အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း ၂၉၂ - ဆုလာဘ်များ
ကုမင်တာ့ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သူ၏ သမီးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ ကျောပြင်ကို နှစ်သိမ့်သည့်အနေဖြင့် ပွတ်သပ်ပေးလိုက်လေ၏။
"အိပ်မက်ဆိုး မက်လို့ နေရခက်နေတာလား... ဘာလို့ ဖေဖေ့ကို မပြောတာလဲ... မကြောက်နဲ့နော်... မကြောက်နဲ့... အကုန်ပြီးသွားပါပြီ... လိမ္မာတဲ့ကလေးလေးက အခု လူတိုင်းရဲ့ အသည်းအသက်ပဲ... သမီးကို ထင်းရုံထဲ ဘယ်သူမှ မပစ်ထည့်ရဲပါဘူး...."
နျိုနျိုလေးက ခေါင်းခါကာ ပြောလိုက်လေသည်။
"သမီး မကြောက်ပါဘူး... အဲဒါ အိပ်မက်ဆိုတာ သမီး သိတယ်လေ... အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် အိပ်မက်ကနေ နိုးလာမှာပဲ..."
သူမက ကုကျောက်ကို ထပ်ပြောလိုက်ပြန်၏။
"ကိုကို... အခုမိဘတွေရဲ့ မွေးစားခြင်းခံရတာကို သမီး အရမ်းတန်ဖိုးထားတယ်... ဒါကြောင့် အကောင်းဆုံးနဲ့ အတော်ဆုံး သမီးလေး ဖြစ်ချင်တာ..."
"ဆရာကောင်းတစ်ယောက်ရတာနဲ့ မိဘကောင်းတွေရဲ့ မွေးစားခြင်းခံရတာက အရမ်းရှားပါးတဲ့ အခွင့်အရေးတွေပဲ... ကိုကို ကြုံလာရင် အပျော်အပါးမက်ပြီး ဘဝကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့... ဆရာ စိတ်ပျက်အောင်လည်း မလုပ်ပါနဲ့..."
အရင်က ဖခင်ဖြစ်သူ ပြောသောစကားများကို ကုကျောက် နားထောင်ခဲ့သော်လည်း သူက သေချာပေါက် အာရုံစိုက်ခဲ့မည် မဟုတ်ပေ။
ဤအချိန်တွင် ညီမလေး၏ စကားများနှင့် ကောင်မလေးက သူမ သေလုနီးပါး ဖြစ်ခဲ့ရသည့်အကြောင်းကို ပေါ့ပေါ့ပါးပါး ပြောနေသည်ကို နားထောင်ပြီးနောက် ကုကျောက်၏ မျက်လုံးများမှာ ကျိန်းစပ်လာပြီး လည်ချောင်းထဲ တစ်ဆို့သွားတော့၏။
သူသည် ဤခံစားချက်ကို သေချာနားမလည်သေးသော်လည်း ကောင်မလေးက သူမ၏ နာကျင်ရသော အတိတ်ကို ပြန်လည်တူးဖော်ကာ သူ့ကို သူမထံမှ သင်ခန်းစာယူရန် ကြိုးစားဖြောင်းဖျနေသည့် စိတ်အခြေအနေကိုမူ သူ နက်ရှိုင်းစွာ နားလည်လိုက်လေသည်။
အချိန်အတော်ကြာမှ ကုကျောက်က တိုးတိုးလေး ပြောလိုက်တော့၏။
"ငါ... ငါ မှတ်ထားပါ့မယ်..."
နျိုနျိုလေး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်သွားလေသည်။
"ကိုကိုက အရမ်းတော်တာပဲ... သမီး ပြောသမျှ အကုန်မှတ်မိမှာပါ... ကိုကိုက သေချာပေါက် အကောင်းဆုံး ကိုကိုတစ်ယောက် ဖြစ်လာမှာပါ...."
