← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄ - လုံးဝစားလို့မကောင်းဘူး

ကျန်းယွင်နန်၏ ခြေလှမ်းများမှာ တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားတော့သည်။

သူမက ခေါင်းလှည့်လိုက်ပြီး မှိန်ပျပျ မီးရောင်အောက်တွင် တစ်ကိုယ်လုံး ကွေးကွေးလေးဖြစ်နေချိန်၌ပင် ထူးထူးခြားခြား သန်မာပုံရသော ကုတင်ပေါ်ရှိ ကလေးကို ကြည့်လိုက်လေ၏။

ဤကလေးအပေါ် သနားကြင်နာစိတ်မှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပေသည်။

ကုတင်ပေါ်တွင် လှဲလျောင်းနေသော ရှဲ့ရှင်းချွမ်းက ဆက်လက်၍ အော်ခေါ်နေဆဲပင်။

"မေမေ..."

ကျန်းယွင်နန်၏ ရင်ထဲတွင် တစ်စုံတစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့၏။

ကျန်းယွင်နန်က ကုမင်တာ့အား ပြောလိုက်လေသည်။

"ရှင် နျိုနျိုလေးကိုပဲ ပြန်ပို့လိုက်ပါလား... ကျွန်မ ဒီမှာ သူ့ကို စောင့်ပေးလိုက်မယ်..."

ထိုစကားကို ကြားသောအခါ ကုမင်တာ့ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

"မင်း ဒီကလေးကို သနားတယ်ဆိုတာ ကိုယ် သိပါတယ်... ဒါပေမဲ့ လူတွေရဲ့ အပြောအဆိုက ကြောက်စရာကောင်းတယ်လေ..."

ရှဲ့ရှင်းချွမ်းမှာ ဆယ့်နှစ်နှစ်အရွယ်ဖြစ်ပြီး သူမမှာ နှစ်ဆယ်ကျော်အရွယ် ဖြစ်လေသည်။ အကယ်၍ အိမ်နီးချင်းများက သူတို့နှစ်ဦး တစ်ခန်းတည်းတွင် အတူရှိနေသည်ကို မြင်ပါက အတင်းအဖျင်း ပြောကြပေလိမ့်မည်။

ကုမင်တာ့သည် သူ၏ဇနီး မျက်နှာပေါ်ရှိ ပြည့်လျှံလုမတတ် သနားကြင်နာမှုများကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်တော့၏။

"ကိုယ် နျိုနျိုလေးကို အရင်ပြန်ပို့ပေးမယ်... ပြီးမှ ကိုယ်တို့တူတူ ဒီမှာ သူ့ကို စောင့်ပေးကြတာပေါ့..."

ကျန်းယွင်နန်က သူမ၏ ခင်ပွန်းကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်ပေသည်။

သို့သော် နျိုနျိုလေးက ပြဿနာထပ်ရှာပြန်လေ၏။

"မပြန်ဘူး... သမီး မပြန်ဘူး... ဒီမှာပဲ ကိုကိုရှဲ့ကို ပြုစုပေးချင်တယ်..."

ကျန်းယွင်နန်က မေးလိုက်သည်။

"သမီးက လူတွေကို ဘယ်လိုပြုစုရမလဲဆိုတာ သိလို့လား..."

နျိုနျိုလေးက ချက်ချင်းပင် လက်ကိုင်ပုဝါကို ထုတ်ယူကာ ရေစွတ်ပြီး ကုတင်ဘေးတွင် မှီလျက် ရှဲ့ရှင်းချွမ်း၏ နဖူးပေါ်ရှိ ချွေးများကို ညင်သာစွာ သုတ်ပေးလိုက်လေ၏။ ထို့နောက် သူမက ရှဲ့ရှင်းချွမ်း၏ ကော်လာကို ဂရုတစိုက် ဖြေပေးကာ စောင်လွှမ်းပေးလိုက်တော့သည်။

ကုမင်တာ့က မနာလိုဟန်ဖြင့် ပြောလိုက်သည်။

"အို... တို့ရဲ့ နျိုနျိုလေးက တကယ်ပဲ လူတွေကို ဘယ်လိုပြုစုရမလဲဆိုတာ သိနေတာကိုး..."

ဖခင်တစ်ဦးဖြစ်သူ သူပင်လျှင် နျိုနျိုလေး၏ ပြုစုယုယမှုကို အကြိမ်အနည်းငယ်မျှပင် မခံစားဖူးသော်လည်း ရှဲ့ရှင်းချွမ်းက အလွန်ကံကောင်းနေချေသည်။

နျိုနျိုလေးက နောက်သို့လှည့်ကာ မေးလိုက်လေ၏။

"မေမေ... သမီး နေခဲ့လို့ ရမလား... ကိုကိုရှဲ့က သမီးရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ထင်တယ်... ညဘက်ကြီး ဖေဖေနဲ့ မေမေ ဟိုပြေးဒီပြေးလုပ်ရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ..."

