← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂ - ပျို့အန်ချင်စရာ

လူတိုင်း၏ မျက်လုံးများထဲတွင် မီးရောင်များ ပြန်လည်တောက်ပလာပြီး လူတိုင်းက ရှန်ချန်ဖုန်းကို စူးစိုက်ကြည့်နေကြလေ၏။

"ချီမင်းသမီးရဲ့ တူလေ... ယုံချန်းစံအိမ်ရဲ့ ဒုတိယသားပဲ..."

ရှန်ချန်ဖုန်းက ရှင်းပြလိုက်သည်။

"ပထမအကြိမ်တုန်းက ဒီကောင်လေးကို ဘာလို့မစဉ်းစားမိတာလဲဆိုတာ မဆန်းပါဘူး... သူ့ကို တစ်ခါပဲ တွေ့ဖူးတာကိုး... ဒီကောင်လေးက ပညာဗဟုသုတကောင်းပြီး ပိုင်ယွင်ကျောင်းတော်မှာ တစ်နှစ်ပတ်လုံး စာသင်နေတယ်လို့ ကြားတယ်..."

နျိုနျိုလေးက ခေါင်းကိုစောင်းကာ ပြောလိုက်လေ၏။

"ဒါပေမဲ့ ပိုင်ယွင်ကျောင်းတော်က ဒီနေ့ ကျောင်းမပိတ်သေးဘူးလေ..."

ကျောင်းသားများကို စာကြိုးစားရန် ပိုမိုတိုက်တွန်းသည့်အနေဖြင့် ပိုင်ယွင်ကျောင်းတော်သည် ယခုအခါ လကုန်ရက်များတွင် တစ်ရက်သာ ပိတ်တော့ပေသည်။ နျိုနျိုလေးသည် သူမ၏ ကိုကိုကြီး မည်သည့်အချိန်တွင် ကျောင်းပိတ်မည်ကို တစ်နေကုန် လက်ချိုးရေတွက်နေတတ်သောကြောင့် အခြားသူများထက် ပိုသိနေချေ၏။

ရှန်ချန်ဖုန်းက အလွန်သေချာနေဆဲပင်။

"ဒီလူက လုစစ်ချန် ဖြစ်ရမယ်... ငါ မှတ်မိတာ မမှားနိုင်ဘူး... မိန်းမလှလေးတစ်ယောက်အတွက်နဲ့ ဒီကောင်လေးက စာသင်တာကိုတောင် စိတ်မဝင်စားတော့ဘူးလို့ ငါ မထင်ထားဘူး..."

ထိုအချိန်တွင် အားလင်၏ မျက်နှာမှာ ကြည့်ရဆိုးနေတော့သည်။

ထိုလုစစ်ချန်ဆိုသူကို သူမ ကြားဖူးပေ၏။

ရှန်ချန်ဖုန်းသည် အိမ်ထောင်ပြုရန် မဆုံးဖြတ်ရသေးသော်လည်း တစ်စုံတစ်ယောက်က သူ၏ညီမဖြစ်သူ၏ အိမ်ထောင်ရေးကို မျက်စိကျနေပြီ ဖြစ်လေသည်။

ချီမင်းသမီးသည် တော်ဝင်မင်းသမီးကြီးထံတွင် လုစစ်ချန်အကြောင်းကို တစ်ခါက ပြောဖူးချေ၏။

အားလင်သည် ပညာတတ်များကို အမြဲတမ်း သဘောကျလေ့ရှိပေသည်။ လုစစ်ချန်သည် ယခုအခါ ပိုင်ယွင်ကျောင်းတော်တွင် စာကြိုးစားနေပြီး ပညာတတ်တစ်ဦးအဖြစ် နာမည်ကောင်းရှိကြောင်း သူမ ကြားသိထားလေ၏။

သူမသည် ဤလူအပေါ် အမြင်ကောင်းရှိပြီး ပိုင်ယွင်ကျောင်းတော် လကုန်တွင် ကျောင်းပိတ်ချိန်၌ ပထမဆုံးအကြိမ် တွေ့ဆုံရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်တော့သည်။

