← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁)

လူပျက်မျက်နှာဖုံးနှင့်လူ

ကျောက်ယွန်းထောင်ထံမှ ထူးဆန်းသော သတင်းစကားကို ကြားလိုက်ရသဖြင့် ရွှီပေါ်အန်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။

“ဘာတွေဖြစ်နေတာလဲ...။”

ရွှီပေါ်အန်းက တည်ငြိမ်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်၏။

တစ်ဖက်မှ တုံ့ပြန်မှုတစ်ခု လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့ပေသည်။

“ဟွန့်...၊မင်းက ကျောက်ယွန်းထောင်ရဲ့ သူငယ်ချင်းမလား...။ ငါ...၊ ဖူး...။”

ထိုထောင်လွှားလှသော အသံပိုင်ရှင် စကားမဆုံးမီမှာပင် ပိုမိုပြင်းထန်ဆန်းကြယ်သော အသံတစ်သံက ရုတ် တရက် ကြားဖြတ်ဝင်ရောက်လာခဲ့လေတော့သည်။

ထို့နောက် အလွန်အက်ရှရှဖြစ်နေသော အသံတစ်သံသည် ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့လေ၏။

“မင်္ဂလာပါ မစ္စတာရွှီ...။ မင်းနဲ့ ဆုံရတာ ဝမ်းသာပါတယ်...။ ငါ့မှာ မင်းနဲ့ ဆွေးနွေးချင်တဲ့ စီးပွားရေးတစ်ခုရှိတယ်...၊ မင်းအနေနဲ့ ကျေးဇူးကန်းတဲ့လူတစ်ယောက် မဖြစ်လာဖို့ မျှော်လင့်ပါတယ်...။”

ဖုန်းထဲမှ အသံမှာ အက်ရှရှဖြစ်နေရုံသာမက အလွန်ဝေးကွာလှမ်းလှသော နေရာမှ ထွက်ပေါ်လာသကဲ့သို့ ခံစားရ စေပြီး သာမန်လူတစ်ဦး ဖုန်းခေါ်ဆိုနေသည့် အသံနှင့် လုံးဝမတူညီချေ။

ရွှီပေါ်အန်း စကားမပြောနိုင်မီမှာပင် ကျောက်ယွန်းထောင်၏ အသံသည် ဖုန်းအခြားတစ်ဖက်မှ ၊ရုတ်တရက် ထွက်ပေါ်လာခဲ့ပြန်လေသည်။

“မစ္စတာရွှီ... ရဲတိုင်လိုက်ပါ...။ သူတို့ကို ဂရုမစိုက်ပါနဲ့...။ အား...။”

ကျောက်ယွန်းထောင်၏ စကားသံများမှာ မပီမသဖြစ်နေပြီး စကားအဆုံးတွင် နာကျင်စွာ အော်ဟစ်လိုက်သံ ကြောင့် သူသည် တစ်ဖက်လူ၏ ထပ်မံနှိပ်စက်ခြင်းကို ခံလိုက်ရသည်မှာ ထင်ရှားလှပေသည်။

“ဟီးဟီး...၊ စိတ်မကောင်းပါဘူး မစ္စတာရွှီ...၊ ငါ မင်းကို လန့်သွားစေပုံရတယ်...။ မင်းရဲ့သူငယ်ချင်းက သိပ်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိလို့ပါ...။ မင်းလည်း သူ့လိုမျိုး အဆုံးသတ်မသွားဖို့ မျှော်လင့်ပါတယ်...။”

ထိုအသံရှင်က ခြောက်ကပ်စွာ ရယ်မောလိုက်လေ၏။

ရွှီပေါ်အန်းက တည်ငြိမ်အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။

“စိတ်မကောင်းပါဘူး...။ မင်း လူမှားရှာမိပြီထင်တယ်...။ ငါက အလိုအလျောက် ပေါ်လာတဲ့ စီးပွားရေးတွေ အကြောင်း ဘယ်တော့မှ ဆွေးနွေးလေ့မရှိဘူး...။”

ဖုန်းအခြားတစ်ဖက်မှ လူက အရှက်မရှိဘဲ သူ၏ ဖဲချပ်ကို ဖွင့်ပြလိုက်လေ၏။

“ဟားဟား...၊ ဖုန်းချဖို့ အဲဒီလောက် မလောပါနဲ့...။ မင်း ငါ့ရဲ့ အကြံပြုချက်ကို သဘောတူလိမ့်မယ်လို့ ငါယုံကြည် ပါတယ်...။ ဒါမှမဟုတ်ရင် ရွှီကျန်းချန်နဲ့ သူ့ ဇနီးသည်ကိုပါ ဒီနေရာကို ဖိတ်ခေါ်ဖို့ ငါ ဝန်လေးမှာ မဟုတ်ဘူး...။”

