အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း ၂၇၉ - နန်းတွင်းစာမေးပွဲ
ကုမင်တာ့သည် အလုပ်တစ်ခုခုလုပ်လျှင် အမြဲတမ်း အာရုံစိုက်လေ့ရှိပြီး မေးခွန်းများကို အပြည့်အဝ အာရုံစိုက်ဖြေဆိုနေချိန်တွင် သူ့ရှေ့ရှိ မေးခွန်းများကိုသာ သူ မြင်နိုင်လေ၏။
သူ၏ဘေးပတ်လည်တွင် လူများ အသွားအလာရှိနေသည်ကိုပင် သူ လုံးဝ သတိမထားမိခဲ့ချေ။
ဧကရာဇ်မင်းမြတ် ထရပ်ကာ လှေကားထစ်များမှ ဆင်းလာပြီး လက်နောက်ပစ်လျက် ဖြေဆိုသူများကြားတွင် လမ်းလျှောက်နေတော့သည်။
လီယုံးနှင့် ကုမင်တာ့တို့မှာ တစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း ကုမင်တာ့၏ သမီးဖြစ်သူ သွက်လက်ပြီး ချစ်စရာကောင်းသော ကောင်မလေးကို သူ မှတ်မိနေသေး၏။
မူလက ကုမင်တာ့၏ စာမေးပွဲမေးခွန်းလွှာများကိုသာ ကြည့်ချင်ခဲ့သော်လည်း ကုမင်တာ့ကိုသာ သီးသန့်ကြည့်ပါက အလွန်သိသာလွန်းမည်ဟု တွေးမိသဖြင့် အခြားသူများ၏ဘေးမှ လှည့်ပတ်သွားနေခြင်း ဖြစ်လေသည်။
သူ လှည့်ပတ်သွားနေစဉ်မှာပင် ပြဿနာတစ်ခု ဖြစ်လာတော့၏။
ဖြေဆိုသူအချို့သည် ဗဟုသုတကောင်းမွန်သော်လည်း ကုမင်တာ့ကဲ့သို့ အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်း မရှိကြချေ။ ယနေ့ သူတို့သည် မင်းမြတ်ကို ပြန်ကြည့်နေကြရာ အနည်းငယ် စိုးရိမ်ပူပန်နေကြမည်မှာ မလွှဲမရှောင်သာဖြစ်ပြီး သူတို့၏ မျက်လုံးများက ဧကရာဇ်မင်းမြတ်နောက်သို့ မလိုက်ဘဲ မနေနိုင်ကြပေ။
ဧကရာဇ်မင်းမြတ်၏ ပုံရိပ်က သူ့အနီးသို့ ရောက်လာသောအခါ သူသည် အလွန်စိုးရိမ်သွားသဖြင့် ကလောင်တံကိုပင် မကိုင်နိုင်တော့ချေ။ သူ၏လက်တစ်ချက် တုန်သွားသဖြင့် အဖြူရောင်စက္ကူပေါ်တွင် အမည်းစက်ကြီးတစ်ခု ထင်ကျန်သွားတော့သည်။
ထို့နောက် ဖြေဆိုသူသည် ထိုကဲ့သို့ဖြစ်သွားသော စာရွက်ကိုကြည့်ကာ မျက်ရည်ကျလုမတတ် ဖြစ်သွားလေ၏။
ဧကရာဇ်မင်းမြတ်သည် လူများကို အမြဲတမ်း နှိပ်စက်နေလေ့မရှိဘဲ နှစ်ပတ်ခန့် လှည့်ပြီးနောက် အထက်နေရာသို့ ပြန်သွားတော့သည်။
နန်းတွင်းစာမေးပွဲ တစ်ခုလုံးမှာ တစ်နေကုန်ကြာမြင့်ပြီး ဖြေဆိုသူများသည် မူဝါဒရေးရာ စာစီစာကုံး သုံးပုဒ်ရေးရမည်ဖြစ်ကာ အချိန်မတိုင်မီ စာရွက်အပ်ခြင်းကို ခွင့်မပြုချေ။
ကုမင်တာ့သည် သူ၏ စာမေးပွဲကံမှာ ပိုကောင်းလာသည်ဟု ခံစားရလေ၏။ သူ ကြိုတင်လေ့ကျင့်ထားသော မူဝါဒရေးရာ စာစီစာကုံး သုံးပုဒ်အတွက် မေးခွန်းများကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။ ဤအချိန်တွင် သူ၏ ရေးသားမှုမှာ နတ်ဘုရားများ ကူညီနေသကဲ့သို့ပင်။
