ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ခံရသည့် ဓားပညာ
Vol. 9 Ch. 89
ဝမ်ရှန်း အနည်းငယ် ရှုပ်ထွေးသွားသည်။ ကျိုးရင်လောင်သည် ယခင်က ဤမျှ စိတ်အားထက်သန်မှုမရှိခဲ့ဖူးပေ။ သူ၏ ဂျူနီယာညီမလေးကို စိတ်ဝင်စားနေခြင်းများလား။
“Good Morning … စီနီယာအကိုကျိုး”
ဝမ်ရှန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။ ကျိုးရင်လောင် စကားပြောရန် တုံ့ဆိုင်းနေသောကြောင့် သူမေးလိုက်သည်၊၊
“တစ်ခုခုအခက်အခဲရှိလို့လား”
ကျိုးရင်လောင်က ချောင်းတစ်ချက်ဟန့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အသံကို နှိမ့်လိုက်သည်၊၊
“ငါ တစ်ညလုံး စဉ်းစားကြည့်ပြီးမှ ‘ထူးချွန်တဲ့သူက ဦးဆောင်သင့်တယ်’ ဆိုတဲ့ အဆုံးအမကို နောက်ဆုံးမှာ နားလည်သွားတယ်၊၊ ညီလေးဝမ်… ငါ မင်းကို မေးစရာရှိတယ် … ငါ့ကို ဓားတာအိုကျင့်ကြံရာမှာ လမ်းညွှန်ပေးဖို့ ဆန္ဒရှိရဲ့လား”
ဝမ်ရှန်း မျက်တောင်ခတ်ရင်း ခဏမျှ တုံ့ဆိုင်းသွားသည်။
ကျိုးရင်လောင်က အမြန်ပင် ထပ်ပြောလိုက်သည်၊၊
“မင်းရဲ့ အချိန်တွေကို အများကြီးမယူပါဘူး၊၊ မင်း ဓားလေ့ကျင့်တဲ့အခါတိုင်း ငါ့ကို ပြောပါ၊၊ ငါ လာကြည့်မယ်လေ”
ဝမ်ရှန်း ပြုံးလိုက်သည်၊၊
“အဲဒီလိုလုပ်စရာ မလိုပါဘူး အစ်ကိုကျိုး… ကျွန်တော်တို့ အချိန်တစ်ခုသတ်မှတ်ပြီး တစ်ရက်ခြားတစ်ခါ ဓားချင်းယှဉ်ကြတာပေါ့”
ဓားလေ့ကျင့်ဖော်ရှိခြင်းက သူတို့နှစ်ယောက်လုံးအတွက် အကျိုးရှိပေလိမ့်မည်။
ကျိုးရင်လောင်က စိတ်ထဲမှ အပူလုံးကြီးကျသွားသကဲ့သို့ ချက်ချင်း သဘောတူလိုက်သည်။ သူက မနက်စာ ဝယ်ကျွေးမည်ဟုပင် လှိုက်လှဲစွာ ကမ်းလှမ်းလိုက်ပြီးမှ ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းတွင် အစားအသောက်များကို အလကားပေးနေပြီဖြစ်ကြောင်း ရှက်ကိုးရှက်ကန်းနှင့် သတိရသွားခဲ့၏။
ဝမ်ရှန်းက ဆန်ပြုတ်နှစ်ပန်းကန်နှင့် သက်သတ်လွတ်ပေါက်စီအချို့ကို ယူလိုက်သည်။ ထို့နောက် ခြံဝင်းဆီသို့ ပေါ့ပါးစွာ ပြန်လာခဲ့သည်။
ထိုအချိန်တွင် ချီဝမ် နိုးနေပြီဖြစ်သည်။ မနေ့ညက ၈ နာရီ၊ ၉ နာရီကတည်းက မနက်အထိ အိပ်ခဲ့ရသဖြင့် သူမသည် ပို၍ လန်းဆန်းနေပုံရသည်။ သူမသည် ညအိပ်ဝတ်စုံဖြင့် တံခါးဝတွင် ရပ်နေပြီး တာအိုဝတ်ရုံဝတ်ဆင်ထားသည့် ဝမ်ရှန်းကို စူးစမ်းသလိုကြည့်နေသည်။
“စီနီယာအစ်မ… ဂျူနီယာညီမလေး… လာစားကြဦး” သင်းပျံ့သော အစားအသောက်ရနံ့များထွက်ပေါ်နေစဥ် ဝမ်ရှန်းက လှမ်းခေါ်လိုက်သည်။
