အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း ၁၆၅ : နတ်ဆိုးတွေအားလုံးက ပိုက်ဆံရှာတာ ဒီလောက်တောင် တော်ကြတယ်ပေါ့...
~
အိပ်ခန်းအတွင်း၌ လင်းဖန်သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကီးဘုတ်ကို အဆက်မပြတ် ရိုက်နှိပ်ရင်း အာရုံစိုက်၍ စာရေးနေသည်။
ထိုအချိန်တွင် အခန်းအပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
" ဒေါက်.. ဒေါက်..ဒေါက်.."
'ဟမ်... ဘယ်သူပါလိမ့်။ ငါပဲ သွားဖွင့်လိုက်မယ်..'
ယနေ့အတွက် လိုက်ဖ်လွှင့်ခြင်းအလုပ်ကို အဆုံးသတ်ပြီးနောက် ကုတင်ခေါင်းရင်းကို မှီကာ မျက်နှာပေါင်းတင်ရင်း ဖုန်းပွတ်နေသော လုံယဲ့က ထိုအသံကို ကြားလိုက်ရသည်။
သူမ ကုတင်ပေါ်မှ ဆင်းလာခဲ့ပြီး ဧည့်ခန်းသို့ သွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။
တံခါးပွင့်လာသည့်အခါ ဝင်ပေါက်ဝတွင် မတ်မတ်ရပ်နေသော ယင်းနွီကို မြင်လိုက်ရ၏။
ယင်းနွီသည် လုံယွဲ့ကို မြင်လိုက်ရသည်နှင့် မျက်မှောင်ကြုတ်သွားပြီး သေချာ အကဲခတ်နေသည်။
ထိုသည်ကို မြင်သည့်အခါ လုံယွဲ့က မျက်နှာပေါ်မှ ပေါင်းတင်စက္ကူကို ခွာလိုက်သည်။
"ငါ... မင်းတို့ရဲ့ အရှင်မပါ.."
"အရှင်မ..."
လုံယွဲ့၏ တကယ့်မျက်နှာကို မြင်တွေ့လိုက်ရမှသာ ယင်းနွီသည် ချက်ချင်း နားလည်သွားပြီး သူမ၏ သတိထားမှုနှင့် ရန်လိုမှုများကို ရုပ်သိမ်းလိုက်တော့သည်။
"ယင်းနွီ... ဒီလောက်တောင် ညနက်နေပြီကို တစ်ခုခု ဖြစ်လို့လား.."
လုံယွဲ့က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ယခုအခါ ညသန်းခေါင်ယံအချိန်သို့ ရောက်လုနီးနီး ရှိနေပြီဖြစ်ရာ သူမအနေဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် တကူးတက လာရောက်တွေ့ဆုံခြင်းမှာ အလွန်ပင် ရှားပါးလှ၏။
ယင်းနွီက ဦးညွှတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ...
"အရှင်မ... ကျွန်မ နတ်ဆိုးအရှင်ကို လာရှာတာပါ.."
"ဒါဆိုရင် အထဲဝင်ခဲ့လေ၊ သူ အိပ်ခန်းထဲမှာ ရှိတယ်.."
လင်းဖန်ကို လာ၍ရှာဖွေခြင်း ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ လုံယွဲ့က ဘေးသို့ ဖယ်ပေးကာ ယင်းနွီကို အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး တံခါးကို ပြန်လည် ပိတ်လိုက်တော့သည်။
"ယင်းနွီ... ဒီချိန်ကြီး ငါ့ကို ဘာကိစ္စရှိလို့ လာရှာတာလဲ.."
လင်းဖန်သည် အပြင်ဘက်တွင် လုံယွဲ့နှင့် ယင်းနွီတို့ စကားပြောနေသံကို ကြားခဲ့ရပြီးဖြစ်ရာ သူမ အိပ်ခန်းထဲသို့ လျှောက်ဝင်လာသည်နှင့် မော့မကြည့်ဘဲ လှမ်းမေးလိုက်သည်။
ယင်းနွီက သူ၏ ဘေးနားသို့ တည့်တည့် လျှောက်သွားပြီး ဘာစကားမျှ မပြောဘဲ သူမ၏ ဖုန်းမျက်နှာပြင်ကို လင်းဖန်၏ ရှေ့သို့ မြှောက်ပြလိုက်၏။
လင်းဖန်သည် ကီးဘုတ်ရိုက်နေသည့် လက်များကို ရပ်တန့်လိုက်ပြီး ခေါင်းကို လှည့်ကာ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် ပြသနေသည်မှာ သူမ ပါဆယ်ပို့ဆောင်ရေးဝန်ထမ်းအဖြစ် ပထမဆုံးရက် လုပ်ကိုင်ခဲ့သည့် စနစ်နောက်ကွယ်မှ ဝင်ငွေစာရင်း ဖြစ်သည်။
"အိုး... မင်းက ပါဆယ်သွားပို့တာကိုး.."
