အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁) စာမေးပွဲခန်းထဲမှ မသမာမှုများ
"ဟွားဟွား... တစ်ယောက်ယောက်က စာမေးပွဲမှာ မသမာမှု လုပ်နေတယ်..."
တရားသူကြီးစုတ်တံ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံက အင်ပါယာစာမေးပွဲခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် စာဖြေသူအချို့မှာ ထိတ်လန့်သွားကာ စုတ်တံများပင် ပြုတ်ကျမတတ် ဖြစ်သွားကြပြီး စာရွက်များတွင် မှင်စက်များ ပေကျံကုန်ကြသည်။
ကြီးကြပ်ရေးမှူးများမှာ ချက်ချင်းပင် ထရပ်လိုက်ကြသော်လည်း သူတို့ တစ်စုံတစ်ရာ မလုပ်ဆောင်မီမှာပင် ငရဲလကျောက်၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
"ဟွားဟွား... ဒီဘက်မှာလည်း သံသယဖြစ်စရာကောင်းတဲ့သူ တစ်ယောက် ရှိနေတယ်..."
လုချန်ယွမ်မှာ ဒေါသထွက်လွန်း၍ ကျိန်ဆဲချင်စိတ်များ ပေါက်ဖွားလာသည်။ ဤသည်က ပထမဆုံးအကြိမ် စာဖြေခြင်းသာ ရှိသေးသည်။ ထိုလူမိုက်များက အချိန်ခဏလေးပင် ငြိမ်ငြိမ်မနေနိုင်ကြသလော။
"သြော်... ဟွားဟွားလေးရေ... ဒီဘက်မှာ ကိုယ်စားဖြေပေးတဲ့သူ တစ်ယောက် ရှိနေတယ်လေ..."
သေခြင်းရှင်ခြင်းစာအုပ်သည် ခါးထောက်လျက် ထိုလူနှစ်ဦး၏ လှုပ်ရှားမှုကို ရွဲ့စောင်းစွာ ကြည့်ရှုနေ၏။
“ဘာ…”
လုချန်ယွမ်မှာ တည်ငြိမ်စွာ မနေနိုင်တော့ပေ။
*ကိုယ်စားဖြေပေးတဲ့သူ ဟုတ်လား…*
စာဖြေသူများမှာ ခန္ဓာကိုယ် စစ်ဆေးခံရမည်ဖြစ်ပြီး အထောက်အထားများကိုလည်း အတည်ပြုထားရမည်။ ဒေသန္တရအရာရှိများက သူတို့၏ အထောက်အထားနှင့် ရုပ်ရည်သွင်ပြင်များကို အာမခံပေးထားရသည်။ သေချာပေါက်ပင် လူအများကြီး ပါဝင်ပတ်သက်နေမည်မှာ အမှန်ပင် ဖြစ်သည်။
လုချန်ယွမ်သည် ယွင်ဟွားဘက်သို့ ခိုးကြည့်လိုက်သည်။ သူမသည် နှုတ်ခမ်းကို လျှာဖြင့်သတ်လျက် ထရပ်လိုက်သည်ကို တွေ့လိုက်ရပြီး သူမ၏ မျက်ဝန်းများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။
"အမတ်ကြီးလု... ဒီမင်းသမီးပဲ စာမေးပွဲခန်းကို သွားစစ်ဆေးလိုက်တော့မယ်..."
"နောက်ထပ် ပြဿနာရှာဖို့ အခွင့်အရေးရပြန်ပြီ... အရမ်းလန်းဆန်းနေတာပဲ..."
လုချန်ယွမ်၏ မျက်နှာအမူအရာမှာ မှောင်မည်းသွားသည်။
"ယုံအန်းမင်းသမီး... ကျွန်တော် လမ်းပြပေးပါရစေ... ဒီနေရာကို မင်းသမီး ပထမဆုံးအကြိမ် ရောက်ဖူးတာမို့ အနည်းငယ် အကျွမ်းတဝင် မရှိဖြစ်နေမှာ စိုးလို့ပါ..."