ထိုအချိန်တွင် အားလင်သည် ယင်ကောင်တစ်ကောင်ကို မြိုချလိုက်ရသကဲ့သို့ နေရခက်သွားလေ၏။

အကယ်၍ သူတို့ တကယ် တွေ့ဆုံပြီး အိမ်ထောင်ရေးအကြောင်း ဆွေးနွေးဖြစ်ခဲ့လျှင် ခုနက တစ်ချက်ကြည့်လိုက်ရုံဖြင့် မိမိကိုယ်ကိုယ် အထင်ကြီးနေသော သူ၏ပုံစံအရ တကယ်တွေ့ဆုံရပါက ထိုသို့ လှည့်စားခံရမည်ကို သူမ တွေးပင်မတွေးဝံ့ချေ။

အားလင်၏ လက်ထဲတွင် နွေးထွေးမှုတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ပေသည်။

လက်လေးတစ်ဖက်က သူ၏လက်ပေါ်သို့ ဖွဖွလေး အုပ်ကိုင်လာခြင်းပင်။

နျိုနျိုလေးက တိုးတိုးလေး မေးလိုက်သည်။

"အစ်မလင်... အစ်မရဲ့ လက်တွေ တအားအေးနေပြီး မျက်နှာလည်း မကောင်းဘူး... နေရခက်နေလို့လား..."

အားလင် နေမကောင်းဖြစ်နေသည်ကို သိလိုက်ရသဖြင့် အဖွားကုသည် ချက်ချင်းပင် စိတ်ပူသွားတော့၏။

အဖွားကုက ထိုကောင်မလေးကို ဘေးရှိ ကုလားထိုင်တစ်ခုဆီသို့ ခေါ်သွားကာ ထိုင်ခိုင်းပြီး ပြောလိုက်သည်။

"ကလေးလေးရဲ့ မျက်နှာက ဘာလို့ ဒီလောက်ဖြူရော်နေရတာလဲ... အဖွားတို့နဲ့ တစ်နေကုန် လျှောက်သွားနေရလို့ ပင်ပန်းသွားတာလား... မြန်မြန်ထိုင်ပြီး ရေလေးဘာလေး သောက်လိုက်ဦး..."

ရှန်ချန်ဖုန်းက ညီမဖြစ်သူ အနည်းငယ် အားနည်းနေပုံရသည်ကို မြင်သောအခါ ထိုအချိန်တွင် သူလည်း အလွန်စိုးရိမ်သွားကာ ပြောလိုက်လေ၏။

"ကိုကို သမားတော် သွားခေါ်ပေးမယ်... ဒီမှာပဲ စောင့်နေနော်..."

လူတိုင်း ဝိုင်းအုံနေစဉ် အားလင်က သူ၏အစ်ကိုကို ချက်ချင်းပင် လှမ်းဆွဲလိုက်တော့သည်။

အားလင်က တိုးတိုးလေး ရှင်းပြလိုက်သည်။

"ညီမ ဘာမှမဖြစ်ပါဘူး... ဒီလိုလူမျိုးအကြောင်း ကြားလိုက်ရလို့ အရမ်းပျို့အန်ချင်စရာကောင်းတယ်လို့ ခံစားလိုက်ရရုံပါ..."

ထိုစကားကို ကြားသောအခါ ရှန်ချန်ဖုန်းက ထပ်မံစိုးရိမ်သွားကာ ပြောလိုက်လေ၏။

"ပျို့အန်ချင်စရာကောင်းရင် ဘာလို့ သည်းခံနေမှာလဲ... ဒီလိုလူမျိုးကို အပြစ်ပေးရမယ်... ညီမလေး တကယ် ကြည့်မရဘူးဆိုရင် ကိုကို သူ့ကို သွားတိုင်ပေးမယ်..."

ထိုစကားကို ကြားသောအခါ အိမ်ခြံမြေပွဲစားလီ၏ မျက်နှာမှာ တောင့်တင်းသွားပြီး ထိုကိစ္စတွင် သူ့ကို မပါဝင်စေရန် ကတိပေးခိုင်းတော့သည်။

ရှန်ချန်ဖုန်းသည် အိမ်ခြံမြေပွဲစားလီကို မှတ်မိနေဆဲဖြစ်ကာ လှည့်ပြီး ပြောလိုက်လေ၏။

"စိတ်မပူပါနဲ့... ခင်ဗျား တွေ့တာလို့ လုံးဝမပြောဘူး... ကျွန်တော်ကိုယ်တိုင် တွေ့တာလို့ပဲ ပြောမှာပါ..."

