အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅)
မင်း သရဲတစ္ဆေ မြင်နေ ရတာနဲ့ တူလိမ့်မယ်
ထိုဝက်ဝံကြီးအား လှည့်ကြည့်မိလိုက်သည့် အချိန်မှစ၍ လူပြက်သည် စိတ်ပြန်လည်စုစည်းရန်နှင့် ရွှီပေါ်အန်း၏ မျက်ဝန်းများကို တည်တည်ငြိမ်ငြိမ် ပြန်လည်ရင်ဆိုင်ရန် အခွင့်အရေး လုံးဝမရရှိခဲ့ချေ။ သူသည် ရွှီပေါ်အန်းအား ထပ်မံကြည့်ရှုလိုက်ချိန်တွင်မူ နှစ်ဦးကြားရှိ အင်အားချင်း မျှခြေမှာ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
“ဘယ်လိုဖြစ်ပြီး...၊ ဘယ်လိုဖြစ်ပြီး…၊ ဒီနေရာမှာ ဧရာမ ဝက်ဝံကြီးတစ်ကောင် ရှိနေရတာလဲ...။”
လူပြက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်ပြီး ရွှီပေါ်အန်းက ပြန်လည်သိမ်းဆည်းလိုက်သော ဝက်ဝံကြီးအား ရှာဖွေရန် သူ၏မျက်လုံးများဖြင့် ဘေးပတ်လည်သို့ ဟိုဟိုဒီဒီ ပျာပျာသလဲ ကြည့်ရှုနေမိခဲ့သည်။
လူပြက်အား ထိတ်လန့်သွားစေခဲ့ပြီးနောက် ရွှီပေါ်အန်းသည် ဝက်ဝံညိုကြီးအား ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော သတ္တဝါကြီးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ ယုတ္တိမတန်လှပေ။ ထို့အပြင် ထိုလူပြက်အား တိုက်ရိုက် သတ်ပစ်၍လည်း မရနိုင်ရာ မိမိကိုယ်မိမိ ပြဿနာ မရှာမိစေရန် ဤသို့ ပြုလုပ် ခြင်းကပိုမို ကောင်းမွန်ပေသည်။
သို့သော်လည်း ဤဆုံးဖြတ်ချက်ကြောင့် ရွှီပေါ်အန်းသည် နှမြောတသမှုကို အနည်းငယ်ခံစားလိုက်ရလေ၏။
ထိုဝက်ဝံကြီးအား ဆင့်ခေါ်ရန်အတွက် သူ၏ အမွှေးတိုင် ပူဇော်မှု စွမ်းအားတစ်စွန်းတစ်စကိုသာ အသုံးပြုခဲ့ရခြင်း ဖြစ်ပေသည်။ သို့သော်ငြားလည်း ထိုဝက်ဝံညိုကြီးအား ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ ပြန်လည်သိမ်းဆည်းရန် အတွက်မူ အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်စုံအထိ အသုံးပြုလိုက်ရပေသည်။
နောက်တစ်ကြိမ် ဆင့်ခေါ်ပါက အသုံးပြုရမည့် ပမာဏမှာ လေးစုံ သို့မဟုတ် ရှစ်စုံအထိ ပိုမိုတိုးပွားလာမည် လား...၊ ၎င်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုသို့ ပိုမိုတိုးပွားလာခြင်း မရှိဟု ဆိုစေဦးတော့ ဤကဲ့သို့ အသွားအပြန် တစ်ခေါက် ပြုလုပ်ရုံမျှဖြင့်ပင် အမွှေးတိုင် ပူဇော်မှု စွမ်းအား သုံးစုံခန့် ကုန်ဆုံးသွားခဲ့ရလေပြီ။ သာမန်အားဖြင့် ရွှီပေါ်အန်းသည် တစ်နေ့လျှင် စွမ်းအား လေးစုံ ခန့်သာ တိုးပွားလေ့ရှိပေသည်။
