← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃ - မေမေဟု အော်ခေါ်ခြင်း

နျိုနျိုလေးက တံခါးကို အတန်ကြာ ပုတ်နေတော့သည်။

အိမ်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။

ကုမင်တာ့နှင့် ကျန်းယွင်နန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဇနီးမောင်နှံနှစ်ဦး၏ ရင်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားကြလေ၏။

ဒါက ပုံမှန်မဟုတ်ပေ။

ကုမိသားစုအိမ်သည် ဤအိမ်နှင့် မဝေးလှချေ။ အဖွားကု ပြန်ရောက်ပြီး မိသားစုစကားပြောနေချိန်ကပါ ထည့်တွက်လျှင်တောင် နာရီဝက်ထက် ပိုမကြာသေးပေ။

တံခါးကို အထဲမှ သော့ခတ်ထားလေ၏။ ယခုအချိန်မှာ အလွန်စောနေသေးပြီး ရှဲ့ရှင်းချွမ်း ဤမျှမြန်မြန် အသေအလဲ အိပ်ပျော်သွားရန် အကြောင်းမရှိချေ။

"ထပ်ခေါက်ကြည့်..."

ကုမင်တာ့နှင့် သူ၏ဇနီးသည်လည်း နျိုနျိုလေးနှင့်အတူ တံခါးကို ဝိုင်းခေါက်ကြတော့သည်။

အိမ်နီးချင်းများအားလုံး အသံကို ကြားသောအခါ လန့်နိုးသွားကြလေ၏။

အသက်သုံးဆယ်အရွယ် လူလတ်ပိုင်းတစ်ယောက်က အိမ်နီးချင်းအိမ်မှ ထွက်လာကာ ပြောလိုက်သည်။

"ဘယ်သူလဲ... ညကြီးမိုးချုပ် ပြဿနာလာရှာနေတာလား..."

ကုမင်တာ့က နွေးထွေးစွာ တောင်းပန်လိုက်လေ၏။

"တောင်းပန်ပါတယ်ခင်ဗျာ... အထဲမှာနေတဲ့ လူငယ်လေးဆီ လာတာပါ... ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ တံခါးမဖွင့်လို့ အထဲမှာ ဘာဖြစ်နေလဲဆိုတာ မသိလို့ပါ..."

ထိုလူလတ်ပိုင်းသည် ကုမင်တာ့မှာ အမှန်တကယ် စိုးရိမ်နေပုံရသည်ကို မြင်သောအခါ ဆက်လက်၍ ပြဿနာမရှာတော့ပေ။ သူက ဤသို့သာ ပြောလိုက်တော့သည်။

"ဒီကောင်လေးက ညနေဘက် အပြင်ထွက်သွားပြီး ပြန်လာတော့ လက်ထဲမှာ အရက်အိုးနှစ်လုံး ပါလာတယ်... အရက်မူးနေတာများလား..."

ထိုစကားကို ကြားသောအခါ ကုမင်တာ့၏ မျက်နှာအမူအရာမှာ မှုန်ကုပ်သွားလေ၏။

ကျန်းယွင်နန်က ပို၍ပင် စိုးရိမ်သွားချေသည်။ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးက တကယ်ပဲ အရက်သောက်ခဲ့သည်တဲ့လား။ အိမ်ထဲမှာများ ငတုံးတစ်ယောက်လို ဖြစ်နေမလား။

သူတို့ဇနီးမောင်နှံသည် လှည့်ကာ တံခါးကို ဆက်လက်၍ ပြင်းပြင်းထန်ထန် ပုတ်ကြတော့၏။

ထိုလူလတ်ပိုင်းသည် မိသားစုသုံးယောက်ကို စိုက်ကြည့်နေခဲ့ပေသည်။ အချိန်အတော်ကြာ ပုတ်နေသော်လည်း အသံမထွက်လာသဖြင့် သူက ပြောလိုက်လေ၏။

"တံခါးကို ကန်ဖွင့်လိုက်ရင်ရော... ကျုပ် ကူညီပေးနိုင်တယ်..."

