ဓားသိုင်းဖြင့် မိတ်ဆွေဖွဲ့ခြင်း
Vol. 9 Ch. 90
ကောင်းရှီရှင်းသည် ပိန်ပိန်ပါးပါးနှင့် အရပ်အမောင်းအသင့်အတင့်ရှိကာ အသားညိုသူတစ်ဦး ဖြစ်သည်၊၊ သူ၏ပုခုံးများမှာ အနည်းငယ် ကိုင်းညွတ်နေသဖြင့် ကိုယ်ဟန်မှာ တင်းနေသော လေးတစ်လက်နှင့် တူနေ၏၊၊ ထို့အပြင် သူသည် အသက်လေးဆယ်ကျော်ဟုထင်ရသော်လည်း သူ၏မျက်လုံးများမှာမူ တည်ငြိမ်နက်ရှိုင်းသော ရေကန်နှစ်ခုကဲ့သို့ စူးရှတောက်ပနေဆဲပင်ဖြစ်သည်၊၊
သူသည် အနည်းငယ်ပွယောင်းသော တာအိုဝတ်စုံနှင့် ပိတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး လျော်ကြိုးများဖြင့် ခြေထောက်တွင် ခပ်တင်းတင်းချည်နှောင်ထားသော ဘောင်းဘီကို ဝတ်ထားသည်၊၊ ဆံပင်ကိုလည်း တာအိုခေါင်းစည်းဖြင့် စည်းနှောင်ထား၏၊၊
တာအိုဆရာသည် ဝမ်ရှန်းကို မြင်သည်နှင့် “မင်းရဲ့ ဓားသိုင်းကို ငါ့ကို ပြလို့ရမလား”
ဝမ်ရှန်းလည်း သူ့ရှေ့မှ တာအိုဆရာမှာ ဓားသိုင်းပညာရှင်တစ်ဦးမှန်းသိသဖြင့် ရိုသေစွာ လက်သီးဆုပ်ဂါရဝပြုလိုက်သည်၊၊ သူသည် မလေးမစားဖြစ်သွားမည်ကို အလွန်ပင် စိုးရိမ်နေလေ၏၊၊
“ဆရာဦးလေးရဲ့ လမ်းညွှန်မှုကို မျှော်လင့်ပါတယ်”
“အင်း”
ကောင်းရှီရှင်းက စတင်ရန် အချက်ပြလိုက်သည်၊၊ ထို့နောက် သူသည် ကျိုးရင်လောင်နှင့်အတူ ဘေးသို့ကပ်ကာ ဝမ်ရှန်း၏ သရုပ်ပြမှုကို တိတ်ဆိတ်စွာ ကြည့်နေသည်၊၊
ဝမ်ရှန်းသည် ဘာတစ်ခုမှထိန်ချန်မထားဘဲ သူ၏ ဓားသိုင်းအဆင့်အတန်းကို ခုနှစ်စင်ကြယ်ဓားအစီအရင်မှတစ်ဆင့် ထုတ်ဖော်ပြသလိုက်သည်၊၊ သို့သော် အစဆုံးပြပြီးသည့်တိုင် သူ၏နှလုံးသားထဲတွင် တစ်ခုခုလိုအပ်နေသကဲ့သို့ ခံစားနေရဆဲပင်၊၊ ထို့ကြောင့် သူသည် ထိုက်ယီရွှေအင်မော်တယ်ဓားသိုင်းမှ နည်းဗျူဟာအချို့ကိုပါ မသိစိတ်မှ ထည့်သွင်းလိုက်ရာ ကျိုးရင်လောင်လည်း ခေတ္တမျှ တောင့်တင်းသွားသည်၊၊
“ညီလေးဝမ်… မင်း အဲဒီဓားသိုင်းကို ဘယ်တုန်းကသင်လိုက်တာလဲ”
“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့လေ့ကျင့်တုန်းက မှတ်ထားလိုက်တာလေ”
ဝမ်ရှန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်၊၊ ထို့နောက် သူသည် ကောင်းရှီးရှင်းဘက်သို့ လှည့်ကာ “ဆရာဦးလေး… ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး”
ကောင်းရှီရှင်းက ခေါင်းယမ်းလိုက်သည်၊၊
