← Chapters

ဆရာကတော်၏ ဒေါသ

Vol. 9 Ch. 82

ဆရာကတော်၏ ဒေါသ

Vol. 9 Ch. 82

သူမ မြေပြင်ကို ပြင်းထန်စွာ အားယူနင်းလိုက်ရာ လမ်းမျက်နှာပြင် ကွဲအက်သွားသည်၊၊ သူမ၏ လက်များကို စက်ဝိုင်းပုံစံဖြင့် လှုပ်ရှားလိုက်ပြီး စင်ကြယ်သော အစစ်မှန်ချီများကို ထုတ်လွှတ်လိုက်သည်၊၊

ယင်နှင့်ယန်... ပေါင်းစည်း၍... ကောင်းကင်နှင့်မြေကြီး၏ ခြားနားချက်ကို ပျောက်ကွယ်စေ၊၊

မီတာတစ်ရာခန့် အချင်းရှိသော ထိုက်ကျိပုံစံကြီးမှာ ချက်ချင်းပင် ပေါ်ပေါက်လာသည်၊၊ သူမ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းမှာ ကြိတ်ဆုံကြီးတစ်ခုကဲ့သို့ ညင်သာစွာ စတင်လည်ပတ်လာသည်၊၊

သူမ၏ ပြင်းထန်လှသော ယင်ယန်ချီများမှာ အနက်ရောင်လျှပ်စီးတန်းများကို ချက်ချင်းပင် ဖြိုခွဲလိုက်ပြီး ထွက်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကြည့်နေသူများမှာလည်း လဲကျကုန်ကြသည်၊၊

ထိုအချိန်တွင် အရပ်ပုပုလူမှာ SUV ကားဆီသို့ ရောက်သွားပြီဖြစ်သည်၊၊ သို့သော် သူကားပေါ်သို့ မတက်နိုင်ခင်မှာပင် ယင်ယန်ချီက သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ ကားရှေ့ခန်းထိုင်ခုံပေါ်သို့ ပြုတ်ကျသွားပြီး သွေးများ ထပ်မံအန်ထွက်လာသည်၊၊

သူ၏မျက်လုံးများသည် ဒေါသများဖြင့် တောက်လောင်နေသည်၊၊ သူသည် အံတင်းတင်းကြိတ်ကာ ယင်လျှပ်စီးအဆောင်များစွာကို ထပ်မံထုတ်ယူပြီး လူအုပ်ထဲသို့ ပစ်သွင်းလိုက်ပြန်သည်၊၊

မုဝမ်ရွှမ်းလည်း ထိုအန္တရာယ်များကို အရင်တားဆီးရန်မှအပ အခြားရွေးချယ်စရာ မရှိတော့ပေ၊၊

ထိုအခွင့်အရေးရသည် အခိုက်အတန့်အတွင်းမှာပင် ထိုလူက ကားအင်ဂျင်ကို နှိုးလိုက်နိုင်သည်၊၊ ဝူးခနဲအသံနှင့်အတူ ကားသည် ဝမ်ရှန်းနှင့် အရပ်ရှည်ရှည်လူဆီသို့ ဦးတည်ပြေးဝင်သွားတော့သည်၊၊

ကားအတွင်းမှ ထိုလူ၏ မျက်နှာဖုံးမှာ အနည်းငယ် လွင့်တက်သွားရာ တွန့်ရှုံ့နေသော အရေပြားကို တွေ့လိုက်ရသည်၊၊ လည်ပင်းနှင့် လက်ခုံပေါ်မှ အရေးအကြောင်းများအရ ထိုသူမှာ အတော်ပင် အသက်ကြီးနေပြီဖြစ်ကြောင်း သိသာလှသည်၊၊

ကားသည် ဝမ်ရှန်းနှင့် အရည်ရှည်ရှည်လူနှစ်ဦးလုံးကို တိုက်ရန် ရှေ့သို့ တိုးလာသည်၊၊ ဝမ်ရှန်းက ကပ်၍ရှောင်လိုက်နိုင်သော်လည်း ကားက အရပ်ရှည်ရှည်လူကို တိုက်မိသွားပြီး လေထဲသို့ လွင့်စင်သွားစေသည်၊၊