သူ့အနေဖြင့် တစ်နေ့တာ စုဆောင်းရရှိမှုအများစုကို အသုံးပြုလိုက်ရခြင်း ဖြစ်ရာ ရွှီပေါ်အန်းတစ်ယောက် မည်သို့ လျှင် နှမြောတသ မဖြစ်ဘဲ နေနိုင်ပါမည်နည်း။
ဤမျှလောက်သော အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများဖြင့် အကမယ် ချန်ရှီရှီအား ဆင့်ခေါ်ကာ စိတ်ချင်းချင်း နီးစပ်အောင် စကားပြောဆိုလိုက်ပါက ပိုမို ကောင်းမွန်လှမည် မဟုတ်ပါလား။
ထို့အပြင် ချန်ရှီရှီအား ဆင့်ခေါ်ပါက ချက်ချင်းကြီး ပြန်လည်သိမ်းဆည်းနေရန်လည်း မလိုအပ်ပေ။
ရှည်လျားလှသော ညဉ့်နက်ပိုင်းအတွင်း စကားပြောဆိုရမည့် အခိုက်အတန့်တိုင်းကို မြတ်နိုးတန်ဖိုးထားရပေ မည်မဟုတ်ပါလား...။
ရွှီပေါ်အန်းသည် လူပြက်၏ ထင်ယောင်ထင်မှားဖြစ်မှုများကို ဝန်ခံလိမ့်မည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်၏။
ရွှီပေါ်အန်းက မယုံကြည်နိုင်သော အမူအရာ ဖြစ်နေသည့် လူပြက်မျက်နှာဖုံးစွပ်ထားသူအား ကြည့်ကာ ပြုံးလျက် ကျီစယ်လိုက်လေသည်။
“မင်း မျက်စိမှားနေတာလား...၊ ဒီနေရာမှာ ဝက်ဝံက ဘယ်ကနေ ရောက်လာမှာလဲ...။ မင်း သရဲတစ္ဆေ မြင်နေ ရတာနဲ့ တူလိမ့်မယ်...။”
ပြောနေစဉ်မှာပင် ရွှီပေါ်အန်းသည် သူရပ်နေသော နေရာ၌ ခြေထောက်နှစ်ဖက်ကို သာသာလေး ပွတ်တိုက်လိုက် လေ၏။
သူသည် ဝက်ဝံညိုကြီး ပေါ်ထွက်လာစဉ်က ရပ်တန့်ခဲ့သော နေရာ၌ ရပ်နေခြင်းဖြစ်ပြီး မြေပြင်ပေါ်တွင် ဝက်ဝံ၏ ခြေရာအချို့ ကျန်ရှိနေခဲ့ပေသည်။
ရွှီပေါ်အန်း၏ ခြေထောက်ဖြင့် မြေပြင်အား ပွတ်တိုက်လိုက်ခြင်းကြောင့် ဝက်ဝံညိုကြီး၏ ကျန်ရှိနေသော တစ်ခု တည်းသော ခြေရာကို အစပျောက်အောင် ဖျက်ဆီးပစ်လိုက်လေတော့သည်။
“မဖြစ်နိုင်ဘူး... ၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး...။”
လူပြက်သည် သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော အလွန်အမင်း စစ်မှန်လှသည့် ခံစားချက်ကို ပြန်လည်အမှတ် ရရင်း ခေါင်းကို တရစပ် ခါယမ်းနေခဲ့၏။
လွန်ခဲ့သော ခဏလေးက ဝက်ဝံကြီး၏ ပြင်းထန်လှသော အသက်ရှူသံကို ကြားခဲ့ရရုံသာမက သူ၏ လည်ပင်း ပေါ်သို့ သက်ရောက်လာသော အသက်ရှူငွေ့နွေးနွေးကိုပင် ခံစားခဲ့ရခြင်း ဖြစ်ပေသည်။
ရွှီပေါ်အန်းက ပြုံးလျက် ခေါင်းခါယမ်းကာ သာသာလေး သက်ပြင်းချလိုက်လေသည်။
