အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇) - ကျောက်တုံးဝက်ဝံ
ထန်အိမ်တော်…
မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း၌ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော အပြင်အဆင်တို့မှာ ယခုအခါ အရောင်အဆင်း ကင်းမဲ့နေသယောင် ရှိလေသည်။
သစ်သားပြားများဖြင့် ရိုက်နှက်ထားသော ပြတင်းပေါက်များမှာ အလင်းရောင်အားလုံးကို ပိတ်ဆို့ထားပြီး သက်ရှိတို့၏ အရိပ်အယောင်များကိုပါ ကွယ်ပျောက်စေပေသည်။
သခင်ကြီးထန်သည် အခန်းအလယ်ရှိ စားပွဲတွင် ထိုင်နေလေသည်။
သခင်ကြီးထန်သည် သူ၏အစားအစာကို ဝါးစားနေသဖြင့် အရိုးများ ကျိုးကြေသွားသော အသံများကို ကြားနေရပေသည်။
သူ၏မေးစေ့မှ သွေးများ စီးကျနေပြီး ပိုးသားစားပွဲခင်းပေါ်သို့ ကျရောက်သွားသောအခါ တိုးညင်းသော အသံထွက်ပေါ်လာသည်။
သခင်ကြီးထန်၏ မျက်နှာပေါ်တွင် အနီရောင်အလင်းတန်း သန်းလာသောအခါ ဝါးစားနေခြင်းကို ရပ်တန့်လိုက်လေသည်။
စားပွဲအလယ်ရှိ အနီရောင်ကျောက်တုံးတစ်တုံးမှာ စတင်လင်းလက်လာပြီး စူးရှသော သွေးရောင်အလင်းတန်းများက အခန်းတစ်ခုလုံးသို့ ဖြာထွက်လာလေသည်။
သခင်ကြီးထန်၏ မျက်နှာမှာ ဒေါသကြောင့် ပြောင်းလဲသွားပေသည်။
တောအုပ်ထဲရှိ သွေးကန်အား တစ်စုံတစ်ယောက်မှ နှောင့်ယှက်လိုက်ခြင်းပင်။
မည်သူက သူ၏အစီအစဉ်ကို ဖျက်ဆီးရဲသနည်း။
သခင်ကြီးထန်သည် ဒေါသတကြီးဖြင့် သူ၏လက်ထဲရှိ အသားတုံးကို ချလိုက်ပြီး တောက်ပနေသော အနီရောင်ကျောက်တုံးကို ကောက်ယူကာ မတ်တတ်ရပ်လိုက်သည်။
ဘုန်း…
အခန်းတံခါးများ ပွင့်ထွက်သွားပြီးနောက် သခင်ကြီးထန်သည် အလောတကြီး ထွက်ခွာသွားလေသည်။
နောက်ဆုံးတွင် အလင်းရောင်များမှာ အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာရာ စားပွဲပေါ်၌ နာကျင်ခံစားနေရသော မျက်နှာအမူအရာဖြင့်ရှိနေသည့် ရှောင်ဖန်း၏ ဦးခေါင်းကို မြင်တွေ့လိုက်ရပေသည်။
…
တောအုပ်ထဲ၌…
“ဟူး... ဟူး...”