လင်းဖန်က အမှတ်မထင် တစ်ချက် ကြည့်လိုက်ပြီးနောက် ယင်းနွီက ပါဆယ်ပို့သည့်အလုပ်ကို ရွေးချယ်ခဲ့ခြင်းအပေါ် အနည်းငယ် အံ့အားသင့်သွားရသလို သဘောလည်း ကျမိသွားသည်။
ယနေ့မနက်အစောကြီးကတည်းက သူမ ထွက်သွားသည်ကို သူစဥ်းစားနေခဲ့သော်လည်း အမှန်တွင်မူ ပါဆယ်သွားပို့နေခြင်း ဖြစ်နေတော့သည်။
သူသည် မေ့ကျီနှင့် အခြားသူများကို အလုပ်တစ်ခုခု ရှာဖွေလုပ်ကိုင်ရန် ပြောကြားခဲ့သော်လည်း အဓိက ရည်ရွယ်ချက်မှာ သူတို့ကို ပိုက်ဆံရှာခိုင်းရန် မဟုတ်ချေ။ သူတို့ အိမ်တွင် ပျင်းရိပြီး ထူးဆန်းသော အရာများကို လျှောက်စမ်းသပ်နေမည်ကို စိုးရိမ်သဖြင့် အလုပ်တစ်ခုခုနှင့် အချိန်ကုန်စေရန်သာ ဖြစ်သည်။
မည်သည့်အလုပ်မျိုးပဲဖြစ်ဖြစ်၊ ပိုက်ဆံ မည်မျှပင်ရရ သူ ဂရုမစိုက်ပေ။
ပါဆယ်ပို့ဆောင်ရေးအလုပ်မှာ ဝင်ငွေ အများကြီး မရနိုင်သော်လည်း အချိန်ကုန်လွန်စေရန်အတွက်မူသင့်တော်ပြီး တရားဝင်သော အလုပ်တစ်ခု ဖြစ်သည်။
လင်းဖန်က ထိုသို့ တွေးတောမိသော်လည်း ဝင်ငွေစာရင်းကို သေသေချာချာ စိုက်ကြည့်လိုက်မိသည့်အခါ တစ်ရက်တည်းနှင့် ရရှိထားသော ဝင်ငွေမှာ ယွမ်တစ်သောင်း နီးပါး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ကြက်သေ သေသွား၏။
"ယွမ်ကိုးထောင် ကျော်ကြီးတောင် .. ဒါက နင် တစ်ရက်တည်းနဲ့ ရှာလိုက်တဲ့ ပိုက်ဆံလား.."
လင်းဖန်၏ အံ့သြတကြီး အော်ဟစ်သံကို ကြားရသည့်အခါ လုံယွဲ့သည်လည်း စပ်စုလိုစိတ်ဖြင့် အနားသို့ တိုးကပ်ကြည့်ရှုလိုက်ရာ တစ်သောင်းနီးပါး ရှိသော ဝင်ငွေစာရင်းကို မြင်တွေ့လိုက်ရသဖြင့် သူမလည်း အသက်ရှူမှားမတတ်ဖြစ်သွားသည်။
'တစ်ရက်တည်းနဲ့ ငွေတစ်သောင်း ရှာနိုင်တာလား..'
'ဒီနှုန်းအတိုင်းဆိုရင် တစ်လကို ငွေသုံးသိန်းတောင် ရမှာပဲ..'
မေ့ကျီ၏ တစ်ရက်လျှင် ငါးသိန်းနီးပါး ရရှိမှုကဲ့သို့ ထိတ်လန့်ဖွယ် မကောင်းသော်လည်း တစ်လလျှင် သုံးသိန်းဟူသော ဝင်ငွေမှာ သူမ လစဉ် လိုက်ဖ်လွှင့်ပြီး ရရှိသော ဝင်ငွေထက်ပင် အပြတ်အသတ် သာလွန်နေသေးသည်။
'နတ်ဆိုးတွေအားလုံးက ဒီလောက်တောင် ပိုက်ဆံရှာတော်ကြတာလား..'
လုံယွဲ့တစ်ယောက် သူမ၏ နှလုံးသားထဲတွင် မချိတင်ကဲ ရေရွတ်နေမိတော့သည်။
"အင်း..."
လင်းဖန်၏ မေးခွန်းကို ရင်ဆိုင်ရင်း ယင်းနွီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် လင်းဖန်ထံမှ ချီးမွမ်းစကားကို မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
သို့သော်လည်း လင်းဖန်ကမူ ယခုအချိန်တွင် ပြင်းထန်လှသော ထိတ်လန့်မှုထဲ၌ နစ်မြုပ်နေဆဲဖြစ်သဖြင့် သူမ၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်လေးကို သတိမပြုမိခဲ့ချေ။
သူ နားလည်ထားသော ဒလီသမားများ၏ အခြေအနေအရ တစ်ရက်တည်းနှင့် ငွေတစ်သောင်းနီးပါး ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
"ယင်နွီ... နင် ဒီနေ့ အော်ဒါ ဘယ်နှခုတောင် ပို့ခဲ့လို့လဲ.."