“မင်းကိုလည်း ကြည့်ဦး...၊ အဲဒီစုတ်ပြတ်နေတဲ့ မျက်နှာဖုံးကို စွပ်ထားတာက မင်းရဲ့ အမြင်အာရုံကို တကယ်ပဲ ထိခိုက်စေတာပဲ...။ မင်း စိတ်ကူးယဉ်ပြီး မြင်ယောင်နေတာ ဖြစ်လိမ့်မယ်...။”
ဤအခိုက်အတန့်မှာ ကြာရှည်လှသည်ဟု ထင်ရသော်လည်း တကယ်တမ်း၌မူ အလွန်တိုတောင်းလှပေသည်။
ဝက်ဝံ ပေါ်လာခြင်း၊ လူပြက် ထိတ်လန့်သွားခြင်း၊ ရွှီပေါ်အန်း ခုန်တက်ကာ ပြန်လည်သက်ဆင်းပြီး တိုက်ခိုက်ခြင်း၊ သေနတ်အား ပြန်လည်လုယူခြင်းနှင့် ဝှေ့ယမ်းကန်ကျောက်လိုက်ခြင်း စသည့် ဖြစ်စဉ်အားလုံးမှာ ရှုပ်ထွေးလှ သည်ဟု ထင်ရသော်လည်း စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်ပေသည်။
လူပြက်သည် သစ်သားတံခါးအား ပြင်းထန်စွာ တိုက်မိလဲကျသွားချိန်တွင် ဖြစ်ပေါ်လာသော ကျယ်လောင်လှသည့် အသံသည် ပြင်ပ၌ ကင်းစောင့်နေသော ထွားကြိုင်းလှသည့် အမျိုးသား၏ အာရုံစိုက်မှုကို နောက်ဆုံးတွင် ရရှိသွား ခဲ့လေသည်။
ပြင်ပတွင် စောင့်ကြပ်နေသော အမျိုးသားသည် အခြေအနေအား စစ်ဆေးရန် အခန်းတွင်းသို့ လျင်မြန်စွာ ပြေးဝင် လာခဲ့လေသည်။
သူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ခုက ပိတ်ဆို့ထားသကဲ့သို့ ခံစားလိုက်ရလေသည်။
အရေးပေါ်အခြေအနေ ဖြစ်သဖြင့် မသိစိတ်အရပင် ထိုထွားကြိုင်းသောအမျိုးသားသည် တံခါးကို ဆောင့်ကန်၍ ဖွင့်လိုက်လေတော့သည်။
တံခါးကို မှီလျက် မြေပြင်ပေါ်၌ ပျော့ခွေလဲကျနေသော လူပြက်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။
ရုတ်တရက် ပွင့်ဟသွားသော တံခါး၏ အဟုန်ကြောင့် သူသည် တစ်မီတာခန့် ကွာဝေးသော နေရာသို့ လွင့်စင်သွား ခဲ့ရပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားခဲ့လေတော့သည်။
မြေပြင်နှင့် ပွတ်တိုက်သွားမှုကြောင့် သူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရ လေတော့သည်။
စိမ်းသက်လှသော မျက်နှာတစ်ခုသည် ရွှီပေါ်အန်း၏ ရှေ့တွင် ပေါ်ထွက်လာခဲ့၏။
ထူးခြားလှပခြင်းမရှိဘဲ သာမန်မျှသာ ဖြစ်ပေသည်။
အကယ်၍ လူအုပ်ကြီးအတွင်း ရောက်ရှိသွားပါက လုံးဝ မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။
*မင်း မျက်နှာဖုံး စွပ်ထားတာ တကယ့်ကို အချိန်ကုန်တာပဲ...*
