အခန်း ၂၈၉
Vol. 29 Ch. 289
အခန်း (၂၈၉) ရှီဆိုင်သို့ ထွက်ခွာခြင်း
တော်ဝင်စာကြည့်ဆောင်။
ဧကရာဇ်ဝမ်ရွှမ်းသည် တတိယအဆင့်နှင့်အထက် အမတ်များကို နန်းတော်သို့ ခေါ်ယူရန် အမိန့်တော် ထုတ်ပြန်ခဲ့သော်လည်း ယွင်ဟွားကိုမူ မေ့လျော့နေခဲ့လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် အမြန်စာပို့သမားမှ ပေးပို့လာသော အရေးပေါ် သဝဏ်လွှာများကို လှန်လှောကြည့်ရှုနေပြီး သူ၏ လက်များသည် ဒေါသကြောင့် တုန်ယင်နေလေသည်။
အချိန်များစွာ ကုန်လွန်သွားပြီးနောက်...
ဧကရာဇ်ဝမ်ရွှမ်းက ဒေါသပေါက်ကွဲနေသည်ကို လူတိုင်း ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
တော်ဝင်စာကြည့်ဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်လွန်းလှသဖြင့် အမတ်များ၏ အသက်ရှူသံများကိုသာ ကြားနေရ၏။
"ယုတ်မာလွန်းတယ်... ယုတ်မာလွန်းတယ်.. ရှီဆိုင်က အဲ့လူရိုင်းတွေ... ငါ ကိုယ်တော် မင်းတို့ကို သေချာပေါက် မျိုးဖြုတ်ပစ်မယ်..."
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖိနှိပ်ထားလျက် လက်ထဲရှိ သဝဏ်လွှာကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ စားပွဲပေါ်သို့ ရုတ်တရက် ရိုက်ချလိုက်လေသည်။
"ဖြန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်းမှာ လန့်ဖျပ်သွားကြပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြကာ ပြောလိုက်သည်။
"အရှင်မင်းကြီး... ဒေါသကို လျှော့ချတော်မူပါ..."
"ဒေါသကို လျှော့ချရမယ်..."
ဧကရာဇ်ဝမ်ရွှမ်းက သဝဏ်လွှာကို သူတို့ဆီသို့ ဒေါသတကြီး ပစ်ပေါက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“မင်းတို့ဘာသာ သေချာကြည့်ကြစမ်း... ငါ ကိုယ်တော်က ဒေါသကို လျှော့ချနိုင်မည် ထင်နေသလား..."
ယွင်ရှောင်ထျန်းသည် မြေပြင်ပေါ်မှ သဝဏ်လွှာကို ကောက်ယူလိုက်ပြီး အမြန်ဖတ်ရှုလိုက်ကာ သူ၏ ဒေါသကို ဖိနှိပ်ထားလျက် မင်းသားစုထံသို့ ကမ်းပေးလိုက်လေသည်။
ဤအခါ...
ဒေါသကြီးသော မင်းသားစုမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
"ကျက်သရေမရှိလိုက်တာ... ငါ သူတို့ကို မြေပြန့်ဖြစ်သွားအောင် ရှင်းလင်းပစ်မယ်..."
နောင်တော် ဤမျှ ဒေါသထွက်နေသည်မှာ အံ့သြစရာမဟုတ်ပေ။
ယခင်နှစ်များက သူတို့သည် နယ်စပ်ကို လျှို့ဝှက်စွာ ဖြတ်ကျော်ကာ ရိက္ခာများကို လုယက်ရုံသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ နှင်းမုန်တိုင်းကပ်ဘေးကြောင့် ရှီဆိုင်တစ်ဝိုက်ရှိ ဒေသများပါ ထိခိုက်နစ်နာခဲ့ရသည်။
သို့သော် သူတို့တွင် ယွင်ဟွား၏ ကြိုတင်သိမြင်နိုင်စွမ်းမျိုး မရှိသဖြင့် နိုင်ငံတစ်ဝန်းလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ဤတစ်ကြိမ်တွင်…
သူတို့သည် ရိက္ခာများကို လုယက်ပြီး အရပ်သားများကို သတ်ဖြတ်ရုံသာမက ရေကိုပါ အဆိပ်ခတ်ခဲ့ကြသဖြင့် နယ်စပ်စောင့်တပ်သားများမှာ ခုခံနိုင်စွမ်းမရှိတော့ဘဲ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ယီကျိုးတွင် မရေမတွက်နိုင်သော လူများ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြလေသည်။
ယွင်ရှောင်ထျန်းက ဦးညွှတ်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး... အရေးတကြီး လုပ်ဆောင်ရမယ်အရာမှာ အကူအညီပေးရန် တပ်များကို အမြန်ဆုံး စေလွှတ်ရန်နဲ့ စစ်မီးလျှံများ အခြားဒေသများရှိ ပြည်သူများထံသို့ ကူးစက်ခြင်းမှ တားဆီးရန် ဖြစ်ပါတယ်.."
