အခန်း (၉၈၇-၉၈၈)
Vol. 99 Ch. 987-988
အခန်း (၉၈၇) မဟာအကာအကွယ်ပေးသူ
ကူယွဲ့မြို့အတွင်းမှ ပြင်းထန်လှသော အော်ရာစွမ်းအားများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံထက်သို့ ပျံသန်းတက်လာခဲ့ကြသည်။ ထိုသူတို့သည် လက်နက်ဆန်းမျိုးစုံနှင့် မှော်ရတနာမျိုးစုံကို ကိုင်ဆောင်ထားကြရာ၊
၎င်းတို့အထဲတွင် သွေးကဲ့သို့ ရဲရဲနီနေသော ဓားရှည်ကြီးများ၊ ထူထပ်လှသော မိစ္ဆာချီများ ဖုံးလွှမ်းနေသည့် လှံရှည်များ၊ အလံနက်များ၊ ငိုကြွေးသံပေးစွမ်းနိုင်သော ဒုတ်ကောက်များ၊ လူရေခွံဖြင့် ချုပ်လုပ်ထားသော သင်္ကန်းဝတ်ရုံများ… စသည်ဖြင့် ပါဝင်နေကြသည်။
လူတိုင်းကို ကြီးမားလှသော ဖိအားကြီးတစ်ရပ် ပေးစွမ်းနေတော့သည်။
ရွှီထျန်းနန်နှင့် အခြားသူများလည်း မိမိတို့၏ အော်ရာစွမ်းအားများကို ချက်ချင်း မြှင့်တင်လိုက်ကြပြီး ရန်သူ့အန္တရာယ်ကို အပြည့်အဝ သတိထားလိုက်ကြသည်။
ဤနေရာတွင် ကျွမ်းကျင်သူ အမြောက်အမြား စုစည်းနေကြသဖြင့် တစ်ဦးနှင့်တစ်ဦး စွမ်းအားချင်း ရိုက်ခတ်နေကာ မိစ္ဆာအငွေ့အသက်များ လွှမ်းခြုံနေပြီး အေးစက်လှသော မိစ္ဆာလေပြင်းများ တိုက်ခတ်နေသည်။
တိုက်ခိုက်ခြင်း မပြုရသေးခင်မှာပင် နာကျင်စွာ အော်ဟစ်နေကြသော ဝိညာဉ်ဆိုးများ၏ အသံများကို ကြားနေရသကဲ့သို့ ခံစားရပြီး၊
ကောင်းကင်ပြင်ကြီးတစ်ခုလုံး ညိုမှိုင်း၍ မှောင်မိုက်သွားခဲ့ရသည်။
ဤနေရာရှိ အဆောက်အအုံများမှာ လွန်စွာ ခိုင်ခံ့လှသဖြင့် သာမန်မှော်အတတ်များဖြင့် ဖျက်ဆီးပစ်ရန် လုံးဝ မဖြစ်နိုင်ပေ။
သို့သော်လည်း စောစောက လီယန်ချူ၏ အေးစက်လှသော အော်ဟစ်သံတစ်ချက်ကြောင့် အိမ်ဂေဟာများ ပြိုလဲပျက်စီးကုန်ကာ မြေငလျင် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး၊
ကူယွဲ့မြို့အတွင်းရှိ ကျွမ်းကျင်သူများအားလုံးကို တစ်ပြိုင်နက်တည်း ထွက်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် ပေါ်ထွက်လာခဲ့သော ဤရှေးဟောင်းမြို့ပြကြီးအတွင်း၌ ယခုအခါ ကြီးမားလှသော ဖိအားကြီးတစ်ရပ် လွှမ်းခြုံနေခဲ့ပြီ ဖြစ်သည်။
ကိုယ်လုံးကိုယ်ထည် အနည်းငယ် ထွားကျိုင်းပြီး မျက်နှာလေးထောင့်ကျကျ၊ မျက်ဝန်းကျဉ်းမြောင်းမြောင်း ရှိသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူသည် အဝတ်အစားများကို သေသေချာချာ ရွေးချယ်ဝတ်ဆင်ထားသဖြင့်၊
လူသားများကို စားသောက်တတ်သော မိစ္ဆာဆိုးကြီးတစ်ကောင်နှင့်မတူဘဲ အောင်မြင်နေသော စီးပွားရေးသမားတစ်ဦးနှင့် ပို၍ တူညီလှပေသည်။
သို့သော်လည်း သူ၏ ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာမူ လွန်စွာ ရက်စက်ကြမ်းကြုတ်လှပြီး စောစောက လင်းယုန်နှာခေါင်းနှင့် အမျိုးသားထက်ပင် သာ၍ အစွမ်းထက်လှပေသည်။
ယခုအခါ သူ၏ မျက်ဝန်းများအတွင်း၌ ဒေါသရိပ်များ ထင်ဟပ်လာခဲ့ပြီး -
“သူတို့အားလုံးကို သတ်ပစ်ကြစမ်း…”
စကားဆုံးသည်နှင့် ဤရှေးဟောင်းမြို့ပြအတွင်းရှိ ကျွမ်းကျင်သူများ လှုပ်ရှားလိုက်ကြပြီး၊ လက်ထဲမှ ဆန်းကြယ်လှသော မှော်ရတနာမျိုးစုံကို လှုပ်ရှားစေလျက် ပြေးဝင်တိုက်ခိုက်လာခဲ့ကြတော့သည်။
သို့သော်လည်း လီယန်ချူ၏ အရှိန်အဟုန်မှာ ၎င်းတို့ထက် သာ၍ လျင်မြန်လှပေသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် မြေကမ္ဘာကြီး တုန်ခါသွားခဲ့ပြီး ကူယွဲ့မြို့ကြီးတစ်ခုလုံး ရိမ်းထိုးသွားခဲ့ရသည်။
သူသည် မည်သည့်မှော်အတတ်ကိုမျှ အသုံးပြုခြင်း မရှိဘဲ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ပေရာချီသော အကွာအဝေးသို့ ရောက်ရှိသွားခဲ့ကာ၊
လမ်းခရီးတစ်လျှောက်ရှိ ရှေးဟောင်းမြို့ပြ ကျွမ်းကျင်သူများအားလုံးမှာ သူနှင့် တိုက်မိရုံမျှဖြင့် ကြေမွပျက်စီးသွားခဲ့ကြရပြီး အလောင်းပင် ရှာမရတော့ပေ။
သူ၏ နောက်ကျောဘက်ရှိ ရွှီထျန်းနန်၊ မျက်ခုံးရှည်ရဟန်းအိုကြီး၊ သက်လတ်ပိုင်းဓားသမား ရန်ဆန်၊ ရှောင်စဲ့နှင့် ဝေဟန် လေးဦးစလုံးလည်း မိမိတို့၏ မှော်အတတ်များကို ထုတ်ဖော်ကာ တည်ကြည်သော မျက်နှာထားဖြင့် သူ၏ နောက်မှ လိုက်ပါတိုက်ခိုက်လာခဲ့ကြတော့သည်။
ဤလူများမှာ မိစ္ဆာများကို နှိမ်နင်းရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသလို အစွမ်းထက်လှသော ပါရမီရှင်များလည်း ဖြစ်ကြသဖြင့်၊
ယခုအခါ ရန်သူ အမြောက်အမြား ရှိနေသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့ ငါးဦးစလုံးမှာ အံ့အားသင့်လျက် ဆွံ့အသွားခဲ့ကြရသည်။
ထို့တင်မကဘဲ စောစောက လူသတ်ချင်စိတ်များဖြင့် ဆူညံနေသော မြို့ကြီးတစ်ခုလုံးမှာလည်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရတော့သည်။
ဤတာအိုဆရာငယ်လေး၏ ကိုယ်ပေါ်တွင် မည်သည့်ကျင့်စဉ်စွမ်းအား အတက်အကျမျှ မရှိဘဲ၊ စွမ်းအားများ ထွက်ပေါ်လာခြင်း မရှိဘဲ ရုပ်ခန္ဓာကိုယ် စွမ်းအားတစ်ခုတည်းဖြင့်ပင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး -
“လာခဲ့စမ်း…”
အေးစက်လှသော အော်ဟစ်သံတစ်ချက်နှင့်အတူ သူ၏ ရှေ့မှောက်ရှိ ကျွမ်းကျင်သူ နှစ်ဦးမှာ ချက်ချင်းပင် စိတ်ဝိညာဉ် ပျောက်ကွယ်သွားခဲ့သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
တစ်ယောက်က သွေးရောင်ဓားရှည်ကို ကိုင်ဆောင်ထားပြီး တစ်ယောက်ကမူ အရိုးဖြူအလံကို ကိုင်ဆောင်ထားကြရာ၊
ဤဆန်းကြယ်လှသော မိစ္ဆာလက်နက် နှစ်ခုတည်းဖြင့်ပင် လူကို လွန်စွာ သတိထားမိစေနိုင်သည်။
လီယန်ချူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ထိုလူနှစ်ဦး၏ ဦးခေါင်းကို လှမ်း၍ ဖမ်းဆွဲလိုက်ပြီး တစ်ခုနှင့်တစ်ခု ဆောင့်လိုက်တော့သည်။
ဝုန်း… ဟူသော ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ၊
ထိုကျွမ်းကျင်သူ နှစ်ဦး၏ ဦးခေါင်းမှာ ချက်ချင်းပင် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
စောစောက ဆောင့်လိုက်သည့် အရှိန်အဟုန်အောက်တွင် ၎င်းတို့ နှစ်ဦး၏ ဝိညာဉ်မှာလည်း တိုက်ရိုက်ပင် အမှုန့်ခြေခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“ဒီလူက တကယ်ပဲ ဘယ်ကလဲ… ရုပ်ခန္ဓာကိုယ်က ဘာဖြစ်လို့ ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေရတာလဲ…”
ထိုကိုယ်လုံးကိုယ်ထည် အနည်းငယ် ထွားကျိုင်းလှသော သက်လတ်ပိုင်း အမျိုးသားမှာ စိတ်ထဲတွင် လွန်စွာ ထိတ်လန့်သွားခဲ့ရသည်။
သူကား မဟာမိစ္ဆာဂိုဏ်း၏ စတုတ္ထမြောက် အကာအကွယ်ပေးသူ ဖြစ်ပေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် မှော်ပုတီးစေ့တစ်စေ့ကို ထုတ်ယူကာ လှုပ်ရှားစေလိုက်သည်။
မှော်ပုတီးစေ့အတွင်းမှ မိစ္ဆာချီတစ်ခု ပေါ်ထွက်လာခဲ့ပြီး ချက်ချင်းပင် ပြင်းထန်လှသော အော်ရာစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ၊ နာကျင်စွာ အော်ဟစ်နေသည့် အသံများ ထွက်ပေါ်လာခဲ့ရာ လွန်စွာ ခြောက်ခြားဖွယ်ကောင်းလှပေသည်။
လီယန်ချူမှာမူ သားရဲဆိုးကြီးတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်လှသောအရှိန်ဖြင့် ထိုမိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများကြားသို့ တိုးဝင်တိုက်ခိုက်လိုက်ပြီး၊
မည်သည့် တာအိုမှော်အတတ်ကိုမျှ အသုံးပြုခြင်း မရှိဘဲ သူ၏ လက်သီးနှင့် ခြေထောက်များတွင်သာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ကိန်းဝပ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကူယွဲ့မြို့အတွင်းရှိ ကျွမ်းကျင်သူများအားလုံးကို ထပ်မံ၍ သတ်ဖြတ်ပစ်လိုက်ပြန်သည်။
ရွှီထျန်းနန်နှင့် အခြားသူများမှာမူ ဤနေရာရှိ မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေဆဲဖြစ်ပြီး ဘာမှပင် မလုပ်ရသေးခင်မှာတင် တစ်ဖက်လူများအားလုံး လီယန်ချူ၏ လက်ချက်ဖြင့် ပေါက်ကွဲပျက်စီးကုန်ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် စတုတ္ထမြောက် အကာအကွယ်ပေးသူ လှုပ်ရှားစေလိုက်သော မှော်ပုတီးစေ့မှာ လေထုထဲ၌ ဆိုင်းငံ့နေခဲ့ပြီး လွန်စွာ လှပချောမောကာ ညှို့ဓာတ်ပြင်းလှသော မိစ္ဆာမတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုမိစ္ဆာမသည် အဝတ်အစားများကို ဟာလာဟင်းလင်း ဝတ်ဆင်ထားပြီး ပြင်ဆင်ခြယ်သမှုများမှာ လွန်စွာ စင်ကြယ်လှကာ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး၊ ကိုယ်ပေါ်တွင် လူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုများ ရှိနေသဖြင့် သာမန်လူသား မိန်းမပျိုများနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။
သူမသည် လီယန်ချူ၏ မျက်ခုံးအစုံဆီသို့ တိုက်ရိုက်ပင် ပျံသန်းဝင်ရောက်လာခဲ့တော့သည်။
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး -
“ဖယ်စမ်း…”
ဂျိန်း… ဟူသော ကျယ်လောင်လှသော အသံကြီးနှင့်အတူ၊
ထိုမိစ္ဆာမမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရပြီး သက်လတ်ပိုင်း အမျိုးသားမှာ ကြီးစွာ ထိတ်လန့်သွားခဲ့ရသည်။
ဤအရာမှာ မိစ္ဆာရတနာတစ်ခု ဖြစ်ပြီး ၎င်းအထဲတွင် မိစ္ဆာမတစ်ဦး၏ ဝိညာဉ်အကြွင်းအကျန်ကို ချိတ်ပိတ်ထားခြင်း ဖြစ်ကာ လူတို့၏ စိတ်ဝိညာဉ်ကို ညှို့ယူဖျက်ဆီးနိုင်စွမ်း ရှိပေသည်။
ဤမိစ္ဆာရတနာကြီး ကြေမွပျက်စီးသွားခဲ့ရသဖြင့် စတုတ္ထမြောက် အကာအကွယ်ပေးသူသည် ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး၊ မိစ္ဆာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကူယွဲ့မြို့၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့တော့သည်။
ဘုန်း… ဟူသော ကျယ်လောင်လှသော အသံကြီးနှင့်အတူ၊
လီယန်ချူသည် ထိုမိစ္ဆာအလင်းတန်းပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ အလင်းတန်းမှာ ကြေမွပျက်စီးသွားခဲ့ရပြီး၊
စတုတ္ထမြောက် အကာအကွယ်ပေးသူ၏ ကိုယ်ထည် ပေါ်ထွက်လာခဲ့ကာ သူ၏ ကျောရိုးကြီးမှာ တိုက်ရိုက်ပင် ကျိုးပြတ်သွားခဲ့ရတော့သည်။
ဤလက်ဝါးမှာ သာမန် ရုပ်ခန္ဓာကိုယ် စွမ်းအားသက်သက်သာ ဖြစ်သော်လည်း ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
စတုတ္ထမြောက် အကာအကွယ်ပေးသူ၏ ဝိညာဉ်မှာ လွန်စွာ အားနည်းနေခဲ့ပြီး ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ထိတ်လန့်တုန်လှုပ်စွာဖြင့် လီယန်ချူကို စိုက်ကြည့်နေမိတော့သည်။
လီယန်ချူက အေးစက်စွာဖြင့် အော်ဟစ်လိုက်ပြီး -
“မိစ္ဆာအရှင် ဘယ်မှာလဲ…”
စတုတ္ထမြောက် အကာအကွယ်ပေးသူမှာ စိတ်ထဲတွင် လွန်စွာ ကြောက်ရွံ့နေခဲ့ပြီး ပြာပြာသလဲဖြင့် -
“ကျွန်တော်… ကျွန်တော် မသိပါဘူး…” ဟု ဆိုသည်။