အရပ်ပုပုလူက လီဗာကို အကုန်နင်းလိုက်ရင်း အော်လိုက်သည်၊၊

“တက်... အခုမသွားရင် ငါတို့ သေပြီ”

မင်းတို့ လွတ်နိုင်မယ် ထင်နေတာလား…၊၊

ဝမ်ရှန်းက သစ်သားဓားဖြင့် ရှေ့သို့ ပြေးတက်လိုက်သော်လည်း သွေးရောင်ဓားအလင်းတန်း ၁၂ခုခန့်က ဘေးဘက်မှ ကန့်လန့်ဖြတ်ဝင်လာပြီး သူ၏လမ်းကို ပိတ်ဆို့လိုက်သည်၊၊

ကားနှင့် အတိုက်ခံရသော်လည်း မိစ္ဆာကျင့်ကြံသူသည် ချက်ချင်းပင် ပြန်ထလာသည်၊၊ သူသည် နောက်ဆုံးတစ်စက္ကန့်တွင် ကားနောက်ခန်းထဲသို့ ခုန်တက်လိုက်နိုင်သည်၊၊ အကယ်၍ သူသာ မတက်နိုင်လျှင် အရပ်ပုပုလူက သူ့ကို ထားခဲ့ပြီး မောင်းထွက်သွားမည်မှာ သေချာသည်၊၊

ကားသည် ကျောင်းဂိတ်ပေါက်ဆီသို့ အရှိန်ဖြင့် ပြေးထွက်သွားသည်၊၊ မုဝမ်ရွှမ်း၏ မျက်လုံးများတွင် နောင်တများ ဖြတ်ပြေးသွားပြီး ကားဆီသို့ လက်ဝါးဖြင့် နှစ်ချက် ရိုက်ထုတ်လိုက်၏၊၊

ဘုန်း။ ဘုန်း။

ပြင်းထန်သော အသံကြီးနှင့်အတူ ကားသည် ဖင်ထောင်သွားပြီး နောက်မှန်များ ကွဲထွက်သွားသော်လည်း မရပ်တန့်သွားဘဲ ဆက်လက်မောင်းထွက်သွားသည်၊၊ လမ်းပေါ်သို့ ရောက်သောအခါ အရှိန်ပိုမြှင့်လိုက်သဖြင့် လမ်းသွားလမ်းလာများလည်း ဘေးသို့ အသည်းအသန် ရှောင်တိမ်းနေကြရသည်၊၊

ဝမ်ရှန်း အသက်ပြင်းပြင်းရှူပြီး အော်ပြောလိုက်သည်၊၊

“သူတို့ကို လွှတ်မပေးနဲ့... သူတို့က မိစ္ဆာကျင့်ကြံသူတွေပဲ”

ထို့နောက်တွင် ကျောင်းဂိတ်ပေါက်ဆီမှ သေနတ်သံများ ထွက်ပေါ်လာသည်၊၊ သို့သော်လည်း ကားမှာ ရပ်တန့်မသွားဘဲ ပိတ်ထားသော ဂိတ်တံခါးကို ဝင်တိုက်၍ လမ်းမပေါ်သို့ မောင်းထွက်သွားလေသည်၊၊

ယခုအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ကသာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်၊၊ မြို့ထဲတွင် ကားဖြင့် လိုက်လံဖမ်းဆီးခြင်းမှာ မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့ ကျွမ်းကျင်သည့် နယ်ပယ်မဟုတ်ပေ၊၊

မုဝမ်ရွှမ်း စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်၊၊ သူမ၏ နဖူးကို အနည်းငယ် ထိလိုက်ပြီးနောက် ဝမ်ရှန်းကို အားနာသလို ကြည့်လိုက်သည်၊၊