"သူတို့က ကျွန်တော်တို့ရဲ့ နယ်မြေကို ကျူးကျော်ပြီး စစ်သားများကို သတ်ဖြတ်ခဲ့ကြတယ်... အရှင်မင်းကြီး... ကျွန်တော်မျိုး အဲ့ကြွက်စုတ်လေးများကို မျိုးဖြုတ်ပစ်ဖို့ စစ်တပ်ကို ဦးဆောင်သွားဖို့ ဆန္ဒရှိပါတယ်..."
မင်းသားစု၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။
ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် အဆုံးတွင် သူသည် သူ၏ စစ်ဝတ်တန်ဆာကို ပြန်လည်ဝတ်ဆင်ကာ တပ်များကို ဦးဆောင်၍ စစ်မြေပြင်သို့ သွားရောက်ပြီး နယ်မြေနှင့် ပြည်သူများကို ကာကွယ်နိုင်တော့မည် ဖြစ်သည်။
မင်းသားစု စကားပြောပြီးသည်နှင့် ချွေ့ရှီယန်က ဆက်လက်ပြောကြားလိုက်သည်။
"အရှင်မင်းကြီး... တပ်များချထားရန်အတွက် ရိက္ခာများ လိုအပ်ပြီး ရှီဆိုင်မှ ရိက္ခာများ လုယက်ခံရသဖြင့် နယ်စပ်တွင်လည်း အလွန်အမင်း လိုအပ်နေမည်မှာ သေချာပါတယ်..."
"ကံကောင်းထောက်မစွာဖြင့် မကြာသေးမီနှစ်များအတွင်း အရှေ့ဘက်တွင် ရာသီဥတု ကောင်းမွန်ခဲ့ပြီး နိုင်ငံတော်ရဲ့ ရိက္ခာအရန်များမှာ လုံလောက်မှုရှိပါတယ်... ကျွန်တော်မျိုး ချက်ချင်း ပြင်ဆင်မှုများ ပြုလုပ်ပြီး မနက်ဖြန်တွင် အရာအားလုံး အသင့်ဖြစ်စေရန် ကြိုးစားသွားပါမယ်..."
"အရှင်မင်းကြီး... စစ်ရေးဝန်ကြီးဌာနကလည်း လက်နက်များကို ချက်ချင်း ပြင်ဆင်နေပြီး ဘယ်သူ့ကိုမှ နှောင့်နှေးစေမည် မဟုတ်ပါ..."
"ကောင်းတယိ..."
ဧကရာဇ်ဝမ်ရွှမ်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အမတ်များကို ဝမ်းမြောက်စွာဖြင့် ကြည့်လိုက်လေသည်။ ပြဿနာရှာတတ်သူများ မရှိတော့သဖြင့် ဧကရာဇ်နှင့် အမတ်များသည် စိတ်သဘောထား တစ်ခုတည်းဖြစ်နေကြပြီး တစ်တရားရုံးလုံးသည် တူညီသော ပန်းတိုင်ဆီသို့ အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်။
"မင်းတို့ပြောတဲ့အတိုင်း လုပ်ကြ... ငါတို့ မနက်ဖြန်ပဲ မြို့တော်က ထွက်ခွာကြမယ်... ရှီဆိုင်ကို တိုက်ခိုက်ဖို့ ဘယ်လောက်ခက်ခဲပါစေ ငါတို့ သိမ်းပိုက်နိုင်ရမယ်..."
"အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း နာခံပ့ါမယ်..."
မင်းသားစုသည် သူ၏ အိမ်တော်သို့ ပြန်လာခဲ့ပြီး ကြင်ယာတော်စုအား နယ်စပ်ရှိ အခြေအနေများကို အသိပေးလိုက်လေသည်။
သူမသည် ခဏမျှ ရပ်တန့်သွားပြီးနောက် ပစ္စည်းများ ပြင်ဆင်ရန် လှည့်လိုက်သည်။
"ရှင်အတွက် အခြားပစ္စည်းတွေကို သိပ်အများကြီး မပြင်ဆင်ပေးတော့ဘူး... ဒါပေမယ့် အကြောင်းတစ်ခုခုရှိရင် အသုံးဝင်အောင် အာနိသင်အမျိုးမျိုးရှိတဲ့ ဆေးလုံးတွေကိုတော့ ယူသွားရမယ်... ပြီးတော့..."