အိမ်ခြံမြေပွဲစားလီက အနေရခက်စွာဖြင့် ပြုံးလိုက်ပေသည်။

အားလင်က အစ်ကိုဖြစ်သူကို တားဆီးကာ ပြောလိုက်သည်။

"ကိုကို... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ဆွဲသွင်းနေရတာလဲ... ညီမလေးပဲ တစ်ချက် ဖြေရှင်းကြည့်လိုက်ပါ့မယ်..."

ယခုအခါ အားလင် ဤသို့ဖြစ်နေသဖြင့် လူတိုင်း ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် အဆင်မပြေတော့ပေ။

အဖွားကု မထွက်ခွာမီ ရှဲ့ရှင်းချွမ်းကို ဆွဲခေါ်ကာ ဂရုတစိုက် မှာကြားလိုက်လေ၏။

"လူငယ်လေးရှဲ့... အပြင်မှာ တစ်ယောက်တည်း နေရတာဆိုတော့ ညဘက်ဆို သတိထားဦးနော်... တစ်ယောက်ယောက်က တံခါးလာခေါက်ရင် မဖွင့်ပေးနဲ့... ပြဿနာတစ်ခုခု ကြုံလာရင် အဖွားတို့ကို လာရှာ... အဖွားတို့ ဘယ်မှာနေလဲဆိုတာ သိတယ်မလား... အားနာစရာလို့ မတွေးနဲ့နော်... မှတ်ထား..."

ရှဲ့ရှင်းချွမ်းသည် အဖွားအို၏ စစ်မှန်သော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရပြီး ခေါင်းညိတ်ပြလိုက်တော့သည်။

နျိုနျိုလေးက သူမ၏အိတ်ထဲရှိ သရေစာများအားလုံးကို ရှဲ့ရှင်းချွမ်း၏ လက်ထဲသို့ ထပ်ထည့်ပေးလိုက်ကာ ပြောလိုက်သည်။

"ကိုကိုရှဲ့... ဒီမုန့်လေးတွေ အရမ်းစားကောင်းတာ... ကိုကို မြည်းကြည့်ရမယ်နော်..."

နျိုနျိုလေးသည် မနက်ပိုင်းက မုန့်အထုပ်ကြီးတစ်ထုပ်ကို ထုတ်ယူကာ အများကြီး စားခဲ့လေ၏။ ဤအချိန်တွင် သူမ နောင်တရနေချေပြီ။ ရှဲ့ရှင်းချွမ်းနှင့် တွေ့ရမည်ကိုသာ သိခဲ့လျှင် မနက်ပိုင်းက ထိုမျှလောက် လောဘကြီးမည် မဟုတ်ပေ။

လူအားလုံး ထွက်သွားကြပြီးနောက် အိမ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှဲ့ရှင်းချွမ်းသည် မုန့်တစ်ထုပ်ကို ကိုင်ကာ ငြိမ်သက်စွာ ရပ်နေတော့သည်။

ခဏကြာပြီးနောက် သူ လှုပ်ရှားလိုက်ပြီး လူတိုင်း လက်ဖက်ရည်သောက်ခဲ့သော စားပွဲကို တိတ်တဆိတ် သိမ်းဆည်းလိုက်လေ၏။

အိမ်လေးမှာ သန့်ရှင်းသွားသော်လည်း သူ၏ရင်ထဲတွင် အမြဲလိုလို ဟာတာတာဖြစ်နေပြီး အချိန်အတော်ကြာပြီးနောက်တွင် ရှဲ့ရှင်းချွမ်း ထရပ်ကာ အိမ်အပြင်ဘက်သို့ လျှောက်သွားတော့သည်။