စီနီယာအစ်မက ခြံထောင့်ရှိ ယာယီရေချိုးခန်းထဲမှ ထွက်လာပြီး စိုစွတ်နေသည့် ဆံပင်ကို သုတ်ရင်း သီချင်းလေး တညည်းညည်းနှင့် လျှောက်လာသည်။ မနက်စာကို မြင်သည်နှင့် သူမ အားရပါးရပြုံးလိုက်သည်။
ဟင်းချက်စရာမလိုဘဲ စားရသည့်ဘဝမှာ အမှန်တကယ် ပျော်စရာကောင်းလှပေသည်။
ချီဝမ်ကမူ နှုတ်ခမ်းလေးစေ့ကာ သူတို့ရှေ့တွင် ရပ်နေသည်။ သူမ၏ ဆံပင်ရှည်များမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူလျော်နေသည်။
“လာစား… တောင်ပေါ်က အစားအသောက်တွေက ပေါ့ပေါ့ပါးပါးနဲ့ စင်ကြယ်တာမို့လို့ အဆီအဆိမ့်တွေနဲ့ အညစ်အကြေးတွေ အများကြီးမစုမိဘူး”
ဝမ်ရှန်းက တိုက်တွန်းလိုက်သည်။
“ဒါက ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွေအတွက် အကျိုးရှိတယ်”
မုဝမ်ရွှမ်းကမူ ပို၍ တိုက်ရိုက်ဆန်သည်။ သူမက လျှောက်လာပြီး ချီဝမ်ကို အပြင်သို့ ဆွဲခေါ်ကာ စားပွဲပုလေးတွင် ထိုင်ခိုင်းလိုက်သည်။
ဝမ်ရှန်းက ပြုံးလိုက်ပြီး ခြံဝင်းတံခါးဝသို့ သွားကာ တရားထိုင်နေသည်။ သူ တရားစထိုင်လိုက်သည်နှင့် အိမ်ထဲမှ ချီဝမ်၏ ရှိုက်ကြီးတငင်ငိုနေသံကို ကြားလိုက်ရသည်။
“စီနီယာအစ်မ… ကျွန်မ...”
“အင်း...”
မုဝမ်ရွှမ်း အခက်တွေ့နေသော်လည်း ချီဝမ်ကို စိတ်ရှည်စွာ ချော့နေခဲ့သည်။ ဝမ်ရှန်းကမူ အတင်းအကျပ်မတိုက်တွန်းဘဲ အခြေအနေအတိုင်းသာ လွှတ်ထားပေးလိုက်သည်။
ဝမ်ရှန်းသည် နောက်ထပ် ၁ရက်ကို တရားထိုင်ခြင်းနှင့် သိမြင်နားလည်မှုများဖြင့် ကုန်ဆုံးစေခဲ့ပြီး အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှု ဖွဲ့စည်းရန် သော့ချက်ကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ ထိုအချိန်တွင် မုဝမ်ရွှမ်းကမူ ချီဝမ်အတွက် ဟင်းချက်ပေးခြင်း၊ အဝတ်လျှော်ပေးခြင်းများဖြင့် အချိန်ကုန်ဆုံးစေသလို ချီဝမ် စိတ်ကြည်လင်စေရန် ပတ်ဝန်းကျင်၌ လမ်းလျှောက်ထွက်ခဲ့သည်။
မုဝမ်ရွှမ်းသည် သဘာဝအတိုင်း နူးညံ့သိမ်မွေ့သူဖြစ်သည်။ သူမ၏ ညီမလေးသည် အပြစ်ရှိစိတ်ဖြင့် ဝန်ပိနေသည်ကို သိသော်လည်း သူမကိုယ်သူမ ပြန်လည်ထိန်းသိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
ညနေခင်းတွင် ဝမ်ရှန်းသည် ထရပ်လိုက်ပြီး အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ရှေ့တွင် ခဏချထားလိုက်၏။ ထို့နောက် ၎င်းကို ထုတ်ယူကာ လျင်မြန်သော ဓားသိုင်းတစ်ခုကို စတင်လေ့ကျင့်လေသည်။ ကောင်းကင်ယံ၌ ကြယ်များ ပြည့်နှက်နေသည့် အချိန်ကျမှသာ သူ ရပ်လိုက်သည်။