မင်းသားစုသည် သူ၏ ဇနီးဖြစ်သူ၏ စကားများလွန်းမှုကို စိတ်အနှောင့်အယှက် မဖြစ်ဘဲ နားထောင်နေခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစားနေရ၏။
သူသည် ကြင်ယာတော်စုကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ပြောလိုက်သည်။
"သခင်မ... ကိုယ် ဘယ်လောက်ကြာအောင် သွားရမယ်ကို မသိသေးဘူး... အိမ်တော်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... နေ့တိုင်း ကိုယ့်ကို သတိရနေပါ... ပြီးတော့ ကိုယ် အောင်ပွဲခံပြီး ပြန်လာတဲ့အခါ မင်း ပိန်မသွားစေရဘူး... မဟုတ်ရင် ကိုယ် ရင်ကွဲရလိမ့်မယ်..."
*ဘယ်သူက ရှင့်ကို လိုချင်လို့လဲ*
ကြင်ယာတော်စုက သူ့ကို ဖွဖွလေး ထိုးလိုက်လေသည်။
"ရှင် မရှိတဲ့အချိန်မှာ ကျွန်မ ရှောင်ဟွားအာနဲ့ သွားကစားလို့ရတယ်... ပြီးတော့ ကျောခိုင်းလိုက်တာနဲ့ ရှင့်ကို မေ့သွားမှာပဲ..."
"မရဘူး... နေ့တိုင်း ကိုယ့်ကို သတိရနေရမယ်..."
မင်းသားစုက ကြင်ယာတော်စု၏ အင်္ကျီလက်ကို ဆွဲကာ အရှက်မရှိ ကလေးဆန်ဆန် ချွဲနွဲ့နေပြီး တစ်ခုခု လုပ်တော့မည့်ဟန် ရှိနေသည်။
"အဟွတ်... အဟွတ်..."
အချိန်အခါမဟုတ်သော ချောင်းဆိုးသံတစ်ခု နောက်ဘက်မှ ထွက်ပေါ်လာ၏။
"ခမည်းတော်... မနက်ဖြန် ကျွန်တော်လည်း ခမည်းတော်နဲ့အတူ လိုက်ခဲ့မည်..."
နန်ကုန်းယွမ်သည် တံခါးပေါင်ကို မှီထားလျက် သူ၏ အကြည့်များက အခြားတစ်နေရာသို့ ရောက်နေလေသည်။
သူ၏ ဖခင်မှာ အသက်အတော်ကြီးနေပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်လို ချွဲနွဲ့နေသည်ကို ကြည့်ရသည်မှာ အတော်လေး ခက်ခဲလှသည်။
ကြင်ယာတော်စုမှာ မျက်နှာအနည်းငယ် နီမြန်းသွားပြီး မင်းသားစုကို တွန်းဖယ်လိုက်ကာ သူမ၏ မျက်နှာထားမှာ အတော်လေး စိုးရိမ်နေဟန် ရှိသည်။
"ယွမ်အာ... သားရဲ့ ခြေထောက်တွေက အခုမှ ပြန်ကောင်းလာတာ... ပြီးတော့ ခရီးက အတော်လေး ကြာလိမ့်မယ်... ရှောင်ဟွားအာနဲ့ အဲ့လောက်ကြာအောင် ခွဲနေဖို့ တကယ်ပဲ ဆန္ဒရှိရဲ့လား..."
နန်ကုန်းယွမ်က ခေါင်းညိတ်လိုက်၏။ ဆန္ဒမရှိလျှင်တောင်မှ လက်လွှတ်ပေးရမည် ဖြစ်သည်။
ယနေ့တွင် ခပ်တိုးတိုး အသံတစ်သံက သူ၏ စိတ်ထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေပြီး သွားရန် တိုက်တွန်းနေကာ မသွားပါက သူ နောင်တရလိမ့်မည်ဟု ဆိုနေ၏။
"မယ်တော်... ခမည်းတော်က အသက်ကြီးလာပြီမို့ သူ့အတွက် စိတ်ပူလို့ပါ..."
မင်းသားစု: ...