လင်းဖန်က ထပ်မံမေးလိုက်သည်။
ယင်းနွီက စကားအများကြီး ပြန်မပြောဘဲ Appအတွင်းရှိ နေ့စဉ် ပို့ဆောင်မှုစာရင်းကို ဖွင့်ပြလိုက်သည်။
"အော်ဒါ ၈၈၈ ခုကြီးတောင်လား.."
နေ့စဉ် ပို့ဆောင်မှုပမာဏကို မြင်လိုက်ရသည့်အခါ လင်းဖန် ဆွံ့အသွားသည်။
အော်ဒါ ၈၈၈ ခုဟူသည်က အဘယ်နည်း။ သာမန်ဒလီသမားတစ်ဦး၏ တစ်လစာ ပို့ဆောင်မှု ပမာဏနှင့် အတူတူပင်။
သူမ တစ်ယောက်တည်းနှင့်ပင် အခြားသူများ တစ်လ ပို့ရမည့် အော်ဒါပမာဏကို တစ်ရက်တည်းနှင့် အပြီးသတ် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ယင်းနွီ... နင် နင့်ရဲ့ အရိပ်စွမ်းအားတွေကို သုံးလိုက်တာ မလား.."
"အင်း..."
ယင်းနွီက ညိုးငယ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှင်းပြလိုက်သည်။
"ကျွန်မ မြန်မြန်နဲ့ အများကြီး ပို့ချင်လို့ပါ..."
နတ်ဆိုးအရှင်က မလိုအပ်ဘဲနှင့် စွမ်းအားများကို အလွယ်တကူ မထုတ်သုံးရန်၊ ကျင့်ကြံခြင်းစွမ်းအားများ ဖြုန်းတီးခြင်း မဖြစ်စေရန်နှင့် အခြားသူများ၏ အာရုံစိုက်ခြင်းကို မခံရစေရန်အတွက် ကြိုတင်မှာကြားထားခဲ့ဖူးသည်။ သို့သော်လည်း မေ့ကျီက ပိုက်ဆံရှာနိုင်ပြီး နတ်ဆိုးအရှင်၏ ချီးမွမ်းခြင်းကို ခံရသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမသည်လည်း အမြန်ဆုံး ပိုက်ဆံရှာပြီး နတ်ဆိုးအရှင်ကို သက်သေပြလိုစိတ်ဖြင့် အမိန့်များကို မေ့လျော့သွားခဲ့၏။
အပြစ်ပေး ကြိမ်းမောင်းခံရတော့မည်ကို သိရှိသဖြင့် ခေါင်းငုံ့ထားသော ယင်းနွီကို ကြည့်ရင်း လင်းဖန်သည် တိုးတိုးလေး သက်ပြင်းချလိုက်မိပြီး နောက်ဆုံးတွင်မူ သူမကို အပြစ်တင်မည့် စကားလုံးများကို မပြောရက်တော့ပေ။
ယင်းနွီမှာ အမြဲတမ်း ငေးငိုင်နေတတ်သော်လည်း မေ့ကျီနှင့် အခြားသူများအနက် သူမသည် အလိုက်နာဆုံးနှင့် အလိမ္မာဆုံး ဖြစ်ပြီး မည်သည့်အခါမျှ ပြဿနာ ရှာလေ့မရှိ။
ထို့ကြောင့် သူမကို ကြိမ်းမောင်းရန်အတွက် စိတ်မပါပေ။
"ယင်းနွီ... နင် တစ်ရက်တည်းနဲ့ အော်ဒါတွေ ဒီလောက်အများကြီး ပို့လိုက်ရင် ပါဆယ်ပို့တဲ့ Platformက သတိပြုမိသွားလိမ့်မယ်။ အဲ့ဒါဆိုရင် သူတို့က နင့်ရဲ့ အကောင့်ကို မကြာခင် ပိတ်ပစ်လိမ့်မယ်.."
"နင် ပိုပြီး နှေးနှေးပို့လည်း ရပါတယ်၊ ပိုက်ဆံနည်းနည်းပဲ ရလည်း ကိစ္စမရှိဘူး။ ငါ အဲ့ဒါတွေကို ဂရုမစိုက်ပါဘူး.."
"ဟုတ်ကဲ့ပါ.."
ယင်းနွီက နာခံစွာဖြင့် ဦးညွှတ်လိုက်သော်လည်း သူမ မျှော်လင့်ထားသည့် ချီးမွမ်းစကားကို မကြားရသဖြင့် မျက်နှာငယ်လေးတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူမ လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် လုံယွဲ့က သူမ၏ သိမ်မွေ့သော အမူအရာ အပြောင်းအလဲကို သတိပြုမိသွားသဖြင့် ချက်ချင်း လှမ်းခေါ်လိုက်သည်။
"ခဏ နေဦး ယင်းနွီ.."
