← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) - သွေးကန်

ဟိုဖူက စိုးရိမ်တကြီး မေးလိုက်သည်။

“တရားသူကြီးချိုက်... ဒါဆို သူက တကယ်ပဲ အပြစ်ရှိတာလား”

“သူက ကြာနက်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ရွာသားတွေကို မောင်းထုတ်ပြီး ဆူပူသောင်းကျန်းအောင် လုပ်ဖို့ ကြံစည်နေတာ။ အဲဒီလို ရှုပ်ထွေးနေတဲ့အချိန်မှာ မြို့ဝန်မင်းက တခြားဘက်ကို အာရုံရောက်နေတုန်း ကြာနက်ဂိုဏ်းက ဖုန်းရှိုးမြို့ကို တိုက်ခိုက်ဖို့ပဲ”

ဟိုဖူက ကြားလိုက်ရသည့် စကားကြောင့် တုန်လှုပ်သွားပြီး မေးလိုက်သည်။

“ဒါဆို ကျွန်တော်တို့ ဆက်ပြီး ဘာလုပ်ကြမလဲ”

သူသည် လင်းဖန်ကို ကြည့်လိုက်ပြီး အိမ်တော်ထိန်းလီကို တားဆီးခဲ့သည့်အတွက် ပို၍ပင် ကျေးဇူးတင်မိလေသည်။

အကယ်၍သာ ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားခဲ့လျှင် မည်သို့သော အကျိုးဆက်များ ကြုံတွေ့ရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

“ကျွန်တော် ဖုန်းရှိုးမြို့ကို ပြန်သွားပြီး သူ့ကို ဝရမ်းထုတ်မယ်။ ပြီးရင် အိမ်တော်ထိန်းလီနဲ့ အဆက်အသွယ်ရှိသူတွေကို စတင်စစ်ဆေးမေးမြန်းရမယ်”

ဟိုဖူက ခေါင်းညိတ်လိုက်ပြီး သူ၏ဆေးတံကို ခဲလိုက်သည်။

အမှုစစ်ဆေးခြင်းက ချောချောမွေ့မွေ့ ဖြစ်သွားသည့်အတွက် သူက ဝမ်းသာနေပေသည်။

သို့သော် လင်းဖန်ကမူ တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရသည်။

‘အရာရာက ချောမွေ့လွန်းနေတယ်’

သူ့ဘာသာသူ တွေးလိုက်မိသည်။

အခြေအနေများသည် တစ်စုံတစ်ယောက်မှ တမင်တကာ စီစဉ်ထားသည့်အလား ဖြစ်နေပေသည်။

အိမ်တော်ထိန်းလီ၏ အခန်းထဲသို့ ဝင်ရောက်ရာတွင်လည်း မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ပေ။

နေရာအနှံ့ရှိသည့်အထဲမှ ထိုစာအား ထင်ရှားလွန်းသော နေရာတွင် ချန်ထားခဲ့ခြင်းကလည်း ထူးဆန်းလှသည်။

မိစ္ဆာဂိုဏ်းနှင့် ပတ်သက်နေသူ တစ်ယောက်က ဤမျှအထိ ပေါ့ဆနိုင်ပါမည်လော။

ထို့ပြင် ရှောင်ဖန်းသည်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အိမ်တော်ထိန်းလီ၏ လက်ရေးကို ဖတ်တတ်နေပြန်သည်။

ဤအရာအားလုံးသည် တစ်စုံတစ်ယောက်၏ ဇာတ်ညွှန်းအတိုင်း ဖြစ်နေသည်ကို လင်းဖန် အလောင်းအစားပင် ပြုနိုင်ပေသည်။

ထိုတစ်စုံတစ်ယောက်သည် သခင်ကြီးထန်ပင် ဖြစ်ပေလိမ့်မည်။

လင်းဖန်သည် တိတ်ဆိတ်စွာပင် ရှိနေပြီး သူ၏ သံသယကို ထုတ်မပြောခဲ့ပေ။ သူ့တွင် ကိုယ်ပိုင်အစီအစဉ် ရှိနေပြီးသားပင်။

“လာကြ... သွားကြစို့။ အချိန်က သိပ်မရှိဘူး”

