← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇ - အကောင်းဆုံး

ထိုအဘွားကြီးများက အဖွားကုကို မြှောက်ပင့်နေကြသော်လည်း အဖွားကုသည် သူမ ငွေရှာနိုင်သည့် အရာများကို မကြာခဏ ကြွားလုံးထုတ်လေ့ရှိသဖြင့် အဖွားအိုကို ဂရုစိုက်ချင်သော အကြံရှိသည့် အဘွားကြီးတစ်ဦးလည်း ရှိနေပေ၏။

အဖွားအိုမှာ အသက်အရွယ်ရလာပြီး ရင့်ကျက်သူဖြစ်ရာ ဤစကားများ၏ အဓိပ္ပာယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

"အို... ဒါကို ငါ ထပ်စဉ်းစားရဦးမယ်... လူတွေ အသက်ကြီးလာရင် ကိုယ့်သားကိုပဲ အားကိုးရတာ မဟုတ်ဘူးလား... အခု ငါက အရာရာကို ငါ့သားစကားပဲ နားထောင်တာလေ..."

အဖွားကုသည် ထိုလူများ ဆက်လက်မေးမြန်းခြင်းကို တားဆီးရန် ကုမင်တာ့ကို အကြောင်းပြချက်အဖြစ် အသုံးပြုလိုက်လေ၏။

"အဖွားက တကယ့်ကို ကံကောင်းတာပဲ... အနာဂတ်ရှိတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်... ကျွန်မတို့ထဲက ဘယ်သူမှ ယှဉ်လို့မရပါဘူး..."

"ဟုတ်တယ်... ဒီလိုကောင်းတဲ့သားကို အဖွား ဘယ်လိုများ ဆုံးမသွန်သင်ခဲ့တာလဲ မသိဘူးနော်..."

အခြား အဘွားကြီးများမှာ အတင်းအကျပ် ဆက်လက်မြှောက်ပင့်နေကြရပြန်လေ၏။

အဖွားကုတွင် သားသမီးပြုစုပျိုးထောင်ခြင်း အတွေ့အကြုံ မည်သည့်နေရာမှ ရှိပါမည်နည်း။ ကုမင်တာ့သည် သူ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ဝင်စားလာခြင်း ဖြစ်ပေသည်။ အဖွားကု လုပ်နိုင်သမျှမှာ နောက်ဆုတ်မသွားစေရန် ကြိုးစားခြင်းပင် ဖြစ်လေ၏။

"သူ့ရဲ့ စာပေသင်ကြားမှုတွေကို ငါ သိပ်ဂရုမစိုက်ပါဘူး... ပညာသင်စာမေးပွဲ ဖြေတုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုတောင် ကိုယ်တိုင် ရင်ဆိုင်ကျော်ဖြတ်ခဲ့တာလေ... ဒီကလေးက ဒီလောက် ပါရမီပါပြီး ဟွီယွမ်တောင် ပေါ့ပေါ့ပါးပါး အောင်မြင်နိုင်မယ်လို့ ငါ မသိခဲ့ဘူး... ဟွီယွမ်ဆိုတာ နားလည်လား... စာမေးပွဲမှာ ပထမဆုံးရတာလေ... စာမေးပွဲ အတူတူဖြေတဲ့ ဖြေဆိုသူတွေ အများကြီးထဲမှာ ပထမနေရာက တစ်နေရာတည်း ရှိတာနော်..."

အဖွားကု ဤသို့ပြောလိုက်သောအခါ သူမ၏ မျက်နှာပေါ်ရှိ ကြွားလုံးထုတ်ချင်စိတ်များမှာ ပြည့်လျှံလုမတတ် ဖြစ်နေတော့၏။

အခြား အဘွားကြီးများမှာ မျက်စိကျိန်းနေကြသော်လည်း ထောက်ခံရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။

"အဖွားရဲ့ ချွေးမကလည်း သာမန်တောသူလေး ဖြစ်ဖို့ပဲ ကံပါလာတာလေ... ဘာမှမလုပ်ဘဲနဲ့ အရာရှိကတော် ဖြစ်လာနိုင်တယ်..."

