မဟာယင်ယန်အစီအရင်
Vol. 9 Ch. 81
ဝမ်ရှန်း လက်ချောင်းများကို တစ်ချက်ခါလိုက်ရာ သူ၏ဓားက တုန်ခါသွားသည်၊၊ ထို့နောက် လေပြင်းများတိုက်ခတ်လာပြီး လေထဲတွင် ရေလှိုင်းများအလား ထိုက်ကျိပုံစံအတိုင်း ဝဲဂယက်ထလာကာ ရှည်လျားလှသော လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်၊၊
သစ်သားဓား လက်ထဲရရှိလိုက်သည်နှင့် ဝမ်ရှန်းသည် လုံးဝခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်၊၊ သူ၏ဓားဆန္ဒသည် ကျယ်ပြန့်ပြီး ပြင်းထန်လာသည်နှင့်အမျှ သူ၏စွမ်းအားကုန်ကို နောက်ဆုံးတွင် ထုတ်သုံးလိုက်ရာ ယင်ယန်ဂိုဏ်းသားနှစ်ဦးလည်း အံ့အားသင့်သွားကြသည်၊၊
တစ်ဖက်တွင်လည်း မုဝမ်ရွှမ်းသည် တိုက်ပွဲကို ချက်ချင်းပင် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်၊၊ သူမ၏ ယင်ယန်ချီမှာ မီတာအနည်းငယ်အတွင်းရှိသမျှကို ဖိနှိပ်ထားရာ အရပ်ပုပုလူသည် ဆုတ်ခွာရန် ချက်ချင်းပင် စဉ်းစားလိုက်သည်၊၊
သို့သော် သူဆုတ်ခွာချင်လျှင်ပင် ဆုတ်ခွာရန် အချိန်မရှိတော့ပေ၊၊ ဝမ်ရှန်းက ခုနှစ်စင်ကြယ်ဓားအစီအရင်ဖြင့် သူ၏ပြိုင်ဘက်ကို တိုက်ခိုက်နေစဉ်အတွင်း မုဝမ်ရွှမ်းသည် ရိုးရှင်းသော ကိုယ်ဟန်ဖြင့် နေရာယူလိုက်သည်၊၊
သူမသည် အေးစက်သော မျက်နှာအမူယာဖြင့် ခြေလှမ်းကျဲကျဲနင်းလိုက်ပြီး ဘယ်လက်ကို ရှေ့သို့ ဖြည်းညှင်းစွာ ထိုးထုတ်ကာ ညာလက်ကို နောက်သို့ ဆွဲလိုက်သည်၊၊ သူမ၏ ဆံပင်ရှည်များမှာလည်း လေထဲတွင် လွင့်မျောနေသည်၊၊
အရပ်ပုပုလူက မန္တန်ကို အလျင်အမြန် ရွတ်နေသော်လည်း သူ၏ရင်ဘတ်မှာ အကြောင်းရင်းမရှိဘဲ တင်းကျပ်လာသည်၊၊ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများမှာလည်း ခဏတာ အေးခဲသွားသကဲ့သို့ဖြစ်သွားပြီး သူ၏ဝိညာဉ်အသိစိတ်ကို တုံ့ပြန်ခြင်း မရှိတော့ပေ၊၊
ထို့နောက် သူ၏ဘယ်ဘက်ပခုံးနှင့် ညာဘက်ရင်အုပ်ကို တစ်ပြိုင်နက်တည်း ပြင်းထန်စွာ တွန်းထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ဂျင်ကဲ့သို့ လည်ထွက်သွားသည်၊၊
တောင့်တင်းနေသော လူရေခွံမျက်နှာဖုံးနောက်ကွယ်မှ သူ၏မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်ယောင်များ ပြည့်သွားသည်၊၊
“ထိုက်ကျိလက်သီးလား”
မုဝမ်ရွှမ်းကမူ သူပြောသည်ကို သတိထားမိပုံမပေါ်ဘဲ သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် စီးမျောနေပုံရသည်၊၊ မြက်ပင်တစ်ပင် ပန်းတစ်ပွင့်မှအစ လူနှင့် အရိပ်အဆုံး အရာအားလုံးမှာ သူမ၏လက်များက ဖြည်းညှင်းစွာ လှုပ်ရှားနေသော်လည်း နက်ရှိုင်းစွာ ဆွဲငင်တွန်းထုတ်နေသည့်အောက်တွင် ရှိနေကြသည်၊၊
