အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂)
မင်း အဲဒါကို ဘယ်နေရာကနေ တူးဖော်ရရှိခဲ့တာလဲ
ကုတ်အင်္ကျီဝတ်အမျိုးသားသည် ထိတ်လန့်တုန်လှုပ်သွားပြီး ခေါင်းကို တရစပ် ညိတ်ကာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့...၊ သိပါပြီ ခေါင်းဆောင်...။ ကျွန်တော် မှားသွားပါတယ်...၊ ဒီနှစ်တွေအတွင်း ကျွန်တော် အရမ်း မောက်မာသွားခဲ့မိပါတယ်...၊ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကို အမြဲတမ်း မှတ်သားပြီး သစ္စာရှိတဲ့ ခွေးတစ်ကောင် ဖြစ်စေရပါမယ်...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူသည် ရယ်မောလျက် မတ်တတ်ရပ်လိုက်ပြီး ၊
“မဆိုးဘူး...၊ တကယ့်ကို မဆိုးဘူး...။ ငါ မင်းကို ကူညီချင်ရတဲ့ အကြောင်းရင်းက မင်းရဲ့ နိမ့်ကျတဲ့ ရုပ်သွင်ပြင် ကြောင့်ပဲလို့ ငါပြောခဲ့ဖူးတယ်...။ မင်းက ငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး...။”
ကုတ်အင်္ကျီဝတ်အမျိုးသားက အတင်းအကြပ် မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး၊
“ခေါင်းဆောင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်...။ ဒါကို ခွန်အားအဖြစ်ယူပြီး ဆက်လက် ကြိုးစားသွား ပါ့မယ်...။ ခေါင်းဆောင်...၊ ကျွန်တော် အိမ်သာသွားချင်လို့ပါ...၊ ခွင့်ပြုပေးနိုင်မလား...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရာ သူ၏ အနားရှိ ထွားကြိုင်းလှသော အမျိုး သားတစ်ဦးသည် ကုတ်အင်္ကျီဝတ်အမျိုးသားထံသို့ အမူအရာမရှိသော မျက်နှာဖြင့် တိုးကပ်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ရှေ့မှ ဦးဆောင်ထွက်ခွာသွားခဲ့လေ၏။
ထို့နောက် ကုတ်အင်္ကျီဝတ်အမျိုးသားသည် ထွက်ခွာသွားရင်း လူပြက်မျက်နှာဖုံးစွပ်ထားသူအား မျက်နှာချိုသွေး သော အပြုံးဖြင့် ပြန်လည်ကြည့်ရှုသွားခဲ့သေး၏။
ထိုတံခါးမှာ အလွန်တရာ ဆွေးမြည့်ပျက်စီးနေသော သစ်သားတံခါးတစ်ချပ်ဖြစ်ပြီး ယခင်က အနီရောင်ဆေးများ သုတ်လိမ်းထားခဲ့ပုံရသော်လည်း ယခုအခါတွင်မူ ငါးကြေးခွံပုံသဏ္ဌာန် ဆေးအစုတ်အပြဲလေးများသာ ကျန်ရှိ တော့ပေသည်။
ဝင်ပေါက်၏ အထက်တွင်မူ ဆွေးမြည့်ပျက်စီးနေသော ဆိုင်းဘုတ်တစ်ခု ရှိနေပြီး တကယ့်ကို ဆွေးမြည့်ကာ အပိုင်းပိုင်းပြတ်လျက် အနည်းငယ်မျှပင် ပုံမကျပန်းမကျ ဖြစ်နေခဲ့၏။
ထိုဆိုင်းဘုတ်၏ အပိုင်းအစလေး တစ်ခုသာ ချိတ်ဆွဲလျက် ကျန်ရှိနေခဲ့ပြီး “နတ်ကွန်း” ဟူသော စာလုံးကိုသာ မရေမရာ ခန့်မှန်းဖတ်ရှုနိုင်တော့ပေ။
ပြင်ပတွင် မှောင်မိုက်နေခဲ့သော်လည်း နေဝင်ချိန်၏ ရေးရေးမျှသာ ကျန်ရှိသော အလင်းရောင်မှတစ်ဆင့် မြင်ကွင်းထဲရှိအရာမှာ တောတောင်ထူထပ်သော နေရာမဟုတ်ဘဲ ရှည်လျားလှသော စင်္ကြံလမ်းတစ်ခု ဖြစ်နေသည်ကို မရေမရာ မြင်တွေ့နိုင်ခဲ့လေသည်။
