အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း ၂၉၅ - အလုပ်ရှာခြင်း
အဖွားကုက သံသယဖြင့် ပြောလိုက်သည်။
“လိမ္မာတဲ့ကလေးလေး... အရင်က နန်းတွင်းစာမေးပွဲမှာ ဘယ်သူမှ မကျဘူးလို့ ကြားဖူးတယ်... ဒါပေမဲ့ အဆင့်ကောင်းကောင်းရချင်ရင် နောက်ကွယ်မှာ လူရှိမှရမယ်လို့ ကြားဖူးလို့... နင့်အဖေကလည်း အဲဒီလိုပဲ ထင်လို့...”
နျိုနျိုလေးသည် အဖွားကု ဤစကားကို ဘယ်က ကြားလာမှန်း မသိသော်လည်း အလေးအနက်ထားကာ ပြောလိုက်သည်။
“အဖွား... စာမေးပွဲအဆင့်က တကယ့်အရည်အချင်းအပေါ် မူတည်တာပါ... တော်ဝင်မင်းသမီးကြီးနဲ့ ရင်းနှီးရုံနဲ့ အဆင့်ကောင်းကောင်း ရနိုင်မယ်ဆိုရင် တော်ဝင်မင်းသမီးကြီးက ဘာလို့ ကိုကိုရှန်ကို စာမေးပွဲဝင်မဖြေခိုင်းတာလဲ...”
ဆက်၍ ပြောလိုက်သည်။
“ကိုကိုရှန်က တော်ဝင်မင်းသမီးကြီးရဲ့ သားအရင်းလေ... တကယ်သာ စီစဉ်ပေးလို့ရရင် သူ့ကို လွှတ်ပေးထားမှာ မဟုတ်ဘူး...”
အဖွားကု ကြားသောအခါ ချက်ချင်းပင် ချေပစရာ အကြောင်းပြချက် ရှာမရဖြစ်သွားတော့သည်။
နျိုနျိုလေးက ထပ်မံ ပြောလိုက်သည်။
“ဖေဖေက ပြောတယ်... နန်းတွင်းစာမေးပွဲဆိုတာ တိုင်းပြည်အတွက် အရည်အချင်းရှိသူတွေကို ရွေးချယ်တဲ့ စာမေးပွဲတဲ့... အစိုးရက တရားမျှတပြီး တင်းကျပ်တယ်... ဘယ်သူ့ကိုမှ လှည့်စားခွင့် မပေးဘူး... ပေါက်ကရတွေပြောတာကို အစိုးရလူတွေသာ ကြားသွားရင် ပြဿနာရှာပြီး အရာရှိဆီ သွားရမလားတောင် မသိဘူး...”
ကလေးမလေး၏ ရှင်းလင်းပြတ်သားသော စကားများက ပတ်ဝန်းကျင်ရှိ လူများကို ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
အဖွားကုက လေသံကို အမြန်ပြောင်းကာ ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်... ငါ့မြေးလေးပြောတာ မှန်တယ်... ဒီကိစ္စတွေက ပေါက်ကရပြောလို့ မလွယ်ဘူး... နင်တို့ ဒုက္ခကြီးကြီးရောက်တော့မလို့ပဲ... ကံကောင်းလို့ ငါ့မြေးလေးက ကယ်လိုက်တာ...”
အဖွားကု၏ စကားကို ကြားသောအခါ ယခင်က ချောက်ချခဲ့သော အဘွားအိုက ခြောက်ကပ်ကပ် ရယ်မောကာ ပြောလိုက်သည်။
“အို... ရှင်ကလည်း... ဘယ်လိုလုပ် အဲဒီလောက် ပြင်းထန်ရမှာလဲ... အဘွားကြီးတစ်သိုက် လျှောက်ပြောနေတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ...”
နျိုနျိုလေးက သူ၏အဖွား အင်္ကျီစကို ဆွဲလိုက်လေသည်။
အဖွားကု ခေါင်းငုံ့လာသောအခါ နျိုနျိုလေးက အဖွား၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။
“အဖွား... သမီး အဖွားလျူကို မကြိုက်ဘူး...”