သားရဲ၏ ပြင်းထန်သော ဟိန်းဟောက်သံကြောင့် လင်းဖန်၏ ရင်ဘတ်ထဲ၌ အသံလှိုင်းများ ပဲ့တင်ထပ်သွားပြီး သူ့အား အသက်ရှူမြန်လာစေသည်။
သူ၏သွေးများမှာ ချက်ချင်း ဆူပွက်လာပေသည်။
‘ဒါက ထိတ်လန့်ရမယ့် အချိန်မဟုတ်ဘူး’
လင်းဖန်က သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်သည်။
သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ အောင့်ထားလိုက်ပြီးနောက် တောအုပ်ထဲမှ ထွက်ပေါ်လာသော သားရဲကို ချိန်ရွယ်လိုက်လေသည်။
ဧရာမ အရိပ်ကြီးတစ်ခုက လင်းဖန်၏အပေါ်သို့ ဖြည်းညင်းစွာ ကျရောက်လာသည်။
သူ၏ရှေ့တွင် ရှိနေသည်မှာ ညာဘက်မျက်လုံးကွယ်နေပြီး ဘယ်ဘက်မျက်လုံးမှာ သွေးရောင်လွှမ်းနေသော ဝက်ဝံကြီးတစ်ကောင် ဖြစ်ပေသည်။
ထိုဝက်ဝံ၏ ဦးခေါင်း၊ လည်ပင်းနှင့် ကျောကုန်း အစိတ်အပိုင်းများတွင် သားမွေးများအစား ကျောက်တုံးများ ရှိနေလေသည်။
၎င်း၏ ညာဘက်လက်မှာလည်း ပြတ်နေပြီး ပခုံးပေါ်ရှိ အသားစများအရ ထိုလက်မှာ ခန္ဓာကိုယ်မှ ဆွဲထုတ်ခံထားရကြောင်း ညွှန်ပြနေပေသည်။
သွေးများမှာ လက်မောင်းရင်းမှ စီးကျနေလေသည်။
ဤသည်ကား မိစ္ဆာသားရဲ၊ ကျောက်တုံးဝက်ဝံပင် ဖြစ်ချေသည်။
ဒဏ်ရာနှင့် နာကျင်မှုများကြောင့် ၎င်းသည် ဒေါသထွက်နေပြီး ရှေ့တွင်ပိတ်ရပ်နေသမျှ မည်သည့်အရာမဆို သေသင့်သည်ဟု ယူဆထားဟန်တူလေသည်။
ရွှစ်…
လင်းဖန်သည် ၎င်း၏ ကျန်ရှိနေသော မျက်လုံးကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။
ခလွမ်း…
ကျောက်တုံးဝက်ဝံက ရှေ့လက်သည်းဖြင့် မြားအား ယင်ကောင်တစ်ကောင်နှယ် ပုတ်ထုတ်လိုက်သည်။
ဝေါင်း…
ဤသည်က ကျောက်တုံးဝက်ဝံကို ဒေါသထွက်စေပြီး လင်းဖန်ဆီသို့ ပြေးဝင်လာလေသည်။
လင်းဖန်က နောက်ထပ်မြားတစ်စင်းကို မတပ်ဆင်နိုင်မီ လင်းဖန်နှင့် တစ်မီတာအကွာတွင် ရပ်နေသော ပိုင်ချောင်က လက်ကိုမြှောက်ကာ လင်းဖန်ဆီသို့ လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။
လင်းဖန်သည် သူ့ထံသို့ လေပြင်းတစ်ရပ် တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ထိုလေထဲတွင် ပြင်းထန်သော အင်အားတစ်ရပ် ပါဝင်နေသည်ကိုပါ သိလိုက်ရသည်။
ထိုအင်အားသည် လင်းဖန်အား ဆယ်မီတာအကွာသို့ လွင့်ထွက်သွားစေရန် လုံလောက်လှပေသည်။
‘ချီစွမ်းအင်’
ပိုင်ချောင်သည် လင်းဖန်အား အန္တရာယ်ကင်းစေရန် သိုင်းပညာရပ်တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။
လင်းဖန် မြေပြင်သို့ ကျရောက်ပြီးနောက် ကျန်ရှိနေသော အရှိန်များကို ဖြေဖျောက်ရန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။
‘ငါ ချင်ဖုန်းဂိုဏ်းကို မဖြစ်မနေ ဝင်ရမယ်’
အန္တရာယ်ကင်းသွားချိန်တွင် လင်းဖန်က ခေါင်းမော့ကာ ပိုင်ချောင်ကို ကြည့်ရင်း စိတ်ထဲ၌ တွေးလိုဝင်ရသည်။
“ပြေး… မင်းကိုယ်မင်း အန္တရာယ်ကင်းအောင် နေ”
ပိုင်ချောင်က သူ့ဆီသို့ ကျဆင်းလာသော ကျောက်တုံးဝက်ဝံ၏ လက်ဝါးကို ရှောင်တိမ်းရင်း အော်ပြောလိုက်သည်။