*သူက ဒီပွဲကို ဘယ်လိုလုပ် လွဲချော်နိုင်ပါ့မလဲ…*
ယွင်ဟွားက လုချန်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အကြံအစည်များ ပေါ်လွင်နေသည်ကို မြင်ရသဖြင့် သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"ကျစ်... အမတ်ကြီးလုရဲ့ မျက်နှာအမူအရာက... သူက ပြဇာတ်ကြည့်ဖို့ ရောက်လာတဲ့ပုံပဲ... ဒါမှမဟုတ်..."
လုချန်ယွမ်မှာ ထိတ်လန့်သွားကာ
"ယုံအန်းမင်းသမီး... မသမာမှုတွေက နှစ်တိုင်းလိုလို ရှိနေကျပါပဲ... သူတို့ကို ဖမ်းမိဖို့ ကျွန်တော့်မှာ အတွေ့အကြုံ အများကြီး ရှိပါတယ်... ခဏနေရင် ရှင်းပြပေးပါ့မယ်..."
"အော်... သူက ဒီလောက် စိတ်လှုပ်ရှားနေတာ အကြောင်းရင်းရှိသားပဲ... သူက မသမာသူတွေကိုပဲ ဖမ်းချင်နေတာ... ဒါပေမယ့် ဒီမင်းသမီးက နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ အရာရှိပဲ... သူ့အတွေ့အကြုံထက် ပိုယုံကြည်ရတယ်... သူ့အကူအညီ မလိုဘူး..."
"သူ့ကို ငြင်းလိုက်တာ အကောင်းဆုံးပဲ..."
"အ…အမတ်ကြီးလု... ကျွန်မနားမှာ ယွမ်အာလည်း ရှိပါတယ်... အမတ်ကြီးက..."
"မင်းသမီး..."
"ဒီမင်းသားစုလည်း ပထမဆုံးအကြိမ် ရောက်ဖူးတာမို့ အကျွမ်းတဝင် မရှိပါဘူး... ကျွန်တော်ပဲ လမ်းပြပါရစေ..."
လုချန်ယွမ်က နန်ကုန်းယွမ်ဘက်သို့ မျက်စိဖြင့် အချက်ပြကာ ကြားဖြတ်ပြောလိုက်သည်။
နန်ကုန်းယွမ်သည် ကောင်းကင်ကိုသာ မော့ကြည့်နေသည်။ သူက ဘာမှမသိသလို ဟန်ဆောင်နေ၏။
"မလိုပါဘူး... အမတ်ကြီးလုက အဓိက စာမေးပွဲကြီးကြပ်ရေးမှူးပဲ... စာမေးပွဲခန်းမှာပဲ ထိုင်စောင့်နေပါ..."
"ဒါက နောက်နေတာလား... စာအုပ်လေးတို့က မသမာသူတွေကို ဖမ်းမိပြီးသား... သူတို့က ပိုက်ဆံလည်း မပေးဘဲနဲ့ ပွဲကြည့်ချင်နေတာလား... ဒီလောက်ကောင်းတဲ့ ကိစ္စက ဘယ်မှာ ရှိမလဲ..."
"သူတို့ကို လာဘ်ပေးခိုင်းလိုက်... ရွှေစကလေးတွေ ပစ်ပေးမှပဲ..."
ယွင်ဟွား၏ မျက်လုံးများက ကျယ်သွားပြီး ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည်။
"သေပါပြီ... ငါတွေးနေတဲ့အတိုင်း ဘာလို့ အသံထွက် ပြောမိလိုက်တာလဲ..."
"ပြီးပြီ... ငါ့ရဲ့ လောဘကြီးတဲ့ပုံစံကို သူတို့ မြင်သွားကြပြီပေါ့..."