လီယန်ချူက ထပ်မံ၍ မမေးတော့ဘဲ လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ သူ၏ ဝိညာဉ်မှာ တိုက်ရိုက်ပင် ညှစ်ခြေခြင်း ခံလိုက်ရတော့သည်။
မဟာမိစ္ဆာဂိုဏ်း၏ စတုတ္ထမြောက် အကာအကွယ်ပေးသူအဖြစ် ရောက်ရှိနိုင်ခဲ့သူ ဖြစ်သဖြင့် ဤလူ၏ ကျင့်စဉ်အဆင့်အတန်းမှာ အတိုင်းအတာမသိနိုင်အောင် နက်ရှိုင်းလှပြီး၊
မူလက ဤကမ္ဘာမြေအတွင်း ချိတ်ပိတ်ခြင်း ခံထားရသော အထူးပင် ထိပ်တန်းကျသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
သို့သော်လည်း လီယန်ချူ၏ လက်အောက်တွင်မူ သာမန် လူသားတစ်ဦးနှင့် မည်သည့်ကွဲပြားခြားနားမှုမျှ ရှိမနေခဲ့ပေ။
လီယန်ချူသည် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ကြည့်လိုက်ရာ ယခုအခါ ရုပ်ခန္ဓာကိုယ် စွမ်းအားမှာ ဆေးလုံးကို မမှီဝဲခင်ကထက် အဆပေါင်းများစွာ သာ၍ အစွမ်းထက်လာခဲ့သည်ကို ခံစားလိုက်ရသည်။
ယခင်ကဆိုလျှင် သာမန် ရုပ်ခန္ဓာကိုယ် စွမ်းအားတစ်ခုတည်းဖြင့် ဤကဲ့သို့သောအဆင့်သို့ ရောက်ရှိရန် လုံးဝ မဖြစ်နိုင်ပေ။
ရွှီထျန်းနန် ရှေ့သို့ လှမ်းလာခဲ့ပြီး -
“လီတာအိုဆရာ… ဒီမိစ္ဆာအရှင်က လျှို့ဝှက်ဆန်းကြယ်လွန်းလှတယ်၊ သေချာပေါက် မြေပြင်နတ်ဘုရာအဆင့်မှာ ရှိနေမှာပါ။ ပြီးတော့ တခြား အကာအကွယ်ပေးသူ အမြောက်အမြားလည်း ဘေးနားမှာ ရှိနေဦးမှာမို့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
ဟု မေးမြန်းလိုက်သည်။
သက်လတ်ပိုင်းဓားသမား ရန်ဆန်နှင့် မျက်ခုံးရှည်ရဟန်းအိုကြီးတို့လည်း အကြည့်များကို ပို့လွှတ်လိုက်ကြသည်။
စောစောက လီယန်ချူ၏ လှုပ်ရှားမှုများမှာ ကမ္ဘာကြီးကို တုန်ခါသွားစေလောက်သဖြင့် ၎င်းတို့ကို ကြီးစွာသော အံ့ဩတုန်လှုပ်မှုများ ပေးစွမ်းခဲ့ရပြီး၊
ယခုအခါ ဤတာအိုဆရာငယ်လေးသည် လူတိုင်း၏ အဓိက အားကိုးရာ တိုင်တည်ရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လီယန်ချူက တည်ငြိမ်သော လေသံဖြင့် -
“လူရှာဖို့က မခက်ပါဘူး၊ ဒီမြို့အနည်းငယ်ကိုပဲ တိုက်ရိုက် ခြေမှုန်းပစ်လိုက်ရုံပါပဲ” ဟု ဆိုလိုက်သည်။
ရွှီထျန်းနန်နှင့် အခြားသူများ၏ စိတ်ထဲတွင် ကြီးစွာ တုန်လှုပ်သွားခဲ့ကြရပြီး လီယန်ချူ၏ ကိုယ်ပေါ်ရှိ ခမ်းနားထည်ဝါလှသော အငွေ့အသက်များကြောင့် မှင်တက်သွားခဲ့ရသည်။
ဤကဲ့သို့သော ရှေးဟောင်းမြို့ပြများတွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသည်ကို မသိနိုင်သလို ကျွမ်းကျင်သူ မည်မျှအထိ ပုန်းကွယ်နေသည်ကိုလည်း မသိနိုင်ပေ။
ထိုမိစ္ဆာအရှင်ကိုဆိုလျှင် ေကျာက်တာအိုဆရာကြီး ပင် စူးစမ်း၍မရနိုင်ဘဲ မျက်ဝန်းတစ်စုံကို မြင်လိုက်ရုံမျှဖြင့် ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်လိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် ၎င်း၏ လက်အောက်ရှိ အကာအကွယ်ပေးသူ ခြောက်ယောက်စလုံးမှာလည်း လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသော လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူများ ဖြစ်ကြရာ၊
ယခုအခါတွင်မူ ဤလီတာအိုဆရာက ထိုရှေးဟောင်းမြို့ပြများကို တိုက်ရိုက် ခြေမှုန်းပစ်မည်ဟု ဆိုနေခြင်း ဖြစ်ပေသည်။
သို့သော်လည်း ရွှီထျန်းနန်တို့၏ စိတ်ထဲတွင်မူ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ပြင်းထန်လှသော ရဲရင့်မှုများ ပေါ်ထွက်လာခဲ့ရသည်။
သက်လတ်ပိုင်းဓားသမား ရန်ဆန်သည် မိစ္ဆာများကို နှိမ်နင်းသည့် လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သဖြင့် ကိုယ်ပေါ်တွင် လူသတ်ချင်စိတ်များ ပြင်းထန်လှရာ၊
လီယန်ချူ၏ ပြတ်သားကြမ်းကြုတ်လှသော အငွေ့အသက်များကြောင့် စိတ်လှုပ်ရှားသွားခဲ့ရပြီး စိတ်ထဲတွင် “ယောကျာ်းကောင်းဆိုတာ ဒီလိုပဲ ဖြစ်ရမယ်” ဟု ရေရွတ်မိတော့သည်။
ထို့နောက်တွင်မူ လီယန်ချူသည် ဤကျွမ်းကျင်သူ ငါးဦးကို ဦးဆောင်လျက် ဘေးပတ်ဝန်းကျင်ရှိ ရှေးဟောင်းမြို့ပြများကို တိုက်ရိုက်ပင် ခြေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။
မည်သို့သော မိစ္ဆာလမ်းစဉ် မှော်အတတ်မျိုး ဖြစ်ပါစေ လီယန်ချူ၏ ရှေ့မှောက်တွင်မူ မည်သည့် ဖိနှိပ်မှုမျိုးမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။
မည်မျှပင် အစွမ်းထက်လှသော မိစ္ဆာဂိုဏ်းကြီးများ ဖြစ်ပါစေ သူ၏ ရှေ့မှောက်တွင်မူ လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်တည်းဖြင့်ပင် ပြီးမြောက်သွားခဲ့ရသည်။
သူ၏ လက်သီး၊ လက်ဝါး၊ တံတောင်နှင့် ခြေထောက်များတွင် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ကိန်းဝပ်နေခဲ့သည်။
ကျင့်ကြံမှု မြင့်မားလှသော ရဟန်းအိုကြီးတစ်ပါးကဲ့သို့ ရှိလှသော်လည်း လည်ပင်းတွင် လူဦးခေါင်းခွံ ပုတီးစေ့များကို ဆွဲထားသော ပဉ္စမမြောက် အကာအကွယ်ပေးသူသည်လည်း သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
လီယန်ချူ၏ ခြေတစ်ချက်အောက်တွင် သူ၏ ရုပ်ခန္ဓာကိုယ်ကြီးမှာ ကြေမွပျက်စီးသွားခဲ့ရသည်။
ဤလျှို့ဝှက်ဆန်းကြယ်လှသော မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်ကြပြီး အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရကာ၊
မြို့တစ်မြို့ပြီးတစ်မြို့မှာလည်း ခြေမှုန်းခြင်း ခံလိုက်ရသဖြင့် ပျက်စီးရုံမျှသာ ကျန်ရှိတော့သည်။
ဝုန်း ဝုန်း ဝုန်း…
လီယန်ချူနှင့် အခြားသူများမှာ ရှေးဟောင်းမြို့ကြီးတစ်မြို့အတွင်းသို့ ရောက်ရှိလာခဲ့ကြရာ၊
လင်မယားနှစ်ဦးသည် ဖိုမ မိစ္ဆာဓားနှစ်လက်ကို လှုပ်ရှားစေလျက်၊
လေထုထဲတွင် လျှပ်စီးလက်သည့်အလား ပြင်းထန်လှသော လူသတ်ချင်စိတ်များနှင့်အတူ လီယန်ချူဆီသို့ ဦးတည်၍ ပူးပေါင်းတိုက်ခိုက်လာခဲ့ကြတော့သည်။
မဟာမိစ္ဆာဂိုဏ်း၏ ဒုတိယမြောက်နှင့် တတိယမြောက် အကာအကွယ်ပေးသူများမှာ လင်မယားနှစ်ဦး ဖြစ်ကြသည်ကို လူသိနည်းလှပေသည်။
၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်ရေးအတတ်တွင် လွန်စွာ ကျွမ်းကျင်ကြသဖြင့် ပေါက်ကွဲထွက်လာသော စွမ်းအားမှာ လွန်စွာ ကြီးမားလှပေသည်။
ထိုမိစ္ဆာဓားများမှာလည်း လူအမြောက်အမြားကို သတ်ဖြတ်ထားဖူးသဖြင့် လွန်စွာ ထက်မြက်လှရာ၊
ဗုဒ္ဓဘာသာ၏ စိန်ရုပ်ခန္ဓာကိုယ် ကျင့်စဉ်များပင် ဤဓားများ၏ ရှေ့မှောက်တွင်မူ စက္ကူချပ်ကဲ့သို့ အလွယ်တကူ ပြတ်တောက်သွားနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ပြင်းထန်လှသော လူသတ်ချင်စိတ်များ ကိန်းဝပ်နေသည့် ဤမိစ္ဆာဓားနှစ်လက်သည် လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သောအခါ ဓားသွားများမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ကြေမွသွားခဲ့ရတော့သည်။
“……………”
ထိုလင်မယားနှစ်ဦးစလုံး စိတ်ထဲတွင် ကြီးစွာ တုန်လှုပ်သွားခဲ့ရပြီး မျက်ဝန်းများအတွင်း၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
လီယန်ချူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ထိုအမျိုးသား၏ ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး၊
အမျိုးသားသည် သူ၏ ရှေ့မှောက်၌ နက်မှောင်သော ဒိုင်းကာကြီးတစ်ခုကို ထုတ်ဖော်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့ နှစ်ဦးစလုံးကို လွှမ်းခြုံထားလိုက်တော့သည်။
ဘုန်း… ဟူသော အသံကြီးနှင့်အတူ၊
လီယန်ချူသည် လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်တော့သည်။
ထိုနက်မှောင်သော ဒိုင်းကာကြီးကို အပိုင်းပိုင်း ခြေမှုန်းပစ်လိုက်ရုံတင်မကဘဲ ထိုအမျိုးသား၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့တော့သည်။
မိစ္ဆာရုပ်ခန္ဓာကို ကျင့်ကြံထားသော ထိုအမျိုးသား၏ ကလီစာများအားလုံး ကြေမွသွားခဲ့ရပြီး အရိုးများအားလုံး ကျိုးပြတ်ကုန်တော့သည်။
ထိုအမျိုးသမီးကမူ အေးစက်စွာ အော်ဟစ်လိုက်ပြီး နွားမြီးကဲ့သို့ သေးငယ်လှသော အပ်ပျံ အမြောက်အမြားကို လီယန်ချူဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဤအပ်ပျံများမှာ လွန်စွာ ယုတ်မာလှသော မှော်ရတနာများ ဖြစ်ကြပြီး ခန္ဓာကိုယ် ကာကွယ်ရေး အော်ရာများနှင့် ဒိုင်းကာမျိုးစုံကို ဖောက်ထွင်းနိုင်စွမ်း ရှိသဖြင့်၊
ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်လှသော မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများကို နှိမ်နင်းရန်အတွက် အထူးအသုံးပြုလေ့ ရှိကြသည်။
ဝုန်း…
သို့သော်လည်း ဤယုတ်မာလှသော အပ်ပျံများမှာ လီယန်ချူ၏ ရုပ်ခန္ဓာကိုယ်အတွင်းသို့ ထိုးဝင်နိုင်ခြင်း မရှိဘဲ ကိုယ်ပေါ်သို့ မရောက်ခင်မှာတင် တစ်ခုပြီးတစ်ခု ကြေမွပျက်စီးကုန်တော့သည်။
လီယန်ချူသည် ထိုအမျိုးသမီး၏ ဦးခေါင်းပေါ်သို့ ခြေတစ်ချက်ဖြင့် လွှဲ၍ ကန်ချလိုက်ရာ၊
ဘုန်း… ဟူသော အသံကြီးနှင့်အတူ အမျိုးသမီး၏ ဦးခေါင်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ရတော့သည်။
မိစ္ဆာရုပ်ခန္ဓာကို ကျင့်ကြံထားသော ထိုအမျိုးသားသည် မိမိဇနီး၏ ရုပ်ခန္ဓာကိုယ် သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ မိမိ၏ ကလီစာများ ကြေမွနေသော်လည်း အေးစက်စွာ အော်ဟစ်လျက် ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကိုပါ တစ်ပြိုင်နက်တည်း မီးရှို့လိုက်တော့သည်။
တစ်ကိုယ်လုံးရှိ အော်ရာစွမ်းအားများမှာ ယခင်ကထက် အဆပေါင်းများစွာ သာ၍ ပြင်းထန်လာခဲ့ပြီး -
“မင်း… မင်း သူမကို သတ်ရဲတယ် ဟုတ်လား၊ ငါ မင်းကို အသက်နဲ့လဲပြီး ပေးဆပ်စေရမယ်…”
လီယန်ချူသည် မျက်ခုံးပင့်လိုက်ပြီး၊
ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ လူစွမ်းကောင်းကြီးအလား ရေရွတ်မိတော့သည်။
သူသည် လက်တစ်ဖက်ဖြင့် ထိုအမျိုးသား၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်ရာ အမျိုးသား၏ ဦးခေါင်းမှာလည်း ကြေမွပျက်စီးသွားခဲ့ရပြန်သည်။
အမည်းရောင်နှင့် အဖြူရောင် ဝိညာဉ်နှစ်ခု ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့ပြီး၊
၎င်းတို့အထဲမှ အမည်းရောင် ဝိညာဉ်မှာ ထိုအမျိုးသား၏ ပုံသဏ္ဌာန် ဖြစ်ကာ တစ်ကိုယ်လုံးတွင် မီးတောက်များ ဝန်းရံနေပြီး ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကိုပါ တစ်ပြိုင်နက်တည်း လောင်ကျွမ်းစေလျက် ပြင်းထန်လှသော စွမ်းအားများကို လဲလှယ်ယူနေခြင်း ဖြစ်ပေသည်။
သို့သော်လည်း စွမ်းအားများကို အဆပေါင်းများစွာ မြှင့်တင်ထားသော်လည်း ဤတာအိုဆရာငယ်လေး၏ ရှေ့မှောက်တွင်မူ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိခဲ့ပေ။
