အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း (၂၃) - အခွန်အရာရှိ
နောက်တစ်နေ့၌…
လင်းဖန်သည် အိပ်ရာမှ နိုးလာပြီးနောက် ဦးလေးလျို၏ အခြေအနေကို ကြည့်ရှုရန် သူ၏ အိမ်သို့ ထွက်လာခဲ့လေသည်။
သူ အိမ်ထဲသို့ ဝင်သွားချိန်တွင် ဦးလေးလျို၏ မိသားစုမှာ မနက်စာ စားနေကြလေသည်။
လျိုဟန်သည် စားပွဲပေါ်သို့ ခေါင်းလေး မနည်းဖော်ကာ သူ၏ ရှေ့ရှိ ဆန်ပြုတ်ပန်းကန်ထဲမှ တက်လာသော အခိုးအငွေ့များကို မှုတ်ထုတ်နေသည်။ ဆန်ပြုတ်မှာ သူ့အတွက် အလွန် ပူလွန်းနေပုံရလေသည်။
“မင်း ဒီဆန်ပြုတ်ကို တစ်မနက်လုံး မှုတ်နေတာပဲ။ မြန်မြန် သောက်စမ်း”
မေဖုန်းက သူမ၏ ခါးကို လက်ထောက်ကာ လျိုဟန်ကို အော်ဟစ်လိုက်သည်။
ဤကလေးသည် တစ်နာရီခန့် ကြာသွားပြီးသည့်တိုင် ဆန်ပြုတ် တစ်ငုံမျှပင် မသောက်ရသေးချေ။
ဆန်ပြုတ်က အရသာမရှိသည်ကို သူမ သိသော်လည်း ဤသည်မှာ သူတို့ တတ်နိုင်သမျှ အကောင်းဆုံးပင် ဖြစ်သည်။
ဆားနှင့် အမွှေးအကြိုင်များမှာ သူတို့ကဲ့သို့ သာမန်လူများအတွက် အဖိုးတန် ပစ္စည်းများ ဖြစ်ပေသည်။
လင်းဖန် အိမ်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ မေဖုန်းက လှမ်းပြောလိုက်သည်။
“လင်းဖန်၊ ငါတို့နဲ့အတူ မနက်စာ စားပါဦး။ ငါ မင်းအတွက် ဆန်ပြုတ် တစ်ပန်းကန် ခတ်ပေးမယ်”
ထို့နောက် သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
“လာစားလေ။ ပေါက်စီတွေလည်း မကြာခင် ကျက်တော့မှာ”
ဦးလေးလျိုကလည်း လင်းဖန်ကို လှမ်း၍ ဖိတ်ခေါ်လိုက်သည်။
“ဒါဆိုလည်း အားမနာတော့ဘူးနော်”
လင်းဖန်က နေရာတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။
“ဦးလေးလျို၊ ခြေထောက်က ဘယ်လိုနေသေးလဲ။ နည်းနည်း သက်သာသွားပြီလား”
ဦးလေးလျိုက သူ၏ ခြေထောက်ကို မပြကာ ခြေသလုံးရှိ ပတ်တီးများကို လင်းဖန်အား ပြလိုက်သည်။
ဆေးမြစ်နံ့များက လေထဲတွင် ပျံ့လွင့်လာသည်။
“တွေ့လား၊ အရောင်ကျသွားပြီ။ နောက်ထပ် နှစ်ရက်၊ သုံးရက်ဆိုရင် ငါ ပြန်ပြီး အမဲလိုက်နိုင်ပြီ”
ဦးလေးလျိုက ပြောလိုက်သည်။
“ကျွန်တော် ထင်တာတော့ ဦးလေး အနားယူသင့်သေးတယ်။ တောထဲမှာ အန္တရာယ်တွေ ပိုများလာပြီ”
လင်းဖန်က သူ မီးသမင်နှင့် တွေ့ခဲ့ရသည့် အကြောင်းကို ပြောပြလိုက်သော်လည်း ထိုသမင်ကို သူ သတ်လိုက်သည်ကိုမူ ထည့်မပြောခဲ့ပေ။
မေဖုန်းက လင်းဖန်အတွက် ဆန်ပြုတ်ပန်းကန် ချပေးနေစဉ် ထိုစကားကို ကြားသွားလေသည်။
