← Chapters

ဆေးနတ်ဘုရား၏ ပုရပိုက် ၃စောင်

Vol. 9 Ch. 83

ဆေးနတ်ဘုရား၏ ပုရပိုက် ၃စောင်

Vol. 9 Ch. 83

ဝမ်ရှန်းသည် နောက်ဆက်တွဲ ကိစ္စများတွင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက် မရှိပေ၊၊ သူ၏ ဂျူနီယာညီမလေး၏ စိတ်ခံစားချက်တည်ငြိမ်သွားသည်နှင့် သူမကို ဝူတန်းတောင်သို့ ခဏပြန်ခေါ်သွားရန် သူစဉ်းစားထားသည်၊၊ သူသည် သူ၏စီနီယာအစ်မနှင့် ဆရာတို့နှင့်အတူ သူမ၏ကျင့်ကြံမှုကို လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်၊၊

၎င်းမှာ သူ၏ အကောင်းဆုံးစိတ်ကူးသာဖြစ်သည်၊၊ ထိုသို့ ဖြစ်လာနိုင်မလားဆိုသည်မှာ ဆရာကတော်နှင့် မည်သို့ ညှိနှိုင်းရမည်အပေါ်တွင် မူတည်ပေသည်၊၊

နာရီဝက်ခန့် ထပ်မံစောင့်ဆိုင်းပြီးနောက် အစည်းအဝေးခန်းမတံခါးပွင့်လာသည်၊၊ စုံစမ်းစစ်ဆေးရေးမှူးများ မျက်နှာမကောင်းဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်၊၊

မျက်လုံးများ အနည်းငယ် နီမြန်းနေသည့် မုရွှယ်က ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ထံသို့ အားတင်းပြုံးပြကာ လျှောက်လာသည်၊၊ သူမက အသံတိုးတိုးဖြင့် မေးလိုက်သည်၊၊

“အရေးကြီးတဲ့ အစည်းအဝေးတစ်ခု လုပ်တော့မယ်၊၊ ကပ္ပတိန်က ရှင်တို့နှစ်ယောက်ကို နည်းပညာပိုင်းဆိုင်ရာ အကြံပေးတွေအဖြစ် တက်ရောက်စေချင်နေပါတယ်၊၊ အမှားအယွင်းတွေကို ထောက်ပြပေးဖို့ပါ၊၊ အဆင်ပြေနိုင်မလား”

ဝမ်ရှန်း မဖြေခင်မှာပင် မုဝမ်ရွှမ်းက ချက်ချင်း သဘောတူလိုက်သည်၊၊ သူမသည် စုံစမ်းစစ်ဆေးရေးမှူးမလေးကို သနားနေပုံရပြီး သူမအတွက် အခက်အခဲမဖြစ်စေချင်ပေ၊၊

ဝမ်ရှန်း၏ ဖုန်းက တုန်ခါသွားပြီး သူ၏စီနီယာအစ်မထံမှ မက်ဆေ့ခ်ျများ ရောက်လာသည်၊၊

မုဝမ်ရွှမ်း: ဆရာကတော်က အရမ်းကြောက်ဖို့ကောင်းတယ်၊၊

ဝမ်ရှန်းမှာ ခပ်ဖွဖွရယ်လိုက်ရုံသာ တတ်နိုင်သည်၊၊

အထူးအာဏာပိုင်ဌာန၏ အကြီးအကဲမှာ သဘောကောင်းသည့် အဒေါ်ကြီးတစ်ယောက်မဖြစ်နိုင်သည်မှာ အမှန်ပင်၊၊

ဝမ်ရှန်းသည် သူ၏ ယခင်ဘဝတွင် ဤကဲ့သို့သော အဆင့်မြင့်အရာရှိကြီးများနှင့် တစ်ခန်းတည်း အတူရှိနေရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ၊၊ ထိုနေရာတွင် ဝတ်စုံအပြည့်နှင့် အစိုးရအရာရှိကြီးများ၊ ဝါရင့်ရဲအရာရှိများ၊ စစ်ဘက်မှ အရာရှိကြီးနှစ်ဦးနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဓိကအဖွဲ့ဝင် ဆယ်ဂဏန်းခန့် ရှိနေသည်၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို အဓိကစားပွဲ၏ အရှေ့ဘက်တွင် နေရာပေးထားခြင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းတို့ကို မည်မျှ တန်ဖိုးထားသည်ကို ပြသနေခြင်း ဖြစ်သည်၊၊