ကုမင်တာ့က ချက်ချင်း သဘောမတူဘဲ တုံ့ဆိုင်းနေပုံရသည်။

သို့သော် နျိုနျိုလေးကမူ တံခါးကို ပြင်းပြင်းထန်ထန် ပုတ်နေဆဲဖြစ်ကာ သူမ၏ ဖြူဖွေးနုနယ်သော လက်ဖဝါးလေးများမှာ ပုတ်ရလွန်းသဖြင့် နီရဲနေပြီ ဖြစ်တော့၏။

နျိုနျိုလေးက တံခါးဆီသို့ ကမောက်ကမ အော်ဟစ်လိုက်လေသည်။

"ကိုကိုရှဲ့... ဘာလို့ သူများတွေကို လျစ်လျူရှုထားရတာလဲ... ကိုကို ဒီလိုလုပ်နေရင် သမီး စိတ်ဆိုးမှာနော်... တံခါးဖွင့်ပေး..."

နျိုနျိုလေးက တံခါးကို မည်သို့ခေါက်ရမည်ကိုပင် ကုမင်တာ့ မသိခဲ့သော်လည်း တိတ်ဆိတ်နေသော အိမ်ထဲမှ ရုတ်တရက် အသံလေးတစ်ခု ထွက်ပေါ်လာမည်ဟု သူ မထင်ထားခဲ့ပေ။

ခဏအကြာတွင် ခြံတံခါးကို အထဲမှ ဖွင့်လိုက်လေ၏။

ရှဲ့ရှင်းချွမ်းသည် သူ၏ခန္ဓာကိုယ်ကို မနည်းထိန်းကာ မတ်မတ်ရပ်လိုက်ပြီး ကုမင်တာ့နှင့် ကျန်းယွင်နန်တို့ကို တွေဝေစွာ ကြည့်လိုက်တော့သည်။

"ခင်ဗျားတို့..."

ရှဲ့ရှင်းချွမ်းသည် ဤစကားကိုသာ ပြောချိန်ရလိုက်ပြီး သူ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ တစ်ဖက်သို့ လဲကျသွားလေ၏။

ကုမင်တာ့က သူ့ကို အလျင်အမြန် ဖမ်းထိန်းလိုက်ပေသည်။

နျိုနျိုလေးက နှာခေါင်းရှုံ့နေတာနဲ့ ပြောလိုက်လေ၏။

"ကိုကိုရှဲ့ရဲ့ ကိုယ်က အနံ့ဆိုးကြီး ထွက်နေတယ်..."

ကုမင်တာ့၏ စိတ်ထဲတွင်လည်း အရက်နံ့များ လွှမ်းမိုးနေသဖြင့် အနံ့မဆိုးဘဲ နေမည်လားဟု တွေးမိလေ၏။

အကယ်၍ ရှဲ့ရှင်းချွမ်းသာ ယခု သတိလစ်မူးမေ့မနေပါက ကုမင်တာ့သည် ဤကောင်လေးကို ရိုက်နှက်ဆုံးမချင်စိတ် ပေါက်သွားပေမည်။ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်က လူကြီးများကို အတုခိုးပြီး သောကပြေစေရန် အရက်ကို အသုံးပြုရဲသည်တဲ့လား။

ကုမင်တာ့က ရှဲ့ရှင်းချွမ်းကို တွဲကာ အိမ်ထဲသို့ ခေါ်သွားတော့သည်။ ယနေ့ အဖွားကုက ပစ္စည်းများစွာ ဝယ်ပေးခဲ့သော်လည်း အိမ်က ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။

ကျန်းယွင်နန်က ခေါင်းလှည့်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားရင်း ပြောလိုက်လေ၏။

"ကျွန်မ သူ့အတွက် အမူးပြေဟင်းရည်တစ်ခွက် သွားလုပ်ပေးလိုက်ဦးမယ်..."

သို့သော် မကြာမီ သူမ ပြန်ထွက်လာတော့သည်။

ကျန်းယွင်နန်က လက်ဖြန့်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"ထင်းမရှိဘူး..."

ကုမင်တာ့က သက်ပြင်းချကာ ပြောလိုက်လေ၏။

"ပိုက်ဆံနည်းနည်းပေးပြီး အိမ်နီးချင်းကို တစ်ခွက်လောက် ကူပြုတ်ပေးဖို့ သွားပြောလိုက်ပါ..."

