အခန်း (၁၉၉၃-၁၉၉၄)
Vol. 200 Ch. 1993-1994
အခန်း (၁၉၉၃) လှည့်စားခြင်း
မသေမျိုးသန့်စင်တောင်တန်း
ကြီးမားခမ်းနားလှသော လူအုပ်စုကြီးတစ်ခုသည် တောင်တန်းကြီး၏ အလယ်ဗဟိုဆီသို့ အဆက်မပြတ် ချီတက်နေကြသည်။
လမ်းကြောင်းရှာဖွေရန် တာဝန်ယူထားရသည့် ကျင့်ကြံသူများသည် ရံဖန်ရံခါ ရှေ့ကနေ ပြန်လည်ရောက်ရှိလာပြီး ရှေ့တွင် ကြုံတွေ့ရသည့် အခြေအနေများကို လာရောက် သတင်းပို့ကြသည်။
လမ်းကြောင်းရှာဖွေရန် တာဝန်ယူထားရသူများသည် အခြေခံအားဖြင့် စမ်းသပ်စစ်ဆေးမှု အောင်မြင်ခဲ့သည့် ကျင့်ကြံသူများ ခေါ်ဆောင်လာခဲ့သည့် လက်အောက်ခံငယ်သားများသာ ဖြစ်ကြသည်။
ဖန့်ချန်၊ ဝူယဲ့တီ နှင့် ဆွန်းလုံအဖွဲ့မှ ခေါင်းဆောင်နှစ်ဦးကဲ့သို့သော ကျင့်ကြံသူများကတော့ မုရုံသခင်မလေး၏ ရထားလုံးအနီးတွင် လိုက်ပါရင်း ခြံရံစောင့်ရှောက်ရသည့် အစောင့်အကြပ် တာဝန်ကို ယူထားကြရသည်။
"အခုဆို ဆယ်ရက်တောင် ရှိသွားပြီ... ကျွန်တော်တို့ သားရဲတစ်ကောင်မှ မတွေ့ရသေးဘူး။ ကြည့်ရတာ မုရုံသခင်မလေးဟာ မုရုံဘိုးဘေးဆီကနေ အခွင့်အလမ်းကို တကယ်ပဲ ကြိုတင်ရရှိထားတာ ဖြစ်ရမယ်။ ဒီလမ်းကတော့ တကယ်ပဲ ချောချောမွေ့မွေ့ ရှိနေပြီး ငါတို့ကို မသေမျိုးကံတရားနဲ့ ထိတွေ့ခွင့် ရစေမှာ သေချာတယ်"
ဝူယဲ့တီသည် ဖန့်ချန်နှင့်အတူ ပုခုံးချင်းယှဉ် လျှောက်လှမ်းရင်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်အချို့ ဖြတ်ပြေးနေသည်။
ဖန့်ချန်ကတော့ ဝူယဲ့တီ၏ စကားကို ပြန်မဖြေဘဲ... ဤနေရာမှ တားမြစ်ချက် အစီအရင်များ ရှိရာဆီသို့ အကွာအဝေး မည်မျှ လိုသေးသည်ကိုသာ စိတ်ထဲကနေ တွက်ချက်နေမိသည်။
'ဒီလို အရှိန်အဟုန်အတိုင်း ဆက်သွားမယ်ဆိုရင်တော့ တစ်လဝန်းကျင်လောက်ဆို ရောက်နိုင်ပြီ။ ဒီဦးတည်ချက်က တကယ်ပဲ မသေမျိုးသန့်စင်ကန် ရှိရာ အရပ် ဖြစ်နေတာပဲ။ ဒါကြောင့် ဒီမုရုံသခင်မလေးဟာ ဟိုဘက်ကလူတွေနဲ့ အဆက်အသွယ် ရှိခဲ့တာ ဖြစ်သင့်တယ်။ ဒါပေမဲ့... အဲဒီ ကျဆုံးမသေမျိုး တွေက ဒီလို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို ဘာအတွက်ကြောင့် လိုချင်နေရတာလဲ'
ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် သိချင်စိတ် ပြင်းပြလာသည်။
မသေမျိုးသန့်စင်ကန်တွင် အခြေစိုက် စောင့်ကြပ်နေသည့် ကျဆုံးမသေမျိုးများ၏ ကျင့်ကြံခြင်းအဆင့်နှင့် ကြည့်မည်ဆိုလျှင်... မည်သည့်ကိစ္စမျိုးပဲ ဖြစ်ဖြစ် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို သုံးပြီး လုပ်ခိုင်းရမည့် အကြောင်းရင်း မရှိချေ။
ထိုကိစ္စ၏ နောက်ကွယ်တွင် သူ သတိမပြုမိသေးသည့် အသေးစိတ် အချက်အလက်အချို့ ရှိနေသေးသည်မှာ သေချာသည်။
နောက်ထပ် ဆယ်ရက်ခန့် ဖြတ်သန်းသွားပြီးနောက်...