လီယန်ချူသည် လက်ကို ဆန့်ထုတ်၍ သူ၏ ဝိညာဉ်ကို ဖမ်းဆွဲကာ တိုက်ရိုက်ပင် ညှစ်ခြေပစ်လိုက်တော့သည်
။
ထိုအချိန်တွင် အိုမင်းလှသော အသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး တည်ငြိမ်သော လေသံဖြင့် -
“တာအိုဆရာကြီးရဲ့ ကျင့်စဉ်က အစွမ်းထက်လှပါတယ်၊ ဒါပေမဲ့ လူသတ်ချင်စိတ်ကတော့ နည်းနည်း ပြင်းထန်လွန်းနေပြီ ထင်တယ်” ဟု ဆိုလိုက်သည်။
ရွှီထျန်းနန်နှင့် အခြားသူများမှာမူ နားထဲတွင် ကြီးမားလှသော ကြေးစည်ကြီးတစ်လုံး တီးခတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်စုံတစ်ယောက်က မိမိတို့၏ ရင်ဘတ်ပေါ်တွင် တဆက်တည်း ဒုတ်ဖြင့် ထုရိုက်နေသကဲ့သို့ ရှိတော့သည်။
ဒုန်း ဒုန်း ဒုန်း…
ဤနေရာတွင် ရှိနေကြသောသူများအားလုံး တတိယအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ဤတိုးညင်းလှသော စကားတစ်ခွန်း၏ ဖိအားကို မခံနိုင်ကြပေ။
မျက်ခုံးရှည်ရဟန်းအိုကြီးသည် ဗုဒ္ဓဘုရားဘွဲ့တော်ကို ရွတ်ဆိုလျက် ဤကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကို ခုခံရန် ကြိုးစားလိုက်သော်လည်း၊
ကိုယ်ပေါ်ရှိ စွမ်းအားများမှာ ရုတ်တရက် ဖိနှိပ်ခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ်ကြီးမှာ လေထုထဲသို့ မြောက်တက်သွားခဲ့ကာ ကျောဘက်မှနေ၍ တစ်စုံတစ်ယောက်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရတော့သည်။
ထိုသူကား လျှော်တေအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး ခြေထောက်တွင် ကောက်ရိုးဖိနပ်ကို စီးထားကာ ခါးတွင် ထက်မြက်လှသော ပုဆိန်တစ်လက်ကို ချိတ်ဆွဲထားသည်။
လူငယ်တစ်ဦး ဖြစ်သော်လည်း သူ၏ မျက်ဝန်းအစုံမှာမူ လွန်စွာ အိုမင်းရင့်ရော်လှပေသည်။
ခြေလှမ်းတစ်လှမ်းတည်းဖြင့်ပင် မျက်ခုံးရှည်ရဟန်းအိုကြီးကို ဖမ်းဆွဲကာ လက်ထဲတွင် ကိုင်မြှောက်ထားခြင်း ဖြစ်သည်။
ရွှီထျန်းနန်နှင့် အခြားသူများလည်း ဤကြောက်မက်ဖွယ်ကောင်းလှသော အငွေ့အသက်ကြောင့် ထိတ်လန့်သွားခဲ့ကြရပြီး မသိမသာ နောက်သို့ ဆုတ်လိုက်မိကြသည်။
ခြေလှမ်းတစ်လှမ်းတည်းဖြင့် မျက်ခုံးရှည်ရဟန်းအိုကြီးကို ဖိနှိပ်ထားနိုင်ခြင်းမှာ ၎င်းတို့အထဲမှ မည်သူမဆို ရှေ့သို့ တိုးသွားပါကလည်း ဤကဲ့သို့ပင် ဖမ်းဆွဲခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံရမည်ဟူသော အဓိပ္ပာယ် ဖြစ်ပေသည်။
လီယန်ချူသည် မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းများနှင့်အတူ ထိုလျှော်တေအင်္ကျီနှင့် လူငယ်ကို စိုက်ကြည့်လိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်က တည်ငြိမ်သော လေသံဖြင့် -
“တာအိုဆရာကြီးအနေနဲ့ အခုပဲ လက်မလျှော့ဘူးဆိုရင်တော့ ဒီလူတွေထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး၊ ပထမဆုံးအနေနဲ့ ဒီရဟန်းအိုကြီးကိုပဲ အရင်ဆုံး အသက်အသေခံခိုင်းလိုက်မယ်”
ဟု ဆိုသည်။
သူ၏ လေသံမှာ လွန်စွာ တည်ငြိမ်လှပြီး ပုံမှန် အကြောင်းအရာတစ်ခုကို ပြောဆိုနေသကဲ့သို့ ရှိတော့သည်။
မျက်ခုံးရှည်ရဟန်းအိုကြီးသည် ကျန်းနန်ဒေသ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း မည်သည့်အသံမျှ မထွက်ပေါ်ဘဲ ဤလျှော်တေအင်္ကျီနှင့် လူငယ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေသည်။
ဝိညာဉ်အခြေအနေတွင် အလင်းတန်းများ လင်းလက်နေသော ထိုအမျိုးသမီးသည် လီယန်ချူကို စိုက်ကြည့်လျက် ရက်စက်ကြမ်းကြုတ်လှသော မျက်ဝန်းများဖြင့် -
“ဆရာကြီး… ဒီတာအိုဆရာက ဂူချန်းကို သတ်လိုက်ပြီ၊ သူ့ကို လုံးဝ ခွင့်မလွှတ်ပါနဲ့”
ဟု အော်ဟစ်လိုက်သည်။
လူတိုင်း၏ မျက်ဝန်းများအတွင်း၌ သံသယများ ပေါ်ထွက်လာခဲ့ပြီး ဤလျှော်တေအင်္ကျီနှင့် လူငယ်သည် ထိုအမျိုးသမီး၏ ဆရာကြီး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“သူက တကယ်ပဲ မိစ္ဆာအရှင်လား…”
လူတိုင်း၏ စိတ်ထဲတွင် ဤကြောက်မက်ဖွယ်ကောင်းလှသော အတွေး ပေါ်ထွက်လာခဲ့သည်။
လျှော်တေအင်္ကျီနှင့် လူငယ်သည် ထိုအမျိုးသမီး၏ စကားကို ဂရုမစိုက်ဘဲ လီယန်ချူကို တည်ငြိမ်စွာ စိုက်ကြည့်လျက် -
“ဘယ်လိုလဲ… တာအိုဆရာကြီးအနေနဲ့ အခုပဲ လက်လျှော့ပြီး ဒီနေရာကနေ ထွက်သွားမယ်ဆိုရင်တော့ ငါ ဒီလူတွေကို ဘေးကင်းကင်းနဲ့ လွှတ်ပေးလိုက်မယ်”
ဟု ဆိုသည်။
လီယန်ချူက လှောင်ပြုံးပြုံးလျက် -
“မင်းတို့လို မိစ္ဆာတွေနဲ့ ငါ ဘယ်တော့မှ အရောင်းအဝယ် မလုပ်ဘူး” ဟု ဆိုလိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်က တည်ငြိမ်စွာဖြင့် -
“ဒီနှစ်ယောက်က ငါ့ရဲ့ တပည့်တွေ ဖြစ်ကြပြီး ဒီမဟာမိစ္ဆာဂိုဏ်းထဲမှာ အကာအကွယ်ပေးသူတွေအဖြစ် ရှိနေကြတာပါ။ အခု မိစ္ဆာအရှင်က ထွက်မလာသေးဘူးဆိုတော့ ငါ့အနေနဲ့ သူတို့ နှစ်ယောက်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတာပေါ့” ဟု ဆိုသည်။
လီယန်ချူက အေးဆေးစွာဖြင့် -
“အခုတော့ တစ်ယောက်ပဲ ကျန်တော့တယ်” ဟု ဆိုလိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး -
“မှန်ပါတယ်၊ ဒါပေမဲ့ တစ်ယောက်ပဲ ကျန်တာဆိုရင်လည်း ကောင်းတာပေါ့” ဟု ဆိုသည်။
လီယန်ချူက လှောင်ပြုံးပြုံးလျက် -
“မူလကတည်းက မိစ္ဆာလမ်းစဉ်က လူတွေ ဖြစ်ပြီး အခုတော့ လူလည်းမကျ သရဲလည်းမကျတဲ့ အကောင်တွေ ဖြစ်နေပြီဥစ္စာကို၊ ဘာဆရာတပည့် သံယောဇဉ်တွေကို လာပြောနေတာလဲ” ဟု ဆိုလိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်၏ မျက်ဝန်းများမှာ လွန်စွာ တည်ငြိမ်လှပြီး အေးဆေးစွာဖြင့် -
“တာအိုဆရာကြီးမှာ ထက်မြက်တဲ့ မျက်ဝန်းတစ်စုံ ရှိနေတာဆိုရင်တော့ တစ်စုံတစ်ရာကို မြင်ဖူးမှာပါ။ ငါတို့တွေကတော့ စဉ်းတီတုံးပေါ်က ငါးတွေလိုပါပဲ၊ ဒါပေမဲ့လည်း အသက်ရှင်ရမယ့်ရက်တွေကို နည်းနည်းလေး ပိုပြီး ဆွဲဆန့်ချင်ကြတာ သဘာဝပါပဲလေ” ဟု ဆိုလိုက်သည်။
လူတိုင်း စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ကြရပြီး ဤလျှော်တေအင်္ကျီနှင့် လူငယ်သည် မိစ္ဆာအရှင် ဖြစ်စေ၊ အခြားသူ ဖြစ်စေ သူ၏ စွမ်းအားတစ်ခုတည်းဖြင့်ပင် ကမ္ဘာကြီးကို တုန်ခါသွားစေနိုင်သည်။
“စဉ်းတီတုံးပေါ်က ငါးတွေ ဟုတ်လား…”
“ဘယ်သူက သူတို့ကို စဉ်းတီတုံးပေါ်က ငါးတွေလို သဘောထားနိုင်မှာလဲ…”
လူတိုင်း၏ စိတ်ထဲတွင် ကြီးစွာ တုန်လှုပ်သွားခဲ့ရသည်။
မျက်ခုံးရှည်ရဟန်းအိုကြီးသည် ဖိနှိပ်မှုကို ဖောက်ထွင်းရန် အပြင်းအထန် ကြိုးစားလိုက်သော်လည်း၊ မည်သို့ပင် မှော်အတတ်များကို လှုပ်ရှားစေကာမူ ကိုယ်ပေါ်ရှိ စွမ်းအားများအားလုံး ပိတ်ဆို့ခြင်း ခံထားရသည်။
ထိုလျှော်တေအင်္ကျီနှင့် လူငယ်၏ လက်ဝါးတွင် ထူးဆန်းလှသော မိစ္ဆာစွမ်းအားတစ်ခု ရှိနေပုံရပြီး မိမိကို ဖမ်းဆွဲကိုင်မြှောက်ထားစဉ်မှာပင် တစ်ဖက်လူ မည်သည့် မှော်အတတ်ကို အသုံးပြုထားသည်ကို လုံးဝ ခံစား၍မရနိုင်ပေ။
လီယန်ချူက အေးဆေးစွာဖြင့် -
“မင်းက မဟာအကာအကွယ်ပေးသူ လား” ဟု မေးလိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်က ခေါင်းကို အနည်းငယ် ညိတ်ပြကာ -
“ဒီနာမည်ကို ငါ မကြိုက်ဘူး၊ ဒါပေမဲ့ အမှန်တရားကတော့ အဲဒီအတိုင်းပါပဲ” ဟု ဆိုသည်။
ဤလျှော်တေအင်္ကျီနှင့် လူငယ်သည် ထိုလင်မယားနှစ်ဦး၏ ဆရာကြီး ဖြစ်ပေသည်။
၎င်းတို့ ဆရာတပည့် သုံးဦးစလုံးမှာ မဟာရှမင်းဆက် နောက်ဆုံးကာလကတည်းက မကောင်းမှုမျိုးစုံကို ပြုလုပ်ခဲ့ကြသော မိစ္ဆာကြီးများ ဖြစ်ကြပြီး၊ နောက်ပိုင်းတွင် ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ အစွမ်းထက် မိစ္ဆာရတနာများကို လုယူခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ဤနေရာတွင် ပိတ်မိနေခဲ့ကြရခြင်း ဖြစ်ပေသည်။
ရွှီထျန်းနန်၏ မျက်ဝန်းများအတွင်း၌ သံသယများဖြင့် ပြည့်နှက်သွားခဲ့ရပြီး၊ ဤမျှလောက် အစွမ်းထက်လှသော လျှော်တေအင်္ကျီနှင့် လူငယ်သည် မဟာမိစ္ဆာဂိုဏ်း၏ မဟာအကာအကွယ်ပေးသူမျှသာ ဖြစ်နေခဲ့ရာ၊
“ဒါဆိုရင် မိစ္ဆာအရှင်ကရော…”
သူ၏ စိတ်ထဲတွင် အေးစက်လှသော ခံစားချက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး မသိမသာ ထိတ်လန့်မိတော့သည်။
လူငယ်သည် လီယန်ချူ၏ လက်ထဲတွင် ရှိနေသော ထိုအမျိုးသမီး၏ ဝိညာဉ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည်ရုပ်သိမ်းလျက် အေးဆေးစွာဖြင့် -
“ဘယ်လိုလဲ… အခုပဲ အသီးသီး လက်လျှော့လိုက်ကြရင်တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး” ဟု ဆိုသည်။
အခြေအနေများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားခဲ့ရသည်။
လူတိုင်းလည်း အဆင့် သုံး ကျွမ်းကျင်သူ၊ ကျန်းနန်ဒေသ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်ကြီးတစ်ဦးမှာ ယခုအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစာခံအဖြစ် ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသဖြင့်၊ မိမိတို့အားလုံး တစ်ဖက်လူ၏ ခြိမ်းခြောက်စရာ အသုံးချခံ ဖြစ်သွားခဲ့ရသည့်အတွက် မျက်နှာတွင် ရှက်ရွံ့မှုများ ပေါ်ထွက်နေမိကြသည်။
လီယန်ချူ၏ မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းများ ပေါ်ထွက်လာပြီး -
“ငါ ဘယ်တော့မှ သူတစ်ပါးရဲ့ ခြိမ်းခြောက်မှုကို မခံဘူး၊ ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ ထွက်မသွားရဘူး…”
စကားဆုံးသည်နှင့် လီယန်ချူ၏ ခန္ဓာကိုယ်ကြီးမှာ နေရာ၌ပင် ပျောက်ကွယ်သွားခဲ့တော့သည်။
လျှော်တေအင်္ကျီနှင့် လူငယ်၏ မျက်ဝန်းများ အေးစက်သွားခဲ့ရပြီး၊
ဤတာအိုဆရာငယ်လေး၏ လူသတ်ချင်စိတ်က ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မိမိက ကြီးမားလှသော တောင်းဆိုမှုမျိုး မလုပ်ဘဲ ယာယီ လက်လျှော့ရန်သာ ပြောဆိုခဲ့သော်လည်း တစ်ဖက်လူက လုံးဝ သဘောမတူခဲ့ပေ။
“ဘယ်ကပေါ်လာတဲ့ မသိတတ်တဲ့ လူသတ်သမား လဲမသိဘူး…”
လျှော်တေအင်္ကျီနှင့် လူငယ်သည် ချက်ချင်းပင် မျက်ခုံးရှည်ရဟန်းအိုကြီးကို ညစ်သတ်ပစ်ရန် ပြင်ဆင်လိုက်တော့သည်။
သူသည် အလုပ်ရှုပ်ရမှာကို ပျင်းရုံမျှသာ ဖြစ်ပြီး ဤတာအိုဆရာကို ကြောက်ရွံ့နေခြင်း မဟုတ်ပေ။
ရှပ်…
ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး၊ လျှော်တေလူငယ်၏ လက်ဝါးစွမ်းအားများ မထွက်ပေါ်လာခင်၊ ထိုရဟန်းအိုကြီး၏ အသက်ဝိညာဉ်ကို မချေမှုန်းရသေးခင်မှာတင်၊
သူ၏ လက်ကောက်ဝတ်ကြီးမှာ တိုက်ရိုက်ပင် ပြတ်တောက်သွားခဲ့ရတော့သည်။