တစ်ဖက်လူက သူ၏ မိဘများ၏ အမည်ကို ပြောဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်းသည် ချက် ချင်းပင် ဒေါသအဟုန် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ရလေတော့သည်။

“ကောင်းပြီ...၊ ငါ မင်းကို တော်တော်လေး စိတ်ဝင်စားလာပြီ...။”

ရွှီပေါ်အန်းက စကားလုံးတစ်လုံးချင်းစီကို အေးစက်လှသော လေသံဖြင့် ပြတ်သားစွာ ပြောဆိုလိုက်၏။

ဖုန်းအခြားတစ်ဖက်မှ အသံမှာ အတော်ပင် ကျေနပ်သွားပုံရပြီး ၊

“ဟားဟား...၊ မင်း စိတ်ဝင်စားလာမယ်ဆိုတာ ငါသိပြီးသားပါ...။ တောင်ဘက် ဆင်ခြေဖုံးက ဝက်ဝံနက်တောင်..။ တစ်နာရီအတွင်း မင်းကို ငါ တွေ့ချင်တယ်...၊ ဘာပြဿနာမှ မရှိဘူးမလား...။”

ရွှီပေါ်အန်းသည် ဝက်ဝံနက်တောင်သို့ ယခင်က ရောက်ဖူးခဲ့ပေသည်။ ထိုနေရာသည် လွန်ခဲ့သော နှစ်အနည်းငယ် ခန့်က ကမ္ဘာလှည့်ခရီးသွား နယ်မြေတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်း ခံခဲ့ရဖူးလေ၏။

ထိုနေရာသည် မြို့လယ်ခေါင်မှ ကီလိုမီတာ (၇၀) အပြည့် ဝေးကွာပြီး အဝေးပြေးလမ်းမကြီးနှင့်လည်း ဆက်သွယ် ထားခြင်း မရှိပေ။

ရွှီပေါ်အန်းက ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်လေ၏။

“မင်း ငါ့ကို နောက်နေတာလား...။ အခုက ယာဉ်ကြောပိတ်ဆို့မှုအများဆုံး အချိန်ပဲ...၊ ငါ မြို့ပြင်ကို တစ်နာရီ အတွင်း ထွက်နိုင်ရင်တောင် ကံကောင်းလှပြီ...။”

တစ်ဖက်မှလူကမူ စိတ်မလောဘဲ ဆက်လက်ပြောဆိုလာခဲ့သည်။

“အို...၊ အဲဒါက တကယ့်ကို ဝမ်းနည်းစရာပဲ...။ မင်း တကယ်ပဲ မင်းရဲ့သူငယ်ချင်းကို သားသမီးမရှိတဲ့လူ တစ်ယောက် ဖြစ်သွားစေချင်လို့လား...။”

ရွှီပေါ်အန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏၊

“မင်း ငါ့ကို ခြိမ်းခြောက်ဖို့ မလိုပါဘူး...။ မင်းမှာ တစ်စုံတစ်ရာ တွေးတောထားတာရှိရင် စိတ်ရှည်ပေးပါ...၊ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရင်လည်း မင်းအတွက် ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး...။”

ဖုန်းထဲမှ ဆန်းကြယ်သော အသံက ဆက်လက်၍ ပြောလိုက်လေသည်။

“ဟားဟား...၊ မစ္စတာရွှီရဲ့ တည်ငြိမ်မှုက ငါ့ရဲ့ မျှော်လင့်ချက်တွေကို အများကြီး ကျော်လွန်နေတယ်...။ အခြေအ နေက အဲဒီလိုဆိုမှတော့ ငါ မင်းကို မျက်နှာသာပေးပြီး မင်းရဲ့သူငယ်ချင်းကို လမ်းစတစ်ခု ချန်ထားပေးရတာပေါ့..။ ဒါပေမဲ့ ငါ့ကို စိတ်မပျက်စေနဲ့...၊ ငါက လိမ်ညာတာကို တကယ့်ကို မုန်းလွန်းလို့ပါ...။”

ရွှီပေါ်အန်းသည် တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ လိုရင်းသို့ တိုက်ရိုက်မေးမြန်းလိုက်သည်။

