တာအိုဆင်ခြင်ခြင်း
Vol. 9 Ch. 88
ဝမ်ရှန်းသည် သူ၏ အရင်ဘဝက သိခဲ့သည့် အချက်အလက်များကို ပြောပြရန် ရွေးချယ်လိုက်သည်။ ထိုအချက်အလက်များသည် နောက်ပိုင်းနှစ်များတွင် လူသိရှင်ကြားဖြစ်လာမည့်အရာများဖြစ်သဖြင့် အမှန်တကယ်တွင် လျှို့ဝှက်ချက်မဟုတ်သော်လည်း ပို၍ လေးနက်စေရန် ဟန်ဆောင်လိုက်ခြင်းဖြစ်၏။
မိုးရွာနေသည်ကို ငေးကြည့်ရင်း သူက လက်ဖက်ရည်ခွက်ကိုကိုင်ကာ ပေါ့ပေါးသောအမူယာဖြင့် စပြောလိုက်သည်၊၊
“ဟွာပြည်သူ့သမ္မတနိုင်ငံက ကျင့်ကြံခြင်းလောက ပြန်လည်နိုးထလာမှုရဲ့ အကျိုးသက်ရောက်မှုတွေကိုကိုင်တွယ်ဖို့ အများကြီးပြင်ဆင်ထားတယ်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာက လူမြင်ကွင်းမှာရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး သာမန်ကိစ္စတွေကို ကိုင်တွယ်တာ၊ ကျင့်ကြံခြင်းလောကနဲ့ ဆက်သွယ်တာနဲ့ ဆက်ဆံရေးတွေကို ညှိနှိုင်းပေးတာမျိုးကို လုပ်ဆောင်တယ်”
“ဒါပေမဲ့ နာမည်အတိုင်းပါပဲ၊၊ သူတို့က စုံစမ်းစစ်ဆေးရေးအဖွဲ့ သက်သက်ပဲ၊၊ သူတို့နောက်ကွယ်မှာ ကျင့်ကြံခြင်းနဲ့ ကျင့်ကြံသူတွေကို သီးသန့်လေ့လာတဲ့ သုတေသနဌာနတွေရှိတယ်၊၊ ပြစ်မှုကျူးလွန်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့လက်ထဲ ရောက်သွားတဲ့ မိစ္ဆာကျင့်ကြံသူတွေကို သုတေသနလုပ်ဖို့ အဲဒီကိုပို့လိုက်ကြတယ်... အဲဒီထဲမှာ ခန္ဓာကိုယ်ကို ခွဲစိတ်စမ်းသပ်တာတွေလည်း ပါတယ်”
ကျိုးရင်လောင်၏ မျက်လုံးများ ပြူးသွားသည်၊၊
“ခွဲစိတ်စမ်းသပ်တာ ဟုတ်လား”
ဟုန်လင်းလည်း နှုတ်ခမ်းလေး စေ့သွားသည်။
“ဟုတ်တယ်၊၊ ခွဲစိတ်စမ်းသပ်တာ”
ဝမ်ရှန်းက ပခုံးတွန့်ပြလိုက်သည်။ လီချီရန်လည်း ထိုကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံခဲ့ရသည်မဟုတ်ပါလား။
မုန့်ဟောင်က သက်ပြင်းချလိုက်သည်၊၊
“ဒါက နည်းနည်းတော့ မများဘူးလား”
ကျိုးရင်လောင်က ပြန်ချေပသည်၊၊
“အစိုးရရဲ့ အာဏာဆိုတာ လူအများစုကို ကာကွယ်ဖို့ ရှိနေတာပဲ၊၊ ငါတို့က အမှန်တကယ်တော့ မတည်ငြိမ်တဲ့ အစုအဖွဲ့လေးတစ်ခုပဲလေ၊၊ ဒါကြောင့် သူတို့ သတိထားတာကို အပြစ်ပြောလို့မရဘူး၊၊ အဲဒါဆို စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှိတယ်ဆိုရင် တိုက်ခိုက်ရေးအဖွဲ့လည်း ရှိမှာပေါ့”
ဝမ်ရှန်းက ခေါင်းငြိမ့်လိုက်သည်၊၊
“ရှိတာပေါ့၊၊ သူတို့က အထင်သေးလို့ရတဲ့လူတွေ မဟုတ်ဘူး”
ကျိုးရင်လောင်က ရယ်လိုက်သည်၊၊
“ဒါဆိုရင်တော့ ရှင်းပြဖို့လိုပြီ၊၊ သူတို့က ဘယ်လိုမျိုး အထင်သေးလို့မရတာလဲ”
“အကယ်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့ မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေ… ဥပမာ- ကျင့်ကြံသူတစ်စုက ဆူပူသောင်းကျန်းတာ ဒါမှမဟုတ် မိစ္ဆာကျင့်ကြံသူတွေက သူတို့ကို ပစ်မှတ်ထားလာတာမျိုးကြုံလာရင် အထူးစစ်ဆင်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ အဖွဲ့အစည်းကို အကြောင်းကြားလိုက်လိမ့်မယ်”