ယင်းနွီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နားမလည်နိုင်သော အမူအရာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။
လုံယွဲ့က ဘာမှ မပြောဘဲ တိတ်ဆိတ်စွာဖြင့် လင်းဖန်၏ လက်မောင်းကို သူမ၏ တံတောင်ဆစ်ဖြင့် တို့လိုက်သည်။
လင်းဖန်က ဇဝေဇဝါ ဖြစ်သွားပြီး ဘာဖြစ်လို့လဲဟူသော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်၏။
လုံယဲ့က သူ့ကို စိတ်ပျက်လက်ပျက် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ယင်းနွီကို မေးငေါ့ပြရင်း သူ၏ နား အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငတုံး.. ယင်းနွီက ဒီလောက် ညဉ့်နက်နေတာကို နင့်ကို တကူးတက လာရှာပြီး ယနေ့ ရလဒ်တွေကို ထုတ်ပြတယ်ဆိုတာ ဘာဖြစ်လို့လဲ နင် မစဉ်းစားမိဘူးလား.."
လင်းဖန်သည် ထိုအခါမှ သဘောပေါက်သွားပြီး လုံယွဲ့ကို ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြလိုက်ကာ ယင်းနွီ၏ အရှေ့သို့ လျှောက်သွားလိုက်သည်။
ယင်းနွီ၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်အောက်တွင် သူ၏ လက်တစ်ဖက်ကို သူမ၏ ခေါင်းပေါ်သို့ အသာအယာ တင်လိုက်ပြီး ပွတ်သပ်ပေးလိုက်သည်။
"ယင်းနွီ... နင် ဒီနေ့ တကယ်ကို တော်ပါတယ်။ ပင်ပန်းသွားပြီနော်.."
"မနက်ဖြန်ကျရင် ငါ နင့်ကို ဆုလာဘ်အနေနဲ့ လျှပ်စစ်ဆိုင်ကယ်တစ်စီး ဝယ်ပေးမယ်.."
လင်းဖန်၏ ချီးမွမ်းစကားကို ကြားလိုက်ရသည့်အခါ ယင်းနွီ၏ ညှိုးငယ်နေသော မျက်နှာလေးမှာ ချက်ချင်းပင် တောက်ပလင်းလက်သွားပြီး နှုတ်ခမ်းထောင့်စွန်းလေးများမှာလည်း အနည်းငယ် ကွေးညွတ်ကာ ပြုံးယောင်သန်းသွားတော့သည်။
"နတ်ဆိုးအရှင်အတွက် တာဝန်ထမ်းဆောင်ရတာ ဒီငယ်သားရဲ့ တာဝန်ဝတ္တရားပါပဲ.."
"ဒါဆိုရင် ကျွန်မ ပြန်ခွင့်ပြုပါဦး အရှင်.. အရှင်မ စောစော အနားယူကြပါ.."
ထိုသို့ပြောပြီးနောက် ယင်းနွီက လင်းဖန်နှင့် လုံယွဲ့တို့ကို ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး အထူးသဖြင့် လုံယွဲ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
လုံယွဲ့က ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
သူမ၏ ယခင် အမြင်များအရ နတ်ဆိုးများဟူသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာကာ လူသတ်ရခြင်းကို မွေ့လျော်သူများဟုသာ သတ်မှတ်ထားခဲ့ဖူးသည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်း လင်းဖန်နှင့် မေ့ကျီ၊ အခြားသူများ၏ ဆက်ဆံရေးကို မြင်တွေ့လိုက်ရမှသာ သူမ၏ ယခင် အမြင်များမှာ မည်မျှအထိ လွဲမှားခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။
မေ့ကျီဖြစ်စေ၊ ယင်းနွီဖြစ်စေ သို့မဟုတ် အခြားသူများဖြစ်စေ၊ လင်းဖန်နှင့် ဆက်ဆံရာတွင် အလွန်ပင် သဟဇာတဖြစ်ပြီး ရင်းနှီးလွန်းလှရာ တစ်ခါတစ်ရံတွင် သခင်နှင့် ကျွန်ဟူသော ဆက်ဆံရေးမျိုးပင် မမြင်တွေ့ရချေ။
ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ ဧကရီအဖြစ် ရှိနေစဉ်က မခံစားခဲ့ဖူးပေ။
သူမ အုပ်ချုပ်စဉ်ကာလအတွင်းက ကျင့်ကြံခြင်းလောက၏ ဂိုဏ်းအသီးသီးမှာ သူမကို ရိုသေကြောက်ရွံ့ကြခြင်းသာ ရှိပြီး ယခုလို သူငယ်ချင်းများကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးမျိုး တစ်ခါမှ မရှိခဲ့ချ ။
ယခင်က ယင်းနွီနှင့် ပထမဆုံး ဆုံတွေ့စဉ်က သူမ၏ မျက်လုံးများထဲတွင် ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါတွင်မူ ရန်လိုမှုဟူ၍ တစွန်းတစ မရှိတော့ဘဲ သူမအတွက် သူငယ်ချင်းကောင်းတစ်ဦး ထပ်မံရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤခံစားချက်က သူမကို အလွန်ပင် ပျော်ရွှင်စေခဲ့သည်။
ယင်းနွီ တံခါးပိတ်ပြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်မိသည်။
ဘာကြောင့်မှန်းမသိ။ ကလေးမရသေးသော်လည်း သူသည် အဖေတစ်ဦးကဲ့သို့ ဖြစ်လာနေသည်ဟု ပို၍ ခံစားလာမိတော့သည်။
Chapter 166
~
အခန်း ၁၆၆ : နတ်ဆိုးမလေး၏ ဂိမ်းစတူဒီယို...
