယ်ကို ဘယ်လိုလုပ် သွားပို့မှာလဲ.."

"ထားလိုက်ပါတော့... ငါ အခုပဲ ဆိုင်ကယ် သွားငှားပေးမယ်.."

ထိုသို့ပြောပြီး ရှနွမ်းယန်က ယင်းနွီကို ဆိုင်ကယ်ငှားရန် ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။

ယင်းနွီက ခေါင်းခါယမ်းရင်း ရှနွမ်းယန်၏ စေတနာကို ငြင်းပယ်လိုက်သည်။

"မလိုပါဘူး။ ငါ အဲ့ဒါ မလိုပါဘူး၊ အဲ့ဒါက အရမ်း နှေးလွန်းတယ်.."

" အ..အရမ်း.နှေးလွန်းတယ် ဟုတ်လား..."

ရှနွမ်းယန်က နားမလည်နိုင်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

ပါဆယ်ပို့ဆောင်ရာတွင် လျှပ်စစ်ဆိုင်ကယ်စီးခြင်းက အလွန်နှေးလွန်းသည်ဟု ပြောသော စကားကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သူမ စဉ်းစား၍မရပေ။ ယခုခေတ်တွင် လျှပ်စစ်ဆိုင်ကယ်ထက် ပိုမိုမြန်ဆန်စွာ ပါဆယ်ပို့နိုင်မည့် အခြားနည်းလမ်း ရှိသေးသည်လော။

ရှနွမ်းယန်တစ်ယောက် ဇဝေဇဝါ ဖြစ်နေဆဲမှာပင် ယင်းနွီသည် သူမ၏ ဖုန်းကို ထုတ်ယူကာ လှည့်ထွက်သွားပြီး လူအုပ်ကြီးကြားထဲတွင် ပျောက်ကွယ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သဖြင့် ရှနွမ်းယန်မှာ သူမကို ဆက်ပြောရန် အခွင့်အရေးမရလိုက်ပေ။

'လျှပ်စစ်ဆိုင်ကယ် မရှိဘဲနဲ့ ရှောင်ယင်း ဘယ်လိုများ ပါဆယ်ပို့မှာပါလိမ့်..'

ရှနွမ်းယန်နှင့် လမ်းခွဲခဲ့ပြီးနောက် ယင်းနွီသည် သစ်ပင်ရိပ်ကောင်းကောင်းတစ်ခုကို ရှာဖွေကာ ဝင်ထိုင်လိုက်ပြီး အပူထိန်းအိတ်ကို ဘေးနားတွင် ချထားလိုက်သည်။ ထို့နောက် ဖုန်းကိုဖွင့်ကာ လိုင်းပေါ်တက်ခြင်းကို နှိပ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေတော့သည်။

အော်ဒါအသစ်တစ်ခု ပေါ်လာသည်နှင့် သူမ၏ လက်ချောင်းလေးများက လျှပ်စီးကဲ့သို့ မြန်ဆန်လှစွာ ထိုအော်ဒါကို ချက်ချင်း ဖမ်းယူလိုက်သည်။

အော်ဒါကို ဖမ်းမိပြီးနောက် သူမသည် နေရာတွင် မလှုပ်မယှက် ထိုင်နေဆဲပင်။ သို့သော် သူမ၏ ခြေဖဝါးအောက်ရှိ အရိပ်ထဲမှနေ၍ အမည်းရောင် အရိပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး မြေပြင်နှင့် မြင့်မားလှသော အဆောက်အအုံများကြားတွင် လျင်မြန်စွာ ပျံသန်းသွားတော့သည်။

လမ်းသွားလမ်းလာများမှာ ဘာမှမသိလိုက်ကြချေ။ ထိုအရိပ်သည် သူတို့ဘေးမှနေ၍ မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။

ကီလိုမီတာ အနည်းငယ် ဝေးကွာသော အခြားတစ်ဖက်တွင်မူ ဆိုင်ရှင်သည် ပြင်ဆင်ပြီးသား အစားအသောက် ပါဆယ်ထုတ်ကို ဘေးတွင် ချထားလိုက်ရုံသာ ရှိသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်းရောင် အရိပ်တစ်ခု ဆိုင်ထဲသို့ တိုးဝင်လာခဲ့သည်။