ကုကျောက်သည် ကောင်မလေး၏ အားပေးစကားကြောင့် ပျော်ရွှင်သွားတော့၏။
သို့သော် ကုယန်က ရုတ်တရက် လက်ဆန့်ထုတ်ကာ နျိုနျိုလေး၏ အင်္ကျီစကို ဆွဲလိုက်လေသည်။
နျိုနျိုလေး ဆွံ့အသွားပြီး အလျင်အမြန် ပြောလိုက်တော့၏။
"ကိုကိုကြီးကလည်း အကောင်းဆုံး ကိုကိုကြီးပဲ.... ကိုကိုလတ်ကလည်း အကောင်းဆုံး ကိုကိုလတ်ပဲ.... ကိုကိုရှဲ့ကလည်း ကိုကိုကောင်းတစ်ယောက်ပဲ.... ကိုကိုချန်ဖုန်းလည်း တူတူပဲ...."
ရှဲ့ရှင်းချွမ်းနှင့် ရှန်ချန်ဖုန်းတို့မှာ ဤအချိန်တွင် အခြားဝေါယာဉ်တစ်စီးပေါ်တွင် ရှိနေသော်လည်း နျိုနျိုလေးက ထိုနှစ်ယောက်ကိုပါ တစ်ပြိုင်တည်း ချီးကျူးလိုက်လေ၏။
ကုမင်တာ့က ဖွဖွလေး ချောင်းဟန့်လိုက်သည်။
နျိုနျိုလေးက ထပ်မံ၍ ချီးကျူးလိုက်ပြန်၏။
"အကောင်းဆုံး ဖေဖေ...."
ကုမင်တာ့၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာ ပေါ်လာတော့၏။
ယနေ့ လမ်းခရီးတွင် လေမတိုက်သလို မိုးလည်းမရွာသဖြင့် ပိုင်ယွင်မြို့နယ်သို့ တစ်လမ်းလုံး အတားအဆီးမရှိ ရောက်ရှိသွားလေသည်။
ဝေါယာဉ်က ပထမဆုံး ကုယန်ကို ပိုင်ယွင်ကျောင်းတော်သို့ ပို့ဆောင်ပေးပြီးနောက် သမားတော်ကြီးယန်၏ အိမ်သို့ ပြောင်းရွှေ့သွားတော့၏။
"အဘိုးယန် ရှိလား... ကျွန်တော် လာတွေ့တာ...."
ရှန်ချန်ဖုန်းက ခြံထဲသို့ ဝင်ဝင်ချင်း အော်ဟစ်လိုက်လေသည်။
သမားတော်ကြီးယန်သည် မည်းမှောင်နေသော မျက်နှာဖြင့် ထွက်လာပြီး ပြောလိုက်တော့၏။
"မအော်နဲ့... အဘိုးကြီး ငါက နားမလေးသေးဘူး...."
ရှန်ချန်ဖုန်းက ချက်ချင်းပင် ရယ်မောလိုက်လေသည်။
ကုမင်တာ့က သမားတော်ကြီးယန်ကို လက်အုပ်ချီ အရိုအသေပေးလိုက်၏။
သမားတော်ကြီးယန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ အကြည့်များက လူအုပ်ထဲရှိ ရှဲ့ရှင်းချွမ်းထံသို့ ကျရောက်သွားကာ ပြောလိုက်လေသည်။
"ဒီကိုလာ... ငါ ကြည့်ပေးမယ်...."
ရှဲ့ရှင်းချွမ်းက နားမလည်နိုင်သော မျက်နှာဖြင့် ရှေ့သို့ တိုးသွားရာ သမားတော်ကြီးယန်က သူ၏ သွေးခုန်နှုန်းကို အရင်စမ်းသပ်ပြီးနောက် သူ၏ပေါင်ကို ခဏမျှ စမ်းသပ်ကြည့်လိုက်တော့၏။
ကုမင်တာ့က ရှဲ့ရှင်းချွမ်း၏ မူလဒဏ်ရာရရှိခဲ့ပုံများကို ဂရုတစိုက် ပြောပြလိုက်လေသည်။
"အရိုးနဲ့ အကြောတွေကို ထိခိုက်မိရင် ရက်တစ်ရာကြာမယ်လို့ ပြောကြပေမယ့်... ဒီကလေးက ငယ်သေးလို့လား ဒါမှမဟုတ် သူ့ရဲ့ ကျန်းမာရေးကောင်းပြီး မြန်မြန်ပြန်ကောင်းလာလို့လား မသိဘူး... မင်းတို့ ထပ်ပြီး စိတ်ပူနေစရာ မလိုတော့ပါဘူး..."
