အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း ၁၆၉ : ဓားပြတိုက်တာ မဟုတ်ဘူး... ငါက ငှားတာ...
~
"ဘုတ်.."
အိမ်သို့ ပြန်ရောက်သည်နှင့် လင်းဖန်က အန်ယောင်ကို ဆိုဖာပေါ်သို့ ပစ်ချလိုက်သည်။
"လင်းဖန်..နင် ပြန်လာ..အမ်.."
အိပ်ခန်းထဲမှ ထွက်လာသော လုံယွဲ့သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေသည့် အန်ယောင်ကို ချက်ချင်း မြင်တွေ့လိုက်ရသဖြင့် သူမ အံ့သြသွားသည်။
"အန်ယောင်.."
"ဧကရီ..."
သူမ၏အရှေ့တွင် ရပ်နေသော လုံယွဲ့ကို မြင်လိုက်ရသည့်အခါ အန်ယောင်၏ မျက်ဝန်းများတွင် ကျေးဇူးတင်ရိပ်များဖြင့် မျက်ရည်များ ဝဲတက်လာ၏။ သူမ ဒဏ်ရာများရရှိထားသည့်တိုင် ဆိုဖာပေါ်မှ ရုန်းကန်ထရန် ကြိုးစားလိုက်သည်။
နှစ်ပေါင်းတစ်ရာ ကြာမြင့်ပြီးနောက် သူမသည် ဧကရီကို ပြန်တွေ့ခွင့် ရခဲ့လေပြီ။
"နင့်ရဲ့ ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ.."
လုံယွဲ့သည် ယိုင်တိုင်တိုင် ဖြစ်နေသော အန်ယောင်ကို ကပျာကယာ ဖေးမပေးလိုက်သည်။ သူမ၏ ဒဏ်ရာများကို မြင်တွေ့ရသည့်အခါ လုံယွဲ့သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ပြီး လင်းဖန်ထံသို့ အပြစ်တင်သည့် အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
လင်းဖန်က မတတ်သာဘဲ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
"ငါ အားနည်းနည်းပဲ သုံးထားတာ.."
အမှန်အတိုင်း ပြောရလျှင် သူသာ မသက်ညှာခဲ့ပါက အန်ယောင်သည် သူ၏ လက်ဝါးချက်ကြောင့် အမှုန့်ဖြစ်နေချေပြီ။
သူမအနေဖြင့် အစကတည်းက သူ၏ စကားကို နားထောင်ခဲ့လျှင် ယခုကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည် မဟုတ်ချေ။
"ဧကရီ... အန်ယောင်က အသုံးမကျတဲ့အတွက် ဧကရီကို မကယ်တင်နိုင်ခဲ့ဘဲ နတ်ဆိုးအရှင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်.."
အန်ယောင်သည် လုံယွဲ့၏ အရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ရှက်ရွံ့ခြင်းနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။
သူမသည် နတ်ဆိုးအရှင်ကို သုတ်သင်ပြီး ဧကရီကို ကယ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း သူမကိုယ်တိုင်ပင် နတ်ဆိုးအရှင်၏ သုံ့ပန်း ဖြစ်လာခဲ့သည်။
လုံယွဲ့ စကားပြန်မပြောနိုင်ဘဲ ရှက်အမ်းအမ်း ဖြစ်သွားသည်။
သူမအနေဖြင့် အဖမ်းခံထားရခြင်း မဟုတ်ကြောင်းကို မည်သို့ ရှင်းပြရမည်နည်း။
ထိုအချိန်တွင်ပင် လင်းဖန်၏ ဆင့်ခေါ်မှုကြောင့် ဘေးအိမ်မှ မေ့ကျီနှင့် အခြားသူများလည်း ရောက်ရှိလာကြသည်။
အခန်းထဲသို့ ဝင်ရောက်လာပြီး အန်ယောင်ကို မြင်တွေ့လိုက်ရသည့်အခါ မေ့ကျီနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
"ဒါ အရှင်မရဲ့ အနီးကပ် အစေခံမလေး မလား.."
"ငါလည်း မှတ်မိတယ်..သူက ဓားဂိုဏ်းချုပ်ရဲ့ သမီးပဲ.."
"သူဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ.."
"အန်ယောင်.. နင် ဒီကမ္ဘာကို ဘယ်လို ခြေရာခံပြီး ရောက်လာတာလဲ.."
လုံယွဲ့ကလည်း သိလိုစိတ်ဖြင့် မေးလိုက်သည်။
မေ့ကျီနှင့် အခြားသူများသည် ပန်ထျန်းနှင့် ခိုင်ကျဲထုကို အသုံးပြု၍ ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ရာ အန်ယောင်အနေဖြင့် ဤနေရာကို မည်သို့ တိတိကျကျ ရှာဖွေတွေ့ရှိခဲ့သည်ကို သူမ သိလိုနေခြင်းပင်။
"အရှင်မ.. ကျွန်မ မကြာသေးခင်က နတ်ဆိုးမျိုးနွယ်စုတွေရဲ့ လှုပ်ရှားမှုက ထူးဆန်းနေပြီး တစ်စုံတစ်ခုကို ပြင်ဆင်နေသလို ခံစားရပါတယ်.."
