အခန်း ၂၈၃
Vol. 29 Ch. 283
အခန်း ၂၈၃ - သာမန်မိဘများ
ချင်ကျင့်ရှုမှာ ထိုနေရာတွင်ပင် ဆွံ့အသွားရတော့၏။
အချိန်အတော်ကြာမှ သူမက မေးလိုက်လေသည်။
"ညီမလေးကု... နင့်မိဘတွေကလည်း နင့်ကို စာဖတ်ဖို့နဲ့ စည်းကမ်းရှိဖို့ သင်ပေးပြီး တင်းကျပ်ကျပ် ဆုံးမမှာပေါ့... ဟုတ်တယ်မလား..."
နျိုနျိုလေးက ခေါင်းညိတ်လိုက်သည်။
ချင်ကျင့်ရှုက ပြောလိုက်လေ၏။
"သူတို့က နင့်ကို ဒါတွေ သင်ပေးတာ နင် မိသားစုကောင်းကောင်းနဲ့ အိမ်ထောင်ကျဖို့ မျှော်လင့်လို့ မဟုတ်ဘူးလား..."
နျိုနျိုလေး ထိုစကားကို ကြားသောအခါ ခေါင်းလေးကို အနည်းငယ် စောင်းကာ ပြောလိုက်သည်။
"ငါ့အမေက ငါ့ကို လူကောင်းတစ်ယောက်နဲ့ အိမ်ထောင်ကျဖို့ မျှော်လင့်တာတော့ အမှန်ပါပဲ... ဒါပေမဲ့ မေမေနဲ့ ဖေဖေက ပြောတယ်... လူကောင်းနဲ့ မတွေ့ရင်လည်း အိမ်ထောင်မပြုနဲ့တဲ့... အိမ်မှာ ဖေဖေ မေမေနဲ့ ကိုကိုတွေနဲ့ အတူတူနေပြီး ငါ့ကို တစ်သက်လုံး ဂရုစိုက်ပေးချင်ကြတာ..."
ချင်ကျင့်ရှုသည် ဤကဲ့သို့သော စကားမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။ သူမ၏ အသက်ခြောက်နှစ်တာကာလအတွင်း သိမှတ်ထားသမျှမှာ အသစ်အဆန်းများဖြစ်လာသကဲ့သို့ ခံစားလိုက်ရတော့၏။
"အိမ်ထောင်မပြုရင် ဘာလို့ ဒါတွေ သင်ပေးနေဦးမှာလဲ... ဘာလို့ ငါတို့ကို တိုးတက်အောင် ကြိုးစားဖို့ တိုက်တွန်းနေရတာလဲ..."
ချင်ကျင့်ရှုမှာ နားမလည်နိုင်တော့ချေ။
နျိုနျိုလေးက ပြောလိုက်လေသည်။
"ငါ့ဖေဖေက ပြောတယ်... စာသင်တယ်ဆိုတာ နားလည်အောင်လို့တဲ့... ငါသာ စာသင်ဖို့ ပါရမီရှိရင် နောင်ကျရင် ဒီအရည်အချင်းကို အားကိုးပြီး ထမင်းစားလို့ရမယ်လေ... ငါ့မိသားစုက ငါ့ကို အမြဲတမ်း ထောက်ပံ့ပေးချင်ပေမယ့် တခြားသူကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာ ပိုကောင်းတယ်လို့ ငါ့မိဘတွေက ခံစားရတယ်... သင်ယူထားတဲ့ အရည်အချင်းက အစစ်အမှန်ဖြစ်ပြီး ဘယ်အချိန်မဆို အသုံးဝင်နိုင်တယ်လေ..."
