အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) - သွေးကန်နံဘေးမှ တိုက်ပွဲ
မုဆိုးအာရုံ စွမ်းရည်ကို အသက်သွင်းလိုက်ရာ လင်းဖန်၏ မြင်ကွင်းအတွင်း၌ လမ်းကြောင်းတစ်ခု လင်းထိန်လာလေသည်။
“လာ... ကျုပ်နောက်ကို လိုက်ခဲ့”
လင်းဖန်က ပိုင်ချောင်ကို လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
ညီဖြစ်သူ ပိုင်ထိ၏ ကံကြမ္မာအတွက် စိုးရိမ်ပူပန်နေသော ပိုင်ချောင်မှာ လင်းဖန်နောက်သို့ အပြေးအလွှား လိုက်ပါလာခဲ့သည်။
လင်းဖန်၏ အရှိန်မှာ ပုံမှန်ထက် ပိုမိုမြန်ဆန်နေသဖြင့် သူ အံ့အားသင့်နေမိသည်။
ထိုအရှိန်မှာ သာမန်မုဆိုးတစ်ယောက်ထက်ပင် သိသိသာသာ ပိုမိုမြန်ဆန်နေလေသည်။
အစပိုင်းတွင် မြေပြင်ပေါ်၌ ဓားဖြင့် ခြစ်ထားသော အစင်းကြောင်းတစ်ခုကိုသာ မြင်တွေ့ရလေသည်။
၎င်းမှာ ပိုင်ထိမှ အရှိန်ကို ထိန်းရန် ကြိုးစားရင်း ချန်ရစ်ခဲ့သော ဓားချက် ဖြစ်ဟန်တူပေသည်။
မီတာတစ်ရာခန့် ရောက်ရှိပြီးနောက်တွင်မူ သစ်ရွက်လေးများမှာ လေထဲမှ တစ်ရွေ့ရွေ့ ကြွေကျနေသည်ကို မြင်လိုက်ရသည်။
အရာတစ်ခုခုသည် ၎င်းတို့ကို လှုပ်ခတ်သွားပြီးကာမှ ယခုလေးတင် ထွက်ခွာသွားသကဲ့သို့ပင်။
သူတို့သည် ပို၍ ပို၍ နီးကပ်လာခဲ့ကြသည်။
ရှဲ… ရှဲ…
စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းဖန်နှင့် ပိုင်ချောင်၏ရှေ့ရှိ ဆယ်မီတာခန့်တွင် သစ်ရွက်များ လှုပ်ခတ်သံကို ကြားလိုက်ရသည်။
နောက်ဆုံးတွင် သူတို့သည် ပိုင်ထိကို အရှေ့၌ မြင်လိုက်ရလေသည်။
သူတို့ ရပ်နေသည့် နေရာမှကြည့်လျှင် သစ်ပင်များမှာ ကျဲပါးသွားပြီး မီတာတစ်ရာခန့် ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခုဆီသို့ ဦးတည်နေလေသည်။
ထိုကွင်းပြင်၏ အနားသတ်များ၌ တိုင်ရှစ်တိုင်အား ရှစ်ကွက်အင်းပုံစံဖြင့် စိုက်ထူထားပြီး အနီရောင် ကြိုးများဖြင့် တစ်တိုင်နှင့်တစ်တိုင် ချိတ်ဆက်ပတ်ထားလေသည်။
ထိုကြိုးများတစ်လျှောက်တွင် သွေးဖြင့် ရေးသားထားသော မန္တန်စာလုံးများပါသည့် အနက်ရောင် အင်းစာရွက်များကို ကပ်ထားလေသည်။
ကွင်းပြင်၏ အလယ်ဗဟိုတည့်တည့်တွင် ဆယ်မီတာခန့် ကျယ်ဝန်းသော သွေးကန်ကြီးတစ်ခု ရှိနေသည်။ ၎င်းထဲတွင် သွေးများ ပြည့်လျှံနေပေသည်။
သားရဲများ၏ အကြွင်းအကျန်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ထိုသွေးကန်အတွင်း၌ ပေါ်လိုက်မြုပ်လိုက်ဖြင့် ဝေ့ဝဲနေကြသည်။