~
မည်းမှောင်နေသော အိပ်ခန်းအတွင်း၌ ကီးဘုတ်ရိုက်သံများမှာ တချောက်ချောက်နှင့် အဆက်မပြတ် ဆူညံနေပြီး ကွန်ပျူတာမျက်နှာပြင် မှ ထွက်ပေါ်လာသော စူးရှလှသည့် ဖလူအိုရီဆင်အလင်းတန်းများက အခန်းတွင်းကို လွှမ်းမိုးထားသည်။
သေးငယ်သော ပုံရိပ်လေးတစ်ခုသည် ကွန်ပျူတာမျက်နှာပြင်၏ ရှေ့တွင် ထိုင်ကာ လက်တစ်ဖက်က မောက်စ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ ကီးဘုတ်ပေါ်တွင် အလျင်အမြန် ရွေ့လျားနေသည်။ မျက်လုံးများက မျက်နှာပြင်ထံ စူးစိုက်ထားရင်း ကြမ်းပြင်နှင့် မမှီနိုင်သော သူမ၏ ခြေတိုလေးများကို လွှဲယမ်းကာ ချိုသာသော အသံလေးဖြင့် အော်ဟစ်လိုက်သည်။
"ခဏစောင့်ဦး.. အဖွဲ့လိုက်ချမှာ.. အဖွဲ့လိုက်ချမှာ.."
"ကောင်းတယ်..လမ်းရှင်း.. လမ်းရှင်း..တာဝါ ရအောင်ချိုး..."
ထိုအချိန်တွင် တံခါး ရုတ်တရက် ပွင့်သွားပြီး အခန်းတွင်းရှိ မီးခလုတ်မှာလည်း ဂျောက်ဟူသော အသံနှင့်အတူ တစ်ခန်းလုံး လင်းထိန်သွားသည်။
ရုတ်တရက် ပေါ်လာသော အလင်းရောင်ကြောင့် ရှန့်သည် အလိုအလျောက်ပင် လက်ဖြင့် မျက်လုံးကို ကာလိုက်ရ၏။
"ရှန့်..."
လင်းဖန်က တံခါးဝတွင် မတ်မတ်ရပ်ကာ ကွန်ပျူတာရှေ့၌ ထိုင်နေသော ရှန့်ကို စိုက်ကြည့်လိုက်သည်။
မေ့ကျီက host သွားလုပ်သလို၊ လုံယဲ့က အိမ်ရာဝင်း၏ လုံခြုံရေးဝန်ထမ်း ဖြစ်လာခဲ့ပြီး၊ ယင်းနွီကလည်း သူမ၏ လျှပ်စစ်ဆိုင်ကယ်လေးဖြင့် ပါဆယ်လိုက်ပို့နေပြီဖြစ်ရာ ရှန့်သည်လည်း သင့်တော်မည့် အလုပ်တစ်ခုခု ရှာတွေ့လောက်ပြီဟု တွေးကာ သူမကို လာကြည့်ခြင်း ဖြစ်သည်။
သို့သော်လည်း ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည့်တိုင်အောင် သူမသည် တစ်နေ့ကုန် အိမ်ထဲ၌သာ အောင်းပြီး ဂိမ်းဆော့နေဆဲပင် ။
"နတ်ဆိုးအရှင်.. ခဏလောက် စောင့်ပါဦး.. ဒီပွဲပြီးခါနီးပြီ.."
ရှန့်က ခေါင်းပင် လှည့်မကြည့်ဘဲ ကွန်ပြူတာကိုသာ အာရုံစိုက်ထား၏။
ထိုသည်ကို မြင်သည့်အခါ လင်းဖန်က မိန်းခလုတ်ရှိရာသို့ လျှောက်လှမ်းသွားပြီး ပလပ်ခေါင်းကို ဆွဲဖြုတ်လိုက်တော့သည်။
ကွန်ပျူတာမျက်နှာပြင်မှာ ချက်ချင်းပင် အမှောင်အတိ ကျသွားသည်။
"အား.. သမီး နိုင်တော့မှာလေ..."