အကယ်၍ ဆရာသာ ဒီမှာရှိရင် သူမကို သေချာပေါက်ဆူပေလိမ့်မည်၊၊

သို့သော် ဝမ်ရှန်းကမူ ညင်သာစွာ ရယ်လိုက်သည်၊၊ သူသည် သစ်သားဓားကို လွှတ်ချလိုက်ရာ ၎င်းမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်သွားသည်၊၊

“အံ့ဩဖို့ ကောင်းလိုက်တာ”

သူက စီနီယာအစ်မကို လက်မထောင်ပြလိုက်သည်၊၊

မုဝမ်ရွှမ်းက နှုတ်ခမ်းလေးစူလိုက်ပြီးမှ ညင်သာစွာ ပြုံးလိုက်သည်၊၊

အနီးတွင်မူ အင်အားကုန်ခမ်းသွားသကဲ့သို့ ချီဝမ်က မြေပြင်ပေါ်သို့ လဲကျသွားသည်၊၊ သူမသည် မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်၊၊

ဤပြင်းထန်သော တိုက်ပွဲက သူမအတွက် သင်ခန်းစာအချို့ပေးလိုက်ပုံရသည်၊၊

သို့သော်လည်း စစ်မှန်သော ပြဿနာမှာ ယခုမှ စတင်ခြင်း ဖြစ်သည်၊၊ လဲကျနေသော ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်ထလာကြပြီး ဖုန်းများကို ထုတ်ကာ ထိုမြင်ကွင်းကို ဗီဒီယိုရိုက်ကူးနေကြသည်၊၊ အချို့မှာလည်း အခွင့်အရေးကို အမိအရဖမ်းကာ Live လွှင့်နေကြသည်၊၊

ဘာပဲဖြစ်ဖြစ် ဤအရာမှာ လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ခု မဟုတ်ပါလား၊၊

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မလွတ်တမ်းပိုက်စိပ်တိုက် ပိတ်ဆို့ထားသော်လည်း မထင်မှတ်ထားသည်မှာ မိစ္ဆာကျင့်ကြံသူနှစ်ဦးသည် မြစ်ကူးတံတားပေါ်သို့ မောင်းတက်သွားချိန်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူမှာ ရုတ်တရက် ခုန်ချလိုက်ပြီး တာ့ကျန်းမြစ်အတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်၊၊

၎င်းတို့ အစစအရာရာပြင်ဆင်ထားခဲ့ကြသော်လည်း အမြုတေဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူတစ်ဦးသည် အတွင်းအားကို အသုံးပြု၍ ရေအောက်တွင် အသက်အောင့်ထားနိုင်သည်ကိုမူ ထည့်သွင်းတွက်ချက်မိခြင်း မရှိခဲ့ကြပေ၊၊

ကယ်ဆယ်ရေးအဖွဲ့များက မြစ်အတွင်း ပိုက်စိပ်တိုက်ရှာဖွေနေကြသော်လည်း ထိုလူ၏ အရိပ်အယောင်ကို မတွေ့ရသေးချေ၊၊ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်၊၊

၎င်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ စွမ်းအားပင်ဖြစ်သည်၊၊ အတွင်းအားကို ခန္ဓာကိုယ်အတွင်း အပြည့်အဝလည်ပတ်စေခြင်းဖြင့် ကျင့်ကြံသူများသည် နာရီပေါင်းများစွာ အသက်အောင့်ထားနိုင်ကြသည်၊၊ ထိုလူတွင် အစစ်မှန်ချီအလုံအလောက်ရှိသည်ကို ထောက်ဆလျှင် သူသည် မြစ်အောက်ခြေရေစီးကြောင်းများမှတစ်ဆင့် လွတ်မြောက်သွားနိုင်ချေရှိသည်၊၊

****

မြူနီစပယ်ရဲဌာန၏ အစည်းအဝေးခန်းမ၊၊

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကပ္ပတိန်ရောက်လာသည်နှင့် သူမသည် မုရွှယ်၊ ဘူဒိုဇာနှင့် လူငယ်စုံစမ်းစစ်ဆေးရေးမှူးများ ရှိနေသည့် အခန်းထဲတွင် ဒေါသတကြီးမာန်မဲနေသည်၊၊