ကျန်းယွင်နန်သည် သူမက ထိုသို့လုပ်ရန် တင်းခံနေသည်ကို မြင်သောအခါ သူမ၏ ခင်ပွန်းကို ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

ကျန်းယွင်နန်က ပြောလိုက်သည်။

"နေခဲ့လို့ရတယ်... ဒါပေမဲ့ သမီး ပင်ပန်းတယ်လို့ ခံစားရရင် ဖေဖေနဲ့ မေမေ့ကို ပြောနော်... ဖေဖေတို့ သမီးကို ပြန်ပို့ပေးမယ် သိလား..."

နျိုနျိုလေးက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် ရှဲ့ရှင်းချွမ်း၏ ကုတင်ဘေးသို့ ပြေးသွားကာ သူ၏နဖူးပေါ်ရှိ ချွေးများကို လက်ကိုင်ပုဝါဖြင့် ဆက်လက်သုတ်ပေးနေလေ၏။

နျိုနျိုလေးက ရုတ်တရက် ပြောလိုက်သည်။

"ကိုကိုရှဲ့ ချွေးတွေ ထွက်နေတယ်..."

ထိုစကားကို ကြားသောအခါ ကုမင်တာ့သည် ချက်ချင်း သတိဝင်သွားပြီး ရှေ့သို့တိုးကာ သူ၏လက်ဖဝါးကို ရှဲ့ရှင်းချွမ်း၏ နဖူးပေါ်သို့ တင်ကြည့်လိုက်လေ၏။

"အဆင်ပြေပါတယ်... အဖျားမရှိဘူး... ချွေးထွက်ရုံသက်သက်ပါပဲ..."

နျိုနျိုလေးက ချွေးများကို ထပ်သုတ်ပေးရင်း မေးလိုက်တော့သည်။

"ကိုကိုရှဲ့က ညဘက် အရက်ပဲသောက်ပြီး တခြား ဘာမှမစားထားဘူးလား..."

ကျန်းယွင်နန် ထိုစကားကို ကြားသောအခါ သူမ ယူလာသော အစားအသောက်များကို သတိရသွားပြီး ကုမင်တာ့အား ကလေးကို ထူမပေးရန် ပြောလိုက်လေ၏။

ကျန်းယွင်နန်က ပြောလိုက်သည်။

"သူ့ကို အရင်ဆုံး တစ်ခုခု ကျွေးပြီး အစာခံထားရမယ်... ဒီအတိုင်း ဗိုက်ဆာခံနေလို့ မဖြစ်ဘူး..."

သို့သော် ထူမခံလိုက်ရသော ရှဲ့ရှင်းချွမ်းသည် ရုတ်တရက် ရှေ့သို့ ငိုက်ကျသွားကာ ဆက်လက်၍ မထိန်းချုပ်နိုင်တော့သည့်အလား ခေါင်းကိုစောင်းပြီး အန်ချလိုက်တော့၏။

အိမ်လေးထဲတွင် အန်ထုတ်ထားသော အစားအစာများ၏ ချဉ်စူးစူး အနံ့အသက်များ ရုတ်တရက် ပြည့်နှံ့သွားလေသည်။

ရှဲ့ရှင်းချွမ်းက ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"နေရခက်လိုက်တာ..."

ကျန်းယွင်နန်က သူ့ကို သနားကြင်နာစွာ ကြည့်လိုက်ပြီးနောက် နောက်ကျောမှ ရေခွက်တစ်ခွက်ကို ယူကာ သူ၏ပါးစပ်ထဲသို့ ခွံ့ပေးလိုက်တော့၏။

ရှဲ့ရှင်းချွမ်းသည် ရေခွက်ကို လုသောက်လုမတတ် ဖြစ်သွားလေသည်။

ရှဲ့ရှင်းချွမ်းက ကျန်းယွင်နန်အား ပြောလိုက်သည်။

"မေမေ... သား ခေါင်းအရမ်းကိုက်တယ်..."