သမားတော်ကြီးယန်က ပြောလိုက်သည်။
ရှဲ့ရှင်းချွမ်းသည် ကုမင်တာ့ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ မနေ့ညက သူ့ကို ပိုင်ယွင်မြို့နယ်သို့ ယနေ့ အစောကြီး လိုက်သွားရမည်ဟု ပြောခဲ့လေသည်။ ကုမိသားစုက ပေးသော အကြောင်းပြချက်မှာ သူ့ကို အစောင့်အဖြစ် လိုက်ခိုင်းရန် ဖြစ်ပေ၏။
အစောင့်အဖြစ် လိုက်ခိုင်းသည်မှာ အတုဖြစ်ပြီး သူ့ကို သမားတော်ပြရန် လာခြင်းဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။
သမားတော်ကြီးယန်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ထပ်ပြောလိုက်ပြန်၏။
"မင်းခန္ဓာကိုယ်က သန်မာသေးပေမယ့်... အရမ်း စိုးရိမ်ပူပန်လွန်းတဲ့ လက္ခဏာတွေ ပြနေတယ်... အိမ်မှာ စိတ်ရှုပ်စရာတွေ အများကြီး ရှိနေလို့လား..."
ရှဲ့ရှင်းချွမ်းသည် ပြီးခဲ့သည့်နှစ်က ညစာစားပွဲတွင် ကြီးမားသော စားပွဲဝိုင်းတစ်ခုလုံးမှ လူများနှင့် ရင်ဆိုင်ခဲ့ရစဉ်က စကားအနည်းငယ် ပြောဆိုလိုစိတ် ရှိခဲ့လေ၏။ ယခုအခါ လုံးဝ သူစိမ်းဖြစ်နေသော သမားတော်ကြီးယန်နှင့် ရင်ဆိုင်ရသောအခါ သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမျှပင် မပြောချင်တော့ချေ။
နျိုနျိုလေးက တိုးတိုးလေး ပြောလိုက်လေသည်။
"ဘိုးဘိုးယန်... သမီးရဲ့ ကိုကိုက စကားပြောရတာ သိပ်မကြိုက်ဘူး... သူက ရိုင်းစိုင်းတာ မဟုတ်ပါဘူး... သူ့ကို ဂရုမစိုက်ပါနဲ့..."
သမားတော်ကြီးယန်သည် နျိုနျိုလေး၏ စကားကို ကြားသောအခါ ချက်ချင်းပင် မုတ်ဆိတ်မွေးများကို မှုတ်ထုတ်ကာ စူးရဲစွာ ကြည့်လိုက်တော့၏။
"ထားလိုက်ပါတော့... ဆွံ့အနားမကြားဖြစ်နေရင်တောင် ဂရုမစိုက်ပါဘူး ငါက နင့်လို ကောင်မလေးကို ကျေးဇူးဆပ်ဖို့ အကြွေးတင်နေသေးတာလေ... ငါ ဒေါသထွက်ရင်တောင် သည်းခံရမှာပဲ...."
သမားတော်ကြီးယန်၏ ထူးဆန်းသော စကားများကို နားထောင်ရင်း ရှဲ့ရှင်းချွမ်းသည် သူ၏ အဘိုးအိုက နျိုနျိုလေးကို ဒေါသထွက်သွားမည်ကို မလိုလားသဖြင့် အစပြုကာ ပြောလိုက်လေ၏။
"ကျွန်တော် ဆွံ့အနားမကြား မဟုတ်ပါဘူး..."
သမားတော်ကြီးယန်သည် ဆွံ့အနားမကြားဟု ပြောဆိုခြင်းဖြင့် သူ့ကို စကားပြောလာအောင် အောင်မြင်စွာ အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သဖြင့် ချက်ချင်း ကျေနပ်သွားကာ ပြောလိုက်တော့၏။
"မင်း ဘာကို အများဆုံး စိုးရိမ်ပူပန်နေလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ စားသင့်တာစား သောက်သင့်တာသောက်ပေါ့... အမြဲတမ်း ရှိတာမရှိတာတွေကို လျှောက်မတွေးနေနဲ့... များများတွေးလေ... ဝမ်းနည်းစရာတွေ ပိုများလာလေပဲ..."
ရှဲ့ရှင်းချွမ်းက သမားတော်ကြီးယန်ကို တစ်ချက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
"ကျွန်တော် မှတ်ထားပါ့မယ်..."