အဖွားလျူမှာ ယခင်က ချောက်ချခဲ့သော အဘွားအိုပင်။ ထိုသူသည် အဖွားကု၌ ကိစ္စရှိလျှင် အမြဲ မြှောက်ပင့်ပြောဆိုတတ်ပြီး အဖွားကုကလည်း သူနှင့် ပေါင်းသင်းရသည်ကို အမှန်တကယ် သဘောကျလေသည်။
သို့သော် ကောင်းကင်နှင့် မြေကြီး မည်မျှပင် ကြီးမားပါစေ မြေးမလေး မနှစ်သက်ခြင်းလောက် အရေးမကြီးပေ။
အဖွားကုက ချက်ချင်း မျက်နှာပြောင်းသွားပြီး အဖွားလျူအား ပြောလိုက်သည်။
“နင့်ပါးစပ်က အကြီးဆုံး ပြဿနာပဲ... တစ်ခုခုဖြစ်လာရင် နင့်ကို အရင်ဆုံး စာရင်းရှင်းမယ်...”
အဖွားကုသည် ရုတ်တရက် ကောင်းမွန်နေသော စိတ်အခြေအနေ ပျက်သွားပြီး သူတို့ကို ဆက်၍ မကြွားချင်တော့သဖြင့် မဲ့ပြုံးပြုံးကာ အခြားသူများကို ပြောလိုက်သည်။
“အိမ်မှာ ကိစ္စရှိသေးတယ်... အောင်ပွဲခံတဲ့အခါမှပဲ နင်တို့ကို အရက်တိုက်တော့မယ်...”
ထိုသို့ပြောပြီးနောက် အဖွားကုသည် မြေးမလေး၏ လက်ကိုဆွဲကာ ခြံထဲသို့ ပြန်ဝင်သွားတော့၏။
အဖွားကုသည် ဗဟုသုတ နည်းပါးသော်လည်း မိသားစု၏ အရေးကြီးကိစ္စများကို ဒုတိယသားကသာ အဓိက တာဝန်ယူရမည်ကို သိရှိထားသဖြင့် ခုနက ကိစ္စကို ဒုတိယသားအား တိုးတိုးလေး ပြောပြလေသည်။
“ဒုတိယသား... နင် ငါ့အကြောင်း သိပါတယ်... ငါက အမြဲတမ်း စကားများပြီး လျှောက်ပြောတတ်တယ်လေ... အစတုန်းကတော့ ဘာမှမဖြစ်ဘူးလို့ ထင်တာပဲ... ဒါပေမဲ့ နျိုနျိုလေးက အဖွားလျူကို မကြိုက်ဘူးဆိုတော့ ငါ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်...”
ကုမင်တာ့သည် မိခင်ဖြစ်သူ၏ ကြောက်လန့်နေသော အမူအရာကို ကြည့်ကာ အဘွားအို၏ ပခုံးကို နှစ်သိမ့်သလို ပုတ်ပေးရင်း ပြောလိုက်သည်။
“အမေ... အမေ လုပ်တာ မှန်ပါတယ်... တစ်ခုခု မှားနေတယ်လို့ သိတာနဲ့ ကျွန်တော်တို့ ချက်ချင်း ရပ်တန့်ရမယ်...”
အဘွားအိုက ဂရုတစိုက်ဖြင့် မေးလိုက်သည်။
“နင်ရထားတဲ့ ပထမနေရာကို ထိခိုက်နိုင်မလား...”
ကုမင်တာ့က ပြောလိုက်သည်။
“အကြီးအကျယ် ထိခိုက်မှုတော့ မရှိနိုင်ပါဘူး... ဒါပေမဲ့ တစ်ယောက်ယောက်က ကြားသွားရင် အခက်အခဲလေးတွေတော့ ရှောင်လွှဲလို့ မရနိုင်ဘူး...”