"အမတ်ကြီးလု... အရာရှိကြီးတို့... ခုနက ပြောလိုက်တာတွေက အဓိပ္ပာယ်မဲ့တာပါ... စိတ်ထဲ မထားကြပါနဲ့..."
ယွင်ဟွားသည် သူမ၏ လက်ကလေးများကို ရှက်ရွံ့စွာ ပွတ်သပ်လိုက်သည်။
"မှားတယ်... အဓိပ္ပာယ်မဲ့တာ မဟုတ်ဘူး... ဒီမင်းသမီးက ပွဲကြည့်လက်မှတ် လိုချင်တာ... အသိဉာဏ်ရှိရင် ပိုက်ဆံပေးကြ..."
အရာရှိများမှာမူ စကားမပြောနိုင် ဖြစ်သွားကြသည်။ ယွင်ဟွား၏ စိတ်ထဲမှ အသံနှစ်ခုကြားတွင် သူတို့ လူးလာခေါက်ပြန် ဖြစ်နေရ၏။
လုချန်ယွမ်သည် သူ၏ လက်စွပ်ထဲမှ ရွှေတုံးတစ်တုံးကို ထုတ်လိုက်သည်။
"ဧကရာဇ်ပြောတာ မှန်တယ်... မင်းသမီးက ကျွန်တော်တို့ကို ကူညီပေးရတာ အတော်ပင်ပန်းနေမှာပါ..."
ယုံအန်းမင်းသမီးသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း မခန့်မှန်းနိုင်သော အပြုအမူများ ပြုလုပ်လေ့ရှိသည်ကို သူတို့ သိထားကြသည်။ သူမကို ချော့မြှူလိုလျှင် ရွှေဖြင့်သာ ပေးရမည်ဟုလည်း သိထားကြ၏။ အရာရှိတိုင်းလိုလိုသည် ထိုကဲ့သို့သော အခြေအနေများအတွက် ရွှေစများကို အမြဲ ဆောင်ထားတတ်ကြသည်။
"အိုး... အမတ်ကြီးလုကလည်း အားနာလိုက်တာ... ဒီမင်းသမီးလည်း လမ်းပြတဲ့သူ တစ်ယောက်ယောက်ရှိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်..."
ယွင်ဟွားသည် ရွှေတုံးကို အိတ်ကပ်ထဲသို့ တည်ငြိမ်စွာ ထည့်လိုက်ပြီး ရိုးသားစွာ ပြုံးပြလိုက်သည်။
"မင်းသမီး... ဒီမှာ ရွှေဖရုံစေ့လက်တစ်ဆုပ်စာ ရှိပါတယ်... အများကြီး မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ စေတနာပါ..."
"ယုံအန်းမင်းသမီး... ဒါက ကျွန်တော့်ရဲ့ လက်ဆောင်ပါ... လက်ခံပေးပါ..."
"ဟီးဟီး..."
ယွင်ဟွားသည် မည်သူ့ကိုမျှ ငြင်းပယ်ခြင်း မရှိပေ။ ပုရွက်ဆိတ်ဆိုသည်မှာ မည်မျှသေးငယ်စေကာမူ အသားစတစ်ခု ဖြစ်သည်မဟုတ်လော။
"ဟယ်... သူတို့က အရင်တိုင်းပဲ လှည့်စားရတာ လွယ်ကူနေတုန်းပဲ..."
အရာရှိများ : ...
"ဟွားဟွားလေး... လာတော့လေ... ငါတို့ စောင့်နေတာ ကြာပြီ..."
သေခြင်းရှင်ခြင်းစာအုပ်မှာ စာမေးပွဲခန်း အပေါ်ဘက်မှနေ၍ ထပ်မံ အော်ဟစ်လိုက်သည်။
အခြားသော စာဖြေသူများမှာ ခေါင်းကုတ်နေကြ၏။ ထိုထူးဆန်းသော အသံများကြောင့် စုစည်း၍ မရနိုင်တော့ပေ။ ထို "ကိုယ်စားဖြေပေးသူ" ကိစ္စကိုလည်း သူတို့မှာ သိလိုစိတ်များ ပြင်းပြနေကြသည်။
"လာပြီ... လာပြီ..."