ငါ့ရဲ့လက်နှစ်ဖက်နဲ့ ဒီလောကကြီးကို ငါကိုယ်တိုင် လမ်းညွှန်မယ်၊၊
“ဟင်း... ငါ့ကို ဒီလိုအရှက်ခွဲရဲတယ်ပေါ့”
မမြင်ရသော အားတစ်ခုက သူ့ကို ဆွဲငင်တွန်းထုတ်နေသဖြင့် ယိုင်ထိုးနေစဉ်မှာပင် အရပ်ပုပုလူက ခပ်အက်အက်ဟိန်းဟောက်လိုက်ပြီး သူ၏သွေးကြောအချို့ကို ထိလိုက်သည်၊၊ စင်ကြယ်သော အစစ်မှန်ချီများ ပေါက်ကွဲထွက်လာပြီး သူ့ကို နောက်သို့ မီတာဝက်ခန့် လွင့်ထွက်သွားစေသည်၊၊
အကွာအဝေးအနည်းငယ်သာဖြစ်သော်လည်း မမြင်ရသော လှောင်အိမ်ထဲမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူသည် နောက်သို့ ချက်ချင်းပင် ခုန်ဆုတ်လိုက်သည်၊၊
သို့သော်လည်း မုဝမ်ရွှမ်းက အလျင်လိုခြင်းမရှိဘဲ သူမ၏ ထိုက်ကျိသိုင်းကွက်များကို ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် ဆက်လက်ကစားနေသည်၊၊ သူမ၏ ညာဘက်လက်ချောင်းများမှာ ညင်သာစွာပင် လက်သီးအဖြစ် ဆုပ်ကိုင်လိုက်သည်၊၊
ယင်နှင့်ယန်... မာကျောခြင်းနှင့် ပျော့ပြောင်းခြင်း၊၊
ထို့နောက် သူမ၏ ညာလက်သီးကို လက်မဝက်ခန့် ရှေ့သို့ ထိုးထုတ်လိုက်သည်၊၊ အလွန်အမင်းနှေးကွေးရာမှ ရုတ်တရက် မြန်ဆန်သွားသည့် အပြောင်းအလဲမှာ အလွန်ပင် ချောမွေ့လွန်းလှသဖြင့် ကြည့်နေသူများမှာ တစ်စုံတစ်ရာ ထူးဆန်းသည်ဟုပင် မခံစားကြရပေ၊၊
၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း... သဘာဝတရား၏အလိုအတိုင်းဖြစ်သွားသကဲ့သို့ပင်၊၊
လက်သီးတစ်ချက်တည်းဖြင့်ပင် မုဝမ်ရွှမ်းသည် ထိုလူ၏ နောက်ကျောဘက်တွင် လက်သီးရာအသေးလေးတစ်ခု ထင်ကျန်အောင် လုပ်လိုက်နိုင်သည်၊၊ ထိုသူသည် အသံနိမ့်နိမ့်ဖြင့် အော်ဟစ်ကာ လွင့်ထွက်သွားတော့သည်၊၊
ယခုခေတ်တွင် ဤအသက်ရွယ်နှင့် ကျွမ်းကျင်သူဟု သတ်မှတ်နိုင်သော်လည်း အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူသည် သွေးများအန်ထုတ်ကာ အရှက်တကွဲဖြစ်သွားရသည်၊၊
သူသည် ခြေကုန်လက်ပန်းကျစွာဖြင့် ပြန်ထလာပြီးနောက် မုဝမ်ရွှမ်းကို ထိတ်လန့်တကြားကြည့်လိုက်သည်၊၊
သူမက ပုံရိပ်ယောင်အမြုတေအဆင့်ကို ရောက်နေပြီလား... မဟုတ်ဘူး... ဒါက မဖြစ်နိုင်တာ... သူမက အတော်ငယ်သေးတယ်လေ…၊၊
သူ ဘာမှမစဉ်းစားနိုင်ခင်မှာပင် အားနှစ်ခုက သူ့ကို ထပ်မံတွန်းထုတ်လိုက်ပြန်သည်၊၊ သူ၏ကျောပြင်နှင့် ရင်ဘတ်ကို တစ်ပြိုင်နက်တည်း ထိမှန်သွားပြီး ဂျင်တစ်ခုကဲ့သို့ လေထဲတွင် လည်ထွက်သွားသည်၊၊ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် လိမ့်သွားပြီးနောက် မူးဝေနောက်ကျိစွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်၊၊