လူအုပ်ကြီးသည် လမ်းတွင် ပိတ်ဆို့နေသည့် ပထမဆုံး သားရဲနှင့် ရင်ဆိုင်လိုက်ရသည်။
၎င်းကတော့ လူတိုင်း ဖြတ်သန်းသွားရမည့် လမ်းမထက်တွင် ခွေရစ်အခြေချနေသည့် မြွေကြီးတစ်ကောင် ဖြစ်သည်။
ဆွန်းလုံအဖွဲ့မှ ခေါင်းဆောင်နှစ်ဦးသည် ထိုမြင်ကွင်းကို မြင်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... မုရုံသခင်မလေးဘက်က အမိန့်ပေးရန်ပင် မလိုဘဲ နှစ်ယောက်အတူ လက်တွဲကာ ချက်ချင်း ထွက်၍ တိုက်ခိုက်လိုက်ကြသည်။
အတန်ကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက်၊ ထိုမြွေကြီးမှာ ခန္ဓာကိုယ်နှင့် ခေါင်း တခြားစီ ဖြစ်သွားရတော့သည်။
ထိုအဖွဲ့ကြီးစိုးသူနှစ်ဦးသည် စစ်ပွဲမှ အောင်ပွဲခံကာ ပြန်လာသည့် စစ်သူကြီးများကဲ့သို့ နှာခေါင်းများမှာ မိုးပေါ်သို့ မော့တက်လုမတတ် ပလွှားနေကြသည်။
ထိုဖြစ်ရပ်လေး ပြီးဆုံးသွားပြီးနောက်၊ နောက်ပိုင်းလမ်းများမှာ ထပ်မံ၍ အလွန် ချောမွေ့သွားခဲ့ပြန်သည်။
မသိမသာဖြင့် လူတိုင်းသည် မသေမျိုးသန့်စင်တောင်တန်း၏ အနက်ရှိုင်းဆုံး အရပ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်ရာ... ဝူယဲ့တီ၏ စိတ်ထဲက စိတ်လှုပ်ရှားမှုများပင် အနည်းငယ် လျော့နည်းသွားပြီး သတိဝီရိယများ ပိုမို တိုးပွားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤမျှအထိ နက်ရှိုင်းသော နယ်မြေသို့ တစ်ခါမျှ မရောက်ဖူးသောကြောင့် ဖြစ်သည်။
ထိုမသေမျိုးသန့်စင်တောင်တန်းကြီး၏ အထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် ယှဉ်နိုင်သည့် သားရဲများ ရှိမရှိ မည်သူ သိနိုင်မည်နည်း။
"အားလုံးပဲ... ခေတ္တမျှ ရပ်နားကြပါဦး၊ ကျွန်မတို့ကို လာကြိုမယ့်လူ ရှိပါတယ်"
မုရုံသခင်မလေးသည် ရုတ်တရက် ရထားလုံးအတွင်းမှ ထွက်လာပြီး လူတိုင်းကို ခေါင်းညိတ်ပြကာ ပြောဆိုလိုက်သည်။
လူတိုင်း ချက်ချင်းပင် ဆွံ့အသွားကြသည်။ သူတို့ကို လာကြိုမယ့်လူ ရှိတယ် ဟုတ်လား။
ဖန့်ချန်၏ ဝိညာဉ်စွမ်းအင် က လှုပ်ရှားသွားပြီး၊ ခဏချင်းအတွင်းမှာပင် ကောင်းကင်ယံထက်သို့ ရောက်ရှိသွားသည်။
အမှန်တကယ်ပင် ကျင့်ကြံသူ နှစ်ဦးသည် ဤနေရာဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းလာနေကြသည်ကို မြင်လိုက်ရသည်။
ဤလူနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်မှာ ရွှေအမြုတေအဆင့် တွင် ရှိနေပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ကျဆုံးမသေမျိုး၏ အငွေ့အသက်များ မရှိချေ။ ပုံမှန် ကျင့်ကြံသူများ ဖြစ်ပုံရသည်။
၎င်းတို့ လာရာ ဦးတည်ချက်မှာ ကွက်တိပင် မသေမျိုးသန့်စင်ကန် ရှိရာဘက်က ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက်စာ ခန့်အကြာတွင်တော့... အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည့် ကျင့်ကြံသူ နှစ်ဦးသည် ကောင်းကင်ယံမှ ဝုန်းခနဲ ဆင်းသက်လာခဲ့ကြရာ၊ ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းများက ၎င်းတို့၏ ခြေဖဝါးအောက်မှနေ၍ ပတ်ပတ်လည်သို့ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်သွားပြီး... လေပြင်းများ တိုက်ခတ်ကာ ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်သွားခဲ့သည်။
ထိုနေရာတွင် ရှိနေကြသည့် ကျင့်ကြံသူများအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြပြီးနောက်၊ မျက်နှာအမူအရာများ လေးနက်သွားကြကာ... ထိုကျင့်ကြံသူ နှစ်ဦးကို အလွန် ဂရုတစိုက်ဖြင့် အကဲခတ်ကြည့်လိုက်ကြသည်။
၎င်းတို့၏ ဆဌမအာရုံက ပြောပြနေသည်မှာ... ဤကျင့်ကြံသူ နှစ်ဦး၏ အင်အားမှာ ၎င်းတို့ထက် အဆပေါင်းများစွာ သာလွန်နေပြီး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။
"လူနှစ်ရာကျော်... အရေအတွက်ကတော့ မနည်းဘူးပဲ။ ဒါပေမဲ့ ဘယ်နှယောက်က အသုံးတည့်မလဲတော့ မသိဘူး"
အမျိုးသား ကျင့်ကြံသူက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဝတ်ကျေတန်းကျေ ရယ်မောကာ ပြောဆိုလိုက်သည်။
အမျိုးသမီး ကျင့်ကြံသူကတော့ ပြုံးရုံသာ ပြုံးနေပြီး၊ မုရုံသခင်မလေးကို ခေတ္တမျှ စိုက်ကြည့်ကာ အကဲခတ်နေပြီးနောက် ဆိုလိုက်သည်။