"ဒါကြောင့် နတ်ဆိုးအရှင်နဲ့ ဆက်စပ်နေနိုင်တယ်လို့ တွေးမိပြီး နတ်ဆိုးမျိုးနွယ်စုရဲ့ နောက်ကို ခြေရာခံဖို့ ဆုံးဖြတ်ခဲ့တာပါ..ဧကရီ အရှင်မ ရှိနေတဲ့နေရာကို တိုက်ဆိုင်စွာ ရှာဖွေတွေ့ရှိနိုင်မလားဆိုပြီး သူတို့နောက်ကို တိတ်တဆိတ် လိုက်ခဲ့တာပါ.."
အန်ယောင်က ရှင်းပြလိုက်သည်။
လုံယဲ့နှင့် လင်းဖန် နှစ်ဦးစလုံး ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျသွားခဲ့စဉ်က သူမသည် ပျာယာခတ်သွားခဲ့ပြီး သူမကိုယ်တိုင်ပင် ဟင်းလင်းပြင်ထဲသို့ ခုန်ဆင်းကာ လိုက်လံရှာဖွေချင်ခဲ့သည်။
သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းစွမ်းအားတစ်ခုတည်းဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ရန် မဖြစ်နိုင်ခဲ့ချေ။
နောက်ထပ် ကုန်လွန်သွားသော နှစ်ပေါင်းတစ်ရာအတွင်း သူမသည် နည်းလမ်းမျိုးစုံကို အဆက်မပြတ် ရှာဖွေခဲ့သော်လည်း အမြဲတမ်း လက်ဗလာဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
မေ့ကျီနှင့် အခြားသူများ၏ တိတ်တဆိတ် လှုပ်ရှားမှုများကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်ကျမှသာ သူမသည် နောက်ကွယ်မှ နေ၍ တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် ဤစိမ်းသက်လှသော ကမ္ဘာလောကကြီးထဲတွင် သူမ အကြာကြီး ရှာဖွေနေခဲ့ရသော ဧကရီအရှင်မကို ပြန်လည် တွေ့ခွင့် ရခဲ့တော့သည်။
"သူ ငါတို့နောက်ကို ခြေရာခံပြီး လိုက်လာခဲ့တာပဲ.."
အန်ယောင်သည် သူတို့နောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့ကြောင်း သိရှိလိုက်ရသည့်အခါ မေ့ကျီနှင့် အခြားသူများ၏ မျက်နှာထက်တွင် မကျေနပ်သော အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီး လေးဦးဖြစ်ပါလျက်နှင့် အင်မော်တယ်မျိုးနွယ်စု၏ ခြေရာခံခြင်းကို မရိပ်မိခဲ့ခြင်းက ဆိုးရွားလွန်းလှ၏။
လင်းဖန်ကမူ သူမကို အနည်းငယ် ချီးကျူးမိသည်။ သူမသည် ဟင်းလင်းပြင်စင်္ကြံထဲသို့ တစ်ဦးတည်း ဝင်ရောက်ဝံ့သည်အထိ သစ္စာစောင့်သိမှု ရှိပေသည်။
"ဒါဆိုရင် မကြာသေးခင်က ဖြစ်နေတဲ့ ဓားပြတိုက်မှုတွေကလည်း နင့်လက်ချက်ပဲပေါ့.."
လင်းဖန်၏ မေးခွန်းကို ကြားလျှင် အန်ယောင်က မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်သည်။
"ဓားပြတိုက်တယ်လို့ ဘာလို့ ပြောတာလဲ..ငါ့ကို နင်တို့ နတ်ဆိုးမျိုးနွယ်စုတွေနဲ့ လာမနှိုင်းနဲ့.. ငါက ခဏငှားရုံပဲ.."
"သာမန် လူသားတွေအနေနဲ့ ငါတို့ အင်မော်တယ်မျိုးနွယ်စုကို အလုပ်အကျွေး ပြုခွင့်ရတာက သူတို့အတွက် အမြင့်ဆုံး ဂုဏ်အသရေပဲ.."
လူတိုင်း.... "..."