“ဝက်ဝံနက်တောင်က အဲဒီလောက်အထိ ကျယ်ပြောလှတာ...၊ ငါ အဲဒီကို ရောက်ရင် မင်းတို့ကို ဘယ်လိုရှာရမ လဲ...။”

“မင်း အဲဒီအတွက် စိတ်ပူစရာမလိုပါဘူး...၊ မင်း ရောက်လာတာနဲ့ ငါတို့ကို အလွယ်တကူ ရှာတွေ့လိမ့်မယ်...။”

ထိုသို့ ပြောဆိုပြီးနောက်တွင် ရွှီပေါ်အန်းအား မည်သည့်မေးခွန်းမျှ ထပ်မံမေးမြန်းခွင့် မပေးတော့ဘဲ တစ်ဖက်လူ က ဖုန်းချသွားခဲ့လေတော့သည်။

ရွှီပေါ်အန်းသည် တုံ့ဆိုင်းမနေဘဲ ဘွန်ဆိုင်းကို အမြန်သိမ်းဆည်းလိုက်ပြီး တောင်ဘက် ဆင်ခြေဖုံးသို့ တိုက်ရိုက် မောင်းနှင်ထွက်ခွာခဲ့လေ၏။

ဖုန်း၏ အခြားတစ်ဖက်တွင်မူ ကျောက်ယွန်းထောင်၏ လက်ကိုင်ဖုန်းအား သစ်သားသေတ္တာမှ ကတ်ထူပြား တစ်ခုဖြင့် ဖုံးအုပ်ထားသည့် ယာယီစားပွဲပေါ်တွင် တင်ထားခဲ့ပေသည်။

ထိုဖုန်းအား မည်သူမျှ ကိုင်ဆောင်ထားခြင်းမရှိဘဲ လက်ပ်တော့ပ် ကွန်ပျူတာတစ်လုံးနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပေသည်။

ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော လှိုင်းတွန့်လိုင်းများမှာ နှလုံးခုန်နှုန်းတိုင်းစက်မှ လှိုင်းများကဲ့သို့ စည်းချက်ညီညီ လှုပ်ရှားနေခဲ့၏။

ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်လိုက်ပြီးနောက်တွင်မှ ထိုလှိုင်းတွန့်လိုင်းများသည် ငြိမ်သက်သွားကာ မျဉ်းဖြောင့် တစ်ကြောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ဖုန်း၏ တိုက်ရိုက်ရှေ့တွင် လူပြက်မျက်နှာဖုံးကို စွပ်ထားပြီး တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ် ယောက်သည် စခန်းချ ကင်းဗတ်ထိုင်ခုံလေးပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ ဘေးပတ်လည်တွင် ကြွက်သားအ မြှောင်းမြှောင်းနှင့် သန်မာလှသော အမျိုးသားအချို့ ဝိုင်းရံထားခဲ့ကြ၏။

ထိုသူများ၏ မျက်နှာအမူအရာများမှာ အေးစက်နေပြီး စကားတစ်ခွန်းမျှ မပြောဆိုကြပေ။ သူတို့၏ မျက်ဝန်းများ နှင့် ကြွက်သားများကို ကြည့်ရုံမျှဖြင့် သူတို့သည် ကောင်းစွာ လေ့ကျင့်ထားသော သူများဖြစ်ကြောင်း သိသာထင် ရှားလှပေသည်။

လူပြက်မျက်နှာဖုံးစွပ်ထားသူ၏ နောက်ကွယ်တွင် ပျက်စီးယိုယွင်းနေသော အမွှေးတိုင်စားပွဲတစ်ခုနှင့် ပင့်ကူအိမ် များ ဖုံးလွှမ်းနေသော ရုပ်ထုတစ်ခု ရှိနေခဲ့ပေသည်။ နှစ်ပေါင်းများစွာ လစ်လျူရှုထားခြင်းကြောင့် ထိုရုပ်ထုအား သဲသဲကွဲကွဲ မမြင်ရတော့ဘဲ လူသားပုံသဏ္ဌာန် ထိုင်နေသည့် ရုပ်ထုတစ်ခု ဖြစ်ခဲ့ဖူးကြောင်းကိုသာ မရေမရာ ခန့်မှန်းနိုင်တော့ပေသည်။

မလှမ်းမကမ်းတွင်မူ ကျောက်ယွန်းထောင်အား ဤပျက်စီးယိုယွင်းနေသောအိမ်၏ အဓိက မဏ္ဍိုင်ဖြစ်သော တိုင်လုံးကြီးတစ်ခုတွင် တုတ်နှောင်ထားခဲ့ပေသည်။

