အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း ၁၆၇ : မလိုဘူး... ငါကိုယ်တိုင် သွားမယ်...
~
မြေအောက်ကားပါကင်အတွင်း၌ မော်တော်ကားများသည် သတ်မှတ်နေရာများတွင် သပ်သပ်ရပ်ရပ် စီတန်းရပ်ထား၏။ ဝါယာကြိုးမကောင်းသဖြင့် မီးချောင်းများမှာ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေပြီး ကြမ်းပြင်ထက်တွင်မူ ကားတာယာများ ပွတ်တိုက်မိရာမှ ကျန်ရစ်ခဲ့သော အမည်းရောင်အမှတ်အသားများ ရှိနေသည်။ နံရံအချို့တွင် ဆေးသားများ ကွာကျနေခြင်းက ဤနေရာ၏ သက်တမ်းရင့်ပုံကို ဖော်ပြနေ၏။
"တီတီ.."
ကျိုးယန်သည် ကားကို စနစ်တကျ ရပ်ပြီးနောက် သော့ဖြင့် တံခါးများကို ပိတ်ကာ ခပ်မိုက်မိုက် အမူအရာဖြင့် လှည့်ထွက်လာခဲ့သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ပြီးနောက် သူ၏နောက်ဘက်မှ အနက်ရောင် အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်။
သူ ခံစားမိလိုက်သဖြင့် ချက်ချင်းပင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်ရင်း မေးလိုက်၏။
"ဘယ်သူလဲ.. ဘယ်သူ လာခြောက် နေတာလဲ ..ငါ့များ ကြောက်တက်တယ် ထင်နေတာလား.. "
သူ၏ အသံဆုံးသွားသော်လည်း မြေအောက်ကားပါကင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်သံမှ ထွက်ပေါ်မလာ။
ကျိုးယန်၏ နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပိုမို ပြင်းထန်လာခဲ့သည်။
သူ၏နောက်ဘက်မှ တစ်စုံတစ်ခု ဖြတ်သန်းပြေးလွှားသွားကြောင်း သူ လုံးဝ သေချာနေသည်။
ခွေး သို့မဟုတ် ကြောင်သာ ဖြစ်ပါက သူ အော်ဟစ်လိုက်ပြီးနောက် ဤမျှအထိ ငြိမ်သက်တိတ်ဆိတ်နေမည်မဟုတ်ပေ။
ထိုအချိန်တွင် အဝေးဆီမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးချောင်းများသည် ဝေးရာမှ နီးရာသို့ တစ်ခုပြီးတစ်ခု စတင်ငြိမ်းသက်သွားပြီး နောက်ဆုံးတွင် သူ၏ခေါင်းပေါ်ရှိ မီးချောင်းပါ တဖျတ်ဖျတ်ဖြစ်လာသည်။ ပတ်ဝန်းကျင် လေထုမှာလည်း လေးလံလာလေ၏။
ဤအိမ်ရာဝင်းထဲတွင် ကားရပ်နားခဲ့သည်မှာ အကြိမ်ကြိမ် ရှိခဲ့ပြီဖြစ်သော်လည်း ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များထဲတွင်သာ ကြုံတွေ့ရတတ်သည့် ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည်။
ဤအချိန်တွင် အခြားလူတစ်ယောက်ယောက် မြေအောက်ကားပါကင်ထဲသို့ အလျင်အမြန် ဝင်ရောက်လာပါစေဟုသာ သူ ဆုတောင်းနေမိသည်။ ခဏတာ တဖျတ်ဖျတ်ဖြစ်နေပြီးနောက် သူ၏ခေါင်းပေါ်ရှိ မီးချောင်းမှာ ဖောင်းခနဲ ပေါက်ကွဲသွားပြီး မြေအောက်ကားပါကင်တစ်ခုလုံး ချက်ချင်းပင် အမှောင်အတိ ကျသွားသည်။
ကျိုးယန်သည် သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို မထိန်းချုပ်နိုင်တော့။ နောက်သို့ပင် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ပြေးတော့သည်။
သူ စတင်ထွက်ပြေးသည့် အချိန်၌ပင် သူ၏နောက်မှ အမြန် လိုက်ပါလာသော ခြေသံများ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်က သူ့နောက်သို့ ပြေးလိုက်လာခြင်းပင်။
ကျိုးယန်က အသည်းအသန် ပြေးရင်း အော်လိုက်သည်။
"ငါ ကျိုးယန်က တစ်သက်လုံး ကောင်းမှုကုသိုလ်တွေပဲ လုပ်ခဲ့တာပါ.. မိန်းကလေးကိစ္စ ဝါသနာပါတာကလွဲရင် ဘယ်လို ဒုစရိုက်မျိုးမှ မလုပ်ခဲ့ဖူးပါဘူး..မင်း ငါ့ဆီ မလာနဲ့..ငါ လူကောင်းပါ.."
"ကယ်ကြပါဦး..တစ်ယောက်ယောက် ကယ်ကြပါဦး.."
သူ၏ အော်ဟစ်သံ ဆုံးသွားသည်နှင့် အနက်ရောင် အရိပ်တစ်ခုက သူ၏ဘေးနားတွင် ဗြုန်းခနဲ ပေါ်လာသည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် အမှောင်ထဲမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူ၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။
"ဗုန်း.."