ကုမိသားစုက နျိုနျိုလေးအတွက် ရည်ရွယ်ချက်အမျိုးမျိုးမှာ နျိုနျိုလေး၏ အနာဂတ်အတွက်သာ ဖြစ်ပြီး သူမကို ပိုမိုကောင်းမွန်သော လူတစ်ယောက် ဖြစ်လာစေရန် မျှော်လင့်ကြောင်း ထင်ရှားနေပေ၏။
ကုမိသားစု ဇနီးမောင်နှံက သူတို့၏ သမီးလေးအပေါ်ထားရှိသော မေတ္တာကို ချင်ကျင့်ရှုသည် ဝေါယာဉ်ပေါ်မှ မြင်လိုက်ရကတည်းက ခံစားသိရှိနိုင်လေသည်။ ယခုအခါ နျိုနျိုလေးက ကုမိသားစုအတွင်း နေထိုင်ရပုံများကို ပြောပြသည်ကို နားလည်လိုက်ရသောအခါ သူမ၏ ရင်တွင်းမှ ဆို့နင့်နာကျင်မှုများမှာ ပိုမိုဆိုးရွားလာတော့၏။
ချင်ကျင့်ရှုသည် သူမကိုယ်သူမ လှည့်စားနိုင်လေသည်။ သူမသည် ရှန့်ကုန်းစံအိမ်၏ သမီးဖြစ်ပြီး နိုင်ငံ့ဆရာတော်၏ ကံကြမ္မာဟောကိန်းကို တာဝန်ယူထားရကာ နောင်တစ်ချိန်တွင် ကြီးမားသော အနာဂတ်ရှိလာမည်ဖြစ်ရာ သာမန်မိန်းကလေးများနှင့် သဘာဝကျကျပင် ကွာခြားပေသည်။
သို့သော် ကုမိသားစု ဇနီးမောင်နှံကဲ့သို့သော သူများကသာ သာမန်မိဘများ ဖြစ်ကြောင်းကိုလည်း သူမ သိနေလေ၏။
သူမသည် အရင်ကလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိနိုင်သော်လည်း မည်သည့်အခါမျှ မတွေးတောခဲ့ချေ။ ယခုအခါ နျိုနျိုလေး၏ စကားများက သူမ၏မိခင် အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော သစ်ရွက်ပြားကို ဆွဲခွာလိုက်သကဲ့သို့ ဖြစ်နေတော့သည်။
သူမ၏မိခင်က သူမသည် 'ဖီးနစ်ငှက် ကံကြမ္မာ' ရှိကြောင်း အမြဲတမ်း ပြောဆိုနေရာ ချင်ကျင့်ရှုက သူမ၏မိခင်သည် သူမကို ချစ်မြတ်နိုးပြီး အမြင့်ဆုံးသော ဂုဏ်ကျက်သရေကို ရရှိစေချင်သည်ဟု အမြဲထင်နေခဲ့လေ၏။
ယခု အသေအချာ ပြန်တွေးကြည့်ပါက အမြင့်ဆုံးသော ဂုဏ်ကျက်သရေကို ရရှိစေချင်သည်မှာ အမှန်ပင်ဖြစ်ပြီး သူမကို မချစ်သည်မှာလည်း အမှန်ပင်ဖြစ်လေသည်။ အဆုံးစွန်ပြောရလျှင် သူမသည် သူမ၏မိခင်အား ဤအမြင့်ဆုံးသော ဂုဏ်ကျက်သရေကို ခံစားခွင့်ရစေရန်အတွက် ကိရိယာတစ်ခုသာ ဖြစ်နေပေ၏။
ချင်ကျင့်ရှုသည် ဝမ်းနည်းလွန်းသဖြင့် မျက်ရည်ကျလုမတတ် ဖြစ်သွားသော်လည်း သူမ၏ဘေးပတ်လည်တွင် လူများ ရှိနေလေသည်။ သူမသည် နှစ်ပေါင်းများစွာ သူမ၏မိခင်၏ တင်းကျပ်သော ဆုံးမသွန်သင်မှုများဖြင့် စံနမူနာပြဖြစ်အောင် သင်ကြားခံခဲ့ရရာ လူအများကြီးရှေ့တွင် ဘယ်မှာ ငိုရဲပါမည်နည်း။
အကယ်၍ ဤကိစ္စသာ မိခင်၏ နားထဲသို့ ရောက်သွားပါက မိမိကိုယ်ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ရမည်ကို သူမ မသိတော့ချေ။
နျိုနျိုလေးက ရုတ်တရက် ပြောလိုက်လေသည်။
"ဟိုဘက်က ကျောက်တောင်တုကို သွားကြည့်ချင်တယ်... ငါနဲ့ လိုက်ခဲ့မလား..."