"မင်းက အသက်မကြီးနေတာကျလို့... မင်း မိသားစုတစ်ခုလုံးက... တောက်... ငါက အခုထိ အရမ်းကျန်းမာနေတုန်းပဲ... ပေါင် နှစ်ရာကျော်ကို လက်တစ်ဖက်တည်းနဲ့ မနိုင်တယ်... မင်းရဲ့ ပိန်လှီနေတဲ့ လက်မောင်းတွေနဲ့ အဲ့လို လုပ်နိုင်မယ်လို့ ထင်နေလား..."
"ကျွန်တော့်ဇနီးက အရမ်းတော်တာ... သူမက ပေါင် တစ်ထောင်ကို လက်တစ်ဖက်တည်းနဲ့ မနိုင်တယ်..."
မင်းသားစုမှာ စကားဆွံ့အသွားလေသည်။
"ခွေးကောင်... မင်းက သူမနဲ့ ငါ့ကို နှိုင်းယှဉ်နေတာလား... မင်းကို ငါ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား..."
ပေါင်တစ်ထောင် မနိုင်သော ကောင်မလေးသည် ပြီးခဲ့သည့်အကြိမ်က သူမ၏ ခွန်အားကို ရုတ်တရက် စမ်းသပ်ချင်ခဲ့သည်။ ရလဒ်အနေဖြင့် သူသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် ချက်ချင်း အနိုင်ယူခံလိုက်ရသည်။ သူ လုံးဝကို အရှက်ကွဲခဲ့ရ၏။
မင်းသားစုက သူ့ကို စူးရဲစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သခင်မ... သူ ငါနဲ့ လိုက်လာတာ ကောင်းပါတယ်... စာဖတ်တာထက် လက်တွေ့လုပ်တာက ပိုဆိုးတယ်... ဒီကောင်လေးကို အတွေ့အကြုံ ရစေလိုက်ပါ... ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းသားစုအိမ်တော်ကို သူ့ဆီ လွှဲပြောင်းပေးရမှာပဲလေ..."
ကြင်ယာတော်စုသည် စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်လေသည်။ သူမ၏ သားဖြစ်သူမှာ သိုင်းပညာ အလွန်ကျွမ်းကျင်သူဖြစ်ရာ သူ့အတွက် လုံးဝ စိတ်ပူစရာ မလိုပေ။ ရှောင်ဟွားအာက အထောက်အပံ့အဖြစ် ရှိနေသဖြင့် ယွမ်အာ့အတွက် မည်သည့်အရာမှ ဖြစ်လာမည်မဟုတ်သည်ကို ပြောစရာပင် မလိုပေ။
"ကောင်းပြီ... ရှင်တို့နှစ်ယောက်အတွက် ပစ္စည်းတချို့ ထပ်ပြင်ဆင်ပေးမယ်..."
နောက်တစ်နေ့။
မင်းသားစုသည် စစ်သည်အင်အား နှစ်သိန်းကို ဦးဆောင်ကာ ခရီးထွက်ခဲ့သည်။ နန်ကုန်းယွမ်သည်လည်း စစ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ သူ၏ စစ်မြင်းပေါ်သို့ တက်လိုက်ပြီး အချိန်ရတိုင်း နောက်သို့ လှည့်ကြည့်နေလေသည်။
မင်းသားစုက လျှာသပ်လိုက်၏။
"ကြည့်မနေနဲ့တော့... ကောင်မလေးအနားမှာ ရှိနေတဲ့ ထောင်ဟွာက ကောင်မလေး ကျင့်ကြံနေတာလား တစ်ခုခုလုပ်နေပြီး အခုထိ မနိုးသေးဘူးလို့ သတင်းလာပို့သွားတယ်... အဘိုးကြီးယွင် အရင်က ပြောဖူးတာကို ငါ မှတ်မိတယ်... ကောင်မလေးက ကပ်ဘေးတစ်ခုခုကို ဖြတ်ကျော်နေရတာဆိုလား..."
"အဲ့ဒါနဲ့ ပတ်သက်ဆက်နွှယ်နေလို့ သူ မနိုးသေးတာ ဖြစ်မယ်..."