ကျိုးယန် နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဦးခေါင်းကို ရိုက်မိသွားသဖြင့် သူ ချက်ချင်းပင် မူးဝေသွားပြီး ပြန်မထနိုင်တော့ချေ။ အမှောင်ထဲမှ ရှေးဟောင်း ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးပုံရိပ်တစ်ခု သူ့ဆီသို့ ဖြေးဖြေးချင်း လျှောက်လှမ်းလာနေသည်ကိုသာ ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
"နတ်သမီးလေးလား..."
သူ ထိုအမျိုးသမီး၏ မျက်နှာကို သေသေချာချာပင် မမြင်လိုက်ရဘဲ အာရုံများ ပျောက်ကွယ်ကာ သတိလစ် မေ့မြောသွားသည်။
သူ ပြန်လည်နိုးထလာသည့်အခါ ခေါင်းကို ကိုင်ထားမိရင်း စစ်ဆေးကြည့်ရာ သူ ဝတ်ဆင်ထားသော အဝတ်အစားများကလွဲ၍ ကျန်ရှိသော ပိုက်ဆံအိတ်၊ ဖုန်းနှင့် အခြားအရာများအားလုံး ပျောက်ဆုံးနေပြီဖြစ်ကြောင်း သိလိုက်ရ၏။
သူ ထင်တာ မမှားလျှင် သူ ဓားပြတိုက်ခံလိုက်ရပေပြီ။
ကျိုးယန်က တဆစ်ဆစ်ကိုက်နေသောခေါင်းကို ပွတ်သပ်ရင်း စဥ်းစားလိုက်သည်။
ထို့နောက် သူ ထရပ်ကာ ကားရှိရာသို့ ပြန်လည်လျှောက်သွားပြီး ရဲစခန်းသို့ သွားရောက်တိုင်ချက်ဖွင့်ရန် ပြင်လိုက်သော်လည်း အိတ်ကပ်ထဲသို့ လက်နှိုက်မိသည့်အခါ ကားသော့ပါ ပါသွားပြီဖြစ်ကြောင်း သတိရသွားသည်။
သို့သော် ထူးဆန်းသည်မှာ ထိုလူသည် သူ၏ကားသော့ကို ယူဆောင်သွားခဲ့သော်လည်း ကားကိုမူ ယူမသွားချေ။ ထူးဆန်းလှပေ၏။
"ဘာ.. မင်း ဓားပြတိုက်ခံရတယ် ဟုတ်လား.."
" ဒီက မြေအောက်ကားပါကင်ထဲမှာတင် ဖြစ်တာလား.."
လင်းဖန်၏ အိမ်တွင် ကျိုးယန် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ကြားရသည့်အခါ လင်းဖန်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် မြေအောက်ကားပါကင်တစ်ခု၌ ပေါ်ပေါ်ထင်ထင် ဓားပြတိုက်ဝံ့သူ ရှိနေခြင်းက ရှားပါးလှ၏။
ကျိုးယန်က စိတ်ပျက်လက်ပျက်ဖြင့် ...
"ငါ ရဲစခန်းကို ဖုန်းဆက်ပြီးပြီ.. ရဲတွေပြောတာတော့ ငါက ပထမဆုံး ဓားပြအတိုက်ခံရတဲ့လူ မဟုတ်ဘူးတဲ့.."
"သူတို့ပြောတာတော့ မကြာသေးခင်က မြို့အနှံ့မှာ ဓားပြတိုက်မှုတွေ ဆက်တိုက် ဖြစ်နေတာ..အချို့လူတွေဆိုရင် စားစရာ ပါဆယ်ထုတ်တွေပဲ လုယက်ခံရပြီး အချို့လူတွေကျတော့ ငါ့လိုပဲ ကိုယ်ပေါ်မှာ ရှိတဲ့ ပစ္စည်းမှန်သမျှ အကုန် အလုခံရတာ.."
"ရာဇဝတ်ကောင်တွေ ပစ်မှတ်ထားတာ မခံရအောင် မကြာသေးခင်က ညဘက်တွေမှာ အပြင်ကို တစ်ယောက်တည်း မထွက်ကြဖို့လည်း သူတို့က သတိပေးထားတယ်.."
ဤနတ်ဆိုးမြို့တော်၏ သန်းပေါင်းများစွာသော လူဦးရေထဲမှ သူကိုယ်တိုင် ဤသို့ ကြုံတွေ့ရခြင်းက တကယ့်ကို ထူးဆန်းလှသည်။
သူသည် အမြဲတမ်း လူသိနည်းအောင် နေထိုင်တတ်သူဖြစ်ပြီး သူ၏ငွေကြေးများကိုလည်း အစားအသောက်နှင့် အပန်းဖြေခြင်းများတွင်သာ အသုံးပြုလေ့ရှိသည်။ ရွှေငွေ ရတနာများလည်း ဆင်ယင်လေ့မရှိသလို သူစီးသောကားမှာလည်း ငါးသိန်းခြောက်သိန်းတန် သာမန်အဆင့်မြင့်ကားသာ ဖြစ်ပြီး တန်ဖိုးကြီး ပြိုင်ကားမျိုး မဟုတ်ချေ။ မည်သည့်အတွက်ကြောင့် သူ့အား ပစ်မှတ်ထားကြပါသနည်း။
သူ စဉ်းစား၍မရပေ။
သို့သော်လည်း လုယက်မှုဟူသည် ပစ်မှတ်အတိအကျမရှိဘဲ ကြုံကြိုက်သလို လုပ်ဆောင်တတ်ခြင်းမျိုးဖြစ်ရာ ယနေ့တွင် သူ ကံဆိုးသွားခြင်းလည်း ဖြစ်နိုင်သည်။
"ဒါက ပထမဆုံးအကြိမ် ဖြစ်ပွားတာ မဟုတ်တော့ဘူးပေါ့.."