အခန်းတွင်း၌ လူပြက်မျက်နှာဖုံးစွပ်ထားသူသည် ကွန်ပျူတာဆီသို့ လျှောက်လှမ်းသွားပြီး ဖြည်းညင်းစွာ ဆောင့် ကြောင့်ထိုင်ချကာ လက်ပ်တော့ပ် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်လိုက်လေတော့သည်။
ရုတ်တရက် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းများ ပြောင်းလဲသွားပြီး ဝင်းဒိုးပြတင်းပေါက် တစ်ဒါဇင်ကျော် ပေါ်ထွက်လာခဲ့၏။
ထိုနေရာတွင် ဖော်ပြထားသော မြင်ကွင်းမှာ တုန်းကျန်းမြို့၏ မြို့ပြလမ်းမကြီးများ ဖြစ်သည်မှာ ထင်ရှားလှပေ သည်။
ပြသထားသော ပြတင်းပေါက်တစ်ခုတွင် အနီရင့်ရောင် ပစ်ကပ်ကားကြီးတစ်စီးသည် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေခဲ့ပေသည်။
၎င်းမှာ ရွှီပေါ်အန်း၏ ဖို့ဒ်ရက်ပတာ ကားကြီး အမှန်ပင် ဖြစ်ချေ၏။ မှုန်ရီနေသော ညဉ့်နက်ပိုင်းတွင် ထိုအနီရောင် မှာ သွေးနီရောင်ကဲ့သို့ ပိုမိုရင့်မှောင်နေခဲ့လေသည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ရွှီပေါ်အန်း၏ ကားသည် ဝက်ဝံနက်တောင်ခြေသို့ ဆိုက်ရောက်လာခဲ့လေသည်။ သူ၏ ရှေ့မှ ကြမ်းတမ်းလှသော တောင်တက်လမ်းကို ကြည့်ရင်း ရွှီပေါ်အန်းသည် ကျောက်ယွန်းထောင်ထံမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ဖွင့်လှစ်ရန် သူ၏ဖုန်းကို ထုတ်ယူလိုက်ပေသည်။
ထိုစဉ် ရွှီပေါ်အန်းသည် သူ၏ ဖုန်းမြည်လာသည်ကို မြင်တွေ့လိုက်ရလေ၏။
ဖုန်းခေါ်ဆိုသူအမည်မှာ ကျောက်ယွန်းထောင် ဖြစ်နေခဲ့ပေသည်။
ရွှီပေါ်အန်းသည် ဖုန်းကို လျင်မြန်စွာ ဖြေကြားလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ အသံသွင်းခလုတ်ကို အမြန်နှိပ်လိုက် လေ၏။
“ဟဲလို...၊ ငါ ရောက်ပြီ... ။ အခု ငါ ဝက်ဝံနက်တောင်ခြေမှာ ရှိနေတယ်...။”
ရင်းနှီးနေသော အက်ရှရှအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“တကယ့်ကို ကောင်းတယ်...။ မစ္စတာရွှီက ငါ ထင်ထားတာထက်တောင် ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးတယ်...၊ မင်းက တန်ခိုးစွမ်းအား ကြီးမားလို့ ရဲစွမ်းသတ္တိရှိတာလား...။ ဒါမှမဟုတ် ဘာမှမသိဘဲ ထိတ်လန့်မှုမရှိတာလားလို့ ငါ ပြောရမလား...။”
ရွှီပေါ်အန်းက နှာခေါင်းရှုံ့ကာ၊
“ဟွန့်...၊ မင်းသာ မင်းရဲ့မိဘတွေနဲ့ မိသားစုကို ခြိမ်းခြောက်ခံရမယ်ဆိုရင် မင်းလည်း ဒီထက်မက ပိုပြီး မကြောက် မရွံ့ ဖြစ်လာလိမ့်မယ်ဆိုတာ ယုံကြည်လိုက်စမ်းပါ...။”
“ဟားဟား...၊ မင်းပြောတာ မှန်ချင်မှန်လိမ့်မယ်...။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဘယ်သူမှ အဲဒီလို အခွင့် အရေး ရမှာ မဟုတ်ဘူး...။”
ရွှီပေါ်အန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်၏၊