လင်းဖန်နှင့် အခြားသူများသည် အန်ယောင်ကို ဆွံ့အစွာ စိုက်ကြည့်နေမိကြသည်။
သူတို့ နတ်ဆိုးမျိုးနွယ်စုက ကြံစည်ရာတွင် အရှက်မရှိလှဟု သတ်မှတ်၍ရသော်လည်း အင်မော်တယ်မျိုးနွယ်စုကလည်း ဤမျှအထိ အရေထူလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။
သူမသည် ဤမျှအထိ အရှက်မရှိသော စကားကို တရားမျှတဟန်ဖြင့် မည်သို့ ပြောနိုင်ရသနည်း။
"နင် ဒီကမ္ဘာကို ရောက်လာပြီးတဲ့နောက် အရမ်းဆာလွန်းလို့ သာမန်လူသားတွေကို ဓားပြတိုက်တဲ့အထိ ဖြစ်သွားတာလား.."
လင်းဖန်၏ စကားက အချက်ကျလွန်းလှသဖြင့် အန်ယောင်၏ မျက်နှာလေးချက်ချင်းပင် နီရဲသွားသည်။
နတ်ဆိုးအရှင် ပြောပြခဲ့သည့်အတိုင်းပင် ဤကမ္ဘာလောကသို့ ရောက်ရှိလာပြီးနောက် ဤနေရာရှိ ကျင့်ကြံခြင်းစွမ်းအင်များမှာ မရှိသလောက် နည်းပါးလှပြီး သူမ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များမှာလည်း အဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။
ကျန်ရှိနေသော ကျင့်ကြံခြင်းစွမ်းအင်များကို ထိန်းသိမ်းရန်အတွက် သူမသည် မေ့ကျီနှင့် အခြားသူများကဲ့သို့ပင် သူမ၏ စွမ်းအင်များကို ချိတ်ပိတ်ထားခဲ့ရသည်။
အစပိုင်းတွင်မူ ဘာမှမခံစားရသော်လည်း ရက်အနည်းငယ် ကုန်လွန်သွားသည့်အခါ သူမ၏ ဗိုက်မှာ ဆာလောင်မှုကို စတင် ခံစားလာခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤဆာလောင်မှုမှာ ပိုမို ပြင်းထန်လာခဲ့ပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း အားအင်ချိနဲ့လာခဲ့သည်။ သူမ လမ်းမထက်တွင် လျှောက်လှမ်းနေစဉ် အစားအသောက်များ၏ မွှေးပျံ့သော အနံ့ကို ရရှိသည့်အခါ သွားရည်ကျမိသည်အထိ ဖြစ်ခဲ့ရ၏။
သူမတွင် ဤကမ္ဘာ၏ ငွေကြေး မရှိသဖြင့် ဧကရီ၏ အစေခံဟူသော အဆင့်အတန်းကို အသုံးပြု၍ လူသားများထံမှ အစားအသောက် တောင်းဆိုရန် ကြိုးစားခဲ့သော်လည်း မျှော်လင့်မထားဘဲ အရူးတစ်ယောက်ကဲ့သို့ ဆက်ဆံခံရကာ မောင်းထုတ်ခြင်းကိုပင် ခံခဲ့ရသည်။
အကယ်၍ သူမသည် ဧကရီကို မရှာတွေ့ခင်မှာတင် လမ်းမထက်၌ အငတ်ဘေးဖြင့် သေဆုံးသွားခဲ့ပါက အင်မော်တယ်မျိုးနွယ်၏ နာမည် ပျက်ပေတော့မည် ။
ထို့ကြောင့် အခြေအနေက အသည်းအသန်ဖြစ်လာသည့်အခါ သာမန်လူသားများထံမှ အတင်းအဓမ္မ ငှား ရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမ တွေ့သမျှကို ယူဆောင်ခဲ့၏။
"နင် မနေ့က မြေအောက်ကားပါကင်မှာ ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ကို ဓားပြတိုက်ခဲ့သေးတယ်.. အဲ့ဒီပစ္စည်းတွေကို ပြန်ပေးလို့ ရမလား.."
လင်းဖန်က အန်ယောင်ထံသို့ လက်ဖြန့်လိုက်သည်။
အန်ယောင်က မလိုလားသော အမူအရာဖြင့် သူမ၏ အဝတ်အစားထဲမှ ငွေအနည်းငယ်ကို ထုတ်ယူကာ သူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါပဲလား.."
လင်းဖန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ကျိုးယန်၏ ပြောပြချက်အရ ဖုန်းနှင့် ကားသော့အပြင် သူ၏ ပိုက်ဆံအိတ်ထဲတွင် ငွေသားရာဂဏန်းအချို့ ရှိနေသေးပြီး အားလုံး အလုခံခဲ့ရခြင်း ဖြစ်သည်။
အန်ယောင်၏ လက်ထဲတွင် ဤမျှသာ ရှိနေစရာ အကြောင်းမရှိချေ။
"ကျန်တာတွေက သုံးလိုက်ပြီ..."