ချင်ကျင့်ရှုက ငြင်းဆိုချင်ခဲ့သော်လည်း နျိုနျိုလေး၏ ကြီးမားပြီး ရိုးသားသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့၏။
နျိုနျိုလေးက သူမကို ဆွဲကာ ကျောက်တောင်တုဆီသို့ သွားလေသည်။
သူငယ်ချင်းများနှင့် စကားပြောနေဆဲဖြစ်သော ရှန်လင်သည် ကောင်မလေးနှစ်ယောက်၏ လှုပ်ရှားမှုများကို သတိပြုမိပြီး သူတို့ကို မတားဆီးခဲ့ချေ။ ထို့အစား သူမက အစေခံမလေးကို နောက်မှလိုက်ရန် ခိုင်းလိုက်တော့သည်။
ခြံဝင်းထဲရှိ ကျောက်တောင်တုမှာ အလွန်ကြီးမားခြင်း မရှိဘဲ ကောင်မလေးနှစ်ယောက် ဝင်သွားပြီးနောက် အပြင်ဘက်ရှိ အစေခံမလေးများသည်လည်း အထဲရှိ သူတို့နှစ်ဦး၏ ကျောပြင်ကို မြင်နိုင်ပေ၏။
နျိုနျိုလေးက ချင်ကျင့်ရှုကို တိုးတိုးလေး ပြောလိုက်သည်။
"ငိုချင်ရင် ငိုလိုက်လေ... ဒီမှာ ဘယ်သူမှ မမြင်ရဘူး... နင့်ရဲ့ စည်းကမ်းတွေကို ဘယ်သူကမှ အပြစ်တင်မှာ မဟုတ်ပါဘူး..."
နျိုနျိုလေးက သူမကို လာရောက်နှစ်သိမ့်ပေးမည်ဟု ချင်ကျင့်ရှု မထင်ထားခဲ့ချေ။
သူမနှင့် အခုမှ သိကျွမ်းခဲ့သော သူငယ်ချင်းများပင် သူမ နေမကောင်းဖြစ်နေသည်ကို မြင်နိုင်သော်လည်း သူမ၏ မိခင်ကမူ သူမ နေမကောင်းဖြစ်နေချိန်တွင် သူမ၏ မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ထားရန်သာ အတင်းအကျပ် ဖိအားပေးမည်ဟု သူမ ရင်ထဲတွင် တွေးလိုက်မိတော့၏။
"ပြုံးထားရမယ်... ဘာပဲဖြစ်ဖြစ် ငိုလို့မရဘူး... ပြုံးနေမှပဲ လူတွေက နင့်ကို သဘောကျမှာ... မှတ်ထား..."
ရှန့်ကုန်းကတော်က သူမ၏သမီးကို အဲဒီအချိန်တုန်းက ဒီလိုသင်ပေးခဲ့တာပင်။
ချင်ကျင့်ရှုသည် ဤအချိန်တွင် အလိုအလျောက်ပင် အပြုံးတစ်ခုကို ဖန်တီးလိုက်သော်လည်း နျိုနျိုလေး၏ မျက်မှောင်ကြုတ်နေပြီး စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေသော မျက်လုံးများကို မြင်သောအခါ ချင်ကျင့်ရှု၏ ရင်ထဲတွင် ဆို့နင့်သွားပြီး မျက်ရည်များ ရုတ်တရက် တိတ်တဆိတ် ကျဆင်းလာတော့၏။
"မေမေက..."
ချင်ကျင့်ရှုက ငိုသံပါကြီးဖြင့် ပြောလိုက်လေသည်။
ရှန့်ကုန်းစံအိမ်တွင် လှပသော အဝတ်အစားများနှင့် အစားအသောက်များ အပြည့်အစုံ ရှိနေသည်မှာ ထင်ရှားသော်လည်း ချင်ကျင့်ရှုသည် အိမ်တွင် နေရသည်ကို မနှစ်သက်ချေ။ အဆုံးစွန်ပြောရလျှင် သူမသည် မိဘများ၏ ဂရုစိုက်မှုကို တောင့်တသော အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်သာ ဖြစ်ပေ၏။
နျိုနျိုလေးက ချက်ချင်း စကားမပြောခဲ့ပေ။ အခြားသူများက သူတို့၏ မိဘများက သူတို့ကို မချစ်ကြောင်း သိရှိသွားချိန်တွင် မိမိ၏ မိဘများက မိမိအပေါ် မည်မျှကောင်းကြောင်း ပြောပြခြင်းမှာ အခြားသူများ၏ ဒဏ်ရာပေါ်သို့ ဆားပက်နေသကဲ့သို့ ဖြစ်မည်ဟု သူမ ခံစားမိလေ၏။
"နင့်မိဘတွေက တခြားသူတွေအတွက် ချွေးမကို လေ့ကျင့်ပေးနေတာ မဟုတ်ဘဲ နင့်အတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ရှိလာဖို့ မျှော်လင့်နေတာ ဖြစ်နိုင်တယ်... ငါ ပြောတာ မှားသွားတယ်လို့ပဲ သဘောထားပြီး သိပ်မပူပန်ပါနဲ့နော်..."