ကွင်းပြင်တစ်ဝိုက်တွင်မူ ဒုက္ခသည်များနှင့် လှည့်လည်သွားလာနေသူများ၏ အလောင်းများမှာ ပြန့်ကျဲနေသည်။
သူတို့အားလုံးမှာ ခန္ဓာကိုယ်အတွင်းရှိ သွေးများ ကုန်စင်သွားသကဲ့သို့ ဖြူဖျော့ကာ အရေပြားများမှာ တွန့်လိပ်နေကြသည်။
ထိုသွေးကန်နှင့် လင်းဖန်၏ ကြားတွင်မူ ခန္ဓာကိုယ်မှ အနက်ရောင် အသားလက်တံများ ထွက်ပေါ်နေသော လူတစ်ယောက် ရပ်နေလေသည်။
“ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ ကောင်တွေလဲ။ အခုပဲ မင်းတို့ရဲ့ သွေးတွေကို ဒီသွေးကန်အတွက် ယဇ်ပူဇော်လိုက်ကြစမ်း”
ထိုလူက အော်ဟစ်လိုက်ရာ သူ၏ အသံမှာ လေထဲ၌ ဟိန်းထွက်သွားလေသည်။
လင်းဖန်သည် ထိုအသံကို မှတ်မိလိုက်သည်။
သခင်ကြီးထန်…
သို့သော် တစ်နည်းနည်းဖြင့် သူ၏ ပုံစံမှာ ပြောင်းလဲသွားခဲ့လေသည်။ လင်းဖန်၏ မှတ်ဉာဏ်ထဲရှိ ပုံစံနှင့် လုံးဝ ကွဲပြားနေပေသည်။
ဘောလုံးတစ်လုံးကဲ့သို့ ကြီးမားသော ဗိုက်နှင့် ဝဖိုင့်ဖိုင့် အဖိုးကြီး ပုံစံမဟုတ်တော့ဘဲ ယခုအခါတွင်မူ ကျစ်လျစ်သန်စွမ်းကာ ကြွက်သားများပါ ရှိနေလေသည်။
ပါးလွှာသော ပိုးထည်ဝတ်ရုံ၏ နောက်ကွယ်၌ သူ၏ ဗိုက်ကြွက်သား အမြောင်းများမှာ ထင်ရှားစွာ ပေါ်လွင်နေလေသည်။
သူ၏ မီးခိုးရောင် ဆံပင်များမှာ အနက်ရောင်သို့ ပြောင်းလဲသွားပြီး နဖူးနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုမူ သူသည် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးနှင့်ပင် တူနေလေသည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနက်ရောင် အသားလက်တံလေးခုမှာ သွေးကန်အတွင်းသို့ နှစ်ဝင်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အနီရင့်ရောင် သွေးကွက်များ စွန်းထင်နေသည့်အပြင် သေခြင်းတရား၏ အငွေ့အသက်များကိုလည်း ထုတ်ဖော်နေပေသည်။
သို့သော် သခင်ကြီးထန်၏ အသွင်ပြောင်းလဲမှု နောက်ကွယ်တွင် မည်သည့်အရာ ရှိနေသနည်းဆိုသည်ကို လင်းဖန် စဉ်းစားနေရန် အချိန်မရှိချေ။
ပိုင်ထိ၏ ခြေထောက်တစ်ဖက်အား သခင်ကြီးထန်သည် သူ၏ အသားလက်တံဖြင့် ကိုင်မြှောက်ထားပြီး ရင်ဘတ်ကိုမူ သူနှင့် မျက်နှာမူထားလေသည်။
သခင်ကြီးထန်က သူ၏လက်အား ကွေးညွတ်လိုက်ပြီး ပိုင်ထိ၏ ရင်ဘတ်ကို ထိုးဖောက်ရန် ပြင်လိုက်သည်။
လင်းဖန်သည် ပစ်မှတ်အား ပိုမိုတိကျစွာ မြင်နိုင်ရန်အတွက် သခင်ကြီးထန်၏ ဘယ်ဘက်သို့ ခုန်ပျံလိုက်လေသည်။