ရဲမက်ချိုင်က လက်ထဲတွင် စာကိုကိုင်ထားရင်း ကျေနပ်နေပုံရပြီး အမြန်ထွက်ခွာချင်နေသည်။

သူတို့သည် ခန်းမဆောင်သို့ ပြန်သွားပြီး သခင်ကြီးထန်ကို နှုတ်ဆက်ရန် ကြိုးစားသော်လည်း အစေခံများ၏ အဆိုအရ သခင်ကြီးမှာ အိပ်ပျော်သွားပြီ ဖြစ်ကြောင်း သိရလေသည်။

ထို့ကြောင့် သူတို့သည် ထန်အိမ်တော်မှ မကြာမီပင် ထွက်ခွာလာခဲ့ကြသည်။

လမ်းတွင် လင်းဖန်က ဟိုဖူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ရွာသူကြီး... ကျွန်တော် အခွန်ပေးပြီးပြီဆိုတော့ အရင်ပြန်နှင့်တော့မယ်။ အမဲလိုက်ဖို့ နောက်ဆုံး ရက်အနည်းငယ်ပဲ ကျန်တော့လို့ပါ”

ဟိုဖူက ဆေးတံကို ခဲလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

“မင်း သတိထားဦးနော်... တောနက်ထဲအထိ မသွားနဲ့။ တောရှင်းတဲ့အဖွဲ့တွေ မကြာခင် ရောက်လာလိမ့်မယ်”

“စိတ်မပူပါနဲ့ ရွာသူကြီး... ကျွန်တော် သတိထားပါ့မယ်”

လင်းဖန် ပြောလိုက်ပြီး သူ၏လမ်းအတိုင်း ထွက်ခွာလာခဲ့သည်။ ရွာသူကြီးကမူ ထွေထွေထူးထူး မစဉ်းစားတော့ဘဲ တရားသူကြီးချိုက်နှင့်အတူ ပြန်သွားလေသည်။

ဝှစ်...

ဆောင်းဦးလေအေး တစ်ချက် ဝှေ့ယမ်းသွားပြီး သစ်ပင်များမှ ရွှေရောင်သစ်ရွက်များ ကြွေကျလာသည်။

ဟိုဖူသည် အအေးဒဏ်ကြောင့် တုန်တက်သွားကာ ကြွေကျနေသော သစ်ရွက်များကို မော့ကြည့်လိုက်မိသည်။ ယခုနှစ် ဆောင်းဦးရာသီသည် ကျော်ဖြတ်ရန် ခက်ခဲမည့်ပုံပင်။

…

လင်းဖန်သည် အစပိုင်းတွင် ပုံမှန်အရှိန်ဖြင့်သာ လျှောက်သွားသော်လည်း ဟိုဖူနှင့် တရားသူကြီးချိုက်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါ ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး ထန်အိမ်တော်ဘက်သို့ ပြန်ပြေးလေသည်။

ဘေးပတ်ဝန်းကျင်ရှိ အိမ်ခြေများသည် ဝေဝါးသွားပြီး သူ၏ခြေလှမ်းများမှာ ပိုမိုမြန်ဆန်လာသည်။

သူသည် ထန်အိမ်တော်နှင့် မီတာတစ်ရာခန့် အကွာတွင် ရပ်တန့်လိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပုန်းကွယ်ရန် ကောင်းသော နေရာတစ်ခုကို တွေ့လိုက်သည်။

ထိုနေရာမှာ မြေလမ်းဘေးတွင် ပေါက်နေသော မြက်ရှည်ပင်များပင် ဖြစ်သည်။

ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို အတည်ပြုပြီးနောက် လင်းဖန်သည် မြက်တောထဲသို့ အမြန်ပုန်းကွယ်လိုက်သည်။

လင်းဖန်သည် ‘တောယုန်၏ အကြားအာရုံ’ စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ပတ်ဝန်းကျင်မှ အသံများအားလုံးသည် သူ၏နားထဲသို့ တိုးဝင်လာသည်။

ပိုးမွှားများနှင့် ငှက်များ၏ အသံများ...

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား ဆွေးနွေးနေကြသည့် အိမ်စောင့်များ၏ အသံများ...

ခန်းမဆောင်မှ ထွက်လာရင်း သက်ပြင်းချနေကြသော အစေခံများ၏ အသံများ...