“အဲဒီတပ်ဖွဲ့က နိုင်ငံတော်ရဲ့ တကယ့်လက်နက်ပဲ၊၊ ဒါပေမဲ့ သူတို့ရဲ့ အဓိကအခန်းကဏ္ဍက နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ လှုပ်ရှားခဲတယ်၊၊ လှုပ်ရှားရင်တောင် အကြီးအကျယ်မလုပ်တတ်ကြဘူး”
“ဒါပေမဲ့ စဉ်းစားကြည့်လေ၊၊ ကျင့်ကြံခြင်းစွမ်းရည်ရှိပြီး ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ စနစ်တကျလေ့ကျင့်ထားတဲ့ စစ်သားသောင်းချီလေ… သူတို့သာ ဝူတန်းတောင်ကို ဖြိုချမယ်ဆိုရင် တစ်နာရီ၊ နှစ်နာရီပဲ ကြာလိမ့်မယ်”
ဟုန်လင်း၏ မျက်နှာလေး ဖြူလျော်သွားသည်။ သူမ မြတ်နိုးသော တောင်တန်းကြီး ဗုံးကြဲခံနေရသည်ကို မြင်ယောင်သွားပုံရသည်၊၊
“ဒါဆိုရင် ငါတို့ ဒီအကြောင်းကို ဂိုဏ်းချုပ်တွေနဲ့ ဆရာဦးလေးတွေကို အမြန်ပြောပြရမယ်”
ယောကျ်ားလေး သုံးယောက်က အချင်းချင်းကြည့်ကာ ရယ်မောလိုက်ကြသည်။
ကျိုးရင်လောင်က သက်ပြင်းချသည်၊၊
“ငါတို့ ပြောပြနေဖို့ မလိုပါဘူး၊၊ ဆရာဦးလေးတွေက လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ဒါတွေကို သိပြီးသားဖြစ်မှာပါ၊၊ ငါတို့ကသာ စနစ်တကျကျင့်ကြံပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင် ဘာမှမဖြစ်ပါဘူး၊၊ ဒါပေမဲ့ သူတို့က ကျင့်စဉ်တွေကို ဘယ်ကရတာလဲဆိုတာကိုတော့ ငါ သိချင်မိတယ်”
“သူတို့ရဲ့ စစ်သားတွေကို လေ့လာပေးဖို့ အကြီးအကဲတချို့ကို စည်းရုံးထားတာ ဖြစ်မှာပေါ့”
မုန့်ဟောင်က ဝင်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် နောင်ကျရင် ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူရဲကောင်းလုပ်တဲ့အခါ သတိထားကြပါ”
ဝမ်ရှန်းက သတိပေးလိုက်သည်။
“ဒါပေမဲ့ လူတွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ တွေ့ရင်တော့ သတ်သင့်ရင် သတ်လိုက်ပါ၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကျွန်တော်တို့ကို သိပ်ပြီး အခက်တွေ့အောင် လုပ်မှာမဟုတ်ပါဘူး”
ကျိုးရင်လောင်က ခါးသီးစွာ ရယ်လိုက်သည်၊၊
“ဒီလောက်အထိ ရှုပ်ထွေးမယ်လို့ မထင်ထားဘူး၊ ငါကတော့ ကျင့်စဉ်တွေ မြင့်လာရင် ဟိုဟိုဒီဒီလှည့်လည်သွားလာမယ်လို့ စိတ်ကူးထားတာ… အခုတော့ တောင်ပေါ်မှာပဲ နေပြီး ကြိုးစားကျင့်ကြံတာက ပိုကောင်းမယ့်ပုံပဲ”
ဟုန်လင်းကလည်း ခေါင်းငြိမ့်သည်၊၊
“တောင်ပေါ်ပဲ အေးချမ်းပါတယ်၊၊ အပြင်လောကက တကယ်ကို ရှုပ်ထွေးလွန်းတယ်”
သူတို့ စကားပြောနေကြစဉ် အိမ်မကြီးထဲမှ ထိတ်လန့်တကြားအော်သံတစ်ခု ထွက်ပေါ်လာသည်။ သူတို့ ၄ယောက် ချက်ချင်းခုန်ထလိုက်ကြသည်။ ဝမ်ရှန်းက အမြန်ဆုံးပင်။ သူသည် လက်ကို ဓားလက်ချောင်းပုံစံဖော်ကာ ခြံဝင်းတံခါးကို ခြေ ၂လှမ်းတည်းနှင့် ခုန်ကျော်ပြီး အိမ်ထဲသို့ ပြေးဝင်သွား၏၊၊ သူ၏ အစစ်မှန်ချီများမှာလည်း အဆင်သင့်ဖြစ်နေပြီ။