အဖွားကု ကြားသောအခါ ချက်ချင်းပင် နောင်တရသွားဟန်ဖြင့် လက်ကိုဆန့်ထုတ်ကာ ရင်ဘတ်ကို ထုရင်း ပြောလိုက်သည်။
“ငါ့ကိုပဲ အပြစ်တင်ပါ... ငါ့ပါးစပ်က စည်းကမ်းမရှိလို့ ငါ့ကိုပဲ အပြစ်တင်ပါ... အခု ဘယ်လိုလုပ်ကြမလဲ... တော်ဝင်မင်းသမီးကြီးဆီ သွားအကူအညီတောင်းရင်ကော ဘယ်လိုလဲ...”
ကုမင်တာ့က ပြောလိုက်သည်။
“အခက်အခဲလေးတွေ ဖြစ်စေရုံပါပဲ... ကျွန်တော့်ရဲ့ ရွှေရန်နေရာကို တိုက်ရိုက် ရုပ်သိမ်းမှာမဟုတ်ပါဘူး... ကျွန်တော်တို့ မိသားစုကိစ္စကို ကျွန်တော်တို့ပဲ အသိဆုံးပါ... ဒီရွှေရန်နေရာကို တကယ့်အရည်အချင်းနဲ့ ရခဲ့တာပါ... တော်ဝင်မင်းသမီးကြီးကို အားကိုးတာ မဟုတ်ပါဘူး... အစိုးရက ဘယ်သူ့ထက်မဆို ပိုသိပါတယ်... အလွန်ဆုံးဖြစ်လှ ရုတ်ရုတ်သဲသဲ ဖြစ်တာလောက်ပါပဲ...”
အဖွားကုလည်း ချက်ချင်း စိတ်အေးသွားတော့သည်။
ကုမင်တာ့က အခွင့်ကောင်းယူကာ ပြောလိုက်သည်။
“အမေ... အရင်တုန်းက ကျွန်တော်တို့ မိသားစုက ချင်းရွှေရွာမှာ နေတဲ့ သာမန်မိသားစုလေးပါပဲ... အခု မြို့တော်ကို ရောက်လာပြီး အရာရှိဖြစ်တော့မှာဆိုတော့ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက လုံးဝ ပြောင်းလဲသွားပြီလေ... အဲဒါကြောင့် တချို့စကားတွေကို အပြင်မှာ အရမ်းကာရော လျှောက်ပြောလို့ မရတော့ဘူး...”
အဖွားကုသည် အပြင်လူများပေးသော အကြံဉာဏ်ကို နားထောင်ခဲ့ပြီး ယခင်ကလည်း ပြဿနာတစ်ခု ရှိခဲ့ဖူးလေသည်။ ကုမင်တာ့ ဤသို့ပြောသောအခါ အဘွားအိုမှာ ကြက်သွန်ဖြူထောင်းသကဲ့သို့ အဆက်မပြတ် ခေါင်းညိတ်တော့၏။
“ဒုတိယသား... နင့်စကားကို ငါနားထောင်ပါ့မယ်... နောက်ဆိုရင် အပြင်မှာ နင့်အကြောင်း ဘယ်တော့မှ မပြောတော့ပါဘူး... ကောင်လေးလီဆီမှာကော ဆက်လုပ်လို့ ရသေးလား...”