မူလက ရှန်မောင်နှမများသည် ကုမိသားစုအိမ်တွင် ညစာစားရန် စီစဉ်ထားသော်လည်း အားလင်က ကျန်းမာရေးပြဿနာမရှိကြောင်း ထပ်ခါတလဲလဲ ပြောနေသော်ငြား ရှန်ချန်ဖုန်းက ညီမဖြစ်သူကို အရင်အိမ်ပြန်ပို့ရန် တင်းခံနေခဲ့လေ၏။

ကုမိသားစု၏ အဘိုးအဘွားများနှင့် မြေးများ အိမ်ပြန်ရောက်သောအခါ မိသားစုဝင်များက စောင့်ဆိုင်းနေကြပြီ ဖြစ်ပေသည်။

ကုမင်တာ့က မေးလိုက်သည်။

"မေမေ... ဒီနေ့ အလုပ်ကိစ္စ ဘယ်လိုနေလဲ..."

အဖွားကုသည် ဤကိစ္စကို ပြောလိုက်သောအခါ အိပ်ချင်စိတ်ပင် ပျောက်သွားလေ၏။

"ငါက ဘယ်သူလဲ... နင့်အမေလေ... ငါ လုပ်လိုက်တာနဲ့ မအောင်မြင်တာ ဘာမှမရှိဘူး... တစ်နေ့တည်းနဲ့ အိမ်နှစ်လုံး ရောင်းရပြီး ပိုက်ဆံအများကြီး မြတ်တယ်... ဒီလောက်တောင်လေ..."

မည်သို့ပင်ဆိုစေ ကုမိသားစုဝင် မည်သူကမျှ အဖွားအို၏ လက်ထဲရှိ ငွေအနည်းငယ်ကို ဂရုမစိုက်ကြပေ။ အဖွားအိုမှာလည်း ကြွားလုံးထုတ်တတ်သူဖြစ်ရာ ရှဲ့ရှင်းချွမ်း၏ အိမ်ဝယ်ယူမှုမှ ရသောငွေကို သူမရှာဖွေရရှိသည့် ငွေအဖြစ် ပေါ့ပေါ့ဆဆပင် ရေတွက်လိုက်ချေသည်။

ကုမင်တာ့နှင့် သူ၏ဇနီးတို့က အလွန် ထောက်ခံအားပေးကြတော့၏။

ကုမင်တာ့က ချီးကျူးလိုက်သည်။

"ကျွန်တော့်အမေက တကယ့်ကို တော်တာပဲ... မေမေ့လို တစ်နေ့ကို ငွေနှစ်တုံး ရှာနိုင်တဲ့ အဘွားကြီး ဘယ်မှာရှိမှာလဲ..."

ကျန်းယွင်နန်ကလည်း ပြောလိုက်လေ၏။

"ဘယ်ဘက်ကရော ညာဘက်ကရော အိမ်နီးချင်း အဘွားကြီးတွေကလည်း ကျွန်မကို အရမ်းအားကျနေကြတာ... မေမေက တအားစွမ်းတာပဲတဲ့လေ..."

အဖွားကု သည် ချက်ချင်းပင် ချီးမွမ်းခံလိုက်ရပေသည်။

အဘိုးကု က ဘေးမှနေ၍ ရေအေးဖြင့် ဖြည်းဖြည်းချင်း လောင်းချလိုက်လေ၏။

"အဘွားကြီး..."

အဖွားကု၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားပြီး ပြောလိုက်သည်။

"အဘိုးကြီး စကားမပြောတတ်ရင် နည်းနည်းလောက်ပဲ ပြောစမ်းပါ..."

အဘိုးကုက သူမ၏ဆံပင်ကို တစ်ချက် ကြည့်လိုက်ပေ၏။

အဖွားကုသည် သူမ၏ခေါင်းတွင် ပန်ထားသော ရွှေဆံထိုးလေးကို စမ်းကြည့်လိုက်သည်။

ထိုအဘိုးကြီး ခေါင်းရှုပ်နေစဉ်ကပင် သူမအတွက် ရွှေဆံထိုးလေးတစ်ခု လုပ်ပေးခဲ့သည်ကို တွေးမိကာ သူမ၏ရင်ထဲမှ ဒေါသကို မြိုသိပ်လိုက်ပြီး ကုမင်တာ့ကို ပေါ့ပေါ့ပါးပါးပင် ညည်းညူလိုက်တော့သည်။