ထို့နောက် သခင်ကြီးထန်၏ အသံကို ကြားလိုက်ရသည်။

ထို့အပြင် လင်းဖန် တစ်ခါမျှ မကြားဖူးသော အသံတစ်သံလည်း ပါဝင်နေပေသည်။

“အကုန်လုံး အဆင်ပြေသွားပြီလား”

အမှောင်တမန်တော်က မေးလိုက်သည်။

“ဟုတ်ကဲ့... ခိုင်းထားတဲ့အတိုင်း လုပ်ဆောင်ပြီးပါပြီ”

“တရားသူကြီးက ပြန်သွားပါပြီ။ သူ ဘာမှရိပ်မိပုံမရဘူး”

“သူတို့တွေ စုံစမ်းစစ်ဆေးလို့ ဘာမှမတွေ့ဘဲ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လို့ ရပါပြီ”

“ဒီ ချွမ်မင်းဆက်ရဲ့ အရာရှိတွေက အလုပ်ကြိုးစားတယ်လို့ ဘယ်တုန်းကမှ မကြားဖူးဘူး”

သခင်ကြီးထန်က ပြန်ပြောလိုက်သည်။

“မြန်မြန်လုပ်စမ်း... ငါတို့ရဲ့ တည်ရှိမှုကို ထုတ်ဖော်လိုက်ရလို့ အချိန်သိပ်မကျန်တော့ဘူး”

“စိတ်ချပါ အမှောင်တမန်တော်... အရာရာ အောင်မြင်စေရပါမယ်”

သခင်ကြီးထန်က ပြန်ဖြေလိုက်သည်။

ထို့နောက် ခြေသံများကို ကြားလိုက်ရပြီး အမှောင်တမန်တော် ထွက်ခွာသွားလေသည်။

လင်းဖန် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏နားထင်ကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

နောက်ဆုံးတွင်မူ ထိုအမှောင်တမန်တော်နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့ လုပ်ဆောင်မည့် အစီအစဉ်အား ရှင်းရှင်းလင်းလင်း သိထားမှသာ ပြင်ဆင်နိုင်ပေလိမ့်မည်။

ယခုအချိန်တွင် ဦးလေးလျိုနှင့် ဟိုဖူကဲ့သို့သော သူနှင့် နီးစပ်သူများကို မည်သည့်အန္တရာယ်မျှ မကျရောက်စေလိုပေ။

ထို့ကြောင့် ဤအမှောင်တမန်တော်နောက်သို့ လိုက်ခြင်းက အကောင်းဆုံးပင်။

‘မုဆိုးအာရုံ’ စွမ်းရည်ကြောင့် သူ၏မြင်ကွင်းတွင် ထန်အိမ်တော် နောက်ဖေးတံခါးမှ ထွက်လာသော ခြေရာများမှာ ထင်ရှားနေပေသည်။

လင်းဖန်သည် အကွာအဝေးတစ်ခုကို ဂရုတစိုက် ထိန်းထားရင်း အမှောင်တမန်တော်နောက်သို့ လိုက်ပါသွားသည်။

ခြေရာများသည် မြစ်ဆိပ်ဘက်သို့ ဦးတည်နေပေသည်။

အဝေးမှနေ၍ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ အနက်ရောင်မျက်နှာဖုံး စွပ်ထားသော အမှောင်တမန်တော်ကို မြစ်ကမ်းဘေးတွင် တွေ့လိုက်ရလေသည်။

ခေတ္တအကြာတွင် မြစ်ညာဘက်မှ လှေငယ်တစ်စင်း ပေါ်လာပြီး အမှောင်တမန်တော်ဆီသို့ ဖြည်းညှင်းစွာ ကပ်လာသည်။

လှေပေါ်တွင် မျက်နှာကို ကောက်ရိုးဦးထုပ်ဖြင့် ဖုံးအုပ်ထားသော အဘိုးကြီးတစ်ယောက် ရှိနေပြီး လှေကို ကမ်းဘေးသို့ ထိုးကပ်လိုက်သည်။

သူတို့ စကားပြောတော့မည်ကို သိလိုက်သည်နှင့် လင်းဖန်သည် ‘တောယုန်၏ အကြားအာရုံ’ စွမ်းရည်ကို အမြန်အသက်သွင်းလိုက်သည်။