နန်ကုန်းယွမ်၏ မျက်နှာထားမှာ သိသိသာသာ မှောင်မိုက်သွားပြီး တင်းမာသော မျက်နှာဖြင့် မတ်မတ် ထိုင်လိုက်လေသည်။
အခြားတစ်ဖက်တွင်။
ယွင်ဟွားသည် သူမ၏ အခန်းထဲတွင် ပိတ်လှောင်ခံထားရဆဲဖြစ်သည်။ ထောင်ဟွာသည် ယမန်နေ့ညက အိမ်ရှေ့စံထံမှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး ဤစောင့်ဆိုင်းမှုမှာ ခုနစ်ရက်ကြာမည်ကို မသိဘဲ အပြင်တွင်သာ စောင့်ဆိုင်းနေရလေသည်။
ယွင်မိသားစုဝင်များမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။
“ရှောင်ရှူးရှူး... ရှောင်ပေပေ့... မြန်မြန် တစ်ခုခု စဉ်းစားကြစမ်း... ဒီကျင့်စဉ်အဆင့်က အပြည့်အဝ ထွက်ပေါ်လာဖို့ နောက်ထပ် တစ်လလောက် အချိန်ယူရမှာကို... ဘာလို့ အခုကတည်းက ဖိနှိပ်ဖို့ မဖြစ်နိုင်တော့တာလဲ…”
ယွင်ဟွား၏ မျက်နှာမှာ ဖြူလျော့နေပြီး သူမ၏ နဖူးပေါ်တွင် ချွေးများ ပြည့်နှက်နေသည်။ ရက်အတော်ကြာ ဆက်တိုက်ဆိုသလို သူမသည် ဒန်တျန်ထဲရှိ အနက်ရောင် ပုတီးစေ့ငယ်ကို ဖိနှိပ်ထားရန် အစွမ်းကုန် ကြိုးစားနေခဲ့ရ၏။
ဤသည်မှာ မြို့တော်ဖြစ်သည်။ သူမ ဤကပ်ဘေးကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် မြို့တော်တစ်ခုလုံး ထိခိုက်ခံရမည်ဖြစ်ပြီး မရေမတွက်နိုင်သော သေဆုံးမှုများနှင့် ဒဏ်ရာရမှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
သေခြင်းရှင်ခြင်းစာအုပ်က စိုးရိမ်တကြီး ဟိန်းဟောက်လိုက်သည်။
“ စုတ်တံအစုတ်လေး... မြန်မြန် ရှာစမ်း... ပန်းကလေးရဲ့ ကျင့်စဉ်ကို ဖိနှိပ်ဖို့ ကူညီပေးမယ့် ရတနာကို မြန်မြန်ရှာစမ်း..”
“ဆက်ရှာနေတယ်... ဆက်ရှာနေတယ်…”
တရားသူကြီးစုတ်တံမှာ အလွန်စိုးရိမ်နေသဖြင့် ရွှေရောင်မျက်ရည်လေးများမှာ ရူးသွပ်နေသကဲ့သို့ ကျဆင်းနေလေသည်။
“ဝါး... ရတနာတွေ အရမ်းများလွန်းလို့ စုတ်တံလေးက အကုန်လုံးကို မကိုင်တွယ်နိုင်တော့ဘူး…”
သေခြင်းရှင်ခြင်းစာအုပ်သည် ပစ္စည်းများ စုပုံနေသော အခန်းကို လှမ်းကြည့်လိုက်ပြီး ကျိန်ဆဲလိုက်၏။
“အရူး... ငရဲပြည်က အဓိပ္ပါယ်မရှိတဲ့ အရာတွေ အကုန်လုံးကို နင့်ရဲ့ သိုလှောင်နယ်မြေထဲမှာ ထည့်ထားဖို့ ဘယ်သူက ပြောလို့လဲ…”
“ဝါး... ရှူးရှူး... ငါ့ကို မဆူပါနဲ့... ရှောင်ယိုယို့ကို ဆူသင့်တာပါ…”
တရားသူကြီးစုတ်တံမှာ သူ၏ နယ်မြေကို အသည်းအသန် ရှာဖွေရင်း ငိုကြွေးလိုက်လေသည်။
ပန်းကလေး၏ ဒုက္ခကို မြင်တွေ့ရသောအခါ သေခြင်းရှင်ခြင်းစာအုပ်သည် ငရဲပြည်သို့ ပြန်ပျံသန်းသွားပြီး ကျောက်တုံးစုတ်လေးကို ဆွဲထုတ်လာချင်စိတ်များ ပြင်းပြနေလေသည်။
ကျက်သရေမရှိလိုက်တာ။
အရေးကြီးသော အချိန်ရောက်မှ ၎င်းသည် ငရဲပြည်သို့ ခိုးပြေးသွားပြီး ရက်ပေါင်းများစွာ ကြာသည်အထိ ပြန်မလာခဲ့ပေ။