မွန်းတည့်ချိန်တွင် အစေခံတစ်ဦးက နန်းတော်တွင်းသို့ အစားအသောက်များ ပို့ဆောင်ပေးရန် ထမင်းချိုင့်တစ်လုံးကို သယ်ဆောင်လာလေ၏။
ကုမင်တာ့သည် စာရေးနေသည်ကို ရပ်လိုက်ပြီး မေးခွန်းလွှာများနှင့် စာရွက်များကို တစ်ဖက်သို့ ဂရုတစိုက် ပိတ်သိမ်းထားလိုက်ကာ ထမင်းချိုင့်ကိုဖွင့်၍ အထဲမှ အစားအသောက်များကို ထုတ်ယူလိုက်တော့သည်။
စားသောက်ပြီးနောက် သူက လက်ကိုင်ပုဝါကို ထုတ်ယူကာ စားပွဲကို သန့်ရှင်းရေးလုပ်ပြီးမှ စာရွက်များကို ပြန်တင်လိုက်လေ၏။
သူ၏ လှုပ်ရှားမှုများမှာ သာမန်သာဖြစ်သော်လည်း သူသည် ကျက်သရေရှိသော ဟန်ပန်ရှိပြီး ရေစီးကြောင်းများကဲ့သို့ ချောမွေ့နေကာ သူကိုယ်တိုင်လည်း အရပ်ရှည်ပြီး ရုပ်ချောသဖြင့် နန်းတော်တွင်းရှိ လူများက သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ကြည့်မိစေရန် မလွဲမသွေ ဆွဲဆောင်နေတော့သည်။
သူ့ကို ပို၍ထင်ပေါ်စေသော စိတ်ရှုပ်ထွေးနေသည့် ဖြေဆိုသူတစ်ဦးလည်း ရှိနေပေ၏။ အချို့က စာရွက်များကို မသိမ်းဆည်းကြခြင်း သို့မဟုတ် ထမင်းစားပွဲကို သိမ်းပြီးမှ စာရွက်များကို ပြန်ချထားခြင်းကြောင့် စာရွက်မျက်နှာပြင်များ ညစ်ပတ်ကုန်ကြလေသည်။
ထို့ထက်ပိုသည်မှာ ညစ်ပတ်သွားသော စာရွက်ကိုမြင်ပြီး ချက်ချင်းအော်ဟစ်လိုက်သဖြင့် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခြင်းပင်။
ဤအရာအားလုံးက ကုမင်တာ့ကို သိုးအုပ်ထဲမှ ထင်ပေါ်နေစေသည်ဟု ထင်ရပေ၏။
လီယုံးသည် ဤအချိန်တွင် သူသာ ကုမင်တာ့ကို အရင်က မတွေ့ဖူးခဲ့လျှင်တောင် ဤအခိုက်အတန့်တွင် သူ့ကို သတိထားမိလောက်မည်ဟု တွေးနေမိတော့သည်။
ကုမင်တာ့မှာမူ ဧကရာဇ်မင်းမြတ်နှင့် အမတ်များ၏ ရင်ထဲတွင် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်ကြောင်းကို လုံးဝ မသိခဲ့ချေ။
နေ့လယ်ပိုင်း တစ်ဝက်လောက်တွင် ကုမင်တာ့သည် မူဝါဒရေးရာ စာစီစာကုံး သုံးပုဒ်စလုံးကို ရေးသားပြီးစီးနေပြီ ဖြစ်လေ၏။
ရေးသားပြီးနောက် မင်များခြောက်သွေ့သွားသောအခါ ကုမင်တာ့သည် စာရွက်ကို သေချာစွာ သိမ်းဆည်းကာ တစ်ဖက်သို့ ချထားလိုက်ပြီး စာမေးပွဲပြီးဆုံးမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
"သူ ဖြေလို့ပြီးသွားပြီဆိုတော့ စာရွက်ကို ယူလာပြီး ကိုယ်တော့်ကို ပြစမ်း..."