“အစီအစဉ်တွေ နောက်ကျနေတာကို ဂိုဏ်းခွဲအရှင်က မကျေနပ်ဘူး”

အဘိုးကြီးက ပြောလိုက်သည်။

“အရာရှိတွေက ငါ့နောက်ကို လိုက်နေလို့ သူတို့ကို အရင်ဆုံး ခါထုတ်ပစ်ရမယ်”

“အချိန်တန်ရင် သွေးကန်အတွက် ရွာသားတွေကို သတ်ဖြတ်ရလိမ့်မယ်။ တောအုပ်ထဲက သွေးကန်အကြောင်းကို ဘယ်သူမှ မရိပ်မိသေးဘူး”

အမှောင်တမန်တော်က ပြန်ပြောလိုက်သည်။

ထိုအဖြေကို ကျေနပ်သွားသည့်ဟန်ဖြင့် အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး အမှောင်တမန်တော်ထံသို့ ပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။

“ဒါက နောက်ဆုံးကျန်တဲ့ ကိုးပတ်လည် ချီစုစည်းမှုဆေးလုံး ပုလင်းပဲ”

စကားပြောပြီးသည်နှင့် အဘိုးကြီးသည် လှေကို လှော်ခတ်ကာ မြစ်အောက်ဘက်သို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။

အမှောင်တမန်တော်သည်လည်း လှည့်ပြန်သွားလေသည်။

လင်းဖန်သည် ‘အံ့ဖွယ်ခုန်ပျံခြင်း’ စွမ်းရည်ကို အသုံးပြု၍ ဝေးရာသို့ အမြန်ဆုံး ဆုတ်ခွာလိုက်သည်။

အမှောင်တမန်တော်၏ စွမ်းအားကို သူ မသိရှိသေးသဖြင့် ဝေးဝေးမှ ရှောင်ရှားခြင်းက အကောင်းဆုံးပင်။

‘ကျွမ်းကျင်တဲ့သူတွေပဲ ကိုင်တွယ်ပါစေတော့’

သူ့ဘာသာသူ တွေးလိုက်မိသည်။

ယခုအချိန်တွင် အရေးကြီးသည်မှာ ထိုသွေးကန်၏ တည်နေရာအ ရှာဖွေဖို့ပင်။

လင်းဖန်သည် အချိန်မဆွဲတော့ဘဲ ရွာသူကြီး၏ အိမ်ဘက်သို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့လေသည်။

အခန်း (၂၆) - ကြက်သွေးရောင်တောအုပ်

လင်းဖန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်ပင် မုန်းတီးလှပေသည်။

အထူးသဖြင့် အခြားသူများ၏ စစ်တုရင်ခုံပေါ်မှ နယ်ရုပ်လေးတစ်ရုပ်ကဲ့သို့ အသုံးချခံနေရသည့် ခံစားချက်ပင်ဖြစ်သည်။

အင်ပါယာအရာရှိများ၊ သားရဲများ၊ သခင်ကြီးထန်နှင့် အမှောင်တမန်တော်များ...

စောက်ခွေးကောင်တွေ…

လင်းဖန်အတွက်မူ ဤအရာအားလုံးထက် သာလွန်နိုင်မည့် နည်းလမ်းတစ်ခုသာ ရှိလေသည်။

၎င်းမှာ ချင်ဖုန်းဂိုဏ်းသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်းကို သင်ယူပြီး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်ပင်။

ထိုပြတ်သားသော အတွေးနှင့်အတူ လင်းဖန်သည် ရွာသူကြီးအိမ်သို့ အမြန်ပြေး၍ ပြန်လာခဲ့သည်။

ဤအချိန်တွင် အပြင်ဘက်၌ အခွန်ကောက်ခံမှုများ ပြီးဆုံးသွားပြီဖြစ်ရာ စိုးရိမ်ပူပန်သော မျက်နှာများဖြင့် တန်းစီနေသည့် ရွာသားများကို မတွေ့ရတော့ချေ။

အိမ်ထဲတွင်မူ ဟိုဖူ၊ အခွန်အရာရှိများနှင့် ဧည့်ခန်း၌ ထိုင်နေသော အမျိုးသားနှစ်ဦး ရှိနေသည်။