ငြိမ်သက်စွာ ရပ်နေရင်း သူသည် တစ်စုံတစ်ခုကို အာရုံခံကြည့်နေသည်။ ထိုခံစားချက်မှာ အတော်လေး နက်နဲလှသည်။ အရာအားလုံးသည် သူနှင့်အတူ ယှဉ်တွဲတည်ရှိနေသော်လည်း သီးခြားစီဖြစ်နေကြသည်၊၊ ကမ္ဘာကြီးသည် သူနှင့်အတူ ရှိနေသော်လည်း သူ၏ ခံစားချက်များကို မမျှဝေနိုင်သေးပေ။
သူက ဓားကို အမှတ်မထင် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး မီတာဒါဇင်ပေါင်းများစွာအကွာရှိ သစ်ကိုင်းတစ်ခုကို ဖြတ်တောက်သွားသည်။
ဝမ်ရှန်းလည်း သူသွားရမည့် လမ်းကြောင်းကို နားလည်သွားပုံရပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရန် မှန်ကန်သည့် အခြေအနေကို တွေ့ရှိသွားခဲ့သည်။ ယခု သူလုပ်ရန်မှာ သူ၏ ထိုးထွင်းသိမြင်မှုကို သန့်စင်ပြီး ဂရုတစိုက်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးရန်သာ ဖြစ်သည်။
လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ပြီး မီတာအနည်းငယ်အကွာရှိ ဓားအိမ်အတွင်းသို့ ဓားကို ထည့်လိုက်သည်။ ထို့နောက် သူ၏ နောက်ဘက်မှ လက်ခုပ်တီးသံကို ကြားလိုက်ရသည်။
ဝမ်ရှန်း လှည့်ကြည့်လိုက်ရာ မုဝမ်ရွှမ်းနှင့် ချီဝမ်တို့က ခြံဝင်းတံခါးဝတွင် အတူထိုင်နေသည်ကို တွေ့လိုက်ရသည်။ ချီဝမ်က အတော်လေး အံ့အားသင့်နေပုံရသည်။
သူက လက်ကို နောက်ပစ်ကာ လျှောက်လာရင်း ပြုံး၍ မေးလိုက်သည်၊၊
“စိတ်နည်းနည်းသက်သာသွားပြီလား”
ချီဝမ်၏ မျက်နှာလေး အနည်းငယ် ညှိုးငယ်သွားသော်လည်း သူ့ကို လျစ်လျူမရှုတော့ဘဲ ခေါင်းငြိမ့်ပြသည်၊၊
“အင်း”
“စီနီယာအစ်မက ဆရာနေတဲ့ နေရာကို ပြပြီးပြီလား”
ဝမ်ရှန်းက ဘေးခန်းကို ညွှန်ပြလိုက်သည်။
“ဆရာက အခု နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ်၊၊ ဘယ်တော့ ပြန်လာမလဲဆိုတာ မသိသေးဘူး၊၊ ဒါကြောင့် ဒီမှာပဲ စိတ်အေးလက်အေးနေပါ၊၊ တစ်ခုခုလိုရင် ငါ့ကို ပြောဖို့ ဝန်မလေးပါနဲ့… အားနာနေဖို့ မလိုဘူး”
ချီဝမ်က သူမ၏ နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ရည်များ ထပ်မံစီးကျလာပြန်သည်။ ဘေးတွင်ရှိနေသော မုဝမ်ရွှမ်းသည် ဘာလုပ်ရမှန်းမသိဘဲ အခက်တွေ့နေပုံရသည်။
ဝမ်ရှန်းက မုဝမ်ရွှမ်းကို ကြည့်လိုက်ရာ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူတို့အနေဖြင့် ဖြည်းဖြည်းချင်းသာ လုပ်နိုင်ပေလိမ့်မည်။ ဘဝတွင် ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသဖြင့် ချီဝမ်သည် ရှေ့ဆက်နိုင်ရန်အတွက် ကိုယ်တိုင်အချိန်ယူရပေလိမ့်မည်။
