← Chapters

စီနီယာအစ်ကိုကြီး လုပ်ရတာမလွယ်ဘူး

Vol. 9 Ch. 85

စီနီယာအစ်ကိုကြီး လုပ်ရတာမလွယ်ဘူး

Vol. 9 Ch. 85

“ရတာပေါ့။ အကူအညီလိုအပ်ရင်လည်း ပြောပါ”

“ကျေးဇူးတင်ပါတယ်”

ဝမ်ရှန်း သည် စစ်ဆေးရေးခန်းတံခါးကို ပိတ်လိုက်ပြီးနောက် အခန်းထောင့်တွင် ကုတ်ကုတ်လေးထိုင်ကာ ငိုနေသော ချီဝမ်ဘက်သို့ လှည့်လိုက်သည်။

“စီနီယာအစ်မ... သူမရဲ့ ဝိညဥ်အသိစိတ်နဲ့ အစစ်မှန်ချီတွေကို တည်ငြိမ်အောင်ကူညီပေးပါဦး။ သူမ အရင်ဆုံးစိတ်အေးသွားဖို့ လိုတယ်”

“အွန်း”

မုဝမ်ရွှမ်းက ခေါင်းညိတ်လိုက်သည်။

သူမသည် တောင်ပေါ်တွင် ကြားခဲ့ဖူးသော ရိုးရှင်းသည့် သီချင်းလေးကို ညည်းဆိုရင်း ချီဝမ်၏ ကျောကို နူးညံ့စွာ ပုတ်ပေးလိုက်ရာ နွေးထွေးသော ချီများက သူမ၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။

မကြာမီမှာပင် ချီဝမ်၏ စိတ်အခြေအနေတည်ငြိမ်သွားသည်။ မုဝမ်ရွှမ်းက သူမကို ထူပေးပြီး ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်ခုံတွင် ထိုင်စေလိုက်သည်။

သူတို့၏ စကားပြောသံများနှင့် ဖြစ်ပျက်သမျှအားလုံးကို ဘေးရှိ စောင့်ကြည့်ရေးခန်းမှ ရှင်းလင်းစွာ မြင်တွေ့ကြားသိနေရသည်။

ဝမ်ရှန်းက ချီဝမ် ခေါင်းမော့လာသည်အထိ ခဏစောင့်လိုက်သည်။

“ချီဝမ်... မင်း မစဉ်းစားမိသေးတဲ့ အချက်တစ်ခုကနေ စပြောရအောင်။ မင်းတို့ ကျောင်းမှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဝင်တွေ အများကြီးရှိတယ်မဟုတ်လား”

ချီဝမ်က နှုတ်ခမ်းကို ကိုက်ထားရင်း ခေါင်းညိတ်ပြသည်။ သူမပုံစံမှာ အလွန်သနားစရာကောင်းနေသည်။

“သူတို့ ဘာဖြစ်သွားမလဲဆိုတာ မင်း သိလား”

သူမက ခေါင်းခါပြသည်။ ဝမ်ရှန်းက အသံကို နှိမ့်ကာ “သူတို့ရဲ့ ကံကြမ္မာက အခုထိ လုံးဝမဆုံးဖြတ်ရသေးဘူး။ အရာရှိတွေ ဆွေးနွေးနေတာကို ငါနဲ့ စီနီယာအစ်မက ချောင်းနားထောင်ခဲ့တယ်”

“အပေါ့ဆုံးပြစ်ဒဏ်ကတော့ အမြဲတမ်းစောင့်ကြည့်ခံရမယ်။ တက္ကသိုလ်တက်နေချိန်ကနေ လူကြီးဖြစ်တဲ့အထိ စုံစမ်းစစ်ဆေးမှုအောက်ကနေ လွတ်မှာ မဟုတ်ဘူး။ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခုကတော့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်တာပဲ။ ဒါပေမဲ့ အဲဒီနှစ်ခုလုံးက အချိန်နဲ့ အင်အားအများကြီးကုန်လို့ နောက်ထပ် အကြံပြုချက်တစ်ခုထွက်လာတယ်။ အဲဒါကတော့ သူတို့အားလုံးကို စုပေါင်းပြီး စီမံခန့်ခွဲဖို့ပဲ။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုတာ မင်းနားလည်လား”

ချီဝမ် တုန်လှုပ်သွားပြီး နှုတ်ခမ်းကို ပြန်ကိုက်လိုက်သည်။ သူမက ခေါင်းခါရင်း ဝမ်ရှန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လာသည်။

“မဖြစ်နိုင်ဘူး... ရှင် ကျွန်မကို လိမ်နေတာပဲ”