နျိုနျိုလေးက ပြောလိုက်သည်။
သို့သော် ချင်ကျင့်ရှုက ခေါင်းကို အားရပါးရ ခါရမ်းကာ ပြောလိုက်လေ၏။
"သူတို့က ချွေးမကို လေ့ကျင့်ပေးနေတာပဲ... နင်ပြောတာ မမှားပါဘူး..."
နိုင်ငံ့ဆရာတော်က သီးသန့် ကံကြမ္မာဟောကိန်းထုတ်ပေးခဲ့သည်မှာ အလွန်အရေးကြီးကြောင်း ချင်ကျင့်ရှု သိနေလေ၏။ ဤကိစ္စကို သူမ၏မိခင်က အကြိမ်ပေါင်းများစွာ မှာကြားထားခဲ့ပြီး သူမ၏ဖခင်ပင်လျှင် အတွင်းရေးကို သိပုံမရချေ။
ချင်ကျင့်ရှုအနေဖြင့် နျိုနျိုလေးအား ဤအကြောင်းကို ပြောပြရန် သဘာဝကျကျပင် မဖြစ်နိုင်သော်လည်း သူမ၏ မျက်ရည်များက ဆက်တိုက် ကျဆင်းနေတော့သည်။
နျိုနျိုလေးသည် ချင်ကျင့်ရှု ဘာတွေတွေးနေသည်ကို နားမလည်ခဲ့ပေ။ သူမ ငိုလေလေ ပိုဆိုးလေလေ ဖြစ်လာသည်ကို မြင်သောအခါ အကြောင်းပြချက်တစ်ခုခုကြောင့် ချင်ကျင့်ရှုနှင့်အတူ လိုက်ငိုချင်လာတော့၏။
"ဖြည်းဖြည်းငိုပါ... စိတ်မပူပါနဲ့... အစ်မလင် ပြောတယ်... ကလေးအရွယ် မိန်းကလေးကို ကဗျာရေးခိုင်းတဲ့ ကဗျာရွတ်ဆိုပွဲမျိုး မရှိဘူးတဲ့... ငါတို့ ကဗျာရွတ်ဆိုပွဲကို လာတာက အရသာရှိတဲ့ အစားအသောက်တွေ စားပြီး ပျော်ပျော်ပါးပါး နေဖို့ပဲလေ... ဘယ်သူမှ ငါတို့ကို စိုက်ကြည့်နေမှာ မဟုတ်ပါဘူး..."
နျိုနျိုလေးက နှစ်သိမ့်ပေးလိုက်လေသည်။
ချင်ကျင့်ရှု၏ မျက်ရည်များမှာ ပြတ်ကျသွားသော ပုတီးစေ့များကဲ့သို့ ဆက်တိုက် ကျဆင်းနေပြီး နျိုနျိုလေးက သူမကို လက်ကိုင်ပုဝါဖြင့် ဆက်တိုက် သုတ်ပေးနေတော့၏။
နျိုနျိုလေးသည် ငိုနေသည်ကို မည်သို့ ရပ်တန့်ရမည်ကို မသိသော်လည်း ချင်ကျင့်ရှုကို ယခုကဲ့သို့ ငိုခိုင်းခြင်းက ကောင်းသောအရာဖြစ်မည်ဟု ဝေဝါးစွာ ခံစားရသဖြင့် သူမက မတားဆီးခဲ့ချေ။
ချင်ကျင့်ရှုသည် သူမ၏ ရင်ထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းမှုများအားလုံးကို ငိုချလိုက်သကဲ့သို့ အလွန်ကြာရှည်စွာ ငိုကြွေးနေခဲ့လေ၏။
နျိုနျိုလေးသည် သူမ၏ဘေးတွင် ရှိနေပြီး သူမ၏ လက်ကိုင်ပုဝါမှာ အကြိမ်များစွာ စိုရွှဲသွားသော်လည်း သူမသည် စိတ်ရှည်လက်ရှည်ဖြင့် အတူရှိနေပေးခဲ့ပေသည်။
"ငါ..."
နျိုနျိုလေးက သူမ၏လက်ကို ကိုင်ကာ ပြောလိုက်လေ၏။
"ကလေးတစ်ယောက် ငိုတာ ပုံမှန်ပဲလေ... နင်က ရှန့်ကုန်းစံအိမ်ရဲ့ သခင်မလေးကြီး ဖြစ်သလို မိန်းကလေးတစ်ယောက်လည်း ဖြစ်တယ်လေ..."