“စကားအပိုတွေ ပြောမနေနဲ့တော့...။ မင်း ငါ့ကိုတွေ့ဖို့ မလောနေဘူးလား...၊ ပြောစမ်း...၊ မင်း ဘယ်မှာလဲ...။”
ဖုန်းအခြားတစ်ဖက်မှလူမှာ ရွှီပေါ်အန်း၏ သဘောထားကို အလေးမထားဟန်ဖြင့်၊
“ရှေ့ကို ဆက်မောင်းပါ...၊ ဖုန်းမချနဲ့...။”
ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို ဘေးခရီးသည်ထိုင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး စပီကာ ဖွင့်ကာ ကားကို ပြန်လည် စတင်မောင်းနှင်လိုက်၏။
ထိုကားသည် ကွေ့ကောက်ကာ ကြမ်းတမ်းလှသော တောင်တက်လမ်းတစ်လျှောက် မောင်းနှင်သွားခဲ့လေတော့ သည်။
ဝက်ဝံနက်တောင်သည် ဖွံ့ဖြိုးတိုးတက်ပြီးသား နေရာတစ်ခု ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်များစွာက လာဗင်ဒါ ပန်းများ ခေတ်စားခဲ့စဉ်အခါက ဤနေရာ၌ လာဗင်ဒါပန်းခြံ ဧကသောင်းချီ၍ စိုက်ပျိုးခဲ့ဖူးပေသည်။
ထိုကာလ၌ မင်္ဂလာဆောင်ကာစ စုံတွဲများစွာသည် မင်္ဂလာဓာတ်ပုံများ ရိုက်ကူးရန် ဤနေရာသို့ လာရောက်လေ့ ရှိကြပြီး တုန်းကျန်းမြို့တွင်းမြို့ပြင်မှ ခရီးသွားများလည်း အလုံးအရင်းဖြင့် လာရောက်လည်ပတ်ခဲ့ကြလေသည်။
လာဗင်ဒါပန်းခြံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သစ်သီးခူးခြံများ၊ ငါးဖမ်းကွင်းများနှင့် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုများကဲ့သို့သော ခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေး စီမံကိန်းအမျိုးမျိုးကိုလည်း ထည့်သွင်းဆောက် လုပ်ခဲ့ကြပေသည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံသူ၏ ရုတ်တရက် ကွယ်လွန်သွားမှုနှင့်အတူ တောင်ပေါ်သို့ စည်ကားသိုက်မြိုက်စွာ လာရောက်ကြသော ခရီးသွားများ၏ မြင်ကွင်းသည် ခြောက်လအတွင်းမှာပင် လုံးဝ ကွယ်ပျောက်သွားခဲ့ရလေ တော့သည်။
သို့သော်လည်း အနည်းဆုံးတော့ ဤအဆောက်အအုံများကို တည်ဆောက်ရန် ဖောက်လုပ်ခဲ့သော တောင်ပတ် လမ်းများကမူ ယနေ့တိုင် တည်ရှိနေဆဲပင် ဖြစ်၏။
ယနေ့အချိန်အထိ တောင်တက်လမ်းမှာ သွားလာရန် မလွယ်ကူသော်လည်း ကားနှစ်စီး ဘေးချင်းယှဉ် မောင်းနှင် နိုင်လောက်အောင် ကျယ်ဝန်းပေသည်။
ရွှီပေါ်အန်း၏ ဖို့ဒ်ရက်ပတာ ကားကြီးမှာမူ သဘာဝကျစွာပင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့လေသည်။
မကြာမီ ရွှီပေါ်အန်း၏ ကားသည် လမ်းတစ်ဝက်ခန့်သို့ ရောက်ရှိလာချိန်တွင် လမ်းခွဲနှစ်ခု ပေါ်ထွက်လာခဲ့၏။
အကယ်၍ တောင်ပေါ်သို့ တည့်တည့်တက်ပါက တောင်ထိပ်သို့ ဆက်လက်ရောက်ရှိမည်ဖြစ်ပြီး ညာဘက်သို့ ကွေ့ပါက သူ၏ မှတ်ဉာဏ်ထဲရှိ ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုဆီသို့ ရောက်ရှိလိမ့်မည်ဟု ရွှီပေါ်အန်း မရေမရာ မှတ်မိနေခဲ့သည်။