“မင်းကို လိမ်လို့ ငါက ဘာရမှာလဲ။ ငါက မင်းရဲ့ စီနီယာအစ်ကိုကြီးပဲလေ။ ငါတို့က သွေးသားအရင်းမဟုတ်ပေမယ့် ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှလည်း မရှိဘူး”

ဝမ်ရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ ပြစ်မှုတွေက ဘယ်လောက်ပြင်းထန်လဲဆိုတာ မင်း သေချာနားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်။ ဥပမာတစ်ခု ပြပေးမယ်”

ချီဝမ်က မျက်မှောင်ကြုတ်လျက် ခဏစဉ်းစားပြီးနောက် နားထောင်မည့်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

ဝမ်ရှန်းက ရှင်းပြလိုက်သည်။

“သေနတ်တွေအကြောင်း ပြောရအောင်။ သေနတ်တွေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားရတဲ့ အကြောင်းရင်းကတော့ လူဆိုးတွေလက်ထဲ ရောက်သွားရင် တခြားသူတွေကို အန္တရာယ်ပြုဖို့ လွယ်ကူလို့ပဲ”

“မင်းနဲ့ မင်းရဲ့ အဖွဲ့ဝင်တွေဟာ ကျင့်ကြံခြင်း နည်းစနစ်တွေကို အသင်းဝင်ကြေးပေးနိုင်တဲ့သူမှန်သမျှဆီ ဝေငှခဲ့တယ်။ အဲဒီလူရဲ့ စရိုက်၊ စိတ်နေစိတ်ထား ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မစဉ်းစားခဲ့ဘူး။ အဲဒါရဲ့ အကျိုးဆက်ကို မင်းသိလား”

“ဒါဟာ မင်းတို့အသင်းရဲ့ တကယ့်ရာဇဝတ်မှုပဲ။ ငွေကြေးလိမ်လည်မှုထက် အများကြီးပိုကြီးမားတယ်။ အဲဒါကြောင့်ပဲ အာဏာပိုင်တွေက ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးဖို့ စဉ်းစားနေကြတာပဲ။ မင်းရဲ့ အတန်းဖော်တွေအကြောင်းကိုလည်းစဉ်းစားပါဦး ဂျူနီယာညီမလေး”

ဝမ်ရှန်းက စကားကို ခဏရပ်လိုက်ပြီး ချီဝမ်၏ မျက်နှာပေါ်မှ တုံ့ဆိုင်းမှုများကို စောင့်ကြည့်နေလိုက်သည်။

“ဝေချီယွဲ့က မင်းကို သတ်ဖို့လာခဲ့တာပဲ… မင်းကိုယ်တိုင်မြင်ခဲ့တယ် မဟုတ်လား။ သူတို့အပေါ်မှာ မျှော်လင့်ချက်ထားနေဦးမှာလား။ သစ္စာတရားကို ယုံနေတုန်းပဲလား။ ပိုဆိုးတာက သူမက အဖမ်းခံရမှာကိုတောင် စွန့်စားပြီး မင်းနောက်ကို လိုက်လာတယ်ဆိုတာ မင်းဆီမှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ ခေါင်းဆောင်တွေအတွက် တကယ့်အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေ ရှိနေလို့ပဲ”

“မင်း သိတာတွေကို အရာရှိတွေကို ပြောပြမယ်ဆိုရင် မင်းရဲ့ အမှားတွေကို ဆေးကြောဖို့ အခွင့်အရေးရလိမ့်မယ်။ မင်းကိုယ်မင်း ကယ်တင်ရုံတင်မကဘူး မင်းရဲ့ အမေကိုပါ ကယ်တင်ရာရောက်တယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်အနေနဲ့ သူမက ဒီလိုပြစ်မှုမျိုးတွေကို စုံစမ်းဖို့တာဝန်ရှိတယ်”

“မင်းမှာ အရာအားလုံးကိုပြန်ပြင်ဖို့ အခွင့်အရေးရှိပါသေးတယ်။ သူမကို စိတ်ပျက်အောင်မလုပ်ပါနဲ့။ မင်းရဲ့ အတန်းဖော်တွေအကြောင်းလည်း စဉ်းစားပါ။ သူတို့က ကျင့်ကြံချင်ရုံသက်သက်ပါ ရာဇဝတ်မှုကျူးလွန်ချင်ကြတာ မဟုတ်ဘူး”