သူသည် ချက်ချင်းပင် လေးကိုပြင်ကာ သခင်ကြီးထန်ထံသို့ အရှိန်ဖြင့် ချိန်ရွယ်လိုက်သည်။
သူ ချိန်ရွယ်နေသည်ကို ခံစားမိသွားသဖြင့် သခင်ကြီးထန်က လှည့်ကြည့်လိုက်သည်။
ရင်းနှီးနေသော အသံတစ်ခုမှာ လင်းဖန်၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
လင်းဖန်သည် ကလဲ့စားချေမှတ်ကို ကြည့်ကာ အံ့အားသင့်သွားမိသည်။
ထိုပမာဏမှာ ကျောက်တုံးဝက်ဝံထက်ပင် နှစ်ဆ ပိုများနေပေသည်။
သို့သော် ယခုအချိန်တွင်မူ လင်းဖန်အတွက် နောက်ဆုတ်ရန် အချိန်မရှိတော့ချေ။
ဝှစ်…
လင်းဖန်က လေးကြိုးကို လွှတ်လိုက်ရာ မြားသည် သခင်ကြီးထန်၏ ဦးခေါင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
အသားလက်တံတစ်ခုက ချက်ချင်းပင် ထိုမြားကို ရိုက်ချလိုက်သည်။
ထိုအသားလက်တံမှာ အရှိန်မပျက်ဘဲ လင်းဖန်၏ မျက်နှာရှေ့သို့ ပြန်လည်ရောက်ရှိလာကာ သူ၏ နဖူးကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
ဝှစ်…
အံ့ဖွယ်ခုန်ပျံခြင်း စွမ်းရည်ဖြင့် လင်းဖန်က ဘယ်ဘက်သို့ မီတာငါးဆယ်ခန့် ထပ်မံ၍ ခုန်ရှောင်လိုက်သည်။
“မင်း... လင်းဖန်။ ငါ မင်းကို မှတ်မိပြီ။ ငါ့ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တဲ့ကောင်။ ဒီနေ့တော့ မင်း ဒီမှာပဲ အသေခံပေတော့”
သခင်ကြီးထန်သည် လင်းဖန် ယခင်က ပြုလုပ်ခဲ့သည်များကို ပြန်လည်သတိရသွားပြီး ဒေါသတကြီးဖြင့် သူ၏ အမျက်ဒေါသများကို လင်းဖန်ထံသို့ ပုံအောလိုက်သည်။
ကျန်ရှိနေသော အသားလက်တံ သုံးခုလုံးသည် လင်းဖန်ထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။
ဇောက်ထိုး အဆွဲခံထားရသဖြင့် ဦးခေါင်းအတွင်းသို့ သွေးများ စီးဆင်းလာကာ မျက်နှာတစ်ခုလုံး နီရဲနေသော ပိုင်ထိမှာ သူ၏ ဓားကို သခင်ကြီးထန်ထံသို့ လှမ်းပေါက်လိုက်သည်။
သခင်ကြီးထန်က ထိုဓားကို ပုတ်ထုတ်လိုက်ပြီး ပိုင်ထိကို ကြည့်ကာ စိတ်ပျက်သွားဟန်တူလေသည်။
သူက ပိုင်ထိကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ပြီး သူ၏ အသားလက်တံဖြင့် ပိုင်ထိအား ဘေးသို့ လွှင့်ပစ်လိုက်သည်။
ပိုင်ထိမှာ သခင်ကြီးထန်၏ ညာဘက်သို့ လွင့်စင်သွားပြီး ရေပြင်ပေါ်တွင် ကျောက်ခဲကလေးများ ခုန်သွားသကဲ့သို့ မြေပြင်ပေါ်၌ တလိမ့်ခေါက်ကွေး ဖြစ်သွားကာ နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။
