← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈ - လုစစ်ချန်

ချင်ကျင့်မှာ အိမ်ထောင်ပြုပြီးပြီ ဖြစ်လေ၏။

ကုမင်တာ့ကလည်း အသက်အရွယ်ရလာပြီ ဖြစ်ပေ၏။

ရှန်ချန်ဖုန်းကတော့ လေလွင့်တတ်သူတစ်ယောက်အဖြစ် နာမည်ကြီးလေသည်။

ထိုလူသုံးယောက်မှာ ထူးခြားသော ရုပ်ရည်ရှိကြသော်လည်း လက်မထပ်ရသေးသော မင်းမျိုးမင်းနွယ် သခင်မလေးများသည် နောက်ဆုံးတွင် သူတို့၏ အကြည့်အများစုကို လုစစ်ချန်ထံသို့သာ ပုံမှန်အတိုင်း ပို့ထားကြတော့၏။

လုစစ်ချန်သည် ချီမင်းသမီး၏ တူဖြစ်ပြီး ယုံချန်းစံအိမ်၏ ဒုတိယမြောက် သားဖြစ်ကာ ယခုအခါ ပိုင်ယွင်ကျောင်းတော်တွင် ရှိနေသူ ဖြစ်ပေ၏။

ပိုင်ယွင်ကျောင်းတော်မှာ နေနိုင်တဲ့သူတွေက အသိပညာ ကြွယ်ဝတဲ့သူတွေချည်းပဲ...။

ထို့ပြင် သူသည် ယခုအခါ အရာရှိသစ်ဖြစ်သော ကုမင်တာ့နှင့် အရာရှိလောင်းဖြစ်သော ချင်ကျင့်တို့နှင့်အတူ ရပ်နေသဖြင့် မင်းမျိုးမင်းနွယ် မိန်းကလေးများကို လုစစ်ချန်၏ အသိပညာမှာ ထိုနှစ်ယောက်နှင့် အဆင့်တူတူပဲဟူသော ထင်ယောင်ထင်မှား ဖြစ်ပေါ်စေတော့၏။

လုစစ်ချန်က နောက်တစ်ကြိမ် အစိုးရအရာရှိစာမေးပွဲကျရင် သေချာပေါက် အောင်မြင်တော့မယ့်ပုံစံမျိုးပဲ...။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မင်းမျိုးမင်းနွယ် သခင်မလေး အများအပြားသည် လုစစ်ချန်၏ ရုပ်ရည်ကို တိတ်တဆိတ် မှတ်သားထားကြပြီး သူတို့၏ စဉ်းစားရမည့် စာရင်းထဲတွင် ထည့်သွင်းထားလိုက်ကြတော့၏။

အားလင်သည် လုစစ်ချန်ကို မြင်သောအခါ သူမ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ ပျို့အန်ချင်စရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ခံစားချက်က သူမထံသို့ ထပ်မံရောက်ရှိလာပြန်ပြီ ဖြစ်ချေ၏။

နျိုနျိုလေးက အားလင်၏ လက်ကိုကိုင်ကာ မေးလိုက်လေသည်။

"အစ်မလင်... နေရခက်ပြန်ပြီလားဟင်..."

အားလင်က သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို မနည်းဖန်တီးလိုက်ပြီး ခေါင်းခါပြလိုက်လေ၏။

ဟိုဘက်မှ နှုတ်ဆက်ခြင်းကိစ္စ ပြီးဆုံးသွားသောအခါ လူငယ်အချို့သည် သူတို့၏ အမျိုးသမီး မိသားစုဝင်များကို လှည့်ကြည့်လိုက်ကြပေသည်။