သူ၏ညီဖြစ်သူ ပိုင်ထိသည် ကျောက်တုံးဝက်ဝံ၏ ကျောကုန်းဆီသို့ ခုန်ပျံကာ ခြေထောက်ဖြင့် ကန်လိုက်သည်။
ဖုန်း…
ကန်ချက်သည် ကျောက်တုံးဝက်ဝံ၏ ကျောကုန်းပေါ်သို့ ကျရောက်သွားပေသည်။
ပိုင်ထိသည် တောင်တစ်တောင်အား ကန်မိလိုက်သကဲ့သို့ ကျောက်တုံးဝက်ဝံမှာ ငြိမ်သက်စွာ ရပ်နေပြီး မည်သို့မျှ မဖြစ်သွားချေ။
ပိုင်ထိသည် ကျောက်တုံးဝက်ဝံ၏ တွန်းကန်မှုကြောင့် လေထဲတွင် ဂျွမ်းပစ်ကာ လွင့်ထွက်သွားရသည်။
“ထွက်သွားစမ်း။ ငါတို့အတွက် အနှောင့်အယှက် မဖြစ်စေနဲ့”
ပိုင်ထိက တိုက်ပွဲထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်သွားစဉ် လင်းဖန်အား စောင်းကြည့်ကာ ပြောလိုက်သည်။
ယခုလေးတင် ပိုင်ချောင်အပေါ် အာရုံစိုက်နေသော ဝက်ဝံကြီးက ရုတ်တရက် ကျောခိုင်းလိုက်သည်။
ပိုင်ချောင်သည် ငါးမီတာအကွာတွင် ရှိနေသော်လည်း ၎င်း၏ဓားကို လျင်မြန်စွာ အသုံးပြု၍ ကျောက်တုံးဝက်ဝံကို ထိုးနှက်လိုက်သည်။
လေဆင်နှာမောင်းကဲ့သို့ လည်ပတ်နေသော လေပြင်းတစ်ရပ်က ဓားထိပ်ဖျားမှ ထွက်ပေါ်လာကာ ကျောက်တုံးဝက်ဝံ၏ ကျောကုန်းဆီသို့ ပစ်ခတ်သွားပေသည်။
မြေပြင်ပေါ်ရှိ သစ်ရွက်များမှာလည်း စုပ်ယူခံရပြီး ကျောက်တုံးဝက်ဝံအား တိုက်ခိုက်မှုထဲတွင် ပါဝင်သွားလေသည်။
ဝုန်း…
ထိုးနှက်ချက်က ၎င်း၏ကျောကုန်းပေါ်ရှိ ကျောက်တုံးကို ထိမှန်သွားသောအခါ ကျောက်တုံးဝက်ဝံက ဟိန်းဟောက်လိုက်သည်။
ကျောက်တုံးပေါ်တွင် အက်ကွဲကြောင်း အနည်းငယ် ပေါ်လာသော်လည်း လည်ပတ်နေသော လေပြင်းတိုက်ခိုက်မှုသည် သိပ်ပြီး ထိရောက်မှု မရှိခဲ့ချေ။
ထို့နောက် ကျောက်တုံးဝက်ဝံသည် ပြန်လည် တိုက်ခိုက်လေသည်။
၎င်း၏ ကျောကုန်းပေါ်ရှိ ကျောက်တုံးအပိုင်းအစများ ကွာကျလာပြီး ပိုင်ချောင်ဆီသို့ ပစ်ခတ်လာပေသည်။
“အစ်ကို၊ ကျွန်တော် ကူညီမယ်”
သူတို့၏ဘေးတွင် ဓားကိုင်ကာ ရပ်နေသော ပိုင်ထိက ကြက်ခြေခတ်ပုံသဏ္ဌာန် ခုတ်ပိုင်းလိုက်သည်။
ဒေါင်…
ခလွမ်း…
ကျောက်တုံးအပိုင်းအစများသည် အမှုန်အမွှားလေးများအဖြစ် ပိုင်းဖြတ်ခံရကာ မြေပြင်ပေါ်သို့ ကျလာလေသည်။
ဖုန်း…
နောက်ဆုံးတွင် သစ်ပင်ပင်စည်များမှာ ခုတ်ပိုင်းမှု၏ အင်အားကို ခံရသဖြင့် ပင်စည်အပိုင်းအစများ လွင့်စင်သွားပြီး ကြက်ခြေခတ်ပုံသဏ္ဌာန် အရာထင်ကျန်ရစ်ခဲ့ပေသည်။
ယခုအချိန်အထိ ပိုင်ညီအစ်ကိုနှင့် ကျောက်တုံးဝက်ဝံတို့အကြား အကြိတ်အနယ် ဖြစ်နေဆဲပင်။
အဝေးမှ ကြည့်နေသော လင်းဖန်သည် ပိုင်ညီအစ်ကို အသုံးပြုနေသည့် သိုင်းပညာရပ်များကို အံ့သြချီးကျူးနေမိရင်း တစ်ချိန်တည်းမှာပင် ကျောက်တုံးဝက်ဝံအား အဆုံးသတ်နိုင်မည့် နည်းလမ်းကို ရှာဖွေနေလေသည်။
ယခုအချိန်၌ ၎င်းသည် ကျောက်တုံးကဲ့သို့ မာကျောနေပြီး ဖျက်ဆီးခြင်းနှင့် အနာတရဖြစ်စေနိုင်သော စွမ်းအားအားလုံးကို တစ်ပါတည်း ပေါင်းစပ်ထားလေသည်။
တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှု ဖြစ်ပေသည်။
‘ဒီလို ပြီးပြည့်စုံတဲ့ မိစ္ဆာသားရဲရဲ့ အားနည်းချက်က ဘာများလဲ’
‘အားနည်းချက်...’