လီယုံးက ဘေးရှိ တာဝန်ခံအစေခံ စွန်းယိုဖူကို အမိန့်ပေးလိုက်လေ၏။
စွန်းယိုဖူသည် အမိန့်ကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် ကုမင်တာ့၏အနီးသို့ ခါးညွတ်ကာ သွားရောက်၍ စာရွက်ကိုယူကာ ပြန်လာခဲ့သည်။
ကုမင်တာ့မှာ ခဏမျှ ဆွံ့အသွားရပြီး သူ၏မျက်လုံးများက စွန်းယိုဖူနောက်သို့ လိုက်သွားရာ ဧကရာဇ်မင်းမြတ် ဝတ်ဆင်ထားသော တောက်ပသည့် အဝါရောင် ဖိနပ်တစ်စုံကိုသာ မြင်လိုက်ရပြီးနောက် သူ ထပ်မကြည့်ရဲတော့ချေ။
စာမေးပွဲပြီးဆုံးချိန်အထိ ကုမင်တာ့သည် ပေါင်ဟဲခန်းမတွင် တစ်နေကုန် နေခဲ့ရသော်လည်း ဧကရာဇ်မင်းမြတ်၏ ရုပ်သွင်ကို မသိခဲ့ရသေးပေ။
ပေါင်ဟဲခန်းမမှ ထွက်လာပြီးနောက် ကုမင်တာ့သည် ခေါင်းငုံ့ကာ ရှေ့သို့သာ လျှောက်သွားတော့၏။
"ဦးလေးကု... ခဏလောက် ဖြည်းဖြည်းသွားပါဦး..."
သူ၏နောက်မှ ချင်ကျင့်၏အသံ ထွက်ပေါ်လာလေသည်။
ကုမင်တာ့ ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။
ချင်ကျင့်က ပြောလိုက်သည်။
"ဦးလေးကု... သန်ဘက်ခါ ရှန်းယွဲ့အဆောင်မှာ ကဗျာရွတ်ဆိုပွဲတစ်ခု ရှိတယ်... ကဗျာရွတ်ဆိုပွဲ ပိုင်ရှင်က ဦးလေးကုကို ဖိတ်ပေးဖို့ ကျွန်တော့်ကို ပြောလိုက်လို့ပါ..."
ကုမင်တာ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မြို့တော်သို့ ရောက်ရောက်ချင်း စာကြိုးစားခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု တွေးကာ သဘောတူလိုက်လေ၏။
ချင်ကျင့်က ထပ်ပြောလိုက်သည်။
"ကဗျာရွတ်ဆိုပွဲ ပိုင်ရှင်ရဲ့ ညီမက အမျိုးသမီး ကဗျာရွတ်ဆိုပွဲ လုပ်ဖို့ ရှန်းယွဲ့အဆောင်က တခြားခြံဝင်းတစ်ခုကို ငှားထားတယ်... ဦးလေးကု နျိုနျိုလေးကိုလည်း လာကစားဖို့ ခေါ်လာလို့ရပါတယ်..."
ကုမင်တာ့ ထိုစကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်တော့၏။
"နျိုနျိုလေးက သွားမှာမဟုတ်ဘူး... သူက သေးလွန်းသေးတော့ အဖော်လုပ်ပေးမယ့် မိဘတွေမပါဘဲ လွှတ်ရတာ ဦးလေး အမြဲတမ်း စိတ်မချဘူး..."
ချင်ကျင့်က ပြောလိုက်သည်။
"ဦးလေးကု... စိတ်မပူပါနဲ့... ကျွန်တော့်ရဲ့ ဝမ်းကွဲညီမလည်း သွားမှာပါ... အဲဒီအချိန်ကျရင် ကျွန်တော့် ဝမ်းကွဲညီမကို ကောင်မလေးနှစ်ယောက်ကို စောင့်ရှောက်ခိုင်းလို့ ရပါတယ်... ဖိတ်စာကို မင်းသမီးစံအိမ်ကိုလည်း ပို့ထားပါတယ်... သခင်မလေးရှန်လည်း သွားသင့်တယ်... နျိုနျိုလေး သွားရင် ကစားဖော် နည်းနည်းပိုတွေ့ရတယ်လို့ပဲ သဘောထားလိုက်ပါ..."