ယခင်က စတိုင်ကျလှသော သူ၏ ဆံပင်များမှာ ယခုအခါ ငှက်သိုက်တစ်ခုကဲ့သို့ ရှုပ်ထွေးပွေလီနေခဲ့လေပြီ။ သူ၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေပြီး မျက်နှာတစ်ခုလုံးလည်း ဖူးရောင်ညိုမည်းနေခဲ့သဖြင့် သူသည် ပြင်း ထန်သော ဒုက္ခများကို ခံစားခဲ့ရသည်မှာ ထင်ရှားလှပေသည်။

သူ၏ ရှေ့တွင် သူနှင့် သက်တူရွယ်တူခန့်ရှိသော ကုတ်အင်္ကျီဝတ် အမျိုးသားတစ်ဦးသည် ကျောက်ယွန်းထောင် အား ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။ ဖုန်းထဲမှ လူက ကျောက်ယွန်းထောင်အား လွှတ်ပေးမည်ဟု ပြောလိုက်သည်ကို ကြားရသောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နာကျည်း ရိပ်များ ယှက်သန်းသွားခဲ့ရလေသည်။

ထိုကုတ်အင်္ကျီဝတ်အမျိုးသားသည် ပျာပျာသလဲ လှည့်ကြည့်ကာ လူပြက်မျက်နှာဖုံးစွပ်ထားသူထံသို့ တိုးကပ် သွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

“ခေါင်းဆောင်...၊ ခေါင်းဆောင် ကတိပေးခဲ့တယ်လေ...။ ကျောက်ယွန်းထောင်ကို လှည့်စားပြီး ခေါ်ပေးမယ်ဆိုရင် သူ့ကို ကျွန်တော့်စိတ်ကြိုက် လုပ်ခွင့်ပေးပြီး သူ သားသမီးမရနိုင်အောင် လုပ်ပစ်ခွင့်ပြုမယ်လို့...။ ခေါင်းဆောင် ကျွန်တော့်ကို ကတိပေးခဲ့တယ်လေ...။”

လူပြက်မျက်နှာဖုံးစွပ်ထားသူသည် တဟားဟား ရယ်မောလိုက်လေ၏။ သို့သော် ယခုတစ်ကြိမ် ရယ်မောသံမှာ ယခင်က ဖုန်းထဲတွင် ကြားခဲ့ရသော အက်ရှရှအသံနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့ပေသည်။ ယခင်က ကြားခဲ့ရ သော အသံမှာ သူ၏ စစ်မှန်သော အသံမဟုတ်ကြောင်း ရှင်းလင်းလှပေသည်။

“အို... ငါ တကယ်ပဲ သိချင်မိတယ်...။ မင်းက ဘာဖြစ်လို့ သူ့ကို သားသမီးမရှိအောင် လုပ်ဖို့ အဲဒီလောက်အထိ ဆုံးဖြတ်ထားရတာလဲ...။ ငါ့ကို ယုံကြည်စမ်းပါ...၊ မင်း ငါ့ရဲ့ စပ်စုချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် မလား...။”

ကုတ်အင်္ကျီဝတ်အမျိုးသားက အံကို တင်းတင်းကြိတ်ကာ၊

“ကျွန်တော် သူ့ကို မုန်းတယ်...။ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိပါတယ်လို့ ခေါင်းဆောင် ကတိပေးခဲ့တယ်လေ...။ ကျွန်တော် ပြောနိုင်တာကတော့...၊ ယောက်ျားတစ်ယောက်ကို ကလဲ့စားချေဖို့ အကြီးမားဆုံး အပြစ်ပေးမှုက သူ့ကို ယောက်ျားတစ်ယောက်ရဲ့ သိက္ခာ ကို ဆုံးရှုံးသွားအောင် လုပ်ပစ်ဖို့ပဲ မဟုတ်ဘူးလား...။”

လူပြက်မျက်နှာဖုံးစွပ်ထားသူက ခေါင်းကို ခါယမ်းကာ အနက်ရောင်လက်အိတ် စွပ်ထားသော သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်မနှင့် လက်ညှိုးကို ညင်သာစွာ ထိတွေ့လိုက်ကာ မီလီမီတာအနည်းငယ်ခန့် ဖြည်းညင်းစွာ ခွဲထုတ်လိုက်ပြီး အမူအရာပြကာ ပြောလိုက်လေသည်။

“ဟူး...၊ နှမြောစရာကောင်းလိုက်တာ...။ မင်းက ငါ့ရဲ့ စပ်စုချင်စိတ်လေးကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးပဲ...။ အဲဒီလိုဆိုရင် မင်းက ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ...။”

ထိုစကားကို ကြားလိုက်ရသောအခါ ကုတ်အင်္ကျီဝတ်အမျိုးသား၏ မျက်နှာသည် ရုတ်တရက် ဖြူလျော်သွားခဲ့ လေတော့သည်။

“မင်း...”