နျိုနျိုလေးသည် ထိုမင်းမျိုးမင်းနွယ် သခင်မလေးများ၏ တောင်းဆိုချက်များဖြင့် ချည်နှောင်ခံထားရခြင်း မရှိပေ။ သူမက သူမ၏ဖေဖေကို ကြည့်ပြီးနောက် သူငယ်ချင်းဖြစ်သူ၏ လက်ကို ချက်ချင်းလွှတ်ကာ ငှက်ငယ်လေးတစ်ကောင် တောအုပ်ထဲသို့ ပျံဝင်သွားသည့်အလား ကုမင်တာ့၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားတော့၏။

ကုမင်တာ့သည်လည်း ပျော်ရွှင်စွာဖြင့် သူ၏သမီးလေးကို ပွေ့ချီကာ မေးလိုက်လေသည်။

"ဒီနေ့ ဗိုက်ဝရဲ့လား သမီးလေး..."

နျိုနျိုလေးက သူမ၏ဗိုက်ကလေးကို ပွတ်ကာ လေတက်ရင်း ပြောလိုက်တော့၏။

"ဟင်းတွေကလည်း စားလို့ကောင်းတယ်... မုန့်တွေကလည်း စားလို့ကောင်းတယ်... သမီး အများကြီး စားခဲ့တယ်..."

ကုမင်တာ့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ဘေးနားရှိ ကဗျာရွတ်ဆိုပွဲ တက်ရောက်လာကြသော လူငယ်မောင်မယ်များသည် ကုမင်တာ့နှင့် သူ၏သမီးလေးတို့ ရင်းနှီးနေသော ပုံစံကို ကြည့်ကာ အားလုံးက အားကျနေကြတော့၏။

ပေကျင်းမြို့တော်မှာ ဘယ်အချိန်ကတည်းက စပြီး မြေးကိုပဲပွေ့ဖက်ပြီး သားသမီးကို မပွေ့ဖက်တဲ့ ဓလေ့ ဖြစ်လာမှန်း မသိပေ.။ထို့နောက်တွင် ဖခင်နှင့်သား၊ ဖခင်နှင့်သမီး ဆက်ဆံရေးများ အေးစက်လာကြသည်။ သူတို့သည် သွေးရင်းဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခြင်း မရှိကြချေ။

သားဖြစ်သူကိုမူ ဖခင်က မကြာခဏ ဆုံးမသွန်သင်နိုင်သေးသော်လည်း သမီးဖြစ်သူမှာမူ ဆယ်ရက် သို့မဟုတ် လဝက်ခွဲခန့်တွင် ဖခင်ဖြစ်သူကို တစ်ကြိမ်မျှပင် မမြင်ရတတ်ချေ။

ကုမင်တာ့က နျိုနျိုလေးကို သေချာစွာ စောင့်ရှောက်ပေးခဲ့သည့်အတွက် အားလင်ကို ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်လေ၏။

"လူကြီးမင်းကုကလည်း အရမ်း အားနာစရာကောင်းအောင် ပြောတာပဲ... နျိုနျိုလေးထက် ပိုပြီး ပြုစုရလွယ်တဲ့ ကလေးမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး..."

အားလင်က ပြောလိုက်သည်။

ရှန်ချန်ဖုန်းကလည်း ဘေးမှနေ၍ ပြောလိုက်လေ၏။

"အားလင်က လိမ္မာတဲ့ကလေးလေးကို စောင့်ရှောက်တာ သူလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲလေ ဆရာ... ဆရာ သူ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး..."

ရှန်ချန်ဖုန်းက အစ်ကိုတစ်ယောက်အနေဖြင့် ဤသို့ပြောခြင်းမှာ မမှားပေ။

သို့သော် ဘေးရှိ လုစစ်ချန်က ရုတ်တရက် ပြောလိုက်လေ၏။

"ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ ကြည့်ရတာ လွယ်ကူပုံရပေမယ့် တကယ်တမ်းတွင်မူ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ အများကြီး ရှိတာပါ... သတိမထားမိတဲ့သူတွေကတော့ ရှိတာပေါ့... ကိုကိုရှန်က ဒီလိုပြောလိုက်တာ သခင်မလေးရှန်ရဲ့ ကြိုးစားမှုကို ဖျက်ဆီးပစ်လိုက်သလိုပဲ..."