"မင်းက မုရုံပါး ရဲ့ သွေးသားမျိုးဆက်လား"
မုရုံသခင်မလေးသည် ထိုစကားကို ကြားသောအခါ၊ ချက်ချင်းပင် ရှေ့သို့ တက်၍ အရိုအသေပေးလိုက်သည်။
"မုရုံဟွေ့ က စီနီယာ နှစ်ဦးကို ဂါရဝပြုပါတယ်။ မုရုံပါး က ကျွန်မရဲ့ ဘိုးဘေး အစစ်အမှန်ပါပဲရှင်"
"ဒါဆိုရင်တော့ ဟုတ်ပြီ... မုရုံပါး ပြောထားတယ်၊ မင်း ကျင့်ကြံသူ တစ်သုတ် ခေါ်လာလိမ့်မယ်လို့။ ကဲ... နောက်ကနေ လိုက်ခဲ့ကြတော့"
အမျိုးသမီး ကျင့်ကြံသူက ခေါင်းကို သာသာလေး ညိတ်ပြလိုက်ပြီးနောက်၊ လူတိုင်းကို ၎င်းတို့နောက်ကနေ လိုက်ခဲ့ရန် အချက်ပြကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။
လူတိုင်းသည် မသေမျိုးသန့်စင်တောင်တန်းထဲတွင် ကောင်းကင်ယံ၌ ပျံသန်း သွားလာရန် မဝံ့မရဲ ဖြစ်နေကြသော်လည်း၊ ယခုအခါ ဤလူနှစ်ဦး၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ပါရင်း စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေကြဆဲ ဖြစ်သည်။
အဓိကအချက်မှာ ၎င်းတို့သည် ထိုလူနှစ်ဦး၏ စကားပြောဆိုပုံများထဲကနေ သံသယဖြစ်ဖွယ် အချက်အချို့ကို ရိပ်မိလိုက်ကြသောကြောင့် ဖြစ်သည်။ သို့သော် လက်ရှိတွင်တော့ မည်သူမျှ ထုတ်ဖော် မမေးမြန်းဝံ့ကြချေ။
"မိတ်ဆွေဝမ်... အခြေအနေက တစ်ခုခု မဟုတ်တော့ဘူး"
ဝူယဲ့တီသည် မျက်နှာတွင် မည်သည့်အမူအရာမျှ မပြသော်လည်း၊ တိုးတိုးတိတ်တိတ် အသံလွှင့်ကာ လှမ်းပြောလိုက်သည်။
"အခြေအနေကို အရင်ကြည့်ရအောင်... အခွင့်အခါကို ကြည့်ပြီး လှုပ်ရှားတာပေါ့"
ဖန့်ချန်က ပြန်လည် အသံလွှင့်လိုက်သည်။
ဝူယဲ့တီ၏ စိတ်ထဲတွင် အလွန် ထိတ်လန့် စိုးရိမ်နေသော်လည်း၊ လက်ရှိတွင် ဤသို့သာ လုပ်နိုင်တော့သည်။
အကယ်၍ ကိစ္စရပ်များတွင် အမှန်တကယ်ပဲ ထူးဆန်းမှု ရှိနေလျှင်... သူသာ ယခုအချိန်တွင် ကန့်ကွက်စကား ဆိုလိုက်မည်ဆိုပါက၊ ထိုနေရာမှာတင် ချက်ချင်း အသတ်ခံရမလား မည်သူ သိနိုင်မည်နည်း။
လူတိုင်းသည် ထိုကဲ့သို့ပင် ထိုကျင့်ကြံသူ နှစ်ဦး၏ နောက်သို့ လိုက်ပါကာ ရက်အနည်းငယ်ခန့် ပျံသန်းခဲ့ကြပြီးနောက်... ရှေ့တွင် ရုတ်တရက် ဖြူဖွေးနေသည့် မြူခိုးထူထူကြီးများ ပေါ်လာခဲ့သည်။
"ဒါ... ဒါက သေမင်းတမန်နယ်မြေပဲ"
ကျင့်ကြံသူအချို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး၊ ဘာပဲဖြစ်ဖြစ် ရှေ့သို့ ဆက်မတက်ဝံ့ကြတော့ချေ။
မသေမျိုးသန့်စင်တောင်တန်းထဲတွင် "သေမင်းတမန်နယ်မြေ" ဆိုသည်မှာ အမြဲတမ်း တားမြစ်ချက်တစ်ခု ဖြစ်ခဲ့သည်။ ကျင့်ကြံသူအချို့သည် ထိုနယ်မြေထဲသို့ လူအချို့ ဝင်ရောက်သွားပြီးနောက်... မည်သည့်အခါမျှ ပြန်ထွက်မလာတော့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးကြသည်။
ထိုကဲ့သို့သော ကောလာဟလများမှာ ရေတွက်၍ မကုန်နိုင်အောင် ရှိနေခဲ့သော်လည်း... လူတိုင်းသည် ၎င်းတို့ကိုယ်တိုင် ဤသေမင်းတမန်နယ်မြေကို မျက်ဝန်းဖြင့် မြင်တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦး၏ မျက်ဝန်းထဲတွင် သာသာလေး ပြုံးရိပ်တစ်ခု ပေါ်လာပြီး
"ဒါက တားမြစ်ချက် အစီအရင် ဖြစ်တယ်၊ မင်းတို့ ပါးစပ်က ပြောနေတဲ့ သေမင်းတမန်နယ်မြေ မဟုတ်ဘူး။ ဒါပေမဲ့ လမ်းပြမယ့်လူ မရှိရင်တော့... မင်းတို့တွေ သဘောအတိုင်း စည်းမဲ့ကမ်းမဲ့ ဝင်သွားမယ်ဆိုရင်တော့ တကယ်ပဲ သေသွားလိမ့်မယ်"
"အားလုံးပဲ... မသေမျိုးကံတရားက မျက်စိရှေ့တင် ရှိနေပြီ။ မင်းတို့တွေ ဒီအချိန်ကျမှ အရှုံးပေးတော့မလို့လား"
မုရုံဟွေ့က သာသာလေး ပြုံးလိုက်ရင်း
"စီနီယာ နှစ်ဦးဟာ ကျွန်မရဲ့ ဘိုးဘေးလိုပဲ မသေမျိုးကံတရားကို ရရှိထားတဲ့ ကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။ အားလုံးပဲ စိတ်ချလက်ချ ရှိကြပါ"
"မုရုံသခင်မလေး... ဒီလိုမျိုး မသေမျိုးကံတရားက ဘယ်မှာ ရှိမှာလဲ။ သခင်မလေးအနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တာ ပိုကောင်းပါလိမ့်မယ်၊ ကျွန်တော်တို့ကို ဘာလုပ်ခိုင်းဖို့ လိုလို့လဲ။ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကလည်း မမြင့်မားသလို၊ ကျွန်တော်တို့ရဲ့ အသားကလည်း မနူးညံ့ပါဘူး..."
