← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇)

စစ်ဆေးမေးမြန်းခံရခြင်း

တုန်းကျန်းမြို့ လုံခြုံရေးဗျူရို စုံစမ်းစစ်ဆေးရေးအဖွဲ့ရုံးခန်း…။

ပိုင်ရှန်းရှန်းသည် သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီပေါ်အန်းအား မျက်ခုံးပင့်ကာ ကြည့်ရှုလိုက်လေ၏။

“ဆိုလိုတာက...၊ သူတို့က ရုတ်တရက် စိတ်အာရုံမှားပြီး ဝက်ဝံတစ်ကောင်ကို မြင်လိုက်ရတယ်ပေါ့...။”

ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်ပြီး၊

“တိတိကျကျပြောရရင် ဝက်ဝံအကောင်ကြီးတစ်ကောင်လို့ ပြောရမှာပေါ့...၊ သာမန်အားဖြင့်တော့ အဲဒီလို ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တဝါတွေကို ဝက်ဝံအကောင်ကြီးလို့ပဲ သုံးနှုန်းလေ့ရှိကြတယ်မလား...။”

ပိုင်ရှန်းရှန်းက ရွှီပေါ်အန်းအား စကားမပြောနိုင်လောက်အောင် ကြည့်ရှုလိုက်ရင်း ပြောလိုက်လေသည်၊

“မင်းက ငါ့ရဲ့ ဘာသာစကားဆရာလည်း မဟုတ်ဘဲနဲ့...။ ဘာဖြစ်လို့ စကားလုံးတွေကို ဒီလောက်အထိ လိုက်ပြီး စိစစ်နေရတာလဲ...။”

ရွှီပေါ်အန်းအား စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့သည်မှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အပြန်အလှန် စကားပြောဆိုရင်း ယခုမှသာ လိုရင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ ပိုင်ရှန်းရှန်းအနေဖြင့် မည်သို့လျှင် စိုးရိမ်ပူပန်ခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

အကယ်၍ ရွှီပေါ်အန်းသည် မတော်တဆ ကြုံတွေ့ခဲ့ရသော လူနာတစ်ဦးဖြစ်ကြောင်း သူမအနေဖြင့် အတွင်း သတင်းအရ ကြိုတင်မသိရှိထားပါက ရွှီပေါ်အန်းအား ထိုသံသယရှိသူများ၏ ကြံရာပါတစ်ဦးအဖြစ် သံသယဝင် မိတော့မည်မှာ အမှန်ပင် ဖြစ်၏။

ရွှီပေါ်အန်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း၊

“နောက်လိုက်တာပါ...၊ မင်း ဒီလောက်အထိ တည်နေတာကို ကြည့်ရတာ ငါ နည်းနည်း စိတ်မသက်မသာ ဖြစ်လို့ ပါ...။ ငါတို့တွေ နည်းနည်းလောက် စကားဝိုင်းကို လျှော့ချလိုက်လို့ မရဘူးလား...။”

ရွှီပေါ်အန်းတွင်လည်း သူ၏ ကိုယ်ပိုင် အခက်အခဲများ ရှိနေခဲ့ပေသည်။

ပိုင်ရှန်းရှန်းနှင့် ကျန်ရှိသောလူများ ဤမျှအထိ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

တောင်စောင့်သားရဲ ဝက်ဝံညိုကြီးသည် ဒုတိယအကြိမ် ပေါ်ထွက်လာစဉ်က ထိုထွားကြိုင်းသောအမျိုးသားအား ဝက်ဝံလက်ဝါးဖြင့် တကယ့်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့ရခြင်း ဖြစ်ပေသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုများမှတစ်ဆင့် ဝက်ဝံညိုကြီးနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေ တွေ့ရှိသွားမည်လားဟူသည်ကို ရွှီပေါ်အန်းအနေဖြင့် သေချာရေရာခြင်း မရှိချေ။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထိုသူများအပေါ် စစ်ဆေးမေးမြန်းမှုများမှာလည်း ယခုတိုင် ပြီးဆုံးသေးပုံမရချေ။

ထို့ကြောင့် ရွှီပေါ်အန်းသည် အချိန်ဆွဲထားရန် တတ်နိုင်သမျှ ကြိုးပမ်းနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အသုံးဝင် မည့် သတင်းအချက်အလက်အချို့ကို စုံစမ်းရယူနိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့လေသည်။