လုစစ်ချန်က လှည့်ကာ အားလင်ကို ညင်သာစွာ ပြုံးပြလိုက်လေ၏။

ဤအချိန်တွင် ဘေးနားရှိ မင်းမျိုးမင်းနွယ် သခင်မလေးများသည် ထိုစကားကို ကြားသောအခါ လုစစ်ချန်အပေါ် ပိုမို၍ သဘောကျသွားကြတော့၏။ ရုပ်ရည်က ခန့်ညားရုံသာမက ညင်သာပြီး ကြင်နာတတ်ကာ အခြားသူများကို မည်သို့ နားလည်ပေးရမည်ကိုလည်း သိနေပေသည်။

အားလင်သည် လုစစ်ချန်က အပြင်မှာ တိတ်တိတ်ပုန်း မယားငယ်ထားထားသည်ကို သိထားလေ၏။ ဤအချိန်တွင် ဤကဲ့သို့ ရင်းနှီးသော စကားများကို ကြားရသောအခါ သူမ စိတ်ပျက်ရုံသာ ရှိတော့သည်။

"အစ်ကိုက ညီမကို ဆုံးမတာ... ကျွန်မ လက်ခံပါတယ်... ရှင် အများကြီး စိတ်ပူနေစရာ မလိုပါဘူး..."

အားလင်က အေးစက်သော မျက်နှာဖြင့် ပြန်လည် တုံ့ပြန်လိုက်လေ၏။

လုစစ်ချန်သည် အားလင်တွင် ဤကဲ့သို့သော စိတ်နေသဘောထားမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ၏မျက်နှာပေါ်တွင် ခဏမျှ ဆွံ့အသွားရပြီး မကြာမီမှာပင် ညင်သာပြီး ယဉ်ကျေးသော လူကြီးလူကောင်း ပုံစံသို့ ပြန်လည်ပြောင်းလဲကာ လက်အုပ်ချီလျက် ပြောလိုက်လေ၏။

"သခင်မလေးရှန်... ခွင့်လွှတ်ပါ... ကျွန်တော် စိတ်ပူလွန်သွားမိတာပါ..."

လုစစ်ချန်က ဤသို့ လုပ်ဆောင်လိုက်သဖြင့် ဘေးနားရှိ စောင့်ကြည့်နေသော မင်းမျိုးမင်းနွယ် သခင်မလေးများသည် အားလင်အား အပြစ်တင်သော အကြည့်များဖြင့် တိတ်တဆိတ် မကြည့်ဘဲ မနေနိုင်တော့ချေ။

အားလင်ကတော့ အခြားသူများ၏ စကားကို ဂရုစိုက်မနေတော့ပေ။ သူမက လုစစ်ချန်ကို ကြည့်လေလေ ပို၍ စိတ်ဆိုးလေလေ ဖြစ်လာချေ၏။ သူမ၏ရင်ထဲတွင် သူတော်ကောင်းယောင်ဆောင်နေသူဟု ကျိန်ဆဲပြီးနောက် သူမ၏ ဝေါယာဉ်ထဲသို့ ဝင်သွားတော့၏။

လုစစ်ချန်၏ မျက်လုံးများ မှေးမှိန်သွားတော့သည်။

ရှန်ချန်ဖုန်းသည်လည်း လုစစ်ချန်ကို

အမြင်ကောင်းမရှိသော်လည်း ဆရာဖြစ်သူ၏ သွန်သင်ချက်များကို မှတ်မိနေပြီး စိတ်ဆိုးမှုကို မပြသဘဲ အောင့်အည်းကာ ကုမင်တာ့ကို ပြောလိုက်လေ၏။

"ဆရာ... ညီမလေးက ပင်ပန်းနေပုံရတယ်... ကျွန်တော် သူ့ကို အရင် အိမ်ပြန်ပို့လိုက်ဦးမယ်..."