သို့သော် ထိုရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ရွှီပေါ်အန်း သည် ၎င်းကို မကြာသေးမီကမှ ဗီဒီယိုအတိုလေးများတွင် တွေ့ရှိခဲ့ဖူးလေသည်။
ဤနေရာသည် လွန်ခဲ့သော အချိန်ကတည်းက စွန့်ပစ်ခြင်း ခံထားရပြီး လူအများအပြား၏ စွန့်စားခန်း ရိုက်ကူးရာ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ သွားရမလဲဟု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဖုန်းစပီကာမှ ပြတ်သားသော အမိန့်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ညာဘက်လမ်းကို သွားပါ...။”
ရွှီပေါ်အန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ လေသည်။
*တစ်ဖက်လူက ငါ့ရဲ့ ဖုန်းကနေတစ်ဆင့် ငါ့တည်နေရာကို ရှာဖွေနေတာလား...။*
မကြာမီ ရွှီပေါ်အန်း၏ ဖို့ဒ်ရက်ပတာ ကားကြီးသည် ကျယ်ဝန်းလှသော ရင်ပြင်ကြီးတစ်ခုတွင် ရပ်တန့်သွားခဲ့လေ သည်။ ထိုနေရာ၏ ရှေ့တွင်မူ ပျက်စီးယိုယွင်းနေသော ရုပ်ရှင်ရိုက်ကူးရေး စတူဒီယို၏ ဝင်ပေါက်ကြီး ရှိနေခဲ့ပေ သည်။
၎င်းမှာ အမြင့် ဆယ်မီတာကျော်ရှိသော အလွန်ကြီးမားသည့် တံခါးကြီးတစ်ခု ဖြစ်ပေသည်။ ယခင်က ဤနေရာ တွင် ခမ်းနားလှသော သံတံခါးကြီးတစ်ခု ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ဗလာကျင်းနေသော တံခါးပေါက် ကြီးသာ ကျန်ရှိတော့ကြောင်း ရွှီပေါ်အန်း မှတ်မိနေ၏။ တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် လေပြင်းတစ်ချက် တိုက်ခတ်လာရာ ရွှီပေါ်အန်းပင် အနည်းငယ် စိုးထိတ်သွားမိခဲ့လေသည်။
တံခါးပေါက်၏ တစ်ဖက်တစ်ချက်တွင် ရှေးဟောင်းမြို့ရိုးပုံတုများ ရှိနေပြီး မြို့ရိုးပေါ်တွင် ရိုးရှင်းသော မီးပြတိုက် ပုံစံ အဆောက်အအုံများ တည်ရှိပေသည်။ ရုတ်တရက် မီးပြတိုက်တစ်ခုဆီမှ အလွန်စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှီပေါ်အန်း၏ ကားရှေ့သို့ တိုက်ရိုက် လာရောက် ထိုးလိုက်လေတော့သည်။
ထိုအလင်းတန်း ထိုးကျရာ နေရာမှာ တစ်မီတာခန့် အချင်းရှိသော အဖြူရောင် အလင်းဝိုင်းလေး ဖြစ်နေခဲ့၏။
“အခု မစ္စတာရွှီ...၊ ကျေးဇူးပြုပြီး ကားပေါ်ကဆင်းပြီး အဲဒီအလင်းဝိုင်းထဲမှာ မတ်တတ်ရပ်ပါ...။ ပြီးရင် အလင်းတန်းရဲ့ လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းပါ...။”
ဖုန်းထဲမှ နောက်ထပ် ညွှန်ကြားချက်တစ်ခု ထွက်ပေါ်လာခဲ့ပြန်လေသည်။
ရွှီပေါ်အန်းသည် တစ်ဖက်လူ၏ စကားကို နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိသဖြင့် ကားပေါ်မှဆင်းကာ ရှေ့သို့ လှမ်းသွားပြီး ခြေတစ်ဖက်ဖြင့် ထိုအလင်းဝိုင်းထဲသို့ စတင် နင်းဝင်လိုက်လေသည်။
ထိုစဉ် ရွှီပေါ်အန်းသည် ဒုတိယမြောက် ခြေလှမ်းကို လှမ်းရန် ပြင်လိုက်ချိန်တွင် သူ၏ ပထမခြေဖဝါးအောက်ရှိ မြေပြင်မှာ ရုတ်တရက် ကျွံကျသွားခဲ့ရလေတော့၏။
