← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁ - နည်းနည်းလောက် ပိုဝေးဝေး

ရှဲ့ရှင်းချွမ်း ထိုစကားကို ကြားသောအခါ ခဏမျှ ဆွံ့အသွားရတော့၏။

နျိုနျိုလေးမှာမူ ဤဇာတ်လမ်းကို နားထောင်ပြီးနောက် နောက်သို့လှည့်ကာ ကျန်းယွင်နန်၏ ရင်ခွင်ထဲသို့ ဝင်သွားလေသည်။

"မေမေက သားသမီး သုံးယောက်မွေးခဲ့တာ... မေမေ့ရဲ့ နှလုံးသားထဲမှာ ဆူးနဲ့စူးသလို နာကျင်ခဲ့မှာပဲ... မေမေ နာကျင်ခဲ့ရလားဟင်..."

နျိုနျိုလေးက ကလေးသံလေးဖြင့် မေးလိုက်လေ၏။

ကျန်းယွင်နန်သည် သူတို့ ဘာအကြောင်းပြောနေကြသည်ကို မသိခဲ့ပေ။ သူမ၏ သမီးလေး၏ မေးခွန်းကို ရုတ်တရက် ကြားလိုက်ရသဖြင့် လူမှာ ခဏမျှ ဆွံ့အသွားရပြီး ရင်ထဲတွင် တစိမ့်စိမ့် နာကျင်သွားတော့၏။

ထို့နောက် သူမက လက်ဆန့်ထုတ်ကာ သမီးလေး၏ စိုစွတ်ပြီး နူးညံ့သော ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်လေသည်။

"မေမေ မနာကျင်ပါဘူး..."

ကျန်းယွင်နန်က တိုးတိုးလေး ပြောလိုက်သည်။

နျိုနျိုလေးသည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ မရသေးပေ။ သူမက မျက်နှာလေး မော့ကာ ကျန်းယွင်နန်ကို အလေးအနက် ကြည့်ရင်း ပြောလိုက်လေ၏။

"မိန်းမသားဖြစ်ရတာ အရမ်းခက်ခဲတာပဲ… မိန်းမတွေက လောကကြီးမှာ အစွမ်းအထက်ဆုံး လူပဲ..."

ကျန်းယွင်နန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ကလေးမွေးတာလေးနဲ့များ ဘယ်လိုလုပ် အစွမ်းအထက်ဆုံး လူဖြစ်သွားရတာလဲ... အဲဒီလိုပြောရင် သူများတွေ ရယ်တာခံရလိမ့်မယ်..."

နျိုနျိုလေးက ခေါင်းခါကာ ပြောလိုက်လေ၏။

"သမီး လက်ကို အပ်စူးတာတောင် နာတယ်... မေမေက ရင်ထဲမှာ ဆူးစူးသလို နာကျင်မှုကို ခံစားရတယ်ဆိုတော့... မေမေက အစွမ်းအထက်ဆုံးပဲလို့ သမီး ထင်တုန်းပဲ..."

ကျန်းယွင်နန် ထိုစကားကို ကြားသောအခါ သူမ၏ သမီးလေးကို ရင်ခွင်ထဲတွင် မပွေ့ဖက်ဘဲ မနေနိုင်တော့ချေ။

"မကြောက်ပါဘူး... မကြောက်ပါဘူး... ဘာမှမဖြစ်ပါဘူး... မေမေ ကျော်ဖြတ်နိုင်ခဲ့ပါပြီ..."

နျိုနျိုလေးက မိခင်၏ ရင်ခွင်ထဲတွင် နူးညံ့စွာ မှီခိုနေလေ၏။

အဖွားကုသည်လည်း ဘယ်အချိန်ကတည်းက ထွက်လာမှန်းမသိ ပေါ်လာတော့သည်။

နျိုနျိုလေး ခေါင်းမော့လိုက်သည်နှင့် အဖွားကုကို မြင်လိုက်ရပြီး သူမထံသို့ ထပ်မံပြေးသွားကာ ပြောလိုက်လေ၏။

"နျိုနျိုလေးက အဖွားကို အရမ်းသနားတာပဲ... အဖွားလည်း ကလေးအကြိမ်ကြိမ် မွေးခဲ့ရတာလေ..."