“လင်းဖန် ပြောတာ ကြားတယ်မလား။ ရှင် အိမ်မှာပဲ ငြိမ်ငြိမ်လေး နေပြီး နောက်နှစ် နွေဦးရောက်မှပဲ စဉ်းစားပါ။ ရှင် တစ်ခုခုဖြစ်သွားရင် လျိုဟန်နဲ့ ကျွန်မ ဘယ်လိုလုပ်မလဲ”
ဦးလေးလျို စကားပြန်ပြောရန် ပြင်လိုက်သော်လည်း ပြန်ငြိမ်သွားသည်။
လင်းဖန်၏ ဖခင် ဆုံးပါးသွားပြီးနောက် လင်းဖန် မည်မျှ ဒုက္ခရောက်ခဲ့ရသည်ကို သူ တွေ့မြင်ခဲ့ရသည်။
လင်းဖန်၏ ဆွေမျိုးအရင်းအချာဖြစ်သည့် လင်းခယ့်ပင်လျှင် လင်းဖန်ကို ကူညီရန် လက်တစ်ချောင်းမျှ မလှုပ်ခဲ့ချေ။
မေဖုန်းနှင့် လျိုဟန်ကိုလည်း ထိုကဲ့သို့ ကံကြမ္မာမျိုး မကြုံတွေ့စေလိုပေ။
“ဦးလေးလျို စိတ်မပူပါနဲ့။ ဒီရက်ပိုင်း ကျွန်တော် ယုန်အချို့ ဖမ်းဖို့ ကြိုးစားကြည့်ပါ့မယ်။ ကွင်းပြင်တွေကတော့ ဘေးကင်းမှာပါ”
လင်းဖန်က ဦးလေးလျိုကို စိတ်ချစေရန် ပြောလိုက်ပြီးနောက် ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်။
“လျိုဟန်၊ စားတော့။ လင်းဖန်တောင် စားနေပြီ။ ဆန်ပြုတ် ပူတယ်ဆိုတဲ့ အကြောင်းပြချက်ကို လာမပေးနဲ့တော့”
မေဖုန်းက လျိုဟန်၏ နားရွက်ကို လိမ်ဆွဲလိုက်ရာ လျိုဟန်မှာ စူပုတ်ပုတ်နှင့်ပင် ဆန်ပြုတ်ကို သောက်လိုက်ရလေသည်။
ဒေါင်…
ဒေါင်…
ဒေါင်…
“ဒါက ဘာအသံလဲ”
လင်းဖန်က ဇွန်းကို ချလိုက်ပြီး မေးလိုက်သည်။
ဦးလေးလျိုက သက်ပြင်းချကာ ခေါင်းခါလိုက်ရင်း မေဖုန်းကို ကြည့်လိုက်သည်။
“မေဖုန်း၊ ပိုက်ဆံတွေ ထုတ်ထားလိုက်တော့။ ဆောင်းဦးရိတ်သိမ်းခွန် ဆောင်ရမယ့်အချိန်ရောက်ပြီ”
ထို့နောက် သူက လင်းဖန်ဘက် လှည့်ကာ ပြောလိုက်သည်။
“လင်းဖန်၊ မင်းလည်း အခွန်ဆောင်ဖို့အတွက် ငွေတွေ သွားပြင်ထားလိုက်ဦး”
…
လင်းဖန်နှင့် ဦးလေးလျို၏ မိသားစု ရွာသူကြီးအိမ်သို့ ရောက်သောအခါ ရွာသားများမှာ အပြင်ဘက်တွင် စုဝေးကာ တန်းစီနေကြပြီ ဖြစ်သည်။
ရွာသူကြီးအိမ်၏ အပြင်ဘက်တွင် ဝတ်စုံနက်များ ဝတ်ဆင်ထားသော ချွမ်မင်းဆက်၏ အခွန်အရာရှိ နှစ်ဦးမှာ စားပွဲရှေ့ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေကြသည်။။
စားပွဲပေါ်တွင် ရွာ၏ လူဦးရေစာရင်း မှတ်တမ်း ရှိနေသည်။
အိမ်ထောင်စုတိုင်းနှင့် အိမ်ထောင်စုဝင် တစ်ဦးချင်းစီကို ထိုမှတ်တမ်းတွင် စာရင်းသွင်းထားသည်။
သူတို့သည် လူဦးရေအလိုက် အခွန်ဆောင်ကြရမည် ဖြစ်ပေသည်။
လင်းဖန်ကဲ့သို့ တစ်ကိုယ်တည်းသမားမှာ ဆန် ကီလိုငါးဆယ် သို့မဟုတ် ငွေတစ်စနှင့် ညီမျှသော ပမာဏကို ပေးဆောင်ရမည် ဖြစ်သည်။