အန်ယောင်က မျက်နှာလေး အနည်းငယ် နီရဲနေပြီး ရှက်ရွံစွာ ပြောလိုက်သည် ။
ယနေ့ညတွင် နတ်ဆိုးအရှင်နှင့် အင်အားပြည့် တိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်ရန် ငွေရရှိပြီးနောက် သူမသည် စားသောက်ဆိုင်သို့ ချက်ချင်း သွားရောက်ကာ အဝစားခဲ့ပြီး နတ်ဆိုးအရှင်ကို အားအပြည့်ဆုံး အခြေအနေဖြင့် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုငွေအများစုမှာ တစ်ကြိမ်တည်းနှင့်တင် ကုန်သွားခဲ့လေပြီ။
"ဒါဆိုရင် ဖုန်းနဲ့ ကားသော့ကော.."
လင်းဖန်က ဆက်၍ မေးလိုက်သည်။
ငွေအနည်းငယ် ကုန်သွားခြင်းက ပြဿနာမဟုတ်။ ကျိုးယန်အနေဖြင့် ထိုငွေပမာဏအတွက် နှမြောနေမည်မဟုတ်သော်လည်း ဖုန်းနှင့် ကားသော့ကသာ အရေးအကြီးဆုံး ဖြစ်သည်။
"ဖုန်းနဲ့ ကားသော့ ဟုတ်လား.."
အန်ယောင်သည် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ လင်းဖန် ပြောနေသည့်အရာကို သူမ လုံးဝ မသိချေ။
အန်ယောင်သည် ဖုန်းနှင့် ကားသော့ကို မသိကြောင်း မြင်တွေ့ရသည့်အခါ လင်းဖန်သည် သူ၏ကိုယ်ပိုင် ဖုန်းနှင့် သော့ကို ထုတ်ယူပြလိုက်သည်။
"ဒါက ဖုန်းလို့ ခေါ်ပြီး ဒါကတော့ ကားသော့ပဲ.. သော့ချိတ်လေးနဲ့လေ.."
ဖုန်းနှင့် သော့ချိတ်ကို မြင်တွေ့လိုက်ရသည့်အခါမှသာ အန်ယောင်သည် လင်းဖန် ရည်ညွှန်းနေသည့်အရာကို ချက်ချင်း နားလည်သွားတော့သည်။
"အဲ့ဒီ ပစ္စည်းနှစ်ခုစလုံးကို ငါ ရောင်းလိုက်ပြီ.."
"ရောင်းလိုက်တယ် ဟုတ်လား.."
လင်းဖန် အံ့အားသင့်သွားပြီး...
"ဘယ်နေရာမှာ သွားရောင်းလိုက်တာလဲ..ပြီးတော့ ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ.."
"ငါလည်း သေချာမသိဘူး..လမ်းမပေါ်က သာမန်လူသားတစ်ယောက်ကို တွေ့တာနဲ့ ရောင်းလိုက်တာပဲ.. အဲ့ဒီ ပစ္စည်းနှစ်ခုစလုံး ပေါင်းမှ... ယွမ်ငါးဆယ်ပဲ ရတယ် ထင်တာပဲ.."
အန်ယောင်က ပြန်လည် စဉ်းစားလိုက်ပြီးနောက် မကျေမနပ်ဖြင့် ထပ်မံ ပြောဆိုလိုက်သည်။
"အဲ့ဒီ ပစ္စည်းတွေက ဘာမှ တန်ဖိုးမရှိပါဘူး.."
ထိုပစ္စည်းနှစ်ခုကို ရရှိပြီးနောက် သူမသည် ဘာလဲဆိုသည်ကို မသိရှိသဖြင့် လမ်းဘေးရှိ လူတစ်ယောက်ကို အလွယ်တကူပင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
လူတိုင်း... "..."
လင်းဖန်နှင့် အခြားသူများသည် အလွန် ဆွံ့အသွားခဲ့ကြသဖြင့် ဘာစကားမှ မပြောနိုင်တော့ပေ။
ယွမ်သောင်းချီ တန်ဖိုးရှိသော ဖုန်းတစ်လုံးနှင့် ကားသော့ကို သူမက ငါးဆယ်တည်းဖြင့် ရောင်းချခဲ့၏။
ထို့အပြင် သူမ အလိမ်ခံလိုက်ရသည်ကိုပင် မသိသေးဘဲ ထိုဖုန်းနှင့် ကားသော့များကို တန်ဖိုးမရှိဟု အပြစ်တင်နေသေးသည်။
အကယ်၍ ကျိုးယန်သာ ဤအကြောင်းကို သိသွားပါက ဒေါသထွက်၍ သွေးအန်သွားနိုင်သည်။
Chapter 170
~
အခန်း ၁၇၀ : ငါ့ ဧကရီ ငါ့ကိုပြန်ပေး...
~
"အရှင်.. နောက်ကျရင် သူ့ကို ဘယ်လိုမျိုး အရေးယူဖို့ စီစဉ်ထားပါသလဲ.."