မုဝမ်ရွှမ်းမှာ မူလကိုယ်ဟန်သို့ ဖြည်းညှင်းစွာ ပြန်သွားသော်လည်း လုံးဝရပ်တန့်သွားခြင်း မရှိပေ၊၊
သူမ ရှေ့သို့ တိုးလာစဉ် သူမ၏ ဆံပင်ရှည်များမှာလည်း ညင်သာစွာ လှိုင်းထနေသည်၊၊ နှေးကွေးစွာ ရွေ့လျားနေပုံရသော်လည်း ခြေလှမ်းတိုင်းမှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို စည်မျက်နှာပြင်ကဲ့သို့ လှိုင်းထသွားစေသည်၊၊
သူမ၏ ထိုက်ကျိအရှိန်အဝါ... ပို၍တိကျစွာ ပြောရလျှင် သူမ၏ မဟာယင်ယန်အစီအရင်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဤပညာရပ်အပေါ် နှစ်မြှုပ်ထားခဲ့သည့် ရလဒ်ပင်ဖြစ်သည်၊၊ သူမ၏ ဆရာဖြစ်သူ ချင်ယန်ဇီပင်လျှင် ဤမျှအဆင့်ထိ မရောက်ရှိသေးပေ၊၊
ဝမ်ရှန်းသည်လည်း မုဝမ်ရွှမ်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ၊၊ သူမ အလိုရှိတိုင်းထုတ်ဖော်နိုင်သည့် ထိုက်ကျိအရှိန်အဝါမှာ သူ့ကို လုံးဝ ကူကယ်ရာမဲ့သွားစေသည်၊၊
သူမ၏ ထိုက်ကျိအရှိန်အဝါပွင့်လာသည်နှင့် သူမ၏ ယင်ယန်ချီလမ်းကြောင်းအတွင်းမိသွားသော မည်သည့် “သားကောင်” ကိုမဆို ရုပ်သေးရုပ်ကဲ့သို့ ထိန်းချုပ်နိုင်သည်၊၊ ထိရောက်သော တန်ပြန်နည်းလမ်း သို့မဟုတ် မုဝမ်ရွှမ်းထက် နှစ်ဆင့်မျှ မြင့်သော စွမ်းအားမရှိဘဲနှင့်မူ မည်သူမျှ ခုခံနိုင်မည် မဟုတ်ပေ၊၊
သူမ၏ ထိုက်ကျိအရှိန်အဝါကို ပြန်လည်ရုပ်သိမ်းပြီး မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်ရာ ၎င်းမှာ ယှဥ်နိုင်စရာရှားသော တာအိုကာကွယ်ရေးပညာရပ်တစ်ခုပင်ဖြစ်၏၊၊
ထို့ကြောင့်လည်း ဝမ်ရှန်းသည် ပြိုင်ဘက်၏ အစစ်မှန်ချီဖြင့် တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း ဖြစ်သည်၊၊ သူ၏စီနီယာအစ်မက သူ့နောက်တွင် ရှိနေပေးမည်ကို သူသိလေသည်၊၊
မုဝမ်ရွှမ်း ရှေ့သို့ တိုးလာသည်နှင့်အမျှ သနားစရာကောင်းလှသော အရပ်ပုပုလူမှာ သွေးများ ပို၍အန်ထုတ်နေရသည်၊၊ သူသည် အသည်းအသန်ပင် ထရပ်ပြီး နောက်သို့ ဆုတ်ခွာနေလေသည်၊၊
သူ့တွင် တိုက်ခိုက်လိုစိတ် မရှိတော့ချေ၊၊ လှပပြီး နတ်မိမယ်ကဲ့သို့ ချောမောသော အမျိုးသမီးကို ကြည့်ရင်း မိန်းမောနေမည့်အစား သတ္တဝါဆန်းတစ်ကောင်ကို မြင်နေရသကဲ့သို့ ထိတ်လန့်နေပေသည်၊၊
“မင်း... မင်းတို့က ဘယ်သူတွေလဲ”
“ဟင်း”
မုဝမ်ရွှမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံသာ တုံ့ပြန်သည်၊၊ သူမ ပြန်ဖြေချင်လျှင်ပင် စကားကို စနစ်တကျမပြောနိုင်ပေ၊၊