ရွာသားအများစုမှာ လယ်သမားများ ဖြစ်ကြသဖြင့် ဆန်ဖြင့်သာ အခွန်ဆောင်ကြလေသည်။
သခင်ကြီးထန်တို့ကဲ့သို့ ဂိုဏ်းများတွင် ဆွေမျိုးရှိသော မိသားစုများမှာမူ ဆောင်းဦး ရိတ်သိမ်းခွန် ပေးဆောင်ရန် မလိုပေ။
ထို့ကြောင့်လည်း ရွာသူကြီး ဟိုဖူက ဟိုမင်ကို ချင်ဖုန်းဂိုဏ်းထဲသို့ ထည့်သွင်းနိုင်ရန် ငွေကြေး အမြောက်အမြား အသုံးချခဲ့ခြင်းပင်ဖြစ်သည်။
အခွန်အရာရှိ နှစ်ဦး၏ ဘေးတွင်မူ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ကာ ဓားလွယ်ထားသော စစ်သားများ ရှိနေသည်။
သူတို့မှာ အခွန်မဆောင်နိုင်သူများကို အဓမ္မ လုပ်အားပေးခိုင်းစေရန်အတွက် ဖမ်းဆီးရန် အသင့်ရှိနေကြသည်။
လင်းဖန်နှင့် ဦးလေးလျိုတို့သည် တန်းစီစောင့်ဆိုင်းနေကြသည်။ အခြားသော ရွာသားများမှာလည်း လေးနက်သော မျက်နှာထားများ ရှိနေကြပြီး ထုံးစံအတိုင်း စကားဖောင်ဖွဲ့နေခြင်းမျိုး မရှိကြတော့ချေ။
“မင်း ဆန်က ဆယ်ကီလို လိုနေသေးတယ်။ သူ့ကို ဖမ်းပြီး ချုပ်နှောင်ထားလိုက်”
အခွန်အရာရှိက အရှေ့ဆုံးတွင် တန်းစီနေသော ရွာသားကို အော်ဟစ်လိုက်သည်။
စစ်သားများက ရှေ့သို့ တစ်လှမ်း တိုးလာကြသည်။ စစ်သားများ လှုပ်ရှားလာသည်ကို မြင်သောအခါ ထိုရွာသား၏ ခြေထောက်များမှာ တုန်ယင်လာလေသည်။
သူသည် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
“အရှင်၊ ကျွန်တော် ဒီကို မလာခင်က သေသေချာချာ စစ်ဆေးခဲ့တာပါ။ တစ်နေရာရာမှာ မှားနေတာ ဖြစ်ရပါမယ်။”
“ဘာမှားတာလဲ။ ဆန် ဆယ်ကီလို ထပ်ပေးမလား၊ ဒါမှမဟုတ် လိုနေတဲ့ ပမာဏအတွက် ကြေးပြား ဆယ်ပြား ပေးမလား”
အခွန်တော်အရာရှိ၏ နောက်ဆုံးစကားကို ကြားသောအခါ ရွာသားမှာ ဖြစ်ပျက်နေသည့်အကြောင်းအရာကို နားလည်သွားလေသည်။
မည်သည့် အမှားမျှမရှိဘဲ သူတို့က ငွေညှစ်နေခြင်းသာ ဖြစ်ပေသည်။
“ဟုတ်ကဲ့၊ ကျွန်တော် ပေးပါ့မယ်”
ရွာသားမှာ အခြား ရွေးချယ်စရာ မရှိသဖြင့် သူ၏ အင်္ကျီလက်ထဲမှ ရှိသမျှကို ထုတ်ယူကာ သူ၏ ရှေ့သို့ ရောက်နေသော စစ်သား၏ လက်ထဲသို့ ထည့်ပေးလိုက်ရသည်။
အခြား ရွာသားများမှာလည်း သူတို့တွင် ပိုလျှံသော ငွေပါမပါ အမြန် စစ်ဆေးနေကြသည်။
ငွေမပါသော သူများမှာမူ သူတို့၏ အိမ်သို့ အမြန်ပြန်ပြေးကြပြီး တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခုကို ရှာဖွေရန် ကြိုးစားကြတော့သည်။
“နောက်တစ်ယောက်”
“အရှင်၊ ကျွန်တော်က...”