‘ဟုတ်တယ်၊ အားနည်းချက်ပဲ’
“သားရဲရဲ့ ဒဏ်ရာတွေကို တိုက်ခိုက်။ မျက်လုံးကန်းနေတဲ့ ဘက်ကနေတိုက်”
အကြံရသွားသဖြင့် လင်းဖန်က အလျင်အမြန် အော်ပြောလိုက်သည်။
ပိုင်ညီအစ်ကို နှစ်ယောက်သည် လင်းဖန်၏စကားကို ကြားသောအခါ ကိုယ့်နဖူးကိုယ် ရိုက်ချင်စိတ် ပေါက်သွားသည်။
ထိုအချက်ကို အဘယ်ကြောင့် စောစောကတည်းက သတိမထားမိခဲ့ပါသနည်း။
ဤလင်းဖန်က သာမန်လူငယ်လေး တစ်ယောက် မဟုတ်ပေ။
ပိုင်ညီအစ်ကိုတို့သည် အချိန်မဆွဲတော့ဘဲ လင်းဖန်၏ အကြံပေးချက်အတိုင်း ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
သူတို့နှစ်ဦးလုံးသည် သားရဲ၏ မျက်လုံးကန်းနေသော ညာဘက်ခြမ်းသို့ ခုန်သွားလိုက်ကြသည်။
ပိုင်ချောင်က ကျောက်တုံးဝက်ဝံ၏ ပခုံးပေါ်ရှိ ပွင့်ဟနေသော ဒဏ်ရာဆီသို့ ထိုးနှက်လိုက်သည်။
ပိုင်ထီကလည်း အားကျမခံဘဲ သူ၏ ကြက်ခြေခတ်ပုံသဏ္ဌာန် ခုတ်ပိုင်းမှုဖြင့် ကျောက်တုံးဝက်ဝံ၏ ဦးခေါင်းကို တိုက်ခိုက်လိုက်လေသည်။
ဂါး…
လည်ပတ်နေသော လေပြင်းတိုက်ခိုက်မှုမှာ ၎င်း၏ ပွင့်ဟနေသော ဒဏ်ရာအား ထိုးဖောက်ဝင်ရောက်သွားသောအခါ ကျောက်တုံးဝက်ဝံ၏ ခန္ဓာကိုယ်တစ်လျှောက် နာကျင်မှုများ စီးဆင်းသွားလေသည်။
အသားစများနှင့် သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားလေသည်။
လေပြင်းခုတ်ပိုင်းမှုက ကျောက်တုံးဝက်ဝံ၏ ဦးခေါင်းပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဌာန် အရာထင်ကျန်ရစ်စေခဲ့ပြီး ၎င်း၏ ဦးခေါင်းခွံ အစိတ်အပိုင်းများကိုပါ မြင်တွေ့လိုက်ရပေသည်။
ကျောက်တုံးဝက်ဝံသည် ရူးသွပ်နေသည့်အလား ၎င်း၏လက်ဝါးကို ရမ်းသန်းလွှဲလိုက်သော်လည်း ထိုလှုပ်ရှားမှုက ပိုင်ညီအစ်ကိုအား ရှောင်တိမ်းရန် ဖိအားပေးနိုင်ခဲ့လေသည်။
နောက်တစ်ခဏတွင် ၎င်းက ဤအခွင့်အရေးကို အသုံးချကာ လင်းဖန်ဆီသို့ ပြေးဝင်လာတော့သည်။
အခန်း (၂၈) - မုဆိုး
ကျောက်တုံးဝက်ဝံသည် ၎င်းတို့သုံးဦးထဲတွင် လင်းဖန်ကို အားအနည်းဆုံးဟု သတ်မှတ်လိုက်လေသည်။
“ပြေးတော့”
ပိုင်ချောင်၏အော်သံက တောအုပ်အတွင်း ဟိန်းထွက်သွားသည်။
သူသည် လင်းဖန်ကို ဘေးလွတ်ရာသို့ အသည်းအသန် ရှောင်ရှားစေလိုနေသည်။
သူ၏ညီဖြစ်သူ ပိုင်ထိက လက်တွေ့လုပ်ဆောင်တတ်သူပီပီ ကျောက်တုံးဝက်ဝံထံသို့ သူ၏ဓားကို ပစ်ပေါက်လိုက်လေသည်။
ဖုန်း…
သူ၏ပစ်ချက်က လွဲချော်သွားရာ ဓားသည် သစ်ပင်၏ပင်စည်အတွင်းသို့ စိုက်ဝင်သွားပြီး ဓားရိုးမှာ ဘယ်ညာယိမ်းခါနေတော့သည်။