ဝမ်ရှန်းက ထရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ငါ မင်းရဲ့ အမေနဲ့ စကားသွားပြောလိုက်ဦးမယ်။ မင်း တကယ်စိတ်ဆုံးဖြတ်ပြီး အမှန်အတိုင်းပြောမယ်ဆိုရင် မင်းကို တောင်ပေါ်ခေါ်သွားပြီး စစ်မှန်တဲ့ ကျင့်ကြံခြင်းဆိုတာ ဘာလဲဆိုတာပြပေးလို့ ရကောင်းရနိုင်တယ်။ အဲဒီမှာ မင်းရဲ့ အဖေအရင်းနဲ့လည်း တွေ့ရလိမ့်မယ်”

ချီဝမ်က ဝမ်ရှန်း ထွက်ခွာသွားသည်ကို နှုတ်ခမ်းများတုန်ရီလျက် ကြည့်နေရှာသည်။ သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ငိုကြွေးနေပြန်သည်။

ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို ထိုနေရာ၌ နေခဲ့ရန် အချက်ပြပြီး စစ်ဆေးရေးခန်းထဲမှ ထွက်လာခဲ့သည်။

အပြင်ရောက်သောအခါ သူက ခါးသက်စွာ ရယ်မောလိုက်ပြီး ခဏမျှ ငြိမ်သက်စွာရပ်နေမိသည်။

စီနီယာအစ်ကိုကြီး လုပ်ရတာ တကယ်ကို မလွယ်ကူပါလား…။

ယခုမူ ချီဝမ် တစ်ကယ်ပင် ကြောက်လန့်သွားခဲ့ရလေပြီ။

သူမသည် အမှန်တကယ်ပင် ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦးဖြစ်သည်။ ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီး အားနွဲ့ပုံရသော်လည်း အတွင်းစိတ်သန္တာန်တွင်မူ အလွန်ပင်ခေါင်းမာလှသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမကို တာဝန်ဝတ္တရားများဖြင့် အကျိုးကြောင်းပြသရန် ကြိုးစားပါက ရလဒ်မှာ ပြောင်းပြန်သာဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရှန်းသည် အခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ သူမကို ဆုံးမဩဝါဒပေးနေမည့်အစား သူမ၏ သံယောဇဉ်နှင့် သစ္စာတရားကို လှုံ့ဆော်ကာ အပြစ်မဲ့သော သားကောင်ထောင်ပေါင်းများစွာ၏ ကံကြမ္မာကို သူမ၏ ပခုံးပေါ်သို့ တင်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင်မူ သူမ၏ ရွေးချယ်မှုကို စောင့်ဆိုင်းရန်သာလိုတော့သည်။

ဝမ်ရှန်း ထွက်သွားသည်နှင့် ချီဝမ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ အရေးကြီးသောသတင်းအချက်အလက်အချို့ကို ပေးအပ်လိုက်သည်။ မုဝမ်ရွှမ်းကမူ သူမ၏ ဘေးနားတွင်ပင် ရှိနေပေးခဲ့သည်။

အဖိုးတန်ဆုံးသော သတင်းမှာ မီးသူတော်စင်၏ ဘေးတိုက်ဓာတ်ပုံတစ်ပုံပင် ဖြစ်သည်။ အနည်းငယ်ဝါးနေသော်လည်း အနည်းဆုံးတော့ ရဲတပ်ဖွဲ့အတွက် တရားခံကို လိုက်လံရှာဖွေရာတွင် လမ်းစတစ်ခုရရှိသွားစေသည်။

ထို့အပြင် သူမသည် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းနှင့် ဆက်နွှယ်နေသော လျှို့ဝှက်ဘဏ်စာရင်းများကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ ထိုငွေကြေးစီးဆင်းမှုများကို ခြေရာခံခြင်းဖြင့် အာဏာပိုင်များသည် အဖွဲ့အစည်းမှကောက်ခံထားသော အသင်းဝင်ကြေးအမြောက်အမြားကို သိမ်းဆည်းပိတ်သိမ်းနိုင်ခဲ့သည်။ ဤပြင်းထန်သော ထိုးနှက်ချက်သည် အသင်းခေါင်းဆောင်ပိုင်း၏ ဘဏ္ဍာရေးကို ကြီးမားစွာထိခိုက်စေနိုင်ပေသည်။

ထိုမျှသာမက ချီဝမ်သည် မီးသူတော်စင်က အဘယ်ကြောင့် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို တည်ထောင်ခဲ့သနည်းဟူသော အချက်အချို့ကိုလည်း ဖွင့်ဟခဲ့သည်။ အမှန်ပင်… ထိုသတင်းအချက်အလက်များ၏ ခိုင်လုံမှုမှာမူ ဆက်လက်ငြင်းခုံရဦးမည် ဖြစ်သည်။