“ခေါင်းဆောင်...။” ဟု အော်ဟစ်လိုက်ရင်း ထိုထွားကြိုင်းသောအမျိုးသားသည် အခန်းတွင်းရှိ အခြေအနေကို မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် လက်သီးကို မြှောက်ကာ ရွှီပေါ်အန်းဆီသို့ ပြေးဝင်လာခဲ့လေသည်။
ထို့နောက်တွင်မူ သူသည် ကြက်သေ သေသွားကာ ရပ်တန့်သွားခဲ့လေတော့သည်။
ရွှီပေါ်အန်းသည် သူ၏ ခြေထောက်ဖြင့် ပြောင်းတိုသေနတ်ကို ပါးနပ်စွာ ချိတ်ယူလိုက်ပြီး လက်ဖြင့် သာသာလေး ဖမ်းကိုင်ထားပြီး ဖြစ်ပေသည်။ ထို့ကြောင့် ယခုအချိန်၌ ထိုထွားကြိုင်းသောအမျိုးသား ရင်ဆိုင်နေရသည်မှာ ရွှီပေါ်အန်း၏ အစွမ်းသတ္တိမဟုတ်ဘဲ သေနတ်၏ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားပင် ဖြစ်ချေသည်။
သေနတ်ရှေ့တွင် လူတိုင်း တန်းတူပင် ဖြစ်ပေသည်။ ဤစကားစုမှာ လုံးဝ ပိုမိုပြောဆိုထားခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။ လွန်ခဲ့သော ခဏက ရန်လိုနေခဲ့သည့် ထွားကြိုင်းသောအမျိုးသားသည် ယခုအခါတွင်မူ အဆောင်အယောင် ခံထားရသည့်အလား တစ်နေရာတည်း၌ ငြိမ်သက်သွားခဲ့ရလေသည်။
တံခါးဖြင့် တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ပြန်လည်ထူမတ်ရန် ကြိုးပမ်းနေသော လူပြက်ပင်လျှင် တစ်နေရာတည်း၌ ငြိမ်သက်သွားခဲ့ရကာ မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမပြုလုပ်ရဲတော့ချေ။
အကယ်၍ နားလည်မှုလွဲမှားမှုတစ်ရပ် ဖြစ်ပေါ်လာပြီး သေနတ်ကျည်ဆန် ထွက်ပေါ်လာပါက ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ချေ။
ရွှီပေါ်အန်းက တည်ငြိမ်စွာဖြင့် သေနတ်ပြောင်းဝအား အနည်းငယ် လှုပ်ယမ်းပြလိုက်ပြီး အမိန့်ပေးလိုက်လေ သည်။
“ကဲ...၊ ဆောင့်ကြောင့်ထိုင်စမ်း...။ လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ထားပါ...။ နားလည်လား...။”
“နားလည်ပါပြီ...၊ သိပါပြီ...။”
ပြောဆိုရင်း ထိုထွားကြိုင်းသောအမျိုးသားသည် ကျွမ်းကျင်လှသော အမူအရာဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် ဦးခေါင်းအား အုပ်ထားလိုက်လေသည်။ သူသည် အတွေ့ အကြုံရှိသူတစ်ဦး ဖြစ်သည်မှာ သိသာလှပေသည်။
ရွှီပေါ်အန်းသည် သတိမေ့မြောနေသော ကျောက်ယွန်းထောင်၏ ဘေးသို့ လျှောက်လှမ်းသွားပြီး သူ၏ နှာခေါင်း နှင့် နှုတ်ခမ်းကြား နေရာအား လက်ဝါးဖြင့် သာသာလေး ရိုက်ပုတ်လိုက်လေ၏။
ခဏမျှ ကြာပြီးနောက်တွင် ကျောက်ယွန်းထောင်သည် တဖြည်းဖြည်း သတိပြန်လည်လာခဲ့ပေသည်။
“အင်း...”