ထိုအချိန်တွင် မည်သည့်အရာကိုမျှ ပြုလုပ်ရန် အချိန်မမီတော့ပေ။
ကျောက်တုံးဝက်ဝံသည် လင်းဖန်၏အရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ကာ ၎င်း၏လက်သည်းများကို ဆန့်ထုတ်၍ လက်ဝါးကြီးကိုမြှောက်ကာ လင်းဖန်၏မျက်နှာဆီသို့ ရိုက်ချရန် ပြင်နေလေပြီ။
ပိုင်ချောင်၏ရင်ထဲတွင် အပြစ်ရှိစိတ်များ စတင်ပေါ်ပေါက်လာချေပြီ။
သူ၏နှလုံးသားမှာ တန်နှင့်ချီသောအလေးချိန်ဖြင့် ဖိချလိုက်သကဲ့သို့ လေးလံသွားလေသည်။
ချင်ဖုန်းဂိုဏ်းအတွက် ပထမဆုံးတာဝန်ဖြစ်သော်လည်း သူသည် အလွဲလွဲအချော်ချော်ဖြစ်အောင် လုပ်မိနေပြီ။
ကောင်းမွန်သောအနာဂတ်များစွာ ကျန်ရှိနေသေးသည့် လင်းဖန်၏ငယ်ရွယ်သောဘဝမှာ သူ၏အရည်အချင်းညံ့ဖျင်းမှုကြောင့် ယနေ့တွင် အဆုံးသတ်ရတော့မည်ပင်။
လင်းဖန်နှင့် နီးစပ်သူများကို သူမည်သို့ မျက်နှာပြရပါမည်နည်း။
လင်းဖန်ထံသို့ ရိုက်ချလိုက်သော ကျောက်တုံးဝက်ဝံ၏လက်ဝါးကြီးကို မြင်လိုက်ရသောအခါ ပိုင်ချောင်မှာ ဆက်မကြည့်ရက်တော့ဘဲ မျက်နှာလွှဲလိုက်လေသည်။
သူ၏ညီဖြစ်သူ ပိုင်ထိကမူ အရှုံးမပေးဘဲ ကျောက်တုံးဝက်ဝံထံသို့ ခုန်အုပ်လိုက်သည်။
မျက်နှာလွှဲထားသော ပိုင်ချောင်သည် ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရပြီးနောက် ဦးခေါင်းခွံကွဲအက်သံနှင့် အသားစများ နေရာအနှံ့ ပန်းထွက်သွားသည့်အသံများကိုပါ ဆက်တိုက်ကြားလိုက်ရလေသည်။
ဖြန်း…
ဖြန်း…
ဖြန်း…
ထို့နောက် သူထပ်ကြားလိုက်ရသည်မှာ မြေပြင်ပေါ်သို့ သွေးများ ကျဆင်းလာသည့်အသံပင်။
အသံတိုင်းမှာ လင်းဖန်မှ သူ့အား လက်ညှိုးထိုးကာ မေးငေါ့နေသကဲ့သို့ ခံစားရလေသည်။
‘ဘာကြောင့် ငါ့ကို သေခွင့်ပေးလိုက်ရတာလဲ’
ထိုအတွေးက သူ့ကို နာကျင်စေသဖြင့် သူသည် သွားကို တင်းတင်းကြိတ်ကာ လှည့်ကြည့်လိုက်သည်။
ပိုင်ချောင် တွေးထင်ထားသည့်အတိုင်း သွေးသံရဲရဲဖြစ်နေသော လင်းဖန်၏ခန္ဓာကိုယ်အထက်တွင် ကျောက်တုံးဝက်ဝံကြီး မားမားမတ်မတ် ရပ်နေသည့်မြင်ကွင်းမျိုး ဖြစ်မလာခဲ့ပေ။
ထိုအစား ကျောက်တုံးဝက်ဝံ၏ ကန်းနေသော မျက်လုံးအိမ်အတွင်းသို့ မြားတစ်စင်း စိုက်ဝင်နေခြင်းပင်။
ကျောက်တုံးဝက်ဝံ၏ခေါင်းမှ သွေးများ တစက်စက် ကျဆင်းနေလေသည်။
“ဟူး... ဟူး... ဟူး...”
လင်းဖန်က မြေပြင်ပေါ်တွင် လဲလျောင်းကာ မောဟိုက်နေသည်။