ပိုင်ထိ လွင့်စင်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ဖုန်မှုန့်များမှာ လေထဲ၌ လွင့်ပျံနေလေသည်။
“လူယုတ်မာ”
ပိုင်င်ချောင်က သခင်ကြီးထန်ထံသို့ ပြေးဝင်သွားပြီး သူ၏ လေပွေဓားသိုင်းဖြင့် ဓားကို ဝှေ့ယမ်းကာ ထိုးနှက်လိုက်သည်။
လင်းဖန်ထံသို့ ဦးတည်နေသော အသားလက်တံများမှာ ချက်ချင်းပင် နောက်ဆုတ်သွားပြီး သခင်ကြီးထန်၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
လေပွေဓားသိုင်း၏ စုပ်ယူမှုကြောင့် ဖုန်မှုန့်များမှာ လေဆင်နှာမောင်းကဲ့သို့ ဖြစ်ပေါ်လာသော်လည်း သခင်ကြီးထန်ကို အကာအကွယ်ပေးထားသော အသားလက်တံများအား ထိုးဖောက်ရန်မှာမူ မလုံလောက်ခဲ့ပေ။
ခဏအကြာတွင် အရာအားလုံးမှာ ငြိမ်သက်သွားပြီး အသားလက်တံများမှာ ပိုင်ချောင်ထံသို့ တစ်ခုပြီးတစ်ခု ပြေးဝင်သွားကြတော့သည်။
ပိုင်ချောင်က ခုန်ရှောင်လိုက်သဖြင့် ပထမတစ်ခုမှာ လွဲချော်သွားလေသည်။
သို့သော် နောက်ထပ် အသားလက်တံတစ်ခုမှာမူ ကြိုတင် စောင့်ဆိုင်းနေပေသည်။
၎င်းသည် ပိုင်ချောင်၏ ညာဘက်လက်မောင်းကို ထိုးဖောက်သွားလေသည်။
“အား”
ပိုင်ချောင်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဓားကို လွှတ်ချလိုက်ရသည်။
ပိုင်ချောင်၏ ဦးခေါင်းကို ချိန်ရွယ်ထားသော ကျန်အသားလက်တံနှစ်ခုမှာ တဟုန်ထိုး ပြေးဝင်လာလေသည်။
ရုတ်တရက်ပင် ထိုအသားလက်တံများမှာ ရပ်တန့်သွားသည်။
လင်းဖန်သည် သူ၏ အံ့ဖွယ်ခုန်ပျံခြင်း စွမ်းရည်ကို အသုံးပြုကာ ပိုင်ချောင်အား ဆွဲယူပြီး ထိုနေရာမှ ဝေးရာသို့ ခေါ်ဆောင်သွားလိုက်သည်။
ခဏအကြာတွင် အသားလက်တံများမှာ ပြန်လည် လှုပ်ရှားလာကြသော်လည်း လွဲချော်သွားကြပြန်သည်။
သခင်ကြီးထန်ကဲ့သို့ သန်မာသောသူအတွက်မူ အုပ်စုခေါင်းဆောင်စွမ်းရည်ဖြင့် လင်းဖန် ထိန်းချုပ်နိုင်သည့် အချိန်မှာ တစ်စက္ကန့်သာ ရှိလေသည်။
သူတို့နှစ်ဦးလုံး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် လဲကျသွားကြသည်။
ယခုအခါ လင်းဖန်မှာ စွမ်းအင်များ ကုန်ခမ်းနေလေပြီ။
စွမ်းရည်များကို အကြိမ်ကြိမ် အသုံးပြုခဲ့သဖြင့် သူ၏ ခွန်အားများကို ကုန်စင်စေခဲ့သည်။
ပိုင်ချောင်မှာလည်း အခြေအနေ မကောင်းလှချေ။ သူ၏ လက်မောင်းမှ သွေးများ ထွက်နေပြီး ဒဏ်ရာတစ်ဝိုက်ရှိ အသားများမှာ မည်းနက်လာခဲ့သည်။