သူ၏ ရှေ့မှ ရွှီပေါ်အန်းအား မြင်တွေ့လိုက်ရချိန်တွင် ကျောက်ယွန်းထောင်သည် အခြေအနေအား ချက်ချင်း နားလည်သွားခဲ့ပြီး ပျာပျာသလဲ ရှင်းပြလိုက်လေသည်။
“ဥက္ကဋ္ဌရွှီ...၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့...။ ကျွန်တော် ခေါင်းဆောင်ကို သစ္စာမဖောက်ခဲ့ပါဘူး...။ ကျွန်တော် ကျောက်ယွန်းထောင်က သူငယ်ချင်းကို သစ္စာဖောက်မယ့် လူစားမျိုး လုံးဝ မဟုတ်ပါဘူး...။”
“သူတို့က ကျွန်တော့်ဖုန်းထဲက စာတိုပေးပို့မှုမှတ်တမ်းတွေကို ရှာတွေ့သွားကြတာ...။ ဒီလူက ကွန်ပျူတာ ပညာရှင်ပဲ...။ ကျွန်တော်က စာအချို့ကို ဖျက်ထားခဲ့ပေမဲ့ သူက ပြန်လည်ဆယ်ယူနိုင်ခဲ့တာ...။”
*ကွန်ပျူတာပညာရှင်လား...*
ရွှီပေါ်အန်းသည် သူ တက္ကသိုလ်တက်ရောက်စဉ်က ကွန်ပျူတာနှင့် ပတ်သက်သည့် ပညာရပ်များစွာကို သင်ယူ ခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားခဲ့လေ၏။
အကယ်၍ သူသည် အမွှေးတိုင် စွမ်းအားအချို့ကို အသုံးပြုပြီး စွမ်းရည်မြှင့်တင်လိုက်မည်ဆိုပါက ထိပ်တန်း ကွန်ပျူတာပညာရှင်တစ်ဦး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါလား။
ဤသို့ တွေးတောလိုက်မိချိန်တွင် ရွှီပေါ်အန်းသည် သူ၏စိတ်ထဲ၌ အမွှေးတိုင် စွမ်းအားများ လှုပ်ခတ်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။
သို့သော်ငြားလည်း ရွှီပေါ်အန်းသည် သူ၏ ကွန်ပျူတာစွမ်းရည်ကို မြှင့်တင်ရန်အတွက် အမွှေးတိုင်စွမ်းအားများကို ချက်ချင်း အသုံးပြုရန် မရွေးချယ်ခဲ့ချေ။
အဖိုတန်လှသော အရာများကို အလိုအပ်ဆုံးနေရာတွင်သာ အသုံးပြုရပေမည်...။
ရွှီပေါ်အန်းတွင် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ အလုံအလောက် စုဆောင်းထားနိုင် ခြင်း မရှိသေးသဖြင့် တတ်နိုင်သမျှ ချွေတာသုံးစွဲခြင်းက ပိုမို ကောင်းမွန်ပေသည်။
ယခင်က တင့်တယ်လှပသော လူငယ်လေးသည် ယခုအခါတွင်မူ ဆံပင်ဖရိုဖရဲဖြစ်ကာ မျက်နှာတစ်ခုလုံးလည်း ဖူးရောင်ညိုမည်းနေသည်ကို မြင်တွေ့ရသဖြင့် ရွှီပေါ်အန်းက ကျောက်ယွန်းထောင်၏ ပခုံးကို သာသာလေး ပုတ်ပေးလိုက်ရင်း မေးလိုက်လေသည်။
“ငါ နားလည်ပါတယ်...။ ပြောစမ်းပါဦး...၊ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ...။”
ကျောက်ယွန်းထောင်က နာကျည်းလှသော အမူအရာဖြင့် ဆိုလာခဲ့သည်။
“ကျွန်တော်တို့ တုန်းကျန်းမြို့က ခေါင်းဆောင်ရဲ့ ရွှေတုံးကို လက်ခံဖို့ အင်အားမလုံလောက်ဘူး...။ ကျွန်တော်က အဲဒါကို ပြည်နယ်မြို့တော်ဆီ ယူသွားပြီး ပြန်ရောင်းဖို့ အစက စဉ်းစားခဲ့တာ...။ ဒါပေမဲ့လည်း စုံစမ်းကြည့်လိုက် တော့ သူတို့ပေးတဲ့ဈေးက သိပ်ပြီး တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်...။”