****
နောက်တစ်ရက်တွင် ကျိုးရင်လောင်သည် ဓားချင်းယှဉ်ပြိုင်ရန် ရောက်လာသည်။ သူသည် ပိုးသားတာအိုဝတ်ရုံကို ဝတ်ဆင်ကာ တာအိုခေါင်းစည်းဖြင့် သေချာပြင်ဆင်လာခဲ့သည်။ သူ၏ လက်ထဲတွင်လည်း ဝိညာဉ်အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည့် ရှေးဟောင်းဓားတစ်လက်ပါရှိလေ၏။
ဝမ်ရှန်းလည်း လေ့ကျင့်ရေးဝတ်စုံသို့ လဲလှယ်လိုက်ပြီးနောက် ကျိုးရင်လောင်ထံသို့ သစ်သားဓားတစ်လက် ပစ်ပေးလိုက်သည်။
“ကျွန်တော်တို့ ဓားသိုင်းပညာချင်းပဲ ယှဉ်ပြိုင်ကြမှာဆိုတော့ အဲဒီဓားထဲကို အတွင်းအားတွေ မထည့်နဲ့နော်… ကျိုးသွားရင်တော့ ကိုယ့်ဘာသာကိုယ် တစ်လက်ပြန်ထွင်းရလိမ့်မယ်”
“ကောင်းပြီလေ”
ကျိုးရင်လောင်က ပြုံးလျက် ချက်ချင်းပင် သိုင်းကွက်ခင်းကာ ဝမ်ရှန်းကို အာရုံစိုက်လိုက်သည်။
ဝမ်ရှန်းကမူ ပေါ့ပေါ့ပါးပါးပင် ရှိနေပြီး ၎င်းကို ဓားပညာဖလှယ်မှုသက်သက်အဖြစ် သဘောထားလိုက်သည်။
သူ၏ ခုနှစ်စင်ကြယ်ဓားအစီအရင်သည် အပြောင်းအလဲများနှင့် ပိတ်ဆို့ခြင်းများကို အလေးပေးသော်လည်း ကျိုးရင်လောင်၏ ထိုက်ယီ ရွှေအင်မော်တယ်ဓားသိုင်းမှာမူ တိကျမှုနှင့် သေသပ်မှုကို အလေးပေးသည်။
ကျိုးရင်လောင်က မာန်သွင်းကာ ရှေ့သို့ တိုးလာပြီး လစန္ဒာကြည့်အင်မော်တယ်ဟု ခေါ်သော နည်းဗျူဟာဖြင့် စတင်တိုက်ခိုက်သည်။
ဝမ်ရှန်းသည် သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်းကို နှေးကွေးစေပြီး ထိုတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏ သစ်သားဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားရိပ်များ နောက်မှပါလာပြီး ကျိုးရင်လောင်၏ တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ပြန်လည်တုံ့ပြန်လိုက်သည်။
ခြံဝင်းတံခါးရှေ့တည့်တည့်တွင် နှစ်ယောက်သား အကြိမ်ကြိမ်ထိပ်တိုက်တွေ့ဆုံကြပြီး သူတို့၏ ဓားများမှာ နိမ့်ချည်၊ မြင့်ချည်ဖြစ်နေသည်။ ခက်ခဲနက်နဲသော အကွက်များကို ထုတ်သုံးသည့်အခါတိုင်း ထူးခြားသော ဓားဆန္ဒနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့မိကြသည် — တစ်ခုမှာ ကြည်လင်နေပြီး တစ်ခုမှာမူ ဝေဝါးနေသည်။
ထိုက်ယီရွှေအင်မော်တယ်ဓားသိုင်းကို လေ့လာဆန်းစစ်နေစဉ်မှာပင် ဝမ်ရှန်းကလည်း ကျိုးရင်လောင်၏ ဓားဆန္ဒကို ပိုမိုသန့်စင်လာစေရန် သူ၏ ဓားဆန္ဒကို ဓားသွေးကျောက်သဖွယ် အသုံးချပေးခဲ့၏။