သမားတော်ကြီးယန်သည် ရှဲ့ရှင်းချွမ်းကို ကြည့်ပြီးနောက် ခေါင်းလှည့်ကာ ကုကျောက်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်တော့၏။
"မင်း အိမ်ပြန်သွားရင်ရော တကယ်ပဲ အလုပ်လုပ်မှာလား... ပုံမှန်ဆို ဆေးကျမ်းစာအုပ်ကို ဘာလို့ ကိုယ်တိုင် ရှာမဖတ်တာလဲ..."
ကုကျောက်က ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
"ဆရာ... စိတ်မပူပါနဲ့... တပည့်က နောင်ကျရင် သွန်သင်ဆုံးမမှုတွေကို နားထောင်ပါ့မယ်... စာသင်တာကို ထပ်ပြီး အပျက်အကွက် မလုပ်ရဲတော့ပါဘူး..."
သမားတော်ကြီးယန်၏ လေသံမှာ အထေ့အငေါ့နှင့် ထူးဆန်းနေဆဲပင်။
"ကောင်းပြီ... ကောင်းပြီ... ဒီလို ကြီးကျယ်တဲ့ စကားတွေ မပြောနဲ့... မင်း လူကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ပါဘူး... နောင်ကျရင် အပြင်မှာ ဆေးကုရင် ငါ့ရဲ့ တပည့်လို့ မပြောနဲ့...."
ကုကျောက် ထိုစကားကို ကြားသောအခါ ချေပရန် မဝံ့ရဲတော့ဘဲ ဆေးကျမ်းစာအုပ်ကိုသာ ဆက်လက် ခေါင်းငုံ့ကြည့်နေတော့၏။ တစ်ခါတစ်ရံ သူ နားမလည်သောအရာများ ရှိပါက စာအုပ်ကို ကောက်ကိုင်ကာ သမားတော်ကြီးယန်ကို မေးမြန်းလေသည်။
သမားတော်ကြီးယန်မှာ စကားကို ပြင်းပြင်းထန်ထန် ပြောနေသော်လည်း စာသင်ကြားရာတွင် လုံးဝ ပေါ့လျော့ခြင်း မရှိခဲ့ချေ။ ကုကျောက်၏ ခေါင်းထဲသို့ တဖြည်းဖြည်းချင်း ဉာဏ်ရည်ဉာဏ်သွေးများကို ရိုက်သွင်းပေးချင်နေလေ၏။
ရှဲ့ရှင်းချွမ်း ပိုင်ယွင်မြို့နယ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာမို့ ရာသီဥတုကလည်း ကောင်းနေသေးတာနဲ့ ကုမင်တာ့က ကလေးအနည်းငယ်ကို ခေါ်ပြီး မြို့နယ်ထဲမှာ လှည့်ပတ်ကြည့်ရှုဖို့ ခေါ်သွားတော့သည်။
"ပိုင်ယွင်ဘုရားကျောင်းကို ထပ်သွားကြမယ်.... အခု အထဲမှာ ဘယ်ပန်းတွေ ပွင့်နေလဲ မသိဘူး...."
နျိုနျိုလေးသည် အချိန်တိုအတွင်း နေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုရန် မတုံ့ဆိုင်းခဲ့ချေ။ သူမသည် စိတ်ဝင်စားမှု အပြည့်ရှိနေပုံရလေ၏။
"အဲဒီမှာ ဟိုင်ထန်ပန်းတွေ ရှိတယ်.... မင်းတို့ကို ပြမယ်...."
ရှန်ချန်ဖုန်းမှာ ထိုနေရာအား ရင်းနှီးနေလေသည်။ သူက သူ၏အစ်ကိုကြီး၏ ဟန်ပန်ကို ယူကာ နျိုနျိုလေးနှင့် ရှဲ့ရှင်းချွမ်းကို ခေါ်ဆောင်ပြီး ပိုင်ယွင်ဘုရားကျောင်း၏ ဟိုင်ထန်ယွမ်ထဲသို့ လမ်းငယ်လေးတစ်ခုမှတစ်ဆင့် ဝင်သွားတော့၏။
"ရှီးဖူ ဟိုင်ထန်၊ တျောက်စစ် ဟိုင်ထန်၊ သင်္ဘောသီး ဟိုင်ထန်... လိုချင်တာ အကုန်ရှိတယ်... ကြည့်လို့ဝအောင် ကြည့်လို့ရတယ်..."