လူတစ်ယောက်က သတ္တိမွေးကာ လှမ်းပြောလိုက်သည်။
အသားကလည်း မနူးညံ့ဘူး ဟုတ်လား။
ထိုကျင့်ကြံသူ၏ စကားကို ကြားသောအခါ၊ လူတိုင်း၏ စိတ်ထဲတွင် တစ်ခုခုကို တွေးတောမိသွားကြပြီး... မျက်နှာအမူအရာများ ချက်ချင်း ပျက်သွားကြတော့သည်။
ကျင့်ကြံသူအချို့မှာတော့ တိတ်တဆိတ် နောက်ဆုတ်ရန် ပြင်နေကြပြီ ဖြစ်သည်။
လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ လုံးဝ မဟုတ်တော့ချေ။
"လူအတွေ... ဒီနေရာအထိ ရောက်လာမှတော့ မင်းတို့တွေ ပြန်လှည့်ထွက်သွားလို့ ရဦးမလား"
အမျိုးသား ကျင့်ကြံသူက ရယ်မောကာ ခေါင်းခါလိုက်ပြီး... နောက်ဆုတ်နေသည့် ကျင့်ကြံသူထံသို့ လက်ညှိုးဖြင့် အသာအယာ ဝေ့ယမ်းလိုက်ရာ၊ ထိုကျင့်ကြံသူ၏ သွေးသားခန္ဓာကိုယ်မှာ အလင်းတန်းကြီးကြောင့် တစ်ခဏချင်းအတွင်း အရည်ပျော်သွားပြီး၊ ထိုနေရာမှာတင် မီးခိုးပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျန်ရှိနေသည့် လူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"သွားပြီ... ငါတို့ကို မုရုံဟွေ့ ဆိုတဲ့ ဒီဖာသည်မက ရောင်းစားလိုက်ပြီ"
ဝူယဲ့တီ၏ နဖူးပေါ်တွင် ချွေးစေးများ စီးကျလာသည်။
တစ်ဖက်လူက စကားတစ်ခွန်း မဟဘဲ ချက်ချင်း လူသတ်လိုက်ခြင်းကို ကြည့်ရုံဖြင့်... လုံးဝ ကောင်းမွန်သော သဘောထား မဟုတ်သည်မှာ ထင်ရှားလှပေသည်။
"အခွင့်အခါကို ကြည့်ပြီး လှုပ်ရှားရင် ရပြီ"
ဖန့်ချန်က အသံလွှင့်လိုက်သည်။
မုရုံဟွေ့သည်လည်း ဆက်လက်၍ ဟန်ဆောင်မနေတော့ဘဲ၊ တည်ငြိမ်အေးစက်သော အမူအရာဖြင့် လူတိုင်းကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ငါပြောတဲ့ မသေမျိုးကံတရားက အလိမ်အညာ မဟုတ်ဘူး။ မင်းတို့တွေ စီနီယာ နှစ်ဦးရဲ့ စကားကို လိမ္မာယဉ်ကျေးစွာ နားထောင်မယ်ဆိုရင်... နောင်တစ်ချိန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ ခက်ခဲတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ အဓိကအချက်ကတော့... စကားနားထောင်ရမယ်"
ပြောပြီးသည်နှင့် သူမက ထိုလူနှစ်ဦးကို လက်အုပ်ချီ အရိုအသေပေးလိုက်သည်။
"စီနီယာ နှစ်ဦးရှင်... ဒါဆိုရင်တော့ ကျွန်မ အရင်ဆုံး ပြန်ပါရစေဦး"
ပြောပြီးနောက် သူမသည် မုရုံမိသားစု၏ ရင်းနှီးသော လူယုံအချို့ကို ခေါ်ဆောင်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် အမျိုးသမီး ကျင့်ကြံသူက သာသာလေး ရယ်မောလိုက်ပြီး ဆိုသည်။
"မင်းလည်း ပြန်နေဖို့ မလိုတော့ဘူး၊ အတူတူ ဝင်သွားကြတာပေါ့"
မုရုံဟွေ့ ချက်ချင်းပင် ဆွံ့အသွားပြီး
"စီနီယာ... ကျွန်မရဲ့ ဘိုးဘေး ပြောတာက..."
"မုရုံပါးက ကိစ္စတစ်ခုကို မှားယွင်းစွာ လုပ်မိခဲ့တဲ့အတွက်၊ အသေသတ်ခြင်း ခံလိုက်ရပြီ"
"..."