မေ့ကျီက အန်ယောင်ကို ကြည့်ရင်း မေးလိုက်သည်။
လုံယဲ့နှင့် အခြားသူများလည်း လင်းဖန်ထံသို့ ကြည့်ကာ သူ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြ၏။
အကယ်၍ ယခင်ကသာ ဖြစ်ပါက သူတို့အနေဖြင့် အန်ယောင်၏ ဝိညာဉ်ကို ဆွဲထုတ်ကာ ချေမှုန်းပြီး ပြာအဖြစ်သို့ ပြောင်းလဲပစ်ရန် ချက်ချင်းပင် အကြံပြုကြမည် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ အခြေအနေက ကွဲပြားသွားခဲ့လေပြီ ။ အန်ယောင်သည် အရှင်မ၏ အနီးကပ် အစေခံမလေး ဖြစ်နေသဖြင့် သူမကို သတ်ပစ်ရန်အတွက် သူတို့ သဘောအလျောက် ဆုံးဖြတ်၍ မရချေ။
နတ်ဆိုးအရှင်ကိုယ်တိုင် အမိန့်ပေးမှသာလျှင် လုပ်ဆောင်၍ ရပေလိမ့်မည်။
လင်းဖန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စဥ်းစားလိုက်သည်။
သူသည် မေ့ကျီနှင့် အခြားသူများကို အခြေချနေထိုင်နိုင်အောင် စီစဉ်ပေးပြီးရုံသာ ရှိသေးရာ ယခုအခါတွင် အန်ယောင်က ထပ်မံ ပေါ်ပေါက်လာပြန်လေပြီ။
သူမသည်လည်း အင်မော်တယ်မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး သူတို့ နတ်ဆိုးမျိုးနွယ်စုအပေါ် ရန်ငြိုးများဖြင့် ပြည့်နှက်နေသူ ဖြစ်သော်လည်း လုံယွဲ့၏ အနီးကပ် အစေခံမလေး ဖြစ်နေပြန်ရာ လုံယွဲ့အတွက် အလွန် အရေးပါသောလူ ဖြစ်နေသည်။ သူမကို သတ်ပစ်ရန် သတ်ရန် မဖြစ်နိုင်ပေ။
ထင်သည့်အတိုင်းပင် နောက်ထပ် ဒုက္ခတစ်ခု တိုးလာခဲ့သည်။
"ဟမ့်.. နတ်ဆိုးအရှင်.. ငါနဲ့ ဧကရီအရှင်မက နင့်ရဲ့လက်ထဲကို ရောက်သွားတယ်ဆိုရင်တောင် ဘာဖြစ်လဲ..ငါတို့က နင့်ဆီမှာ ဒူးထောက်အရှုံးပေးလိမ့်မယ်လို့ မတွေးနဲ့.."
"ငါတို့ သေရမယ်ဆိုရင်တောင်..ဘယ်လို နှိပ်စက်ညှဉ်းပန်းမှုကိုမဆို ခံရမယ်ဆိုရင်တောင်... ငါနဲ့ ဧကရီအရှင်မက ငါတို့ အင်မော်တယ်လောကရဲ့ သိက္ခာနဲ့ ဂုဏ်အသရေကို ညှိုးနွမ်းစေမယ့်အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး.."
အန်ယောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေကာ သေခြင်းတရားကို အိမ်ပြန်သကဲ့သို့ သဘောထားသော သူရဲကောင်းတစ်ဦးအလား အမူအရာ ပြလိုက်သည်။
"ဧကရီအရှင်မ ... အန်ယောင်က အရှင်မနဲ့အတူ သေဖို့ အသင့်ပြင်ထားပြီးသားပါ.."
ယခုအခါ သေခါနီးအချိန်တွင် ဧကရီကို ပြန်လည် တွေ့ခွင့်ရခဲ့ပြီး ဧကရီနှင့်အတူ သေဆုံးခွင့်ရမည်ဖြစ်ရာ သူမတွင် နောင်တရစရာ မရှိတော့ချေ။
လုံယွဲ့... "....."
အန်ယောင်၏ ပြတ်သားလှသော အမူအရာကို ကြည့်ရင်း လုံယွဲ့သည်လည်း ကြောင်အအ ဖြစ်သွား၏။
'ငါ ဘာဖြစ်လို့ သေရမှာလဲ..'
လင်းဖန်နှင့် အခြားသူများလည်း တိတ်ဆိတ်သွားကြသည်။
ဧကရီ၏ အစေခံ ဆိုသည့်အတိုင်း အနှီကလေးမသည် အူကြောင်ကြောင်ပင် ဖြစ်သည် ။ အခြေအနေကို အကဲမခတ်တက်ချေ။
ရှန့်ကမူ သူမ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ခိုး၍ ရယ်လိုက်ပြီး နောက်ပြောင်လိုသော အမူအရာဖြင့် ...
