← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) စနိုက်ပါသမား ငါးဆယ်

တာ့လျန်တောင်တန်း၏ တောင်ထိပ်တစ်ခုပေါ်၌ပင်။

ဟေးလုံစခန်းမှ ဓားပြများက သစ်သားသေတ္တာခြောက်လုံးကို သယ်ဆောင်လာကြ၏။

"ကလေးရယ်... ဒီသေတ္တာတွေထဲမှာ ဘာရတနာတွေ ပါလာတာလဲ... မင်းရဲ့ မိတ်ဆွေက ပေးလိုက်တာလား..."

တန်ထိုက်ရှုံ့ရင်က ရှေ့တွင်ရှိနေသည့် သစ်သားသေတ္တာခြောက်လုံးကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့ကလည်း တန်ထိုက်ပေါင်ပေါင်ကို အာရုံစိုက်ကာ စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် တန်ထိုက်ပေါင်ပေါင်က ဘာမျှ ထပ်မပြောလိုတော့ဘဲ သစ်သားသေတ္တာအားလုံးကို ဖွင့်လှစ်လိုက်ပြီး စနိုက်ပါရိုင်ဖယ် လေးလက်ကို ထုတ်ယူကာ သူတို့သုံးယောက်အား တစ်လက်စီ ပေးလိုက်၏။

"လာခဲ့ကြ... စနိုက်ပါရိုင်ဖယ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးမယ်..."

တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမက စနိုက်ပါရိုင်ဖယ်၏ အသုံးပြုပုံကို လက်တွေ့ ပြသလိုက်၏။ ထို့နောက် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည်လည်း တန်ထိုက်ပေါင်ပေါင်၏ ကိုယ်တိုင်သင်ပြမှုအောက်တွင် စနိုက်ပါရိုင်ဖယ် အသုံးပြုပုံ၏ အနှစ်သာရများကို ကျွမ်းကျင်စွာ တတ်မြောက်သွားကြတော့သည်။

"ကလေးရယ်... ဒီစနိုက်ပါရိုင်ဖယ်က ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ကျွမ်းကျင်သူကို တကယ်ပဲ သတ်နိုင်လို့လား..."

စနိုက်ပါရိုင်ဖယ်ကို အသုံးပြုတတ်သွားသော်လည်း တုယွီထောက်က ယုံမှားသံသယ ရှိနေဆဲဖြစ်သည်။ အတွေ့အကြုံမရှိသေး၍ပင်။

တန်ထိုက်ပေါင်ပေါင်က အနည်းငယ် ပြုံးလိုက်ပြီး ရှင်းပြနေရန် အချိန်မရှိလှ။ သူမက စနိုက်ပါ ကျည်ဆန် သုံးတောင့်ကို ထုတ်ယူကာ သူတို့သုံးယောက်အား ခွဲဝေပေးလိုက်၏။

"စမ်းကြည့်လိုက်ရင် စနိုက်ပါရိုင်ဖယ်ရဲ့ စွမ်းအားကို သိသွားလိမ့်မယ်..."

တန်ထိုက်ပေါင်ပေါင်က ရယ်မောလိုက်သည်။

ထို့နောက် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့က ဟေးလုံစခန်းမှ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ရှိ ဓားပြခေါင်းဆောင် ခုနစ်ယောက်ကို ခေါ်ယူလိုက်ပြီး တစ်ယောက်လျှင် စနိုက်ပါရိုင်ဖယ် တစ်လက်စီ ပေးလိုက်ကြ၏။

ထိုလူ ခုနစ်ယောက်က လှဲချလိုက်ပြီး စနိုက်ပါမှန်ပြောင်းကို အသုံးပြုကာ ငါးရာမီတာအကွာရှိ ပေါင်တစ်လုံးစာခန့် လုံးပတ်ရှိသော နန်းမူသစ်ပင်ကို ချိန်ရွယ်ထားလိုက်ကြသည်။ တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့က စနိုက်ပါကျည်ဆန်ကို ထည့်သွင်းပြီးနောက် သုံးယောက်စလုံး နန်းမူသစ်ပင်ကို တစ်ပြိုင်နက်တည်း ချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်၏။

ဒိုင်း...

ဒိုင်း...

ဒိုင်း…

ကျည်ဆန်သုံးတောင့်စလုံးက နန်းမူသစ်ပင်ကို ထိမှန်သွားသည်။ နန်းမူသစ်ပင်ကြီးမှာ ပေါက်ကွဲသွားတော့၏။

"ဝိုး..."

တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့တောင် အံ့အားမသင့်ရသေးခင်မှာပင် စောင့်ကြည့်နေသည့် ဓားပြခေါင်းဆောင် ခုနစ်ယောက်က တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့ ခုနစ်ယောက်က မှန်ပြောင်းဖြင့် ကြည့်ရှုနေစဉ်အတွင်း သစ်ပင်လုံးကြီးတစ်ခုလုံး ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ခုနစ်ယောက်စလုံးမှာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်သို့ ရောက်ရှိနေသူများဖြစ်ကြသဖြင့် သူတို့၏ ရုပ်ခန္ဓာ မည်မျှကြံ့ခိုင်သည်ကို သိသော်လည်း စနိုက်ပါကျည်ဆန်၏ တိုက်ခိုက်မှုကိုမူ ခုခံနိုင်စွမ်းမရှိမှန်း သိလိုက်ကြသည်။

"တကယ်ပဲ အံ့သြဖို့ကောင်းတယ်..."

တန်ထိုက်ရှုံ့ရင်က အလွန်ပင် စိတ်လှုပ်ရှားနေ၏။

"ဒီလက်နက်နဲ့ဆိုရင် ပေနင်စီရင်စုထဲက ဘယ်ဓားပြဂိုဏ်းကများ ဟေးလုံစခန်းရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာလဲ..."

တုယွီထောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကလေးရယ်... မင်းရဲ့ မိတ်ဆွေက ဟေးလုံစခန်းကို အမှန်တကယ် ကယ်တင်လိုက်တာပဲ... စနိုက်ပါရိုင်ဖယ်တွေ ရှိနေရင် ငါတို့ ဟေးလုံစခန်းက ပေနင်စီရင်စုထဲက ဓားပြဂိုဏ်းအားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်..."

ချန်ဖန်ဟိုင်က စိတ်အားထက်သန်စွာ ပြောဆိုလိုက်၏။ ဓားပြခေါင်းဆောင် သုံးယောက်စလုံးသည် စနိုက်ပါရိုင်ဖယ်သာရှိလျှင် အချိန်မရွေး တခြားဓားပြဂိုဏ်းများကို ဝင်ရောက်စီးနင်းနိုင်မည်ကို သိရှိနေကြသည်။ တခြားဂိုဏ်းများမှ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ကျွမ်းကျင်သူများကို တစ်ကြိမ်တည်းနှင့် အမြစ်ပြတ် သတ်ပစ်နိုင်လျှင် သူတို့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကာ အလိုလို ပြိုလဲသွားပေလိမ့်မည်။ ထိုအခါ ဟေးလုံစခန်းက ကျန်ရှိသည့် ဓားပြအားလုံးကို သိမ်းသွင်းလိုက်နိုင်မည်ဖြစ်သည်။

ဤနည်းလမ်းဖြင့် တဖြည်းဖြည်း ချဲ့ထွင်သွားမည်ဆိုပါက ဟေးလုံစခန်းသည် မကြာမီ ပေနင်စီရင်စုရှိ ဓားပြဂိုဏ်းအားလုံးကို ပေါင်းစည်းနိုင်တော့မည် ဖြစ်၏။

"မဆိုင်းမတွနဲ့ အခုချက်ချင်း သေနတ်သမား ငါးဆယ်ကို ရွေးချယ်ပြီး စနိုက်ပါရိုင်ဖယ် ငါးဆယ်လက်ကို ခွဲဝေပေးလိုက်ကြစို့..."

"ဟွန့်... ကျည်ဆန်ငါးဆယ်ကို တစ်ပြိုင်နက်တည်း ပစ်လိုက်ရင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတောင် အသက်မရှင်နိုင်ဘူး..."

တန်ထိုက်ရှုံ့ရင်မှာ ယခုအခါ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ပေနင်စီရင်စုရှိ ဓားပြဂိုဏ်းကြီးများကို မည်သို့ အမြစ်ပြတ် သတ်ဖြတ်ရမည်ကို ကြိုတင်တွေးဆထားနှင့်ပြီ ဖြစ်သည်။ ဟေးလုံစခန်းမှ သေနတ်သမား ငါးဆယ်က ငါးရာမီတာအကွာတွင် ပုန်းအောင်းနေပြီး ရုတ်တရက် တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်လျှင် တဖက်ဂိုဏ်းမှ လူငါးဆယ်စလုံး သေဆုံးသွားလိမ့်မည်။ တဖက်ဓားပြဂိုဏ်းမှာ မည်မျှလောက် ကြောက်မက်ဖွယ်ကောင်းနေမည်နည်း။

"ကောင်းပြီ... ညီအစ်ကို ငါးဆယ်ကို စနိုက်ပါရိုင်ဖယ် သုံးတတ်အောင် အရင်ဆုံး သင်ပေးလိုက်ကြစို့... ဒါဟာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ကျွမ်းကျင်သူ ငါးဆယ်ကို ထပ်ရလိုက်တာနဲ့ အတူတူပဲ..."