ကုမင်တာ့တို့ သားအဖနှစ်ယောက်သည် ရှဲ့ရှင်းချွမ်းကို ပြုစုပေးရန် ကျန်ခဲ့ပြီး ကျန်းယွင်နန်က မီးအိမ်ကိုင်ကာ ဘေးအိမ်မှ အိမ်နီးချင်းထံ သွားရောက်အကူအညီတောင်းလေ၏။

ဘေးအိမ်မှ လူလတ်ပိုင်းသည်လည်း စိတ်သဘောထားကောင်းသူ ဖြစ်ပေသည်။

သူသည် အကူအညီတောင်းခံမှုကို ကြားပြီးနောက် ငွေကို ယူကာ သူ၏ ဇနီးသည်အား မီးမွှေး၍ ဟင်းရည်ပြုတ်ပေးရန် တိုက်တွန်းလေ၏။ မကြာမီမှာပင် သူက အမူးပြေဟင်းရည်တစ်ခွက်နှင့် ထင်းတစ်စည်းကို လာပို့ပေးတော့သည်။

ရှဲ့ရှင်းချွမ်းသည် ပထမဆုံးအကြိမ် အရက်သောက်ဖူးခြင်းဖြစ်ရာ သူ၏ခေါင်းမှာ မူးဝေနေပြီး မှိန်ပျပျ မီးရောင်ကို ဝေဝါးစွာ မြင်နေရကာ ရင်းနှီးသော ပုံရိပ်တစ်ခုက သူ့ကို ဂရုတစိုက် ပြုစုပေးနေသည်ဟု ထင်မြင်နေချေ၏။

"မေမေ..."

ရှဲ့ရှင်းချွမ်းက ရုတ်တရက် အော်ခေါ်လိုက်လေသည်။

ကျန်းယွင်နန်သည် ထိုအသံကို ကြားသောအခါ သူမ၏ မျက်ရည်များ ကျလာမတတ် ဖြစ်သွားတော့၏။ သူမက ကုမင်တာ့ကို ကလေးအား ထူမပေးရန် ပြောလိုက်ပြီးနောက် အမူးပြေဟင်းရည်ကို ယူလာခဲ့သည်။

ကျန်းယွင်နန်သည် အမူးပြေဟင်းရည်ကို ဇွန်းဖြင့်ခပ်ကာ သေချာစွာ မှုတ်ပေးပြီး ဟင်းရည် အေးသွားစေရန် သေချာစေပြီးမှ ရှဲ့ရှင်းချွမ်း၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်လေ၏။

"လာ... လိမ္မာတယ်နော်... အမူးပြေဟင်းရည်လေး နည်းနည်း သောက်လိုက်ဦး..."

အမျိုးသမီးက သူ့ကို ညင်သာစွာ ချော့မြှူနေသည်ကို နားထောင်ရင်း ရှဲ့ရှင်းချွမ်းသည် ပါးစပ်ကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကာ အမူးပြေဟင်းရည် တစ်ငုံ သောက်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ပြန်အန်ချလိုက်တော့သည်။

ကျန်းယွင်နန်က မညည်းညူဘဲ မနေနိုင်တော့ချေ။

"ဒီကလေး အရက်ဘယ်လောက်တောင် သောက်ထားတာလဲ... ဘယ်လိုလုပ် ဒီလောက်တောင် ဆိုးဆိုးရွားရွား အန်နေရတာလဲ..."

နျိုနျိုလေးက ထောင့်ရှိ အရက်အိုးအလွတ် နှစ်လုံးကို လက်ညှိုးထိုးပြလိုက်လေ၏။

ကျန်းယွင်နန်နှင့် ကုမင်တာ့တို့၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားရာ ယင်ကောင်များကိုပင် သတ်နိုင်လောက်သည်အထိ ဖြစ်သွားတော့သည်။

ကျန်းယွင်နန်က တိုးတိုးလေး ရေရွတ်လိုက်လေ၏။

"ဒီကလေးတော့ သေချင်နေပြီလား မသိဘူး... ပထမဆုံးအကြိမ်ကို ဒီလောက်အများကြီး သောက်ရသလား..."