ထို့နောက်တွင်မူ ထိုတာအိုဆရာငယ်လေး၏ ခန္ဓာကိုယ်ကြီးမှာ ဟန်ချက်ပျက်လျက် ဝင်ရောက်တိုက်ခိုက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဝုန်း… ဟူသော ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ၊
၎င်းတို့ နှစ်ဦးကို ဗဟိုပြုလျက် ပြင်းထန်လှသော လေလှိုင်းကြီးတစ်ခု ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့ရပြီး၊
လျှော်တေအင်္ကျီနှင့် လူငယ်မှာ နောက်သို့ လွင့်ထွက်သွားခဲ့ရကာ မျက်ဝန်းများအတွင်း၌ အံ့ဩခြင်းများနှင့် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
“ဘယ်လောက်တောင် မြန်တဲ့ဓားလဲ… စွမ်းအားကလည်း ကြီးမားလွန်းတယ်…”
သူ၏ မျက်ဝန်းများ အေးစက်သွားခဲ့ရပြီး မှော်အတတ်ကို လှုပ်ရှားစေရန် ပြင်ဆင်လိုက်စဉ်မှာပင် လီယန်ချူသည် သူ၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက်ဖြင့် ထပ်မံ၍ ထိုးချလိုက်ပြန်သည်။
ဤလက်သီးတစ်ချက်ကြောင့် သူသည် ပေပေါင်း ထောင်ချီသော အကွာအဝေးသို့ နောက်ပြန်လွင့်ထွက်သွားခဲ့ရပြီး၊
အဆောက်အအုံများ ပျက်စီးကုန်ကာ သူ၏ ခြေထောက်နှစ်ဖက်မှာ မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော မြောင်းကြီးနှစ်ခုကို ဆွဲယှက်သွားခဲ့ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတစ်ပါး၏ လက်ချက်ဖြင့် လက်ကောက်ဝတ် ပြတ်တောက်သွားခဲ့ရပြီး ခန္ဓာကိုယ် ကာကွယ်ရေး မှော်အတတ်ပါ ဖျက်ဆီးခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။
လျှော်တေအင်္ကျီနှင့် လူငယ်သည် မျက်ခုံးပင့်လျက် စိုက်ကြည့်လိုက်ရာ၊
လီယန်ချူသည် ထိုအမျိုးသမီး၏ ဝိညာဉ်ကို လက်ထဲတွင် ဖမ်းဆွဲထားပြီး ခန့်ညားထည်ဝါလှသော မျက်နှာထားဖြင့် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဖြောက်… ဟူသော အသံနှင့်အတူ၊
သွေးညှီနံ့များ ပြင်းထန်လှပြီး နာကျင်မှုများဖြင့် ပြည့်နှက်နေသော ထိုအမျိုးသမီး၏ ဝိညာဉ်မှာ တိုက်ရိုက်ပင် အမှုန့်ခြေခြင်း ခံလိုက်ရတော့သည်။
လျှော်တေအင်္ကျီနှင့် လူငယ်၏ မျက်ဝန်းများအတွင်း၌ ဒေါသတရားများ ပေါ်ထွက်လာပြီး -
“မသိတတ်တဲ့အကောင်… ဒီနေ့ မင်းနဲ့ ငါ အသေအလဲ ပြိုင်ကြသေးတာပေါ့…”
သူသည် မဟာမိစ္ဆာဂိုဏ်း၏ ကျေးကျွန်ပြုခြင်းကို ခံရပြီး မဟာအကာအကွယ်ပေးသူအဖြစ် ရောက်ရှိခဲ့ကာ အတိုင်းအတာမသိနိုင်သော စွမ်းအားများကို ရရှိခဲ့သော်လည်း တစ်ပြိုင်နက်တည်းမှာပင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့ရသည်။
ရှေးဟောင်းမြို့ပြအတွင်းရှိ ကျွမ်းကျင်သူများထဲတွင် သူတစ်ဦးတည်းသာ မိမိကိုယ်မိမိ ပြဿနာရှိနေသည်ကို မသိမသာ ခံစားမိခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူသည် အမှောင်ထဲတွင် စွမ်းအားများကို စုစည်းလျက် မိစ္ဆာအရှင်၏ အုပ်ချုပ်မှုကို တော်လှန်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။
ထိုတပည့်နှစ်ဦးမှာလည်း သူ၏ စွမ်းအားစုစည်းမှုထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။
၎င်းတို့ သုံးဦးစလုံး၏ မိစ္ဆာကျင့်စဉ်မှာ တစ်ပုံစံတည်း ဖြစ်သဖြင့် အရေးကြီးသော အချိန်တွင် ၎င်းတို့ကို ဝါးမြိုလျက် မိမိ၏ စွမ်းအားများကို မြှင့်တင်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။
သို့သော်လည်း ဤတာအိုဆရာငယ်လေး၏ လူသတ်ချင်စိတ်က ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သလို သူ၏ အတတ်ပညာမှာလည်း လွန်စွာ လျင်မြန်လှပေသည်။
မျက်ခုံးရှည်ရဟန်းအိုကြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး အခြားသူများနှင့်အတူ ဘေးကင်းရာသို့ ဆုတ်ခွာလိုက်ကြသည်။
ရဟန်းအိုကြီးသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် တိုးညင်းစွာဖြင့် -
“ရှက်စရာပဲ… ငါ့ကြောင့် ကိစ္စကြီးကို ပျက်စီးစေတော့မလို့…”
ဟု ဆိုလိုက်သည်။
ဝုန်း…
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာခဲ့ပြီး၊
လူတိုင်း၏ အကြည့်ကို ထပ်မံ၍ ဆွဲဆောင်လိုက်ပြန်သည်။
ထိုလျှော်တေအင်္ကျီနှင့် လူငယ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိသော၊ အရပ် တစ်ဆယ့်နှစ်ပေခန့် မြင့်မားလှသည့် နတ်ဘုရားတစ်ပါးအလား၊ မိစ္ဆာဆိုးကြီးတစ်ကောင်အလား ပြောင်းလဲသွားခဲ့ရပြီး ဦးခေါင်းတစ်ခုချင်းစီမှာ စိမ်းဖျော့ဖျော့ မျက်နှာနှင့် စွယ်စွယ်ကြီးများ ထွက်ပေါ်နေခဲ့သည်။
လက်ထဲတွင် အေးစက်လှသော အလင်းတန်းများ လင်းလက်နေသည့် မိစ္ဆာဓားရှည်တစ်စုံကို ကိုင်ဆောင်ထားပြီး၊
အခြား လက်လေးဖက်တွင်မူ အစွမ်းထက်လှသော မှော်ရတနာများ ဖြစ်ကြသည့် ကြေးခေါင်းလောင်း၊ အလံနက်၊ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော လူဦးခေါင်းခွံနှင့် မည်သည့် သားရဲဆိုးကြီး၏ သွားမှန်းမသိရသော၊ အပေါ်တွင် မှော်စာလုံးများစွာ ရှိနေသည့် သားရဲစွယ်တစ်ခုတို့ကို ကိုင်ဆောင်ထားသည်။
ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ကျင့်စဉ်ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ နှစ်ဆခန့် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
“ ရိုင်းစိုင်းတဲ့ကောင်… မင်း ဒီနေရာက ရေဘယ်လောက်အထိ နက်လဲဆိုတာ သိလား၊ မင်းကို နစ်မွန်းသွားစေနိုင်စွမ်း ရှိတယ်…”
သူ၏ အသံမှာ ဝုန်းဝုန်းဝုန်းဟူ၍ မြည်ဟိန်းနေပြီး ရှေးဟောင်းကြေးစည်ကြီးတစ်လုံးအလား လွန်စွာ လေးလံလှပေသည်။
ဤအသံမှာ ယောက်ျားသံလည်းမဟုတ် မိန်းမသံလည်းမဟုတ်ဘဲ စောစောက အိုမင်းလှသောအသံနှင့် လုံးဝ ကွဲပြားခြားနားလှကာ လူတို့၏ စိတ်ဝိညာဉ်ကို ထိတ်လန့်သွားစေနိုင်စွမ်း ရှိပေသည်။
မိစ္ဆာချီများမှာ ပိုးဖဲကြိုးများအလား ထိုဦးခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မိစ္ဆာနတ်ဘုရားကြီး၏ ကိုယ်ပေါ်တွင် ဝန်းရံနေတော့သည်။
လီယန်ချူ၏ မျက်ဝန်းများ အေးစက်သွားခဲ့ပြီး၊ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ သူသည်လည်း ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြန်သည်။
သို့သော်လည်း သူ၏ ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာမူ လွန်စွာ ရဲရင့်ပြတ်သားပြီး ခမ်းနားထည်ဝါလှသဖြင့် နတ်ဘုရားတစ်ပါး လူ့ပြည်လောကသို့ ဆင်းသက်လာခဲ့ကာ မိစ္ဆာများကို နှိမ်နင်းနေသကဲ့သို့ ရှိတော့သည်။
ဒီအတိုင်း ရပ်နေရုံမျှဖြင့် ကြောက်မက်ဖွယ်ကောင်းလှသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
လီယန်ချူက လှောင်ပြုံးပြုံးလျက် -
“သေခါနီးအကောင်က စကားတွေ လာများနေတယ်…”
ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မိစ္ဆာနတ်ဘုရားကြီးမှာ -
“………………”
သူသည် မည်သို့မျှ မမျှော်လင့်ထားဘဲ ဤလူငယ်၏ စကားပြောဟန်က ဤမျှအထိ ပြတ်သားကြမ်းကြုတ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဝုန်း ဝုန်း ဝုန်း…
ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိသော အစွမ်းထက်လှသည့် ဖြစ်တည်မှု နှစ်ခု တစ်နေရာတည်းတွင် ဆောင့်မိကြတော့သည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင် စွမ်းအားမျိုးစုံကို အပြန်အလှန် လှုပ်ရှားစေခဲ့ကြရာ၊
ပြင်းထန်လှသော လေလှိုင်းကြီးများ ၎င်းတို့ နှစ်ဦးကို ဗဟိုပြု၍ အရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ပြီး မှိုပွင့်ကြီးများအလား ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းမြို့ကြီးတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရပြီး ရွှီထျန်းနန်နှင့် အခြားသူများမှာလည်း မိမိတို့၏ မှော်အတတ်များနှင့် ရတနာများကို လှုပ်ရှားစေလျက် ကာကွယ်နေကြရသည်။
မူလက မြို့ထဲတွင် ပုန်းကွယ်နေကြသော မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများမှာလည်း ယခုအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် တိုက်ပွဲကို စိုက်ကြည့်နေမိကြသည်။
၎င်းတို့၏ တုန်လှုပ်မှုများမှာ ရွှီထျန်းနန်တို့ထက် သာ၍ ပြင်းထန်လှပေသည်။
“ဒုတိယအကာအကွယ်ပေးသူနဲ့ တတိယအကာအကွယ်ပေးသူတို့ ဒီတာအိုဆရာရဲ့ လက်ချက်နဲ့ သေသွားပြီ၊ အခုတော့ မဟာအကာအကွယ်ပေးသူနဲ့ပါ အနိမ့်အမြင့် ပြိုင်နေနိုင်တယ်၊ တကယ့်ကို ကြောက်စရာကောင်းတဲ့ တာအိုဆရာပဲ…”
၎င်းတို့၏ စိတ်ထဲတွင် မဟာအကာအကွယ်ပေးသူအနေဖြင့် ထိုတာအိုဆရာငယ်လေးကို နှိမ်နင်းနိုင်ပါစေဟုသာ ဆုတောင်းနေမိကြတော့သည်။
အခန်း (၉၈၈) လျှို့ဝှက်ဆန်းကြယ်လှသော မိစ္ဆာအရှင်
ဝုန်း… ဂျိန်း…
ကြီးမားလှသော ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးများ လွင့်ပြယ်သွားပြီးနောက်တွင်မူ၊
မြေပြင်ထက်၌ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ လင်းလက်နေသည့်၊ ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်မှုတစ်ခုသာ ရပ်တန့်ကျန်ရစ်ခဲ့တော့သည်။
အခြား တစ်ဖက်မှ ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မိစ္ဆာနတ်ဘုရားကြီးမှာမူ အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထက်မြက်လှသော မိစ္ဆာဓားနှစ်လက်မှာ အပိုင်းပိုင်း ကျိုးပြတ်သွားခဲ့ရပြီး၊ အရိုးဖြူခေါင်းခွံရတနာမှာလည်း ခြေမွခြင်း ခံလိုက်ရကာ မျက်လုံးများပါ ဖောက်ခွဲပစ်ခြင်း ခံလိုက်ရသည်။
ကျန်ရှိနေသော အခြား မှော်လက်နက် နှစ်ခုစလုံးလည်း ထို့အတူပင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
လူတိုင်း ကြီးစွာ ထိတ်လန့်သွားခဲ့ကြရသည်။
ရှေးဟောင်းမြို့ပြအတွင်းရှိ မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများမှာမူ ချက်ချင်းပင် မျက်နှာများ ပြာနှမ်းသွားခဲ့ကြရပြီး၊ ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင် ရေအိုင်ငယ်တစ်ခု ဖြည်းညှင်းစွာ ဖြစ်ပေါ်လာခဲ့ပြီး၊ ရေအိုင်အတွင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူကား စောစောက လျှော်တေအင်္ကျီနှင့် လူငယ်ပင် ဖြစ်ပေသည်။
ယခုအခါ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေပြီး၊ အရေပြားပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
သူသည် လူငယ်တစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ရှိနေဆဲ ဖြစ်သော်လည်း၊ ကိုယ်ပေါ်တွင်မူ လွန်စွာ နက်မှောင်လှသော သက်ကြီးအစွန်းအကွက်များ ထွက်ပေါ်လာခဲ့ရာ၊
ထူထပ်သိပ်သည်းလှသဖြင့် ကြည့်ရသည်မှာ လွန်စွာ ခြောက်ခြားဖွယ်ကောင်းလှပေသည်။