မုရွှယ်က အစည်းအဝေးကို ဦးဆောင်သည်၊၊ သူမသည် ဖြစ်စဉ်အစီရင်ခံစာနှင့် ခွဲခြမ်းစိတ်ဖြာချက်များဖြင့် စတင်ပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကိုယ်ပိုင်သုံးသပ်ချက်ကို တင်ပြခဲ့သည်၊၊ ဆယ်မိနစ်ခန့် ကြာသောအခါ ဘူဒိုဇာက တံခါးခေါက်ကာ ဝင်လာပြီး မုရွှယ်ထံသို့ စာရွက်စာတမ်းအချို့နှင့် ဟာ့ဒ်ဒစ်တစ်ခုကို ပေးလိုက်သည်၊၊

တစ်နာရီခန့်သာ ကြာသေးသော်လည်း ဝေချီယွဲ့၏ စစ်ဆေးမေးမြန်းမှုရလဒ်များမှာ ရောက်ရှိလာပြီ ဖြစ်သည်၊၊

မုရွှယ်က စာရွက်စာတမ်းများကို အမြန်ဖတ်ကြည့်လိုက်ပြီး သူမ မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်သည်၊၊

“ဒီနေ့ ဝေချီယွဲ့ရဲ့ ဝန်ခံချက်အရ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ နောက်ကွယ်က အမှန်တရား ၈၀ရာခိုင်နှုန်းလောက်ကို ကျွန်မတို့ သိလိုက်ရပြီလို့ ယူဆရပါတယ်”

ဝမ်ရှန်း စိတ်ဝင်စားသွားသည်၊၊ မုဝမ်ရွှမ်းလည်း အာရုံစိုက်လိုက်သည်၊၊

မုရွှယ်က ဟာ့ဒ်ဒစ်ကို ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က အလျင်အမြန် ပြင်ဆင်ထားသည့် video အတိုလေးများကို ပြသလိုက်သည်၊၊ ပထမဆုံး videoတွင် ဝေချီယွဲ့၏ ကိုယ်ရေးအချက်အလက်များကို ပြသထားသည်၊၊

ကျောင်းသူတစ်ဦးမဟုတ်သော်လည်း ဝေချီယွဲ့သည် တက္ကသိုလ်အတွင်း အမြစ်တွယ်နေသည့် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်သည်၊၊ အသင်း၏ အခြေအနေတွက်ချက်မှု မှားယွင်းသွားသဖြင့် သူမသည် လူသိရှင်ကြားပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်၊၊

ထိုမိန်းကလေးမှာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ရှန်းရှီပြည်နယ်တွင် မွေးဖွားသူဖြစ်သည်၊၊ လွန်ခဲ့သည့် ငါးနှစ်က သူမသည် ကျောင်းထုတ်ခံရပြီးနောက် အလုပ်လုပ်ရန် နေအိမ်မှ ထွက်ခွာခဲ့သည်၊၊ နောက်ပိုင်းတွင် နာမကျန်းဖြစ်နေသော ဖခင်ဖြစ်သူအတွက် ကုသရန် ရှာဖွေရင်း ထိုက်ဟန်တောင်တန်းများအတွင်းရှိ တောင်ပေါ်ဆေးဆရာအချို့ကို တွေ့ရှိခဲ့သည်၊၊ ကံကောင်းထောက်မစွာဖြင့် သူမသည် ၎င်းတို့ထံတွင် တပည့်အဖြစ် ခံယူခဲ့သည်၊၊