လင်းဖန်၏ အမူအရာမှာ တွေးတောဟန် ဖြစ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
ကားသော့ကို ယူဆောင်သွားသော်လည်း ကားကို မောင်းမသွားခြင်းမှာ အကယ်၍ ကားမောင်းသွားပါက လူသိသာပြီး အလွယ်တကူ အဖမ်းခံရမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ဆိုလျှင် ကားသော့ကို မည်သည့်အတွက်ကြောင့် ယူသွားရသနည်း။
ထို့အပြင် ဖုန်းနှင့် ပိုက်ဆံအိတ်ကို ယူခြင်းက ငွေကြေးအတွက် ဖြစ်နိုင်သော်လည်း စားစရာများကို မည်သည့်အတွက်ကြောင့် လုယက်ရသနည်း။
သာမန်လူများအနေဖြင့် စားစရာအနည်းငယ်အတွက်နှင့် ဓားပြတိုက်မှုကဲ့သို့သော ရာဇဝတ်မှုကို လုပ်ဆောင်ကြမည် မဟုတ်ပေ။
အကယ်၍ ထိုသည်က အမှန်ဖြစ်ပါက ထိုလူသည် မည်မျှအထိ ဆာလောင်နေပါသနည်း ။ ဤကိစ္စတွင် တစ်ခုခု ထူးဆန်းနေကြောင်း သူ ခံစားမိလိုက်သည်။
“ငါ အခု ပြန်တော့မယ် လင်းဖန်.. မင်းနဲ့ မရီး အပြင်ထွက်တဲ့အခါ ဂရုစိုက်ကြဦးနော်.."
ကျိုးယန်က ထပ်မံ သတိပေးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူ ယနေ့တွင် အားနေသဖြင့် လင်းဖန်၏အိမ်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်သော်လည်း ပထမဦးစွာ ဓားပြတိုက်ခံရပြီးနောက် ဆေးရုံသို့ သွားရောက် ကုသမှုခံယူခဲ့ရကာ ထို့နောက် ရဲစခန်းသို့ သွားရောက် တိုင်ချက်ဖွင့်ပြီး ထွက်ဆိုချက် ပေးခဲ့ရသည်။ ဤအရာများကို လုပ်ဆောင်ပြီးနောက် တစ်နေ့တာ အချိန်များမှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
လင်းဖန်က ဘေးနားရှိ လုံယဲ့ကို လှည့်၍ ညွှန်ကြားလိုက်သည်။
"လုံယဲ့.. ကျိုးယန်ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါ.."
"ဟုတ်ကဲ့ပါ သခင်လေး.."
လုံယဲ့က ဘာစကားမျှ ထပ်မပြောဘဲ ရှေ့သို့ လှမ်းလာကာ ကျိုးယန်ကို ကြက်ပေါက်လေးတစ်ကောင်လို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်သည်။
ကျိုးယန်က မလှုပ်ရှားဝံ့ဘဲ ငြိမ်ငြိမ်လေးသာ လိုက်သွား၏။
ဤကဲ့သို့ လိုက်ပို့သည့် နည်းလမ်းမှာ အနည်းငယ် ထူးဆန်းသော်လည်း လုံခြုံမှုအပြည့်အဝ ခံစားရစေကြောင်း သူ ဝန်ခံရပေလိမ့်မည်။
"လုံယဲ့ ဒီနေ့ အိမ်ရာဝင်း ဝင်ပေါက်မှာ သံသယဖြစ်စရာ လူတစ်ယောက်ယောက်ကို သတိထားမိတာမျိုး ရှိလား.."
လုံယဲ့ ပြန်လည်ရောက်ရှိလာပြီးနောက် လင်းဖန်က မော့ကြည့်ကာ မေးလိုက်သည်။
ကျိုးယန်သည် သူတို့အိမ်ရာဝင်း၏ မြေအောက်ကားပါကင်တွင် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ရာ အိမ်ရာဝင်း၏ လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော လုံယဲ့သည် သံသယဖြစ်ဖွယ်လူများ ဝင်ရောက်လာခြင်းကို မြင်တွေ့နိုင်ခြေ အရှိဆုံးလူ ဖြစ်သည်။
လုံယဲ့က သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
"အရှင်..ကျွန်တော် တာဝန်ကျနေတဲ့ အချိန်အတွင်းမှာတော့ ဘယ်လို သံသယဖြစ်စရာလူကိုမှ မမြင်မိပါဘူး.."
“ဒီလူက ကျွန်တော် တာဝန်လဲချိန်ကို စောင့်ပြီး အိမ်ရာဝင်းထဲကို တိတ်တိတ်လေး ခိုးဝင်သွားတာလည်း ဖြစ်နိုင်ပါတယ်.."
'သူတို့က လုံယဲ့ တာဝန်ကျချိန်ကို တကူးတက ရှောင်ခဲ့တာလား..ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်လား.."
"အင်း..."
လင်းဖန်က မေ့ကျီနှင့် အခြားသူများကို သံသယစိတ်ဖြင့် မေးလိုက်သည်။
"မေ့ကျီ.. မင်းတို့ လေးယောက်အပြင် အခြားလူတစ်ယောက်ယောက်ပါ လိုက်လာတာမျိုး ရှိသေးလား.."