နေရောင်ခြည်မှာ စာမေးပွဲခန်းအပေါ်တွင် ထွန်းလင်းနေသည်။ ယွင်ဟွားသည် ယွမ်အာနှင့် အခြားသူများကို ခေါ်ဆောင်ကာ စာအုပ်လေး ညွှန်ပြသည့် "ဒီ" တန်းလျားဘက်သို့ ရောက်ရှိသွားသည်။
"စာအုပ်လေး... ဘယ်သူက ကိုယ်စားဖြေပေးတဲ့သူလဲ ပြောပြ... တခြားသူနေရာမှာ ဝင်ဖြေရဲရတယ်လို့... သူ့ကိုရော သူ့နောက်ကွယ်က လူကိုပါ ရှင်းပစ်မယ်..."
လုချန်ယွမ်မှာ လက်ကို တင်းတင်းဆုပ်လိုက်သည်။
“မင်းသမီးက ရှေ့ဆောင်လုပ်မယ်... ကျွန်တော်က နောက်ကနေ ရှင်းပေးမယ်…”
သေခြင်းရှင်ခြင်းစာအုပ်သည် လက်ညှိုးလေးဖြင့် ညွှန်ပြလိုက်၏။
"ဟွားဟွားလေး... နင် မှားနေပြီ... ဒါက ကိုယ်စားဝင်ဖြေတာ မဟုတ်ဘူး... ဒါက နောက်ကွယ်ကနေ အစားထိုး ရေးပေးတာ…."
"ကြည့်လိုက်... နံပါတ် ၁၉ နဲ့ ၁၈ မှာ ရှိတဲ့ စာဖြေသူတွေက အဖော်တွေ... သူတို့နှစ်ယောက်လုံးက လျန်ကျိုးကနေ လာကြတာ..."
"၁၉ မှာ ရှိတဲ့သူက တန့်ဆုန်း... သူ့မိသားစုမှာ ပိုက်ဆံနဲ့ အာဏာ ရှိတယ်... ၁၈ မှာ ရှိတဲ့သူက လော့ကျွန်းမင်... သူက နောက်ခံမရှိတဲ့ ပညာရှိတစ်ယောက်... တန့်မိသားစုက လော့ကျွန်းမင်ကို ကြိုတင် လာဘ်ထိုးထားတာ... ပြည်နယ်စာမေးပွဲပဲဖြစ်ဖြစ်၊ ကောလိပ်စာမေးပွဲပဲဖြစ်ဖြစ် သူပဲ ရေးပေးနေတာ..."
"ပြီးတော့ သူတို့က နေရာချပေးတဲ့သူကို လာဘ်ထိုးပြီး နေရာချင်း ကပ်နေအောင် လုပ်ထားတာ... လော့ကျွန်းမင်က တန့်ဆုန်းရဲ့ လက်ရေးကို အတုယူနိုင်တယ်... သူက တန့်ဆုန်းအတွက် အရင်ရေးပေးပြီးမှ ကိုယ့်အတွက် ကိုယ်ရေးတာ..."
"ပြီးတော့ လူတွေ အကုန်လုံး အိပ်ပျော်နေတဲ့ သန်းခေါင်ယံအချိန်မှာ သူတို့ စာရွက်တွေကို တိတ်တိတ်လေး လဲလိုက်ကြတာ..."