"နင့်အဖေက တကယ်ပါပဲ... ခေါင်းရှုပ်နေတယ်ဆိုပေမယ့် လုံးဝကြီး ရှုပ်နေတာတော့ မဟုတ်ဘူး... တစ်ခါတလေဆို ငါပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူ သိတယ်... အမြဲတမ်း ဒီလိုလုပ်နိုင်ရင်တော့ ထားလိုက်ပါတော့... ဒါပေမဲ့ သူ အသိစိတ်ပြန်ဝင်လာတဲ့အခါကျရင်လည်း ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ သိနေပြန်ရော..."

ကျန်းယွင်နန်က ပြုံးကာ ပြောလိုက်လေ၏။

"အဖေက ဒီလိုဆိုတော့ မေမေ့ကို တကယ် ရင်ထဲမှာထားတာ မြင်သာပါတယ်... သူ နေမကောင်းဖြစ်ပြီး ခေါင်းရှုပ်နေရင်တောင် မေမေ့ကို ရင်ထဲမှာ မှတ်မိနေသေးတာပဲလေ..."

အဖွားကု ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာမှာ တိမ်ဖုံးနေရာမှ နေသာသလို ဖြစ်သွားပြီး ဝမ်းသာအားရ ပြောလိုက်တော့သည်။

"အဲဒါတော့ အမှန်ပဲ... နင့်အဖေက ပါးစပ်ကသာ စကားပြောမကောင်းတာ... သူက မိန်းမကိုတော့ ချစ်ရှာပါတယ်... သူ့ကို လက်ထပ်ပေါင်းသင်းလာတာ နှစ်တွေဒီလောက်ကြာပြီ ငါ တစ်ခါမှ အနစ်နာမခံခဲ့ရဖူးဘူး..."

ကျန်းယွင်နန် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး နျိုနျိုလေးကို မေးလိုက်လေ၏။

"သမီးလေး ဒီနေ့ အဖွားနဲ့ အပြင်သွားတာ ပျော်စရာလေးတွေများ ရှိခဲ့လား..."

နျိုနျိုလေးက ကြည်လင်သော အသံလေးဖြင့် ပြောလိုက်သည်။

"သမီးတို့ ကိုကိုရှဲ့နဲ့လည်း တွေ့ခဲ့တယ်... အစက ကိုကိုရှဲ့နဲ့ ညစာအတူစားမလို့ပဲ... ဒါပေမဲ့ အစ်မလင် နေမကောင်းလို့ အရင်ခွဲလာခဲ့ရတာ... ဖေဖေ မေမေ... မနက်ဖြန် ဖေဖေ စာမေးပွဲအောင်စာရင်းထွက်ပြီးရင် ကိုကိုရှဲ့ဆီ သွားဆော့လို့ ရမလား..."

ကောင်မလေးက ကိစ္စနှစ်ခုကို တစ်ပြိုင်နက်တည်း ပြောလိုက်သော်လည်း ဇနီးမောင်နှံနှစ်ဦး အာရုံစိုက်သွားသည့် အချက်မှာ တစ်ခုတည်းသာ။

"ကိုကိုရှဲ့... ရှဲ့ရှင်းချွမ်းလား... သမီးတို့ တကယ်ပဲ သူ့ကို တွေ့ခဲ့တာလား..."

ရှဲ့ရှင်းချွမ်းသည် ကုမင်တာ့၏ အသက်သခင်ကျေးဇူးရှင် ဖြစ်ပေသည်။ လှေဆိုက်သောအခါ သူ့ကို မိသားစုက လာခေါ်သွားခဲ့သည်။ သူသည် စကားတစ်ခွန်းမျှပင် မချန်ထားခဲ့သဖြင့် ကုမိသားစုအနေဖြင့် သူ့ကို ဘယ်မှာသွားရှာရမှန်း မသိခဲ့ပေ။ ယခု သူနှင့်ပတ်သက်သော သတင်းအစအနလေး ကြားလိုက်ရသဖြင့် သဘာဝကျကျပင် ဝမ်းသာသွားကြတော့၏။

ကျန်းယွင်နန်က မေးလိုက်သည်။

"သူ အခု ဘယ်လိုနေလဲ... ကလေးလေးရဲ့ ဒဏ်ရာတွေကော သက်သာသွားပြီလား..."