မုရုံဟွေ့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်သည့် အရိပ်အယောင်များ ပေါ်လာပြီး၊ ထိုနေရာတွင်တင် ကြောင်အမ်းအမ်းကြီး ရပ်နေမိတော့သည်။
သူမ၏ လှည့်စားခြင်းကို ခံခဲ့ရသည့် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ၊ ချက်ချင်းပင် စိတ်ထဲကနေ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့... ဝင်ကြစို့"
အမျိုးသား ကျင့်ကြံသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ရာ... ကျောက်စိမ်းပေလွှာအတွင်းမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ရှေ့က မြူခိုးထူထူကြီးများကြားတွင် လမ်းကြောင်းတစ်ခု ချက်ချင်း ပွင့်သွားခဲ့သည်။
"သွားကြစို့"
ဖန့်ချန်က ဝူယဲ့တီကို တိုက်ရိုက် ဆွဲခေါ်ကာ အတွင်းထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။
အမျိုးသား ကျင့်ကြံသူက အလွန် သဘောကျစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
"ဒီလို အချိန်မျိုးမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချနိုင်တာ... အလားအလာ အနည်းငယ် ရှိတာပဲ"
ဝူယဲ့တီသည် စိတ်ထဲတွင် အလွန် စိုးရိမ်ထိတ်လန့်နေခဲ့သော်လည်း၊ ဤစကားကို ကြားလိုက်ရသောအခါမှသာ စိတ်သက်သာရာ အနည်းငယ် ရသွားခဲ့သည်။
မုရုံဟွေ့သည်လည်း ထိုအခြေအနေကို မြင်သောအခါ၊ အလျင်အမြန်ပင် နောက်ကနေ လိုက်ပါသွားတော့သည်။
ကျန်ရှိနေသည့် လူများမှာလည်း စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြပြီး... ရှေ့နောက် လုရက်ကာ အတွင်းထဲသို့သာ တိုးဝှေ့ ဝင်ရောက်သွားကြတော့သည်။
မည်သို့ပင် ဖြစ်စေ... ခုခံ၍ မရနိုင်မှတော့၊ တစ်ဖက်လူကို ကောင်းမွန်သော အထင်အမြင်တစ်ခု ပေးလိုက်တာက ပိုကောင်းပေလိမ့်မည်။
အနည်းဆုံးတော့ တစ်ဖက်လူ ပြောသွားသည့် စကားတစ်ခွန်းက အမှန်တရား ဖြစ်သည်။ မုရုံပါးသည် တကယ်ပဲ တစ်ချိန်က ၎င်းတို့၏... အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
ဖြစ်နိုင်သည်မှာ ၎င်းတို့သည်လည်း နောင်တွင် မုရုံပါးကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အခန်း (၁၉၉၄) ဒါက တကယ်ပဲ တိုက်ဆိုင်လွန်းနေပြီ
မြူခိုးများက လူတိုင်း၏ မျက်စိရှေ့တွင် တဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီးနောက်... တစ်ခဏချင်းအတွင်းမှာပင် စည်ကားသိုက်မြိုက်လှသော မြို့တော်ကြီးတစ်ခုသည် လူတိုင်း၏ ရှေ့မှောက်၌ ပေါ်ပေါက်လာခဲ့သည်။
ဤနေရာတွင် လူသံများဖြင့် ဆူညံနေပြီး၊ ရံဖန်ရံခါတွင် နတ်ဆိုးကျင့်ကြံသူ များ ဖြတ်သန်းသွားလာနေကြသည်ကို မြင်တွေ့ရသည်။
"ဒါ... ဒါတွေက နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ဘူးလား"
ဝူယဲ့တီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
လူသားမျိုးနွယ် ကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများသည် ရှေးယခင်ကတည်းကပင် တစ်ဦးနှင့်တစ်ဦး သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ဘက် ဖြစ်ခဲ့ကြရာ... မသေမျိုးသန့်စင်တောင်တန်း၏ အနက်ရှိုင်းဆုံး အရပ်တွင် လူသားကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများ အတူတကွ ပူးတွဲနေထိုင်ရာ ဤကဲ့သို့သော နေရာမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ထူးခြားသော အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် ယခင်က ဝိညာဉ်စွမ်းအင်ဖြင့် စုံစမ်းစစ်ဆေးခဲ့စဉ်က... ဤနေရာတွင် ဤကဲ့သို့သော မြို့တော်ကြီးတစ်ခု ရှိနေသည်ကို မမြင်တွေ့ခဲ့ရချေ။
ထိုနေရာရှိ တားမြစ်ချက် အစီအရင်မှာ ဤမြို့တော်ကြီးကို အထူးတလည် ကွယ်ဝှက်ထားရန်အတွက် ဖန်တီးထားပုံရပြီး... အကယ်၍ သေချာစွာ စေ့စေ့စပ်စပ် မစစ်ဆေးခဲ့လျှင် အလွယ်တကူပင် သတိမမူမိဘဲ လွတ်သွားနိုင်ပေသည်။
'ဒီလို မြို့တော်ကြီးတစ်ခုကို... ဒီလို တားမြစ်ချက် အစီအရင်မျိုး သုံးပြီး ကွယ်ဝှက်ထားတယ်ဆိုတော့...'
မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်သည် မြို့တော်ကြီးတစ်ခုလုံးကို နှံ့စပ်အောင် ပတ်၍ စစ်ဆေးပြီးသွားခဲ့ပြီ ဖြစ်သည်။
ခမ်းနားထည်ဝါလှသော နန်းတော်မကြီးတစ်ခုအတွင်း။
ကျန်းဝူ တစ်ပိုင်းသူတော်စင် အပါအဝင် ချန်ရှန်းသူတော်စင် ၊ လော့ရွှမ်သူတော်စင် နှင့် ဟေးဖော်သူတော်စင် တို့သည် ခန်းမတစ်ခုတည်းတွင် အတူတကွ ထိုင်နေကြသည်။
၎င်းတို့၏ ဆန့်ကျင်ဘက်တွင်တော့ လူရိပ် ဆယ်ဂဏန်းခန့် ထိုင်နေကြသည်။
ထိုလူရိပ် ဆယ်ဂဏန်းခန့်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ထူထပ်လှသော ကျဆုံးမသေမျိုး တို့၏ အငွေ့အသက်များ ရစ်ဝိုင်းနေသည့် တည်ရှိမှုများ ရှိနေသကဲ့သို့... ကောင်းကင်သို့ ထိုးတက်လုမတတ် ပြင်းထန်လှသော နတ်ဆိုးချီအငွေ့အသက်များ ရှိနေသည့် ကျင့်ကြံသူများလည်း ပါဝင်နေသည်။
