← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄ - ရွှေရန်

နန်းတွင်းစာမေးပွဲတွင် ဖြေဆိုထားသော စာရွက်ပေါင်း သုံးရာကျော်ရှိပြီး လီယုံးအနေဖြင့် တစ်ရွက်ချင်းစီ ဖတ်နေမည်မဟုတ်ပေ။

စစ်ဆေးရေးအဖွဲ့တစ်ခုလုံးတွင် လူတစ်ဒါဇင်ခန့် ပါဝင်လေသည်။

ထိုလူများ၏ အဓိကတာဝန်မှာ အရာရှိအဆင့် အတူတူပေးအပ်ခံရမည့် လူနှစ်ရာကျော်ကို ရွေးချယ်ရန်ပင်။

အကောင်းဆုံး အဖြေလွှာဆယ်ရွက်ကို အပေါ်ဆုံးတွင် တင်ထားသော်လည်း အဆင့်များကို ကြမ်းဖျင်းသာ သတ်မှတ်ထားချေသည်။ ထိုအချိန်တွင် အဆိုပါစာရွက်များကို လီယုံးရှေ့တွင်ချထားပြီး သူဖတ်မည့်အချိန်ကို စောင့်ဆိုင်းနေကြလေ၏။

အပေါ်ဆုံးတွင် ရှိနေသည်မှာ ကုမင်တာ့၏ အဖြေလွှာဖြစ်နေတော့သည်။

ယခင်နန်းတွင်းစာမေးပွဲတုန်းက လီယုံးမြင်ခဲ့ဖူးသည်မှာ ကုမင်တာ့၏ အဖြေလွှာတစ်ခုတည်းသာ ဖြစ်ပေသည်။ ထိုနေ့က စောင့်ကြည့်နေသော မျက်လုံးများစွာရှိသည့်အတွက် မည်သူမျှ ကျားမြီးကို မဆွဲရဲကြချေ။

အမတ်က ပြောလိုက်သည်။

“အရှင်မင်းကြီး... အမတ်ကြီးတွေအားလုံးက ဒီအဖြေလွှာကို သဘောကျပြီး ဒီလူကို ပထမနေရာပေးသင့်တယ်လို့ ထင်နေကြပါတယ်...”

အမတ်၏စကားကို ကြားပြီးနောက် လီယုံးသည် ကုမင်တာ့၏ အဖြေလွှာကို ယူ၍ သေချာစွာ ဖတ်ရှုလေသည်။

ကုမင်တာ့၏ မူဝါဒအမြင်မှာ အမှန်တကယ်ပင် ကောင်းမွန်စွာ ရေးသားထားသော်လည်း လီယုံးက ထိုတစ်ရွက်တည်းကိုသာ ဖတ်ခြင်းမဟုတ်ဘဲ သူတို့ရွေးချယ်ထားသော အဖြေလွှာဆယ်ရွက်လုံးကို ဖတ်ရှုခဲ့ပေသည်။

နန်းတွင်းစာမေးပွဲ၏ အဖြေလွှာများမှာ ရှုပ်ထွေးမှုမရှိလှချေ။

လီယုံးက ကုမင်တာ့အား ပထမနေရာ ပေးလိုက်ပြီးနောက် ချင်ကျင့်၏ စာရွက်ကို ကောက်ယူလိုက်တော့သည်။

လီယုံးက ပြောလိုက်သည်။

“ဒီအဖြေလွှာအရဆိုရင် ဒုတိယနေရာ ရသင့်ပေမဲ့ ချင်ကျင့်ရဲ့ ရုပ်ရည်သွင်ပြင်အရ တတိယနေရာကိုပဲ ပေးလိုက်ပါ...”