ထိုအသားလက်တံများ၌ အဆိပ်ရှိနေပေသည်။
မိမိ၏ အသိစိတ်မှာ တဖြည်းဖြည်း လျော့နည်းလာသည်ကို ခံစားမိသဖြင့် ပိုင်ချောင်မှာ ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်။
ထို့နောက် သူသည် လင်းဖန်ထံသို့ ဆေးလုံးတစ်လုံး ကမ်းပေးလိုက်သည်။
“ဒါကို သောက်လိုက်။ ဒါက သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးပဲ။”
လင်းဖန်မှာလည်း တွေဝေမနေတော့ဘဲ ထိုဆေးလုံးကို ချက်ချင်းပင် မျိုချလိုက်သည်။
သူ၏ စွမ်းရည်များကို ပြန်လည် အသုံးပြုနိုင်ရန်အတွက် ခွန်အားများ ပြန်လည်ရရှိရန် လိုအပ်နေသည် မဟုတ်ပါလော။
အခန်း (၃၀) - ကျောက်ရွေ့
ဆေးလုံးမှာ လည်ချောင်းထဲ စီးဆင်းသွားသည်နှင့်အမျှ လင်းဖန်မှာ ပူလောင်သော ခံစားချက်ကို ခံစားလိုက်ရသည်။
ဆေးလုံးမှာ အောက်သို့ လျှောကျသွားကာ စိမ့်ဝင်ပျံ့နှံ့သွားသည်နှင့်အမျှ ထိုခံစားချက်သည် ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားပြီးနောက် တန်းထျန်အတွင်းသို့ စီးဆင်းသွားလေသည်။
မီးဖိုတစ်ခုကဲ့သို့ပင် တန်းထျန်အတွင်းမှ နွေးထွေးမှုများသည် လင်းဖန်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာခဲ့လေသည်။
သူ၏ ခြေလက်များအတွင်း အင်အားများ ပြန်လည်ပြည့်ဝလာသည်ကို ခံစားလိုက်ရပြန်သည်။
သူ၏ စွမ်းအင်များ ပြန်လည်ရရှိလာခဲ့ပြီ။
အားလုံးမဟုတ်သော်လည်း အနည်းဆုံး သုံးပုံနှစ်ပုံခန့် ရှိပေသည်။
ပိုင်ချောင်က လက်ချောင်းများကို အသုံးပြုကာ သူ၏ ပုခုံးပေါ်ရှိ သွေးကြောမှတ်များကို ဖိနှိပ်လိုက်ရာ သွေးထွက်ခြင်းမှာ ရပ်တန့်သွားလေသည်။
ဖြန်း…
အသားလက်တံများက လင်းဖန်နှင့် ပိုင်ချောင်တို့ရှိရာသို့ တစ်ဖန် ပြန်လည်ရိုက်ခတ်လာပြန်သည်။
သူတို့နှစ်ဦးလုံးမှာ ငုံ့ရှောင်လိုက်ကြပြီး ဘေးဘက်သို့ လူးလိမ့်ကာ ရှောင်တိမ်းလိုက်ကြသည်။
“မင်းရဲ့ ကျောက်စိမ်းဆွဲပြားကို ငါ့ကိုပေး”
ပိုင်ချောင်က လင်းဖန်၏ ရင်ဘတ်ပေါ်ရှိ ဆွဲပြားကို ညွှန်ပြရင်း ပြောလိုက်သည်။
လင်းဖန်က ကျောက်စိမ်းဆွဲပြား ချိတ်ဆွဲထားသော ကြိုးကို ဆွဲဖြတ်လိုက်ပြီး ပိုင်ချောင်ထံသို့ ပစ်ပေးလိုက်သည်။
ပိုင်ချောင်က ၎င်းကိုကိုင်ကာ မန္တန်အချို့ကို ရွတ်ဆိုလိုက်ရာ ထိုဆွဲပြားမှာ တောက်ပစွာ လင်းလက်လာလေသည်။
“အခုတော့ ဂိုဏ်းတူအစ်မ ရောက်မလာခင်အထိ အသက်ရှင်အောင် ကြိုးစားထားပေတော့”