ထိုအချိန်တွင် သူမ၏ စိတ်နှလုံးနုနယ်မှုက လွှမ်းမိုးလာသည်၊၊ ထိုလူက ပြင်းထန်သော ဒဏ်ရာများရရှိထားပြီး သွေးများ ဆက်တိုက်အန်နေသည်ကို မြင်ရသောအခါ နောက်ဆုံးအကွက်ကို ထုတ်ရန် သူမ တွန့်ဆုတ်သွားသည်၊၊ ထို့အစား သူမသည် ကျောဘက်သို့ စောင်းကြည့်လိုက်ရာ သတိမေ့နေသော ဆံပင်တိုနှင့် အမျိုးသမီးဘေးတွင် ဒူးထောက်နေသည့် ချီဝမ်ကို တွေ့လိုက်ရသည်၊၊ ထိုအမျိုးသမီးက သူမကို သတ်ရန် ကြိုးစားခဲ့သည်ကို ချီဝမ် သိပုံမရချေ၊၊
ချီဝမ်က မုဝမ်ရွှမ်းကို ကြောင်ကြည့်နေသည်၊၊
ဒါက ဘာလဲ...၊၊
မုဝမ်ရွှမ်းက ရန်သူကို အဝေးမှ တိုက်ခိုက်နေခြင်းဖြစ်ပြီး ရိုးရှင်းလှသော လက်သီးနှင့် လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားစေကာ ချီဝမ်ကို တုန်လှုပ်သွားစေလောက်အောင် ဖိအားပေးနိုင်သည့် အရှိန်အဝါများကို ထုတ်ဖော်နေသည်၊၊
ကျင့်ကြံသူတွေက တကယ်ပဲ ဒီလောက်တောင်စွမ်းတာလား... ဘာလို့ ငါသိထားတာတွေနဲ့ တစ်ခြားစီဖြစ်နေရတာလဲ... ငါတို့ ခေါင်းဆောင်က အသန်မာဆုံးမဟုတ်ဘူးလား...၊၊
“ဘယ်လိုဖြစ်ပြီး...”
ချီဝမ် စကားပြောရန် ကြိုးစားသော်လည်း ရုတ်တရက် ပေါ်လာသော သွေးရောင်အလင်းတန်းကြောင့် အာရုံပြောင်းသွားသည်၊၊
မုဝမ်ရွှမ်း၏ လှုပ်ရှားမှုများမှာ စိတ်ကူးယဉ်ဆန်ပြီး အလွန်ပင်ဆန်းကြယ်လွန်းလှသည်၊၊ ထိုက်ကျိဆရာအတုများ၏ ဗီဒီယိုများနှင့်ပင် ဆင်တူနေသေးသည်၊၊ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ရှန်းနှင့် အရည်ရှည်ရှည်နှင့်လူ၏ တိုက်ပွဲက ပို၍ ပြင်းထန်နေသည်၊၊
ထိုနှစ်ဦးမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်စွာ လှုပ်ရှားနေကြသည်၊၊ အေးစက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော သွေးရောင်အလင်းတန်းများ၊ လောကီပြင်ပမှ မြင့်မြတ်လှသော ဓားဆန္ဒများ၊ ခန့်မှန်းရခက်သော ပုံရိပ်ယောင်များ... သူတို့၏ တိုက်ပွဲမှာ မြင်ရသူအဖို့ ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်၊၊
မိစ္ဆာကျင့်ကြံသူ၏ မျက်လုံးများတွင် ကြောက်ရွံ့ပုံမရပေ၊၊ သူသည် မုဝမ်ရွှမ်းဘက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်ပေ၊၊ ယခုအချိန်တွင် စစ်မှန်သော ဓားသမားတစ်ယောက်နှင့် တွေ့ဆုံလိုက်ရသဖြင့် သူသည် စိတ်လှုပ်ရှားမှုနှင့် အာရုံစူးစိုက်မှုအပြည့်ရှိနေသည်၊၊ ဝမ်ရှန်းက သူ၏ဓားသိုင်းကို ရည်ရွယ်ချက်ရှိစေခဲ့ပြီး သူ၏စွမ်းအားအပြည့် ထုတ်သုံးနိုင်ရန် စင်မြင့်တစ်ခုဖန်တီးပေးကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ပေးခဲ့သည်၊၊
သူသည် သူ့၏တစ်ကိုယ်လုံးကို သွေးရောင်ဓားပေါ်တွင်သာ အာရုံစိုက်ထားသည်၊၊ သူ၏လက်နက်မှာ သူ၏အသက်၊ ဝိညာဉ်နှင့် သူ၏ယုံကြည်ချက် ကိုယ်စားပြုရာဖြစ်လာသည်၊၊