ကျိုးရန်၏ ပြောပြချက်အရ ဓားပြသည် အလွန် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး သူ သေသေချာချာပင် မမြင်လိုက်ရခင်မှာပင် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ကပင် ယခုအချိန်အထိ သံသယရှိသူ၏ မည်သူမည်ဝါဖြစ်ကြောင်း ခြေရာခံနိုင်ခြင်း မရှိသေးချေ။
သူ အတွေးလွန်နေခြင်းလား မသိသော်လည်း ထိုတစ်ဖက်လူသည် ဤကမ္ဘာလောကမှ လူတစ်ဦး မဟုတ်သကဲ့သို့ သူ အမြဲ ခံစားနေရသည်။ မေ့ကျီအပါအဝင် သူတို့ လေးဦးစလုံးမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တညီတညွတ်တည်း ခေါင်းခါပြကြသည်။
"အရှင်..ကျွန်တော်မျိုးတို့ လေးယောက်ကလွဲလို့ အခြားဘယ်သူမှ လိုက်မလာခဲ့ပါဘူး.."
"အဲ့လိုလား..ဒါဆိုရင်လည်း ဒါက သာမန် ဓားပြမှုတစ်ခုပဲ ဖြစ်မှာပါလေ.."
ထိုစကားကို ကြားရသည့်အခါ လင်းဖန် ဆက်၍ တွေးမနေတော့ဘဲ သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်သည်။
ဟင်းလင်းပြင်ဟူသည်က မည်သူမဆို အလွယ်တကူ ဖြတ်သန်းနိုင်သောအရာ မဟုတ်ချေ။ ကျင့်ကြံခြင်းစွမ်းအား အနည်းငယ် အားနည်းသည်နှင့် ဟင်းလင်းပြင်၏ ကမောက်ကမ စွမ်းအင်များကြောင့် ချက်ချင်းပင် ခန္ဓာကိုယ် ကျေမွသွားနိုင်သည်။
မေ့ကျီနှင့် အခြားသုံးဦး၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားမှာ နတ်ဆိုးလောကတွင် သူနှင့် အစောင့်အရှောက်ကြီး နှစ်ဦးပြီးလျှင် အမြင့်ဆုံးဖြစ်ရာ အင်မော်တယ်နတ်ဆိုးတိုက်ကြီး၏ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုကဲ့သို့သော သူများပင် ဟင်းလင်းပြင်ကို ဖြတ်သန်းရန် ကျင့်ကြံခြင်းစွမ်းအင် အမြောက်အမြား ဖြုန်းတီးခဲ့ရသည်ဖြစ်ရာ အခြားသူများအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
"အရှင်..ကျွန်တော် အဲ့လူကို ဆွဲထုတ်လာခဲ့ရမလား.."
လုံယဲ့၏ အကြည့်များ စူးရှသွားပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။
သူက ဤအိမ်ရာဝင်း၏ လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ယူထားဆဲအချိန်တွင် တစ်စုံတစ်ယောက်က သူ၏ နယ်မြေထဲ၌ ပြဿနာရှာဝံ့နေသည်။
ထို့အပြင် အလုခံရသူမှာ အရှင်၏ သူငယ်ချင်း ဖြစ်နေ၏။ ဤသည်က သူ့ကို သတ်သတ် စိန်ခေါ်လိုက်ခြင်းပင်။
"မလိုဘူး..ငါကိုယ်တိုင် သွားတွေ့မယ်.."
လင်းဖန်က လက်မြှောက်ကာ တက်ကြွနေသော ကြက်ဖ လုံယဲ့ကို တားဆီးလိုက်ပြီး သူကိုယ်တိုင် မတ်တတ်ရပ်လိုက်သည်။ သူ၏ ထက်မြက်သော အကြည့်များမှာ ပြတင်းပေါက်အပြင်ဘက်ရှိ ဝရန်တာဆီသို့ ဦးတည်နေခဲ့သည်။
သူသည် ပုံမှန်အားဖြင့် ဤကဲ့သို့သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း ဤအရာက သူ၏ အိမ်ရာဝင်းအတွင်း၌ ဖြစ်ပွားခဲ့ပြီး သူ၏သူငယ်ချင်းပါ အလုခံခဲ့ရသဖြင့် သူ ဝင်ရောက်ဖြေရှင်းရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
အကယ်၍ နောက်ထပ် တစ်စုံတစ်ရာ ထပ်မံဖြစ်ပွားပါက အိမ်ခြံမြေ ဈေးနှုန်းများကိုပါ ထိခိုက်သွားနိုင်သည်။
Chapter 168
~
အခန်း ၁၆၈ : ဧကရီအရှင်မ အတွက် ငါနင့်ကို သတ်မယ်.. ..
~
မှောင်ရီပျိုးစ အချိန်....
လင်းဖန်သည် လမ်းမထက်တွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေပြီး သူ၏နောက်ဘက် အဝေးတစ်နေရာမှ ပုံရိပ်တစ်ခုက တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
'နောက်ဆုံးတော့ မစောင့်နိုင်တော့ဘဲ ထွက်လာပြီပေါ့..'