'ဒါက တကယ်ပဲ... တိုက်ဆိုင်လွန်းနေတာပဲ။ လူသားမျိုးနွယ် သူတော်စင်တွေ၊ ကျဆုံးမသေမျိုးတွေ၊ နတ်ဆိုးကျင့်ကြံသူတွေ... တကယ့်ကို စည်ကားနေတာပဲ'
ဖန့်ချန်သည် ဘေးတစ်ဖက်တွင် ရပ်နေရင်း ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ထဲကနေ မချိတင်က ဖြစ်စွာ ရေရွတ်မိလိုက်သည်။
နယ်မြေကိုးခု တွင် အင်အားစုအသီးသီးသည် ဤကောင်များကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့ကြပြီး... ကြီးမားလှသော တားမြစ်နယ်မြေကြီးများ သို့ပါ လှည့်လည်ရှာဖွေခဲ့ကြသော်လည်း ၎င်းတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ကြချေ။
သူတို့တစ်သိုက်ကို နတ်ဘုရားလောက ထဲတွင် ယခုကဲ့သို့ ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပါ။
'ကျန်းရန်သူတော်စင် တော့ မရှိဘူးပဲ... ဘယ်ကို သွားနေတာလဲ။ နတ်ဘုရားလောကကို မလာတာလား၊ ဒါမှမဟုတ် ဒီနေရာမှာ မရှိတာလား'
ဖန့်ချန်၏ စိတ်အမူအရာ အနည်းငယ် လှုပ်ရှားသွားပြီးနောက်... သူ၏ အကြည့်ကို ထိုကျဆုံးမသေမျိုး အနည်းငယ်ထံသို့ ပို့လိုက်သည်။
ဤကျဆုံးမသေမျိုး အနည်းငယ်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း လျှော့တွက်၍ မရချေ။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်လှသော အငွေ့အသက်များမှာ ၎င်းတို့၏ စစ်မှန်သော ရုပ်ကောင်ကိုပင် ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ဘဲ... လူသားအရေပြားအောက်တွင် စိမ်းဖန့်ဖန့် မျက်နှာနှင့် အစွယ်တပြူးပြူး ရှိနေသည့် သတ္တဝါဆိုးကြီးများ ထိုင်နေသကဲ့သို့ ခပ်ဝါးဝါး မြင်တွေ့နေရသည်။
'ဟေးဖော်သူတော်စင်တို့ကတော့ ရှေးဟောင်းတားမြစ်နယ်မြေတွေကို အခြေခံပြီး အတွင်းနယ်မြေ ကို မနည်း စုစည်းတည်ဆောက်ထားရတာ ဖြစ်လို့... သူတို့ အတွင်းနယ်မြေရဲ့ စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ အဲဒီ သခင်လေး ပြောတဲ့ သေမင်းတမန် ဝိညာဉ်တွေရဲ့ ကျူးကျော်မှုကို ခံရလွယ်တယ်။
ဒါပေမဲ့... ဒီကျဆုံးမသေမျိုး တစ်သုတ်ကတော့ အခြေအနေက ဟေးဖော်သူတော်စင်တို့ထက် အများကြီး ပိုကောင်းနေပုံပဲ။ သူတို့ရဲ့ အငွေ့အသက်တွေက နတ်ဘုရားနယ်မြေ ရဲ့ တစ်ပိုင်းသူတော်စင်တွေနဲ့တောင် တော်တော်လေး နီးစပ်နေပြီ။
ကျဆုံးမသေမျိုးတွေက တကယ်ပဲ သူတို့ဘာသာသူတို့ လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့တာပဲ
ဖန့်ချန်၏ လက်ရှိ စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေသည်။
နယ်မြေကိုးခု၏ မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ရှေးဦးဘိုးဘေးများသည် လမ်းကြောင်းပေါင်းစုံကို စမ်းသပ်ခဲ့ကြသော်လည်း...သူတော်စင်ကျမ်းစာ နှင့် ဆင်တူသည့် လမ်းကြောင်းမျိုးကို မရှာဖွေနိုင်ခဲ့ကြချေ။
သို့သော်လည်း ကျဆုံးမသေမျိုး မျိုးနွယ်စုကတော့ ၎င်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုကျဆုံးမသေမျိုးများသည် အတွင်းနယ်မြေကို ပိုင်ဆိုင်ထားသည့် တစ်ပိုင်းသူတော်စင်များ ဖြစ်ကြောင်း အတည်ပြုပြီးနောက်... ဖန့်ချန်၏ အကြည့်က ထိုနတ်ဆိုးကျင့်ကြံသူ အနည်းငယ်ထံသို့ ကျရောက်သွားသည်။
၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးချီအငွေ့အသက်များသည် လူကို တစ်မျိုးကြီး ခံစားရစေသည်။
'မဟုတ်သေးဘူး... ဒီနတ်ဆိုးချီတွေထဲမှာ ကျဆုံးမသေမျိုးတွေရဲ့ အငွေ့အသက်တွေ စွက်ဖက်နေသလိုပဲ။ နတ်လမ်းစဥ်ဂိုဏ်း ရဲ့ နတ်ဆိုးမျိုးနွယ်တွေက ကျဆုံးမသေမျိုးတွေရဲ့ လမ်းကြောင်းကို လိုက်သွားကြတာလား'
ဖန့်ချန် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
လက်ရှိတွင် ထိုနတ်ဆိုးကျင့်ကြံသူကြီးများ၏ အငွေ့အသက်မှာ အကန့်အသတ် ကျော်လွန်ခြင်းအဆင့် မျှသာ ရှိသေးပြီး... အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်သည့် အဆင့်သို့ မရောက်သေးချေ။
"အားလုံးပဲ... အခုဆို ကျန်းရန်သူတော်စင်က ဘယ်ရောက်လို့ ဘယ်နား ရောက်နေမှန်း မသိရဘူး။ သူဟာ ယန်နတ်ဘုရား ရဲ့ လက်ချက်ကြောင့် ဒုက္ခရောက်သွားပြီလို့ ကျုပ် သံသယရှိမိတယ်။ အားလုံးအနေနဲ့ ဘယ်လို အကြံဉာဏ်မျိုး ရှိကြလဲ"
ကျန်းဝူ တစ်ပိုင်းသူတော်စင်က ခပ်တိုးတိုး သက်ပြင်းချလိုက်ရင်း ခန်းမထဲတွင် ရှိနေသည့် လူများကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး... သူ၏ အကြည့်ကို ထိုကျဆုံးမသေမျိုးများထံသို့ အဓိက ထား၍ စိုက်ကြည့်လိုက်သည်။
'ကျန်းရန်သူတော်စင်က ဘယ်ရောက်နေမှန်း မသိဘူး ဟုတ်လား။ ကြည့်ရတာ သူတို့တွေလည်း ကျန်းရန်သူတော်စင် ဘယ်မှာ ရှိနေလဲဆိုတာ မသိကြဘူးပဲ...'
ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။
ပုံမှန်အတိုင်းဆိုလျှင် ထိုကောင်များအားလုံး နတ်ဘုရားလောကသို့ ရောက်ရှိနေကြမှတော့... ကျန်းရန်သူတော်စင်သည်လည်း ဤနေရာတွင် ရှိနေသင့်ပေသည်။
ထိုစဉ်က ယင်လောက တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်... ဤလူစုသည် ကျန်းရန်သူတော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြခြင်း ဖြစ်မလား။
"ကျုပ် အမြင်ကတော့... သူက အသက်ရှင်ဖို့အတွက် သေရမှာ ကြောက်ပြီး တစ်ယောက်တည်း ပုန်းအောင်းနေတာ နေမှာပါ။ နတ်ဘုရားလောကရဲ့ အထီးကျန်မှုကို မကြောက်သရွေ့တော့... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နတ်ဘုရားလောကထဲမှာ နောက်ထပ် နှစ်ပေါင်းများစွာ ကြာအောင် အသက်ရှင်နေနိုင်ပါသေးတယ်"
ကျဆုံးမသေမျိုး တစ်ဦးက နှာခေါင်းရှုံ့ကာ အေးစက်စွာ သရော်လိုက်သည်။
ကျန်းဝူး တစ်ပိုင်းသူတော်စင်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး
"မိတ်ဆွေ... ဘာကြောင့် ကျန်းရန်သူတော်စင်ကို ဒီလိုမျိုး စွပ်စွဲပုတ်ခတ်ပြောဆိုနေရတာလဲ။ ရှေးယခင်ကတည်းက ကျန်းရန်သူတော်စင်ဟာ ဘယ်တုန်းကမှ သေရမှာ ကြောက်တဲ့လူမျိုး မဟုတ်ခဲ့ဘူး"
ပြောပြီးသည်နှင့် သူက ဟေးဖော်သူတော်စင်၊ ချန်ရှန်းသူတော်စင် နှင့် လော့ရွှမ်သူတော်စင်တို့ထံသို့ လှမ်းကြည့်လိုက်သည်။
သူသည် ဤသုံးဦးကို သူ့ဘက်ကနေ ကူညီ၍ စကားပြောပေးစေချင်ပုံရသော်လည်း... ထိုသုံးဦးစလုံးက ကျန်းရန်သူတော်စင်အတွက် စကားတစ်ခွန်းမျှ ထွက်မပြောပေးကြသည်ကို မထင်မှတ်ဘဲ မြင်လိုက်ရသည်။
ယခင်က ကျန်းရန်သူတော်စင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သည့် လော့ရွှမ်သူတော်စင်ပင်လျှင် ယခုအခါတွင် လုံးဝ နှုတ်ဆိတ်နေပြီး မည်သည့်အရာကို တွေးတောနေမှန်း မသိရချေ။
"အရင်က သေရမှာ မကြောက်ပေမဲ့... အခု ကြောက်သွားတာက သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်ဘူးလား"
ထိုကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်က ဆက်လက်၍ မဲ့ပြုံးပြုံးကာ လှောင်ပြောင်လိုက်သည်။
"မင်းတို့ရဲ့ အရည်အချင်းက သိပ်ညံ့လွန်းလို့သာ... မဟုတ်ရင် နယ်မြေကိုးခုဟာ ငါတို့ ကျဆုံးမသေမျိုး မျိုးနွယ်စုရဲ့ အုပ်ချုပ်မှုအောက်ကို ကြာလှပေါ့။ မင်းတို့တွေသာ အဲတုန်းက သူတို့ကို ခေါင်းမဖော်နိုင်အောင် နှိမ်နှင်းထားနိုင်ခဲ့ရင်... ရှန်ပိစစ်တပ် က ရှောက်မုန့်ယွမ် ဟာ ရှန်ပိဓား ကို သုံးပြီး နတ်ဘုရားလောကနဲ့ နယ်မြေကိုးခု ကြားမှာ လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့မှာ"
"အဲဒီဓားက တကယ်ပဲ အားကောင်းပြီး... အတွင်းနယ်မြေမှာ လမ်းကြောင်းတစ်ခု ခွဲထွက်သွားအောင် လုပ်နိုင်တာ အမှန်ပဲ။ ဒါပေမဲ့... မိတ်ဆွေ ဖျင်ရွှီ သူတို့တွေက ဒီလိုမျိုး လုပ်ဖို့ တကယ်ပဲ လိုလားခဲ့ကြလိမ့်မယ်လို့ မင်း ထင်နေတာလား"
လော့ရွှမ်သူတော်စင်က ဖြည်းညှင်းစွာ ပါးစပ်ဟလိုက်ပြီး၊ ရှေ့တွင် ရှိနေသည့် ကျဆုံးမသေမျိုး ကို တည်ငြိမ်အေးစက်စွာ စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ကျဆုံးမသေမျိုးတွေရဲ့ နာမည်ဆိုးက နယ်မြေကိုးခု မှာ လူသိမများသေးဘူးလို့ မင်း ထင်နေတာလား။ သူတို့တွေဟာ ငါတို့လက်ထဲမှာ ရှုံးနိမ့်ခံရင် ခံလိုက်မယ်... မင်းတို့ကိုတော့ နယ်မြေကိုးခု ထဲ ဝင်ပြီး သောင်းကျန်းခွင့် လုံးဝ ပေးမှာ မဟုတ်ဘူး"
"ဟဟ... မင်းက ငါတို့ ကျဆုံးမသေမျိုးတွေကို အထင်မကြီးဘူးဆိုရင်လည်း... မင်းတို့တွေ နတ်ဘုရားလောကကို ဘာအတွက်ကြောင့် ထွက်ပြေးလာကြတာလဲ။ ဘေးလွတ်ရာကို ရှောင်ပြေးလာတာလား"
ဖျင်ရွှီက သရော်လှောင်ပြောင်ကာ ရယ်မောလိုက်သည်။
"လက်ရှိမှာတော့... ငါတို့ ပူးပေါင်းဆောင်ရွက်တာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမှာပါ။ ငါတို့ကြားထဲမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်"