သို့သော် ၎င်းတို့မှာ သူမကို အခိုင်းအစေတစ်ယောက်ကဲ့သို့သာ ဆက်ဆံခဲ့ကြပြီး အိမ်မှုကိစ္စများ ကူညီစေကာ အခြေခံရောဂါရှာဖွေနည်းများ ဖြစ်သည့် - ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် ထိတွေ့ခြင်း - စသည့် ပညာရပ်အချို့ကိုသာ သင်ကြားပေးခဲ့သည်၊၊ ၎င်းမှာ သူမ နောက်နောင် အိမ်ထောင်ပြုသည့်အခါ အဆင်ပြေစေရန်အတွက်သာ ဖြစ်သည်၊၊

နောက်ပိုင်းတွင် ကမ္ဘာဦးချီများ ပြန်လည်နိုးထလာသောအခါ ထိုတောင်ပေါ်ဆေးဆရာများမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်က ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သည့် - ဆေးနတ်ဘုရားချိုင့်ဝှမ်းဂိုဏ်းကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်၊၊

ထိုဂိုဏ်းမှာ တစ်ချိန်က ဆေးဖော်စပ်ခြင်း ပညာရပ်တွင် ထင်ရှားကျော်ကြားခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်သည်၊၊ ကမ္ဘာဦးချီများ ပျောက်ကွယ်သွားခဲ့သည့် နှစ်ပေါင်းတစ်ထောင်အတွင်းမှာပင် ဆေးနတ်ဘုရားချိုင့်ဝှမ်းသည် ကျွမ်းကျင်သော ဆေးဆရာများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လောကတစ်ခွင်တွင် လှည့်လည်ကုသပေးခဲ့ကြသည်၊၊ ထိုသို့ အမာခံရှိနေသဖြင့် ၎င်းတို့၏ တာအိုအမွေအနှစ်များကို ယနေ့တိုင် အပြည့်အဝနီးပါး လက်ဆင့်ကမ်းနိုင်ခဲ့ခြင်း ဖြစ်သည်၊၊

ကမ္ဘာဦးချီများ နိုးထလာပြီးနောက် ဆေးနတ်ဘုရားချိုင့်ဝှမ်းသည် လုံဟူရှန်းတောင်နှင့် လောင်ရှန်းတောင်ကဲ့သို့သော တာအိုအမွေအနှစ်များနှင့် အမြန်ဆုံးမဟာမိတ်ဖွဲ့ခဲ့သည်၊၊ ထိုဂိုဏ်းများမှ ကာကွယ်ရေးအတွက် ကျွမ်းကျင်သော တာအိုဆရာများကို ဆေးနတ်ဘုရားချိုင့်ဝှမ်းတွင် စောင့်ရှောက်သူများအဖြစ် ထားရှိပေးခဲ့ကြသည်၊၊

အရင်က တောင်ပေါ်တွင် လက်ထောက်အဖြစ်သာ နေခဲ့ရသော ဝေချီယွဲ့သည် ကမ္ဘာဦးချီများ နိုးထလာမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်၊၊ သူမသည် လုံးဝပြောင်းလဲသွားပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိလာခဲ့သည်၊၊

သို့သော် သူမမှာ ထိုမျှနှင့် အားမရခဲ့ချေ၊၊

လွန်ခဲ့သည့် ခြောက်လက လူတစ်ယောက်မှာ ဝေချီယွဲ့ထံသို့ လျှို့ဝှက်စွာ ချဉ်းကပ်လာပြီး ငွေကြေးအမြောက်အများကို ကမ်းလှမ်းခဲ့သည်၊၊ ၎င်းမှာ သူမ၏ မိသားစုတစ်ခုလုံး မျိုးဆက်ပေါင်းများစွာ ချမ်းသာစွာ နေထိုင်နိုင်လောက်သည့် ပမာဏဖြစ်သည်၊၊ အလဲအလှယ်အနေဖြင့် ၎င်းတို့က သူမကို စာအုပ်တစ်အုပ်ခိုးယူရန်သာ ပြောခဲ့သည်။