လင်းဖန်၏ နှုတ်ခမ်းက အနည်းငယ် ကွေးညွတ်သွားကာ နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး လူသူကင်းမဲ့သော မြို့ဆင်ခြေဖုံး တောထဲသို့ ဘာမှမသိသကဲ့သို့ လျှောက်ဝင်သွားသည်။
မကြာသေးခင်က ဖြစ်ပွားနေသော ဓားပြကို ဖမ်းဆီးရန် ဆုံးဖြတ်ပြီးနောက် သူသည် သားကောင် အစာဟပ်လာစေရန်အတွက် လမ်းမများထက်၌ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် ထိုသူက သူ့အာ ပစ်မှတ်ထားလာလေပြီ။
မျှော်လင့်မထားဘဲ အဆင်ပြေချောမွေ့သွားခဲ့သဖြင့် ဒုက္ခများစွာကို သက်သာစေခဲ့သည်။
လင်းဖန်က တောအုပ်ထဲသို့ လျှောက်ဝင်သွားသည်ကို မြင်တွေ့ရသည့်အခါ ထိုပုံရိပ်သည်လည်း တွေဝေမနေဘဲ ခြေလှမ်းများကို အရှိန်မြှင့်ကာ ချက်ချင်း လိုက်ဝင်လာသည်။
လုံလောက်စွာ ဆိတ်ငြိမ်ပြီး လူသူကင်းမဲ့သော တစ်နေရာသို့ ရောက်လာပြီးနောက် လင်းဖန်က ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
"ဒီမှာ ဘယ်သူမှ မရှိတော့ဘူး.. နင်လည်း ဒီလောက်အကြာကြီး လိုက်လာခဲ့တာဆိုတော့ ထွက်လာခဲ့တော့လေ.."
သူ၏ အသံဆုံးသွားသည်နှင့် သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
"နင်က မကြာသေးခင်က ဓားပြတိုက်နေတဲ့လူလား.."
လင်းဖန်က အေးအေးဆေးဆေး မေးလိုက်သည်။
တစ်ဖက်လူက ဘာစကားမျှ ပြန်မပြောဘဲ သူမ၏လက်ထဲမှ သုံးပေခန့်ရှည်သော ချင်ဖုန်းဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ဓားကိုယ်ထည်ပေါ်တွင် အသက်ဝင်နေဟန် ထင်ရသော အပြာရောင်ဖီးနစ်ငှက်တစ်ကောင် ရှိနေပြီး သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာ ဓားသွားတစ်လျှောက် အထက်သို့ ရစ်ခွေနေသည်။ ဓားသွားထံမှလည်း အေးစက်စက် အလင်းတန်းများ ဖြာထွက်နေ၏။
"ဟမ်..."
တစ်ဖက်လူ၏ လက်ထဲရှိ ဓားရှည်ကို မြင်လိုက်ရသည့်အခါ လင်းဖန်မျက်မှောင်ကြုတ်သွားပြီး ဤကိစ္စက မရိုးရှင်းကြောင်း ချက်ချင်း ခံစားမိလိုက်သည်။
ယခုခေတ်ကာလတွင် ဓားပြတိုက်မည့်သူက ဓားရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်လာလိမ့်မည် မဟုတ်ပေ။
ထင်သည့်အတိုင်းပင် ထိုလူက ဓားရှည်ကို ကိုင်စွဲကာ မြှားတစ်စင်းကဲ့သို့ ပြင်းထန်စွာ အရှိန်ယူလိုက်ပြီး ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ လင်းဖန်၏မျက်နှာဆီသို့ ချက်ချင်း ထိုးနှက်တိုက်ခိုက်လာခဲ့သည်။
"နတ်ဆိုးအရှင်.. သေဖို့ ပြင်ထားလိုက်တော့.."
လင်းဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်မှလည်းနတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏ လက်ညှိုးနှင့် လက်ခလယ် ကို အသုံးပြု၍ ဓားရှည်ကို မြဲမြံစွာ ဖမ်းလိုက်ပြီး ထိုအချိန်တွင်မှ တစ်ဖက်လူ၏ ရုပ်သွင်ကို သေသေချာချာ မြင်တွေ့လိုက်ရသည်။
တစ်ဖက်လူမှာ အင်မော်တယ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး လှပသော ရုပ်ရည်ရှိကာ သူ ယခင်က မြင်တွေ့ဖူးသည့်လူ ဖြစ်နေသည်။
"ငါ နင့်ကို မှတ်မိပြီ.. နင်က ယွဲ့အာရဲ့ အနီးကပ် အစေခံမလေးပဲ.. နင့်နာမည်က အန်ယောင် ထင်တယ်နော်.."
" အံ့သြဖို့ကောင်းလိုက်တာ..နင် ဒီကမ္ဘာကို ဘယ်လိုလုပ် ရောက်လာတာလဲ.."
"နင်နဲ့ ဘာမှမဆိုင်ဘူး..ပြီးတော့ ငါတို့ ဧကရီကို အဲ့လို ရင်းရင်းနှီးနှီး ခေါ်ခွင့်မရှိဘူး.."
လင်းဖန်က ဧကရီကို ခေါ်ဆိုလိုက်သည့် နာမည်ကို ကြားပြီး အန်ယောင်ဒေါသ အကြီးအကျယ် ထွက်သွား၏။ သူမ၏ အင်မော်တယ်ဓားအတွင်းသို့ ကျင့်ကြံခြင်းစွမ်းအင်များ ဖြည့်တင်းလိုက်ရာ ဓားကိုယ်ထည်ပေါ်ရှိ အပြာရောင်ဖီးနစ်ငှက်မှာ ချက်ချင်းပင် အသက်ဝင်လာပြီး ပျံသန်းထွက်ပေါ်လာသည်။
"ရှေးဟောင်းအင်မော်တယ်ဓား..အပြာရောင်ဖီးနစ်ဓားလား.. စိတ်ဝင်စားဖို့ကောင်းသားပဲ.."