တုယွီထောက်က စိတ်လှုပ်ရှားစွာ ပြောသည်။

"ဆယ်ရက်အတွင်းမှာပဲ ကျွန်တော်တို့ ပေနင်စီရင်စုထဲက ဓားပြဂိုဏ်းအားလုံးကို ပေါင်းစည်းနိုင်မှာပါ..."

ချန်ဖန်ဟိုင်က မောက်မာစွာ ပြောလိုက်၏။ ထိုအခိုက်တွင် တန်ထိုက်ပေါင်ပေါင်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျွန်မတို့မှာ စနိုက်ပါကျည်ဆန် တစ်ထောင်ပဲ ကျန်တော့တယ်... အလဟဿ မဖြုန်းတီးမိစေနဲ့..."

"ဒါပေမဲ့ ဒီကျည်ဆန်တစ်ထောင်နဲ့ဆိုရင် ပေနင်စီရင်စုထဲက ဓားပြဂိုဏ်းတွေကို ပေါင်းစည်းဖို့ လုံလောက်ပါတယ်..."

တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာပင် သတိပေးလိုက်သည်။ ဤလူတွေကို ကျည်ဆန် အလဟဿ ဖြုန်းတီးခွင့် ပေး၍ မဖြစ်ပေ။

"အာ..."

တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် စနိုက်ပါရိုင်ဖယ် ရှိသော်လည်း စိတ်တိုင်းကျ မလုပ်ဆောင်သင့်ကြောင်းကို သဘောပေါက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် ဓားပြခေါင်းဆောင် ခုနစ်ယောက်နှင့်အတူ သစ္စာရှိသည့် ဓားပြလေးဆယ်ကို ရွေးချယ်ကာ စနိုက်ပါရိုင်ဖယ် တစ်လက်စီ ပေးအပ်လိုက်ကြ၏။ တစ်နာရီအတွင်းမှာပင် လူငါးဆယ်စလုံးသည် စနိုက်ပါရိုင်ဖယ် အသုံးပြုပုံ၏ အနှစ်သာရကို တတ်မြောက်သွားကြသည်။

"ငါတို့ကို လိုက်လံနှောင့်ယှက်နေတဲ့ သွေးဝံပုလွေဂိုဏ်းကို အမြစ်ပြတ် သတ်ပစ်ဖို့ သွားကြစို့..."

မွန်းတည့်အချိန်တွင် နေ့လယ်စာ အဝစားပြီးသည်နှင့် တန်ထိုက်ရှုံ့ရင်က အော်ဟစ်လိုက်သည်။ နံနက်ပိုင်းတွင် စနိုက်ပါရိုင်ဖယ် အသုံးပြုပုံကို တတ်မြောက်ပြီးနောက်တွင် တန်ထိုက်ရှုံ့ရင်မှာ ဟေးလုံစခန်းကို လိုက်လံနှောင့်ယှက်နေသည့် အဆိုးဆုံး သွေးဝံပုလွေဂိုဏ်းကို အမြစ်ပြတ် သတ်ပစ်ချင်နေခဲ့ခြင်း ဖြစ်၏။ ညီအစ်ကိုများလည်း အဝစားပြီးကြပြီဖြစ်ရာ လက်စားချေရန် စတင်ထွက်ခွာနိုင်ပြီ ဖြစ်သည်။

"ညီအစ်ကိုတို့... စနိုက်ပါရိုင်ဖယ်တွေကို ကိုင်ကြ... ထွက်ကြစို့..."

တုယွီထောက်ကလည်း အမြန်ပင် လှမ်းခေါ်လိုက်သည်။ ဟေးလုံစခန်းမှ ဓားပြသုံးရာသည် စနိုက်ပါရိုင်ဖယ်ကိုင်ဆောင်ထားသူ ငါးဆယ်နှင့် လက်နက်ပုန်းများ ကိုင်ဆောင်ထားသူများဖြင့် ကြီးမားသော စစ်ကြောင်းတစ်ခုအဖြစ် ထွက်ခွာသွားကြ၏။

နှစ်မိုင်အကွာရှိ တောင်ကုန်းတစ်ခုပေါ်တွင် သွေးဝံပုလွေဂိုဏ်းက ပုန်းအောင်းနေကြသည်။ ပေနင်စီရင်စုရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးဝံပုလွေဂိုဏ်းတွင် ရွှေခန္ဓာနယ်ပယ် ခေါင်းဆောင်လေးယောက်၊ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ဓားပြခေါင်းဆောင် အယောက်နှစ်ဆယ်နှင့် လက်အောက်ခံ ဓားပြငါးရာကျော် ရှိကြသည်။ ယခုအချိန်တွင် သွေးဝံပုလွေဂိုဏ်းအပြင် အခြား ဒေသခံ ဓားပြဂိုဏ်းလေးခုကလည်း ဤတောင်ကုန်းပေါ်၌ စုဝေးရောက်ရှိနေ၏။