လော့ရွှမ်သူတော်စင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ပူးပေါင်းဆောင်ရွက်မယ် ဟုတ်လား။ မင်းတို့ နတ်ဘုရားလောကကို လာခဲ့တဲ့ လမ်းကြောင်းကို ချပြလိုက်ပါ... အဲဒီအခါကျမှ ငါတို့ တကယ်ပဲ ရင်ဖွင့်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြလိမ့်မယ်"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးလျက် ဆိုလိုက်သည်။
"မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ပြောပြီးပြီပဲ... ငါတို့ လက်ဝယ်ရှိထားတဲ့ အတွင်းနယ်မြေကို ဖြတ်တောက်နိုင်တဲ့ ရတနာက တစ်ကြိမ် သုံးပြီးတာနဲ့ ပျက်စီးသွားခဲ့ပြီ။ ငါတို့တွေ တက်လာလို့ ရခဲ့ပေမဲ့... ပြန်ဆင်းသွားလို့ မရတော့ဘူး။ အမာခံ တပည့်အဆင့် တွေကို ဖမ်းဆီးပြီး သူတို့ရဲ့ မသေမျိုးလှေ ကို သုံးပြီးမှသာ မသေမျိုးလောကငယ် ထဲကို အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်နိုင်လိမ့်မယ်"
ချန်ရှန်းသူတော်စင်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"ငါတို့သာ ဒီလောက်အထိ အရှက်တကွဲ မရှုံးနိမ့်ခဲ့ရင်... ငါတို့ရဲ့ လက်အောက်ငယ်သား အများစုဟာ အဲဒီ ဖန့်ငရဲမင်း ရဲ့ နှိမ်နှင်းခြင်းကို မခံခဲ့ရဘူးဆိုရင်... တကယ်တော့ ငါတို့ဟာ အမာခံ တပည့်အချို့ကို ခေါ်ပြီး လမ်းပြခိုင်းလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ အခုတော့... သူတို့ရဲ့ အထောက်အထားတွေက ပေါ်သွားပြီ ဖြစ်သလို၊ အသတ်လည်း ခံလိုက်ရပြီ ဖြစ်လို့ ငါတို့မှာ သုံးစွဲနိုင်မယ့်လူ မရှိတော့ဘူး"
"ဒါဆိုရင်တော့... မင်းတို့အနေနဲ့ မင်းတို့ကို ငါတို့တွေ ဝါးမစားသင့်တဲ့ အကြောင်းပြချက်ကောင်းတစ်ခု ပေးတာက ပိုကောင်းလိမ့်မယ်"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးလျက် ဆိုသည်
"ဝါ့ထျန်းဧကရာဇ် က မင်းတို့တွေကို ဒီနေရာမှာ ခေတ္တ နေထိုင်ခွင့်ပြုဖို့ သဘောတူထားတယ် ဆိုပေမဲ့... ငါတို့တွေကတော့ မင်းတို့ကို မြင်ရတိုင်း သွားရည်ကျမိနေတုန်းပဲ။ ဖြစ်နိုင်တာက... မင်းတို့ကို စားသုံးလိုက်ရင် ငါတို့တွေလည်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရရှိသွားမလား မည်သူ သိနိုင်မလဲ"
ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင် အနည်းငယ်က တဟားဟား လှောင်ရယ်လိုက်ကြပြီး... ဟေးဖော်သူတော်စင်တို့အပေါ် ထားရှိသည့် ၎င်းတို့၏ အကြည့်များတွင် လောဘဇော အရိပ်အယောင်များ ပေါ်လွင်နေတော့သည်။
ထိုနေရာတွင် ရှိနေကြသည့် နတ်ဆိုးကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ... မတတ်သာဘဲ နှုတ်ဆိတ်နေကြရုံသာ တတ်နိုင်ကြသည်။
၎င်းတို့သည်လည်း ဤနေရာသို့ လာရောက် ခိုလှုံကြခြင်း ဖြစ်ပြီး... ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ဤနေရာတွင် ရှိနေသည့် တည်ရှိမှုအားလုံးထဲတွင် အနိမ့်ဆုံး ဖြစ်ရာ၊ စကားပြောဆိုခွင့် အခွင့်အရေး မရှိချေ။
"ငါတို့ဟာ... မင်းတို့အတွက် ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ ထဲကို ဝင်ရောက်နိုင်မယ့် လက်မှတ်ပဲ"
လော့ရွှမ်သူတော်စင်က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
"ငါတို့ အနည်းငယ်ကသာ... ဟော်ဆွေ့ မျိုးနွယ်စုရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်း အဆက်အသွယ် ရှိနေခဲ့တာ။ အဲဒီ အင်အားကြီး ပုဂ္ဂိုလ်က နယ်မြေကိုးခု ထဲကို ဆင်းသက်လာမယ့် အချိန်ကျရင်... အရာအားလုံးဟာ ပျက်စီး ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီ အရာအားလုံးထဲမှာ... မင်းတို့နဲ့ မင်းတို့ရဲ့ နောက်ကွယ်က ဝါ့ထျန်းဧကရာဇ်လည်း သေချာပေါက် ပါဝင်နေတယ်"
ဤစကားများကို ကြားလိုက်ရသောအခါ... ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့ တစ်သိုက်လုံး ချက်ချင်းပင် ဆွံ့အကာ တိတ်ဆိတ်သွားကြတော့သည်။
'လော့ရွှမ်သူတော်စင် ပြောနေတဲ့ ဟော်ဆွေ့မျိုးနွယ်စုရဲ့ အင်အားကြီး ပုဂ္ဂိုလ်ဆိုတာ... ဝူရှင်းလင် ဖြစ်ရမယ်'
ဖန့်ချန်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားတော့သည်။