လင်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ လေတိုးသံနှင့်အတူ ဝင်ရောက်လာသော အပြာရောင်ဖီးနစ်ငှက်ကို အေးအေးလူလူပင် ရှောင်တိမ်းလိုက်သည်။
ထိုသည်ကို မြင်သည့်အခါ အန်ယောင်က လက်ဟန်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ရာ လေဟင်းလင်းပြင်ရှိ အပြာရောင်ဖီးနစ်ဓားမှာ ကျင့်ကြံခြင်းစွမ်းအင်များကြောင့် များလှသော ဓားအရိပ်များအဖြစ် လျင်မြန်စွာ ကွဲထွက်သွားသည်။
ဆယ်ဂဏန်းမက ရှိသော စွမ်းအင်ဓားများသည် အရပ်မျက်နှာအနှံ့မှ လင်းဖန်ကို လျင်မြန်စွာ ဝန်းရံတိုက်ခိုက်လာခဲ့ပြီး ပျံသန်းရင်းနှင့် အပြာရောင်ဖီးနစ်ငှက်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။
အပြာရောင်ဖီးနစ်ငှက်များသည် တောအုပ်အတွင်း လှုပ်ရှားပျံသန်းနေကြပြီး သူတို့ ဖြတ်သန်းရာ လမ်းကြောင်းရှိ သစ်ပင်များနှင့် ကျောက်ဆောင်အားလုံးကို ပြိုလဲပျက်စီးစေခဲ့ရာ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဟေး ဟေး ဟေး..နင် ဒီလိုမျိုး လုပ်နေရင် အခြားလူတွေ အာရုံစိုက်တာကို ခံရလိမ့်မယ်.."
လင်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲဖြစ်ပြီး အပြာရောင်ဖီးနစ်ငှက်များ၏ တိုက်ခိုက်မှုများကြားတွင် လှပသော နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး ဆက်တိုက် တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနေသည်။
သူမအနေဖြင့် လင်းဖန်ကို ဘာမှမလုပ်နိုင်သေးသည်ကို မြင်ရသည့်အခါ အန်ယောင် မျက်မှောင်ကြုတ်သွားသည်။ ဝေခွဲမရဖြစ်ပြီးနောက် သူမသည် စွမ်းအင်အရည်ပုလင်းတစ်လုံးကို ထုတ်ယူကာ မော့သောက်လိုက်၏။
စွမ်းအင်အရည်များ ဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် သူမ၏ ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအင်များမှာ ချက်ချင်းပင် ထပ်မံ ပေါက်ကွဲထွက်ပေါ်လာသည်။ သူမ၏ လက်ချောင်းများက မန္တန်ကို ပြောင်းလဲလိုက်ရာ ဟင်းလင်းပြင်ရှိ အပြာရောင်ဖီးနစ်ငှက်များသည် သူမ၏ ထိန်းချုပ်မှုအောက်တွင်လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။
"နတ်ဆိုးအရှင်.. ဧကရီအတွက် ဒီနေ့ ဒီနေရာမှာတင် ငါ နင့်ကို သုတ်သင်ပစ်မယ်.."
"နင် ငါ့အပေါ်ကို တစ်ခုခု အထင်လွဲနေပုံရတယ်.. ယွဲ့အာက..."
လင်းဖန်က တိုက်ခိုက်လိုခြင်းမရှိသဖြင့် အန်ယောင်ကို ရှင်းပြရန် ကြိုးစားလိုက်သော်လည်း သူမ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် စကားစပြတ်သွားသည်။
"ပါးစပ်ပိတ်ထား.. ဧကရီရဲ့ နာမည်ကို အဲ့ဒီလိုမျိုး ရင်းရင်းနှီးနှီး မခေါ်ရဘူးလို့ ငါ ပြောထားတယ်မလား.."
ထိုသို့ပြောပြီးနောက် အန်ယောင်က သူမ ထိန်းချုပ်ထားသော အပြာရောင်ဖီးနစ်ငှက်များကို ပိုမိုမြန်ဆန်စေကာ လင်းဖန်ထံသို့ စေလွှတ်လိုက်သည်။
အပြာရောင်ဖီးနစ်ငှက်များသည် လေထဲတွင် ဝဲပျံနေကြပြီး သူတို့၏ အတောင်ပံများက လမ်းကြောင်းပေါ်ရှိ သစ်ပင်များနှင့် ကျောက်ဆောင်အားလုံးကို အလွယ်တကူပင် ဖျက်ဆီးနေသည်။
" ဒုက္ခပဲ.. ဒါပေမဲ့ ဆောရီးပဲနော်.. ငါ နင့်ကို ဒီအတိုင်း ဆက်လွှတ်ထားရင် ကိစ္စတွေက ပိုပြီး ရှုပ်ထွေးကုန်လိမ့်မယ်.. တိုက်ပွဲကို ဒီတင်ပဲ ရပ်လိုက်ကြရအောင်.."
အပြာရောင်ဖီးနစ်ငှက်များသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်နေပြီး အခြားသူများ၏ အာရုံစိုက်မှုကို ခံရတော့မည်ကို မြင်တွေ့ရသည့်အခါ လင်းဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ၏ လက်ဝါးနှစ်ဖက်ကို အသာရိုက်လိုက်သည်။
"ဗုန်း..."