“မင်းတို့မှာ တာဝန်ကျအဖွဲ့၃၆ ဖွဲ့နဲ့ လက်နက်ကိုင်ရဲအင်အား ရာနဲ့ချီရှိနေတာတောင် မြို့တစ်ဝက်လောက် လိုက်ဖမ်းတာကို သူတို့ထဲက တစ်ယောက်က လေထဲမှာ ပျောက်သွားတယ် ဟုတ်လား၊၊ ဒါကို ရုပ်ရှင်ထင်နေတာလား၊၊ ငါတို့က ဟွာသမ္မတနိုင်ငံရဲ့ အချက်အချာနေရာမှာ ရှိနေတာ… လူဦးရေ သန်းနဲ့ချီရှိတဲ့ ပြည်နယ်မြို့တော်ကြီးမှာ ဒီလိုမျိုးဖြစ်သွားတာ ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ”

“ဟိုနေရာ ပိတ်ဆို့၊ ဒီနေရာ ပိတ်ဆို့နဲ့... ကျောင်းဝန်းတစ်ခုလုံးကို ပိတ်ဆို့ထားတယ်ဆို၊၊ ဒါဆို ဟိုလူနှစ်ယောက်က ဘယ်ကနေရောက်လာတာလဲ၊၊ ဝေချီယွဲ့က ကျောင်းဝန်းအလယ်မှာ ဘယ်လိုလုပ်လုပ်ကြံဖို့ ကြိုးစားနိုင်တာလဲ”

“တာအိုဆရာ ဖေးယွီနဲ့ ပုယွီသာမရှိရင် ငါတို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ကြစမ်း၊၊ ရယ်စရာကြီးဖြစ်နေပြီ၊၊ ငါတို့ ခြောက်လအတွင်းမှာ အရင်းအမြစ်တွေ ဘယ်လောက်တောင် ဖြုန်းတီးခဲ့ကြသလဲ”

အပြင်ဘက် ခန်းမစင်္ကြံတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ငြိမ်သက်စွာ ထိုင်နေရင်း ၎င်းတို့ဆရာကတော်၏ ဒေါသတကြီးအော်ဟစ်သံများကို နားထောင်နေကြသည်၊၊ ထိုနှစ်ဦးသည် လိမ္မာရေးခြားရှိသည့် ကလေးငယ်များကဲ့သို့ပင် ငြိမ်ကျနေကြလေသည်၊၊

ဆရာကတော်လည်း အရင်တုန်းက အတော်လေး ခံခဲ့ရမှာပဲ...၊၊

တစ်ဖက်တွင်လည်း ချီဝမ်သည် အောက်ထပ်ရှိ စစ်ဆေးမေးမြန်းသည့် အခန်းထဲတွင် ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်၊၊ မည်သူကမှလည်း သူမကို မမေးမြန်းကြသေးပေ၊၊

ဆံပင်တိုနှင့် အမျိုးသမီး ဝေချီယွဲ့မှာမူ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီ ဖြစ်သည်၊၊ ဝမ်ရှန်းထံသို့ သတင်းပေးပို့လာသည့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး၏ အဆိုအရ သူမထံမှ အချက်အလက်အားလုံးကို အမြန်ဆုံးထုတ်ယူနိုင်ရန် အဆင့်မြင့်နည်းပညာများကို အသုံးပြုတော့မည် ဖြစ်သည်၊၊

ယခုအချိန်တွင် ၎င်းတို့သည် အချိန်လုနေကြရသည်၊၊ ဝေချီယွဲ့ကို ဖမ်းဆီးရမိခြင်းမှာ အလွန်ပင်အရေးပါလှသည်၊၊