ချင်ကျင့်က ဤအကြောင်းကို ပြောလာသောအခါ ကုမင်တာ့သည် ရှန်လင်က အမြဲတမ်း ယုံကြည်ရသူဖြစ်ကြောင်း တွေးမိသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေ၏။
ကုမင်တာ့ ပြန်ရောက်ပြီးနောက် ထမင်းစားပြီး ခြံထဲတွင် နှစ်ပတ်ခန့် လမ်းလျှောက်ကာ အခန်းထဲသို့ ပြန်ဝင်ပြီး အိပ်ပျော်သွားတော့သည်။
ယနေ့ သူ စာမေးပွဲဖြေဆိုရာတွင် ပင်ပန်းခဲ့ကြောင်း မိသားစုဝင်များ သိကြသဖြင့် သူ့ကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ကာ အလုပ်လုပ်ရာတွင် ခြေသံဖွဖွလေးသာ သွားလာကြပေသည်။
နောက်နေ့မနက်စောစောတွင် ကုမင်တာ့ ပြန်နိုးလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွနေလေ၏။
"ကိုကို အရမ်းတော်တာပဲ... အရမ်းခန့်ညားတာပဲ..."
ခြံထဲမှ နျိုနျိုလေး၏အသံကို ကြားရသဖြင့် ကုမင်တာ့ ထရပ်ကာ အပြင်သို့ထွက်လာရာ ရှဲ့ရှင်းချွမ်း လှံကစားနေသည်ကို မြင်လိုက်ရတော့သည်။
ရှဲ့ရှင်းချွမ်းသည် ကောင်မလေး၏ 'ကိုကို အရမ်းခန့်ညားတာပဲ' ဆိုသော အဆက်မပြတ် မြှောက်ပင့်စကားများထဲတွင် သူ့ကိုယ်သူ မေ့လျော့နေပုံရလေ၏။ သူက သိုင်းလှံကို ကိုင်ကာ ချွေးများ ရွှဲနစ်နေသော်လည်း မရပ်ချင်သေးပေ။
နျိုနျိုလေး၏ မျက်လုံးများမှာ တောက်ပနေပြီး ရှဲ့ရှင်းချွမ်းကို အားကျသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သမီးလည်း ကိုကို့လို အရမ်းတော်ချင်လိုက်တာ..."
ရှဲ့ရှင်းချွမ်းသည် သိုင်းလှံတစ်ဆက် ကစားပြီးသွားသဖြင့် ရပ်လိုက်ပြီး သူ အလွန်မြတ်နိုးကာ တခြားသူများကို လုံးဝအထိမခံသော လှံကို နျိုနျိုလေးထံသို့ ကမ်းပေးလိုက်လေ၏။
"လိမ္မာတဲ့ကလေးလေး... စမ်းကြည့်..."
ရှဲ့ရှင်းချွမ်းက ပြောလိုက်သည်။
သို့သော် နျိုနျိုလေးသည် စမ်းကြည့်ပြီးနောက် သေလုမတတ် ဖြစ်သွားတော့၏။
လှံက အလွန်လေးလွန်းသဖြင့် ကောင်မလေး လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရှေ့သို့ ငိုက်ကျသွားလုမတတ် ဖြစ်သွားလေသည်။
ရှန်ချန်ဖုန်း ဘယ်အချိန်က ဝင်လာမှန်းမသိဘဲ အသံထွက်အောင်ပင် ရယ်မောလိုက်တော့၏။
"လိမ္မာတဲ့ကလေးလေး... ညီမလေးက လှံရဲ့ တစ်ဝက်လောက်တောင် အရပ်မရှည်သေးဘူးလေ... လှံကစားဖို့က နောက်ထပ် နှစ်အနည်းငယ် စောင့်ရဦးမယ်..."
ရှန်ချန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။
နျိုနျိုလေးကလည်း ဒေါသမထွက်ဘဲ ရှဲ့ရှင်းချွမ်းကို တိုးတိုးလေး မေးလိုက်လေ၏။
"ကိုကို... လှံတွေအားလုံးက ဒီလောက်လေးတာလား..."
ရှဲ့ရှင်းချွမ်းက ခေါင်းခါကာ ပြောလိုက်သည်။
"ပေါ့တဲ့ဟာလည်း ရှိပါတယ်... မင်းက သေးလွန်းလို့ နေမှာပါ... မဟုတ်ရင် တုတ်နဲ့ စပြီး သင်ကြည့်လေ..."
ရှဲ့ရှင်းချွမ်းသည် နျိုနျိုလေးအတွက် တုတ်တစ်ချောင်းကို တကယ်ရှာလာပေးလေ၏။
"ကိုယ်ဟန်အနေအထားက တည်ငြိမ်ရမယ်... ဒီလိုကိုင်..."