အုပ်စုခေါင်းဆောင်စွမ်းရည်ကို အသုံးပြုလိုက်ရသဖြင့် သူ၏စွမ်းအင်များအားလုံး ခမ်းခြောက်သွားကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေချေပြီ။
မီးသမင်ထက် ပိုမိုစွမ်းအားကြီးမားသော မိစ္ဆာသားရဲဖြစ်သည့် ကျောက်တုံးဝက်ဝံအ စက္ကန့်အနည်းငယ်မျှ ထိန်းချုပ်လိုက်ရုံဖြင့် သူ၏စွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။
သူလဲလျောင်းနေစဉ် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ကြိုးစားနေရသည်။
လေထုထဲတွင် ပျံ့နေဆဲဖြစ်သော အပုပ်နံ့က သူ့ကို ပျို့အန်စေနိုင်သဖြင့် အသက်ကို ပြင်းပြင်းမရှူရဲချေ။
ထို့နောက် သူ၏စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
[ဒင်။ ယုတ်မာသောရည်ရွယ်ချက်ကို အဆုံးသတ်နိုင်သည့်အတွက် ဂုဏ်ပြုပါသည်။]
[လက်စားချေမှတ် + ၅၀]
[လက်ရှိ လက်စားချေမှတ် : ၁၀၀]
[လက်ခံသူ၏အဆင့်မှာ နိမ့်ကျလွန်းသဖြင့် မိစ္ဆာသားရဲ၏စွမ်းရည်များကို ရယူနိုင်ခြင်း မရှိသေးပါ]
[အနည်းဆုံး လိုအပ်သော အဆင့် : ၅]
၁၀၀ မှတ်ဆိုလျှင် နောက်တစ်ဆင့်အတွက် အမှတ် ၃၀၀ လိုအပ်သေးသည်ဖြစ်ရာ လင်းဖန်က နောက်တစ်ဆင့်တက်ရန် လက်စားချေမှတ် မည်မျှလိုအပ်သေးကြောင်း စိတ်ထဲမှ တွက်ချက်လိုက်လေသည်။
ခရီးအများကြီး သွားရဦးမည်ပင်။
“ကံကောင်းလို့။ မင်း အသက်ရှင်နေသေးတာပဲ။ ဘာဖြစ်သွားတာလဲ”
ပိုင်ချောင်က လျှောက်လာပြီး လင်းဖန်၏ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်ကာ သူ၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ပိုင်ထိသည် သစ်ပင်၏ပင်စည်မှ သူ၏ဓားကို ပြန်လည်ဆွဲနုတ်လိုက်ပြီးနောက် လျှောက်လာကာ ကျောက်တုံးဝက်ဝံ၏အလောင်းကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။
သစ်ပင်ကြီးတစ်ပင် ပြိုလဲကျသွားသကဲ့သို့ ဝက်ဝံကြီး၏အလောင်းမှာ ဖြည်းညင်းစွာ လဲကျသွားလေသည်။
မြေပြင်ပေါ်ရှိ သစ်ရွက်များ လွင့်စင်သွားပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာသည်။
ပိုင်ထိက သူ၏ရွံရှာမှုကို မထိန်းနိုင်တော့ဘဲ တံတွေးထွေးကာ ကျောက်တုံးဝက်ဝံ၏အလောင်းကို ကျိန်ဆဲလိုက်လေသည်။
“သေတာ နည်းတောင်နည်းသေးတယ်”
“ကျုပ် ကံကောင်းသွားတာ ထင်တယ်။ ကျောက်တုံးဝက်ဝံကြီး ကျုပ်ကို ရိုက်ချဖို့ လုပ်နေတာကို မြင်လိုက်ရတော့ ကျုပ်လည်း ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ သတိပြန်ဝင်လာတော့ ကျောက်တုံးဝက်ဝံကြီးရဲ့ ခေါင်းကို မြားနဲ့ ထိုးဖောက်မိပြီးသား ဖြစ်နေပြီ”