မျက်နှာပြင် မှောင်သွားသည့် တစ်ပြိုင်နက် အခန်းအတွင်း၌ ဝမ်းနည်းစွာ အော်လိုက်သံက ပဲ့တင် ထွက်ပေါ်လာသည်။
"ရှန့်... နင် အလုပ်မရှာတာက ထားလိုက်ဦး.. အခုတော့ အိမ်ထဲမှာပဲ တစ်နေ့ကုန် ဂိမ်းထိုင်ဆော့နေတယ်.."
လင်းဖန်က အနားသို့ လျှောက်သွားပြီး ရှန့်၏ ခေါင်းကို လက်ညှိုးဖြင့် အသာ တောက်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ အခြားသော လက်ပ်တော့ပ်များနှင့် နောက်ထပ် ကွန်ပျူတာမျက်နှာပြင် အပိုများ၊ ဖုန်းများကို ညွှန်ပြပြီး စိတ်မရှည်စွာ မေးလိုက်၏။
"ပြီးတော့ ဒီပစ္စည်းတွေအကုန်လုံးက ဘယ်ကနေ ရလာတာလဲ.. နင် အွန်လိုင်းပေါ်မှာ လူတွေကို ထပ်ပြီး လိမ်ပြန်ပြီလား.."
သူဝယ်ပေးခဲ့သည်မှာ သာမန်ဒက်စတော့ပ် ကွန်ပျူတာတစ်စုံသာ ဖြစ်သည်။ သို့သော် ရက်ပိုင်းအတွင်းမှာပင် အခန်းထဲ၌ လက်ပ်တော့ပ်တစ်လုံးသာမက ကွန်ပျူတာမော်နီတာများ၊ ဖုန်းများနှင့် အခြားသော စက်ပစ္စည်းမျိုးစုံပါ ထပ်တိုးလာခဲ့သည်။
သူမ ယခင်က ဂိမ်းထဲ ပိုက်ဆံဖြည့်ရန် တောင်းဆိုမှုများကို သူက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးရာ ဤကဲ့သို့သော အဆင့်မြင့် စက်ပစ္စည်းများကို ဝယ်ယူရန် သူမတွင် ငွေကြေး မည်သို့ ရှိနိုင်မည်နည်း။
ထို့ကြောင့် သူမသည် အွန်လိုင်းပေါ်တွင် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးအသွင် ဆောင်ကာ ဉာဏ်ဆင်ပြီး ပိုက်ဆံရှာနေပြန်ပြီဟု သူ သံသယဝင်ရန် အကြောင်းပြချက် ခိုင်လုံသည်။
"အရှင်.. အထင်လွဲနေပြီ..သမီး ဘယ်သူ့ပိုက်ဆံကိုမှ မလိမ်ပါဘူး.. ဒါတွေအကုန်လုံးက သမီး ကိုယ်တိုင် ဝယ်ထားတာ.."
ရှန့်က သူမ၏ ခေါင်းကို ပွတ်သပ်ရင်း မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။
"အဲ့တာဆို ပိုက်ဆံ ဘယ်ကရလဲ.."
လင်းဖန်က မေးလိုက်၏။
"ဟီးဟီး..."
ရှန့်၏ လှပသော မျက်နှာထက်တွင် လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ ဖုန်းအတွင်းရှိ ငွေစာရင်းကို ထုတ်ပြလိုက်သည်။
သူမ၏ အကောင့်ထဲတွင် ယွမ်ထောင်ဂဏန်း ရှိနေလေ၏။
"ဒီပိုက်ဆံတွေ ဘယ်ကနေ ရောက်လာတာလဲ.."
လင်းဖန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
သူ သိထားသလောက်မူ ရှန့်သည် တစ်နေ့ကုန် အခန်းထဲ၌သာ အောင်း၍ ဂိမ်းဆော့နေပြီး အပြင်သို့ ထွက်ရန်ပင် ပျင်းရိသူ ဖြစ်ကာ ရံဖန်ရံခါမှသာ သူ့ထံသို့ ထမင်းလာစားလေ့ရှိသည်။ သူမတွင် ပိုက်ဆံ မည်သို့ ရှိနိုင်မည်နည်း။
လင်းဖန်၏ မေးခွန်းကို ကြားလျှင် ရှန့်၏ နှုတ်ခမ်းက အနည်းငယ် ကွေးညွတ်သွားပြီး ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့်...
"သမီး ဂိမ်းဆော့ပြီး ရှာထားတာလေ.."
"ဂိမ်းဆော့ပြီး ရှာထားတာ ဟုတ်လား.."
လင်းဖန် အံ့အားသင့်သွားပြီး ရှန့်၏ အရှေ့ရှိ ကွန်ပျူတာကို လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို ချက်ချင်း ရိပ်မိသွားသည်။
"နင် အကောင့်တွေ rank တင်ပေးတဲ့ အလုပ် လုပ်နေတာလား.."