အဓိကပြဿနာမှာ ရှရွှယ်ချန်တောင်မှ ပြောင်းရွှေ့လာသော ဟေးလုံစခန်းကဲ့သို့သော ဓားပြဂိုဏ်းများက လွန်ခဲ့သည့် နှစ်ရက်အတွင်း ဒေသခံ ဓားပြဂိုဏ်းများကို ဆက်တိုက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဤအချက်ကြောင့် သွေးဝံပုလွေဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းများက ဒေသခံ ဓားပြဂိုဏ်းများကို စုစည်းကာ ဟေးလုံစခန်း၊ ဝံပုလွေဆိုးတောင်ထွတ်နှင့် အခြား ပြင်ပမှလာသော ဓားပြဂိုဏ်းများကို လိုက်လံနှောင့်ယှက်စေခြင်းပင်။

တောင်ပေါ်တွင် ဓားပြဂိုဏ်းငါးခုမှ ရွှေခန္ဓာနယ်ပယ်ဝင် ၁၄ ယောက်က အပူရှောင်ရန် စုဝေးနေကြသည်။ မွန်းတည့်အချိန်တွင် နေရောင်မှာ ပြင်းထန်လွန်းလှသဖြင့် ဓားပြဂိုဏ်းငါးခုစလုံးက ဟေးလုံစခန်းကို လိုက်လံနှောင့်ယှက်ရန် လူမလွှတ်ကြသေး။ သို့သော် ဓားပြဂိုဏ်းငါးခု၏ ခေါင်းဆောင်များကမူ ဟေးလုံစခန်းကို မည်သို့ အမြစ်ပြတ် သတ်ပစ်ရမည်ကို ဆွေးနွေးတိုင်ပင်ရန် လိုအပ်နေသည်။

"စစ်သူကြီးသုံးပါးတောင်ကြားက လူတွေက ဟေးလုံစခန်းမှာ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ သုံးယောက်ပဲ ရှိတယ်လို့ ပြောတယ်..."

"ငါတို့ဆီမှာ အခု အစားအသောက် သိပ်မရှိဘူး... သူတို့ကို ဆက်တိုက် လိုက်လံနှောင့်ယှက်ပြီး အစားအသောက် မရအောင် လုပ်ထားမယ်ဆိုရင် ဟေးလုံစခန်းက အလိုလို ပြိုလဲသွားလိမ့်မယ်..."

ထိုအချိန်တွင် သွေးဝံပုလွေဂိုဏ်း၏ ခေါင်းဆောင် ပေချင်းရှန်းက သက်သောင့်သက်သာဖြင့် ပြောလိုက်၏။

"ခေါင်းဆောင်ပေ... ကျွန်တော်တို့ လွှတ်ထားတဲ့ သူလျှိုတွေဆီက သတင်းတစ်စုံတစ်ရာ ပြန်ရသေးလား..."

"ဟေးလုံစခန်း ပုန်းအောင်းနေတဲ့နေရာကို သိပြီဆိုရင် ဒီနေ့ညနေပိုင်းမှာပဲ သူတို့ကို အမြစ်ပြတ် သတ်ပစ်လိုက်မယ်..."

"မဟာချင်မင်းဆက်က ဓားပြတစ်စုက ငါတို့ ပေနင်စီရင်စုဆီကို ထွက်ပြေးလာပြီး ဒီလောက်တောင် မောက်မာရဲတယ်... သူတို့ကို မဖျက်ဆီးဘူးဆိုရင် ငါတို့ ပေနင်စီရင်စုက ဓားပြတွေက နောင်မှာ ဘယ်လို မျက်နှာပြရမလဲ..."

တခြားဓားပြဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်က ရက်စက်သော အသံဖြင့် ပြောလိုက်သည်။

"မှန်တယ်... ရှရွှယ်ချန်တောင်မှ ဓားပြအားလုံးကို သတ်ပစ်ရမယ်..."

တခြားခေါင်းဆောင်တစ်ယောက်က မထိတထိ ရယ်မောလိုက်သည်။

ထိုအချိန်တွင် ခေါင်းဆောင်များ၏ နောက်ကွယ်တွင် ကင်းစောင့်နေသော ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ဓားပြခေါင်းဆောင်တစ်ယောက်၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အသားစများနှင့် သွေးများမှာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားတော့၏။

All Chapters