ချင်ကျင့်ရှု ထိုစကားကို ကြားသောအခါ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ယာယီ ဖယ်ချလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။
သို့သော် ရှန့်ကုန်းစံအိမ်သို့ ပြန်ရောက်သောအခါ စည်းမျဉ်းအမျိုးမျိုးဖြင့် ချည်နှောင်ခံထားရသော သခင်မလေးကြီးအဖြစ် ပြန်ဖြစ်သွားမည်ကို သူမ၏ရင်ထဲတွင် သိနေဆဲပင်။
ခဏတာ အပန်းဖြေခွင့်ရလိုက်သည်ကပင် ကောင်းလှပါပြီ။
ချင်ကျင့်ရှုမှာ ငိုရတာ ပင်ပန်းသွားပြီး မျက်ရည်များ ခြောက်သွေ့သွားသောအခါ နျိုနျိုလေးကို မေးလိုက်လေ၏။
"ငါ့မျက်လုံးတွေ နီရဲပြီး ယောင်နေပြီလား..."
နျိုနျိုလေးက လည်ပင်းလေးကို ဆန့်ထုတ်ကာ သေချာစွာ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။
"နည်းနည်းပဲ နီနေတာပါ... ခဏနေရင် ကောင်းသွားမှာပါ..."
ချင်ကျင့်ရှုသည် ချက်ချင်း အပြင်မထွက်ချင်သေးဘဲ မျက်နှာဖုံးကို ချွတ်ကာ ကျောက်တောင်တုထဲတွင် ခဏလောက် ပုန်းနေချင်သေးလေ၏။
"နင့်အမေက နင့်ကို ဘယ်တော့မှ မဆူဘူးလား... မရိုက်ဘူးလား..."
ချင်ကျင့်ရှုက မေးလိုက်သည်။
နျိုနျိုလေးက ခေါင်းညိတ်ပြလိုက်လေ၏။
ချင်ကျင့်ရှု၏ မျက်လုံးထဲတွင် အားကျမှုများ ပေါ်လွင်လာပြီး ပြောလိုက်သည်။
"ကောင်းလိုက်တာ..."
နျိုနျိုလေးက ပြောလိုက်လေ၏။
"ငါ့အမေက အမြဲတမ်း ဒီလိုမဟုတ်ပါဘူး... တစ်ခါတလေကျရင် ငါ့ကိုကိုလတ်ကြောင့် ဒေါသထွက်လွန်းလို့ လူကို ရိုက်ချင်တဲ့အထိ ဖြစ်တတ်တယ်... ဒါပေမဲ့ ငါတို့ အမှားကို ဝန်ခံလိုက်ရင် မေမေက လက်မပါတော့ဘူး... အလွန်ဆုံး ဆူပူရုံလောက်ပါပဲ..."
"ဒါဆို မေမေနဲ့ အတူနေရတာ သက်တောင့်သက်သာ ရှိမှာပဲနော်..."
ချင်ကျင့်ရှုက မေးလိုက်သည်။
နျိုနျိုလေးက ထပ်မံ၍ ခေါင်းညိတ်လိုက်သော်လည်း ဤသို့ ပြောလိုက်လေ၏။
"ငါ့မိသားစုက မတူဘူးလေ... ငါတို့ကို ဘေးကင်းပြီး ကျန်းမာစေချင်ရုံပါပဲ... သူတို့ရဲ့ တောင်းဆိုချက်တွေက မမြင့်မားပါဘူး..."
ချင်ကျင့်ရှုမှာမူ ဤကဲ့သို့ နိမ့်ကျသော တောင်းဆိုချက်များကို အားကျနေပြီး မေးလိုက်တော့သည်။
"နင့်အဖေက နင့်ကို ခဏခဏ ဖက်လား... သူက နင့်ကို အရမ်းချစ်တယ်လို့ ငါ ခံစားရတယ်..."
နျိုနျိုလေးက ခေါင်းညိတ်ပြလိုက်လေ၏။
ချင်ကျင့်ရှု၏ မျက်နှာပေါ်ရှိ အားကျမှုများမှာ အမှန်တကယ် ရုပ်လုံးပေါ်လာတော့သည်။
"နင့်အဖေက နင့်ကို မဖက်ဘူးလား..."
နျိုနျိုလေးက သတိထားကာ မေးလိုက်လေ၏။