လျှော်တေအင်္ကျီနှင့် လူငယ်သည် အံ့ဩဒေါသဖြစ်သွားခဲ့ရသည်။ သူ၏ ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာ စောစောကတင် လီယန်ချူ၏ လက်ချက်ဖြင့် ခြေမှုန်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သူသည် နောက်ဆုံးလက်ကျန် မှော်စွမ်းအားများကို အသုံးပြုလျက် ခန္ဓာကိုယ်ကို ပြန်လည်စုစည်းလိုက်သော်လည်း မည်သို့မျှ အရာမထင်တော့ပေ။
သူ့ကို သာ၍ ထိတ်လန့်သွားစေသည်မှာ စောစောက ထိုတာအိုဆရာငယ်လေးသည် ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်ကျင့်စဉ်ကို ထုတ်ဖော်စဉ်က မည်သည့် မှော်ရတနာကိုမျှ အသုံးပြုခြင်း မရှိခဲ့ခြင်း ဖြစ်ပေသည်။
သူသည် သန့်စင်လှသော ရုပ်ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့်သာ လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်လှသော လက်သီးများကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိမိ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းဖျက်ဆီးကာ၊ အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထို့ပြင် ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားမှာ သူ၏ ခန္ဓာကိုယ်ကို ပျက်စီးသွားစေခဲ့သဖြင့်၊
လီယန်ချူက ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ဖန်ဆင်းထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်သည့်တိုင်အောင်၊ သူ၏ မူလခန္ဓာကိုယ်မှာမူ ပြန်လည်ကုစား၍မရနိုင်သော ဒဏ်ရာကြီးများကို ရရှိသွားခဲ့ရပြီ ဖြစ်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်သည် ရက်စက်ကြမ်းကြုတ်လှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး၊ အေးစက်စွာဖြင့် -
“ဒီနေရာက သန့်စင်တဲ့ နယ်မြေတစ်ခုပဲ၊ မင်းတို့တွေ လုံးဝ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး… မိစ္ဆာအရှင်က ထွက်မလာရင်တောင်မှ မင်းတို့တွေလည်း မကြာခင် ငါတို့လို ပုံစံမျိုး ဖြစ်သွားကြမှာပါပဲ…”
ဟု ဆိုလိုက်သည်။
သူ၏ လေသံမှာ အေးစက်လှပြီး၊ ရှေးဟောင်းခေတ်က ဆိုးယုတ်လှသော ကျိန်စာတစ်ခုကို ရွတ်ဆိုနေသကဲ့သို့ ရှိတော့သည်။
လီယန်ချူသည် ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ဖန်ဆင်းထားမှုကို ရုပ်သိမ်းလိုက်ပြီး၊ အေးစက်စွာဖြင့် -
“ဟဲဟဲ…” ဟု လှောင်ပြုံးပြုံးလိုက်သည်။
လျှော်တေအင်္ကျီနှင့် လူငယ်သည် ထိုလှောင်ပြုံး၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤတာအိုဆရာငယ်လေး၏ ပြုံးသံက လူကို လွန်စွာ စိတ်မသက်မသာ ဖြစ်စေသည်ဟု ခံစားလိုက်ရသည်။
လီယန်ချူသည် လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ၊ သူ၏ ဦးခေါင်းမှာ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
လျှော်တေအင်္ကျီနှင့် လူငယ် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး၊ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ တစ်ပြိုင်နက်တည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ဘေးနားရှိ ရွှီထျန်းနန်၊ သက်လတ်ပိုင်းဓားသမား ရန်ဆန်နှင့် အခြားသူများလည်း ထိုလူ၏ စကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် မသိမသာ အေးစက်သွားခဲ့ရသည်။
သူ သေခါနီးတွင် ပြောဆိုသွားခဲ့သော တည်ငြိမ်လှသည့် အသံနှင့် ရှေးဟောင်းကျိန်စာကဲ့သို့သော စကားလုံးများမှာ လုံးဝ လုပ်ကြံပြောဆိုနေခြင်း မဟုတ်ပုံရပေ။
“မကြာခင် ငါတို့လို ပုံစံမျိုး ဖြစ်သွားကြမှာပါပဲ ဟုတ်လား…”
ထိုလျှော်တေအင်္ကျီနှင့် လူငယ်မှာ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ ရက်စက်ကြမ်းကြုတ်လှသော စကားသံများမှာမူ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ဤနေရာရှိ မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများမှာမူ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်လုလျက် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်ကြတော့သည်။
ဤနေရာကား နောက်ဆုံးကျန်ရှိသော မြို့ပြငယ် ဖြစ်ပြီး၊ အခြားသော မြို့ပြများအားလုံးမှာ ခြေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
မြို့အတွင်းရှိ ကျွမ်းကျင်သူ အမြောက်အမြားမှာလည်း သတ်ဖြတ်ခြင်း ခံလိုက်ရပြီးပြီ ဖြစ်ရာ၊ ကျန်ရှိနေသောသူများမှာ မျက်စိပျက်မျက်နှာပျက်ဖြင့် ထွက်ပြေးကြလျက် လမ်းမများအတွင်း ပုန်းကွယ်ရန် ကြိုးစားကြတော့သည်။
ရွှီထျန်းနန်နှင့် အခြားသူများ လိုက်လံဖမ်းဆီးရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ လီယန်ချူသည် လက်ကို ဆန့်ထုတ်ကာ သာမန်ကာလျှံကာ ရှိလှသော ရှေးဟောင်းလေးကြီးတစ်လက်ကို ထုတ်ယူလိုက်ပြီး၊ လေးကြိုးကို ဆွဲလိုက်ရာ မျက်စိကျိန်းမတတ် လင်းလက်လှသော အလင်းမြှားတစ်စင်း ပေါ်ထွက်လာခဲ့သည်။
ရှူး…
လေထုထဲတွင် ရဲရဲနီနေသော ကြယ်ပျံတစ်စင်း ဖြတ်သန်းသွားခဲ့သကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး၊
ထွက်ပြေးရန် အချိန်မရလိုက်သေးသော ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားခဲ့ရကာ၊ ရုပ်ခန္ဓာနှင့် ဝိညာဉ်ပါ အမှုန့်ခြေခြင်း ခံလိုက်ရတော့သည်။
လီယန်ချူသည် လေးကိုဆွဲကာ မြှားများကို တဆက်တည်း ပစ်လွှတ်လိုက်ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် စောစောက ထွက်ပြေးသွားခဲ့ကြသော မိစ္ဆာလမ်းစဉ် အောက်လမ်းသမားများအားလုံးကို ပစ်သတ်ပစ်လိုက်တော့သည်။
၎င်းတို့သည် အိမ်ဂေဟာများအတွင်း ပုန်းကွယ်နေကြသော်လည်း လွတ်မြောက်ခြင်း မရှိခဲ့ပေ။
မြို့ပြငယ်တစ်ခုလုံးမှာ ပျက်စီးယိုယွင်းကာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
လီယန်ချူသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ လက်ထဲတွင် သာမန်ကာလျှံကာ ရှိလှသော ရှေးဟောင်းလေးကြီးတစ်လက်ကို ကိုင်ဆောင်ထားရာ၊ မြှားချက်များမှာ အတုမရှိ စွမ်းအားပြင်းထန်လှပြီး ရက်စက်ပြတ်သားလှပေသည်။
ရွှီထျန်းနန်က စိတ်ထဲတွင် -
“ရုပ်ခန္ဓာကိုယ် စွမ်းအားတင်မကဘူး၊ ဒီလောက်အထိ ပြတ်သားကြမ်းကြုတ်တဲ့ မြှားချက်တွေကို ကြည့်ရသလောက်ဆိုရင်၊ ဒီကမ္ဘာပေါ်မှာ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့သူ ရှာရခက်လိမ့်မယ်…” ဟု ရေရွတ်မိတော့သည်။
ဤ ဖုန်းနတ်ဘုရားလေး သည် မူလကတည်းက ကျော်ကြားလှသော လူသတ်လက်နက်တစ်ခု ဖြစ်ပေသည်။
၎င်းအထဲတွင် ရှေးဟောင်းကမ္ဘာဦး ကာလက သူရဲကောင်းဝိညာဉ်များ၏ သိုင်းပညာဆန္ဒများ ကိန်းဝပ်နေသဖြင့်၊
လီယန်ချူ၏ လက်ထဲတွင်မူ အကြီးမားဆုံးသော စွမ်းအားကို ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်ပေသည်။
ဤနေရာတွင် ရှောင်စဲ့နှင့် ဝေဟန်တို့ကို ပိတ်လှောင်ထားခြင်းမှလွဲ၍၊ အခြားသော ငယ်ရွယ်သည့် ပါရမီရှင်များကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိပေ။
စဉ်းစားကြည့်မည်ဆိုပါကလည်း၊ မဟာမိစ္ဆာဂိုဏ်း၏ သိမ်းသွင်းခြင်းကို ခံရရန်အတွက် သတ်မှတ်ချက်များမှာ လွန်စွာ တင်းကျပ်လှပုံရပေသည်။
သာမန်လူများသာ ဤနေရာသို့ ရောက်ရှိလာပါက သေချာပေါက် အစားအစာအဖြစ် အသတ်ခံရမည့် လမ်းစဉ်သာ ရှိပေလိမ့်မည်။
လူတိုင်း ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြစဉ်၊ ကောင်းကင်ပြင်ကြီးမှာ ရုတ်တရက် ညိုမှိုင်း၍ မှောင်မိုက်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာလည်း ရေစီးကြောင်းတစ်ခုအလား အလျင်အမြန် ပြောင်းလဲသွားခဲ့တော့သည်။
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။
မူလက ပျက်စီးသွားခဲ့ပြီဖြစ်သော အဆောက်အအုံများမှာ ယခုအခါ မိုးရွာပြီးစ မှိုပွင့်များအလား ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
ဘေးပတ်ဝန်းကျင်တွင် ရှေးဟောင်းကမ္ဘာကြီးတစ်ခု၊ ရှေးဟောင်းမြို့ပြကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊
အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ပြန်လည်ဆန်းသစ်လာခဲ့ပြန်သည်။
ရှူး…
လူတိုင်း အေးစက်လှသော လေထုကို ရှူသွင်းလိုက်မိကြပြီး၊ မျက်ဝန်းများအတွင်း၌ သံသယများနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
တရားရုံးတော် ၏ အထက်တန်းအရာရှိတစ်ဦး ဖြစ်ပြီး အမြင်ကျယ်လှသော ရွှီထျန်းနန်ဖြစ်စေ၊ လောကအနှံ့ လှည့်လည်သွားလာနေသော သက်လတ်ပိုင်းဓားသမား ရန်ဆန်ဖြစ်စေ၊ သို့မဟုတ် မျက်ခုံးရှည်ရဟန်းအိုကြီး ဖြစ်စေ၊ ဤကဲ့သို့သော ဆန်းကြယ်လှသည့် ဖြစ်ရပ်မျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးကြပေ။
ဤရှေးဟောင်းမြို့ပြကြီးမှာ သေချာပေါက် ခြေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထို့တင်မကဘဲ ထိုမြို့ပြများကို ဗဟိုပြုလျက် အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့ရာ၊
မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းကို လွှမ်းခြုံထားလိုက်တော့သည်။
ဝုန်း ဝုန်း ဝုန်း…
လူရိပ်များ တစ်ခုပြီးတစ်ခု နေရာ၌ပင် ပျောက်ကွယ်သွားခဲ့ကြရသည်။
ရွှီထျန်းနန်၊ မျက်ခုံးရှည်ရဟန်းအိုကြီး၊ သက်လတ်ပိုင်းဓားသမား ရန်ဆန်၊ ရှောင်စဲ့၊ ဝေဟန်နှင့် လီယန်ချူ အပါအဝင်၊ လူတိုင်းသည် ထိုအလင်းတန်းများအောက်တွင် ပျောက်ကွယ်သွားခဲ့ကြရပြီး၊ မူလကတည်းက ရှိမနေခဲ့သကဲ့သို့ ဖြစ်သွားခဲ့ရတော့သည်။
ဝေဟန်နှင့် ရှောင်စဲ့တို့သည် ဤနေရာသို့ ရောက်ရှိလာစဉ်က ကျွမ်းကျင်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ ကူယွဲ့မြို့အတွင်း ပိတ်လှောင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ၎င်းတို့ စောစောက ရှိနေခဲ့သော ထိုမြို့ပြကြီးနှင့် ပျက်စီးသွားခဲ့သော လမ်းမများမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း၊ အတိုင်းအတာမှာမူ လွန်စွာ သေးငယ်လှပေသည်။
ယခုအခါ ရှေးဟောင်းမြို့ပြကြီးမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ၊ အချိန်များ နောက်ပြန်ဆုတ်သွားခဲ့သကဲ့သို့ ရှိတော့သည်။
သို့သော်လည်း သေသေချာချာ စိုက်ကြည့်လိုက်မည်ဆိုပါက၊ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဝေဝါးလာခဲ့ပြီဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပြီး၊ မြင်သာမြင်ရသော်လည်း ကိုင်တွယ်၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်း တစ်ခုအလား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံထက်တွင် ငှက်ငယ်များ ပျံသန်းသွားကြရာ၊ ၎င်းတို့မှာ သာမန် ငှက်များသာ ဖြစ်ကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပေပေါင်း ဆယ်ချီ၊ ရာချီသော အကွာအဝေးသို့ ရောက်ရှိသွားခဲ့ကြပြီး အဝေးတစ်နေရာ၌ ပေါ်ထွက်လာခဲ့ကြသည်။