“ဟမ်း… မင်းရဲ့ ဓားသိုင်းက အတော်လေးနက်နဲနေပြီ ငါတို့ လျှောက်တဲ့ လမ်းကြောင်းကလည်း မတူဘူး၊၊ ငါက မင်းကို သင်ပြပေးနိုင်တဲ့ အနေအထားမှာ မရှိပါဘူး”
သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်၊၊ သူ၏ ညာလက်ကို အသာအယာဝေ့ယမ်းလိုက်ရာ ကျိုးရင်လောင်၏ ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး သူ၏လက်ထဲသို့ ရောက်ရှိသွားတော့သည်၊၊
“ငါ့ရဲ့ ခုနှစ်စင်ကြယ်ဓားသိုင်းက ဝူတန်းကို စတင်တည်ထောင်ကတည်းက ဆင်းသက်လာတာ”
“ဒါက မင်းရဲ့ ခုနှစ်စင်ကြယ်ဓားအစီအရင်နဲ့ အများကြီးကွာခြားတယ် သေချာကြည့်ထား”
ဝမ်ရှန်း ချက်ချင်းပင် အာရုံစိုက်လိုက်သည်၊၊
ကောင်းရှီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရာ တောက်ပသော ကြယ်အလင်းတန်းများဖြာထွက်နေသည့် နတ်ဓားတစ်စင်းအလား ချက်ချင်းပင် ပြောင်းလဲသွားပုံရသည်၊၊ သူ၏ ပတ်ဝန်းကျင်တွင် ချီစွမ်းအင်များ စုစည်းလာပြီး ဓားတစ်လက်၏ ပုံသဏ္ဌာန်ကို သိမ်မွေ့စွာယူလိုက်၏၊၊
ထို့နောက် သူသည် နက်နဲပြီး ခန့်ညားလှပသော ဓားသိုင်းတစ်ခုကို ထုတ်ပြလိုက်သည်၊၊ ၎င်းမှာ ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် အချို့နေရာများတွင် ဆင်တူသော်လည်း လုံးဝကွဲပြားခြားနားသောပုံစံမျိုးဖြစ်သည်၊၊
သူ၏ ခြေလှမ်းအပြောင်းအလဲများမှာပင် ဝမ်ရှန်းနှင့် အလွန်ကွာခြားနေသဖြင့် ဝမ်ရှန်း၏ မျက်လုံးများမှာ အမြင်သစ်များကြောင့် တောက်ပလာရသည်၊၊ သူသည် အရာအားလုံးကို တိတ်တဆိတ် မှတ်သားထားလိုက်၏၊၊
၁၀ မိနစ်ကျော်ကြာပြီးနောက် ကောင်းရှီရှင်းသည် သူ၏ ဓားသိုင်းကို အဆုံးသတ်လိုက်သည်၊၊ သူ၏ မျက်လုံးများထဲမှ စူးရှသော အလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့သွားသောအခါ ဝမ်ရှန်းကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏၊၊
“မင်းဘယ်လိုထင်လဲ”
“ဆရာဦးလေးရဲ့ဓားသိုင်းက ကျွန်တော့်ထက် အများကြီးသာပါတယ်”
ဝမ်ရှန်းက အလေးအနက် ပြန်ဖြေလိုက်သည်၊၊
၎င်းမှာ အပိုဆာဒါးမြှောက်ပင့်ပြောဆိုခြင်းမဟုတ်ပေ၊၊ သူ့ရှေ့မှ တာအိုဆရာသည် တစ်နေ့တွင် ကောင်းကင်အဆင့်သတ်မှတ်ချက်၌ ထိပ်တန်းအယောက် ၅၀စာရင်းဝင် ဖြစ်လာမည့်သူဖြစ်ပြီး ထိုစာရင်းထဲတွင် ရှားရှားပါးပါး ဓားတာအိုကျင့်ကြံသူတစ်ဦးလည်း ဖြစ်လာလိမ့်မည်၊၊
ချင်ယန်ဇီသည် ကောင်းကင်ဘုံ၏ ပညာရှင်တစ်ဦးဖြစ်သဖြင့် ဗဟုသုတအလွန်ကျယ်ပြန့်လှသည်၊၊ သို့သော် သူသည် တာအိုလမ်းစဥ်တစ်ခုတည်းကိုသာ သီးသန့်အာရုံမစိုက်ခဲ့ပေ၊၊