“ငါ့အချိန်ကို မဖြုန်းနဲ့။ အခွန်ပဲ ဆောင်စမ်း”
ဤတစ်ကြိမ်တွင် တန်းစီနေသော ရွာသားမှာ အခွန် မဆောင်နိုင်တော့ပေ။
“ကျွန်တော့် လယ်ကွင်းတွေက အရင်တစ်ခေါက် ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ပျက်စီးသွားခဲ့ရတယ်။ ရိတ်သိမ်းသမျှ အကုန် ပါသွားလို့ပါ။ ကျေးဇူးပြုပြီး သနားကြင်နာပေးကြပါဦး”
ရွာသားက ဒူးထောက်ကာ မြေကြီးပေါ်တွင် ခေါင်းနှင့် အရှိန်ပြင်းပြင်း ဆောင့်၍ တောင်းပန်ရှာသည်။
သို့သော် အပိုပင် ဖြစ်သည်။ အခွန်အရာရှိက စစ်သားများကို အချက်ပြလိုက်သည်။
စစ်သားများက ထိုရွာသားကို ဖမ်းဆီးလိုက်ကြပြီး ရွာသားက ရုန်းကန်သောအခါ မြေကြီးပေါ်သို့ လဲကျသွားသည်အထိ ကန်ကျောက်လိုက်ကြလေသည်။
“ကယ်ကြပါဦး။ ကျေးဇူးပြုပြီး တစ်ယောက်ယောက် ကူညီပေးကြပါဦး”
ထိုရွာသားမှာ စစ်သားများ၏ ဆွဲခေါ်ခြင်းကို ခံရစဉ် တန်းစီနေသော သူများကို ကြည့်ကာ အကူအညီ တောင်းနေလေသည်။
လူတိုင်းက အကြည့်လွှဲလိုက်ကြပြီး သူနှင့် မျက်လုံးချင်း မဆုံအောင် ရှောင်ရှားလိုက်ကြသည်။
“ဦးလေးလျို၊ အခွန်ဆောင်ဖို့အတွက် လုံလောက်ရဲ့လား”
လင်းဖန်က ဦးလေးလျိုကို မေးလိုက်လေသည်။
အခန်း (၂၄) - စာတစ်စောင်
လင်းဖန်သည် အခြားရွာသားများ၏ အတိဒုက္ခများအပေါ် အေးစက်လျစ်လျူရှုထားလေသည်။
သူသည် ဦးလေးလျိုတစ်ဦးတည်းကိုသာ ဂရုစိုက်မိပေသည်။
“ငါ့ဆီမှာ လုံလောက်ပါတယ်”
ဦးလေးလျိုက ပြန်ဖြေလိုက်သည်။
“လင်းဖန်က ကျောင်းလခအတွက် ကူညီပေးထားလို့သာ တော်တော့တယ်”
မေဖုန်းက ရင်ဘတ်ကို လက်ဖြင့်ဖိကာ ရေရွတ်လိုက်သည်။
ဤအခြေအနေမှာ သူမအတွက် ဝန်ထုပ်ဝန်ပိုး ကြီးမားလွန်းလှသည်။
အကယ်၍ လင်းဖန်က ဆေးကုသစရိတ်များအတွက် အချိန်မီ မကူညီခဲ့ပါက ယခုအချိန်တွင် အဖမ်းခံရသူမှာ ဦးလေးလျိုသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမသည် လျိုဟန်နှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရန် တောင်းရမ်းခြင်း သို့မဟုတ် ခိုးယူခြင်းတို့ကို ပြုလုပ်ရပေတော့မည်။
“နောက်တစ်ယောက်”
နောက်ဆုံးတွင် ဦးလေးလျို၏ အလှည့်သို့ ရောက်ရှိလာလေသည်။
အခွန်အရာရှိများသည် ဦးလေးလျို၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို မြင်သောအခါ ခဏတာ တုံ့ဆိုင်းသွားကြသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် သတ်မှတ်ထားသော အခွန်ပမာဏကိုသာ တောင်းဆိုလိုက်ကြသည်။
အသက်ရှည်ရှည် နေလိုကြသဖြင့် သူတို့သည် မည်သူ့ကို နှိပ်စက်ရမည်၊ မည်သူ့ကို ရှောင်ရှားရမည်ကို ကောင်းစွာ နားလည်ထားကြသည်။
ဦးလေးလျိုကဲ့သို့သော သန်မာသည့် မုဆိုးတစ်ဦးမှာ သူတို့ အပြစ်မလုပ်ရဲသော လူစားမျိုး ဖြစ်ပေသည်။