ဤခံစားချက်မှာ လွန်စွာ ထူးဆန်းလှပေသည်။ ထိုငှက်ငယ်များက ထူးဆန်းလှသော စွမ်းအားအချို့ကို ရရှိသွားခြင်းမျိုး မဟုတ်ပေ။
အတိအကျ ပြောရမည်ဆိုပါက ရုတ်တရက် ပေါ်ထွက်လာခဲ့သော ဤကမ္ဘာမြေကြီးမှာ လုံးဝ ရှိမနေခဲ့သကဲ့သို့ ဖြစ်နေခြင်း ဖြစ်ပေသည်။
မူလက ဟင်းလင်းပြင်ကြီးအတွင်း ချိတ်ပိတ်ခြင်း ခံထားရပြီး၊ ယခုအခါမှ ပြန်လည်ပွင့်ထွက်လာခဲ့ခြင်း ဖြစ်ရာ၊
ငှက်ငယ်များ ဖြတ်သန်းသွားလာစဉ်တွင် အဝေးတစ်နေရာ၌ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် အိုမင်းလှသော သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး၊ ဤနေရာ၌ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့ကာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။
…………
လီယန်ချူသည် ထူးဆန်းလှသော စွမ်းအားတစ်ခု မိမိ၏ ကိုယ်ပေါ်သို့ ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရပြီး၊ မျက်လုံးကို ပြန်လည်ဖွင့်လိုက်သောအခါ မိမိကိုယ်မိမိ လမ်းမတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ လွန်စွာ စည်ကားလှပနေခဲ့သည်။
သူ မသိမသာ မျက်ခုံးပင့်လိုက်မိသည်။
စောစောက စွမ်းအားမှာ လွန်စွာ ဆန်းကြယ်လှပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို ဤနေရာသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်ပေသည်။
ဤမြို့ပြ၏ အဆောက်အအုံ ပုံစံများမှာ သူ ဖျက်ဆီးပစ်ခဲ့သော ရှေးဟောင်းမြို့ပြများနှင့် တစ်ပုံစံတည်း ဖြစ်သော်လည်း၊ ကြည့်ရသည်မှာမူ သာ၍ အသစ်စက်စက် ရှိနေပုံရပေသည်။
လီယန်ချူသည်လည်း ဤနေရာမှာ မည်သည့်မြို့ ဖြစ်သည်ကို အချိန်တိုအတွင်း ခွဲခြားနိုင်ခြင်း မရှိသေးပေ။
ပျက်စီးသွားခဲ့ပြီဖြစ်သော၊ လူသူဆိတ်သုဉ်းနေသည့် ထိုရှေးဟောင်းမြို့ပြများနှင့်မတူဘဲ၊
ဤနေရာရှိ လမ်းမများပေါ်တွင်မူ လမ်းသွားလမ်းလာ အမြောက်အမြား ရှိနေပြီး၊ အားလုံးမှာ မဟာရှမင်းဆက်၏ အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ဈေးသည်များ၊ လမ်းဘေးကပြဖျော်ဖြေသူများနှင့် ဇာတ်ကောင်မျိုးစုံ ရှိနေကြသည်။
အမျိုးသမီးများ၏ အဝတ်အစား စတိုင်များမှာလည်း လွန်စွာ ဆန်းပြားလှပေသည်။
လီယန်ချူသည် ပြည့်တန်ဆာအိမ်များ၏ တံခါးဝတွင် မှီတွဲရပ်နေကြသော၊ ဆွဲဆောင်မှုရှိပြီး လှပလှသည့် မိန်းမပျိုလေးများကို တွေ့မြင်လိုက်ရသည်။ သူမတို့၏ အဝတ်အစားများမှာ လွန်စွာ ပါးလွှာလှပြီး လူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်စွမ်း ရှိပေသည်။
ဤမြင်ကွင်းကြီးမှာ လွန်စွာ စည်ကားလှပနေပြီး၊ လောကီလူသားတို့၏ သဘာဝအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
လီယန်ချူသည် ဤနေရာတွင် ကျင့်ကြံသူ အမြောက်အမြား၏ အော်ရာစွမ်းအားများ ရှိနေသည်ကို ထက်မြက်စွာဖြင့် သတိပြုမိလိုက်သည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသာမကဘဲ၊ စစ်မှန်သော တာအိုကျင့်ကြံသူများလည်း ရှိနေကြပြီး ၎င်းတို့၏ ကိုယ်ပေါ်ရှိ စွမ်းအားများမှာ လွန်စွာ တည်ငြိမ်အေးချမ်းလှပေသည်။
ရုတ်တရက်…
လီယန်ချူ မျက်ခုံးပင့်လိုက်မိပြန်သည်။
သူသည် အရက်ဆိုင်ကြီးတစ်ခု၏ ဒုတိယထပ်တွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို လှမ်း၍ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ထိုသူကား လင်းယုန်နှာခေါင်းနှင့် ဖြစ်ပြီး မျက်နှာထားမှာ လွန်စွာ အုံ့မှိုင်းနေခဲ့သည်။
သူ၏ မျက်နှာချင်းဆိုင်တွင်မူ ဆွဲဆောင်မှုရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထိုင်နေခဲ့ပြီး၊ ဦးခေါင်းတွင် ရတနာမျိုးစုံကို ဆင်ယင်ထားကာ ရွှေပုဆိန်ငယ်များကိုလည်း ထိုးစိုက်ထားပြီး ကိုယ်ဟန်အမူအရာမှာ လွန်စွာ တင့်တယ်လှပေသည်။
ထိုလူနှစ်ဦး မည်သည့်အကြောင်းအရာကို ပြောဆိုနေကြသည်ကိုမူ မသိနိုင်ပေ။
ထိုအမျိုးသား၏ မျက်နှာကို လီယန်ချူ လုံးဝ စိမ်းမနေခဲ့ပေ။
ယခင်က ရှောင်စဲ့နှင့် ဝေဟန်တို့ကို ကယ်တင်ပြီးစတွင်၊ ဤလူသည် အရိုးဖြူအလံကို ကိုင်ဆောင်လျက် လမ်းခရီးကို ပိတ်ဆို့တားဆီးခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ ကိုယ်ပေါ်ရှိ ပြင်းထန်လှသော စွမ်းအားများကို ကြည့်ရသလောက်ဆိုလျှင်၊ သူသည် မဟာမိစ္ဆာဂိုဏ်း၏ အကာအကွယ်ပေးသူတစ်ဦး ဖြစ်ပေလိမ့်မည်။
“ဒါက ဒီမြို့ပြကြီး မပျက်စီးခင်က မြင်ကွင်း ဖြစ်ပုံရတယ်…”
လီယန်ချူ မျက်ခုံးပင့်လျက် ရေရွတ်မိတော့သည်။
ဤအတိုင်းဆိုလျှင်၊ မူလက ဤနေရာတွင် မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများသာမကဘဲ၊ တာအိုကျင့်ကြံသူ အမြောက်အမြားနှင့် သာမန်လူသားများလည်း ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါ ချိတ်ပိတ်ခြင်း ခံထားရသဖြင့် မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူ အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လီယန်ချူသည် အကြောင်းအရာ အမြောက်အမြားကို ဆက်စပ်တွေးတောမိသွားခဲ့သည်။
“မူလက ဒီမြို့ပြတွေ ချိတ်ပိတ်ခြင်း ခံလိုက်ရပြီး ကမ္ဘာမြေကြီးအတွင်း ပုန်းကွယ်သွားခဲ့ရစဉ်တုန်းက၊ သေချာပေါက် ကြီးမားလှတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပွားခဲ့မှာပဲ…”
ယခင်က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော အခြေအနေမျိုး ဖြစ်ပွားခဲ့သည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
တာအိုလမ်းစဉ် ကျွမ်းကျင်သူများအားလုံး သေဆုံးသွားခဲ့ကြရပြီး၊ မြို့တစ်ခုလုံးရှိ သာမန်လူသားများမှာမူ အစားအစာအဖြစ် သတ်ဖြတ်ခြင်း ခံရသည်မဟုတ်ပါကလည်း မိစ္ဆာကျင့်စဉ်များအတွက် အသုံးချခြင်း ခံလိုက်ရပြီ ဖြစ်ပေလိမ့်မည်။
မိစ္ဆာလမ်းစဉ်၏ ကျင့်ကြံမှုနည်းစနစ်များမှာ ကောင်းကင်ဘုံ၏ သဘောတရားကို ဆန့်ကျင်နေခဲ့ကြပြီး၊ သွေးဖြင့် ယဇ်ပူဇော်သော မှော်အတတ်မျိုးစုံ ပါဝင်နေခဲ့သည်။
အချို့က သာမန်လူသားတို့၏ ဝိညာဉ်ကို အသုံးပြုလျက် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကြပြီး၊ ဝိညာဉ်ခေါ်အလံများကို ပြုလုပ်ကြကာ၊ အချို့ကမူ သာမန်လူသားတို့၏ သွေးသားကို အသုံးပြုလျက် ဆေးလုံးများကို ဖော်စပ်ကြသည်။
ထို့ပြင် အသက်ရှည်ဆေးလုံးများကို ဖော်စပ်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်၏ အချင်းများကို အသုံးပြုကြသူများလည်း ရှိကြသည်။
အပျိုစင်လေးများနှင့် လူပျိုလှည့်လေးများ၏ ခန္ဓာကိုယ်မှာ သန့်စင်လှသဖြင့်၊ ၎င်းတို့အတွက်မူ ကြီးမားလှသော အာဟာရဓာတ်များ ဖြစ်ကြပေသည်။
သို့မဟုတ်ပါကလည်း အမျိုးသမီးများ၏ ယန်ချီ ကို စုပ်ယူကြသဖြင့်၊ အမျိုးစုံလှပေသည်။
မဟုတ်ပါကလည်း၊ ကျင့်စဉ်ချင်း ကွဲပြားခြားနားရုံမျှဖြင့် မိစ္ဆာလမ်းစဉ်သည် တစ်ကမ္ဘာလုံး၏ ဝိုင်းဝန်းခြေမှုန်းခြင်းကို ခံရမည်မဟုတ်သလို၊ တစ်လောကလုံး၏ ရွံရှာမုန်းတီးမှုကိုလည်း ခံရမည်မဟုတ်ပေ။
မိစ္ဆာလမ်းစဉ်နှင့် တိုက်ခိုက်ခဲ့ကြသော တာအိုကျင့်ကြံသူများ သေဆုံးသွားခဲ့ကြရသဖြင့်၊ သာမန်လူသားများ၏ အခြေအနေမှာမူ လွန်စွာ သနားစဖွယ်ကောင်းလှပေလိမ့်မည်။
ရုတ်တရက်…
ဤနေရာရှိ ကောင်းကင်ပြင်ကြီးမှာ ရုတ်တရက် စောင်းငဲ့သွားခဲ့ရပြီး၊ ဤအရာမှာ လွန်စွာ ထူးဆန်းလှသော ခံစားချက်ကြီး ဖြစ်ပေသည်။
မြို့အတွင်းရှိ သာမန်လူသားများနှင့် ကျင့်ကြံသူများအားလုံး ကောင်းကင်ယံထက်သို့ မော့ကြည့်ကြလျက် ထွက်ပြေးတိမ်းရှောင်ကြရာ၊ မျက်နှာထားများမှာ လွန်စွာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ကျင့်စဉ်အခြေခံ မရှိကြသော သာမန်လူသားများ ဖြစ်စေ၊ သို့မဟုတ် တာအိုနှင့် မိစ္ဆာလမ်းစဉ် နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများ ဖြစ်ကြစေ၊ မျက်နှာထားများမှာ ချွင်းချက်မရှိဘဲ လွန်စွာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘာဆက်လုပ်ရမည်ကို မသိနိုင်ကြပေ။
တွန်းလှန်၍မရနိုင်သော စွမ်းအားကြီးတစ်ခုသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ချိတ်ပိတ်ကာ ခေါက်သိမ်းပစ်ရန် ပြင်ဆင်နေပုံရပေသည်။
ယခုကဲ့သို့သော အခြေအနေနှင့် ပတ်သက်၍ လီယန်ချူ လုံးဝ စိမ်းမနေခဲ့ပေ။
တစ်ခါတရံတွင် သရဲတစ္ဆေများကို နှိမ်နင်းရာ၌ သေဆုံးသွားသောသူများ၏ မှတ်ဉာဏ်အတွင်းသို့ ဝင်ရောက်သွားလေ့ ရှိသလို၊ တစ်ခါတရံတွင်လည်း သေဆုံးသွားသောသူများ၏ စိတ်ဆန္ဒများ မပျောက်ကွယ်သေးပါက သူတို့ သေဆုံးမည့် မြင်ကွင်းများကို မြင်တွေ့ရလေ့ ရှိသဖြင့်၊ အမျိုးစုံလှပေသည်။
သို့သော်လည်း ဤနေရာသို့ ရောက်ရှိလာကြသော ကျင့်ကြံသူများအတွက်မူ၊ ဘေးမှ ကြည့်ရှုသူသက်သက်သာ ဖြစ်သဖြင့် မိမိ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။ ထို့ပြင် ဆက်လက်၍ ဤနေရာရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်မည်လည်း ဖြစ်ပေသည်။
ဤအခြေအနေမျိုးတွင် သာမန်လူဆိုပါက သေချာပေါက် စူးစမ်းလိုစိတ်များ ပေါ်ထွက်လာခဲ့မည်ဖြစ်ပြီး၊ ဆက်လက်၍ ကြည့်ရှုနေမိကြမည် ဖြစ်ပေသည်။
သို့သော်လည်း လီယန်ချူ၏ မျက်နှာထားမှာမူ ချက်ချင်းပင် အေးစက်သွားခဲ့ရသည်။
သူသည် ကောင်းကင်ပြင်ကြီးကို စိုက်ကြည့်လိုက်ပြီး၊ အေးစက်စွာ လှောင်ပြုံးပြုံးလျက် -
“ဒါက မင်းရဲ့ အကွက်လား…” ဟု ဆိုလိုက်သည်။
သူသည် မိမိကိုယ်မိမိ ရေရွတ်နေသကဲ့သို့ ရှိသော်လည်း၊ နောက်တစ်ချက်တွင်မူ သူ၏ ကိုယ်ပေါ်မှနေ၍ အရပ်မျက်နှာအနှံ့သို့ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်လှသော ဓားသံတစ်ချက်နှင့်အတူ၊ သူသည် လက်ထဲမှ ဓားဖြင့် ကောင်းကင်ဘုံကို ပိုင်းဖြတ်လိုက်ရာ၊
ကမ္ဘာမြေကြီးတစ်ခုလုံးကို နှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်သကဲ့သို့ ရှိတော့ပြီး၊ ပန်းချီကားချပ်တစ်ခု ဖြတ်သန်းဆုတ်ဖြဲခြင်း ခံလိုက်ရသကဲ့သို့ ရှိတော့သည်။
လီယန်ချူသည် ထိုပိတ်လှောင်မှုအတွင်းမှ ရုန်းထွက်လာခဲ့သည်။
သူသည် မိမိကိုယ်မိမိ မူလနေရာ၌ပင် ရပ်တန့်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ရွှီထျန်းနန်၊ ရှောင်စဲ့နှင့် အခြားသူများလည်း ထို့အတူပင် မူလနေရာ၌ပင် ရပ်တန့်နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအခါ ၎င်းတို့မှာ မျက်ဝန်းများကို တင်းကျပ်စွာ ပိတ်ဆို့ထားကြပြီး၊ မျက်နှာထားများမှာ လွန်စွာ ထိတ်လန့်တုန်လှုပ်နေကြကာ ကြီးမားလှသော အကြောက်တရားကြီးတစ်ခုအတွင်းသို့ ကျရောက်နေကြသကဲ့သို့ ရှိတော့သည်။