ရှန်ချန်ဖုန်း၏ စကားများ ရုတ်တရက် ရပ်တန့်သွားတော့၏။
အကြောင်းမှာ ရှေ့တွင် ဤနေရာ၌ မရှိသင့်သော ပုံရိပ်တစ်ခု ရှိနေသောကြောင့် ဖြစ်လေသည်။
လီယုံးသည် တွဲလွဲကျနေသော ဟိုင်ထန်သစ်ပင်အောက်တွင် မတ်တတ်ရပ်ကာ ထိုအဖွဲ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေတော့၏။
ထိုအဖွဲ့မှာ အဖြူရောင် နဂါးရုပ်အင်္ကျီဝတ်ဆင်ထားသော ဧကရာဇ်မင်းမြတ်အား ဒူးထောက်အရိုအသေပေးသင့် မပေးသင့် တုံ့ဆိုင်းနေကြလေသည်။
"ထပ်တွေ့ပြန်ပြီနော် ကောင်မလေး..."
လီယုံးက အစပြုကာ ပြုံးပြီး ပြောလိုက်လေ၏။
နျိုနျိုလေးသည် သူမ၏ဖခင်နှင့် ရှန်ချန်ဖုန်းကို ချက်ချင်း ကြည့်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ခုန်ပေါက်ကာ လီယုံးထံသို့ ပြေးသွားတော့၏။
"လူကြီးမင်း... သမီး လူကြီးမင်းရဲ့ အဆင့်အတန်းကို သိနေပြီထင်တယ်..."
နျိုနျိုလေးက ခေါင်းလေးကို စောင်းကာ ပြောလိုက်လေသည်။
လီယုံးက မျက်ခုံးပင့်လိုက်ပြီး သူ၏ အကြည့်များက ရှန်ချန်ဖုန်းထံသို့ ကျရောက်သွားတော့၏။
"သမီးဖေဖေက ခန့်မှန်းမိတာပါ... ကိုကိုချန်ဖုန်းကလည်း မှတ်မိသွားတာလေ..."
နျိုနျိုလေးက ရှင်းပြလိုက်သည်။
ရှန်ချန်ဖုန်းမှာ မူလကတည်းက ကြောက်လန့်လွန်းသဖြင့် တုန်ယင်နေလေ၏။
လီယုံးသည် နျိုနျိုလေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အကြောင်းရင်းများကို နားလည်သွားတော့သည်။ ရှန်ချန်ဖုန်းကို စူးရဲစွာ ကြည့်ပြီးနောက် သူက လှည့်ကာ နျိုနျိုလေးကို မေးလိုက်လေ၏။
"သမီးက သိသွားပြီဆိုတော့... အရင်ကလည်း သမီးက ကိုယ်တော့်ကို ရှင်းပြပေးခဲ့ဖူးတယ်ဆိုတော့... သမီး ဆုလာဘ်တစ်ခုခု လိုချင်လား..."
နျိုနျိုလေးက ကြည်လင်သောအသံလေးဖြင့် ပြောလိုက်သည်။
"ဘယ်ဆုလာဘ်မဆို ရနိုင်မလားဟင်..."
"နျိုနျိုလေး...."
ကုမင်တာ့က သူ၏သမီးကို အလျင်အမြန် တားဆီးလိုက်လေ၏။
သို့သော် လီယုံးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကောင်မလေးက ချစ်စရာကောင်းတယ်... ငါလည်း သဘောကျတယ်..."
ကုမင်တာ့ ထိုစကားကို ကြားသောအခါ ကလေးက ထူးဆန်းသော တောင်းဆိုမှုမျိုး မလုပ်မိစေရန် မျှော်လင့်လျက် သမီးဖြစ်သူကို ရူးသွပ်စွာ မျက်စိမှိတ်ပြရုံသာ တတ်နိုင်တော့၏။
"သမီးရဲ့ ဖေဖေကို စာမေးပွဲမှာ ပထမရအောင် လုပ်ပေးချင်တယ်ဆိုရင်တောင်... ငါ သမီးကို ကျေနပ်အောင် လုပ်ပေးနိုင်တယ်..."
လီယုံးက နျိုနျိုလေးကို ပြောလိုက်လေ၏။