သို့သော် နျိုနျိုလေးက တိုးတိုးလေး မေးလိုက်သည်။

“ကိုကိုက သမီးတို့ကို မစောင့်တော့ဘူးလားဟင်”

ရှန်ချန်ဖုန်း ခဏမျှ ဆွံ့အသွားပြီးနောက် နျိုနျိုလေး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

"နင့်အစ်မလင်က သိပ်မပျော်ဘူးဖြစ်နေတာ... ကိုကို သူ့ကို ပြန်ပို့ပြီးမှ ပြန်လာခဲ့မယ်နော်..."

ကုမင်တာ့က ပြောလိုက်လေသည်။

"ဆရာ ဆိုင်ရှင်လော်နဲ့ စကားပြောစရာ ရှိသေးတယ်... မင်းတို့ ဖြည်းဖြည်းချင်း စကားပြောကြပါ..."

ကုမင်တာ့က ချင်ကျင့်နှင့် လုစစ်ချန်တို့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သမီးဖြစ်သူကို ပွေ့ချီကာ ရှန်းယွဲ့အဆောင်ထဲသို့ လှည့်ဝင်သွားတော့၏။

ချင်ကျင့်သည်လည်း နှုတ်ဆက်စကား ပြောလိုက်လေ၏။

ချက်ချင်းပင် လုစစ်ချန်၏ ဘေးပတ်လည်မှာ ဟာလာဟင်းလင်း ဖြစ်သွားတော့၏။ သူက အစတုန်းက လူအနည်းငယ်နှင့် အချိန်အတော်ကြာ စကားပြောဆိုနေသည်ကို မြင်ခဲ့ရသော်လည်း ယခုအခါ လုစစ်ချန် ဝင်လာသည်နှင့် အားလုံး ထွက်ပြေးသွားကြသဖြင့် လုစစ်ချန်မှာ လူမုန်းများသူတစ်ဦး ဖြစ်နေသကဲ့သို့ မလွှဲမရှောင်သာ ထင်ယောင်ထင်မှား ဖြစ်ပေါ်စေတော့၏။

လူငယ်များသည် လုစစ်ချန်ကို အနေရခက်စွာ ကြည့်ကာ ခိုးရယ်ကြသော်လည်း မိန်းကလေးများကမူ လုစီချန်ကို သနားကြင်နာသော အကြည့်များဖြင့် အကြိမ်ကြိမ် လှမ်းကြည့်ကြပေသည်။

ရှန်းယွဲ့အဆောင်သို့ ပြန်ရောက်သောအခါ ကုမင်တာ့သည် ဆိုင်ရှင်လော်ကို ရှာမတွေ့ခဲ့ဘဲ သီးသန့်အခန်းတစ်ခုကို တောင်းကာ ရှဲ့ရှင်းချွမ်း သူတို့ကို လာရောက်ခေါ်ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေတော့၏။

သူက သမီးဖြစ်သူကို အသံနှိမ့်ကာ မေးလိုက်လေသည်။

"သမီးက လူကြီးမင်းလုကို မကြိုက်ပုံပဲနော်... ရှန်မိသားစုက မောင်နှမနှစ်ယောက်ဆိုရင် သူတို့ရဲ့ နဖူးပေါ်မှာ 'မုန်းတယ်' ဆိုတဲ့ စာလုံးကို ထင်ထင်ရှားရှား ရေးထားသလိုပဲ... ဒါ ဘာဖြစ်လို့လဲဟင်..."

နျိုနျိုလေး ပြောပြသည်ကို ကြားသောအခါ ကုမင်တာ့က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"အရင်က ကဗျာရွတ်ဆိုပွဲတုန်းက လုမိသားစုက ဒီကောင်လေးက အရည်အချင်းရှိပုံရပြီး ကဗျာကောင်းကောင်း ရေးနိုင်ပေမယ့် ကွယ်ရာမှာတော့ ဒီလိုအလုပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... နှမြောစရာပဲ..."