လီယန်ချူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်ခြောက်ခြားခေါင်းလောင် ကို ထုတ်ဖော်လိုက်သည်။
ဒေါင်… ဟူသော ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာမြေကြီးတစ်ခုလုံး ချက်ချင်းပင် ကြည်လင်ပြတ်သားသွားခဲ့ရတော့သည်။
ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ကို ဗဟိုပြုလျက် ဆန်းကြယ်လှသော စွမ်းအားတစ်ခု ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့ပြီး လူတိုင်း၏ စိတ်ဝိညာဉ်ကို လှုပ်ခိုးသွားစေခဲ့သည်။
ဤအရာကား စစ်မှန်သော နတ်ဘုရားရတနာတစ်ခု ဖြစ်သဖြင့်၊ ထူးဆန်းလှသော စွမ်းပကားများ ရှိပေသည်။
ရွှီထျန်းနန်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာခဲ့ကြပြီး၊ ရေနစ်နေသောသူများအလား အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြကာ၊ မျက်နှာများ ဖြူလျော်နေခဲ့ပြီး စိတ်ထဲတွင် လွန်စွာ ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။
လီယန်ချူသည် ခေါင်းလောင်း ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး၊ ရွှီထျန်းနန်နှင့် အခြားသူများကို စိုက်ကြည့်လိုက်သည်။
၎င်းတို့မှာမူ ယခုအထိ စိတ်ဝိညာဉ်များ ပြန်လည်စုစည်းနိုင်ခြင်း မရှိသေးဘဲ၊ မျက်ဝန်းများအတွင်း၌ ဝေဝါးမှုများဖြင့် ပြည့်နှက်နေခဲ့ကြဆဲ ဖြစ်သည်။
လီယန်ချူ၏ မျက်ဝန်းများအတွင်း၌ တောက်ပလှသော အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ လေးနက်သော လေသံဖြင့် -
“အခုထိ မနိုးသေးဘူးလား…” ဟု အော်ဟစ်လိုက်သည်။
ဤအသံမှာ ကြေးစည်ကြီးတစ်လုံး ပေါက်ကွဲထွက်သွားခဲ့သကဲ့သို့ ရှိတော့သည်။
ရွှီထျန်းနန်နှင့် အခြားသူများ၏ ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရပြီး၊ ချက်ချင်းပင် သတိပြန်လည်ရရှိသွားခဲ့ကြရတော့သည်။
၎င်းတို့၏ စိတ်ထဲတွင် ယခုအထိ တုန်လှုပ်မှုများ ငြိမ်သက်သွားခြင်း မရှိသေးသော်လည်း၊ တောင်တန်းကြီးတစ်ခုအလား မြတ်ပြတ်တည်ကြည်စွာ ရပ်တန့်နေသော ထိုတာအိုဆရာငယ်လေးကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲတွင် လွန်စွာ တည်ငြိမ်သွားခဲ့ကြရတော့သည်။
ရွှီထျန်းနန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် -
“စောစောက ငါ ထပ်မံပြီး ရှေးဟောင်းမြို့ပြထဲကို ဆွဲသွင်းခြင်း ခံလိုက်ရတယ်၊ ကောင်းကင်ပြင်ကြီး စောင်းငဲ့သွားတဲ့အထိပဲ…” ဟု ဆိုလိုက်သည်။
လူတိုင်းလည်း ထိုအကြောင်းအရာကိုပင် အသီးသီး ပြောဆိုလိုက်ကြသည်။
လီယန်ချူက တည်ငြိမ်စွာဖြင့် -
“တစ်စုံတစ်ယောက်က အမှောင်ထဲကနေ နှောင့်ယှက်နေတာပါ၊ ငါလည်း အဲဒီအကြောင်းအရာကို မြင်တွေ့ခဲ့ရတယ်” ဟု ဆိုလိုက်သည်။
လီယန်ချူ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားခဲ့ကြရပြီး၊ ယခုအထိ မျက်နှာမပြသေးသော ထိုမိစ္ဆာအရှင်ကို ချက်ချင်းပင် တွေးတောမိလိုက်ကြတော့သည်။
ချိတ်ပိတ်ခြင်း ခံထားရသော ကမ္ဘာမြေကြီးမှာ ထပ်မံ၍ ပွင့်ထွက်လာခဲ့ပြီး လူ့ပြည်လောကသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူများမှာမူ ဆန်းကြယ်လှသော စွမ်းအားတစ်ခု၏ ပိတ်လှောင်ခြင်းကို ခံထားရသဖြင့် ဤနေရာမှ ထွက်ပြေး၍မရနိုင်ကြပေ။
ထို့နောက်တွင်မူ မိစ္ဆာအရှင် ပေါ်ထွက်လာခဲ့ပြီး မဟာမိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့ကာ၊ လူတိုင်းကို ကျေးကျွန်ပြုခဲ့ခြင်း ဖြစ်ပေသည်။
ဤအကြောင်းအရာကြီးတစ်ခုလုံးမှာ မူလကတည်းက လွန်စွာ ဆန်းကြယ်လှပြီး၊ ထိုမိစ္ဆာအရှင်မှာ မူလကတည်းက ချိတ်ပိတ်ခြင်း ခံထားရသော ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသလား သို့မဟုတ် အပြင်လူတစ်ဦး ဖြစ်ပါသလား။
သို့သော်လည်း အချက်တစ်ချက်ကိုမူ သေချာပေါက် အတည်ပြုနိုင်ပေသည်။ ထိုမိစ္ဆာအရှင်မှာမူ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သေချာပေါက် မြေပြင်နတ်ဘုရား အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေလိမ့်မည်။
စောစောက မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းတစ်ခုဖြင့် လူတိုင်းကို စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ဆွဲသွင်းနိုင်ခဲ့ခြင်းကို ကြည့်ရုံမျှဖြင့်၊ သူ၏ အတတ်ပညာမှာ မည်မျှအထိ မြင့်မားသည်ကို သိနိုင်ပေသည်။
လီယန်ချူက တည်ငြိမ်သော လေသံဖြင့် -
“တကယ်လို့ ဒီနေရာမှာ တကယ့် မြေပြင်နတ်ဘုရားတစ်ပါး ရှိနေတာဆိုရင်တော့၊ ငါတို့ကို ဒီလောက်အလွယ်တကူ လွှတ်ပေးမှာ မဟုတ်သလို၊ ဒီလိုမျိုး အကွက်တွေကိုလည်း အသုံးပြုနေမှာ မဟုတ်ဘူး”
ဟု ဆိုလိုက်သည်။
လီယန်ချူသည် ယခင်ကတင် နတ်လူသားတစ်ဦးနှင့် တိုက်ခိုက်ခဲ့ဖူးပြီး၊ ထိုနတ်လူသားမှာ မြေပြင်နတ်ဘုရားအဆင့် ဖြစ်ပေသည်။
သူသည် တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်ကို စီးနင်းထားခြင်း ဖြစ်သဖြင့် စစ်မှန်သော စွမ်းအားများကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ထို့သို့ဖြစ်ပါစေ၊ ကမ္ဘာကြီးကို တုန်ခါသွားစေနိုင်စွမ်း ရှိဆဲ ဖြစ်ပေသည်။
ရွှီထျန်းနန် မျက်ခုံးပင့်လိုက်မိပြီး၊ ပြာပြာသလဲဖြင့် -
“လီတာအိုဆရာ… ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
လီယန်ချူက အေးဆေးစွာဖြင့် -
“မိစ္ဆာအရှင်ရဲ့ ကိုယ်ပေါ်မှာ ပြဿနာတစ်ခုခု ရှိနေလို့ပဲ၊ သူက ဝင်မပါချင်တာ မဟုတ်ဘဲနဲ့၊ ဝင်မပါနိုင်တာလည်း ဖြစ်နိုင်တယ်” ဟု ဆိုလိုက်သည်။
ဤစကား ထွက်ပေါ်လာခဲ့သောအခါ လူတိုင်း တိတ်ဆိတ်သွားခဲ့ကြရသည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်စွာ တွေးတောနိုင်ရန် လွန်စွာ ခက်ခဲလှပေသည်။
အများစုမှာ တစ်ဖက်လူသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပြီး အတတ်ပညာမျိုးစုံ ရှိနေသည်ဟုသာ ခန့်မှန်းမိကြမည် ဖြစ်ပေသည်။
သို့သော်လည်း တစ်ဖက်လူသည် စွမ်းအားမပြည့်ဝသဖြင့် တိုက်ရိုက် မလှုပ်ရှားနိုင်ခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိသူမှာမူ လွန်စွာ ရှားပါးလှပေသည်။
လူတို့သည် အမြဲတမ်း မိမိတို့၏ စိတ်ထဲတွင် အကြောက်တရားများကို တိုးပွားစေလျက်၊ တစ်ဖက်လူ၏ အတတ်ပညာများကို မြှင့်တင်ပေးလေ့ ရှိကြသည်။
သက်လတ်ပိုင်းဓားသမား ရန်ဆန်က လေးနက်သော လေသံဖြင့် -
“ငါ မြေပြင်နတ်ဘုရားတွေနဲ့ တစ်ခါမှ မကြုံဖူးတော့ သိပ်မသိဘူး၊ ဒါပေမဲ့ လီတာအိုဆရာ ပြောတာကိုတော့ ငါ သဘောတူတယ်… မိစ္ဆာအရှင်က မဟာမိစ္ဆာဂိုဏ်းကို တည်ထောင်ပြီး အကာအကွယ်ပေးသူ ခြောက်ယောက်ကို ထားရှိခဲ့သလို၊ ငယ်ရွယ်တဲ့ ပါရမီရှင်တွေကိုလည်း သိမ်းသွင်းခဲ့တယ်၊ ဒါကို ကြည့်ရသလောက်ဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ကြီးမားလှတယ်… အခု သူ စိုက်ထုတ်ထားခဲ့တဲ့ အားထုတ်မှုတွေ ဖျက်ဆီးခံလိုက်ရတာတောင်မှ ထွက်မလာသေးဘူးဆိုတော့၊ သေချာပေါက် ကန့်သတ်ချက်တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်”
ဟု ဆိုလိုက်သည်။
ရှောင်စဲ့က ပွင့်ပွင့်လင်းလင်းဖြင့် -
“မှန်တယ်… တကယ်လို့ ငါသာ မြေပြင်နတ်ဘုရား ဖြစ်နေပြီး တစ်စုံတစ်ယောက်က ငါ့ရဲ့ အကွက်တွေကို ဖျက်ဆီးပစ်တာဆိုရင်တော့၊ ဘယ်သူ့ကိုမှ အသက်ရှင်လျက် လွှတ်ပေးမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့ ဒီလောက်အထိ လှည့်ပတ်ပြီး လုပ်နေမှာလဲဥစ္စာ” ဟု ဆိုလိုက်သည်။
ယခင်က ထိုရှေးဟောင်းမြို့ပြများအတွင်းရှိ ကျွမ်းကျင်သူများမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ အရေအတွက်လည်း များပြားလှပေသည်။
အထူးသဖြင့် နောက်ဆုံးမှ ပေါ်ထွက်လာခဲ့သော မဟာအကာအကွယ်ပေးသူ လျှော်တေအင်္ကျီနှင့် လူငယ်ဆိုလျှင်၊ လှုပ်ရှားလိုက်သည်နှင့် မျက်ခုံးရှည်ရဟန်းအိုကြီးကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော ကျွမ်းကျင်သူပင် မိစ္ဆာအရှင်၏ ကျေးကျွန်ပြုခြင်းကို ခံခဲ့ရသဖြင့်၊ ထိုမိစ္ဆာအရှင်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းသည်ကို သိနိုင်ပေသည်။
ယခုအခါ၊ လူတိုင်းသည် လီယန်ချူ၏ တည်ငြိမ်မှုကြောင့် စိတ်ခံစားချက်များ လျင်မြန်စွာ ငြိမ်သက်သွားခဲ့ကြရပြီ ဖြစ်သည်။
ဝေဟန်က -
“မိစ္ဆာအရှင်ရဲ့ စွမ်းအားကတော့ သေချာပေါက် ပြဿနာရှိမှာ မဟုတ်ဘူး၊ သူက ကျင့်စဉ်ရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ တိုက်ရိုက် မလှုပ်ရှားနိုင်တာလား မသိဘူး” ဟု ဆိုသည်။
လူတိုင်း၏ မျက်ဝန်းများအတွင်း၌ တွေးတောမှုများ ပေါ်ထွက်လာခဲ့ကြရသည်။
ကျွမ်းကျင်သူ အမြောက်အမြားကို ဖိနှိပ်ထားနိုင်သူ ဖြစ်သဖြင့်၊ စွမ်းအားမှာမူ သေချာပေါက် ပြင်းထန်လှပေလိမ့်မည်။
ယခုအခါ ထွက်ပေါ်လာခြင်း မရှိသေးသဖြင့်၊ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေသည်။
ရွှီထျန်းနန်က လီယန်ချူကို စိုက်ကြည့်လိုက်ပြီး -
“လီတာအိုဆရာ… အခု ငါတို့ ဘာဆက်လုပ်သင့်လဲ” ဟု မေးမြန်းလိုက်သည်။
လီယန်ချူ၏ စွမ်းအားမှာ လွန်စွာ မြင့်မားလှသဖြင့်၊ ယခုအခါ သူ၏ သဘောထားမှာ လူတိုင်းအပေါ် ကြီးစွာသော သက်ရောက်မှုများ ရှိနေခဲ့ပြီ ဖြစ်သည်။
လီယန်ချူက တည်ငြိမ်စွာဖြင့် -
“စစ်သည် ရောက်လာရင် တားဆီးမယ်၊ ရေ တက်လာရင် မြေကြီးနဲ့ ဖို့မယ် ” ဟု ဆိုလိုက်သည်။
မိစ္ဆာအရှင်၏ စိတ်ကူးကို ခန့်မှန်းနေရန် မလိုပေ၊ ကြုံတွေ့ရလျှင် တိုက်ခိုက်မည် ဖြစ်ပြီး၊ ရှာမတွေ့ပါကလည်း လိုက်လံရှာဖွေမည် ဖြစ်ပေသည်။
လီယန်ချူက ဆက်လက်၍ တိုးညင်းစွာဖြင့် -
“ဒါပေမဲ့ သူက ထွက်မလာဘူးဆိုတော့၊ သူ့ရဲ့ လက်အောက်ငယ်သားတွေကို သတ်ရုံနဲ့တော့ မပြီးသေးဘူး၊ သူ့ရဲ့ အသိုက်အမြုံကိုပါ အပြီးတိုင် ဖျက်ဆီးပစ်ရမယ်” ဟု ဆိုလိုက်သည်။
ရွှီထျန်းနန်နှင့် အခြားသူများ တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြပြီး၊ ဆွံ့အသွားခဲ့ကြရသည်။
ရှောင်စဲ့က ပြုံးလျက် -
“ဒါက ဖျက်ဆီးပြီးသား မဟုတ်သေးဘူးလား… ဒီရှေးဟောင်းမြို့ပြတွေ အားလုံး အပျက်အစီးပုံတွေ ဖြစ်ကုန်ပြီဥစ္စာကို” ဟု ဆိုသည်။
လီယန်ချူက ခေါင်းကို ခါယမ်းလိုက်ပြီး -
“မလောက်သေးဘူး… ဒီနေရာမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်၊ ငါ့အထင်တော့ ဘာ အစီအရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာမှော်ရတနာပဲဖြစ်ဖြစ် ရှိနေဦးမှာပဲ… စောစောက ညိုမှိုင်းနေတဲ့ ကောင်းကင်ပြင်ကြီးက လွန်စွာ ဆန်းကြယ်တယ်၊ ငါတို့ ထွက်ခွာသွားရင် ပြန်လည်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”