အသံနှင့်အတူ ဟင်းလင်းပြင် တုန်ခါသွားခဲ့ပြီး မိုင်အနည်းငယ်အတွင်းရှိ မှန်များအားလုံး ကွဲအက်ပျက်စီးသွားခဲ့သည်။ လေထဲရှိ အပြာရောင်ဖီးနစ်ငှက် အရိပ်အယောင်အားလုံးမှာလည်း မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် ချက်ချင်းပင် ချေမှုန်းခြင်း ခံလိုက်ရတော့သည်။
သေသေချာချာ ကြည့်ရှုလိုက်ပါက တောင်ထိပ်၏ အထက် ဟင်းလင်းပြင်တွင် လက်ခုပ်တီးထားသော အမူအရာဖြင့် ရှိနေသည့် ကြီးမားလှသော လက်မောင်းကြီးနှစ်ဖက်ကို မြင်တွေ့ရမည်ဖြစ်ပြီး ထိုပုံရိပ်ထံမှ ခန့်ညားထည်ဝါသော ဖိအားများ ထွက်ပေါ်နေသည်။
"ဟင်းလင်းပြင်လက်ဝါးစွမ်းအား.."
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အန်ယောင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူမ၏ မျက်နှာလေးမှာ ဖြူလျော်သွားသည်။
ဟင်းလင်းပြင်လက်ဝါးဟူသည် ရှေးဟောင်း ထိပ်တန်းကျင့်စဉ်များအနက် တစ်ခုဖြစ်ပြီး ကျင့်ကြံသူအနေဖြင့် ကောင်းကင်နှင့်မြေကမ္ဘာ၏ ဖြစ်တည်မှုပုံရိပ်ကို တကူးတက ဆင့်ခေါ်ရန်မလိုဘဲ မိမိ၏ အားအကောင်းဆုံး တိုက်ကွက်ကို မည်သည့်အချိန်မဆို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
ဖြစ်တည်မှုပုံရိပ်ဟူသည် ကျင့်ကြံသူတိုင်း တိုက်ပွဲဝင်ရာတွင် အားအကောင်းဆုံးသော တိုက်ခိုက်မှုအခြေအနေဖြစ်ပြီး ဟင်းလင်းပြင်လက်ဝါးကို ပိုင်ဆိုင်ထားခြင်းက ကောင်းကင်နှင့်မြေကမ္ဘာ၏ ဖြစ်တည်မှုပုံရိပ်ကို ဆင့်ခေါ်စရာမလိုဘဲ မိမိ၏ အားအကောင်းဆုံး တိုက်ကွက်ကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ထုတ်ဖော်နိုင်ခြင်းကို ဆိုလိုသည်။
ယခုအချိန်တွင် နတ်ဆိုးအရှင် ထုတ်ဖော်လိုက်သော ဟင်းလင်းပြင်လက်ဝါးမှာ အင်မော်တယ်နတ်ဆိုးတိုက်ကြီးပေါ်တွင်ရှိစဉ်ကကဲ့သို့ အားမကောင်းသော်လည်း ဤအမှတ်မထင် တိုက်ခိုက်မှုကပင် သူမကို အလွယ်တကူ သတ်နိုင်သည်။
မကြာသေးခင်ရက်ပိုင်းကတည်းက သူမသည် နတ်ဆိုးအရှင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ သူ လမ်းလျှောက်ထွက်လာချိန် သို့မဟုတ် စက်ဘီးစီးချိန်များတွင် သူ၏ခန္ဓာကိုယ်၌ ကျင့်ကြံခြင်းစွမ်းအင် တုန်ခါမှုစိုးစဉ်းမျှ မရှိသည်ကို မြင်တွေ့ရသဖြင့် သူ၏ ခန္ဓာကိုယ်တွင်း၌ ကျင့်ကြံခြင်းစွမ်းအင် အနည်းငယ်သာ ကျန်ရှိတော့သည်ဟု သူမ ကောက်ချက်ချခဲ့သည်။
သေသေချာချာ စဉ်းစားပြီးနောက် သူမသည် နတ်ဆိုးအရှင်က မေ့ကျီနှင့် အခြားသူများနှင့် ခွဲခွာနေမည့် အခွင့်အရေးကို စောင့်ဆိုင်းကာ ကိုယ်တိုင်ကိုယ်ကျ လာရောက် သုတ်သင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နတ်ဆိုးအရှင်၏ ခန္ဓာကိုယ်ထဲတွင် ဤမျှအထိ ကြီးမားလှသော ကျင့်ကြံခြင်းစွမ်းအင်များ ကျန်ရှိနေဦးမည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူက ဟင်းလင်းပြင်လက်ဝါးကိုပင် ထုတ်ဖော်နိုင်နေဆဲ ဖြစ်သည်။
သူမ ခန့်မှန်းချက် မှားယွင်းသွားခဲ့လေပြီ ။
သို့သော်လည်း ယခုအချိန်တွင် သူမသည် အရာအားလုံးကို ပုံအောထားခဲ့ပြီးဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိတော့။
"ဖီးနစ်ဓားကျင့်စဉ်... သင်းကွဲ ငှက်များ အသိုက်သို့ ပြန်ခြင်း.."