ဝေချီယွဲ့နှင့် ချီဝမ်တို့အပေါ် ဆက်ဆံပုံမှာ သိသိသာသာကွာခြားလှသည်၊၊

ဝတ်စုံအပြည့်နှင့်လူနှစ်ယောက် ရုတ်တရက်ပေါ်လာခြင်းကြောင့် ဝမ်ရှန်းအံ့သြသွားခဲ့ရသလို ဆရာကတော်သည် အလွန်ပင်ဒေါသထွက်နေခဲ့သည်၊၊

ယင်ယန်ဂိုဏ်းသားနှစ်ဦး ကားနှင့် ထွက်ပြေးသွားချိန်တွင် ကျောင်းဂိတ်ပေါက်မှ လုံခြုံရေးများမှာ အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်၊၊ စုံစမ်းစစ်ဆေးရေးမှူးများက ပစ်မှတ်ကိုမြင်သည်နှင့် ချက်ချင်းပင် ပစ်ခတ်ခဲ့ကြသော်လည်း ကျောင်းသားအများအပြား ရှိနေသဖြင့် အစွမ်းကုန် မပစ်ခတ်ရဲကြသောကြောင့် SUV ကားမှာ ပိတ်ဆို့မှုကို ချိုးဖျက်ကာ ထွက်ပြေးသွားနိုင်ခဲ့ခြင်းဖြစ်သည်၊၊

ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည့် လိုက်လံဖမ်းဆီးမှုအတွင်း အဖြစ်အပျက်များစွာ ဖြစ်ခဲ့သည်၊၊ ပစ်ခတ်လိုက်သော ကျည်ဆန်တစ်ခုမှာ လမ်းဘေးမှ လူတစ်ဦးကို မတော်တဆထိမှန်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်၊၊

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဟွာသမ္မတနိုင်ငံသည် ထိုကဲ့သို့ အရေးပေါ် အခြေအနေများအတွက် လေ့ကျင့်ခန်းများစွာ ပြုလုပ်ခဲ့သည်၊၊ ၎င်းတို့တွင် ကောင်းကင်မှ အမြဲတမ်းစောင့်ကြည့်နေသည့် ဒရုန်းများ၊ အချိန်နှင့်တပြေးညီချထားသည့် လမ်းပိတ်ဆို့မှုများရှိနေပြီး အဓိကလမ်းဆုံတစ်ခုတွင် ကြားဖြတ်တားဆီးရန်အတွက် သံချပ်ကာကားတစ်စီးကိုပင် အသုံးပြုခဲ့သည်၊၊

ဌာနလုံးတစ်ခုလုံး ပူးပေါင်းဆောင်ရွက်နေသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် ထိုကားကို တားဆီးရန် နည်းလမ်းများစွာရှိသင့်သော်လည်း လက်တွေ့မှာ ရုပ်ရှင်ထဲကကဲ့သို့ မဟုတ်ပေ၊၊

လီအိမ်တော်အတွင်းမှ ထူးဆန်းသောဖြစ်ရပ်ကြောင့် ဝမ်ရှန်းသည် ယင်ယန်ထိုက်ကျိတက်တူး၏ အရေးပါမှုကို ထောက်ပြခဲ့ဖူးသည်၊၊ ထို့ကြောင့် ထိုတက်တူး ပြန်လည်ပေါ်ထွက်လာသောအခါ စုံစမ်းစစ်ဆေးရေးမှူးများကို တရားခံအားဖြစ်နိုင်လျှင် အရှင်ဖမ်းရန်၊ သို့မဟုတ် အနည်းဆုံးတော့ ဦးနှောက်ကို ဒဏ်ရာမရစေရန် ညွှန်ကြားထားခဲ့သည်၊၊

ကံမကောင်းစွာဖြင့် မြစ်ကူးတံတားပေါ်သို့ ရောက်သောအခါ အရပ်ရှည်ရှည်လူက မြစ်ထဲသို့ ခုန်ချသွားသဖြင့် စုံစမ်းစစ်ဆေးရေးမှူးများ အံ့အားသင့်သွားကြသည်၊၊ ထိုသို့ ထိတ်လန့်သွားမှုကြောင့် ကားမောင်းနေသည့် အရပ်ပုပုလူမှာ အခြေအနေဆိုးသွားတော့သည်၊၊