ဟု ဆိုလိုက်သည်။
ရှောင်စဲ့ မျက်လုံးများ ပြူးသွားခဲ့ရပြီး -
“ဒီနေရာက ဒီလောက်အထိ ဆိုးယုတ်တာလား…” ဟု ဆိုသည်။
ဝေဟန်က ဆဲရေးတိုင်းထွာလိုက်ပြီး -
“ဒီလူတွေရဲ့ ဦးနှောက်က ဘာတွေလဲမသိဘူး… တစ်နေ့နေ့ ဒီလိုမျိုး သရဲတစ္ဆေ အကွက်တွေကိုပဲ လေ့လာနေကြတယ်” ဟု ဆိုလိုက်သည်။
ရှောင်စဲ့၏ စရိုက်မှာ လွန်စွာ မာနထောင်လွှားလှပြီး၊ ဓားနှစ်လက်မှာလည်း ထက်မြက်လှသော်လည်း၊ ပုံမှန်အားဖြင့် ဆဲရေးတိုင်းထွာလေ့ မရှိပေ။
သို့သော်လည်း ဝေဟန်မှာမူ မတူညီပေ၊ ဝေဟန်ကား ဆဲရေးတိုင်းထွာရာတွင် လွန်စွာ ကျွမ်းကျင်လှသော ဆဲဆရာကြီးတစ်ဦး ဖြစ်ပေသည်။
လီယန်ချူသည် ဝေဟန်၏ စကားကို ကြားလိုက်ရသောအခါ၊ သူ့ကို သေသေချာချာ စိုက်ကြည့်လိုက်မိသည်။
ဝေဟန် တစ်ချက် မှင်တက်သွားခဲ့ရပြီး -
“ဘာဖြစ်လို့လဲ…” ဟု မေးလိုက်သည်။
လီယန်ချူက မသိမသာ ပြုံးလိုက်ပြီး၊ ယခင်က ဝေဟန်သည် အနှစ်တစ်ထောင် သစ်ပင်မိစ္ဆာနှင့် တိုက်ခိုက်စဉ်က စကားလုံးများဖြင့် ဆဲရေးတိုင်းထွာခဲ့ပုံကို တွေးတောမိလိုက်သည်။
မူလက ဤနေရာကို ခြေမှုန်းဖျက်ဆီးပစ်လျက်၊ မိစ္ဆာအရှင်ကို အတင်းအကျပ် ထွက်ပေါ်လာစေရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း၊
ယခုအခါ ဝေဟန် ဤနေရာတွင် ရှိနေသဖြင့်၊ လီယန်ချူသည် ရုတ်တရက် အကြံဉာဏ်တစ်ခု ပြောင်းလဲသွားခဲ့ရသည်။
လီယန်ချူသည် ဝေဟန်ကို စိုက်ကြည့်လိုက်ပြီး၊ တည်ကြည်သော မျက်နှာထားဖြင့် -
“ငါ ရုတ်တရက် နည်းလမ်းတစ်ခု စဉ်းစားမိသွားတယ်၊ စမ်းသပ်ကြည့်လို့ရတယ်… မိစ္ဆာအရှင်ကို အတင်းအကျပ် ထွက်ပေါ်လာစေနိုင်မလားလို့ပဲ”
ဟု ဆိုလိုက်သည်။
လူတိုင်း၏ စိတ်ထဲတွင် တုန်ခါသွားခဲ့ရသည်။
ရွှီထျန်းနန်က အံ့ဩတုန်လှုပ်စွာဖြင့် -
“ဘာနည်းလမ်းလဲ…” ဟု မေးလိုက်သည်။
သူ၏ စိတ်ထဲတွင် လီယန်ချူက မိစ္ဆာအရှင်ကို အတင်းအကျပ် ခေါ်ထုတ်မည်ဟူသော အကြောင်းအရာကြောင့် ကြီးစွာ ထိတ်လန့်သွားခဲ့ရသလို၊ ထိုနည်းလမ်းကိုလည်း သေချာပေါက် စူးစမ်းလိုစိတ်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
လီယန်ချူသည် ဝေဟန်ကို လက်ညှိုးထိုးပြလိုက်ပြီး၊ အတည်ပေါက်ဖြင့် -
“အစ်ကိုဝေကို မိစ္ဆာအရှင်ကို လှမ်းအော်ခိုင်းလိုက်ရုံပါပဲ”
ဟု ဆိုလိုက်သည်။
ဝေဟန်၏ မျက်နှာတွင် အံ့ဩမှင်တက်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ မိမိကိုယ်မိမိ လက်ညှိုးပြန်ထိုးလျက် -
“ငါက သူ့ကို လှမ်းအော်ရမှာ ဟုတ်လား… ငါက ဘာဖြစ်လို့ သူ့ကို လှမ်းအော်ရမှာလဲ၊ ငါက သူ့အဖေမှ မဟုတ်တာဥစ္စာ” ဟု ဆိုလိုက်သည်။
လီယန်ချူ ချက်ချင်းပင် ရယ်မောလိုက်ပြီး -
“မှန်တယ်… ဒီအတိုင်းပဲ လှမ်းအော်လိုက်” ဟု ဆိုလိုက်သည်။
ဝေဟန် : “………………”
ရွှီထျန်းနန် : “………………”
သက်လတ်ပိုင်းဓားသမား ရန်ဆန် : “…………”
မျက်ခုံးရှည်ရဟန်းအိုကြီး : “………………”
ရှောင်စဲ့ : “………………”
လူတိုင်း နေရာ၌ပင် မှင်တက်သွားခဲ့ကြရသည်။
ဝေဟန်က မနေနိုင်ဘဲ -
“မင်း ငါ့ကို သူ့ကို ဆဲခိုင်းနေတာတော့ မဟုတ်ပါဘူးနော်…” ဟု ဆိုလိုက်သည်။
ယခင်က အနှစ်တစ်ထောင် သစ်ပင်မိစ္ဆာကို ရှာဖွေစဉ်က၊ ဝေဟန်သည် သေချာပေါက် ဆဲရေးတိုင်းထွာခဲ့သဖြင့်၊ နောက်ဆုံးတွင် သစ်ပင်မိစ္ဆာကို ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအရာမှာ သူ ပုံမှန်အသုံးပြုလေ့ရှိသော နည်းလမ်းဖြစ်သော်လည်း၊ ယခုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသည့် ဖြစ်တည်မှုမျိုးကိုပါ လီယန်ချူက တိုက်ရိုက် ဆဲခိုင်းလိမ့်မည်ဟု၊
အဆဲဆရာကြီး ဝေဟန်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
လီယန်ချူက ခေါင်းကို ညိတ်ပြလိုက်ပြီး -
“ဒီလူက အခုထိ ထွက်မလာဘူးဆိုတော့၊ အမှောင်ထဲကနေ စောင့်ကြည့်နေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒဏ်ရာရထားလို့ပဲဖြစ်ဖြစ်၊ ကန့်သတ်ချက်တစ်ခုခု ရှိနေလို့ တိုက်ရိုက် မလှုပ်ရှားနိုင်တာပဲ ဖြစ်ရမယ်…”
“ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အခုအချိန်မှာ သူ့ကို ဆဲထုတ်နိုင်ရင်တော့ အကောင်းဆုံးပဲ”
သူ၏ စကားမှာ လွန်စွာ ရဲရင့်လှသော်လည်း၊ လူတိုင်း ခဏမျှ တွေးတောကြည့်လိုက်သောအခါတွင်မူ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ကြရသည်။
မဟုတ်ပါက လီယန်ချူ ထွက်ခွာသွားလျှင်၊ မိမိတို့၏ စွမ်းအားများဖြင့် မိစ္ဆာအရှင်နှင့် ရင်ဆိုင်ရပါက သေချာပေါက် သေချင်သော်လည်း သေ၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ သေချာပေါက် ရုပ်သေးရုပ်အဖြစ် ကျေးကျွန်ပြုခြင်း ခံရမည် ဖြစ်ပေသည်။
သို့မဟုတ်ပါက သနားစဖွယ်ကောင်းစွာဖြင့် ခန္ဓာကိုယ်ပါ အလုခံရခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တွင် လူတိုင်းသည် လီယန်ချူနှင့်အတူ ဤရှေးဟောင်းမြို့ပြများကို ဖျက်ဆီးပစ်ခဲ့ကြပြီ ဖြစ်သဖြင့်၊ မိစ္ဆာအရှင်နှင့် ရန်ငြိုးကြီးစွာ ဖွဲ့မိပြီးသား ဖြစ်ပေသည်။
ဝေဟန်သည် ခါးကို မတ်လိုက်ပြီး၊ စိတ်ထဲတွင် ရဲရင့်မှုများ ပေါ်ထွက်လာခဲ့ကာ အေးဆေးစွာ ပြုံးလျက် -
“အောက်တန်းစား မိစ္ဆာအရှင်သာသာပဲဥစ္စာ၊ ငါ ဘာဖြစ်လို့ ကြောက်နေရမှာလဲ…”
ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့်၊ ဝေဟန်၏ ကြည်လင်ပြတ်သားလှသော ဆဲသံကြီး ထွက်ပေါ်လာခဲ့ပြီး တောင်တန်းများနှင့် သစ်တောများအတွင်း ပဲ့တင်ထပ်သွားခဲ့တော့သည်။
ယခုအခါ သူသည်လည်း တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သဖြင့်၊ အော်ရာစွမ်းအားများ ထူထပ်လှရာ၊ သူ၏ အသံမှာ ကမ္ဘာမြေကြီးတစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့သည်။
“မိစ္ဆာအရှင်… မင်းအမေကို ယိုး… ”
တောင်တန်းများ တုန်ခါသွားခဲ့ရပြီး၊ ငှက်များနှင့် သားရဲများ လန့်ပျံကုန်ကြတော့သည်။
ရွှီထျန်းနန် မျက်ခုံးပင့်လိုက်မိပြီး၊ စိုးရိမ်ပူပန်စွာဖြင့် -
“လီတာအိုဆရာ… ဒီလိုမျိုး လုပ်တာ ဖြစ်ပါ့မလား…” ဟု မေးလိုက်သည်။
လီယန်ချူ ခဏမျှ တွေးတောလိုက်ပြီး -
“ဘယ်သူသိမှာလဲ၊ ဘာပဲဖြစ်ဖြစ် ဆဲတာက ပိုက်ဆံပေးရတာမှ မဟုတ်တာဥစ္စာ” ဟု ဆိုလိုက်သည်။
ရွှီထျန်းနန်က စိုးရိမ်စွာဖြင့် -
“လူကို ဆဲပြီး ထွက်လာအောင် လုပ်တယ်ဆိုတာ၊ ဘယ်လိုပဲ နားထောင်နားထောင် သိပ်ပြီးတော့ အားကိုးလို့မရသလိုပဲ…” ဟု ဆိုသည်။
လီယန်ချူက ပြုံးလျက် -
“အခြားသူတွေဆိုရင်တော့ အားကိုးလို့မရနိုင်ဘူး၊ ဒါပေမဲ့ အစ်ကိုဝေကတော့ ဒီလမ်းစဉ်မှာ ကျွမ်းကျင်သူပဲ” ဟု ဆိုလိုက်သည်။
လီယန်ချူ၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့်၊ ဝေဟန်၏ အသံမှာ သာ၍ ကျယ်လောင်လာခဲ့ပြီး၊ တဆက်တည်း ဆဲရေးတိုင်းထွာသံများမှာ တောင်တန်းများနှင့် သစ်တောများအတွင်း တုန်ဟိန်းနေခဲ့တော့သည်။
လူတိုင်းလည်း အစပိုင်းတွင် အံ့ဩမှင်တက်ခြင်း၊ ဆွံ့အခြင်း၊ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်ခဲ့ကြရာမှ၊ နောက်ပိုင်းတွင်မူ မျက်နှာထားများမှာ လွန်စွာ ဆန်းပြားလာခဲ့ကြပြီး၊ နောက်ဆုံးတွင်မူ စိတ်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိကြတော့သည်။
အားလုံးက ဝေဟန်ကို လေးစားသော အကြည့်များဖြင့် စိုက်ကြည့်နေမိကြတော့သည်။
“ဝေဟန်… ဒီကောင်လေးက တကယ်ပဲ ဆဲရတာကို ပါရမီပါတာပဲ၊ ငါ့ကို ဆဲနေတာ မဟုတ်ပေမဲ့လည်း၊ ငါ နားထောင်ရင်းနဲ့တောင် ဓားဆွဲပြီး သူ့ကို ခုတ်ပစ်ချင်စိတ် ပေါ်လာတယ်…”
သက်လတ်ပိုင်းဓားသမား ရန်ဆန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သို့သော်လည်း လူတိုင်းက ဤလုပ်ရပ်မှာ ကလေးကလားဆန်သည်ဟု ခံစားမိကြပြီး၊ စိတ်ထဲတွင် ဆဲရသဖြင့် စိတ်သက်သာရာရစေသော်လည်း၊ လက်တွေ့ကျကျ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ထားကြသည်။
လူတစ်ယောက်ကို ဆဲရုံမျှဖြင့် မည်သို့ ထွက်ပေါ်လာစေနိုင်မည်နည်း။
ဝေဟန်ကား အားအင်အပြည့်ဖြင့် နှစ်နာရီ နီးပါး တဆက်တည်း ဆဲရေးတိုင်းထွာနေခဲ့ပြီး၊ တောင်တန်းများ တုန်ခါနေခဲ့သော်လည်း သူ၏ ကိုယ်ပေါ်တွင်မူ မည်သည့် ပင်ပန်းနွမ်းနယ်မှုမျှ ရှိမနေခဲ့ပေ။
ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသည့်၊ မြေပြင်နတ်ဘုရားဟု ယူဆရသော ကျွမ်းကျင်သူကြီးတစ်ဦးကို ဆဲရေးတိုင်းထွာခွင့်ရခြင်းမှာ၊ ဝေဟန်၏ စိတ်ကို လွန်စွာ ပျော်ရွှင်တက်ကြွမှု အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သည်။
လူတိုင်းလည်း ကျောက်တုံးများပေါ်တွင် သော်လည်းကောင်း၊ မြေပြင်ပေါ်တွင် သော်လည်းကောင်း အုပ်စုဖွဲ့၍ ထိုင်နေကြသည်။
ကျင့်ကြံသူ အမြောက်အမြားသည် ဝေဟန်၏ အမျိုးမျိုးသော ဆဲနည်းဆန်းများကို နားထောင်နေကြရသဖြင့် လွန်စွာ စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ကြရပြီး၊ အရသာရှိရှိ နားထောင်နေမိကြတော့သည်။
တိုက်ပွဲကြီးအပြီးတွင် စိတ်အပန်းဖြေစရာတစ်ခုအလား မှတ်ယူနေကြခြင်း ဖြစ်ပေသည်။
ဝေဟန်သည် နှစ်နာရီ ပြည့်အောင် ဆဲဆိုခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် သူ သေလုနီးပါး ဖြစ်ခဲ့ရသလို၊ မိစ္ဆာအရှင်၏ ကျေးကျွန်ပြုခြင်းကိုလည်း ခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့်၊ စိတ်ထဲတွင် ဒေါသတရား အမြောက်အမြား စုစည်းနေခဲ့ခြင်းလည်း ဖြစ်ပေသည်။
ဝေဟန်၏ မျက်ဝန်းများမှာ သာ၍ တောက်ပလာခဲ့ပြီး၊ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေခဲ့သည်။
ခဏမျှ ကြာပြီးနောက်၊ လူတိုင်း ဝေဟန်ကို အနားယူရန် ပြောဆိုကာ ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြပြီး၊ လီယန်ချူကိုယ်တိုင်ပင် စိတ်ကူးပြောင်းလဲသွားခဲ့ရသည်။
ဤကောင်လေးသည် မိမိကိုယ်မိမိ လုံးဝ လွှတ်ပေးထားခဲ့ခြင်း ဖြစ်ပြီး၊ မိမိ ထင်မှတ်ထားသည်ထက်ပင် သာ၍ အစွမ်းပြနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရုတ်တရက်…
ကြီးမားခမ်းနားလှသော အသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး၊ အသံအတွင်း၌ ဒေါသတရားများ ပြည့်နှက်နေလျက် -
“မင်း ဆဲလို့ ဝပြီလား… ” ဟု ဆိုလိုက်သည်။
ဤစကား ထွက်ပေါ်လာခဲ့သောအခါ၊ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရပြီး၊ ကမ္ဘာဦးကာလက အတိုင်းအတာမသိနိုင်အောင် ကြီးမားလှသော နတ်ဘုရားတစ်ပါး စကားပြောဆိုလိုက်သကဲ့သို့ ရှိတော့သည်။
လီယန်ချူ ချက်ချင်းပင် သဘောကျသွားခဲ့ရတော့သည်။
ဝေဟန်၏ ပါးစပ်ကတော့ တကယ်ကို အစွမ်းထက်တာပဲ။