လင်းဖန်သည် ထိုအမျိုးသားနှစ်ဦးအား မှတ်မိလိုက်သည်။

သူတို့အား ကျောက်ရွေ့နှင့်အတူ တွေ့ခဲ့ဖူးခြင်း ဖြစ်ပေသည်။

“ကျေးဇူးပြုပြီး အရက်အစား လက်ဖက်ရည်နဲ့ ကျုပ်က ဂါရဝပြုပါရစေ”

အခွန်အရာရှိများက ချင်ဖုန်းဂိုဏ်းမှ လူနှစ်ဦးအား လက်ဖက်ရည်ခွက်ဖြင့် ဂါရဝပြုရန် ကမ်းလှမ်းလိုက်ကြသည်။

၎င်းတို့၏ သဘောထားမှာ အလွန်ပင် ရိုကျိုးလွန်းလှပြီး ရွာသားများနှင့် ဆက်ဆံစဉ်က ရှိခဲ့သည့် မောက်မာသော အမူအရာမျိုးနှင့် အလှမ်းဝေးလှပေသည်။

ချင်ဖုန်းဂိုဏ်းမှ လူများက အနည်းငယ် နေရခက်စွာ ပြုံးပြလိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အခွန်အရာရှိများနှင့် ထပ်မံစကားမပြောတော့ချေ။

‘ကျုပ်ကတော့...’

အတွေ့အကြုံရှိသော အရာရှိများ ဖြစ်သည့်အားလျော်စွာ ဂါရဝပြုခဲ့သူသည် ပါးစပ်ကို ပိတ်ထားခြင်းက ပိုကောင်းမှန်း သိထားလေသည်။

“လင်းဖန်... လာ၊ လာ။ ငါလည်း မင်းကို လိုက်ရှာတော့မလို့ပဲ”

ဟိုဖူက လက်ဝှေ့ယမ်းပြကာ လင်းဖန်ကို သူတို့နှင့်အတူ ပူးပေါင်းရန် ခေါ်လိုက်သည်။

“ဒါက ကျုပ်ပြောနေတဲ့ ရွာထဲက မုဆိုးတွေထဲက တစ်ယောက်ပဲ။ အခြားအတွေ့အကြုံရှိတဲ့ မုဆိုးကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ ကြိုးစားနေတုန်းမို့ ဒီလူငယ် လင်းဖန်ကပဲ တောထဲမှာ ခင်ဗျားတို့အတွက် လမ်းပြပေးလိမ့်မယ်”

ချင်ဖုန်းဂိုဏ်းမှ လူနှစ်ဦးသည် လှည့်ကြည့်ကာ လင်းဖန်ကို အကဲခတ်လိုက်ကြသည်။

၎င်းတို့ထဲမှ တစ်ယောက်သည် လင်းဖန်၏ ဆွဲသီးကို မြင်သွားသောအခါ အံ့အားသင့်ပြီး ဝမ်းသာသွားလေသည်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ပိုင်ချောင်ပါ၊ ဒါကတော့ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး ပိုင်ထိပါ”

“မင်းက ငါတို့ရဲ့ ဂိုဏ်းတူအစ်မကို မီးသမင် ရောင်းခဲ့တဲ့ မုဆိုးပဲ ဖြစ်ရမယ်။ အဲဒီမီးသမင်ကြောင့် သူ အဆင့်ဖြတ်ကျော်ခြင်းဆေးလုံးကို ရသွားတယ်လေ။ အခုဆို အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေပြီ။ သူမ ကျင့်ကြံရာကနေ ထွက်လာရင် ငါတို့ဆီ လာပူးပေါင်းလိမ့်မယ်”

အခွန်အရာရှိများသည် ပိုင်ချောင်က လင်းဖန်နှင့် ခင်မင်ရင်းနှီးစွာ စကားပြောနေသည်ကို မြင်သောအခါ သောက်နေသော လက်ဖက်ရည်မှာ တစ်နည်းတစ်ဖုံ ခါးသက်သွားသလို ခံစားလိုက်ရသည်။

ပိုင်ချောင်မှာ စာပေပညာရှင်တစ်ဦးကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး နူးညံ့သော မျက်နှာပေါက်မျိုး ရှိလေသည်။

တစ်ဖက်တွင်မူ ပိုင်ထိမှာ ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ထူထဲသော မျက်ခုံးများကြောင့် သားသတ်သမားနှင့် ပိုတူနေလေသည်။