သူသည် အရပ်ရှည်လာသော်လည်း တကယ်တမ်းတွင်မူ အသက်ဆယ့်နှစ်နှစ်သာ ရှိသေးပေသည်။ သူ၏ အရက်နာကျသော ခေါင်းကိုက်မှုက သူ့ကို တစ်စုံတစ်ရာသော အထောက်အပံ့မျိုး ရှာဖွေချင်စိတ်ကို အထူးဖြစ်ပေါ်စေလေ၏။

ဤအချိန်တွင် သူ၏မျက်လုံးများမှာ ဝေဝါးနေပြီး သူ့ရှေ့မှ လူမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာ မမြင်နိုင်တော့ဘဲ ကျန်းယွင်နန်၏ အင်္ကျီလက်ကိုသာ ဆုပ်ကိုင်ထားတော့သည်။

"အရမ်းနာတယ် မေမေ... သား ခေါင်းကိုက်တယ် မျက်နှာလည်း နာတယ်..."

သူ၏ အော်ခေါ်မှုကြောင့် ကျန်းယွင်နန်၏ ရင်ကွဲအက်လုမတတ် ဖြစ်သွားရလေ၏။ သဘာဝတရား၏ ရက်စက်ခြင်းကို ခံရကာ နန်းတော်ထဲသို့ အပို့ခံလိုက်ရသော လူကုန်ကူးသူများလက်သို့ ပါသွားသည့် သူမ၏ ပျောက်ဆုံးနေသော ဒုတိယသားလေးကို ဝေဝါးစွာ မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရပေသည်။

ထိုမျှ အရွယ်ရောက်နေသော ကလေးတစ်ယောက်သည် နန်းတွင်းပြစ်ဒဏ်၏ နာကျင်မှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

နျိုနျိုလေးက ကုတင်ပေါ်သို့ တက်သွားကာ ရှဲ့ရှင်းချွမ်း၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ညင်သာစွာ ဖြေပေးလိုက်လေသည်။

"နျိုနျိုလေး... မလုပ်နဲ့..."

နျိုနျိုလေး၏ လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လွန်းသဖြင့် ကုမင်တာ့၏ တားဆီးမှုမှာ တစ်လှမ်း နောက်ကျသွားခဲ့တော့၏။

နျိုနျိုလေးက တိုးတိုးလေး ပြောလိုက်သည်။

"ကိုကိုက မျက်နှာနာတယ်လို့ ပြောတယ်လေ... မျက်နှာဖုံးက ဖိထားလို့ သူ နေရခက်နေတာလားလို့..."

မျက်နှာဖုံး ပြုတ်ကျသွားသောအခါ အမာရွတ်များနှင့် ပြည့်နှက်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာလေ၏။

ကုမင်တာ့က သက်ပြင်းချလိုက်သည်။

ရှဲ့ရှင်းချွမ်းသည် သူ၏မျက်နှာဖုံးကို ချွတ်ရန် မကြိုက်နှစ်သက်ပေ။ ကလေးနိုးလာပါက စိတ်မပျော်မည်ကို သူ စိုးရိမ်မိလေ၏။

ကုမင်တာ့က ပြောလိုက်သည်။

"ထားလိုက်ပါတော့... သူ့ရဲ့ မျက်နှာဖုံးအောက်က မျက်နှာကို ဖေဖေတို့အားလုံး မြင်ဖူးပြီးသားပါ... ဒီကိစ္စကြောင့် သူ သမီးကို စိတ်ဆိုးမှာ မဟုတ်ပါဘူး..."

နျိုနျိုလေးက ရင်ကော့ကာ ပြောလိုက်လေ၏။

"ကိုကိုရှဲ့က စိတ်သဘောထား အကောင်းဆုံးပဲ... ဒါကြောင့် သမီးကို အပြစ်တင်မှာ မဟုတ်ပါဘူး..."

တစ်နှစ်ပတ်လုံး အေးစက်နေတတ်သော ရှဲ့ရှင်းချွမ်း၏ မျက်နှာကို ကုမင်တာ့ တွေးမိကာ နျိုနျိုလေး၏ ယုံကြည်မှုမှာ မည်သည့်နေရာမှ လာသနည်းဆိုသည်ကို နားမလည်နိုင်တော့ချေ။

ရှဲ့ရှင်းချွမ်း အန်ထုတ်ထားသော အညစ်အကြေးပုံကို ကျန်းယွင်နန်က မြေကြီးတူးကာ ဖုံးအုပ်လိုက်လေ၏။ အိမ်ထဲရှိ အနံ့ဆိုးများမှာ နောက်ဆုံးတွင် အနည်းငယ် လွင့်စင်သွားတော့သည်။