ကောင်းရှီရှင်းကတော့ မတူညီပေ၊၊ သူသည် ဓားသိုင်းပညာကိုသာ အထူးပြုပြီး စစ်မှန်သော ဓားကျင့်ကြံသူ၏ တာအိုကို လျှောက်လှမ်းနေသူဖြစ်သည်၊၊
ဓားတာအိုထဲတွင် ဆယ်စုနှစ် နှစ်ခု၊ သုံးခုခန့် နှစ်မြှုပ်ထားသည့် ဆရာတစ်ဦးနှင့် တွေ့ဆုံရသောအခါမှ ဝမ်ရှန်းသည် သူ၏ နားလည်မှုမှာ မနက်ရှိုင်းသေးကြောင်း သိလိုက်ရသည်၊၊
ထို့ကြောင့် သူက တိုက်ရိုက်ပင်တောင်းဆိုလိုက်သည်၊၊
“ဆရာဦးလေး ကျွန်တော့်ရဲ့ ဓားတာအိုကျင့်ကြံမှုမှာ လမ်းညွှန်ပေးပါ”
“အဲဒီအစား ငါတို့ လက်ရည်စမ်းကြတာပေါ့၊၊ မင်းရဲ့ ဓားသိုင်းက ငါ့ထက် နိမ့်ချင်မှ နိမ့်မှာပါ”
ကောင်းရှီရှင်းက ပြန်ပြောသည်၊၊
ကျိုးရင်လောင်လည်း ဘေးမှနေ၍ မတတ်သာသလို ရယ်နေမိတော့သည်၊၊ အမှန်တော့ လက်ရည်စမ်းဖို့ကိစ္စကို သူက အရင်ဆုံးအကြံပြုခဲ့ခြင်း ဖြစ်သည်၊၊
ပြီးခဲ့သည့်တစ်ခေါက် ဝမ်ရှန်းနှင့် ယှဉ်ပြိုင်ပြီးနောက် ကျိုးရင်လောင်သည် ဓားဆန္ဒနှင့် ပတ်သက်၍ အသိမြင်သစ်များရရှိခဲ့သည်၊၊ ထို့ကြောင့် မနေ့က သူသည် ဂျူနီယာများရှေ့တွင် ကြွားဝါခဲ့ရာမှ ကောင်းရှီရှင်းက သူတို့၏ စကားဝိုင်းကို ကြားသွားခဲ့ခြင်း ဖြစ်၏၊၊
ကောင်းရှီရှင်းသည် ဝမ်ရှန်းကို စိတ်ဝင်စားနေသည်မှာ ကြာပြီ ဖြစ်သည်၊၊ အထူးသဖြင့် မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲတွင် သူ၏ စွမ်းဆောင်ရည်ကို ကြားသိပြီးနောက်ပိုင်း ပို၍ စိတ်ဝင်စားလာခြင်းဖြစ်သည်၊၊ သို့သော် သူတို့၏ ဝါစဉ်ကွာခြားမှုကြောင့် သူသည် ဝမ်ရှန်းထံသို့ တိုက်ရိုက်မလာခဲ့ပေ၊၊
ယခုမူ ကျိုးရင်လောင်၏ လက်ရည်စမ်းပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ကောင်းရှီရှင်း ရောက်လာခြင်း ဖြစ်သည်၊၊ ဝူတန်း၏ တပည့်သစ်မှာ တကယ်ပင် ထူးခြားသည့် အရည်အချင်းရှိ၊မရှိကို သူကိုယ်တိုင်မြင်တွေ့လိုသောကြောင့် ဖြစ်၏၊၊
ဝမ်ရှန်းကို စတင်မြင်တွေ့လိုက်ရသည့် အချိန်ကတည်းက ကောင်းရှီရှင်းသည် ဝမ်ရှန်း၏အတွင်း၌ ပေါက်ကွဲထွက်တော့မည့်အလား ဓားဆန္ဒကို မြင်တွေ့လိုက်ရပြီး ဖြစ်သည်၊၊
ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ကြည့်ပြီးနောက် ကောင်းရှီးရှင်းလည်း ပို၍ပင် အထင်ကြီးသွားရသည်၊၊ သူသည် ဝမ်ရှန်း၏ အသက်အရွယ်တုန်းက ဓားတာအိုတွင် ဤကဲ့သို့သော အဆင့်သို့ မရောက်ရှိသေးပေ၊၊