မကောင်းသော ရည်ရွယ်ချက်ရှိသည့် အဘွားကြီးက တမင်သက်သက် ပြောလိုက်လေသည်။

"သူ့ရဲ့ မိဘအိမ်မှာ လူမရှိဘူးလို့ ကြားတယ်... ဒါကြောင့် သူက တကယ်ပဲ ကံကောင်းတာ..."

မြို့တော်တွင် နေထိုင်သူများသည် စာမေးပွဲကျင်းပချိန်အတွင်း နှစ်စဉ်နှစ်တိုင်း ကြီးမားသော လှုပ်ရှားမှုများကို တွေ့မြင်နိုင်ပေသည်။ အရာရှိအဖြစ် အောင်မြင်ပြီးနောက် သူတို့၏ မျက်နှာဝါကြန့်ကြန့် ဇနီးသည်များကို သဘောမကျတော့ဘဲ ဇနီးကို ကွာရှင်းကာ အခြားတစ်ယောက်နှင့် လက်ထပ်ခြင်းမှာ မဆန်းတော့ချေ။

ဤအဘွားကြီးတစ်စုသည် ဤအချိန်တွင် ထိုသို့သော အကြံအစည်များကို စဉ်းစားနေကြခြင်း ဖြစ်လေ၏။ အဖွားကုက အနည်းဆုံးတော့ ကုမင်တာ့ကို မွေးဖွားပေးခဲ့သည်။ မျိုးရိုးနိမ့်ကျသော နေရာမှ လာသည့် ကျန်းယွင်နန်ကဲ့သို့သော တောသူမတစ်ယောက်က အဘယ်ကြောင့် အရာရှိကတော် ဖြစ်လာရမည်နည်း။

မျှော်လင့်မထားဘဲ သူတို့၏ ရန်တိုက်ပေးသော စကားများမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

အဖွားကု ထိုစကားကို ကြားသောအခါ သူတို့၏ စကားနောက်သို့ လိုက်ကာ ပြောလိုက်လေ၏။

"ဟုတ်တယ်... ငါ့ချွေးမက ကံကောင်းတဲ့သူလေ... ချွေးမသုံးယောက်ထဲမှာ သူက အသိတတ်ဆုံး အလိမ္မာဆုံးနဲ့ ငါ့ကို အပျော်ရွှင်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အသိဆုံးပဲ... သူနဲ့ ငါ့သားက ဆက်ဆံရေး အရမ်းကောင်းတယ်... သူတို့ လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင် ရှိနေတာကို တွေးကြည့်လိုက်ရင် ငါ စိတ်ချမ်းသာတယ်..."

အခြား အဘွားကြီးများသည် အဖွားကုက ယွင်နန်အား ချီးကျူးနေသည်ကို ပုံမှန်ကြားနေရလေ၏။ ကုမင်တာ့ ဟွီယွမ်ဖြစ်လာပြီးနောက် အဖွားကု၏ သဘောထား ပြောင်းလဲမသွားခြင်းကိုမူ မထင်ထားခဲ့ကြချေ။

သူမက သူမ၏ချွေးမကို တကယ်ပဲ သဘောကျနေတာလား။

ထိုနေရာကို တွေးမိသောအခါ အဘွားကြီးများ၏ ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားကြတော့၏။ မည်သို့ပင်ဆိုစေ သူတို့ ကိုယ်တိုင်နှင့် အခြားသူများအပေါ် မူတည်ပေသည်။

သူတို့သည် ယောက္ခမ၏ အရှက်ခွဲခြင်းကို ခံခဲ့ရပြီး အရှက်မရှိသော ယောက္ခမများ ဖြစ်လာခဲ့ကြလေ၏။ ဤလောကရှိ မည်သည့် ယောက္ခမမှ မိမိ၏ချွေးမကို အမှန်တကယ် မချစ်ကြဟု သူတို့ သဘာဝကျကျပင် ခံစားခဲ့ရသည်။

သို့သော် အဖွားကုမှာကား ကွဲပြားလေ၏။

အဖွားကုသည် အခက်အခဲများကို ကြုံတွေ့ခဲ့ဖူးသော်လည်း ယောက္ခမပေးသော ဒုက္ခကို တစ်ခါမှ မကြုံခဲ့ရပေ။ အဘိုးကုသည် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေရန် တစ်ခါတစ်ရံ စကားအနည်းငယ် ပြောတတ်သော်လည်း ဤမျှနှစ်ပေါင်းများစွာ သူမကို ကာကွယ်ပေးခဲ့လေသည်။