ရှဲ့ရှင်းချွမ်းက နျိုနျိုလေးကို တုတ်ကိုင်နည်း သင်ပေးနေတော့သည်။
ရှန်ချန်ဖုန်းက ကြည့်ရင်း မျက်စိကျလာကာ သူကလည်း ဝင်ရောက်သင်ပြပေးလေ၏။
"နျိုနျိုလေး... လက်ထဲမှာ ရက်စက်ရမယ်... ပြီးတော့ အားမာန်ပါပါနဲ့ ကစားရမယ်..."
ရှဲ့ရှင်းချွမ်းက ရှန်ချန်ဖုန်းကို အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်ပေသည်။
ရှန်ချန်ဖုန်းက ပြောလိုက်သည်။
"ငါ့မိသားစုကလည်း ငါ့အတွက် ဆရာဝူကို ငှားပေးခဲ့တယ်လေ... ဒါပေမဲ့ အကြာကြီး သင်ပြီးတာတောင် ငါ ဘာမှမတတ်လာဘူး... ဆရာက ဒေါသထွက်ပြီး ထွက်ပြေးသွားတာ..."
ရှန်ချန်ဖုန်းက သူ၏ ဂုဏ်ယူဖွယ် မှတ်တမ်းကို ပြောပြရာတွင် သူ၏မျက်နှာပေါ်၌ အပြစ်ရှိစိတ် အရိပ်အယောင်လေးမျှပင် မရှိချေ။
ရှဲ့ရှင်းချွမ်း ဘာကိုစဉ်းစားမိသွားမှန်းမသိဘဲ မေးလိုက်လေ၏။
"မင်း ဆရာဝူကို ဒီလောက် ဒေါသထွက်အောင် လုပ်ထားတာကို မင်းမိဘတွေက စိတ်မဆိုးဘူးလား..."
ရှန်ချန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဆရာဝူက ဒေါသထွက်ပြီး ထွက်ပြေးသွားတော့ တခြားတစ်ယောက် ပြောင်းပေးလိုက်တာပေါ့... ငါ့အမေက ကြာပြီဆိုတော့ ကျင့်သားရနေပါပြီ... ငါ့အဖေကတော့ ငါ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး..."
ရှဲ့ရှင်းချွမ်း၏ မျက်လုံးထဲတွင် အားကျသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။
ရှန်ချန်ဖုန်းက မေးလိုက်လေသည်။
"မင်းက သိုင်းပညာ ဒီလောက်တော်တာ... သိုင်းပညာမှာ တော်တော်လေး ပါရမီပါရမယ်... မင်းမိဘတွေက မင်းအတွက် အားအင်တွေ အများကြီး စိုက်ထုတ်ပေးခဲ့ရမှာပဲနော်..."
ပါရမီရှင် ကလေးများသည် သူတို့၏ မိဘများ၏ တင်းကျပ်သော ဆုံးမသွန်သင်မှုအောက်တွင် ရှိရမည်ဟု ရှန်ချန်ဖုန်းက သဘာဝကျကျပင် ယူဆထားလေ၏။
ရှဲ့ရှင်းချွမ်း ထိုစကားကို ကြားသောအခါ မျက်လုံးများ မှေးမှိန်သွားပြီး စကားမပြောချင်တော့ချေ။
သို့သော် ဘေးနားရှိ နျိုနျိုလေးက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကိုကို... သမီးလည်း ကိုကို သိုင်းပညာသင်ခဲ့တဲ့ ဇာတ်လမ်းကို နားထောင်ချင်တယ်... ပြောပြပါနော်..."
ရှဲ့ရှင်းချွမ်းက တိုတိုနှင့် လိုရင်းကိုသာ ပြောလိုက်လေ၏။
"သိုင်းဆရာက နေ့တိုင်း အိမ်စာတွေ ပေးတယ်... သေချာမသင်ဘူး ဒါမှမဟုတ် အဲဒီနေ့မှာ လေ့ကျင့်ဖို့ ပျင်းနေရင် ဆရာက ငါ့မိဘတွေကို တိုင်တယ်..."
"ငါ့မိဘတွေက ငါ့ကို လမ်းတစ်လျှောက် ကျောက်စရစ်ခဲတွေ ကောက်ခိုင်းတယ်... အိမ်ပြန်ရောက်ရင် ကျောက်စရစ်ခဲတွေပေါ်မှာ ဒူးထောက်ပြီး အမှားကို ဝန်ခံရတယ်..."