“ဝေချီယွဲ့ရဲ့ အဆိုအရ သူမဟာ ဆေးနတ်ဘုရားချိုင့်ဝှမ်းရဲ့ ကျမ်းစာဖြစ်တဲ့ ‘ဆေးနတ်ဘုရားရဲ့ ပုရပိုက်သုံးစောင်’ ကို ခိုးယူခဲ့တာပါ၊၊ ဒါပေမဲ့ သူမ အလဲအလှယ်လုပ်ဖို့ ကြိုးစားချိန်မှာပဲ ဂိုဏ်းသားတစ်ယောက်က မိသွားခဲ့ပါတယ်”

“အခြေအနေတွေက ချက်ချင်းဆိုသလို ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်၊၊ သူမဟာ ကျမ်းစာနဲ့အတူ ထွက်ပြေးခဲ့ပြီး ဆေးနတ်ဘုရားချိုင့်ဝှမ်းကလည်း သူမနောက်ကို မရပ်မနားလိုက်လံဖမ်းဆီးခဲ့ပါတယ်၊၊ နောက်ဆုံးမှာ သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး သေလုမျောပါးဖြစ်ခဲ့ရတယ်၊၊ အဲဒီအချိန်မှာပဲ သူမဟာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ခေါင်းဆောင် မီးသူတော်စင်နဲ့ တွေ့ဆုံခဲ့တာပါ”

“မီးသူတော်စင်က သူမရဲ့အသက်ကို ကယ်တင်ခဲ့ပါတယ်၊၊ ဒါပေမဲ့ သူက ဆေးနတ်ဘုရားရဲ့ ပုရပိုက်သုံးစောင်ကို စိတ်ဝင်စားပုံမပြခဲ့ပါဘူး၊၊ အဲဒီအစား သူမရဲ့ အခြေအနေကို သိရှိသွားပြီးနောက် သူမကို ထိုက်ဟန်တောင်တန်းတွေကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပြီး ဒီမြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ တခြားသူသုံးယောက်နဲ့ ပူးပေါင်းပြီး သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို တည်ထောင်ခဲ့တာပါ”

မုရွှယ်လည်း အခန်းထဲရှိ အဆင့်မြင့်အရာရှိကြီးများသည် ကျင့်ကြံခြင်းလောကမှ ရန်ငြိုးများကို စိတ်ဝင်စားမှုသိပ်မရှိမှန်းသိသဖြင့် ထိုအပိုင်းကို အကျဉ်းချုပ်သာပြောပြီး သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ဆက်လက်ရှင်းပြသည်၊၊

“ကျွန်တော့်ကို ဝန်ခံချက်စာရွက်ပေးပါဦး” ဝမ်ရှန်းက တောင်းဆိုလိုက်သည်၊၊

“ရပါတယ် တာအိုဆရာဝမ်”

မုရွှယ်က စာရွက်စာတမ်းအချို့ကို ကမ်းပေးလိုက်ရာ ဝမ်ရှန်းက သေချာဖတ်ကြည့်လိုက်သည်၊၊

ဝေချီယွဲ့သည် မီးသူတော်စင်၏ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ၊၊ ထိုသူက ပေါ်လာတိုင်း အမြဲတမ်း မျက်နှာဖုံးတပ်ထားလေ့ရှိသည်၊၊ ထိုသူ၏ ထူးခြားချက်မှာ သူ၏ လက်သန်းလေးမှာ အနည်းငယ်ပြတ်နေခြင်း ဖြစ်သည်၊၊ ထို့ပြင် သူမ သိရှိထားသည်မှာ ထိုသူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရန် နီးစပ်နေသည့် လူငယ်တစ်ဦးဖြစ်ပြီး အဆောင်မန္တန်များကို အသုံးပြုရာတွင် ကျွမ်းကျင်သူ ဖြစ်သည်၊၊

သဘာလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို တည်ထောင်ပြီး မကြာမီမှာပင် ဝေချီယွဲ့ကို စာအုပ်ခိုးရန် ခိုင်းစေခဲ့သည့်သူများဖြစ်သော ယင်ယန်ဂိုဏ်းက ရောက်ရှိလာပြီး ကတိအတိုင်း ကျမ်းစာကို ပေးရန် တောင်းဆိုခဲ့ကြသည်၊၊