အဖွားကုသည် ချွေးမကို အရှက်ခွဲသော ယောက္ခမမျိုး တစ်ခါမှ မဖြစ်ခဲ့ပေ။ ဤအချိန်တွင် သူမ၏သား စာမေးပွဲအောင်မြင်မှုကြောင့် ကျန်းယွင်နန်အား မနှစ်မြို့ခြင်းမျိုး မရှိခဲ့ချေ။

"အရာရှိလောကမှာ ကျောထောက်နောက်ခံရှိဖို့က အရမ်းအရေးကြီးတယ်လို့ ကြားတယ်... ရာထူးကြီးတဲ့ အရာရှိ ယောက္ခမရှိရင် အရာရှိဘဝက တိုးတက်မှာပဲ... ကျောထောက်နောက်ခံ မရှိရင် ပေါ့ပေါ့ပါးပါးနဲ့ ဒုက္ခပေးခံရပြီး ခက်ခက်ခဲခဲ ရထားတဲ့ အရာရှိဦးထုပ်လေး ဆုံးရှုံးသွားနိုင်တယ်..."

အဘွားကြီးတစ်ဦးက တမင်သက်သက် ပြောလိုက်လေသည်။

အဖွားကုက နားထောင်ရင်း လက်ဝှေ့ယမ်းကာ ပြောလိုက်တော့၏။

"ငါ့သားအတွက် စိုးရိမ်စရာမလိုပါဘူး... ငါ့သားရဲ့ တပည့်က တော်ဝင်မင်းသမီးကြီးရဲ့ တစ်ဦးတည်းသောသားလေ... တော်ဝင်မင်းသမီးကြီးကို သိကြလား... သူက ဧကရာဇ်မင်းမြတ်ရဲ့ တစ်ဦးတည်းသော ညီမတော်လေ..."

အဘွားကြီးများ ထိုစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများ ရုတ်တရက် မှေးမှိန်သွားကြတော့သည်။ ကုမိသားစု၏ ကံကောင်းမှုက ဤမျှလောက် ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။ မြို့တော်သို့ ရောက်ပြီး မကြာမီမှာပင် တော်ဝင်မင်းသမီးကြီးနှင့် ပတ်သက်မိသွားလေ၏။

အဖွားကုက တစ်ခုခုကို သတိရသွားပုံရပြီး ပြောလိုက်သည်။

"နင်တို့က ငါ့ကို တကယ် သတိရသွားအောင် လုပ်လိုက်တာပဲ... ငါ ပြောမယ်... ငါ့သား ဒီနေ့ အခြေအနေရောက်လာတာ ငါ့ချွေးမ ကျေးဇူးကြောင့်ပဲ..."

"ငါ့ချွေးမက နူးညံ့ပြီး ကြင်နာတတ်တယ်... သူက ငါ့သားကို ဘာပူပန်မှုမှမရှိဘဲ အရာရှိစာမေးပွဲအတွက် စာကျက်နိုင်အောင် လုပ်ပေးခဲ့တာ... ဒီလိုချွေးမကောင်းမျိုးက မီးအိမ်နဲ့ ရှာရင်တောင် တွေ့ဖို့ အရမ်းခက်တယ်..."

အဘွားကြီးများသည် သွေးခွဲရန် ရောက်လာကြခြင်းဖြစ်ပြီး အဖွားအိုက သူမ၏ချွေးမကို ချီးကျူးနေသည်ကို နားထောင်ရန် ရောက်လာကြခြင်း မဟုတ်ပေ။ ထိုစကားကို ကြားသောအခါ သူတို့မှာ ထိုနေရာမှ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွားကြတော့၏။

အဖွားကုသည် ရန်တိုက်ပေးသော စကားများကို နားမထောင်ရုံသာမက သူတို့ကို အရာရှိမိခင်ကြီး၏ ဟန်ပန်ဖြင့် အလှည့်ကျ ဆုံးမနေလေသည်။