ကုမင်တာ့ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားချေသည်။ သူ ပညာသင်ဖြစ်စဉ်က မည်သူမျှ ကုမိသားစုကို စောင့်မကြည့်သလို အဘွားအို၏ အမှားကိုလည်း မည်သူကမျှ အပြစ်ရှာမည် မဟုတ်ပေ။ ယခုအခါ သူက အရာရှိတစ်ဦး ဖြစ်လာတော့မည်။
အကယ်၍ အဘွားအိုက ထိုနေရာတွင် ဆက်လုပ်နေမည်ဆိုလျှင် အခြားအရာရှိမိသားစုများမှ အဘွားအိုများက သူ၏မိခင်ကို ဖယ်ကြဉ်ထားမည်ကို စိုးရိမ်ရပေသည်။
အဖွားကုသည် သားဖြစ်သူ၏ အမူအရာကို ကြည့်ကာ ရုတ်တရက် ရင်လေးသွားတော့သည်။ သားဖြစ်သူ စကားမပြောရသေးမီ သူက ဦးဆောင်ကာ ပြောလိုက်သည်။
“ဒါဆိုရင် ငါမလုပ်တော့ပါဘူး... အရာရာက နင့်ရဲ့ အနာဂတ်အတွက်ပဲ ဦးစားပေးရမှာပေါ့... ငါလို အဘွားကြီးတစ်ယောက်က မလုပ်မနေရမှ မဟုတ်တာ... သူများဆီမှာ အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့... နောက်ဆိုရင် အိမ်မှာပဲ အဘွားကြီးလုပ်နေတော့မယ်... လူတော်တော်များများက ဒီလိုဘဝကောင်းမျိုး မရကြသေးပါဘူးလေ...”
မိခင်ဖြစ်သူ၏ စိတ်ဓာတ်ကျနေသော အမူအရာကို ကြည့်ကာ ကုမင်တာ့အနေဖြင့် သူ၏မိခင်သည် အလုပ်ကို စွန့်လွှတ်ရန် တွန့်ဆုတ်နေကြောင်း သဘာဝကျကျပင် နားလည်လေ၏။
အဘွားအိုသည် အသက်ကြီးပြီဖြစ်သော်လည်း တစ်သက်လုံး အလုပ်များခဲ့ပြီး အားလပ်ချိန် လုံးဝမရှိခဲ့ဘဲ ယခုမှ အလုပ်ထွက်ရတော့မည်ဖြစ်ရာ သူ၏မျက်လုံးထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားသကဲ့သို့ပင်။
နျိုနျိုလေးက ရုတ်တရက် မေးလိုက်သည်။
“ဘာလို့ အဖွားက သူများအတွက် အလုပ်လုပ်ပေးချင်ရတာလဲ...”
ကုမင်တာ့ ကြားသောအခါ ဆွံ့အသွားရတော့သည်။
အဖွားကုက ပြောလိုက်သည်။
“လိမ္မာတဲ့ကလေးလေး... ပွဲစားဆိုတာ အဆင့်နိမ့်အလုပ်တွေထဲက တစ်ခုလေ... အစိုးရက ချပေးတဲ့ လုပ်ငန်းလိုင်စင် မရှိရင် ဒီအလုပ်ကို လုပ်လို့မရဘူး... ငါတို့က အဆင့်နိမ့်တဲ့သူလည်း မဖြစ်ချင်ဘူး... လိုင်စင်အတွက်လည်း ပိုက်ဆံမပေးချင်ဘူးလေ... ကောင်လေးလီဆီမှာ အလုပ်လုပ်တာက ကွက်လပ်တစ်ခုလို ဖြစ်နေတာ... ငါတို့ကိုယ်ပိုင် စီးပွားရေးတော့ လုပ်လို့မရဘူး...”
နျိုနျိုလေးက ပြောလိုက်သည်။
“အဖွားက လုပ်စရာတစ်ခုခုကို ရှာချင်ရုံပါ... ပိုက်ဆံ တကယ်လိုနေတာမှ မဟုတ်တာ... ပွဲစားအလုပ်ကိုပဲ လုပ်ရမယ်လို့မှ မလိုတာ...”
အဖွားကုက ပိုက်ဆံမရဘဲ သူတစ်ပါးအတွက် အလကား အလုပ်လုပ်ပေးရမည်ဆိုလျှင် ပျော်မည်မဟုတ်ကြောင်း တွေးလိုက်မိပေသည်။
နျိုနျိုလေးက ဆက်၍ ပြောလိုက်သည်။
“အဖွားက ကိုယ်ပိုင်ဆိုင်ဖွင့်လို့ ရတာပဲ...”