ထိုနေ့က နန်းတွင်းစာမေးပွဲတွင် လူသုံးရာခန့် ရှိလေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချင်ကျင့်နှင့် ကုမင်တာ့တို့က လူအုပ်ကြားထဲတွင် ထင်ရှားနေပေသည်။ လူတိုင်းက အလှအပကို နှစ်သက်ကြရာ လီယုံးလည်း ချွင်းချက်မဟုတ်ပေ။

ဘေးနားရှိ မိန်းမစိုးခေါင်းဆောင်မှာမူ အနည်းငယ် အံ့သြသွားချေသည်။

ယခင်က ပိုင်ယွင်ဘုရားကျောင်းတွင် ဧကရာဇ်မင်း၏ အမူအရာကို ကြည့်ပြီး မိန်းမစိုးခေါင်းဆောင်က ကုမင်တာ့မှာ ရွှေရန်မဖြစ်နိုင်ဟု ထင်ခဲ့သော်လည်း ယခုလို လှည့်ပတ်ပြီး ကုမင်တာ့ပင် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

မိန်းမစိုးခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။

“တတိယနေရာက ရုပ်ရည်ချောမောရမယ်ဆိုတာ အရင်စာမေးပွဲတွေရဲ့ စည်းမျဉ်းပါ... ဒီတစ်ခေါက် စာမေးပွဲက တိုက်ဆိုင်မှုတွေ များနေတယ်... တတိယနေရာတင် မကဘဲ ပထမဆုရှင် ရွှေရန်ကလည်း ခန့်ညားချောမောနေတာပဲ... ပိုတိုက်ဆိုင်တာက ကျွန်တော်တို့ရဲ့ ရွှေရန်က စာမေးပွဲသုံးခုစလုံးမှာ ပထမရထားတာပါပဲ...”

စာမေးပွဲသုံးခုစလုံးတွင် ပထမရသည်ဆိုသည်မှာ ပြည်နယ်စာမေးပွဲ၊ ခရိုင်စာမေးပွဲနှင့် နန်းတွင်းစာမေးပွဲ သုံးခုစလုံးတွင် ပထမနေရာ ရရှိခြင်းပင်။ ထိုသို့သောသူမျိုး ပေါ်ထွက်လာပါက စာပေလောကတွင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

လီယုံးက ဤအကြောင်းကို ယခင်က မသိခဲ့သဖြင့် ပြုံးကာ ပြောလိုက်သည်။

“ဒါကို တွက်ကြည့်မယ်ဆိုရင် ဒီပထမနေရာကို သူ့ကို တကယ်ပေးသင့်တာပဲ...”

မိန်းမစိုးခေါင်းဆောင်က ပြုံး၍ မြှောက်ပင့်စကား အနည်းငယ် ဆိုလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ ကုမင်တာ့သည် ဧကရာဇ်မင်း၏ မျက်လုံးထဲသို့ ဝင်သွားပြီဖြစ်ကြောင်း တွေးမိလေသည်။ နောင်တစ်ချိန် သူ့ကို တွေ့လျှင် မျက်နှာလုပ်ထားဦးမည်ဟုလည်း ဆုံးဖြတ်လိုက်တော့သည်။

နန်းတွင်းစာမေးပွဲ၏ အဆင့်များ သတ်မှတ်ပြီးသွားပြီဖြစ်၍ အဆင့်စာရင်းကို ကြိုတင် ထုတ်ပြန်လိုက်လေ၏။

နန်းတွင်းအဆောင်တော်များက သတင်းရရှိမှုသည် အပြင်ဘက် ညီလာခံထက် အနည်းငယ် နောက်ကျနေပေသည်။

ကိုယ်လုပ်တော်လီက မျက်နှာမည်းမှောင်ကာ ဆံပင်ဖြီးပေးနေသော အစေခံမလေးအား ဆူငေါက်ကာ မေးလိုက်သည်။

“စာမေးပွဲသုံးခုစလုံး ပထမရတယ်ဆိုတာ ဘာပြောတာလဲ... ဘယ်သူက သုံးခုစလုံး ပထမရတာလဲ...”