ဇနီးမောင်နှံနှစ်ဦးသည် ရှဲ့ရှင်းချွမ်းကို အစားအစာအချို့ ကျွေးချင်သော်လည်း ကလေးက စားရမည်ဟု ကြားသောအခါ ပါးစပ်ကို တင်းတင်းစေ့ထားလေ၏။ သူတို့နှစ်ဦးစလုံး ပါးစပ်ကို ဖွင့်မရသဖြင့် လက်လျှော့လိုက်ရတော့သည်။

ကျန်းယွင်နန်က တိုးတိုးလေး သတိပေးလိုက်လေ၏။

"ကလေးကို ဘေးစောင်းအိပ်ခိုင်းလိုက်... ပက်လက်အိပ်ပျော်သွားရင် ထပ်အန်တဲ့အခါ လည်ချောင်းထဲဆို့သွားနိုင်တယ်... သူ ဘယ်လောက်တောင် နေရခက်နေမလဲ..."

ကုမင်တာ့က ရှဲ့ရှင်းချွမ်း၏ ခန္ဓာကိုယ်ကို ညင်သာစွာ လှည့်ပေးလိုက်တော့သည်။

မူလက ရှဲ့ရှင်းချွမ်းကို ပြုစုချင်နေသော နျိုနျိုလေးမှာ ဤအချိန်တွင် မျက်လုံးများကို မပွတ်ဘဲ မနေနိုင်တော့ချေ။

ကျန်းယွင်နန်က တိုးတိုးလေး သတိပေးလိုက်လေ၏။

"လိမ္မာတဲ့ကလေးလေး... အရင်ဆုံး တစ်ခုခု စားပြီးမှ အိပ်နော်... သမီး ညဘက် ဘာမှမစားရသေးဘူးလေ..."

သူမက ပူနွေးသော အစားအစာအချို့ကို နျိုနျိုလေးအား ခွံ့ကျွေးလိုက်သည်။

စားနေစဉ်မှာပင် နျိုနျိုလေးသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေလေ၏။ ကြက်ကလေး စပါးစေ့ကောက်နေသကဲ့သို့ အလွန်အိပ်ငိုက်နေပုံရတော့သည်။

"ကုန်တော့မယ်..."

ကျန်းယွင်နန်က ထပ်ပြောလိုက်လေ၏။

"လိမ္မာတယ်နော်... ခြံထဲသွားပြီး နှစ်ပတ်လောက် လမ်းလျှောက်ပြီးမှ ပြန်လာအိပ်..."

နျိုနျိုလေးသည် ကုလားထိုင်ပေါ်တွင် မှီလျက် မထချင်တော့ချေ။ သူမ အလွန် အိပ်ငိုက်နေပြီ ဖြစ်ပေသည်။

ကျန်းယွင်နန်က ကလေးကို ချီချကာ ခြံထဲတွင် ညင်သာပြီး ပြတ်သားစွာဖြင့် နှစ်ပတ်ခန့် လမ်းလျှောက်စေလိုက်တော့၏။

ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်သည်။

"စားပြီးပြီးချင်း ချက်ချင်း အိပ်ရာမဝင်ရဘူးလေ... အနည်းဆုံးတော့ အစာကြေအောင် နေရဦးမယ်..."

နျိုနျိုလေးသည် အလွန်အိပ်ငိုက်နေသဖြင့် ဤအချိန်တွင် မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။ သူမက မျက်လုံးမှိတ်လျက် လက်များကို ဆန့်ထုတ်ကာ ဖက်ထားပေးရန် တောင်းဆိုသည့် ဟန်ပန်ပြုလုပ်လေ၏။

ကျန်းယွင်နန်သည် သူမကို ဘာမှမတတ်နိုင်တော့သဖြင့် ကံကြမ္မာကို လက်ခံလိုက်သည့်အလား ကလေးကို ပွေ့ချီလိုက်တော့သည်။ ပွေ့ချီလိုက်သည့် အချိန်မှာပင် နျိုနျိုလေးက ခေါင်းစောင်းကာ ကျန်းယွင်နန်၏ ပခုံးပေါ်သို့ မှီကျသွားလေ၏။

ကျန်းယွင်နန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကလေးကိုပွေ့ချီလျက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ရပေသည်။

"အိပ်ပျော်သွားပြီလား..."