နျိုနျိုလေးက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"လုံးဝကို ပျောက်သွားပြီ... ကိုကိုရှဲ့ရဲ့ ခြေတွေလက်တွေမှာ ဘာမှမဖြစ်တော့တာ တွေ့ရတယ်... သူ အခု တစ်ယောက်တည်း နေရပြီး ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးတဲ့..."

ထိုစကားကို ကြားသောအခါ ကုမင်တာ့မှာ စိတ်မချနိုင်ဘဲ စိုးရိမ်တကြီး ပြောလိုက်တော့သည်။

"အရိုးကျိုးရင် ရက်တစ်ရာ နားရမယ်တဲ့... အခုမှ နှစ်လပဲ ရှိသေးတာ... သူက ငယ်ရွယ်တယ်ဆိုပေမယ့် ဒီလောက်မြန်မြန် လမ်းလျှောက်လို့ မရသေးဘူး..."

အဖွားကုက ဘေးမှနေ၍ ရှင်းပြလိုက်လေ၏။

"ငါ မေးကြည့်ပြီးပြီ... အဲဒီကလေးက သူ ကျန်းမာရေးကောင်းပါတယ် ဘာမှမဖြစ်ပါဘူးလို့ ပြောတယ်..."

ကုမင်တာ့သည် စိတ်မချနိုင်သေးဘဲ ပြောလိုက်သည်။

"သူ ဘယ်မှာနေတာလဲ... မီးဖိုချောင်ကို ထမင်းဟင်းတွေ ပြင်ခိုင်းလိုက်... ဖေဖေ အခုပဲ သူ့ဆီ သွားပို့ပေးလိုက်မယ်..."

ကျန်းယွင်နန်လည်း ထရပ်ကာ ပြောလိုက်လေ၏။

"ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်... ဒီကလေးက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ... သွားမကြည့်ရရင် ညဘက် အိပ်ပျော်မှာမဟုတ်ဘူး..."

သူမတို့မိသားစု၏ ဒုတိယသားသည်လည်း အသက်ဆယ့်နှစ်နှစ်အရွယ်ပင် ဖြစ်ပေသည်။ ကျန်းယွင်နန်သည် ရှဲ့ရှင်းချွမ်းကို မြင်သောအခါ သူမ၏ကလေးကို ကိုယ်ချင်းစာစိတ်ဖြင့် မတွေးဘဲ မနေနိုင်တော့ချေ။

နျိုနျိုလေးက အလျင်စလို ပြောလိုက်သည်။

"သမီးလည်း လိုက်ချင်တယ်... သမီး မုန့်တွေ ထုပ်ပြီး ကိုကိုရှဲ့ဆီ အခုပဲ ယူသွားပေးမယ်..."

မိသားစုသုံးယောက်သည် အတိုတောင်းဆုံးအချိန်အတွင်း ထွက်ခွာရန် ဝေါယာဉ်တစ်စီး ပြင်ဆင်လိုက်ကြတော့၏။

သူတို့ အိမ်အပြင်ဘက်သို့ ရောက်သောအခါ တံခါးမှာ ပိတ်ထားပြီး အထဲတွင် မီးရောင် မရှိပေ။

ကုမင်တာ့က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ဒီကလေးက ဒီလောက်စောစော အိပ်သွားတာလား... ဘာလို့ မီးမထွန်းထားတာလဲ..."

သူ့ကို အနှောင့်အယှက်ဖြစ်အောင် တံခါးခေါက်သင့် မခေါက်သင့် တုံ့ဆိုင်းနေစဉ်မှာပင်။

နျိုနျိုလေးက သူမ၏လက်သေးသေးလေးကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ပုတ်လိုက်လေ၏။

"ကိုကိုရှဲ့... တံခါးဖွင့်ပေးပါဦး... နျိုနျိုလေးပါ..."

All Chapters