အဖွားကုက မြန်မြန် လက်ခါပြရင်း ပြောလိုက်သည်။
“လိမ္မာတဲ့ကလေးလေး... ငါ ဆိုင်မဖွင့်ပါဘူး... ရှုံးသွားရင် ဘယ်လိုလုပ်မလဲ... နင့်မိဘတွေ စုထားတာတွေကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်နေမှာပေါ့...”
နျိုနျိုလေးက ဗိုက်လေးကို ပုတ်ကာ ပြောလိုက်သည်။
“သမီးဆီမှာ ပိုက်ဆံရှိတယ်... သမီးပိုက်ဆံနဲ့ အဖွားအတွက် ဆိုင်ဖွင့်ပေးမယ်...”
အဖွားကုမှာ စိတ်လှုပ်ရှားသွားသော်လည်း ခေါင်းခါပြကာ ပြောလိုက်သည်။
“ငါ့ရဲ့ ဘိုးဘေးလေး... နင်က ပေးရဲပေမဲ့ အဖွားက မတောင်းရဲပါဘူး...”
“ဒါဆို အရင်းအနှီး မလိုတဲ့ စီးပွားရေး လုပ်ရင်ကော... အဖွားရဲ့ ပါးစပ်က သိပ်တော်တာပဲ... ဈေးဆစ်တာဆိုရင် ဘယ်သူမှ မယှဉ်နိုင်ဘူး... အဖွားရဲ့ နားတွေကလည်း ပါးတယ်လေ... အမြဲတမ်း နောက်ဆုံးပေါ် စိတ်ဝင်စားစရာ သတင်းတွေကို ကြားနိုင်တယ်... အရင်က အဖွားက ပါးစပ်နဲ့ ပိုက်ဆံရှာနိုင်ခဲ့တာပဲ... အခုလည်း နားနဲ့ ပိုက်ဆံရှာဖို့ ကြိုးစားကြည့်လို့ ရတာပေါ့...”
အဖွားကုသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ငတုံးလေး... စကားပြောကောင်းရုံနဲ့ ပိုက်ဆံဘယ်လောက်များ ရနိုင်မှာလဲ... နးာပါးရုံနဲ့ ဘယ်လိုလုပ် ပိုက်ဆံရှာလို့ ရမှာလဲ... ဒါက လုံးဝ မဖြစ်နိုင်ပါဘူး...”
နျိုနျိုလေးသည် ရုတ်တရက် ခါးသီးသွားသလို ခံစားလိုက်ရလေသည်။
ကုမင်တာ့က ပြောလိုက်သည်။
“နားစွင့်ထားတာက အရေးကြီးတဲ့ အချိန်တွေမှာ အများကြီး အသုံးဝင်နိုင်တယ်... ပိုက်ဆံလည်း ရှာနိုင်ကောင်း ရှာနိုင်မှာပါ...”
အဖွားကုနှင့် နျိုနျိုလေးတို့သည် မျက်လုံးများကို ပြူးကျယ်ကာ စူးစမ်းချင်စိတ်များဖြင့် ကုမင်တာ့အား အတူတကွ ကြည့်လိုက်ကြလေ၏။
ကုမင်တာ့က ပြောလိုက်သည်။
“မြို့တော်မှာ လူတွေ အသွားအလာ များတယ်... အမေကလည်း ဈေးထဲမှာ အမြဲ သွားလာနေတာပဲ... ဟိုလူပြော ဒီလူပြော စကားတွေထဲမှာ မယုံနိုင်စရာ ကိစ္စတွေ ပါလာနိုင်တယ်... အဲဒါဆိုရင် ပိုက်ဆံအများကြီး ရနိုင်တာပေါ့...”
အဖွားကုမှာ စိတ်အားတက်ကြွလာကာ မေးလိုက်သည်။
“တကယ် ပိုက်ဆံရှာလို့ ရတာလား...”