ယင်းနွီ၏ အရိပ်သည် သူမနှင့် အချိန်မရွေး နေရာချင်း လဲလှယ်နိုင်သလို သူမ၏ အမြင်အာရုံကိုလည်း တစ်ပြိုင်တည်း မျှဝေခံစားနိုင်သည်။

သူမသည် နတ်ဆိုးမြို့တော်၏ လမ်းအခြေအနေများကို သိပ်မကျွမ်းကျင်သော်လည်း ဖုန်းအတွင်းရှိ ဂျီပီအက်စ် လမ်းညွှန်ချက်ကို ကြည့်နေသရွေ့ သူမ၏ အရိပ်သည် သူမ၏ အမြင်အာရုံထဲမှ လမ်းကြောင်းအတိုင်း ဆိုင်၏လိပ်စာနှင့် ဧည့်သည်၏ လိပ်စာကို မျဉ်းဖြောင့်အတိုင်း တန်းစီကာ ရှာဖွေနိုင်သည်။

စားပွဲပေါ်ရှိ အစားအသောက် ပါဆယ်ပုံကြီးထဲမှ သူမ၏ အော်ဒါကို ရှာဖွေတွေ့ရှိပြီးနောက် သူမ၏ အရိပ်ကို စေခိုင်းကာ အထုတ်ကို မျိုချစေလိုက်သည်။ ထို့နောက် အမည်းရောင် အရိပ်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး လမ်းမများနှင့် အဆောက်အအုံများကို ဖြတ်သန်းကာ အိမ်ရှင်၏ တံခါးဝရှေ့သို့ ရောက်ရှိသွားကာ အရိပ်ထဲမှ ပါဆယ်ထုတ်ကို ပြန်လည် ထွေးထုတ်လိုက်တော့သည်။

မြေပြင်ပေါ်ရှိ အရိပ်အိုင်လေးထဲမှနေ၍ အရိပ်လက်တစ်ဖက် ထွက်လာကာ တံခါးကို ခေါက်လိုက်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။

အရိပ် ပျောက်ကွယ်သွားပြီးနောက် တံခါးပွင့်လာပြီး အိမ်ရှင်သည် မြေပြင်ပေါ်ရှိ ပါဆယ်ထုတ်ကိုသာ မြင်တွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်သွား၏။

"ဒါ ဘယ်သူ့ပါဆယ်လဲ... ငါ့ဟာလား.."

ပါဆယ်ထုတ်ပေါ်ရှိ အချက်အလက်များကို မြင်လိုက်ရသည့်အခါ အိမ်ရှင်မှာ အံ့အားသင့်သွားသည်။

သူ အော်ဒါမှာလိုက်သည့် အချိန်မှစ၍ အစားအသောက်ကို လက်ခံရရှိသည့် အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးမှာ သူ သန့်စင်ခန်းသို့ သွားရောက်ကာ ဆီးသွားရသည့် အချိန်လောက်ပင် မကြာမြင့်ခဲ့ချေ။

' ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နေတာလဲ..'

အခြားတစ်ဖက်တွင်မူ ယင်းနွီ၏ နူးညံ့သော မျက်ခုံးလေး အနည်းငယ် ကြုတ်သွားပြီး သူမ၏ အမူအရာမရှိသော မျက်နှာထက်တွင် ရှားရှားပါးပါး မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

'တစ်ခါတည်းနဲ့ အော်ဒါ တစ်ခု နှစ်ခုပဲ ရတာက နည်းလွန်းတယ်..'

ယင်းနွီသည် ခဏတာ တွေဝေနေပြီးနောက် သူမ အများဆုံး လက်ခံနိုင်မည့် အော်ဒါပမာဏကို ၁၀ ခုအထိ ပြောင်းလဲလိုက်သည်။ ထို့နောက်တွင်မူ သူမသည် ရူးသွပ်ဖွယ်ကောင်းသော အော်ဒါဖမ်းသည့် စနစ်သို့ ကူးပြောင်းလိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် ဖုန်းမျက်နှာပြင်ကို အဆက်မပြတ် ပွတ်ဆွဲကာ အော်ဒါများကို အဆက်မပြတ် ရှာဖွေဖမ်းယူတော့သည်။

သူမ အော်ဒါတစ်ခု ဖမ်းမိတိုင်းတွင် သူမ၏ ခြေဖဝါးအောက်မှ အရိပ်တစ်ခု ကွဲထွက်သွားပြီး သူမ၏ကိုယ်စား ပါဆယ်သွားရောက် ပို့ဆောင်ပေးသည်။