သို့သော် မကြာမီမှာပင် ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားဆန္ဒ၌ အားနည်းချက်အချို့ကို သူ သတိထားမိလိုက်သည်၊၊ ဓားအစီအရင်၏ ကန့်သတ်ချက်များကိုလည်း သူသိမြင်လိုက်၏၊၊ အဆိုပါ အစီအရင်မှာ ဓားသိုင်းနှင့် အစီအရင်ပညာရပ်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်၊၊ ၎င်းမှာ အပြောင်းအလဲများအပေါ် အလွန်အာရုံစိုက်ထားသော်လည်း စစ်မှန်သောဓားသိုင်း၏ ပြတ်သားမှုကမူ အားနည်းနေသည်၊၊
သူသည် ကူညီပေးလိုသော ရည်ရွယ်ချက်ဖြင့် မူလခုနှစ်စင်ကြယ်ဓားသိုင်းကို တမင်တကာ သရုပ်ပြခဲ့ခြင်း ဖြစ်သည်၊၊ ၎င်းမှာ ဝါစဉ်နိမ့်သော တပည့်များအား အလွယ်တကူသင်ကြားပေးလေ့မရှိသည့် ပညာရပ်ဖြစ်သော်လည်း ဝမ်ရှန်းကဲ့သို့ ဓားအပေါ် နားလည်မှုရှိသူတစ်ဦးအဖို့ တစ်ကြိမ်မြင်ရုံနှင့်ပင် ၎င်း၏ အနှစ်သာရကို မေ့ရန် ခက်ခဲသွားပေလိမ့်မည်၊၊
ဝမ်ရှန်းက လမ်းညွှန်မှုပေးရန် တစ်ဖန် ရိုသေစွာ တောင်းဆိုသောအခါ ကောင်းရှီရှင်းက ပြန်ပြောသည်၊၊
“နည်းနည်းလောက်ယှဉ်ကြည့်ပြီး ဘယ်လိုရှိမလဲကြည့်ရအောင်”
ဝမ်ရှန်းကလည်း ချက်ချင်းသဘောတူလိုက်၏၊၊
သူတို့နှစ်ဦးသည် ခြံထဲသို့ ဝင်လာကာ အသင့်အနေအထားယူလိုက်ကြသည်၊၊ တံခါးရှေ့မှ မြေကွက်လပ်မှာ အနည်းငယ်ကျဉ်းမြောင်းသဖြင့် ရင်ပြင်မှာ ပို၍ သင့်တော်သည်၊၊
ဝမ်ရှန်းသည် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ကိုင်ဆောင်ထားပြီး ကောင်းရှီရှင်းမှာမူ ကျိုးရင်လောင်၏ ဓားကို ကိုင်ထားသည်၊၊ သူတို့နှစ်ဦးမှာ ဆယ်မီတာခန့် ကွာဝေးသော နေရာတွင် ရပ်နေကြ၏၊၊
သူတို့၏ အကြည့်များဆုံမိသွားချိန်တွင် သူတို့ကြား၌ သံမဏိချင်းထိခတ်သံ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်၊၊ သူတို့ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များမှာလည်း ပြင်းထန်စွာ လှုပ်ခတ်လာသည်၊၊
ကောင်းရှီရှင်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး သူ၏ ခပ်ယောင်ယောင်အပြုံးကို ထပ်မံဖော်ပြလိုက်သည်၊၊
“မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းတော့မယ့် အနေအထားမှာ ရောက်နေပြီပဲ၊၊ တကယ်ကို ထူးခြားတဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းရှိတယ်”
ကျိုးရင်လောင် နှာခေါင်းကို ပွတ်လိုက်ကာ ဘေးမှနေ၍ မသိမသာသာစောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်၊၊