ကျိုးရင်လောင်နှင့် မုန့်ဟောင်တို့ကလည်း နောက်မှ ကပ်ပါလာကြသည်။ တစ်ယောက်က မန္တန်အဆောင်စာရွက်ကို ကိုင်ထားပြီး နောက်တစ်ယောက်က လက်ဝါးသိုင်းကွက်ထုတ်ရန် ပြင်ထားသည်။ ဟုန်လင်းမှာမူ ထိတ်လန့်နေသဖြင့် သစ်သားထိုင်ခုံတစ်လုံးကို ဆွဲယူလာခဲ့သည်။
အခန်းထဲတွင် ပန်းရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချီဝမ်သည် ကုတင်ထောင့်တွင် ကပ်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ မုဝမ်ရွှမ်းသည် သူမ၏ ရှေ့တွင် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အကာအကွယ်ပေးထားသည်။
ဝမ်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူတို့ကို တိုက်ခိုက်တာများလား။
“ဘာဖြစ်တာလဲ”
ချီဝမ်၏ တုန်ရီနေသော လက်က စောင်ပေါ်ရှိ နှံကောင်လေးကို လက်ညှိုးထိုးပြရင်း တုန်တုန်ယင်ယင် အသံဖြင့် အော်ပြောလိုက်သည်၊၊
“ပိုး... ပိုးကောင်… အဲဒီမှာ ပိုးကောင်ကြီး”
အခန်းထဲရှိ ကျင့်ကြံသူ ၅ယောက်လုံး ဆွံ့အသွားကြလေတော့သည်။
****
ဝမ်ရှန်းသည် အလွန်ပင်တာဝန်သိတတ်သော စီနီယာအစ်ကိုကြီးတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့သည်။ ညဉ့်နက်သန်းခေါင်အချိန်တွင် တောင်အောက်သို့ ဆင်းကာ ခြင်ထောင်နှစ်လုံးဝယ်ယူခဲ့ပြီး သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးတို့အတွက် ပြင်ဆင်ပေးခဲ့သည်။
ယခင်က စီနီယာအစ်မနှင့် သူနှစ်ယောက်တည်းရှိစဉ်က ဝမ်ရှန်းသည် အတွင်းခန်း၌ အိပ်လေ့ရှိသော်လည်း ယခု ချီဝမ်ပါ ရှိနေသဖြင့် အမျိုးသမီးများနှင့် တစ်ခန်းတည်းနေရန်မှာ မသင့်တော်ဟု သူယူဆလိုက်သည်။ ထို့ကြောင့် သူသည် တရားထိုင်ဖျာကို ယူကာ ခြံဝင်းတံခါးဝတွင် ထိုင်ပြီး တစ်ညလုံးကျင့်ကြံနေခဲ့သည်။
တရားထိုင်ခြင်းသည် အိပ်စက်ခြင်းကို အစားထိုးနိုင်သလို ချီဝမ်တစ်ယောက် ညသန်းခေါင်ချိန်တွင် တိတ်တဆိတ်ထွက်ပြေးသွားမည်ကိုလည်း သူ စိုးရိမ်သောကြောင့်ဖြစ်သည်။
တောင်အောက်သို့ ၂ခေါက်ဆက်တိုက် ဆင်းခဲ့ရသဖြင့် သူ၏ကျင့်ကြံခြင်းမှာ အနည်းငယ်ထိခိုက်ခဲ့ရသည်။ ယခင်က သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ တံခါးဝသို့ ထိတွေ့မိခဲ့သော်လည်း ယခု တစ်ညလုံးအချိန်ကုန်ဆုံးပြီးမှသာ လီအိမ်တော်တွင် ရရှိခဲ့သည့် သိမြင်နားလည်မှုအခြေအနေကို ပြန်လည်ရရှိခဲ့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ ကျင့်ကြံသူများသည် သူတို့၏ တာအိုအမြုတေကို စတင်ဖွဲ့စည်းရသည်။
တာအိုကို ကျင့်ကြံခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကောင်းကင်နှင့် တစ်သားတည်းဖြစ်ရန်နှင့် တာအိုနှင့် ပေါင်းစည်းရန် ဖြစ်သော်လည်း ၎င်းမှာ အဆင့်မြင့်နယ်ပယ်တစ်ခုဖြစ်ပြီး ခဏတဖြုတ် သိမြင်နားလည်မှုဖြင့် ရရှိနိုင်သည့်အရာ မဟုတ်ပေ။