စွဲလန်းမှုတစ်ခုမရှိဘဲနဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ၊၊
ဝမ်ရှန်းသည်လည်း ဓားလမ်းစဉ်ကို အလေးအနက်ထားသူဖြစ်သော်လည်း ဓားဆိုသည်မှာ သူ၏ကျင့်ကြံမှုလမ်းကြောင်းပေါ်မှ သူရွေးချယ်ထားသည့် လမ်းစတစ်ခုသာ ဖြစ်သည်ကို သူသိသည်၊၊ ၎င်းမှာ သူ့အတွက် အရာအားလုံး မဟုတ်ပေ၊၊
မိစ္ဆာကျင့်ကြံသူကမူ မတူပေ၊၊ သူသည် မိမိတွင် ရှိသမျှ အရာအားလုံးကို လက်ထဲမှ ဓားပေါ်တွင် ပုံအပ်ထားခြင်းဖြစ်သည်၊၊
ထို့ကြောင့် ဝမ်ရှန်းက သူ့ကို အနိုင်ယူရန် ခဲယဉ်းနေသည်၊၊ ခုနှစ်စင်ကြယ်ဓားအစီအရင်မှာ နက်နဲလှသော်လည်း သူ၏ပြိုင်ဘက်၏ နည်းစနစ်များမှာလည်း အားမနည်းလှပေ၊၊ ဆက်တိုက်ထွက်ပေါ်လာသော ဓားအလင်းတန်းများနှင့် ရှုပ်ထွေးလှသော ဓားပုံရိပ်များကြောင့် မည်သူကမှ အသာစီးမရနိုင်ဘဲရှိနေသည်၊၊
လိုအပ်နေသည်မှာ စစ်မှန်သော နတ်ဘုရားလက်နက်တစ်ခုသာဖြစ်သည်၊၊
မုဝမ်ရွှမ်းက စိုးရိမ်တကြီးဖြင့် တစ်ချက်ကြည့်လိုက်သည်၊၊ ထိုအတောအတွင်း ဝမ်ရှန်းက ဘေးဘီကို ကြည့်လိုက်ရာ အရပ်ပုပုလူသည် မုဝမ်ရွှမ်း၏ တွန့်ဆုတ်မှုကို အခွင့်ကောင်းယူကာ ပြန်ထလာပြီး SUV ကားဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရသည်၊၊၊
“စီနီယာအစ်မ... သူ့ကို လွှတ်မပေးလိုက်နဲ့”
ဝမ်ရှန်းက အော်ပြောလိုက်သည်၊၊
မုဝမ်ရွှမ်းက သူမ၏ပြိုင်ဘက်ထံသို့ အာရုံချက်ချင်းပြန်ပို့လိုက်သည်၊၊ သူမ၏ ဂျူနီယာမောင်လေး ညွှန်ကြားသည့်အတိုင်း အရပ်ပုပုလူကို ထပ်မံပိတ်ဆို့လိုက်ပြန်သည်၊၊
သို့သော် ခဏတာကြန့်ကြာသွားမှုမှာ သူ့ကို အသက်ရှူချောင်စေခဲ့ပြီ ဖြစ်သည်၊၊
သူမမှာ အမြဲတမ်း ပျော့ပျောင်းလွန်းလှသည်၊၊ သူမ၏ တွန့်ဆုတ်မှုကြောင့် ထို့သူ့ကို အပြတ်မရှင်းနိုင်ခဲ့ခြင်းဖြစ်သည်၊၊
အရပ်ပုပုလူက အင်္ကျီအိတ်ကပ်ထဲမှ သူပြင်ဆင်ထားသော ယင်လျှပ်စီးအဆောင်များကို ထုတ်ယူကာ အစစ်မှန်ချီများ ထည့်သွင်းပြီး ပတ်ဝန်းကျင်သို့ ပစ်ထုတ်လိုက်သည်၊၊ ထိုအလင်းတန်းများမှာ အနက်ရောင်လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားပြီး အခြားတစ်ဖက်သို့ ပြေးထွက်သွားသည်၊၊
မုဝမ်ရွှမ်း မျက်မှောင်ကြုတ်သွားသည်၊၊ ထိုလျှပ်စီးတန်းဆယ်ဂဏန်းခန့်မှာ သူမကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ကြောက်လန့်နေကြသော ကျောင်းသားများကို ရည်ရွယ်ခြင်းဖြစ်သည်၊၊
သူမ၏ မသိစိတ်က ထိုလူကို ဖမ်းဆီးရန်ထက် အပြစ်မဲ့သူများကို ကာကွယ်ရန် ပို၍ဦးစားပေးစေသည်၊၊ သူမသည် ဘေးနားရှိလူများ အန္တရာယ်ဖြစ်နေသည်ကို လျစ်လျူရှုမထားနိုင်ချေ၊၊