ပြင်းထန်သော ဒဏ်ရာများ ရရှိထားသဖြင့် သူသည် မြစ်ထဲသို့ မခုန်ချရဲပေ၊၊ သို့သော် တံတားပေါ်မှ အဆင်းတွင်ပင် စနိုက်ပါကျည်ဆန်တစ်တောင့်က သူ၏ရင်ဘတ်ကို ဖောက်ဝင်သွားပြီး သူ၏ကျောပြင်မှာလည်း သွေးချင်းချင်းနီကာ ကြေမွသွားတော့သည်၊၊ ထို့နောက် ဘူဒိုဇာက ကားကို ဘေးဘက်မှ ဝင်တိုက်လိုက်ရာ ကားမှာ မှောက်သွားတော့သည်၊၊

သူ၏ ရုပ်အလောင်းကို ထုတ်ယူလိုက်သောအခါ ကျန်ရှိနေသည်မှာ ကြေမွနေသော အသားစပုံကြီးသာ ဖြစ်သည်၊၊ ကံကောင်းသည်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တောင်းဆိုချက်အရ သူ၏ဦးနှောက်မှာမူ ထိခိုက်ခြင်းမရှိပေ၊၊

ယခုအချိန်အထိ ရရှိထားသော အချက်အလက်များအရ ထိုမိစ္ဆာကျင့်ကြံသူနှစ်ဦး အသုံးပြုခဲ့သည့် SUV ကားမှာ တက္ကသိုလ်မှ အသက် ၃၀ ခန့်ရှိ အားကစားဆရာတစ်ဦး၏ အမည်ပေါက်ဖြစ်နေသည်၊၊ ထိုဆရာမှာ တစ်လကြာ ခွင့်ယူထားသူဖြစ်သည်၊၊

ထိုဖြစ်ရပ်ပြီးနောက် ရဲတပ်ဖွဲ့က ထိုဆရာ၏ နေအိမ်သို့ ချက်ချင်းသွားရောက်ခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ရပေ၊၊ ထိုဆရာမှာ လွန်ခဲ့သည့် တစ်လကတည်းက နိုင်ငံခြားသို့ အပန်းဖြေခရီးထွက်သွားခြင်းဖြစ်ပြီး သူ၏ သူငယ်ချင်းများနှင့် မိသားစုဝင်များမှာလည်း သူ၏သတင်းကို ဘာမှ မကြားရတော့ပေ၊၊

သေဆုံးသွားသော ဦးနှောက်ထဲမှ အချက်အလက်များကို ဘယ်လိုထုတ်ယူနိုင်မလဲဆိုသည်ကို ဝမ်ရှန်းမသိသော်လည်း ဝိညာဉ်ရှာဖွေသည့် နည်းစနစ်များကသာ ပို၍ စိတ်ချရလိမ့်မည်ဟု သူ ယူဆမိသည်၊၊

စဉ်းစားကြည့်လျှင် ပြင်းအားမြင့်စနိုက်ပါရိုင်ဖယ်တစ်လက်က မီတာရာနှင့်ချီသော အကွာအဝေးမှနေ၍ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အလွယ်တကူသုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်၊၊

ဝမ်ရှန်းစိတ်ထဲတွင် အနည်းငယ်သနားနေမိသည်၊၊ ကျင့်ကြံသူများသည် တာအိုပညာရပ်များကို မဆင်မခြင်အသုံးမပြုသင့်ကြောင်း သူ၏ဆရာက အမြဲတမ်း သတိပေးခဲ့သည်၊၊ ဥပဒေစိုးမိုးသည့် ဤခေတ်မီလူ့အဖွဲ့အစည်းတွင် ထိုအချက်မှာ ပို၍ပင် ထင်ရှားလှ၏၊၊

ပြင်းအားမြင့် စနိုက်ပါရိုင်ဖယ်မှာ ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်နေသည်မှာ အမှန်ပင်၊၊

All Chapters