အရက်အိုးအလွတ် နှစ်လုံးကို မြင်သောအခါ သူမ၏ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာပြီးနောက် ကုမင်တာ့အား ကလေးကို ထပ်မံထူမပေးရန် ပြောလိုက်ပြန်သည်။

ကျန်းယွင်နန်က ပြောလိုက်သည်။

"သူ ဒီအမူးပြေဟင်းရည်ကို သောက်ကိုသောက်ရမယ်..."

အရင်က သူမ၏ လှုပ်ရှားမှုများမှာ ညင်သာပြီး ဂရုတစိုက်ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဒေါသကြောင့်ဖြစ်မည် ထင်သည်၊ ပို၍ ကြမ်းတမ်းလာခဲ့ပေ၏။

ဇွန်းတစ်ချောင်းက သူ၏ပါးစပ်ထဲသို့ အတင်းအဓမ္မ ထိုးသွင်းခံလိုက်ရသကဲ့သို့ ရှဲ့ရှင်းချွမ်း ခံစားလိုက်ရတော့သည်။

တစ်ငုံသောက်ပြီးနောက် ကုမင်တာ့က သူ၏လည်ပင်းကို အတင်းမော့ကာ အမူးပြေဟင်းရည်ကို မြိုချခိုင်းလေ၏။

အရက်မူးနေသော ရှဲ့ရှင်းချွမ်းသည် တစ်နည်းနည်းဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ခံစားနေရပြီး အစောပိုင်းက ဝေဝါးစွာ မြင်ခဲ့ရသော ညင်သာသည့် အမျိုးသမီးမှာ ဘီလူးမတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဟင်းရည်ပန်းကန်ကို ကိုင်၍ သူ၏ပါးစပ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းနေသည်ဟု ထင်မှတ်နေချေ၏။

ဘေးနားရှိ ကြင်နာတတ်သော အမျိုးသားသည်လည်း ကြီးလေးသော ပြစ်ဒဏ်ခတ်သည့် အရာရှိကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ တရုတ်တိုင်းရင်းဆေးထက် ပို၍ စားရခက်သော အမူးပြေဟင်းရည်ကို သူ့အား အတင်းအကျပ် တိုက်ကျွေးနေလေသည်။ သူသည် အလွန်ခါးသက်လွန်းသဖြင့် သူ၏ ဘဝရှေ့ပိုင်းမှ နာကျင်မှုများကိုပင် ပြန်ပြောင်းမတွေးဘဲ မနေနိုင်တော့ချေ။

နျိုနျိုလေးက ရှဲ့ရှင်းချွမ်း၏ လက်ကိုကိုင်ကာ သနားစရာကောင်းလှစွာ ပြောလိုက်သည်။

"ကိုကိုရှဲ့... အမူးမြန်မြန်ပြေအောင် အမူးပြေဟင်းရည်များများ သောက်ရမယ်နော်..."

သို့သော် ရှဲ့ရှင်းချွမ်း၏ အမြင်တွင်မူ မူလက ချစ်စရာကောင်းပြီး လှပသော နတ်သမီးလေးမှာ ကိုင်တွယ်ရခက်သော ကလေးဆိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟုသာ ခံစားနေရပေသည်။

ရှဲ့ရှင်းချွမ်းမှာ အမူးပြေဟင်းရည် တစ်ဝက်ကို အတင်းအကျပ် တိုက်ခံလိုက်ရသဖြင့် သူ၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့၏။

ကုမင်တာ့က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်လေသည်။ ရှဲ့ရှင်းချွမ်း၏ မျက်နှာအမူအရာမှာ အလွန်ကြည့်ရဆိုးနေပေ၏။

"ဆက်တိုက်ရဦးမှာလား... သူ အရမ်းနေရခက်နေပုံပဲ..."

ကျန်းယွင်နန်က ရှဲ့ရှင်းချွမ်းကို စူးရဲစွာ ကြည့်ကာ ပြောလိုက်သည်။

"ဟွန်း... သိပ်အများကြီး မတိုက်နဲ့ပေါ့... သူ့အမူး ဘယ်လိုပြေသွားမလဲ... ရှင် မေ့နေပြီလား... ကျွန်မတို့ ရွာမှာ လူကြီးတွေရဲ့ မြှောက်ထိုးပင့်ကော်လုပ်တာကို ခံရပြီး အရက်သောက်မိလို့ အဖျားကြီးသွားတဲ့ ကလေးတစ်ယောက် ရှိဖူးတယ်လေ... နောက်ဆုံးတော့ ငတုံးတစ်ယောက်လို ဖြစ်သွားတာပဲ..."