"အားတော့.. အားနာစရာပဲနော်..ဒါပေမဲ့ ငါတို့ရဲ့ အရှင်မကတော့ နင်နဲ့အတူ သေဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးထင်တယ်ဟ.."
ထိုစကားကို ကြားလိုက်ရသည့်အခါ အန်ယောင်သည် အမျက်ချောင်းချောင်း ထွက်သွားပြီး ချက်ချင်းပင် ပြန်လည် ကြိမ်းမောင်းလိုက်သည်။
"လျှောက်ပြောမနေနဲ့..ဧကရီအရှင်မက သေမှာကို ကြောက်တဲ့ အသုံးမကျတဲ့သူတစ်ယောက်လို့ နင် ပြောချင်တာလား.."
"နင်တို့လို ယုတ်မာတဲ့ နတ်ဆိုးမျိုးနွယ်စုတွေက ဧကရီ စွဲကိုင်ထားတဲ့ မြင့်မြတ်တဲ့ ယုံကြည်ချက်တွေကို လုံးဝ နားလည်မှာမဟုတ်ဘူး.."
"ဧကရီ အရှင်မက သေရမယ်ဆိုရင်တောင်.. အရေခွံ အနွှာခံရမယ်ဆိုရင်တောင်.. နင်တို့ နတ်ဆိုးမျိုးနွယ်စုတွေကို အသနားခံမယ့် စကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး.. "
"မှန်တယ်မလား အရှင်မ.."
ထိုသို့ပြောပြီးနောက် အန်ယောင်သည် သူမ၏ ဘေးနားရှိ လုံယွဲ့ကို လှည့်ကြည့်လိုက်သော်လည်း သူမကို ပြန်လည် တုံ့ပြန်လာသည်က တိတ်ဆိတ်မှုသာ ဖြစ်သည်။
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားပြီး စိုးရိမ်စိတ်ဖြင့် သူမ၏ အကြည့်များကို လွှဲဖယ်လိုက်သည်။
"အရှင်မ.."
ထိုသည်ကို မြင်သည့်အခါ အန်ယောင်၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်ခြင်းနှင့် နားမလည်နိုင်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။
သူမ သိထားသော ဧကရီအရှင်မ၏ စိတ်နေစိတ်ထားအရဆိုလျှင် ဒေါသတကြီး ငြင်းဆိုရမည်ဖြစ်ပြီး အသေခံမည့် အမူအရာကို ပြသရမည် ဖြစ်သော်လည်း ယခုအခါတွင် ဧကရီသည် သူမ၏ မျက်လုံးများကိုပင် တည့်တည့်မကြည့်ဝံ့ပေ။
"ဟားဟားဟား..."
ရှန့်သည် ဆက်လက်၍ အောင့်မထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သတိပေးလိုက်သည်။
"ငါက အရှင်မကို သေးသိမ်အောင် ပြောတာမဟုတ်ဘူး.. စောစောက ငါပြောခဲ့တဲ့ စကားကို သေသေချာချာ ပြန်ပြီး စဉ်းစားကြည့်ပါဦးလား.."
"နင်ပြောခဲ့တဲ့ စကား ဟုတ်လား..."
အန်ယောင်က မျက်မှောင်ကြုတ်ကာ ရှန့်၏ စကားကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်လည် စဉ်းစားကြည့်လိုက်ပြီးနောက်မှသာ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို နှေးကွေးစွာ ရိပ်မိသွားသည်။
အကယ်၍ စောစောက သူမ နားမမှားခဲ့ပါက နတ်ဆိုးစစ်သူကြီး ရှန့်သည် ဧကရီအရှင်မကို အရှင်မ ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
အန်ယောင်တစ်ယောက် နောက်ဆုံးတွင် အခြေအနေကို ရိပ်မိသွားပုံရကြောင်း မြင်တွေ့ရသည့်အခါ လုံယွဲ့သည်လည်း ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ သူမ၏ အနားမှ လင်းဖန်၏ ဘေးနားသို့ လျှောက်လှမ်းသွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အန်ယောင်အနေဖြင့် ဤအကြောင်းကို စောစောစီးစီး သိရှိထားရန် လိုအပ်ပေသည်။
" အ...အရှင်မ....."
အန်ယောင်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး မျက်နှာထက်တွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"အခြေအနေက ဒီလိုပဲ အန်ယောင်.. ငါက နတ်ဆိုးအရှင်နဲ့ အတူရှိနေခဲ့ပြီ..နောက်ဆိုရင် သူနဲ့ နတ်ဆိုးမျိုးနွယ်စုတွေက ငါတို့ရဲ့ ရန်သူတွေ မဟုတ်တော့ဘူး.."