ယွင်ဟွားသည် လော့ကျွန်းမင်ကို ကြည့်လိုက်ရာ သူ၏ စုတ်တံမှာ အငွေ့တောင် ထွက်လာသည်အထိ မြန်ဆန်စွာ ရေးသားနေသည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်သည်။
"လူတစ်ယောက်က ဒီလောက်တောင် ရေတိုတွေးနိုင်တာလား... ကိုယ့်အနာဂတ်ကို ကိုယ်ဖျက်ဆီးနေတာပဲ..."
နန်ကုန်းယွမ်က တစ်ချက်ကြည့်လိုက်ပြီး
"ယွင်ဟွား... သူ့အတွက်တော့ ပိုက်ဆံက အရေးအကြီးဆုံး ဖြစ်နေမှာပေါ့..."
သေခြင်းရှင်ခြင်းစာအုပ်သည် လော့ကျွန်းမင်၏ ကံကြမ္မာစာရင်းကို လှန်ကြည့်လိုက်သည်။
“အင်း... သူက တကယ့်ကို သနားစရာကောင်းတဲ့သူပဲ…”
ယွင်ဟွား ရပ်တန့်သွားသည်။ သူမ ငြင်းဆို၍ မရပေ။ ပိုက်ဆံကို မြတ်နိုးသူများ ရှိသကဲ့သို့ အာဏာကို လိုချင်သူများလည်း ရှိသည်သာ။
ယွင်ဟွားသည် ထိုလူနှစ်ဦးဆီသို့ လျှောက်သွားပြီး တန့်ဆုန်း၏ စားပွဲကို နှစ်ချက် ခေါက်လိုက်သည်။
"ဘာတွေ ငေးနေတာလဲ... အမြန်ရေးလေ..."
"အချိန်ရဲ့ တစ်ဝက်ကျော်သွားပြီ... စုတ်တံကို ကိုင်တောင် မကိုင်သေးဘူး... အဲဒီ မှင်သွေးကျောက်ကို ကြည့်နေရင် အဲဒါက သူ့ဘာသာ သူ ရေးပေးမှာမို့လား..."
တန့်ဆုန်း၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူ မော့ကြည့်လိုက်မှ အရာရှိအများအပြား သူ့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
"ကျ-ကျွန်တော်... ဘယ်လို စရေးရမလဲ စဉ်းစားနေတာပါ..."
"ဟုတ်လား..."
ယွင်ဟွားသည် မျက်လုံးများကို မှေးစင်းလျက် အနည်းငယ် ပြုံးလိုက်သည်။
“ဒါပေမယ့် ဒီမင်းသမီးက ခုဏကတည်းက စောင့်ကြည့်နေတာ... နင်က စဉ်းစားနေတာ မဟုတ်ဘူး... မျက်လုံးမှိတ်ပြီး အနားယူနေတာ မဟုတ်လား..."
“နင်က အခုထိ ဘာမှမစိုးရိမ်သေးတဲ့ပုံပဲ..."
တန့်ဆုန်းသည် ခေါင်းငုံ့လိုက်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။
"မ-မဟုတ်ပါဘူး... ဒါက ကျွန်တော့်အကျင့်ပါ... စဉ်းစားရင် မျက်လုံးမှိတ်ရတယ်..."
"ဟုတ်လား..."
ယွင်ဟွားသည် သူမ၏ စကားကို ဆွဲပြောလိုက်ပြီး သူမ၏ အသံမှာ အေးစက်နေ၏။
"နင်က ဒီမင်းသမီးနဲ့ တူတယ်... ဒီမင်းသမီးလည်း ဟောပြောတဲ့အခါ မျက်လုံးမှိတ်ရတာ ကြိုက်တယ်... ဒါမှ တွက်ချက်မှုတွေက ပိုမှန်တာ..."
တန့်ဆုန်းမှာ ယွင်ဟွားကို ရုတ်တရက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ သူမနှင့် ဆုံမိလိုက်သည့်အခါ နှလုံးသားအောက်ခြေမှသည် ကိုယ်လက်အင်္ဂါများအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
"ဘာ... ဘာကို ဟောပြောတာလဲ..."