ကျောက်စိမ်းဆွဲပြားမှာ သူတို့ကို လာရောက်ကူညီရန် ကျောက်ရွေ့ကို ဆင့်ခေါ်ရန်အတွက် အသုံးပြုခြင်းပင်။
ပိုင်ချောင်က သခင်ကြီးထန်ဘက်သို့ လှည့်လိုက်ပြီး ပိုင်ထိ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
ပိုင်ထိမှာ ယခုအခါ သတိရလာပြီဖြစ်သော်လည်း သွေးများ အန်နေရလေသည်။
သခင်ကြီးထန်၏ တိုက်ခိုက်မှုကြောင့် ပိုင်ထိမှာ ကိုယ်တွင်းဒဏ်ရာများ ရရှိသွားခဲ့ခြင်းပင်။
သို့သော် သခင်ကြီးထန်က ပိုင်ထိကို ဂရုမစိုက်တော့ဘဲ လင်းဖန်တစ်ဦးတည်းအပေါ်ကိုသာ အာရုံစိုက်ထားလေသည်။
“ဒီကိုလာခဲ့စမ်း”
အသားလက်တံများက လင်းဖန်၏ ခြေထောက်များကို ပစ်မှတ်ထားကာ တဟုန်ထိုး ပြေးဝင်လာလေသည်။
လင်းဖန်က လျင်မြန်စွာ ခုန်တက်လိုက်ပြီး လမ်းကြောင်းမှ ရှောင်ရှားလိုက်လေသည်။
ပိုင်ချောင်က သူ၏ ဘယ်ဘက်လက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်ကာ ဓားတစ်လက်ကဲ့သို့ ပုံဖော်ပြီး သခင်ကြီးထန်ထံသို့ ထိုးနှက်လိုက်သည်။
သူ့၌ ဓားမရှိသဖြင့် လေပွေတိုက်ကွက်မှာ သိသိသာသာ အားနည်းသွားချေပြီ။
သခင်ကြီးထန်က ရှောင်တိမ်းရန်မကြိုးစားပေ။ ထိုတိုက်ကွက်ကို သူ၏ ပိုးသားဝတ်ရုံအား စုတ်ပြတ်သွားစေရန် ခွင့်ပြုလိုက်သည်။
တိုက်ခိုက်မှု ပြီးဆုံးသွားချိန်တွင် သခင်ကြီးထန်က ဘာမှမဟုတ်သည့်အလား သူ၏ ကိုယ်ပေါ်မှ ဖုန်မှုန့်များကိုသာ ခါချလိုက်လေသည်။
လင်းဖန်မှာ လက်ရှိအခြေအနေကို သုံးသပ်လိုက်သည်။ ပိုင်ညီအစ်ကိုများမှာ သခင်ကြီးထန်အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။
ကျောက်ရွေ့ ရောက်လာရန် မည်မျှကြာမည်ကို မည်သူမျှ မသိနိုင်ပေ။
သူ လောင်းကြေးတစ်ခု ထပ်ရပေလိမ့်မည်။
သူ ဆုံးဖြတ်ချက်ချလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ သခင်ကြီးထန်ထံသို့ အတင်းဝင်တိုးလိုက်သည်။
“မင်းက အသေခံဖို့ လာနေမှတော့ ငါကပဲ ဖြည့်ဆည်းပေးရတာပေါ့”
သခင်ကြီးထန်က သူ၏ လက်ဝါးဖြင့် လင်းဖန်ကို ရိုက်နှက်ရန် အသင့်ပြင်လိုက်သည်။
လင်းဖန်က သူ၏ သံမဏိလက်သည်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီး သခင်ကြီးထန်၏ ရင်ဘတ်ကို ပစ်မှတ်ထားလိုက်သည်။
“ငတုံးပဲ”
လင်းဖန်က လက်ဗလာဖြင့် မိမိကို ထိခိုက်အောင်လုပ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သခင်ကြီးထန်က လှောင်ပြုံးပြုံးလိုက်သည်။
“အား...”