သူ စကားမဆုံးမီမှာပင် လူပြက်မျက်နှာဖုံးစွပ်ထားသူ၏ ညာလက်သည် သူ၏ လည်ပင်းဆီသို့ ရုတ်တရက် ပြေးဝင် လာခဲ့ပြီး ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ တင်းကျပ်စွာ အညှစ်ခံလိုက်ရလေတော့သည်။

နောက်တစ်စက္ကန့်တွင် ကုတ်အင်္ကျီဝတ်အမျိုးသားသည် စကားတစ်လုံးမျှ မဟနိုင်တော့ဘဲ အသက်ရှူရန်ပင် ခက်ခဲလာခဲ့ရလေ၏။

သူသည် မိမိ၏ လည်ပင်းကို ညှစ်ထားသော လူပြက်မျက်နှာဖုံးစွပ်ထားသူ၏ လက်ကို ဖယ်ရှားရန် ဗီဇအရ အတင်းဆွဲကိုင်လိုက်သော်လည်း ထိုလက်မှာ မြေကြီးထဲတွင် အမြစ်တွယ်နေသော သစ်ငုတ်တိုကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ ရွှေ့လျားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

မွန်းကျပ်မှုဒဏ်မှာ ပိုမိုပြင်းထန်လာခဲ့ရလေသည်။ ထိုကုတ်အင်္ကျီဝတ်အမျိုးသားသည် သူသည် ဤလောကကြီးမှ ထွက်ခွာသွားရတော့မည်ဟု ထင်မှတ်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် အသနားခံလိုသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့တော့၏။

ရုတ်တရက် ကုတ်အင်္ကျီဝတ်အမျိုးသားသည် သူ၏ လည်ပင်းမှ တင်းကျပ်မှု လျော့ပါးသွားသည်ကို ခံစားလိုက် ရပြီး လတ်ဆတ်သော လေထုသည် သူ၏ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် အတင်းဝင်ရောက်လာခဲ့လေသည်။

ထိုကုတ်အင်္ကျီဝတ်အမျိုးသားသည် ခန္ဓာကိုယ် ဟန်ချက်ပျက်သွားကာ မြေကြီးပေါ်သို ဘုတ်ခနဲ လဲကျသွားခဲ့ လေ၏။

သူသည် မြေကြီးပေါ်တွင် ပြားပြားဝပ်လျက် ပြင်းထန်စွာ အသက်ရှူနေမိခဲ့သည်။ ထိုပုံသဏ္ဌာန်မှာ ခွေးတစ် ကောင်နှင့် လုံးဝ တူညီလှပေသည်။

သို့သော် ထိုသို့ဖြစ်ရခြင်းက ဘာအရေးလဲ။ အသက်ရှင်သန်နေရခြင်းက တကယ့်ကို ကောင်းမွန်လှပေသည်။

လူပြက်မျက်နှာဖုံးစွပ်ထားသူက မြေကြီးပေါ်ရှိ ကုတ်အင်္ကျီဝတ်အမျိုးသားအား မထီမဲ့မြင် ကြည့်လိုက်ပြီး ဖြည်း ညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ လက်အိတ်စွပ်ထားသော လက်ဖြင့် သူ၏ မျက်နှာကို သာသာလေး ပုတ်လိုက်လေ၏။

“မင်းရဲ့ တည်ရှိမှုကို အမြဲတမ်း မှတ်ထားစမ်း...။ မင်း ပိုင်ဆိုင်သမျှ အရာအားလုံးဟာ မင်းရဲ့ အသက်အပါအဝင် ငါ ပေးသနားထားတာဖြစ်တယ်...။ ငါ့ကို ပြန်ပြီး စကားမများစမ်းနဲ့...၊ ဘယ်တော့မှမလုပ်နဲ့...၊ ငါ စိတ်ကောင်းရှိတဲ့ အခါ မင်းကို ဟင်းရည်တစ်ငုံ ပေးသောက်နိုင်တယ်...။ ဒါပေမဲ့ မင်း ငါ့ကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်ရဲရင် ငါ မင်းကိုပါ ဟင်းရည်အဖြစ် ချက်ပစ်နိုင်တယ်...။”

All Chapters