အစေခံမလေးက ကိုယ်လုပ်တော်လီ ဤမျှမြန်မြန် မျက်နှာပြောင်းသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ယမန်နေ့ညက ဧကရာဇ်မင်းသည် ကိုယ်လုပ်တော်လီ၏ အဆောင်တွင် အိပ်စက်ခဲ့လေသည်။

နံနက်နိုးလာချိန်တွင် ကိုယ်လုပ်တော်လီသည် ပြုံးရွှင်နေပြီး စိတ်အခြေအနေ ကောင်းမွန်နေသော်လည်း အပြင်ဘက်မှ သတင်းများကို ကြားသောအခါ ရုတ်တရက် မျက်နှာထားပြောင်းသွားတော့၏။

အစေခံမလေးမှာ အလွန်ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။

“သူ့နာမည်က ကုမင်တာ့လို့ ပြောကြပါတယ်... စာမေးပွဲသုံးခုလုံးမှာ ပထမရပြီး အရမ်းကို ဂုဏ်ကျက်သရေရှိတယ်တဲ့... နန်းတွင်းစာမေးပွဲတုန်းကလည်း လူတိုင်းက ငေးကြည့်ခဲ့ရတယ်လို့ ကြားတယ်... အရပ်ရှစ်ပေလောက်ရှိပြီး ရုပ်ရည်ကလည်း အရမ်းချောမောတယ်လို့ ပြောကြတယ်... သူသာ အသက်မကြီးဘူးဆိုရင် ရှန့်ကုန်းစံအိမ်ရဲ့ အမွေခံသခင်လေးလို့တောင် ထင်ရလောက်တယ်...”

ကိုယ်လုပ်တော်လီ ကြားသောအခါ လှပသော မျက်လုံးအစုံဖြင့် အစေခံမလေးအား စူးစိုက်ကြည့်နေတော့သည်။

ဘေးနားရှိ အစေခံခေါင်းဆောင်မလေးက တိုးတိုးလေး ပြောလိုက်သည်။

“သခင်မ... ဒီအစေခံက အပြင်ဘက်က ကိစ္စတွေကို နည်းနည်းပါးပါးပဲ သိတာပါ... ဒါကို ဘာလို့ ဒေါသထွက်နေရတာလဲ...”

ကိုယ်လုပ်တော်လီက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဒီနေ့ လာပြီး ဂါရဝပြုစရာ မလိုဘူးလို့ အဆောင်ခြောက်ခုလုံးကို သွားပြောလိုက်... အဖွားကျန်းကော ဘယ်မှာလဲ... သူ့ကို မြန်မြန်ခေါ်ခဲ့...”

အစေခံခေါင်းဆောင်မလေးမှာ အကြောင်းရင်းကို နားမလည်သော်လည်း အရိုအသေပေးကာ နောက်ဆုတ်သွားလေ၏။

ကိုယ်လုပ်တော်လီက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဆံပင်ဖြီးပေးနေသော အစေခံမလေးအား ထပ်မံကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“အောက်ဆင်းသွားတော့... ပါးအချက် ၃၀ ရိုက်ပြီး ဒဏ်ပေးလိုက်...”

ဆံပင်ဖြီးပေးသော အစေခံမလေးမှာ သူဘာအမှားလုပ်မိမှန်းပင် မသိလိုက်ပေ။ သူသည် ထုံးစံအတိုင်း ဆံပင်ဖြီးပေးရင်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုနှစ်ခုကို ပြောပြရုံသာ ဖြစ်လေသည်။

ပါး အချက် ၃၀ ရိုက်ခြင်းက ကြီးမားသော ပြစ်ဒဏ်မဟုတ်ပေ။ တကယ့် ပြစ်ဒဏ်ကြီးမှာ သူ အလုပ်ပြုတ်သွားခြင်းပင်။

၎င်းမှာ ကိုယ်လုပ်တော်လီ၏ အကျင့်ပင်။ သူ အပြစ်ပေးထားသော အစေခံများသည် သူ၏အနီးအပါးတွင် ဆက်လက် အမှုထမ်းခွင့် မရတော့ချေ။

ဆံပင်ဖြီးပေးသော အစေခံမလေးက သနားညှာတာရန် တောင်းပန်ပြီး အမှားကို ဝန်ခံချင်သေးသော်လည်း တစ်စုံတစ်ယောက်က သူ၏ပါးစပ်ကို ပိတ်ကာ အပြင်သို့ ဆွဲထုတ်သွားတော့သည်။

အဖွားကျန်းက အလွန်မြန်ဆန်စွာ ရောက်လာလေ၏။

ကိုယ်လုပ်တော်လီက လက်ကာပြလိုက်ပြီးနောက် အဖွားကျန်း၏လက်ကို ဆွဲကာ မေးလိုက်သည်။

“ကုမင်တာ့အကြောင်း သွားစုံစမ်းချေ... သူက ကွမ်လင်ပြည်နယ် ကွမ်အန်းမြို့နယ်ကလားဆိုတာ သိရအောင်... ကုမိသားစုတစ်ခုလုံးအကြောင်းကို သေချာစုံစမ်းခဲ့...”