သို့သော် ဝေချီယွဲ့က ငြင်းဆန်ခဲ့သည်၊၊ သူမ၏ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားပြီး ၎င်းတို့ အသက်ရှင်နေသေးလားဆိုသည်ကိုပင် သူမ မသိရတော့ကြောင်း အကြောင်းပြခဲ့သည်၊၊

ထိုနေရာတွင်ပင် ပဋိပက္ခစတင်ခဲ့သည်၊၊ နောက်တစ်ကြိမ်တွင်လည်း မီးသူတော်စင်က ဝင်ရောက်ကူညီခဲ့ပြန်သည်၊၊

သူက ဆေးနတ်ဘုရားရဲ့ ပုရပိုက်သုံးစောင်မှာ ဆေးနတ်ဘုရားချိုင့်ဝှမ်းတပည့်များသာ သိရှိသည့် လျှို့ဝှက်နည်းစနစ်ဖြင့် ပိတ်ဆို့ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ အကယ်၍ ယင်ယန်ဂိုဏ်းက ကျမ်းစာကိုအလိုရှိလျှင် ဝေချီယွဲ့၏ မိသားစုကို အရင်ပြန်လွှတ်ပေးပြီး ၎င်းတို့၏ ကတိကို တည်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်၊၊

နောက်ပိုင်းတွင် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့သည်၊၊ တိုက်ပွဲပြီးဆုံးသွားသောအခါ ဝေချီယွဲ့သည် သတင်းအစအနမကျန်ပဲ ပျောက်ကွယ်သွားခဲ့သည်၊၊ ယင်ယန်ဂိုဏ်းက သူမ၏ မိသားစုကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ချေ၊၊ ၎င်းတို့က သူမ၏ မိသားစုကို ဓားစာခံအဖြစ်အသုံးပြုချင်လျှင်ပင် သူမကို မည်သည့်နေရာတွင် ရှာရမှန်းမသိတော့ချေ၊၊

ထို့ကြောင့် ယင်ယန်ဂိုဏ်းနှင့် သဘာလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကြားတွင် မပြေလည်မှုများဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်၊၊ ထို့ကြောင့် ဝမ်ရှန်းက သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အကြီးအကဲတစ်ဦးကို တိုက်ခိုက်လိုက်သောအခါ ၎င်းတို့က ယင်ယန်ဂိုဏ်းက လက်စားချေသည်ဟု ချက်ချင်းယူဆလိုက်ခြင်း ဖြစ်သည်၊၊

ထိတ်တိုက်တိုက်ပွဲအချို့ ပြီးသွားသောအခါ သဘာဝဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အဓိကအဖွဲ့ဝင်များသည် အမှန်တရားကို သိရှိသွားကြသည်၊၊ ယင်ယန်ဂိုဏ်းမှာ အလွန်ပင် အစွမ်းထက်လှပြီး ၎င်းတို့နှင့် ယှဉ်နိုင်စွမ်းမရှိခြင်းပင်။ ထို့ကြောင့် မီးသူတော်စင်နှင့် သူ၏အဖွဲ့သည် ၎င်းတို့၏ အခြေစိုက်စခန်းကို စွန့်ခွာပြီး အခြားမြို့တစ်မြို့တွင် အသစ်ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်၊၊

၎င်းတို့ မထွက်ခွာမီ ဝေချီယွဲ့ကို နောက်ဆုံးတာဝန်တစ်ခုပေးခဲ့သည်၊၊ ၎င်းမှာ အသင်း၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချီဝမ်ကို သုတ်သင်ရန်ဖြစ်သည်၊၊ ထိုချမ်းသာသော သူဌေးသမီးမှာ ၎င်းတို့အတွက် အသုံးမဝင်တော့သော်လည်း လျှို့ဝှက်ချက်များစွာကို သိရှိထားသူ ဖြစ်သည်၊၊