၎င်းမှာ ထီပေါက်သော်လည်း အခြားလူများ သိရှိသွားမည်ကို စိုးရိမ်နေရသော လူတစ်ဦး၏ စိတ်အခြေအနေမျိုး ဖြစ်နေရသဖြင့် တကယ့်ကို စိတ်ပင်ပန်းစရာ ကောင်းလှပေသည်။

ရွှီပေါ်အန်း၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်သောအခါ ပိုင်ရှန်းရှန်းက တည်ကြည်စွာဖြင့် ပြောလိုက်လေသည်၊

“ရှင်က ရယ်နေနိုင်သေးတယ်ပေါ့...။ အဲဒီလူတွေရဲ့ နောက်ခံအထောက်အထားတွေက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာ ရှင်သိရဲ့လား...”

ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်လေသည်၊

“အို...၊ ငါ မသိပါဘူး...။ ငါ့ကို ပြောပြပါဦး...။”

ပိုင်ရှန်းရှန်းသည် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး အလုပ်သဘောအရ ပြောဆိုလိုက်သည်။

“စိတ်မကောင်းပါဘူး...၊ လတ်တလောမှာတော့ ကျွန်မ ဒီအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလို့ မရသေးဘူး...၊ အရင်မေးခွန်းကိုပဲ ဆက်သွားကြရအောင်...။ ရှင် သေချာလား...။”

သူမ စကားမဆုံးမီမှာပင် ရွှီပေါ်အန်းက လက်ဝှေ့ယမ်းပြလိုက်ရင်း ၊

“မလုပ်ပါနဲ့....။ ငါ ဒီလိုမျိုး အမေးခံနေရတာ နည်းနည်းတော့ အနေခက်တယ်...။ မင်းတို့ ဖမ်းဆီးထားတဲ့ လူဆိုး တစ်ယောက်လိုမျိုး ခံစားနေရလို့ပါ...။”

အကယ်၍ ရွှီပေါ်အန်းသည် သူမ၏အသက်ကို ကယ်တင်ခဲ့ဖူးသော ကျေးဇူးရှင်တစ်ဦး မဟုတ်ပါက ပိုင်ရှန်းရှန်း တစ်ယောက် ဒေါသအဟုန် ပြင်းထန်စွာ ထွက်ပေါ်လာမိတော့မည်မှာ အမှန်ပင် ဖြစ်၏။

သူမ၏ လုပ်ငန်းသက်တမ်းတစ်လျှောက် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

ပုံမှန်အားဖြင့် သံသယရှိသူများဖြစ်စေ၊ စစ်ဆေးမေးမြန်းမှုကို ပူးပေါင်းဆောင်ရွက်သူများဖြစ်စေ အားလုံးမှာ တည်ငြိမ်ရိုသေစွာဖြင့် တုံ့ပြန်လေ့ရှိကြပေသည်။ စုံစမ်းစစ်ဆေးမှုလုပ်ငန်းများမှာလည်း အစဉ်သဖြင့် အဆင် ပြေချောမွေ့စွာ ပြီးမြောက်လေ့ရှိပေသည်။

ရွှီပေါ်အန်းကမူ ဘာဖြစ်နေရသနည်း။

ပိုင်ရှန်းရှန်းက သက်ပြင်းတစ်ချက်ချကာ အားနာစွာဖြင့် ပြောလိုက်လေသည်၊

“စိတ်မကောင်းပါဘူး... ဒါက ကျွန်မရဲ့ အလုပ်အကျင့် ဖြစ်သွားလို့ပါ...၊ ရှင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မိပြီ ...။ ဒါပေမဲ့လည်း အဲဒီလူတွေရဲ့ နောက်ခံအထောက်အထားတွေက အတော်လေး ထိလွယ်ရှလွယ်ဖြစ်နေပြီး ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ အလျင်အမြန် စုံစမ်းစစ်ဆေးရမှာမလို့ပါ...။ ကျွန်မတို့ရဲ့ လုပ်ငန်းတွေ အမြန်ပြီး မြောက်ဖို့ ရှင် ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။”

ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်ပြီး၊

“ဘာပြဿနာမှ မရှိပါဘူး...၊ ငါတို့ ဝက်ဝံတွေအကြောင်း ဆက်ပြောကြတာပေါ့...။”