သူက အဖွားကျန်း၏ အဖြေကိုပင် မစောင့်တော့ဘဲ ဆက်၍ ပြောလိုက်သည်။

“မှားစရာမရှိဘူး... သူပဲဖြစ်ရမယ်... ဒီလောက် တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...”

အဖွားကျန်းအနေဖြင့် သူ့ကို ဤမျှ ထိတ်လန့်နေသည်ကို မြင်ရခဲလှပေသည်။ ယခင်နှစ်များက မယ်တော်ကြီး၏ နှိပ်စက်မှုကို ခံရစဉ်ကပင် ကိုယ်လုပ်တော်လီ ဤမျှ မထိတ်လန့်ခဲ့ဖူးချေ။

အဖွားကျန်းက သခင်မ၏ စိတ်ခံစားချက်ကို ပြေလျော့စေရန် ကြိုးစားကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ သခင်မ... မဟုတ်လောက်ပါဘူး... အဲဒီလူ မဖြစ်နိုင်ပါဘူး... အစေခံအိုကြီးက နန်းတော်အပြင်ထွက်ခွင့် လက်မှတ်ယူပြီး သားဖြစ်သူကို သေချာစုံစမ်းခိုင်းလိုက်ပါ့မယ်...”

ကိုယ်လုပ်တော်လီလည်း အနည်းငယ် တည်ငြိမ်သွားပြီး ပြောလိုက်သည်။

“နင့်စကားက မှန်တယ်... သူ မဖြစ်နိုင်ပါဘူး...”

အဖွားကျန်း ထွက်သွားပြီးနောက် ကိုယ်လုပ်တော်လီသည် ဗလာကျင်းနေသော အဆောင်တော်ထဲတွင် ထိုင်နေရင်း ဘေးနားရှိ ခမ်းနားလှပသော အလှဆင်ပစ္စည်းများကို ကြည့်ကာ သူ၏မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာတော့သည်။

ကုမိသားစုသည် သတင်းကောင်းလာပြောသော အရာရှိကို ပြန်လွှတ်လိုက်ရုံသာ ရှိသေးပေသည်။

ကုမင်တာ့ အောင်စာရင်းထွက်တုန်းက ကုမိသားစုမှာ အလွန်ပျော်ရွှင်နေခဲ့ပြီး ဖြစ်သည်။ ယခုအခါ ပထမနေရာကိုပါ ရရှိသွားပြီဖြစ်၍ နှစ်ပေါင်းများစွာ စာမေးပွဲအတွက် စာကျက်ခဲ့ရသော ကုမင်တာ့အတွက် အပြီးသတ် အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်လေတော့၏။

အဖွားကုက ဘယ်ညာရှိ အဘွားအိုများကို ဝမ်းသာအားရ ကြွားလုံးထုတ်ကာ ပြောလိုက်သည်။

“ရွှေရန်လေ... ပထမဆုရှင်ဆိုတာ သုံးနှစ်မှ တစ်ခါပဲ ထွက်တာ...”

အခြားအဘွားအိုများမှာ စာမေးပွဲအကြောင်း သိပ်နားမလည်ကြသော်လည်း အခြေအနေမသိတတ်သော အဘွားအိုတစ်ဦးက ဝင်၍ ပြောလိုက်သည်။

“သုံးနှစ်မှ တစ်ခါဆိုတာ ဟုတ်လို့လား... မနှစ်ကပဲ ရွှေရန်စီတန်းလှည့်လည်တာကို သွားကြည့်ခဲ့သလို မှတ်မိနေပါသေးတယ်...”