"လင်ကတော်... နင့်ကို ငါ ပြောမယ်... နင့်ချွေးမအပေါ် ပိုကောင်းအောင် နေပါ... ကောင်မလေးက နင့်အိမ်ကို လက်ထပ်လာပြီး ဒီလောက်များတဲ့ တင်တောင်းပစ္စည်းတွေ ယူလာတာ... သာမန်လူတွေဆိုရင် လက်ထဲမှာ အမြတ်တနိုး ကိုင်ထားတာ ကြာပြီ... နင်လည်း ရလာတဲ့ ကောင်းချီးတွေကို တန်ဖိုးထားရမယ်... တခြားလူတွေက စိတ်မပျော်ရင် လှည့်ပြီး တင်တောင်းပစ္စည်းတွေနဲ့အတူ သူတို့ရဲ့ မိဘအိမ်ကို ပြန်သွားလိမ့်မယ်..."

သို့သော် ယောက္ခမလင်မှာ ထိုစကားကို ကြားရသည်မှာ ကံဆိုးသည်ဟုသာ ထင်မြင်မည် ဖြစ်လေ၏။ အကယ်၍ အဖွားကုသာ ယခုကဲ့သို့ ကွဲပြားသော အဆင့်အတန်းတစ်ခု မရှိပါက သူမသည် အဖွားကု၏ ပါးစပ်ကို ဆွဲဖြဲပစ်ချင်နေမည်မှာ သေချာပေသည်။

"အဖွားဝမ်... နင့်ချွေးမကလည်း လူကောင်းတစ်ယောက်ပါ... မိသားစုကို ထောက်ပံ့ဖို့ ပန်းထိုးအလုပ် လုပ်ရင်းနဲ့ သူမရဲ့ မျက်လုံးတွေ ပျက်စီးတော့မယ်... လူတွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံရမယ်... တစ်နေကုန် အနိုင်ကျင့်မနေနဲ့... သူတို့မှာ မိဘအိမ်မရှိရင်တောင် အော်ဟစ်ဆဲဆို ရိုက်နှက်နေရလား..."

အဖွားကုက အခြားဇနီးသည်တစ်ဦးအကြောင်းကို ထပ်ပြောလိုက်ပြန်သည်။

ယောက္ခမဝမ်မှာ နားမထောင်ဘဲ သူမ၏ချွေးမ အလုပ်ကြိုးစားလုပ်သည်ကို စောင့်ပြီးနောက် သားဖြစ်သူကို နောက်တစ်ကြိမ် လက်ထပ်ပေးရန် သူမကို ကန်ထုတ်ပစ်ရန်သာ တွေးတောနေလေ၏။

မည်သို့ပင်ဆိုစေ မြို့တော်အပြင်ဘက်ရှိ ရွာများတွင် မြို့တော်သို့ လက်ထပ်ဝင်ချင်သော မိန်းမပျိုလေးများ အများအပြား ရှိနေပေသည်။

အဖွားကုသည် ဆွံ့အသွားရတော့၏။ ထိုနေရာရှိ အဘွားကြီးများ အားလုံးကို ဆုံးမပြီးနောက် သူမက ပြောလိုက်လေသည်။

"ချွေးမကို သနားမှပဲ မိသားစုက သဟဇာတဖြစ်ပြီး လှပမှာ... ဒီလိုမှသာ ဘဝက ကောင်းမွန်မှာလေ... နင်တို့အားလုံး ငါ့ဆီကနေ ပိုလေ့လာဖို့ လိုသေးတယ်..."

အဖွားကုသည် လှည့်ကာ အိမ်ထဲသို့ ဝင်သွားတော့၏။ မိသားစုဝင်များသာ ရှိသောအခါ သူမက 'ထွီ' ဟု တံတွေးထွေးကာ ကျိန်ဆဲလိုက်လေသည်။

"ရိုသေကိုင်းရှိုင်းဟန်ဆောင်နေတဲ့ အဘွားကြီးတစ်သိုက်က ငါ့ကို ငတုံးတစ်ယောက်လို ကြည့်ပြီး ငါ့နေရာကို ယူချင်နေကြတာ... ငါတို့မိသားစုရဲ့ ဆက်ဆံရေးကို ပြဿနာဖြစ်အောင် လာလုပ်ချင်သေးတယ်... ငါ့ချွေးမ ကောင်းမကောင်းနဲ့ အရာရှိကတော် ဖြစ်ဖို့ အရည်အချင်း ပြည့်မပြည့် ငါ မသိစရာလား... သူတို့က လာပြီး စကားများနေစရာ လိုသေးလို့လား..."