*ထောင်ချောက်တစ်ခုလား...*
ထိုအခြေအနေကို ရွှီပေါ်အန်း သတိပြုမိလိုက်သည့် ခဏ၌ သူသည် ခန္ဓာကိုယ်ကို အားစိုက်ကာ ဘေးဘက်သို့ လှိမ့်ချရန် ဗီဇအရ ကြိုးပမ်းလိုက်မိပေသည်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် လက်လွှတ်လိုက်လေ၏။
တစ်ဖက်လူသည် သူ့ကို ဤနေရာသို့ လာရန် ညွှန်ကြားခဲ့ခြင်းဖြစ်သဖြင့် သူ၏ အသက်ကို ရယူရန် ရည်ရွယ်ထား ခြင်း မဟုတ်သည်မှာ သေချာလှပေသည်။ မဟုတ်ပါက ဤမျှအထိ ရှုပ်ထွေးအောင် လုပ်ဆောင်ရန် လုံးဝ မလို အပ်ချေ။
ဤသို့ တွေးတောမိပြီးနောက် ရွှီပေါ်အန်းသည် အံ့အားသင့်ဟန်ဆောင်ကာ အော်ဟစ်လိုက်ရင်း အောက်သို့ လျှောကျသွားခဲ့လေတော့သည်။
သူ၏ မျက်လုံးထောင့်စွန်းမှတစ်ဆင့် သူ၏ ခြေရင်းတွင် ဆွေးမြည့်နေသော သဲအိတ်အဟောင်းများနှင့် တူသော အရာများကို တွေ့မြင်လိုက်ရလေ၏။
မကြာမီ ရွှီပေါ်အန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
သူသည် ဓမ္မတာအတိုင်း ခန္ဓာကိုယ်ကို နှစ်ပတ်ခန့် လှိမ့်ချလိုက်ရာ သူ ပြုတ်ကျခဲ့သော နေရာသည် သဲအိတ် အချို့ဖြင့် ဖုံးအုပ်ထားသည့် နေရာဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။
သူ၏ ဖုန်းမှာ မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့ပေသည်။ ရွှီပေါ်အန်းက ထိုဖုန်းကို ကောက်ယူလိုက်စဉ် မှာပင် သူ၏ ရှေ့ရှိ တံခါးမကြီးတစ်ချပ် ပွင့်ဟသွားခဲ့ပြီး လူပြက်မျက်နှာဖုံးကို စွပ်ထားသော လူတစ်ယောက်သည် ရွှီပေါ်အန်းထံသို့ လျှောက်လှမ်းလာကာ ဖြည်းညင်းစွာ စကားဆိုလာခဲ့လေတော့သည်။
“မင်္ဂလာပါ မစ္စတာရွှီ...။ ငါတို့ လိုရင်းကိုပဲ တိုက်ရိုက်ပြောကြရအောင်...၊ မင်း ထုတ်ပေးခဲ့တဲ့ ရွှေတုံးရဲ့ နောက်ခံ အရင်းအမြစ်ကို ငါ သိချင်တယ်...။”
“ငါ့ကို လှည့်ဖြားဖို့ မကြိုးစားပါနဲ့...။ ငါတို့ရဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ အဲဒီရွှေတုံးဟာ အနည်းဆုံး နှစ်ပေါင်း (၅၀၀) လောက် သက်တမ်းရှိနေပြီ...။”
“ပြောစမ်း...၊ မင်း အဲဒါကို ဘယ်နေရာကနေ တူးဖော်ရရှိခဲ့တာလဲ...။”
*တူးဖော်ရရှိခဲ့တာ…ဟုတ်လား...။*
တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသည့် ခဏ၌ ရွှီပေါ်အန်းသည် သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေ၏။
၎င်းမှာ ရွှေတုံး၏ နောက်ခံအရင်းအမြစ်ပင် ဖြစ်ပေသည်...။
တစ်ဖက်လူသည် ထိုရွှေတုံးများကို မြေအောက်မှ တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်နေသည်မှာ သိသာလှ ပေသည်။ ဟုတ်ပေသည်...၊ မျှမျှတတ ပြောရမည်ဆိုလျှင် သူတို့၏ ထင်မြင်ချက်မှာလည်း လုံးဝကြီး မှားယွင်းနေ သည်တော့လည်း မဟုတ်ချေ။