အထူးသဖြင့် ဆုံးရှုံးစရာ ဘာမျှမရှိတော့သော လူတစ်ယောက်၏ တုံ့ပြန်မှုကို သူတို့ မရင်ဆိုင်လိုကြပေ။
မေဖုန်းသည် ပြုံးရွှင်စွာဖြင့် ဦးလေးလျိုကို ကြိုဆိုလိုက်သည်။
“နောက်တစ်ယောက်”
နောက်ဆုံးတွင် လင်းဖန်၏ အလှည့်သို့ ရောက်ရှိလာတော့သည်။
လင်းဖန်က အခွန်အရာရှိများထံ လျှောက်လှမ်းသွားချိန်တွင် သူတို့က သူ့ကို အကဲခတ်လိုက်ကြသည်။
လင်းဖန်သည် ဦးလေးလျိုလောက် အရပ်မရှည်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာမူ မမျှော်လင့်ထားလောက်အောင်ပင် တောင့်တင်းလှသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ လင်းဖန်က ဆယ်ကျော်သက် လူငယ်လေးတစ်ဦး ဖြစ်နေခြင်းပင်။
“လင်းယဲ့ အိမ်ထောင်စု၊ လူဦးရေ နှစ်ယောက်။ ငွေစ နှစ်စ ပေးရမယ်။”
လက်ယာဘက်မှ အခွန်အရာရှိက စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ လင်းဖန် ငွေပေးချေမှုကို စောင့်ဆိုင်းနေသည်။
ဒေါက်…
ဒေါက်…
ခဏတာ အချိန်ကုန်လွန်သွားသည်။
လင်းဖန်က ဘာမှမပြောမီမှာပင် အခြားအခွန်အရာရှိတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
“အိုး၊ ကျုပ် မှားသွားပုံရတယ်။ မင်းအဖေ ဆုံးပါးသွားတာကို မှတ်တမ်းထဲမှာ အချိန်မီ မပြင်ရသေးဘူးပဲ”
“ဘာတွေ ပြောနေ—“
“မင်းကတော့ ငတုံးပဲ။ သူ့ရင်ဘတ်ကို ကြည့်လိုက်ဦး”
ငွေပိုတောင်းခဲ့သော အခွန်အရာရှိသည် လင်းဖန်၏ ရင်ဘတ်ကို ကြည့်လိုက်မိသည်။
လင်းဖန်၏ ရင်ဘတ်ရှိ ဆွဲပြားကို မြင်လိုက်ရချိန်တွင် သူ၏ မေးရိုးများ ပြုတ်ကျမတတ် အံ့အားသင့်သွားရသည်။
အထူးသဖြင့် ‘ချင်ဖုန်းဂိုဏ်း’ ဟု ထွင်းထုထားသော စာလုံးကို မြင်လိုက်ရချိန်တွင် ပို၍ပင် ထိတ်လန့်သွားသည်။
“ဟုတ်ကဲ့... ဟုတ်ပါတယ်။ ကျုပ် မှားသွားတာပါ”
အခွန်အရာရှိသည် တုန်ရင်နေသော လက်များဖြင့် မှတ်တမ်းကို ပြင်ဆင်လိုက်သည်။
ဆောင်းဦးနှောင်းပိုင်း၏ အေးစက်သော ရာသီဥတုတွင်ပင် သူ၏ နဖူးပေါ်၌ ချွေးစေးများ ပျံတက်လာသည်။
အကယ်၍ သူသာ ချင်ဖုန်းဂိုဏ်းကို စော်ကားမိပါက မည်သို့သော အကျိုးဆက်မျိုး ကြုံရမည်ကို တွေးကြည့်ရုံနှင့်ပင် တုန်လှုပ်နေမိသည်။
သူကဲ့သို့ အဆင့်နိမ့် အခွန်အရာရှိတစ်ဦးမှာ မိမိအသက်ကို ကာကွယ်နိုင်စွမ်း မရှိပေ။
သူ၏ အတွေ့အကြုံအရ ဧကရာဇ်မင်းမြတ်သည် ဂိုဏ်းများဘက်မှ အမြဲတမ်း ရပ်တည်လေ့ရှိသည်။
မိစ္ဆာသားရဲများ၏ ဖိအားနှင့် မိစ္ဆာဂိုဏ်းများ၏ ကျူးကျော်မှုကို ဟန့်တားနိုင်ရန် ဧကရာဇ်သည် ဂိုဏ်းသားများ၏ အကူအညီကို လိုအပ်ပေသည်။
‘ငါ ဘယ်လိုတောင် ပေါ့ဆလိုက်တာလဲ’
အခွန်အရာရှိသည် သူ၏ ခေါင်းနှင့် လည်ပင်း မြဲ၊ မမြဲကို စမ်းသပ်သည့်အလား လည်ပင်းကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။