ဝေချီယွဲ့က ထိုတာဝန်ကို ပြီးမြောက်သည်နှင့် ကျန်ရှိနေသော အဖွဲ့ဝင်များမှာ ချက်ချင်းပင် ထွက်ပြေးကြမည် ဖြစ်ပြီး နိုင်ငံပြင်ပသို့ပင် ထွက်ခွာသွားနိုင်သည်၊၊

ရှုပ်ထွေးလှသော အခြေအနေများကြောင့် ဝမ်ရှန်း ခေါင်းခဲသွားသည်၊၊ ကံကောင်းသည်မှာ ဝေချီယွဲ့ကို အရှင်ဖမ်းမိလိုက်ခြင်းဖြစ်သည်၊၊ မဟုတ်လျှင်မူ ဤအမှုကြီးမှာ မည်သည့်အခါမှ ဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ၊၊

ဒေါက် ဒေါက် ဒေါက်...

မုရွှယ်၏ ရှင်းပြချက်မှာ ထပ်မံ နှောင့်ယှက်ခံလိုက်ရပြန်သည်၊၊ အစည်းအဝေးခန်းမတံခါ ပွင့်လာပြီး ဘူဒိုဇာက အလောတကြီးပြေးဝင်လာသည်၊၊

“ကပ္ပတိန်... ဝေချီယွဲ့ရဲ့ ဝန်ခံချက်အရ ‘ဆေးနတ်ဘုရားရဲ့ ပုရပိုက် ၃စောင်’ ကို ကျောင်းကနေ ပြန်လည် သိမ်းဆည်းရမိပါပြီ၊၊ ဘာဆက်လုပ်ရမလဲ”

ကပ္ပတိန်က ဝမ်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်မနေဘဲ သူမ၏ အာဏာကို အပြည့်ဝအသုံးချလိုက်သည်၊၊

“မူရင်းကိုတော့ သုတေသနဌာနကို ပို့လိုက်၊၊ ပြီးရင် မိတ္တူတစ်ခုကူးပြီး တာအိုဆရာဝမ်ကို ပေးလိုက်၊၊ ဒါက တာအိုကျမ်းစာအစစ် ဟုတ်၊မဟုတ် သူ့ကို စစ်ဆေးခိုင်းရမယ်၊၊ ငါတို့မှာ ကျွမ်းကျင်သူရဲ့ အကြံဉာဏ် လိုအပ်တယ်”

ဝမ်ရှန်း မျက်တောင်ခတ်လိုက်သည်၊၊ သူသည် ဆေးနတ်ဘုရားချိုင့်ဝှမ်း၏ တာအိုအမွေအနှစ်ကို အထူးတလည်စိတ်ဝင်စားခြင်း မရှိပေ၊၊ သို့သော် သူ ငြင်းဆန်ရန် မကြိုးစားမီ ဆရာကတော်၏ ဒေါသနှင့် ကလေးမရနိုင်သေးသည့် သူ၏ဖခင်ကို ပြေးမြင်မိလိုက်သည်၊၊

အဟမ်း... လူကြီးသူမက ပေးတာကို ငြင်းလိုက်ရင် မယဉ်ကျေးရာရောက်သွားလိမ့်မယ်...။

ဤအရာကို သူ ပင်ပန်းခဲ့သမျှအတွက် ထိုက်တန်သောလျော်ကြေးဟုပင် သတ်မှတ်လိုက်သည်၊၊ ထို့ပြင် ဆေးနတ်ဘုရားချိုင့်ဝှမ်းကသာ လာရောက်မေးမြန်းခဲ့လျှင် သူသည် ကျမ်းစာကို စစ်ဆေးပေးရုံသာဖြစ်ကြောင်း ပြောနိုင်ပေသည်၊၊

အကယ်၍ သူက ထိုကျမ်းစာထဲမှ အစိတ်အပိုင်းအချို့ကို မတော်တဆမှတ်မိသွားခဲ့လျှင်မူ ၎င်းမှာ အခြားကိစ္စတစ်ခုသာ…။

All Chapters