လင်းဖန်က ခေါင်းကိုကုတ်ကာ ဤကျောက်တုံးဝက်ဝံကြီးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းခြင်းသက်သက်သာ ဖြစ်ကြောင်း ဟန်ဆောင်လိုက်လေသည်။
ပိုင်ချောင်က ဖြောင့်မတ်သူတစ်ဦးဟု ထင်ရသော်လည်း လင်းဖန်ကမူ သူ၏လျှို့ဝှက်ချက်များကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။
ပိုင်ချောင်သည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ လင်းဖန်ပြောသည့်စကားကို တွေးတောနေလေသည်။
ခဏအကြာတွင် သူသည် သူ့ဟာသူ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျင့်ကြံသူ မဟုတ်တဲ့ သူတွေတောင်မှ အသက်အန္တရာယ် ကြုံလာရတဲ့အခါ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ချီစွမ်းအင်တွေကို အသုံးပြုနိုင်သွားတဲ့ ဖြစ်ရပ်မျိုးတွေ ရှိတတ်တယ်။ ဒါက ရှားပါးပေမဲ့ ဒီလိုလူမျိုးတွေရဲ့ စွမ်းရည်နဲ့ ရုပ်ခန္ဓာတွေက ကျင့်ကြံသူဖြစ်လာဖို့ သင့်တော်တယ်။ အရမ်းအန္တရာယ်များတဲ့ အခြေအနေက သူတို့ရဲ့ အလားအလာတွေကို တစ်နည်းနည်းနဲ့ နှိုးဆွပေးလိုက်တာမျိုးပေါ့”
“မင်းသာ ဆန္ဒရှိမယ်ဆိုရင် ချင်ဖုန်းဂိုဏ်းကို ဘာလို့ ဝင်မလာတာလဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆို စွမ်းရည်တွေအတွက် စမ်းသပ်မှုကို အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ ငါတို့ ရွာကိုပြန်ရောက်တဲ့အခါ ငါ ထောက်ခံစာတစ်စောင် ရေးပေးမယ်”
ပိုင်ချောင်၏ကမ်းလှမ်းမှုကို ကြားသောအခါ လင်းဖန်မှာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
“ဝမ်းသာတာပေါ့ဗျာ။ ကျုပ်လည်း နောက်နှစ် နွေဦးရာသီလောက်ကျရင် သွားဖို့ စီစဉ်ထားတာပဲ”
ပိုင်ထိက လင်းဖန်၏ကျောကိုပုတ်ကာ သဘောတူလက်ခံသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤလူငယ်လေးသည် အသက်လု၍ ထွက်ပြေးမသွားဘဲ နေရစ်ခဲ့ကာ မိစ္ဆာသားရဲကို အဆုံးအဖြတ်ပေးမည့် တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်ခဲ့သည်။ သူသည် လေးစားထိုက်သူတစ်ဦးပင်။
အဟွတ်…
ပိုင်ထီက ကျောကို ‘ပုတ်’ လိုက်သည့်ဒဏ်ကြောင့် လင်းဖန်မှာ ချောင်းဆိုးသွားလေသည်။