“မင်း စိတ်မဆိုးပါနဲ့ဦး။ ငွေစ တစ်စပဲ ပေးရပါမယ်”
အခြားအခွန်အရာရှိက လင်းဖန်ကို ပြုံးပြရင်း ပြောလိုက်သည်။
အခွန်အရာရှိများ၏ ပြောင်းလဲသွားသော အမူအရာကို မြင်သောအခါ တန်းစီနေသည့် ရွာသားများမှာ ဝေခွဲမရ ဖြစ်သွားကြသည်။
အဘယ်ကြောင့် ဤအရာရှိနှစ်ဦးသည် စကားအသွားအလာ ပြောင်းလဲသွားရသနည်း။
လင်းဖန်သည် သူတို့အတွက် ပဟေဠိတစ်ခု ဖြစ်လာတော့သည်။
သူသည် မည်သို့သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသေးသနည်း။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အဖြေရှာရန် ကြိုးစားနေကြသည်။
သို့သော် အခွန်အရာရှိများကို ဒေါသထွက်စေမည် စိုးသဖြင့် မည်သူမျှ စကားမဟရဲကြပေ။
“ဒါက ကျုပ်ရဲ့ ငွေစ တစ်စပါ။”
လင်းဖန်သည် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို အတိအကျ မသိသော်လည်း ညည်းညူနေမည့်သူ မဟုတ်ပေ။
“လင်းဖန်”
လင်းဖန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဟိုဖူ၏ ဟိန်းထွက်လာသော အသံကို ကြားလိုက်ရသည်။
ဟိုဖူသည် ဆေးတံကို ကိုင်ကာ လူတစ်ယောက်နှင့်အတူ အိမ်အတွင်းမှ ထွက်လာသည်။
ထိုသူမှာ ဖုန်းရှိုးမြို့မှ တရားသူကြီးချိုက် ဖြစ်ပေသည်။
“ဒီဘက်လာဦး။ အိမ်တော်ထိန်းလီနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ တရားသူကြီးချိုက်ကို ပြောပြလိုက်ဦး။”
လင်းဖန်သည် ထိုနေရာသို့ လျှောက်သွားကာ လက်ယှက်၍ တရားသူကြီးချိုက်ကို ဂါရဝပြုလိုက်သည်။
“အိမ်တော်ထိန်းလီဆီက ဒါကိုလည်း သူ ရှာတွေ့ခဲ့တာပါ”
ဟိုဖူက သစ်သားပြားကို တရားသူကြီးချိုက်ထံ ကမ်းပေးလိုက်သည်။
တရားသူကြီးချိုက်သည် သစ်သားပြားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီသစ်သားပြားက ကြာနက်ဂိုဏ်းရဲ့ တပည့်တွေ သုံးတဲ့ ပစ္စည်းပဲ။”
“သူတို့က ရက်စက်ယုတ်မာတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြတာ”
“ဧကရာဇ်မင်းမြတ်က သူတို့ကို ပိတ်ပင်ထားတာ ကြာလှပြီ”
“မြန်မြန်... အိမ်တော်ထိန်းလီ နေထိုင်ခဲ့တဲ့နေရာကို ငါ့ကို ခေါ်သွားစမ်း”
“လမ်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ပြောပြ”
သစ်သားပြားကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာသည် လေးနက်သွားတော့သည်။
ဤအမှုတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက သူ၏ခေါင်း ပြုတ်သွားနိုင်ပေသည်။ ဟိုဖူ၊ လင်းဖန်နှင့် တရားသူကြီးချိုက်တို့သည် ထန်အိမ်တော်ဆီသို့ အလျင်အမြန် ထွက်ခွာခဲ့ကြလေသည်။
…
ထန်အိမ်တော်၊ ပင်မခန်းမ…
အစေခံများက လင်းဖန်နှင့် ကျန်ရှိသူများအတွက် လက်ဖက်ရည် ငှဲ့ပေးနေကြသည်။