သခင်ကြီးထန်၏ လက်ဝါးက လင်းဖန်၏ ရင်ဘတ်သို့ ထိမှန်သွားသောအခါ လင်းဖန်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာလေသည်။
သို့သော် လင်းဖန်၏ လက်ချောင်းများက သခင်ကြီးထန်၏ ရင်ဘတ်သို့ ရောက်ရှိသွားသောအခါ တို့ဖူးကို လှီးဖြတ်လိုက်သကဲ့သို့ပင် ထိုးဖောက်ဝင်ရောက်သွားလေသည်။
လင်းဖန်က သူ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး အောက်သို့ ဆွဲချလိုက်သည်။
“ချီးပဲ”
သခင်ကြီးထန်က လင်းဖန်ကို ဆဲရေးလိုက်ပြီး ရှေ့တည့်တည့်သို့ ကန်ထုတ်လိုက်သည်။
လင်းဖန်သည် ရှေ့ရှိ မြင်ကွင်းများ လည်ပတ်နေသည်ကို မြင်လိုက်ရပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေစဉ် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေလေသည်။
အဟွတ်…
ချက်ချင်းဆိုသလိုပင် လင်းဖန်မှာ သွေးများကို ချောင်းဆိုးထုတ်လိုက်ရသည်။
သူ ပထမဆုံး ခံစားလိုက်ရသည်မှာ နာကျင်မှုပင်။ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံးမှာ မွှေနှောက်ခံထားရသကဲ့သို့ ခံစားနေရသည်။
သခင်ကြီးထန်မှာလည်း သက်သာလှသည်မဟုတ်ပေ။
သူ၏ ရင်ဘတ်မှ ဝမ်းဗိုက်အထိ ရှည်လျားသော ဒဏ်ရာဆယ်ခုမှာ တန်းစီလျက် ရှိနေသည်။
မြေပြင်ပေါ်သို့ သွေးများနှင့် ပြည်ပုပ်များ စီးကျနေလျက်ရှိသည်။ လင်းဖန်၏ သံမဏိလက်သည်းစွမ်းရည်မှာ သူ့အား ဒဏ်ရာအပြင်းအထန် ရစေခဲ့လေသည်။
သူ၏ ဒဏ်ရာများကြောင့် အသားလက်တံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သခင်ကြီးထန်မှာ ယခုအခါ ၎င်းတို့ကို ထိန်းချုပ်နိုင်ရန် အလွန်အားနည်းနေလေပြီ။
လင်းဖန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိသမျှ စွမ်းအင်များကို စုစည်းရန် ကြိုးစားလိုက်သည်။
သူ နောက်ထပ် လှုပ်ရှားမှု မပြုလုပ်မီ ရင်းနှီးသော အသံတစ်ခုမှ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။
“ငါတို့ ချင်ဖုန်းဂိုဏ်းက တပည့်တွေကို ထိခိုက်အောင်လုပ်တဲ့အတွက် ဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲ”
ကျောက်ရွေ့သည် တောအုပ်အတွင်းမှ ခုန်ပျံလျက် ဆင်းသက်လာခဲ့သည်။
“ဂိုဏ်းတူအစ်မ”
ပိုင်ညီအစ်ကိုများမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
ကျောက်ရွေ့က သခင်ကြီးထန်ကို စိုက်ကြည့်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ ငါးကြိမ်တိုင်တိုင် ထိုးနှက်လိုက်သည်။
လေပွေငါးခုက သခင်ကြီးထန်ထံသို့ ပြေးဝင်သွားလေသည်။
သခင်ကြီးထန်မှာ လေပွေတိုက်ကွက်အတွင်းရှိ စွမ်းအားမှာ ပိုင်ချောင်ထက် ပိုမိုအားကောင်းသည်ကို ခံစားလိုက်ရသဖြင့် ဘေးဘက်သို့ အမြန်ခုန်ရှောင်လိုက်သည်။
သို့သော် သူ၏ အရှိန်မှာ မလုံလောက်ခဲ့ပေ။ လေပွေတိုက်ကွက်သည် သူ၏ ညာဘက်လက်မောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အသားနှင့် အရိုးများကို ဆွဲဖြတ်သွားလေသည်။
မကြာမီတွင် သူ၏ လက်မှာ ပုခုံးမှ တွဲလောင်းကျနေခဲ့ပြီ။
“အား...”