သူမ ပြောပြချက်အရ ငွေကြေးရယူခြင်းမှာ သူ၏ အစီအစဉ်တွင် ပထမခြေလှမ်းသာဖြစ်သည်။ လုံလောက်သော အရင်းအမြစ်များ ရရှိပြီးသည်နှင့် ပြန့်ကျဲနေသော တာအိုအမွေအနှစ်များကို စုစည်းကာ ဂိုဏ်းဂဏစွဲမရှိသော ကျင့်ကြံသူအဖွဲ့အစည်းကြီးတစ်ခုအဖြစ် တည်ထောင်ရန် ရည်ရွယ်ထားခြင်းပင်____ ထိုအဖွဲ့အစည်းမှာ ရှေးဟောင်းဂိုဏ်းကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်စေရန် ဖြစ်သည်။

၎င်းမှာ မီးသူတော်စင်၏ ရည်မှန်းချက်ဖြစ်ပုံရသည်။

သူ၏ အဆောင်လက်ဖွဲ့အတတ်ပညာများက ချီဝမ်ကို အံ့အားသင့်စေခဲ့သည်။ အစပိုင်းတွင် သူမသည် မိမိကိုယ်ကိုယ် မသေမျိုးအဆင့်သို့ ရောက်ရှိမည့် ပါရမီရှင်တစ်ဦးဟုပင် တစ်ကယ့်ကို ယုံကြည်ခဲ့ရှာသည်။

သူမသည် သူမ၏ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ အင်္ကျီများနှင့် လက်ဝတ်ရတနာများကို ရောင်းချခဲ့သည်။ မိသားစုထံမှ ငွေခဏခဏတောင်းခဲ့သလို သူငယ်ချင်းများထံမှလည်း ချေးငှားခဲ့သည်။ နည်းလမ်းမျိုးစုံကို အသုံးပြုကာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း စတင်လည်ပတ်နိုင်ရန် လိုအပ်သော ကနဦးရန်ပုံငွေအများစုကို သူမတစ်ဦးတည်းကပင် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ သုံးဖြုန်းနိုင်စွမ်းမှာမူ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှသည်။

ကံမကောင်းသည်မှာ သူမသည် အဖိုးတန်သတင်းများ ပေးအပ်ခဲ့သော်လည်း ၎င်းမှာ သူမ၏ အပြစ်များကို လုံးဝဆေးကြောရန် မလုံလောက်သေးပေ။ ထို့ကြောင့် အမြဲတမ်းအားကိုးထိုက်သော စီနီယာအစ်ကိုကြီးအနေဖြင့် ဝမ်ရှန်းက နောက်တစ်ကြိမ် ကြားဝင်ကူညီပေးရပြန်သည်။

သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ သူတို့၏ ဆရာမှာ တောင်ပေါ်တွင် သူ၏ ရွှေအမြုတေဖွဲ့စည်းခြင်းကိစ္စနှင့် အလုပ်ရှုပ်ကာ ရှာမရဖြစ်နေပြီး ဆရာကတော်မှာလည်း သူမ၏ ရာထူးတာဝန်အရ သမီးဖြစ်သူကို ဗြောင်ကျကျကာကွယ်ပေး၍ မရနိုင်ပေ။ ချီဝမ်၏ ဖခင်ထံမှ သစ္စာရှိတပည့်ဖြစ်သူ ဝမ်ရှန်းသာလျှင် သူမကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်သည်။

သို့သော် ဝမ်ရှန်း မမျှော်လင့်ထားသည့်အချက်မှာ ဆရာကတော်ကို စည်းရုံးရသည်မှာ အလွန်လွယ်ကူနေခြင်းပင် ဖြစ်သည်။ ရလဒ်က သူ့ကို အနည်းငယ်အံ့သြသွားစေသည်။ သူလုပ်ခဲ့သည်မှာ ဂျူနီယာညီမလေးကို တောင်ပေါ်သို့ ခဏခေါ်သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းသာဖြစ်သည်။ သူမက အများကြီးတွန့်ဆုတ်မနေဘဲ သဘောတူခဲ့သည်။

ဖြစ်နိုင်သည်မှာ သူမ၏ စိတ်ထဲတွင်လည်း ချီဝမ်ကို ဤမုန်တိုင်းများကြားမှ ခဏတာအဝေးသို့ ပို့ထားချင်ပုံရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သဘာလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းခေါင်းဆောင်၊ အကြီးအကဲများနှင့် အဓိကအဖွဲ့ဝင်များကို ဖမ်းမမိမချင်း နားကြမည် မဟုတ်ပေ။ သို့သော် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့မှာမူ ဤနေရာတွင် အချိန်ပိုမဖြုန်းနိုင်တော့ပေ။ သူတို့၏ ကျင့်ကြံခြင်းကိစ္စများက အရေးကြီးနေသည်။

All Chapters