အဖွားကု ကြားသောအခါ အရှက်ကွဲသွားသည်ဟု မခံစားရဘဲ ဆရာလုပ်ချင်သော အမူအရာဖြင့် ပြောလိုက်သည်။

“ပုံမှန်ဆိုရင် သုံးနှစ်မှ တစ်ခါပါ... ဒီနှစ်က နန်းတော်ထဲက မယ်တော်ကြီးရဲ့ မွေးနေ့ဖြစ်နေလို့ ဧကရာဇ်မင်းက အထူးကျေးဇူးတော်အနေနဲ့ စာမေးပွဲ ကျင်းပပေးတာလေ... ဒါကို အထူးစာမေးပွဲလို့ ခေါ်တယ်... နားလည်လား...”

ထိုအဘွားအိုမှာ ပြန်လည်ဖြေကြားရန် အချိန်ပင် မရလိုက်ချေ။

အခြားအဘွားအိုများက မြှောက်ပင့်ကာ ပြောလိုက်သည်။

“အဖွားကု... ရှင်က အများကြီး သိနေတာပဲ... ရွှေရန်ရဲ့ အမေ ဖြစ်ထိုက်ပါပေတယ်...”

တစ်ယောက်က ဝင်၍ ပြောလိုက်သည်။

“သားဖြစ်သူကို ရွှေရန်ဖြစ်အောင် သင်ပေးနိုင်တာ အံ့သြစရာမရှိတော့ပါဘူး... သူက ရှင့်ဆီက ဉာဏ်ကောင်းတာကို အမွေရထားတာကိုး...”

အဖွားကုက ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ငါတို့က သားသုံးယောက် မွေးခဲ့တယ်... ဒုတိယသားက အတော်ဆုံးပဲ... သူက ငါနဲ့ အတူဆုံးပဲလေ...”

တစ်ယောက်က မေးလိုက်သည်။

“အဖွားကု... ရွှေရန်က ဘယ်လိုအရာရှိမျိုး ဖြစ်မှာလဲ... ဘယ်အဆင့်လဲ...”

အဖွားကုမှာ ထိုမျှလောက် များများစားစား မသိသော်လည်း သူ၏ မသိနားမလည်မှုကို မပြသချင်သဖြင့် ပြောလိုက်သည်။

“ဧကရာဇ်မင်းက သူ့ကို အရာရှိခန့်ရင် အရာရှိဖြစ်မှာပေါ့... ဧကရာဇ်မင်းရဲ့ တာဝန်ပေးအပ်မှုကို နားထောင်ရမှာပဲ...”

နောက်တစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်... ရှင့်သားရဲ့ ကျောထောက်နောက်ခံက တော်ဝင်မင်းသမီးကြီးဆိုတော့ သူ့ကို အရာရှိကြီးဖြစ်အောင် သေချာပေါက် ကူညီပေးမှာပေါ့... ဒီတစ်ခေါက် ရှင့်သား ရွှေရန်ဖြစ်တာလည်း တော်ဝင်မင်းသမီးကြီးက ကူညီပေးလို့များလား... ဒီအဆင့်သတ်မှတ်ချက်ကို အစတည်းက ဆုံးဖြတ်ထားပြီးသားလို့ လူတွေပြောနေတာ ကြားတယ်... ကျောထောက်နောက်ခံကောင်းတဲ့သူက ပထမနေရာ ရနိုင်တယ်ဆို...”

အဖွားကုမှာ ထိုသူက ချောက်ချနေမှန်း လုံးဝ မသိခဲ့ပေ။ သူက အခြေအနေကို အခွင့်ကောင်းယူ၍ ၎င်းတို့မိသားစုနှင့် တော်ဝင်မင်းသမီးကြီးစံအိမ်တို့၏ ရင်းနှီးမှုအကြောင်းကို ပြောပြကာ အခြားအဘွားအိုများအား မနာလိုဖြစ်စေချင်ရုံသာ ဖြစ်လေသည်။

အဖွားကုက စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ် နျိုနျိုလေးက မပျော်ရွှင်နေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

“ဖေဖေက ဖေဖေ့ရဲ့ တကယ့်အရည်အချင်းနဲ့ စာမေးပွဲမှာ ပထမရခဲ့တာပါ...”

All Chapters