နတ်ဆိုးမြို့တော်အတွင်း၌ အရိပ်ဆယ်ခုသည် အဆောက်အအုံများကြားတွင် တစ်ပြိုင်တည်း လျင်မြန်စွာ လှုပ်ရှားနေကြတော့သည်။

မကြာမီမှာပင် နတ်ဆိုးမြို့တော်အတွင်း၌ ထူးဆန်းသော ကောလာဟလ နှစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

ပထမတစ်ခုမှာ ပါဆယ်ပို့ဆောင်သူ အမြောက်အမြားမှာ အော်ဒါ တစ်ခုမျှ ဖမ်း၍မရကြခြင်း ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ဆိုင်က အစားအသောက် ပြင်ဆင်ပြီးသည်နှင့် နောက်ထပ်တစ်စက္ကန့်တွင် ဧည့်သည်၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိသွားခြင်း ဖြစ်သည်။

မည်သူမျှ ထိုလျှပ်စီးကဲ့သို့ မြန်ဆန်လှသော ပါဆယ်ပို့သမားကို မမြင်တွေ့ခဲ့ကြချေ။ သူတို့ မြင်တွေ့ရသည်မှာ နေ့စဉ် အော်ဒါအများဆုံး ပို့ဆောင်သူ စာရင်း၏ ထိပ်ဆုံးတွင် ထိတ်လန့်ဖွယ်ကောင်းလှသော အော်ဒါပမာဏဖြင့် ပထမနေရာတွင် ရပ်တည်နေသည့် သူမ၏ အမည်ကိုသာ ဖြစ်သည်။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသည့်အခါ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသစ်မှာ နေ့စဉ်အော်ဒါ ပမာဏ ၈၈၈ ခုဖြင့် ပထမနေရာတွင် ရပ်တည်နေတော့သည်။

စာရင်း၏ ဒုတိယနေရာတွင် ရှိနေသူမှာမူ အော်ဒါ တစ်ရာပင် မပြည့်သေးပေ။

ထိုထိပ်ဆုံးမှ အော်ဒါပမာဏကို မြင်တွေ့လိုက်ရသည့် ပါဆယ်ပို့သမား အားလုံးက တညီတညွတ်တည်း အော်ဟစ်ကြတော့သည်။

"Bug ပဲ။ ဒါ သေချာပေါက် စနစ်ရဲ့ အမှားပဲ.."

"တစ်ရက်တည်းနဲ့ အော်ဒါ ၈၈၈ ခုကို ဘယ်သူက ပို့ပေးနိုင်မှာလဲ။ လေယာဉ်ပျံ မောင်းပြီး ပို့ရင်တောင် မဖြစ်နိုင်ဘူး.."

ပါဆယ်ပို့သမားများမှာ ဆွေးနွေးနေကြစဉ် အခြားတစ်ဖက်တွင်မူ ယင်းနွီသည် တိတ်ဆိတ်စွာ မျက်မှောင်ကြုတ်နေမိသည်။

သူမ ယနေ့ ပို့ဆောင်ခဲ့သည့် အော်ဒါပမာဏမှာ နည်းပါးနေသေးသည်ဟု ခံစားနေရသည်။

'ဘာဖြစ်လို့ အော်ဒါ အများဆုံး ပမာဏက ၁၀ ခုပဲ ဖြစ်နေရတာလဲ။ ဘာဖြစ်လို့ တစ်ရာ၊ ဒါမှမဟုတ် တစ်ထောင်အထိ လက်ခံလို့ မရရတာလဲ..'

နောက်ပိုင်းတွင်မူ သူမ၏ ဖုန်းထဲ၌ ဖမ်းယူစရာ အော်ဒါများ မရှိသလောက် ဖြစ်သွားခဲ့ရုံသာမက ဆိုင်များကလည်း အစားအသောက် ပြင်ဆင်သည်မှာ နှေးကွေးလွန်းလှသဖြင့် သူမသည် ထိုနေရာတွင်သာ ငေးငိုင်ကာ ထိုင်နေခဲ့ရသည်။

"ရှောင်ယင်း... နောက်ဆုံးတော့ နင်လေးကို ရှာတွေ့ပြီပဲ။ ဒီနေ့ ဘယ်လိုခံစားရလဲ။ အော်ဒါ ဘယ်နှခုလောက် ပို့နိုင်ခဲ့လဲ.."