ချီစုစည်းခြင်းအဆင့်တွင် ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးမှ ကမ္ဘာဦးချီများကို စတင်စုပ်ယူကြသည်။ ထို့နောက် မိမိတို့၏ ကျင့်စဉ်များအတိုင်း သန့်စင်ကာ ၎င်းတို့ကို အစစ်မှန်ချီအဖြစ် ပြောင်းလဲကြသည်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်သည့်အခါတွင်မူ သူတို့၏ ဝိညာဉ်အာရုံဖြင့် လောကနှင့် သဘာဝတရားကို စတင်အာရုံခံစားသိမြင်လာကြသည်။ ကျယ်ပြောလှသော ဟင်းလင်းပြင်အတွင်း တာအိုအပိုင်းအစများကို ရှာဖွေပြီး လောကကြီးနှင့် အကြိုပေါင်းစည်းမှုကို စတင်နိုင်ကြသည်။
သို့သော် အတားအဆီးများနှင့် လူတစ်ဦးချင်းစီ၏ ပါရမီကန့်သတ်ချက်များကို ဖယ်ထားလျှင်ပင် အကယ်၍ သူတို့၏ အစစ်မှန်ချီနှင့် ဝိညာဉ်အာရုံသည် အကန့်အသတ်မရှိဆက်လက်ကြီးထွားနေပါက နောက်ဆုံးတွင် သူတို့သည် ကောင်းကင်နှင့် မြေကြီးကြား၌ လုံးဝပျော်ဝင်သွားပြီး ဖုန်မှုန့်ဘဝသို့ ပြန်ရောက်ကာ ကမ္ဘာဦးချီများအဖြစ် မိမိတို့ဆန္ဒမပါဘဲ ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် ၎င်းကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ပြီးမြောက်သည်ဟု မသတ်မှတ်နိုင်ပေ။
ကျင့်ကြံသူများသည် တာအိုကို လိုက်စားပြီး သဘာဝတရားကို နားလည်ရန် ကြိုးပမ်းကြသော်လည်း သူတို့၏ အခြေခံရည်မှန်းချက်မှာ မိမိကိုယ်ကို မြှင့်တင်ရင်း အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။
ထို့ကြောင့် တာအိုအမြုတေဖွဲ့စည်းခြင်းဆိုသည်မှာ မိမိနှင့် လောကကြီးကြားရှိ ဆက်နွှယ်မှုကို ထိန်းချုပ်တတ်ရန်ဖြစ်သည် — လိုအပ်သည့်အခါ ပေါင်းစည်းပြီး အလိုရှိသည့်အခါ ထိုဆက်နွှယ်မှုကို ဖြတ်တောက်နိုင်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
တာအိုအမြုတေဆိုသည်မှာ စိတ်ကူးပုံဖော်သည့် အသုံးအနှုန်းမျှသာ ဖြစ်သည်။ ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်း တကယ့်အမြုတေများကို ဖွဲ့စည်းခြင်းမဟုတ်ဘဲ သူတို့၏ တာအိုဖွဲ့စည်းပုံမှာ ပြည့်စုံသော အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှုစနစ်တစ်ခု ရရှိသွားခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ခင်က ဝမ်ရှန်းသည် ခန္ဓာကိုယ်ရှိ သွေးကြောဆုံမှတ်များမှတစ်ဆင့် ကမ္ဘာဦးချီကို စုပ်ယူခဲ့ရသည်။ ထိုအဆင့်သို့ တက်လှမ်းပြီးနောက်တွင်မူ သူ၏ အတွင်းပိုင်းနှင့် ပြင်ပစွမ်းအင်လှည့်ပတ်မှုများမှာ ဆက်သွယ်သွားသဖြင့် လောကကြီးဆီမှ ကမ္ဘာဦးချီကို တိုက်ရိုက်ဆွဲယူနိုင်တော့မည်ဖြစ်သည်။
ချီစုစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် ကမ္ဘာဦးချီကို ခွက်ငယ်လေးဖြင့် သောက်ရသကဲ့သို့ စုပ်ယူနိုင်ပြီး ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ရှိသူကမူ ပန်းကန်လုံးကြီးဖြင့် သောက်ရသကဲ့သို့ စုပ်ယူနိုင်သည်။ နှိုင်းယှဉ်ရလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူမှာမူ ကမ္ဘာဦးချီများပြည့်နှက်နေသည့် စည်ပိုင်းကြီးအတွင်း၌ စိမ်ထားသကဲ့သို့ မိမိခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှတစ်ဆင့် စုပ်ယူနိုင်ခြင်းဖြစ်သည်။