ရုတ်တရက် သူ့ကျောကို ပုတ်နေသော လက်ဝါးမှာ အဝတ်အစားကို ဆွဲကိုင်ထားသည့် လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရုတ်တရက် ဆွဲငင်ခံလိုက်ရသဖြင့် လင်းဖန်မှာ လဲကျလုမတတ် ဖြစ်သွားလေသည်။
သူလှည့်ကြည့်လိုက်သောအခါ ပိုင်ထိ၏ခြေထောက်ကို အမည်းရောင်လက်တံတစ်ခုက ဖမ်းဆွဲထားသည်ကို မြင်လိုက်ရလေသည်။
လက်တံနှင့် လွန်ဆွဲနေရသဖြင့် ပိုင်ထိမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေလေသည်။
“အား”
ပိုင်ချောင်က ဓားဖြင့်လက်တံကို ခုတ်ပိုင်းလိုက်သော်လည်း ထိုလက်တံမှာ ရုပ်ဝတ္ထုမဟုတ်သည့်အလား ဓားက ဖောက်ထွက်သွားလေသည်။
ရွှစ်…
ထို့နောက် သစ်ရွက်များအောက်မှ နောက်ထပ်လက်တံတစ်ခု ထွက်ပေါ်လာကာ ပိုင်ထိ၏လက်များကို ရိုက်ချလိုက်လေသည်။
နာကျင်မှုကြောင့် ပိုင်ထိမှာ လင်းဖန်၏အဝတ်ကို ဆွဲကိုင်ထားရာမှ လက်လွှတ်လိုက်ရလေသည်။
နောက်တစ်ခဏ၌ ပိုင်ထိ၏ခြေထောက်ကို ဆွဲထားသော လက်တံမှာ အနောက်သို့ ပြန်ရုတ်သွားကာ သူ့ကို တောအုပ်အတွင်းသို့ ဆွဲခေါ်သွားလေတော့သည်။
“ပိုင်ထိ”
ဤသည်ကို မြင်သောအခါ ပိုင်ချောင်မှာ အော်ဟစ်လိုက်ပြီး နောက်မှ ပြေးလိုက်သွားလေသည်။
လင်းဖန်သည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။
ပိုင်ထိမှာ တောအုပ်အတွင်ရှိ သစ်ပင်ပင်စည်များကြားတွင် ဘယ်ညာ တရွတ်တိုက် ဆွဲခေါ်သွားခံရနေလေသည်။
သူတို့သည် အစွမ်းကုန်အမြန်နှုန်းဖြင့် လိုက်လံရှာဖွေကြရာ လင်းဖန်မှာ သစ်ကိုင်းနှင့် သစ်ခက်များသည် သူ၏ကိုယ်ပေါ်သို့ လာရောက်ရိုက်ခတ်နေသည်ကို ခံစားနေရသော်လည်း အမီလိုက်နိုင်ရန် မလုံလောက်သေးပေ။
မကြာမီမှာပင် ပိုင်ထိသည် မျက်စိအောက်မှ ပျောက်ကွယ်သွားလေတော့သည်။
ပိုင်ချောင်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပိုင်ထိတစ်ယောက် မည်သည့်နေရာသို့ ဆွဲခေါ်ခံလိုက်ရသည်ကို စစ်ဆေးကြည့်လိုက်သည်။
သူ၏အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
“ကျစ်”
ပိုင်ချောင်က ကျိန်ဆဲလိုက်ပြီး သူ၏အရှေ့သို့ ရည်ရွယ်ချက်မဲ့စွာဖြင့် ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
သူ ဤမျှ တည်ငြိမ်မှုကင်းမဲ့သွားသည်ကို လင်းဖန် မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
လင်းဖန်က သူ့ကို စိတ်တည်ငြိမ်စေရန် ကြိုးစားရင်း ပြောလိုက်သည်။
“ကျုပ်ကို ခြေရာခံခွင့်ပြုပါ။ ကျုပ်တို့ မုဆိုးတွေမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်”