အဖွားကုသည် အစပိုင်းတွင် နျိုနျိုလေး ဘာအကြောင်းပြောနေမှန်း မသိခဲ့ချေ။ ကောင်မလေး၏ သနားကြင်နာသော စကားများကို အဆက်မပြတ် ကြားရပြီးနောက် သူမ ကလေးမွေးခဲ့ရသော အတိတ်ကာလများနှင့် ထိုနေ့က ကြုံတွေ့ခဲ့ရသော အန္တရာယ်များနှင့် နာကျင်မှုများကို ပြန်လည်အမှတ်ရလာကာ သက်ပြင်းချလိုက်တော့၏။

"လိမ္မာတဲ့ကလေးလေး... မိန်းမသားတစ်ယောက် ဖြစ်လာတာက အမြဲတမ်း မလွယ်ကူပါဘူး... ဒါပေမဲ့ ဘာမှမတတ်နိုင်ပါဘူးလေ..."

အဖွားကု၏ အကြည့်များက နျိုနျိုလေးထံသို့ ကျရောက်သွားရင်း ပြောလိုက်လေသည်။

သူမ၏ လိမ္မာပြီး အသိဉာဏ်ရှိသော မြေးမလေးသည်လည်း နောင်တစ်ချိန်တွင် ဤကဲ့သို့ အန္တရာယ်မျိုးနှင့် ကြုံတွေ့ရနိုင်သည်ကို တွေးမိသောအခါ အဖွားကုမှာ ရင်ထဲတွင် အနည်းငယ် ပို၍နာကျင်လာရတော့၏။

ရှဲ့ရှင်းချွမ်းသည် နောက်ဆုံးတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရကာ ပြောလိုက်လေသည်။

"မီးဖွားရခက်တာက ဒီလောက်အန္တရာယ်များမှတော့ သူ ငါ့ကို ဘာလုပ်လုပ် ဒါက ငါခံထိုက်တာပါပဲ..."

ကုမင်တာ့ ထိုစကားကို ကြားသောအခါ ခေါင်းခါလိုက်တော့၏။

"ကလေးမွေးတာက အန္တရာယ်များတယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကိစ္စလေ... အဲဒီအချိန်တုန်းက မင်းက မွေးခါစ ကလေးလေးပဲ ရှိသေးတာ... ဘယ်နေရာမဆို ဒီလောက်ကြီး မျှော်လင့်ထားလို့မရတာ မင်းရဲ့ အမှားမဟုတ်ပါဘူး..."

ရှဲ့ရှင်းချွမ်းမှာ အံ့အားသင့်သွားပြီး မေးလိုက်လေ၏။

"ဒါက သားအမှားလည်း မဟုတ်ဘူး... သူ့အမှားလည်း မဟုတ်ဘူးဆိုရင် ဘယ်သူ့အမှားလဲ..."

ကုမင်တာ့က ပြောလိုက်သည်။

"ဒီလို မတော်တဆမှုမျိုး ဖြစ်လာတာက... အဆုံးစွန်ပြောရရင် ကံကြမ္မာရဲ့ လှည့်စားမှုပါပဲ... ငရဲတံခါးကို ဖြတ်ကျော်ဖို့ ခက်ခဲတယ်ဆိုတာ ဦးလေး မင်းကို ပြောပြတာက... အမျိုးသမီးတွေရဲ့ အခက်အခဲကို မင်း ပိုနားလည်ပေးနိုင်ဖို့ မျှော်လင့်လို့ပါ..."

"ဒါပေမဲ့ အဆုံးစွန်ပြောရရင် မင်းက မွေးလာချင်တာ မဟုတ်ဘူးလေ... သူတို့က မင်းကို မွေးဖို့ ရွေးချယ်ခဲ့တာပဲ... ဒီလို အခက်အခဲတွေက မင်းအပေါ်ချည်းပဲ အပြစ်ပုံချလို့ မရပါဘူး..."