ဝမ်ရှန်း၏ ယခုပန်းတိုင်မှာ ပြည့်စုံပြီး ချောမွေ့သည့် အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှုကို ရရှိရန်ဖြစ်သည်။
သန့်စင်သောယန်အင်မော်တယ်မန္တန်တွင် ဤအဆင့်နှင့် သက်ဆိုင်သည့် ကဗျာလေးပိုဒ်ပါရှိသည်။
နက်နဲသောယင်သည် ဖုံးကွယ်၍ မွေးမြူသည်။
လှုပ်ရှားခြင်းနှင့် ငြိမ်သက်ခြင်းသည် သဘာဝအတိုင်းစီးဆင်းသည်။
အင်မော်တယ်သွေးကြောများကို ပိတ်ဆို့သည်။
ဥပုဒ်စောင့်ခြင်းသည် မူလအရင်းအမြစ်သို့ ပြန်သွားသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် သန့်စင်သောယန်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်းကိုသာ ထပ်တလဲလဲသတိပေးထားခြင်းဖြစ်သည်။
ပြန်လည်ဝင်စားလာကတည်းက ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး လွန်ခဲ့သည့် လေးနှစ်လုံးလုံး သူ၏ ယန်စွမ်းအင်ကို မွေးမြူလာခဲ့သည့် ဝမ်ရှန်းကဲ့သို့သောသူအတွက် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန်မှာ အတော်လေးလွယ်ကူပေသည်။ ပြည့်စုံအောင် လုပ်ဆောင်ရန်မှာလည်း ပို၍ ဖြစ်နိုင်ချေရှိသည်။
အခြားတစ်ဖက်တွင်မူ မာဆတ်များနှင့် ခြေထောက်နှိပ်သည့် Spa နေရာများသို့ ခဏခဏသွားတတ်သည့် ရှီချန်ကျန်းကဲ့သို့သောသူအတွက်မူ ဤအဆင့်မှာ ကြီးမားသော အတားအဆီးတစ်ခုဖြစ်ပေလိမ့်မည်။
အဝေးတစ်နေရာမှ ကြက်တွန်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ဝမ်ရှန်းကို သူ၏ တရားထိုင်ခြင်းမှ နိုးထလာစေ၏။
သူ မျက်လုံးဖွင့်လိုက်သည့်အခါ တောက်ပကြည်လင်သော ကမ္ဘာကြီးကို တွေ့လိုက်ရ၏။ တောင်တန်းများကြားမှ နေဝန်းကြီးက ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ တိမ်တိုက်များမှာ လွတ်လပ်စွာ လွင့်မျောနေကြသည်။
ဝိညာဉ်အသိစိတ်ဖြင့် ကြည့်လိုက်ရာ သူ၏ စီနီယာအစ်မက မြေကုတင်ပေါ်တွင် တရားထိုင်နေသည်ကို သိလိုက်ရပြီး ချီဝမ်ကမူ ခြင်ထောင်အတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်။
သူသည် အခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်ကာ တာအိုဝတ်ရုံကို ယူလိုက်သည် ဘောင်းဘီတိုကို ချွတ်၍ လေ့ကျင့်ရေးဝတ်စုံသို့ လဲလှယ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ ခြံဝင်းတံခါးကို ဂရုတစိုက်ပိတ်ခဲ့ပြီး မနက်စာသွားယူရန် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းသို့ ဦးတည်လိုက်သည်။
ခြံဝင်းလေးအတွင်း၌ စိတ်ကြိုက်ဝတ်ဆင်နိုင်သော်လည်း တောင်ပေါ်တွင် သွားလာသည့်အခါတွင်မူ စနစ်တကျရှိရန် အရေးကြီးသည် — သူ့ကြောင့် ချင်ယန်ဇီကို မျက်နှာမပျက်စေရပေ။
ဝမ်ရှန်း လာမည်ကို မျှော်လင့်နေသကဲ့သို့ ကျိုးရင်လောင်သည် ထမင်းစားဆောင်တွင် စောင့်နေနှင့်ပြီးဖြစ်သည်။ ဝမ်ရှန်းကို မြင်သည်နှင့် သူ ချက်ချင်း ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။
“Good Morning… ညီလေးဝမ်”