ပိုင်ရှန်းရှန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်၊

“ရှင် စောစောက ပြောခဲ့သလို...၊အဲဒီလူတွေက စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဝက်ဝံတစ်ကောင် ပေါ်လာတာ ကို မြင်လိုက်ရတယ်...။ အဲဒါကြောင့် သူတို့တွေ အာရုံလွင့်သွားပြီး ရှင့်အတွက် အခွင့်အရေး ရသွားတာပေါ့...။”

ရွှီပေါ်အန်းက ရုတ်တရက် လက်မြှောက်ပြလိုက်ပြီး၊

“နေဦး... ကြားဖြတ်ပြောမိတာ စိတ်မကောင်းပါဘူး...။”

ပိုင်ရှန်းရှန်းသည် နှုတ်ခမ်းကို သာသာလေး ကိုက်လိုက်ပြီး စိတ်ရှည်စွာဖြင့် ခေါင်းညိတ်ပြကာ တစ်လုံးချင်းစီ ပြောဆိုလိုက်လေသည်။

“ပြောပါဦး...၊”

ရွှီပေါ်အန်းက သူ၏ လက်နှစ်ဖက်ကို စုကာ တောင်းပန်သည့်အမူအရာ ပြုလုပ်လိုက်ပြီး၊

“အဲဒါက တကယ်ပဲ စိတ်အာရုံချောက်ခြားတာလားဆိုတာတော့ ငါ သေသေချာချာ မပြောနိုင်ဘူး...၊ ငါလည်း ခန့်မှန်းကြည့်တာတင်ပါ...။”

“ဘာဖြစ်လို့လဲဆိုတော့...၊ လူပြက်မျက်နှာဖုံးစွပ်ထားတဲ့လူက အကြောင်းရင်းမရှိဘဲ ရုတ်တရက် ခေါင်းလှည့် ကြည့်လိုက်လို့ ငါ သေနတ်ရှေ့ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရခဲ့တာ...။”

“နောက်ပိုင်းမှာ...၊ သူက ငါ့ကို ဝက်ဝံက ဘယ်ကနေ ရောက်လာတာလဲလို့ မေးတော့မှ သူတို့တွေ စိတ်အာရုံမှား နေတာ ဖြစ်မယ်လို့ ငါ ခန့်မှန်းမိတာ...။ တကယ်တော့ အဲဒီနေရာမှာ ကြွက်တွေ ရှိနေတယ်ဆိုရင်တောင် ငါ ယုံကြည်နိုင်သေးတယ်...။ ဝက်ဝံတစ်ကောင် ရှိနေတယ်ဆိုတာကတော့...၊ ဟားဟား...။ နည်းနည်းတော့ ရယ်စရာ ကောင်းလွန်းလို့ပါ...။”

ပိုင်ရှန်းရှန်းသည် သွယ်လျသော လက်ချောင်းများဖြင့် ဘောပင်ကို ကိုင်ဆောင်ကာ မှတ်စုစာအုပ်ပေါ်တွင် စာအချို့ ကို သွက်လက်စွာ ရေးသားလိုက်လေ၏။ သူမသည် ခေါင်းမော့မကြည့်ဘဲ ဆက်လက်၍ မေးလိုက်လေသည်။

“အဲဒီနောက်ကော ဘာဖြစ်ခဲ့လဲ....။”

ရွှီပေါ်အန်းသည် ခေါင်းကို အနည်းငယ် စောင်းကာ မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်ရင်း တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားနေဟန်ဖြင့်၊

“အဲဒီနောက်...၊ ငါ သေနတ်ကို လုယူလိုက်တယ်.... သူ လဲကျသွားပြီး ငါ သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်....။ အဲဒီနောက်တော့...၊”

“နေဦး...။”

ပိုင်ရှန်းရှန်းက ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်ပြီး ခေါင်းမော့ကာ ရွှီပေါ်အန်းအား စူးစိုက်ကြည့်ရှုလိုက်လေ သည်။

“ရှင် ဘာပြောလိုက်တာလဲ... ။ လက်ဗလာနဲ့ သေနတ်ကို လုယူပြီး ဘာဒဏ်ရာမှ မရခဲ့ဘူး ဟုတ်လား...။ သေနတ် ကြီးအရှေ့မှာနော်...၊ လုံးဝကို ဘာဒဏ်ရာမှ မရခဲ့တာလား...။”

All Chapters