ရှနွမ်းယန်သည် သူမ၏ လျှပ်စစ်ဆိုင်ကယ်ကို စီး၍ သစ်ပင်အောက်တွင် ထိုင်နေသော ယင်းနွီထံသို့ ရောက်လာသည်။

ယင်းနွီက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။

"အများကြီး မပို့ဖြစ်ပါဘူး.."

"ရပါတယ်၊ စိတ်မပျက်ပါနဲ့။ အားလုံးလည်း ပထမဆုံးအကြိမ် ပါဆယ်ပို့တုန်းက ဒီလိုချည်းပါပဲ။ နောက်ပိုင်း အသားကျသွားရင် ပိုကောင်းလာမှာပေါ့.."

"မနက်ဖြန်ကျရင် ငါ နင့်ကို လျှပ်စစ်ဆိုင်ကယ် သွားငှားပေးမယ်။ လျှပ်စစ်ဆိုင်ကယ် ရှိရင် ပိုပြီး မြန်မြန် ပို့နိုင်မှာပါ.."

ယင်းနွီ၏ စိတ်မကောင်းဖြစ်နေသော အမူအရာကို မြင်တွေ့ရသည့်အခါ ရှနွမ်းယန်က အားပေးစကား ပြောလိုက်သည်။

ပထမဆုံးအကြိမ် ပါဆယ်ပို့သည့် လူသစ်တစ်ဦးအနေဖြင့် လျှပ်စစ်ဆိုင်ကယ်ရှိလျှင်ပင် တစ်ရက်ကို အော်ဒါ ၂၀ ပို့နိုင်လျှင် တော်သည်ဟု သတ်မှတ်နိုင်သည်။

ရှောင်ယင်းတွင် လျှပ်စစ်ဆိုင်ကယ်ပင် မရှိဘဲ ခြေလျင်သက်သက်ဖြင့် အပူထိန်းအိတ်ကို လွယ်ကာ သွားပို့ရခြင်းဖြစ်ရာ တစ်ရက်ကို အော်ဒါ ၁၀ ခု ပို့နိုင်ရန်ပင် မဖြစ်နိုင်ချေ။

သူမသည် ယင်းနွီတစ်ယောက် အော်ဒါအများကြီး ပို့နိုင်မည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်ရာ ယခုအခါတွင် သူမ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

"အင်း..."

ရှနွမ်းယန်၏ အားပေးစကားကို ရင်ဆိုင်ရင်း ယင်းနွီက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် လျှပ်စစ်ဆိုင်ကယ်ပေါ်သို့တက်ကာ အတူတူ ထွက်ခွာလာခဲ့ကြသည်။

"ရှောင်ယင်း...ဒီနေ့ အော်ဒါ ၈၈၈ ခု ပို့ပြီး ပါဆယ်ဘုရင်အသစ် ဖြစ်သွားတဲ့လူအကြောင်း ကြားမိလား.."

"ငါထင်တာတော့ ဒါ သေချာပေါက် စနစ်ရဲ့ အမှား ဖြစ်ရမယ်၊ မဟုတ်ရင် လုံးဝ မဖြစ်နိုင်ဘူး.."

"ငါမသိဘူး.."

ယင်းနွီက ဘာမှမသိသည့်အလား ခေါင်းခါပြလိုက်သည်။

ရှနွမ်းယန်သည် ယင်းနွီကို လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် အမူအရာမှာ ခဏတာတောင့်တင်းသွားခဲ့သော်လည်း ထို့နောက်တွင်မူ ရယ်မောလိုက်ပြီးဆိုင်ကယ်ကိုသာ ဂရုတစိုက် ဆက်လက်မောင်းနှင်နေခဲ့သည်။

သူမသည် ထိုပါဆယ်ဘုရင်အသစ်မှာ ရှောင်ယင်း ဖြစ်နေမလားဟု သံသယဝင်မိခဲ့ခြင်း ဖြစ်ပြီး ထိုသည်ကရယ်စရာကောင်းလွန်းလှ၏။

ရှောင်ယင်းတွင် လျှပ်စစ်ဆိုင်ကယ်ပင် မရှိသလို လမ်းလည်း မကျွမ်းကျင်သဖြင့် သူမ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

All Chapters