သခင်ကြီးထန်က သွားကို တင်းတင်းစေ့ကာ တွဲလောင်းကျနေသော လက်မောင်းကို ဆွဲဖြတ်ပစ်လိုက်သည်။
သူသည် ကျောက်ရွေ့ထံသို့ ပြေးဝင်ရန် ကြိုးစားလိုက်သော်လည်း ကျောက်ရွေ့က သူမ၏ ဓားကို ‘ကြက်ခြေခတ်’ ပုံစံဖြင့် ဝှေ့ယမ်းလိုက်သည်။
လေပြင်းတစ်ခုက သူ၏ ခြေထောက်ကို ဖြတ်သန်းသွားပြီး ခြေထောက်မှာ ပြတ်ထွက်သွားလေသည်။
လင်းဖန်က ချက်ချင်းပင် အဆုံးသတ်ရန် ဝင်ရောက်လိုက်သည်။
သူက ခုန်တက်လိုက်ပြီး ဒူးဖြင့် သခင်ကြီးထန်၏ မေးရိုးကို တိုက်လိုက်ရာ ထိုအရှိန်ကြောင့် သခင်ကြီးထန်မှာ မြေပြင်မှ လွင့်ထွက်သွားလေသည်။
သူ၏ ခါးပတ်ခေါင်းကို နှိပ်လိုက်ကာ ခါးပတ်ဓားကို ဆွဲထုတ်ပြီး သခင်ကြီးထန်၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။
၎င်းက သူ၏ အရေပြားကို မဖောက်နိုင်ခဲ့ပေ။
ထို့နောက် လင်းဖန်က သံမဏိလက်သည်းစွမ်းရည်ကို အလျင်အမြန်အသုံးပြုလိုက်ပြီး သူ၏ လက်ချောင်းများကို သခင်ကြီးထန်၏ လည်ပင်းအတွင်းသို့ ထိုးစိုက်လိုက်သည်။
သူ၏ သွေးကြောမကြီးမှ သွေးများ ပန်းထွက်လာပြီး သွေးများဖြင့် ရောယှက်နေသော အသက်ရှူသံများကို ကြားလိုက်ရသည်။
လင်းဖန်၏ စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ပေါ်ထွက်လာသည်။
[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[လက်စားချေမှတ် + ၁၀၀]
[လက်ရှိ လက်စားချေမှတ် - ၂၀၀]
လင်းဖန်က ရရှိလာသော လက်စားချေမှတ်များကို မြင်သောအခါ မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။
သူ လုပ်နိုင်ခဲ့ပြီ။
သူ အသက်ရှင်ကျန်ရစ်ခဲ့သည့်အပြင် လက်စားချေမှတ် ၁၀၀ ကိုလည်း ရရှိခဲ့လေပြီ။
“အဆင်ပြေရဲ့လား”
ကျောက်ရွေ့၏ မျက်နှာက လင်းဖန်၏ အမြင်အာရုံထဲသို့ ရောက်ရှိလာကာ မေးလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် စကားပြောရန်ပင် အလွန်အားနည်းနေခဲ့ပြီ။
“မင်းကို ရွာကို ပြန်ခေါ်သွားရမယ်။ ဒါပေမဲ့ အရင်ဆုံး...”
ကျောက်ရွေ့က ပိုင်ချောင်နှင့် ပိုင်ထိတို့ကို ကုသပေးလိုက်သည်။
သူမက ပိုင်ချောင်ကို အဆိပ်ဖြေဆေးလုံးများ ပေးလိုက်ပြီး သူ၏ ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်သည်။
ပိုင်ထိကိုလည်း ထိုနည်းအတိုင်းပင်။ ကျောက်ရွေ့က သူ့ကို ဆေးလုံးများ တိုက်ကျွေးကာ သူ၏ ကိုယ်တွင်းချီများကို ပြန်လည်ထိန်းညှိပေးလိုက်သည်။
သူတို့၏ အင်အားများ ပြန်လည်ပြည့်ဝလာသောအခါ လင်းဖန်ကို ရွာသို့ ပြန်လည်သယ်ဆောင်လာခဲ့ကြလေသည်။
လင်းဖန်၏ သစ်သားအိမ်လေးသို့ ရောက်ရှိသောအခါ နည်းပါးလှသည့် အသုံးအဆောင်များကို မြင်လိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။
စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် ခုတင်တစ်လုံးသာ ရှိလေသည်။ ဒါက သူပိုင်ဆိုင်သမျှ အားလုံးပင်။
လင်းဖန်ကို ခုတင်ပေါ်သို့ တင်လိုက်ပြီးနောက် ပိုင်ချောင်က ကျောက်ရွေ့ကို ပြောလိုက်သည်။
“ဂိုဏ်းတူအစ်မ... ဒီလူငယ်ကို ကျွန်တော်တို့ ကူညီပေးသင့်တယ်လို့ ထင်တယ်”