ရှဲ့ရှင်းချွမ်းသည် ဤစကားများကို နားထောင်ရင်း ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံး တိမ်တိုက်များကြားတွင် ရှိနေသကဲ့သို့ ခံစားရလေ၏။ အချိန်အတော်ကြာမှ ကုမင်တာ့၏ ဆိုလိုရင်းကို သူ နားလည်သွားတော့သည်။

"သားက သူ့ကို နားလည်ပေးချင်ပါတယ်... ဒါပေမဲ့ သူကလည်း သားကို အပြစ်မတင်သင့်ဘူး... ဒီသဘောကို ပြောတာလား..."

ကုမင်တာ့က ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေ၏။

သို့သော် ရှဲ့ရှင်းချွမ်းမှာ ဖြေရှင်းမရနိုင်သော အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရဆဲဟု ခံစားနေရပေသည်။

"ဒါပေမဲ့ သူက ဒီလောက်တောင် နေရခက်နေမှတော့ သားက ဘာလုပ်ပေးနိုင်မှာလဲ..."

ကုမင်တာ့က သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။

"ပိုပြီး နားလည်ပေးနိုင်တယ်ဆိုတာက ငြိမ်းချမ်းစွာ အတူတကွ မနေနိုင်ကြဘူးလို့ ဆိုလိုတာပါ... ဒါကြောင့် ဝေးဝေးနေပြီး တစ်ယောက်ကိုတစ်ယောက် စိတ်အေးချမ်းအောင် ထားဖို့ပဲ ရှိတော့တာပေါ့..."

ရှဲ့ရှင်းချွမ်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။

ကုမင်တာ့က ထပ်ပြောလိုက်လေ၏။

"ဝေးဝေးနေတာက အဆင်ပြေပါတယ်... ဒါပေမဲ့ အိမ်ကထွက်လာပြီးရင် မိသားစုဆီကို ဘေးကင်းကြောင်းလေးတော့ သတင်းပို့သင့်တယ်..."

ရှဲ့ရှင်းချွမ်းက ပြောလိုက်သည်။

"စိတ်မပူပါနဲ့... သား သိပါတယ်..."

ကလေးအချို့သည် အခြားသူများက အကြံဉာဏ်များ အဆက်မပြတ်ပေးနေခြင်းကို မနှစ်သက်ကြောင်း ကုမင်တာ့ နားလည်သဖြင့် ဆက်မပြောတော့ချေ။ ထို့အစား သူက လက်ယပ်ခေါ်ကာ နျိုနျိုလေးအား သူ၏ ဇာတ်လမ်းကို ဆက်လက်နားထောင်ရန် ပြန်ခေါ်လိုက်တော့၏။

အဖွားကုနှင့် ကျန်းယွင်နန်တို့သည် အချင်းချင်း အကြိမ်အနည်းငယ်မျှ ကြည့်ပြီးနောက် သူတို့၏ အလုပ်ကိုယ်စီကို အလုပ်များနေကြလေသည်။

နောက်နေ့ မနက်စောစောတွင် ကုမိသားစု အစောကြီး ထလာကြတော့၏။ ယနေ့ ကျန်းယွင်နန်သည် မြို့ထဲရှိ ချမ်းသာသော ကုန်သည်ကြီးတစ်ဦး၏ ဇနီးနှင့် ချိန်းဆိုထားသဖြင့် ထိုအိမ်သို့ သွားရမည် ဖြစ်လေသည်။

ကုမင်တာ့သည် သမီးဖြစ်သူနှင့် တပည့်ဖြစ်သူတို့နှင့်အတူ အပြင်ထွက်လာရာ ရှန်းယွဲ့အဆောင်၏ ဝင်ပေါက်တွင် တော်ဝင်မင်းသမီးကြီးစံအိမ်၏ ဝေါယာဉ်နှင့် ဆုံတွေ့လိုက်တော့သည်။

ရှန်လင်သည် နျိုနျိုလေးကို မြင်သည်နှင့် ချက်ချင်းပင် သူမ၏လက်ကို ဆွဲလိုက်လေ၏။

"အစ်မက ယောကျာ်းလေး မဟုတ်တာ နှမြောစရာပဲ... မဟုတ်ရင် မနေ့ညက ညီမလေးတို့အိမ်မှာ လာအိပ်ပြီး ဒီနေ့ တစ်လမ်းလုံး အတူတူ သွားလို့ရမှာ..."