မကြာခင်မှာပင် ထိုဆူညံသံကြောင့် ချီဝမ်၏ အာရုံက သူတို့ထံ ရောက်ရှိလာ၏။ သူမသည် တံခါးဝတွင် ရပ်ကာ ထိုနှစ်ယောက်ကို ငေးကြည့်နေသည်။ ကြည့်နေရင်းနှင့် သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ထပ်မံ ဝဲတက်လာပြန်သည်။
အိမ်မကြီးအတွင်း ကုတင်ပေါ်တွင် တရားထိုင်နေသော မုဝမ်ရွှမ်းမှာ သက်ပြင်းချရင်း မချိပြုံး ပြုံးနိုင်ရုံသာ ရှိတော့သည်။ သူမ၏ ညီမလေးမှာ အတော်လေးအငိုသန်လှသဖြင့် သူမပင် ခေါင်းခဲနေရလေ၏။
နာရီဝက်ခန့် ယှဉ်ပြိုင်ပြီးနောက် ကျိုးရင်လောင် စတင်ရုန်းကန်လာရသည်။ နောက်ဆုံးတွင် သူသည် နောက်သို့ဆုတ်ကာ သူ၏ ဉာဏ်အလင်းပွင့်ခြင်းများကို ပြန်လည်စဉ်းစားရန် ထိုင်လိုက်သည်။ သူသည် မျက်လုံးများကို ချက်ချင်းမှိတ်ကာ အတွေးနယ်ချဲ့နေတော့သည်။
ဓားကို ကိုင်ထားဆဲဖြစ်သော ဝမ်ရှန်းသည်လည်း ငြိမ်သက်စွာ ရပ်နေပြီး မျက်လုံးများကို မှိတ်လိုက်ကာ ထိုက်ယီ ရွှေအင်မော်တယ်ဓားသိုင်း၏ အကွက်စဥ်တစ်ခုလုံးကို စိတ်ထဲတွင် ပြန်လည်ဖော်ထုတ်ကြည့်သည်။ ထိုနည်းစနစ်များကို ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ သူ၏ ဓားတာအိုအပေါ် နားလည်မှုမှာ ပိုမိုကျယ်ပြန့်လာသည်ဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူသည် တရားထိုင်ရန် ထိုင်လိုက်ပြီး သူ၏ အတွင်းပိုင်းစွမ်းအင်လှည့်ပတ်မှုမှာ ပြည့်စုံလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်ရသည်။ ကျိုးရင်လောင် ထွက်သွားသည်ကိုပင် သူ သတိမထားမိတော့ပေ။
****
နှစ်ရက်အကြာတွင် ကျိုးရင်လောင်သည် ဝမ်ရှန်းအတွက် အံ့အားသင့်စရာတစ်ခုကို ယူဆောင်လာခဲ့သည်__သို့သော် ထိုအရာမှာ အလွန်ပျော်ရွှင်ဖွယ်အရာတော့မဟုတ်ပေ၊၊
ကျိုးရင်လောင်သည် ဝမ်ရှန်းနှင့် ဓားတာအိုချင်း ယှဉ်ပြိုင်ရန်အတွက် တာအိုဆရာတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထိုသူကို တွေ့သည်နှင့် ဝမ်ရှန်းသည် ထိုတာအိုဆရာမှာ သူ ဝူတန်းတောင်သို့ ရောက်ခါစက တပည့်ခံရန် မျှော်လင့်ခဲ့ဖူးသည့် ကျွမ်းကျင်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ဝူတန်းတောင်၏ တာအိုမျိုးဆက်တစ်ခုမှ ဖြစ်သော ကောင်းရှီရှင်းပင် ဖြစ်သည်။
ဝမ်ရှန်းအတွက်မူ နှမြောစရာဟု မခံစားရပေ။ အကယ်၍ ထိုစဉ်က သူသည် ကောင်းရှီရှင်း၏တပည့် အမှန်တကယ်ဖြစ်ခဲ့မည်ဆိုလျှင် ချင်ယန်ဇီ၏ နောက်သို့ လိုက်ခွင့်ရတော့မည် မဟုတ်ပေ။
ဘဝဆိုသည်မှာ ထိုကဲ့သို့ပင်။
အရှုံးနှင့် အနိုင်၊ ရရှိခြင်းနှင့် လက်လွတ်ရခြင်း — ၎င်းကို အံ့ဖွယ်ဟုမခေါ်လျှင် အဘယ်အရာကို ခေါ်နိုင်မည်နည်း။