သူ၏ စရိုက်သည်လည်း ထိုကဲ့သို့ပင်။

“စကားတွေ ဖောင်ဖွဲ့နေတာ တော်ပြီ။ ဒီကောင်လေးနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ တောထဲကိုသွားပြီး လုပ်စရာရှိတာ မြန်မြန်လုပ်ပြီးရင် ဒီနေ့အတွက် အဆုံးသတ်ရအောင်”

ပိုင်ထိက စိတ်မရှည်စွာ ပြောလိုက်သည်။ ပိုင်ချောင်က မကျေမနပ်ဖြစ်သွားကာ ပြန်ပြောလိုက်သည်။

“ပိုင်ထိ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့”

“ရပါတယ်။ ကျွန်တော် အိမ်ကနေ ပစ္စည်းတွေ သွားယူလိုက်ပါဦးမယ်၊ ပြီးရင် တောထဲကို ထွက်ကြတာပေါ့”

လင်းဖန်က ပြောလိုက်သည်။

“ဒါဆိုလည်း ငါတို့ ဒီမှာပဲ စောင့်နေမယ်”

လင်းဖန်သည် လက်နှစ်ဖက်ကိုယှက်ကာ ပိုင်ချောင်ကို ဂါရဝပြုလိုက်ပြီး အိမ်သို့ ပစ္စည်းသွားယူရန် ထွက်လာခဲ့သည်။

‘အဆင့်တက်ခြင်း... အခြေခံတည်ဆောက်ခြင်း... အမြုတေဖွဲ့စည်းခြင်း...’

ပြန်လမ်းတွင် လင်းဖန်သည် သူအခုလေးတင် ကြားလိုက်ရသော ဝေါဟာရသစ်များကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုနေမိသည်။

…

တောအုပ်အတွင်း၌ လင်းဖန် မှတ်မိထားသည့် အခြေအနေနှင့် လုံးဝ ကွဲပြားနေလေသည်။ နေရောင်ခြည် တစ်ချက်မျှပင် တိုးမပေါက်နိုင်တော့ချေ။

သစ်ပင်များ၏ အရွက်များသည် ယခုအချိန်တွင် ဝါကျင့်ကျင့်အရောင်ပြောင်းပြီး မြေပြင်ပေါ်သို့ ကြွေကျနေသင့်ပြီ ဖြစ်သော်လည်း သူ၏ ရှေ့တွင် မြင်နေရသည်မှာ ထိုသို့မဟုတ်ပေ။

အထက်သို့ မော့ကြည့်လိုက်သောအခါ နီရဲနေသော ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ပင်။

တိတိကျကျပြောရလျှင် သွေးခြောက်များကဲ့သို့ ညိုမည်းနီရဲနေသော ကြက်သွေးရောင်ဖြစ်ပြီး ကောင်းကင်ယံ၌ သေခြင်းတရား၏ အစွန်းအထင်းများကို ချန်ရစ်ထားသလို ခံစားရသည်။

လေထုထဲတွင်လည်း နီရဲသော မြူခိုးများ ဖုံးလွှမ်းနေလေသည်။

အလွန်ပြင်းထန်သော အနံ့ဆိုးတစ်ခုမှာ နှာခေါင်းထဲသို့ အတင်းအဓမ္မ တိုးဝင်လာသဖြင့် လင်းဖန် အော့အန်ချင်သလို ဖြစ်သွားသည်။

သူတို့သုံးဦးလုံးသည် ထိုအနံ့များကို ဖယ်ရှားရန် လက်များဖြင့် ယမ်းခါကြည့်သော်လည်း ထူးခြားမလာချေ။

ထိုညှီစို့စို့အနံ့က နေရာအနှံ့ ပျံ့နှံ့နေလေသည်။

ဤပြောင်းလဲမှုသည် အမှောင်တမန်တော် ပြောခဲ့သည့် သွေးကန်ကြောင့် ဖြစ်နိုင်လေသည်။

“ဒီနေရာက အမြဲတမ်း ဒီလိုပဲလား၊ ဒါမှမဟုတ် ဒီဒေသခံဖြစ်တဲ့ မင်းအတွက်တောင် ဒါက အသစ်အဆန်း ဖြစ်နေတာလား”