ရှန်ချန်ဖုန်းက သူ၏ညီမကို ကြည့်ကာ ပြောလိုက်သည်။

"ညီမလေးက အဲဒီကို သွားအိပ်လို့ မရပေမယ့် နျိုနျိုလေးကို ဒီမှာလာနေခိုင်းလို့ ရတာပဲ..."

ရှန်လင် ထိုစကားကို ကြားသောအခါ သူမ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားတော့၏။

"ကောင်းတယ်... အစ်မဆီမှာ ပစ္စည်းဆန်းလေးတွေ အများကြီး ရှိတယ်... အဲဒီအချိန်ကျရင် နျိုနျိုလေးနဲ့ အတူတူ ဆော့ကြတာပေါ့..."

သူမက ကစားမည်ဟု ပြောသော်လည်း သူမ၏စိတ်ထဲတွင် တွေးနေသည်မှာကား နျိုနျိုလေးမှာ ဖြူဖွေးနုနယ်ပြီး နှစ်သစ်ကူးပန်းချီကားထဲမှ ကြွေအရုပ်လေးနှင့် တူနေသဖြင့် နျိုနျိုလေးကို အလှဆင်ပေးချင်နေခြင်း ဖြစ်လေ၏။

နျိုနျိုလေးကမူ သူမသည် အစ်မဖြစ်သူ၏ အရုပ်လေးတစ်ရုပ် ဖြစ်လုမတတ် ဖြစ်နေကြောင်းကို မသိခဲ့ပေ။ သူမက ရှန်လင်ကို မော့ကြည့်ကာ မေးလိုက်လေ၏။

"အစ်မလင်... ဒီနေ့ ကြည့်ရတာ အရမ်းပျော်နေပုံပဲ... ကဗျာရွတ်ဆိုပွဲ တက်ရမှာမို့လို့လား..."

ရှန်လင်က ခေါင်းခါကာ ပြောလိုက်သည်။

"သေချာပေါက် ညီမလေးနဲ့ ပြန်ကစားလို့ရလို့ပေါ့..."

နျိုနျိုလေး ထိုစကားကို ကြားသောအခါ မျက်နှာလေးမော့ကာ ချိုသာစွာ ပြုံးလိုက်တော့၏။

ရှန်လင်သည် နျိုနျိုလေး၏ ချစ်စရာကောင်းသော ပုံစံကို ကြည့်ကာ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း ကောင်မလေး၏ ဖြူဖွေးနုနယ်သော မျက်နှာလေးကို မဆွဲညှစ်ဘဲ မနေနိုင်တော့ချေ။

"လူကြီးမင်းကု... နျိုနျိုလေးကို ကျွန်မဆီမှာ ထားခဲ့ပါ... စိတ်မပူပါနဲ့... ကျွန်မ လိမ္မာတဲ့ကလေးလေးကို သေချာ ဂရုစိုက်ပါ့မယ်..."

ရှန်လင်က ပြုံးကာ ပြောလိုက်လေ၏။

ကုမင်တာ့က ခေါင်းညိတ်လိုက်သည်။

"သမီးလေးကို သခင်မလေးရှန်ဆီ အပ်ထားမှတော့ ဦးလေး စိတ်ပူစရာ ဘာမှမရှိပါဘူး..."

ယနေ့ ကဗျာရွတ်ဆိုပွဲ ပိုင်ရှင်သည် ရှန်းယွဲ့အဆောင် တစ်ခုလုံးကို တိုက်ရိုက် ငှားရမ်းထားလေ၏။ အဝင်ပေါက်တွင် လမ်းညွှန်ပေးမည့် သီးသန့်လူများ ထားရှိပြီး ဖိတ်စာအရ အမျိုးသားနှင့် အမျိုးသမီး ဧည့်သည်များကို ခွဲခြားထားပေသည်။

ထိုအဖွဲ့သည် ချက်ချင်း မဝင်ကြဘဲ တံခါးဝတွင် ခဏစောင့်နေစဉ် ချင်ကျင့်နှင့် ချင်ကျင့်ရှု မောင်နှမနှစ်ယောက် ရောက်လာကြတော့သည်။

"အစ်မရှန် စကားကို နားထောင်နော်... တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်ရင် သည်းမခံနဲ့... အိမ်ပြန်ရောက်ရင် ဖေဖေ့ကို ပြောဖို့ မှတ်ထားနော် သိလား..."