မိမိတို့၏ တာဝန်များ ပြီးဆုံးသည်နှင့် သူတို့သည် ဂါရဝပြုကာ အလျင်အမြန် ထွက်ခွာသွားကြသည်။
လင်းဖန်သည် သူတို့၏ အမူအရာကို သတိထားမိလိုက်သည်။
သူတို့သည် ဤခန်းမထဲတွင် နေထိုင်ရသည်ကို ကြောက်ရွံ့နေသည့်အလား ရှိလေသည်။
ခန်းမအတွင်း၌ သူတို့ရှေ့တွင် ကာရံထားသည့် လိုက်ကာကြီးတစ်ခု ရှိနေလေသည်။
လိုက်ကာနောက်ကွယ်မှ သခင်ကြီးထန်၏အသံ ထွက်ပေါ်လာသည်။
“ခွင့်လွှတ်ပါ တရားသူကြီးချိုက်။ ကျုပ် အအေးမိနေလို့ လူချင်း မတွေ့နိုင်တာကို နားလည်ပေးပါ”
“နားလည်ပါတယ် သခင်ကြီးထန်”
တရားသူကြီးချိုက်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။
“အိမ်တော်ထိန်းလီ နေခဲ့တဲ့ အခန်းကို စစ်ဆေးခွင့် ရမလား။ သူက ကြာနက်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ကျုပ် သံသယရှိတယ်။ ဒါက သေဒဏ်ထိုက်တဲ့ အပြစ်ပဲ။
“စစ်ဆေးနိုင်ပါတယ်”
သခင်ကြီးထန်က ချောင်းဆိုးရင်း ပြောလိုက်သည်။ ထို့နောက် သူက လက်ခုပ်တီးလိုက်သည်။
“ရှောင်ဖန်း... သူတို့ကို လမ်းပြလိုက်။ ကျုပ် နားချင်ပြီမို့ ခွင့်ပြုပါဦး”
တရားသူကြီးချိုက်က ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်သည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်နေမိသည်။
အရာရာက ဤမျှ ချောမွေ့နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သခင်ကြီးထန်သည် မည်သည့်အရာများကို ကြံစည်နေသနည်း။
သခင်ကြီးထန်သည် အမှန်တကယ် အပြစ်ကင်းစင်နေသလော။
လင်းဖန်သည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို ဆက်လက် တွေးတောနေမိသည်။
သူသည် မည်သို့သော အခြေအနေမျိုးအတွက်မဆို အဆင်သင့် ဖြစ်နေရန် လိုအပ်ပေသည်။
“ကျမနောက်ကို လိုက်ခဲ့ပါ”
ရှောင်ဖန်း၏ အသံကြောင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။
အိမ်တော်ထိန်းလီ၏ အခန်းသို့ ရောက်ရှိသောအခါ တရားသူကြီးချိုက်က စတင် ရှာဖွေတော့သည်။
အခန်းသည် ပရိဘောဂများ၊ ပန်းအိုးများနှင့် ကျော်ကြားသော ဖိုများမှ ထွက်ရှိသည့် ကြွေထည်များဖြင့် ကောင်းမွန်စွာ ပြင်ဆင်မွမ်းမံထားသည်။
တရားသူကြီးချိုက်ကမူ ထိုအရာများကို ဂရုမစိုက်ဘဲ အနှံ့အပြား မွှေနှောက်ရှာဖွေနေလေသည်။
နောက်ဆုံးတွင် အိမ်တော်ထိန်းလီ၏ ကုတင်အောက်၌ စာတစ်စောင်ကို သူ ရှာတွေ့သွားတော့သည်။
“ဒါက အိမ်တော်ထိန်းလီရဲ့လက်ရေး ဟုတ်ရဲ့လား”
တရားသူကြီးချိုက်က စာကို ရှောင်ဖန်းအား ပြလိုက်သည်။
သူမက ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။
တရားသူကြီးချိုက်သည် စာပါ အကြောင်းအရာများကို ဆက်လက် ဖတ်ရှုလိုက်သည်။
“ဟက်။ ဒီကောင်တွေကတော့ကွာ”
ဖတ်ပြီးသည်နှင့် သူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။