ကျန်းယွင်နန်၏ ရှုထောင့်မှကြည့်လျှင် သူမ၏ပခုံးနောက်တွင် နစ်မြုပ်နေသော နျိုနျိုလေး၏ မျက်နှာကို မမြင်ရချေ။

ကုမင်တာ့က ခေါင်းညိတ်ပြပြီးနောက် ကုတင်၏ အခြားတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်လေသည်။

ကျန်းယွင်နန်သည် နျိုနျိုလေးကို သတိထားကာ ချသိပ်ပြီးနောက် စောင်ခြုံပေးလိုက်ပြီး ခေါင်းလှည့်ကာ မြေပြင်ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်တော့၏။

ရှဲ့ရှင်းချွမ်း ထပ်အန်ထားပြန်လေသည်။

ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်သည်။

"ဒီလောက်တောင် အန်နေတာ ဗိုက်ထဲမှာ ဘာအစာမှ ကျန်တော့မှာ မဟုတ်ဘူး... ဗိုက်ဆာနေတာ ဘယ်လိုပုံစံဖြစ်နေမလဲ..."

ကုမင်တာ့က ရွေးချယ်စရာမရှိဘဲ ပြောလိုက်လေ၏။

"ဒီကလေးက စားရမယ်လို့ ကြားတာနဲ့ ပါးစပ်ကို တင်းတင်းပိတ်ထားတာလေ... အခုတော့ တစ်နပ်စာ အငတ်ခံရုံပဲ ရှိတော့တာပေါ့..."

ကျန်းယွင်နန်က မြေကြီး အနည်းငယ် ထပ်တူးကာ အန်ဖတ်အသစ်များကို ဖုံးအုပ်လိုက်တော့သည်။

ကလေးနှစ်ယောက်က ကုတင်ပေါ်တွင် အိပ်ပျော်နေပြီး ဇနီးမောင်နှံနှစ်ဦးက ကုလားထိုင်ပေါ်တွင် တစ်ညလုံး ထိုင်နေခဲ့ကြလေသည်။ စိတ်မချရသေးသဖြင့် ရှဲ့ရှင်းချွမ်းသည် နောက်ထပ် နှစ်ကြိမ်ခန့် အန်ခဲ့သေးပေ၏။

မိုးလင်းသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများတွင် သွေးကြောနီမျနီား ယှက်သန်းနေတော့သည်။

"ကျွန်မ တစ်ခုခု သွားလုပ်လိုက်ဦးမယ်..."

ကျန်းယွင်နန်က ခန္ဓာကိုယ်ကို ထိန်းကာ မနက်စာလုပ်ရန် မီးဖိုချောင်ထဲသို့ ဝင်ချင်နေလေ၏။

ကုမင်တာ့က သူမကို တားကာ ပြောလိုက်သည်။

"ဘေးအိမ်ကလူတွေ ထလာတဲ့အသံ ကြားတယ်... ပိုက်ဆံနည်းနည်းပေးပြီး ဘေးအိမ်ကို စားစရာတစ်ခုခု လုပ်ခိုင်းလိုက်ပါ... မင်း မျက်လုံးလေးမှိတ်ပြီး ခဏလောက် အနားယူလိုက်ဦး..."

အိမ်နီးချင်းများမှာ အပိုဝင်ငွေ ရရှိသဖြင့် အလွန် ဝမ်းသာနေကြပေသည်။

သက်လတ်ပိုင်းအရွယ်ခန့်ရှိသောလူက ပြုံးကာ ပြောလိုက်လေ၏။

"အဆင်ပြေပါတယ်... ခင်ဗျားတို့ သဘောကျရင် ပြီးတာပါပဲ... ကျုပ်မိန်းမ လုပ်တဲ့ အစားအစာကို မကြိုက်တဲ့သူ ရှိလို့လား..."

ကုမင်တာ့ ထိုစကားကို ပထမဆုံးကြားလိုက်ရချိန်တွင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရတော့သည်။ ညဉ့်နက်သည်အထိ နေခဲ့ရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သူ၏ဦးနှောက်မှာ အလုပ်လုပ်နှေးကွေးနေပြီး အသေအချာ မတွေးတောနိုင်ခဲ့ချေ။

ဘေးအိမ်မှ ဇနီးမောင်နှံက ပြင်ဆင်ထားသော မနက်စာကို ကြိုးစားပမ်းစား လာပို့ချိန်တွင် ရှဲ့ရှင်းချွမ်းလည်း နိုးလာလေ၏။

သူတို့လေးယောက် စားပွဲတွင် ထိုင်ကာ ပန်းကန်ကို ကောက်ကိုင်၍ တစ်လုတ်မျှ စားကြည့်လိုက်ချိန်တွင် လေးယောက်စလုံး အတူတူ ပြန်ထွေးထုတ်လုမတတ် ဖြစ်သွားကြတော့သည်။

နျိုနျိုလေးက သူမ၏ မျက်နှာလေးကို ရှုံ့မဲ့ကာ ပြောလိုက်လေသည်။

"လုံးဝစားလို့မကောင်းဘူး..."

All Chapters