အိမ်ထဲတွင်မူ စပ်စုလိုသော မျက်လုံးနှစ်စုံက ချောင်းကြည့်နေကြလေ၏၊၊ မုဝမ်ရွှမ်းက ယခုတိုက်ပွဲမှ ဉာဏ်အလင်းအချို့ရရှိရန် မျှော်လင့်နေသလို ချီဝမ်ကမူ သူ အသေအချာအာရုံစိုက်ထားပါက သူတို့၏ လှုပ်ရှားမှုတစ်ဝက်ခန့်ကို အနည်းဆုံးနားလည်နိုင်လိမ့်မည်ဟု တွေးနေသည်၊၊
“ကျွန်တော် စပြီနော်… ဆရာဦးလေး”
တိုးညင်းသောအော်သံနှင့်အတူ ဝမ်ရှန်း၏ စွမ်းအင်များပေါက်ကွဲထွက်လာသည်၊၊ သူ၏ ခန္ဓာကိုယ်မှ အလင်းဖျော့ဖျော့ထွက်ပေါ်လာပြီး သူ၏ဓားမှာလည်း တောက်ပသော ကြယ်အလင်းတန်းများဖြင့် လင်းလက်လာတော့သည်၊၊
ကောင်းရှီရှင်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ လှမ်းလာပြီး ဓားကို မြှောက်လိုက်သည်၊၊ ထိုအချိန်တွင် သူနှင့် သူ၏ဓားမှာ တစ်သားတည်းဖြစ်သွားပုံရပြီး သူ၏ ခန္ဓာကိုယ်တွင် အားနည်းချက်များစွာ ရှိနေသယောင်ထင်ရသော်လည်း အမှန်တကယ်တွင်မူ အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေသည်၊၊
မကြာမီ လေညင်းတစ်ချက်တိုက်ခတ်သွားပြီး သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း တစ်ဦးကိုတစ်ဦး အားကုန် ခုန်အုပ်လိုက်ကြတော့သည်၊၊
၎င်းမှာ လက်ရည်စမ်းပွဲမျှသာ ဖြစ်သော်လည်း ဝမ်ရှန်းက အစွမ်းကုန်ကြိုးစားနေဆဲပင်၊၊ ထိုသို့ မလုပ်ပါက သူ၏ ဆရာဦးလေးအပေါ် မရိုသေရာရောက်ပေလိမ့်မည်၊၊
ကောင်းရှီရှင်းလည်း သူ့၏ ကျင့်ကြံခြင်းနှင့် ဓားသိုင်းမှာ ဝမ်ရှန်းထက်သာလွန်သော်လည်း ဝမ်ရှန်းမှာလည်း သိပ်မဝေးလှကြောင်း သူ သိလိုက်သည်၊၊ ထို့ကြောင့် သူသည်လည်း အားကုန်အသုံးပြုလိုက်၏၊၊ သို့သော် သူသည် ခုနှစ်စင်ကြယ်ဓားသိုင်းကိုသာ အသုံးပြုပြီး ဝမ်ရှန်း၏ ဓားအစီအရင်ကို ဝူတန်း၏ စစ်မှန်သောပုံစံဖြင့် တုံ့ပြန်နေခြင်း ဖြစ်သည်၊၊
ခြံဝင်းတစ်ခုလုံးတွင် ဓားရိပ်များဖြင့် ပြည့်နှက်သွားပြီး ကြယ်စင်အလင်းတန်းများကဲ့သို့ အရပ်မျက်နှာအနှံ့အပြားသို့ လွင့်စင်နေလေသည်၊၊
ဝမ်ရှန်းက ထိန်းချုပ်သည့် အစီအရင်ကို အသုံးပြုချိန်တွင် ကောင်းရှီရှင်းက သူ၏ဓားဖြင့် ခုခံသည်၊၊ တစ်ခါတစ်ရံတွင် ဓားချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသော်လည်း များသောအားဖြင့် သူတို့သည် လျင်မြန်သောလှုပ်ရှားမှုများဖြင့် အပြန်အလှန်တိုက်ခိုက်နေကြပြီး တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ရှာဖွေနေကြခြင်း ဖြစ်သည်၊၊