လုံယွဲ့၏ လှပသော မျက်နှာလေးထက်တွင် မိန်းကလေးငယ်တစ်ဦး၏ ရှက်သွေးများ ဖြာထွက်နေပြီး တိုးတိုးလေး ဝန်ခံလိုက်သည်။
ဤသတင်းကို ကြားလိုက်ရသည့် ခဏတွင် အန်ယောင်သည် မိုးကြိုးငါးချက် အပစ်ခံလိုက်ရသည့်အလား နေရာတွင်ပင် ဆွံ့အလျက် မှင်သက်သွားတော့သည်။ သူမ ရေရွတ်လိုက်မိ၏။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
မြင့်မြတ်ပြီး တန်ခိုးကြီးမားလှသော အင်မော်တယ်လောက၏ အုပ်ချုပ်သူ ဧကရီသည် နတ်ဆိုးအရှင်နှင့် မည်သို့ တွဲဖက်နိုင်မည်နည်း။
ဧကရီသည် နတ်ဆိုးအရှင်၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်းကျင့်စဉ်ဖြင့် လှည့်စားခြင်းကို ခံထားရသည်မှာ သေချာသည်။
"ယုတ်မာတဲ့ နတ်ဆိုးအရှင်..နင် ဧကရီကို ဘာတွေ လုပ်လိုက်တာလဲ.."
"ငါ့ ဧကရီ...ငါ့ဆီ ပြန်ပေး.."
အန်ယောင်က ဒေါသတကြီး ထရပ်လိုက်ပြီး လင်းဖန်ထံသို့ ပြေးဝင်ကာ အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
မေ့ကျီ၊ လုံယဲ့နှင့် ယင်းနွီတို့ မျက်မှောင်ကြုတ်သွားကြပြီး ရှေ့သို့ ခြေတစ်လှမ်းစီ လှမ်းကာ သူမကို တားဆီးရန် ပြင်လိုက်ကြ၏။
နောက်ဘက်တွင် ရပ်နေသော ရှန့်က သူမ၏ လက်ကလေးကို အသာလှုပ်ရှားလိုက်ရာ အန်ယောင်သည် ချက်ချင်းပင် မူးဝေသော ခံစားချက်ကို ရရှိသွားပြီး လေထဲတွင် ပတ်ခြာလည် လည်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ကျလာသည်။
အန်ယောင်က အံ့ကြိတ်ကာ မခံချင်စိတ်ဖြင့် ပြန်လည် ထရပ်လိုက်ပြီး ခါးကြားမှ အပြာရောင်ဖီးနစ်ဓားကို ဆွဲထုတ်၍ လင်းဖန်ထံသို့ ထပ်မံ ပြေးဝင်ရန် ပြင်ဆင်ပြန်သည်။
လုံယွဲ့သည် ထိုသည်ကို မြင်သည့်အခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လင်းဖန်၏ အရှေ့တွင် ကာကွယ်ရင်း ငေါက်ငမ်းလိုက်သည်။
"အန်ယောင်.. တော်လောက်ပြီ.."
"အရှင်မ..."
လုံယွဲ့၏ ဒေါသတကြီး ငေါက်ငမ်းသံကို ကြားရသည့်အခါ အန်ယောင်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လက်ထဲမှ အပြာရောင်ဖီးနစ်ဓားမှာလည်း ကြမ်းပြင်ပေါ်သို့ အားအင်ချိနဲ့စွာ ပြုတ်ကျသွားခဲ့သည်။ သူမသည် လင်းဖန်ကို ကာကွယ်ပေးထားသော လုံယွဲ့ကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေမိ၏။
သူမ ငယ်စဉ်ကတည်းက ဧကရီအရှင်မ၏ ဘေးနားတွင် အလုပ်အကျွေးပြုခဲ့သူဖြစ်ပြီး ဧကရီ၏ အယုံကြည်ရဆုံးသော အနီးကပ် အစေခံမလေး ဖြစ်ကာ ယခုအချိန်အထိ ဧကရီ၏ ငေါက်ငမ်းမှုကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ရဖူးချေ။
သို့သော်လည်း ယခုအခါတွင်မူ ဧကရီသည် နတ်ဆိုးအရှင်ကို ကာကွယ်ရန်အတွက် သူမကို အမှန်တကယ်ပင် ငေါက်ငမ်းခဲ့လေပြီ။
"အီးးး.....ဝူး..ဝူး...ဝူး..."
အန်ယောင်၏ နှလုံးသားထဲတွင် မခံချင်စိတ်များနှင့် ဝမ်းနည်းမှုများ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။
"ဧကရီ အရှင်မ...သတိပြန်ဝင်ပါအူး..ဝူးဝူး .."