အန်ယောင်သည် အပြာရောင်ငှက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ချင်ဖုန်းဓားကို သူမ၏ ရှေ့တွင် မတ်မတ်ကိုင်စွဲထားရာ သူမ၏ ကျင့်ကြံခြင်းစွမ်းအင်များမှာ အဆက်မပြတ် ဖြာထွက်လာခဲ့သည်။
သူမ၏ နောက်ဘက် ဝဲယာတွင် ပုံစံတူညီသော အပြာရောင်ဖီးနစ်ဓား အမြောက်အမြား ပေါ်ပေါက်လာပြီး ဟင်းလင်းပြင်ထဲတွင် ကြီးမားလာခဲ့သည်။
ပေါ်ပေါက်လာသော အပြာရောင်ဖီးနစ်ဓားများသည် ထပ်မံ၍ တစ်ချောင်းမှ နှစ်ချောင်း၊ နှစ်ချောင်းမှ လေးချောင်းအဖြစ် ကွဲပြားသွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် ရာဂဏန်းမက ရှိသော အပြာရောင်ဖီးနစ်ဓားများသည် စက်ဝိုင်းချပ်တစ်ခုကဲ့သို့ သူမ၏ နောက်ဘက်တွင် သပ်သပ်ရပ်ရပ် စီတန်းသွားခဲ့ပြီး အရေအတွက်မှာလည်း ဆတိုး တိုးပွားနေဆဲပင်။
အပြာရောင်ဖီးနစ်ဓားများ၏ အရေအတွက် အဆက်မပြတ် တိုးပွားလာသည်နှင့်အမျှ သူမ၏ မျက်မှောင်မှာ ပိုမို ကြုတ်လာခဲ့ပြီး မျက်နှာမှာလည်း ပို၍ ဖြူလျော်လာခဲ့သည်။
သူမ၏ ခန္ဓာကိုယ်တွင်း၌ သိုလှောင်ထားသော ကျင့်ကြံခြင်းစွမ်းအင်မှာလည်း အနည်းငယ်သာ ကျန်တော့သည်။ နတ်ဆိုးအရှင်ကို သုတ်သင်ပြီး ဧကရီကို ကယ်တင်ရန်အတွက် သူမသည် နောက်ဆုံးကျန်ရှိသော စွမ်းအင်အရည်ကိုပင် မော့သောက်ခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူမသည် မိမိ၌ ကျန်ရှိသော ကျင့်ကြံခြင်းစွမ်းအင်၏ အကန့်အသတ်ကို ရောက်ရှိလုနီးပါး တွန်းထုတ်နေခြင်း ဖြစ်သည်။
"သွားတော့.."
အန်ယောင်က အော်ဟစ်လိုက်ရာ သူမ၏နောက်ဘက်ရှိ ရာဂဏန်းမကသော အပြာရောင်ဖီးနစ်ဓားများသည် ဥက္ကာပျံများကဲ့သို့ လင်းဖန်ထံသို့ ပျံသန်းလာကြသည်။
လင်းဖန်သည် နေရာတွင်ပင် မလှုပ်မယှက် ရပ်နေပြီး လက်ကို မြှောက်ကာ ရှေ့သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ချက်ချင်းပင် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီး ပေါ်ထွက်လာသည်။
ဟင်းလင်းပြင်လက်ဝါးနှင့် ဖီးနစ်ဓားတို့ ထိတွေ့မိသည်နှင့် အပြာရောင်ဖီးနစ်ဓား အရိပ်အယောင်အားလုံးမှာ ချက်ချင်းပင် ကွဲအက်ပျက်စီးသွားသည်။
အန်ယောင်၏ မျက်ဝန်းများ မယုံကြည်နိုင်စွာ ပြူးကျယ်နေ၏။ သူမ ရှောင်တိမ်းရန် မပြင်နိုင်ခင်မှာပင် ဟင်းလင်းပြင်လက်ဝါး၏ ရိုက်ခတ်မှုကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် ဓားမှာ အဝေးသို့ လွင့်ထွက်သွားသည်။
"ဖူး..."
အန်ယောင်သည် လေထဲတွင် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာ ပြုတ်ကျသွား၏။
သူမ မြေပြင်မှ ရုန်းကန်ထရန် ကြိုးစားနေဆဲဖြစ်သော်လည်း သူမ၏ ကျင့်ကြံခြင်းစွမ်းအင်များ ခန်းခြောက်သွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သဖြင့် ပြန်မထနိုင်တော့ပေ။
လင်းဖန်သည် မြေပြင်ပေါ်ရှိ အန်ယောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ချက်ချင်းပင် ကောင်းကင်ယံ တိမ်လွှာထက်ဆီသို့ ရောက်သွားသည်။
သူ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှ ရှာမတွေ့ပေ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တစ်စုံတစ်ယောက်က သူ့ကို အပေါ်စီးမှနေ၍ စောင့်ကြည့်နေသကဲ့သို့ ခံစားချက်ကို သူ သတိပြုမိခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုခံစားချက်ကို မရရှိတော့ချေ။
ထိုအချိန်တွင် မြေပြင်ထံမှ အရေးပေါ် အချက်ပေးဥဩသံများ ထွက်ပေါ်လာပြီး လူများမှာလည်း စတင် စုရုံးလာနေကြသည်။
ယနေ့ည ဖြစ်ပွားခဲ့သော ဆူညံသံမှာ အနည်းငယ် ကြီးမားသွားခဲ့သည်။
လင်းဖန်သည် အန်ယောင်၏ ဘေးနားသို့ ချက်ချင်း ပြန်ရောက်လာပြီး သူမကို ပွေ့ချီကာ လေထုအတွင်း၌ပင် ပျောက်ကွယ်သွားခဲ့သည်။