ပိုင်ချောင်က မေးလိုက်သည်။

“မဟုတ်ဘူး၊ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကြာနက်ဂိုဏ်းက မိစ္ဆာကျင့်စဉ်တစ်ခုခုကို စမ်းသပ်နေတာနဲ့ ပတ်သက်နိုင်မယ် ထင်တယ်”

လင်းဖန်သည် သွေးကန်အကြောင်းကို တိုက်ရိုက် မပြောနိုင်သဖြင့် အရိပ်အမြွက်သာ ပေးနိုင်ခဲ့သည်။

ပိုင်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဤကဲ့သို့ မရင်းနှီးသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ပိုင်ထိပင်လျှင် ယခုအခါ သတိအပြည့်ရှိနေပြီး သူ၏ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

“သွေးကန်လို့ ခေါ်တဲ့ မိစ္ဆာကျင့်စဉ်တစ်ခုအကြောင်း ကျုပ်ကြားဖူးတယ်”

“လူသားတွေကို ယဇ်ပူဇော်ပြီး ရလာတဲ့ သွေးတွေကို အဲဒီကန်ထဲ လောင်းထည့်ကြလိမ့်မယ်။ ပြီးရင် မိစ္ဆာသားရဲတွေကို အဲဒီကန်ထဲ ထည့်ပြီး တစ်ကောင်နဲ့တစ်ကောင် သတ်ခိုင်းတယ်”

“အဲဒီထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ သားရဲဆီကနေ အမြုတေ၊ အသားနဲ့ သွေးတွေကို ထုတ်ယူကြလိမ့်မယ်”

“ကြာနက်ဂိုဏ်းက ဒါမျိုးလုပ်ဖို့အထိ ကြိုးစားနေတယ်ဆိုရင် သူတို့ အတော်လေး အသည်းအသန် ဖြစ်နေပုံရတယ်။ ဒီကျင့်စဉ်က လိုအပ်တဲ့ လူသားယဇ်ကောင် အရေအတွက်ကြောင့် အလွယ်တကူ သိသာနိုင်တာကိုး။ ဒါပေမဲ့ အခု ငါတို့ ဒီကို ရောက်နေပြီလေ”

ပိုင်ချောင်က သွေးကန်အကြောင်းကို ရှင်းပြလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ အန္တရာယ်များကို အကဲခတ်ပြီးနောက် သူသည် ဆုတ်ခွာပြီး အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။

ဤအရာသည် သူ၏ အတိုင်းအတာထက် ကျော်လွန်နေလေပြီ။

ချင်ဖုန်းဂိုဏ်းမှ ရရှိထားသော တာဝန်မှာ တောအုပ်အစပ်တွင် လှည့်လည်နေသော သားရဲများကို ရှင်းလင်းရန်သာ ဖြစ်သည်။

သူတို့သည် ကြာနက်ဂိုဏ်းနှင့် သွေးကန်ကိစ္စများကို ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ရွာကို အရင်ပြန်ကြစို့။ ငါတို့ အကူအညီ လိုအပ်တယ်”

ပိုင်ချောင်က နောက်သို့ ခြေလှမ်းဆုတ်ရင်း ပြောလိုက်သည်။

ပိုင်ထိက ခေါင်းငြိမ့်လိုက်သည်။ သူသည် စိတ်မြန်သူ ဖြစ်သော်လည်း မမိုက်မဲပေ။

“ရှူး...”

သို့သော် လင်းဖန်က မလှုပ်မယှက် ရှိနေပြီး ရှေ့ဘက်သို့ ညွှန်ပြလိုက်ကာ သူ၏ လေးကို ထုတ်၍ မြားတစ်စင်း တပ်လိုက်လေသည်။

သူ၏ ဦးနှောက်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်]

[ကလဲ့စားချေအမှတ် ၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် မိစ္ဆာသားရဲကို သုတ်သင်ပါ]

လင်းဖန်သည် ကလဲ့စားချေအမှတ် ၅၀ ကို ကြည့်လိုက်သည်။

၎င်းသည် သူရင်ဆိုင်ခဲ့ရသမျှ ရန်သူများထဲတွင် အမြင့်ဆုံး ဖြစ်နေသည်။

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကြက်သွေးရောင် သစ်ပင်အုပ်များကြားမှ ငှက်များ ပျံတက်သွားကြလေသည်။

All Chapters