အန်ယောင်သည် သူမ၏အရှေ့ရှိ လုံယွဲ့ကို မော့ကြည့်လိုက်ပြီး မျက်နှာထက်တွင် မျက်ရည်များနှင့်အတူ သနားစဖွယ် ငိုကြွေးနေသည်။
သူမ မရေမတွက်နိုင်သော သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ခဲ့ဖူးပြီး အန္တရာယ်များမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ကာ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများ ရရှိခဲ့စဉ်ကပင် မျက်ရည်တစ်စက် မကျခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင်မူ သူမ မငိုဘဲ မနေနိုင်တော့။
သူမ အမြဲတမ်း တန်ဖိုးထားပြီး ကြည်ညိုလေးစားခဲ့ရသော ဧကရီအရှင်မသည် အခြားတစ်စုံတစ်ယောက်၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်ပြီး ထိုလူက ယုတ်မာလှသော နတ်ဆိုးအရှင် ဖြစ်နေသည်။
အန်ယောင် ဝမ်းနည်းပက်လက် ငိုကြွေးနေသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့သည်လည်း စိတ်ထိခိုက်သွားသည်။ အန်ယောင်သည် သူမကို နှစ်တစ်ရာလုံး ရှာဖွေရန် ကြိုးစားခဲ့ပေသည် ။ သူမ မြေပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အန်ယောင်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။
"အန်ယောင်.. ငါ တကယ်ပဲ စိတ်ဝိညာဉ် ထိန်းချုပ်တာကို ခံထားရတာ မဟုတ်ဘူး.. နတ်ဆိုးအရှင်နဲ့ အတူရှိဖို့ ဆုံးဖြတ်ခဲ့တာက ငါ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ.."
"ဝူးဝူးဝူး.."
လုံယဲ့၏ ရင်ခွင်ထဲတွင် မှီနေသော အန်ယောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။
လင်းဖန်နှင့် အခြားသူများက ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး မည်သို့ လုပ်ဆောင်ရမည်ကို မသိတော့။
ယခုအခါ ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ အိမ်ရာဝင်းအတွင်းရှိ အိမ်ထောင်စုအများစုမှာ မီးများပိတ်၍ အိပ်စက်နေကြလေပြီ။ ဤမျှအထိ ကျယ်လောင်သော ငိုသံများကြောင့် ပတ်ဝန်းကျင်ရှိ လူထုကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။
သို့သော်လည်း အန်ယောင် ဤမျှအထိ နှလုံးကြေကွဲစွာ ငိုကြွေးနေသည်ကို မြင်တွေ့ရသဖြင့် သူတို့အနေဖြင့် ဘာမှ ပြော၍ မရချေ။
ထိုသို့ဖြင့် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရဘဲ လုံယွဲ့၏ နှစ်သိမ့်မှုနှင့် ရှင်းပြမှုများအောက်တွင် အန်ယောင်သည် တဖြည်းဖြည်း ငိုသံတိတ်သွားခဲ့သော်လည်း လင်းဖန်ကိုမူ ရန်လိုသော မျက်နှာထားဖြင့် စိုက်ကြည့်နေဆဲပင်။
ယခုအချိန်တွင် ဧကရီအရှင်မသည် နတ်ဆိုးအရှင်၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်းကို ခံထားရခြင်း မဟုတ်ကြောင်း သူမ ယုံကြည်သွားခဲ့ပြီ ဖြစ်သော်လည်း သူမအနေဖြင့် နတ်ဆိုးအရှင်ကို လက်ခံလိုက်ပြီဟု မဆိုလိုပေ။
သူမ၏ အမြင်အရမူ နတ်ဆိုးအရှင်သည် ဧကရီ ဤကမ္ဘာလောကသို့ ပြုတ်ကျလာပြီး ကျင့်ကြံခြင်းစွမ်းအားများနှင့် စွမ်းအင်အားလုံး ဆုံးရှုံးကာ အားအနည်းဆုံးနှင့် အားကိုးရာမဲ့ဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူခဲ့ခြင်း သက်သက်သာ ဖြစ်သည်။ သူသည် အခွင့်အရေးကို အရယူကာ ကြင်နာချင်ယောင်ဆောင်ပြီး ချိုသာသော စကားလုံးများဖြင့် ဧကရီအရှင်မကို လှည့်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တကယ့်ကို ယုတ်မာလွန်းလှ၏။ နတ်ဆိုးပီသလှ၏။
အကယ်၍ သူမသာ ဧကရီအရှင်မ၏ ဘေးနားတွင် ရှိနေခဲ့ပါက နတ်ဆိုးအရှင်၏ ချိုသာသော စကားလုံးများဖြင့် လှည့်စားခြင်းကို လုံးဝ ခွင့်ပြုခဲ့မည် မဟုတ်ပေ။
ယခုအခါ သူမသည် ဧကရီ၏ ဘေးနားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ရာ နတ်ဆိုးအရှင်၏ လက်ခုပ်တွင်းမှ ဧကရီအရှင်မကို သေချာပေါက် ပြန်လည် ကယ်တင်ရပေလိမ့်မည်။