နျိုနျိုလေးက ပြောလိုက်လေ၏။

"ဖေဖေ... ဖေဖေပြောတာ နည်းနည်း ထူးဆန်းနေသလိုပဲ... သူက ရုပ်ချောလို့ နှမြောစရာကောင်းတယ်လို့ ထင်တာလားဟင်..."

ကုမင်တာ့က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"သူ့ရဲ့ မျက်နှာက ကျောက်စိမ်းလို ဖြူစင်ပေမယ့် နှမြောစရာကောင်းတာကတော့ ကွယ်ရာမှာ ဒီလို မရိုးသားတဲ့ အလုပ်တွေကို လုပ်နေတာပဲ..."

နျိုနျိုလေးသည် အသက်ငယ်ရွယ်ပြီး သူမ၏အတွေးများမှာ အမြဲတမ်း ထူးဆန်းနေတတ်ရာ ပြောလိုက်လေ၏။

"ရုပ်ချောရင် မကောင်းတဲ့အလုပ် လုပ်လို့မရဘူးလားဟင်... ရုပ်ဆိုးတဲ့သူက မကောင်းတဲ့အလုပ်လုပ်ရင် နှမြောစရာမကောင်းဘူးလားဟင်..."

ကုမင်တာ့ ခဏမျှ ဆွံ့အသွားရတော့၏။ ခဏအကြာတွင် သူက သမီးလေး၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်လေသည်။

"လိမ္မာတဲ့ကလေးလေး ပြောတာ မှန်ပါတယ်... ဖေဖေက စကားကို လက်လွတ်စပယ် ပြောမိသွားတာပဲ… မကောင်းတဲ့အလုပ်လုပ်တဲ့သူမှန်သမျှက နှမြောစရာကောင်းတဲ့ ကိစ္စပါပဲ... ဖေဖေက လူတွေကို အပြင်ပန်းရုပ်ရည်နဲ့ပဲ ဆုံးဖြတ်မိသွားလို့ပါ..."

ရှန်မိသားစု၏ ဝေါယာဉ်ပေါ်တွင်မူ အားလင်သည် ထိုနေရာ၌ စိတ်ဆိုးနေဆဲပင် ဖြစ်ပေ၏။

ရှန်ချန်ဖုန်းက ချော့မြှူလိုက်လေသည်။

"ကဲပါ... ကဲပါ... ညီမလေးက ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လက်ထပ်မှာမှ မဟုတ်တာ... စကားနည်းနည်းလေးကြောင့် ဘာလို့ စိတ်မပျော်ဖြစ်နေရတာလဲ... ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် မလုပ်ပါနဲ့..."

အားလင်က ထိုသို့သိထားသော်လည်း ပြောလိုက်လေ၏။

"သူက အပြင်မှာ တိတ်တိတ်ပုန်း မယားငယ် ထားထားတာလေ... ပြီးတော့ ညီမလေးရှေ့မှာ လာပြီး တမင်သက်သက် ကြွားလုံးထုတ်နေသေးတယ်... ဒါက ညီမလေးကို တခြားသူတွေလိုပဲ အပေါ်ယံပဲ ကြည့်တတ်တယ်လို့ ထင်နေတာ... သူ စကားနှစ်ခွန်းလောက် ပြောတာနဲ့ စိတ်လှုပ်ရှားသွားပြီး သူ့ကို လက်ထပ်ရမယ်လို့ ထင်နေတာလား... ”

ရှန်ချန်ဖုန်း၏ ဦးနှောက်ထဲတွင် မေးခွန်းသင်္ကေတ အသေးလေးများ ပြည့်နှက်သွားတော့၏။

ယောကျာ်းလေးများ၏ စိတ်မှာ ကြမ်းတမ်းလှသဖြင့် သူက တိုးတိုးလေး မေးလိုက်လေသည်။

"အားလင်... ညီမလေး အများကြီး တွေးနေတာလားဟင်... သူက ညီမလေးကို စကားနည်းနည်းပဲ ပြောတာလေ... ဘာလို့ အတွေးတွေ ဒီလောက်တောင် များနေရတာလဲ..."