"မှန်လိုက်တာ..အရှင်က အကဲခတ် တော်သားပဲ.."
ရှန့်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်က သူတို့ကို အလုပ်ရှာရန် အမိန့်ပေးပြီးနောက် သူမသည် အပြင်သို့ ထွက်ရန်မလိုဘဲ နေ့စဉ်နေ့တိုင်း ဂိမ်းကို ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်ကာ ပိုက်ဆံလည်း ရရှိမည့် အလုပ်မျိုး ရှိမလားဟူ၍ အတွေးပေါက်ကာ အွန်လိုင်းတွင် လိုက်လံရှာဖွေခဲ့ရာ ဤအလုပ်ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာလောကတွင် အော်ဒါလက်ခံပြီး ဂိမ်းအကောင့် rank တင်ပေးရသည့် အွန်လိုင်းလုပ်ငန်းတစ်ခု ရှိနေသည်။ အလုပ်ရှင်က ပိုက်ဆံပေးသရွေ့ သူမက ထိုသူ့ကိုယ်စား ဂိမ်းဆော့ပေးပြီး အဆင့်မြှင့်တင်ပေးခြင်း သို့မဟုတ် နေ့စဉ်တာဝန်များကို အပြီးသတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရခြင်း ဖြစ်သည်။
ဤနည်းဖြင့် အလုပ်ရှင်ကလည်း ကျေနပ်ရသလို သူမကလည်း နေ့စဉ်နေ့တိုင်း မတူညီသော ဂိမ်းမျိုးစုံကို ဆော့ကစားနိုင်ကာ ပိုက်ဆံလည်း ရရှိသဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပေသည်။
ထို့ကြောင့် သူမသည် ဖိုရမ်မျိုးစုံ၊ ဂိမ်းလူမှုအသိုင်းအဝိုင်းများတွင် အော်ဒါလက်ခံခြင်း၊ ဂိမ်းတာဝန်များ ရှင်းလင်းပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို အဆက်မပြတ် ကြေညာခဲ့သည်။
သူမ တစ်ဦးတည်းနှင့်ပင် နတ်ဆိုးမလေး အမည်ရှိသော ဂိမ်းစတူဒီယိုတစ်ခုကို တည်ထောင်လိုက်ပြီး အဆင့်မြှင့်တင်ပေးသည့် အော်ဒါများကို စတင်လက်ခံခဲ့သည်။
မည်သို့သော ဂိမ်းမျိုးဖြစ်စေ သူမက အားလုံးကို လက်ခံခဲ့သည်။
သူမ၏ ကျွမ်းကျင်လှသော ဂိမ်းကစားခြင်း အတတ်ပညာနှင့်အတူ ချိုသာလွန်းလှသော မိန်းကလေး အသံလေးကြောင့် သူမ၏ အွန်လိုင်းအော်ဒါ လက်ခံသည့် လုပ်ငန်းမှာ မကြာမီမှာပင် အောင်မြင်လာခဲ့သည်။
ပိုက်ဆံရရှိပြီးနောက် သူမသည် ကိုယ်တိုင်လေ့လာထားသော ကွန်ပျူတာ ဗဟုသုတများကို အသုံးပြုကာ ကွန်ပျူတာ အစိတ်အပိုင်းများကို အဆင့်မြှင့်တင်ခြင်း၊ မျက်နှာပြင်အပိုများ တပ်ဆင်ခြင်းနှင့် မျက်နှာပြင်မျိုးစုံတွင် ဂိမ်းများစွာကို တစ်ပြိုင်တည်း ဖွင့်လှစ်ဆော့ကစားခြင်း စသည်တို့ကို တက်ကြွစွာ လုပ်ဆောင်ခဲ့တော့သည်။
သူမသည် အလုပ်ရှင်များအတွက် အဆင့်မြှင့်တင်ပေးရန် အလုပ်ရှာနေစဉ် အခြားသော မျက်နှာပြင်များတွင်လည်း အရင်းအမြစ်များ ရှာဖွေရန် သို့မဟုတ် နေ့စဉ်တာဝန်များကို ရှင်းလင်းရန်အတွက် အခြားဂိမ်းများကို တစ်ပြိုင်တည်း ဖွင့်ထားနိုင်သဖြင့် စက္ကန့်တိုင်းကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့၏။
"နင် တစ်ရက်ကို ပိုက်ဆံ ဘယ်လောက်အထိ ရှာနိုင်လို့လဲ.."
လင်းဖန်က သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
သူ မေ့ကျီနှင့် အခြားသူများကို အလုပ်ရှာရန် အမိန့်ပေးခဲ့သည်မှာ တစ်ပတ်ပင် မပြည့်သေးချေ။
သို့သော် ဤတစ်ပတ်အတွင်းမှာပင် ရှန့်သည် စက်ပစ္စည်း အများအပြားကို ဝယ်ယူနိုင်ခဲ့ရုံသာမက သူမ၏ အကောင့်ထဲတွင်ပင် ယွမ်တစ်ထောင်ကျော် ပိုနေသေးသည်။
"အင်း..."