ကျန်းယွင်နန် ထိုစကားကို ကြားသောအခါ ပြုံးကာ ပြောလိုက်လေ၏။

"ဒီလမ်းကြားထဲက ယောက္ခမတွေထဲမှာ မေမေက နံပါတ်တစ်ပဲ... ကျွန်မက မေမေ့ကို ကျွန်မရဲ့ ယောက္ခမအဖြစ် ရထားတာ တကယ်ပဲ ကောင်းချီးမင်္ဂလာတွေ အပြည့်ရှိတဲ့ အသိုက်တစ်ခုထဲကို ကျရောက်သွားတာပဲ..."

ကျန်းယွင်နန်သည် သူမ ချွေးမဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း ပြန်လည်တွေးတောမိလေ၏။

အသံကျယ်ကျယ်ပြောတတ်ခြင်းမှလွဲ၍ အဖွားကုသည် တစ်ခါတစ်ရံ ခဲအိုများကို ဆဲဆိုရာတွင် စကားလုံးရိုင်းစိုင်းတတ်သော်လည်း ချွေးမကို အရှက်ခွဲရန် မည်သည့်အရာမျှ မလုပ်ခဲ့ဖူးပေ။ သူမသည် အမှန်တကယ်ပင် ရှားပါးလှသော ယောက္ခမကောင်းတစ်ဦး ဖြစ်ပေသည်။

နျိုနျိုလေးကလည်း အဖွားကုထံသို့ ခုန်အုပ်ကာ မြှောက်ပင့်စကားများ ပြောလိုက်လေ၏။

"အဖွားက အကောင်းဆုံးအဖွားပဲ... အကောင်းဆုံး ယောက္ခမလည်း ဟုတ်တယ်... သူတို့က ဘယ်လိုလုပ် အဖွားနဲ့ ယှဉ်နိုင်မှာလဲ..."

အဖွားကုသည် ရုတ်တရက် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ပြုံးသွားတော့၏။ မိမိ၏ ကောင်းကွက်များကို အပြောခံရခြင်းကို မည်သူက မကြိုက်ဘဲ နေမည်နည်း။

ရှဲ့ရှင်းချွမ်းသည် ဤမိသားစု၏ ပတ်ဝန်းကျင်အခြေအနေကို ခံစားမိပြီး ရုတ်တရက် အတူတကွ ပေါင်းစည်းချင်စိတ် ပေါ်လာခဲ့သော်လည်း ဤအတွေးမှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီး သူ စကားမပြောချင်သောကြောင့် ရပ်တန့်သွားလေ၏။

နျိုနျိုလေးက ရှဲ့ရှင်းချွမ်းကို မေးလိုက်လေသည်။

"ကိုကို... သမီးတို့အဖွားက အကောင်းဆုံးအဖွား မဟုတ်ဘူးလား..."

အဖွားကုက သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်ပေသည်။

ရှဲ့ရှင်းချွမ်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေ၏။

နျိုနျိုလေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

"အဖွားက အကောင်းဆုံးအဖွားပဲ... အဘိုးကလည်း အကောင်းဆုံးအဘိုးပဲ... ဖေဖေနဲ့ မေမေကလည်း အကောင်းဆုံး မိဘတွေပဲ... ကိုကိုတွေကလည်း အကောင်းဆုံး ကိုကိုတွေပဲ... သမီးကတော့ အကောင်းဆုံး လိမ္မာတဲ့ကလေးလေးပဲ..."

လူတိုင်း ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြတော့၏။

ရှန်ချန်ဖုန်းမှာ စိုးရိမ်သွားလေသည်။

"ငါကရော... ငါက ဘယ်မှာလဲ... နျိုနျိုလေး... ကိုကို့အကြောင်း မပြောရသေးဘူးလေ..."

နျိုနျိုလေးသည် တောင်းဆိုချက်အားလုံးကို တုံ့ပြန်တတ်သူဖြစ်ရာ ခေါင်းလေးကို စောင်းကာ ပြောလိုက်တော့၏။

"ကိုကိုရှန်က အကောင်းဆုံး ကိုကိုကြီးပဲ..."

All Chapters