“ပိုက်ဆံရဖို့အတွက် ကျွန်တော်က လုပ်ဖော်ကိုင်ဖက်တွေထဲမှာ မျှဝေခံစားပြီး ပစ္စည်းအားလုံးကို ယူနိုင်မယ့်လူ ရှိမလားလို့ လိုက်မေးကြည့်ခဲ့တယ်...။ အနီးနားက မြို့တစ်မြို့ရဲ့ လေလံအိမ်တော်က လုပ်ဖော်ကိုင်ဖက်တစ် ယောက်က ပမာဏအများစုကို ယူနိုင်တယ်လို့ ပြောပြီး အဲဒီညမှာတင် ချက်ချင်း ရောက်လာခဲ့တာ...။”
“အဲဒီကောင်က ကျွန်တော့်ပစ္စည်းတွေကို ခိုးယူရုံတင်မကဘဲ ကျွန်တော့်ကိုပါ ဖမ်းဆီးပြီး ရွှေတုံးတွေရဲ့ နောက်ခံ အရင်းအမြစ်ကို ပြောပြဖို့ ခြိမ်းခြောက်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး...။ နောက်ပိုင်း ဖြစ်ပျက်ခဲ့ တာတွေကိုတော့ ခေါင်းဆောင်လည်း သိပြီးသားဖြစ်မှာပါ...။”
ကျောက်ယွန်းထောင် စကားပြောဆိုနေစဉ်အတွင်း ရွှီပေါ်အန်းသည် ကျောက်ယွန်းထောင်၏ နောက်ကွယ်သို့ လျှောက်လှမ်းသွားခဲ့လေသည်။
သူသည် လက်တစ်ဖက်ဖြင့် သေနတ်ပြောင်းဝအား မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေသော ထွားကြိုင်းသော အမျိုးသားနှင့် လူပြက်တို့ဆီသို့ ဦးတည်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်မူ ကျောက်ယွန်းထောင်၏ ကျောပြင် နောက်ကွယ်ရှိ ကြိုးထုံးများကို ဖြည်ရန် ကြိုးပမ်းနေခဲ့လေ၏။
သို့သော်လည်း လက်တစ်ဖက်တည်းဖြင့် ကြိုးထုံးဖြည်ရန်မှာ ထင်သလောက် မလွယ်ကူလှသဖြင့် ရွှီပေါ်အန်း သည် မိမိ၏ စွမ်းဆောင်ရည်ကို အထင်ကြီးလွန်းခဲ့မိကြောင်း သိရှိသွားခဲ့ရသည်။
ရွှီပေါ်အန်းက မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေသော ထွားကြိုင်းသောအမျိုးသားအား သေနတ်ဖြင့် ညွှန်ပြကာ အမိန့်ပေးလိုက်၏။
“မင်း...၊ ဒီနေရာကိုလာပြီး သူ့ကြိုးတွေကို ဖြည်ပေးလိုက်စမ်း...။”
ထိုထွားကြိုင်းသောအမျိုးသားသည် မနာခံပဲမနေဝံ့သဖြင့် ကျောက်ယွန်းထောင်၏ ကျောနောက်သို့ ဆောင့် ကြောင့်ထိုင်ချလိုက်ပြီး ကြိုးများကို စတင်ဖြည်ပေးလေတော့သည်။
လူပြက်နှင့် ထိုထွားကြိုင်းသောအမျိုးသားတို့မှာ တစ်နေရာတည်း၌ ရှိမနေတော့သဖြင့် ရွှီပေါ်အန်းသည်လည်း သူ၏လက်ထဲရှိ ပြောင်းတိုသေနတ်အား ထိုထွားကြိုင်းသောအမျိုးသားရှိရာသို့ ရွှေ့ပြောင်းချိန်ရွယ်ထားလိုက်၏။
လူပြက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သဖြင့် အန္တရာယ်ပြုနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။
ဤအရာသည် မည်သည့်အချိန်၌မဆို ပေါ့ဆ၍မရကြောင်းနှင့် လောကကြီးအတွင်းရှိ လူအများကို လျှော့တွက်၍ မရကြောင်း ထပ်မံသက်သေပြနေခဲ့ပေသည်။
ရွှီပေါ်အန်းသည် ကျောက်ယွန်းထောင်၏ ကြိုးများကို ဖြည်ပေးနေသော ထွားကြိုင်းသောအမျိုးသားအား သေနတ်ဖြင့် ညွှန်ပြနေစဉ်မှာပင် မကြာမီမှာပင် ရင်းနှီးလှသော မောင်းတင်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
လွန်ခဲ့သော ခဏက လူပြက်၏ လက်ထဲမှ သူ ကြားခဲ့ရဖူးသော သေနတ်မောင်းတင်သံ ဖြစ်ပေသည်။