ရှန့်က သူမ၏ လက်ချောင်းလေးများကို ချိုး၍ ရေတွက်လိုက်ပြီး...
"တကယ်တော့ အများကြီး မရပါဘူး..မေ့ကျီနဲ့ ယှဉ်ရင် အများကြီး နည်းသေးတယ်..တစ်ရက်ကို ယွမ်တစ်ထောင်လောက်ပဲ ရတာ..."
"တစ်ရက်ကို ယွမ်တစ်ထောင် ဟုတ်လား.."
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းဖန် ဆွံအ သွား၏။
တစ်ရက်လျှင် တစ်ထောင်ဟူသည် တစ်လလျှင် သုံးလေးသောင်း ခန့် ရှိပေမည်။
ဤဝင်ငွေမှာ လုံးဝ မနည်းချေ။ အမှန်စင်စစ်တွင်မူ သူကဲ့သို့သော နတ်ဆိုးအရှင် ရှာဖွေနိုင်သည့် ဝင်ငွေထက်ပင် သာလွန်နေသေးသည်။
သူက တစ်လလျှင် စာမူခ ယွမ်ထောင်ဂဏန်းသာ ရရှိပေ၏။
မူလက သူ မေ့ကျီနှင့် အခြားသူများကို အလုပ်ရှာခိုင်းခဲ့ခြင်းမှာ သူတို့ကို ပျင်းမနေစေရန်သာမက ပိုက်ဆံရှာရခြင်း မည်မျှအထိ ခက်ခဲကြောင်း သိရှိစေရန်၊ လူမှုအဖွဲ့အစည်း၏ ရိုက်ခတ်မှုများကို ခံစားစေရန်နှင့် ငွေကြေးကို တန်ဖိုးထား စုဆောင်းတတ်စေရန်အတွက် ဖြစ်သည်။
သို့သော် အခြားတစ်ဖက်တွင်မူ သူတို့က ပိုက်ဆံကို ရေကဲ့သို့ အလွယ်တကူ ရှာဖွေနိုင်ကြပြီး တစ်ယောက်ထက်တစ်ယောက် ပိုမို ရှာဖွေ နိုင်နေကြသည်။
"အရှင်.. သမီးရဲ့ ကွန်ပျူတာ ပလပ်ခေါင်းလေး ပြန်တပ်ပေးလို့ ရမလား.. သမီး အလုပ်လုပ်ရဦးမယ်.."
"စောစောကပွဲက သေချာပေါက် နိုင်တော့မလို့ဟာကို.."
ရှန့်က လင်းဖန်ကို မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပွစိပွစိ ရေရွတ်လိုက်သည်။
မီးဖြတ်လိုက်ခြင်းကြောင့် ထိုပွဲကို ရှုံးနိမ့်သွားခဲ့ပါက သူမသည် အလုပ်ရှင်အတွက် နောက်ထပ်တစ်ပွဲ အပိုဆော့ပေးရပေတော့မည်။
ထို့အပြင် အခြားမျက်နှာပြင်များတွင် ပွင့်နေသော ဂိမ်းများမှာလည်း လိုင်းကျသွားခဲ့သဖြင့် စက္ကန့်တိုင်းမှာ သူမအတွက် နစ်နာမှုများ ဖြစ်နေချေသည်။
"ဆောရီးပါ..."
ယခုအခါ ရှန့်သည် ဂိမ်းဆော့ရင်း တရားဝင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိသွားရသဖြင့် လင်းဖန်သည် မဆူနိုင်တော့ပဲ တိတ်ဆိတ်စွာဖြင့် ပလပ်ခေါင်းကို ပြန် တပ်ပေးလိုက်ရတော့သည်။
သူ မတတ်နိုင်။ သူမက သူ့ထက် ပိုက်ဆံ ပိုရှာနိုင်နေသည် မဟုတ်ပါလော။
... ...
ထိုအချိန်တွင် တိုက်ခန်း၏ အောက်ဘက် မြေပြင်၌....
ပုံရိပ်တစ်ခုသည် အိမ်ရာဝင်း၏ မီးမှောင်သော သစ်ပင်ရိပ်များကြားတွင် မတ်မတ်ရပ်ကာ လက်ထဲမှ ပေါင်မုန့်ကို ကိုက်ဝါးရင်း လင်းဖန်၏ ဝရန်တာရှိရာ အပေါ်ဘက်သို့ မျက်တောင်မခတ် စူးစိုက်ကြည့်နေလေသည်။
"အရှင်မ.. အရှုံးမပေးဘဲ စောင့်နေပေးပါ.. အမြန်ဆုံး အရှင်မကို ကယ်တင်နိုင်ဖို့ ကြိုးစားပါ့မယ်.."