အားလင်က သူမ၏အစ်ကိုကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ကိုကိုက တကယ်ပဲ ရုပ်လေးချောပြီး အသိဉာဏ်မရှိတာပဲ... အကယ်၍ ကိုကိုသာ သူ့လိုဆိုရင် ကိုကို့အမေက ချွေးမ ဘယ်မှာရှာရမလဲဆိုပြီး စိုးရိမ်နေရဦးမလား..."

ရှန်ချန်ဖုန်းသည် ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဆဲဆိုခြင်း ခံလိုက်ရသဖြင့် ချော့မြှူလိုက်ရတော့သည်။

"ကဲပါ... ကဲပါ... ဒီလူအကြောင်း မပြောကြေး...ညီမလေး သူ့ကို မကြိုက်ဘူးဆိုရင် တခြားသူတွေကို ကြည့်ပေါ့... ညီမလေးက အခုမှ အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတာလေ... လူကောင်းတစ်ယောက် သေချာပေါက် ရှာတွေ့မှာပါ..."

ရှန်ချန်ဖုန်း ထိုသို့ပြောသောအခါ ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ကိုကို မှတ်မိသလောက်တော့ တခြားတစ်ယောက်လည်း အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတာ..."

အားလင်သည် အလွန်လန့်သွားသဖြင့် ထိုနေရာတွင်တင် စကားဖြတ်ကာ ပြောလိုက်တော့၏။

"ကိုကိုမှတ်မိတဲ့သူက... အရင်တုန်းက ဘေးနားက အလေလိုက်ဖော်တွေပဲ ဖြစ်မှာပါ... ညီမလေးကတော့ အပျော်အပါးမက်တဲ့သူကို လက်မထပ်ချင်ပါဘူး..."

ရှန်ချန်ဖုန်းက သဘောကောင်းစွာဖြင့် ပြောလိုက်လေသည်။

"ကောင်းပါပြီ... ကောင်းပါပြီ... ဒါဆိုရင်လည်း အိမ်ထောင်မပြုနဲ့တော့ပေါ့... အိမ်ထောင်ပြုဖို့လည်း အလျင်မလိုပါဘူး... အဆိုးဆုံးဖြစ်လာရင်လည်း ကိုကို ညီမလေးကို တစ်သက်လုံး ကျွေးထားမှာပေါ့..."

အားလင် မရယ်ဘဲ မနေနိုင်တော့ချေ။

"ကိုကို့ရဲ့ ကျွေးမွေးမှုကို တကယ်ပဲ ခံယူချင်ပါတယ်... ဒါပေမဲ့ လေပဲ စားနေရမှာကို ကြောက်လို့ပါ..."

ရှန်မောင်နှမများကြားရှိ သဟဇာတဖြစ်မှုနှင့် နှိုင်းယှဉ်ပါက ယခုအခါ ရှန့်ကုန်းစံအိမ်၏ ဝေါယာဉ်ပေါ်တွင်မူ အနည်းငယ် အခြေအနေ မှုန်မှိုင်းနေပေ၏။

ချင်ကျင့်ရှုသည် သူမ၏အစ်ကို၏ ဝေါယာဉ်ပေါ်သို့ အရင်ဆုံး တက်ခဲ့သဖြင့် ယခုအခါ ရထားလုံးပေါ်တွင် မောင်နှမနှစ်ယောက်သာ ရှိနေတော့သည်။

"ကိုကိုကြီး... ညီမလေးကို အကူအညီတစ်ခုလောက် ပေးနိုင်မလားဟင်..."

ချင်ကျင့်ရှုက သတိထားကာ မေးလိုက်လေ၏။

All Chapters