ကုမင်တာ့က လမ်းခွဲခါနီးတွင် ထပ်မံ၍ မမှာကြားဘဲ မနေနိုင်တော့ချေ။

နျိုနျိုလေးက လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်ရာ ကုမင်တာ့ကလည်း ပူးပေါင်းပါဝင်သည့်အနေဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်လေ၏။

နျိုနျိုလေးက ကုမင်တာ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ဖေဖေလည်း ဒီနေ့ ပျော်ပျော်ပါးပါး နေနော်... တစ်ယောက်ယောက်က ဒေါသထွက်အောင်လုပ်ရင် နျိုနျိုလေးကို ပြောနော်..."

သူ၏သမီးက သူ့ကို တကယ်ပင် ပြန်လည်မှာကြားနေမည်ဟု ကုမင်တာ့ မထင်ထားခဲ့ပေ။ သူက ပြုံးကာ ပူးပေါင်းပါဝင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

"ကောင်းပါပြီ... ဖေဖေ အနိုင်ကျင့်ခံရရင် ဖေဖေ့အတွက် သမီးလေး ဖြေရှင်းပေးဖို့ စောင့်နေမယ်နော်..."

သူက ကလေးကို ဤသို့ ချော့မြှူနေသဖြင့် အခြားသူများ မြင်သောအခါ မရယ်ဘဲ မနေနိုင်ကြတော့ချေ။

ချင်ကျင့်ရှု တစ်ယောက်သာ ဤမြင်ကွင်းကို ကြည့်ကာ အားမကျဘဲ မနေနိုင်တော့ပေ။ သူမနှင့် သူမ၏ဖခင်သည် ဤမျှ ရင်းနှီးပုံမရခဲ့ချေ။

ရှန်လင်သည် ကောင်မလေးနှစ်ယောက်နှင့် သူမ၏ အစေခံမလေးများကို ခေါ်ဆောင်ကာ သာယာလှပသော ခြံဝင်းတစ်ခုထဲသို့ ဝင်သွားတော့၏။

"အားလင်... ဒါက ဒီနှစ်ဟွီယွမ်လန်းရဲ့ သမီးလား..."

သူတို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ယောက်ယောက်က နျိုနျိုလေးကို လက်ညှိုးထိုးကာ ချက်ချင်း မေးလိုက်လေသည်။

'ဟွီယွမ်လန်း' ဟူသော အမည်မှာ အတော်လေး ကျော်ကြားပြီး ဤအချိန်တွင် နျိုနျိုလေး ရင်ဆိုင်ရသော အသံများမှာ အတော်လေး ဖော်ရွေနေပေ၏။

"ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ... လာပါဦး... ငါ့ကို ကြည့်ခွင့်ပေးပါဦး..."

ကဗျာရွတ်ဆိုပွဲ ပိုင်ရှင်ဖြစ်သူ ရုံအန်းခရိုင်သခင်မက ချီးကျူးလိုက်လေသည်။

ရုံအန်းခရိုင်သခင်မသည် တော်ဝင်မင်းသမီးကြီး၏ ဝမ်းကွဲညီမဖြစ်ပြီး အသက်သုံးဆယ်အရွယ်ခန့် ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦး ဖြစ်ပေ၏။

သူမက နျိုနျိုလေး၏ မျက်ခုံးများကို သေချာစွာ ကြည့်ရှုလိုက်သည်။ ရုတ်တရက် ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာကာ ဘေးရှိ ချင်ကျင့်ရှုကို တစ်ချက် ကြည့်လိုက်တော့၏။

All Chapters