ကုမင်တာ့ ထိုစကားကို ကြားသောအခါ သူ၏ရင်ထဲရှိ သနားညှာတာမှုများ ရုတ်တရက် လွင့်စင်သွားတော့၏။

"သောက်ရမယ်... အကုန်လုံး တိုက်ပစ်ရမယ်..."

ဇနီးမောင်နှံနှစ်ဦးသည် ကျန်နေသော အမူးပြေဟင်းရည် တစ်ဝက်ကို ရှဲ့ရှင်းချွမ်း၏ ပါးစပ်ထဲသို့ ဝိုင်းလောင်းထည့်လိုက်ကြလေသည်။

ရှဲ့ရှင်းချွမ်းသည် ကြီးမားပြီး စားရခက်လှသော အမူးပြေဟင်းရည် တစ်ပန်းကန်လုံးကို သောက်ပြီးသွားသောအခါ သူ၏ဝိညာဉ်မှာ ကောင်းကင်ယံတွင် လွင့်မျောနေသကဲ့သို့သာ ခံစားရတော့သည်။

သူက မူးဝေဝေဖြင့် တွေးလိုက်မိ၏။ အကယ်၍ ဤသည်က အရက်သောက်ခြင်းအတွက် ပြစ်ဒဏ်ဆိုလျှင် သူ တကယ်ပဲ နောက်တစ်ခါ ဘယ်တော့မှ အရက်မသောက်သင့်တော့ပေ။

ကျန်းယွင်နန်က သူမ၏ ခင်ပွန်းကို မေးလိုက်လေသည်။

"ဒီကလေးရဲ့ မျက်နှာက တော်တော်လေး ပိုကောင်းလာပြီလို့ ရှင် မထင်ဘူးလား..."

ကုမင်တာ့က မီးရောင်မှတစ်ဆင့် ရှဲ့ရှင်းချွမ်း၏ မျက်နှာကို ဂရုတစိုက် ကြည့်ရှုကာ ပြောလိုက်သည်။

"တော်တော်လေး ပိုကောင်းလာပါပြီ... ဒီအမူးပြေဟင်းရည်က အာနိသင်ရှိတယ်ဆိုတာ ပြနေတာပဲ..."

နျိုနျိုလေးကလည်း ခေါင်းကို အားရပါးရ ညိတ်ကာ ပြောလိုက်လေ၏။

"ဖေဖေနဲ့ မေမေက ကိုကိုရှဲ့ကို သေချာ ပြုစုပေးတယ်... ဒီည သမီးတို့ အိမ်မပြန်ဘဲ ကိုကိုရှဲ့ကို ပြုစုဖို့ ဒီမှာပဲ နေကြမလား..."

ကုမင်တာ့သည် သူမ၏ စကားကြောင့် သတိရသွားကာ ဘယ်ညာကို ကြည့်လိုက်တော့သည်။ ဤနေရာတွင် မိသားစုသုံးယောက် အနားယူရန် အနေအထားမျိုး မရှိချေ။

ကုမင်တာ့က တိုးတိုးလေး ပြောလိုက်သည်။

"ဖေဖေ သမီးတို့ကို အရင် ပြန်ပို့ပေးမယ်... ပြီးမှ ဖေဖေ သူ့ကို လာစောင့်ပေးမယ်..."

ကျန်းယွင်နန်က ခေါင်းညိတ်လိုက်ပြီး နျိုနျိုလေးနှင့်အတူ ထွက်ခွာရန် ပြင်လိုက်ပေသည်။

သို့သော် ကုတင်ပေါ်တွင် အိပ်ပျော်နေဆဲဖြစ်ကာ မည်သူမည်ဝါမှန်း မသိသော ရှဲ့ရှင်းချွမ်းက ရုတ်တရက် အော်ခေါ်လိုက်လေ၏။

"မေမေ..."

All Chapters