အခန်း (၁၉၉၇-၁၉၉၈)
Vol. 200 Ch. 1997-1998
အခန်း (၁၉၉၇) အိမ်သိမ်းခြင်း
"မိတ်ဆွေတို့... တခြား မေးစရာ မရှိတော့ဘူးဆိုရင်၊ ငါတို့ အရင်ဆုံး မသေမျိုးသန့်စင်ကန်ကို သွားကြတာပေါ့"
"ကောင်းပြီ"
လူတစ်စုသည် ကျောက်လိုဏ်ဂူကြီးအတွင်းမှ ထွက်ခွာလာခဲ့ကြပြီး၊ ထွက်ခွာသွားသည့် အချိန်တွင်လည်း လိုဏ်ဂူ၏ အဝင်ဝကို တားမြစ်ချက် အစီအရင်ဖြင့် ပြန်လည် ပိတ်ဆို့ချုပ်နှောင်ရန် မေ့လျော့ခြင်း မရှိခဲ့ကြချေ။
လော့ရွှမ်သူတော်စင်သည် ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့တစ်သိုက် ဤမျှအထိ စိုးရိမ်တကြီး သတိကြီးစွာ ထားနေကြသည်ကို မြင်သောအခါ၊ ၎င်းတို့၏ လှုပ်ရှားမှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
"သတိထားရတာပေါ့... မထားလို့ကို မရတာ"
လော့ရွှမ်သူတော်စင်တို့၏ အကြည့်များကို သတိပြုမိသွားသောအခါ ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးရယ်လျက် ဆိုလိုက်သည်။
"ဒီကျင့်ကြံသူတွေက... ငါတို့ ကျဆုံးမသေမျိုး မျိုးနွယ်စုရဲ့ အခြေခံ အုတ်မြစ်တွေပဲလေ။ ငါတို့တွေ တစ်နေ့ကျရင် ကံကြမ္မာ အလှည့်အပြောင်း ဖြစ်ပြီး နတ်ဘုရားစွန့်လွှတ်ခြင်းမျိုးနွယ်စု အဖြစ် တက်လှမ်းနိုင်မလားဆိုတာ... အကုန်လုံးက သူတို့အပေါ်မှာပဲ မူတည်နေတာ"
ပြောပြီးသည်နှင့် သူက ပြုံးလျက် လက်ဟန်ခြေဟန်ဖြင့် လမ်းညွှန် ဖိတ်ခေါ်လိုက်သည်။
"လာပါ... မိတ်ဆွေတို့ ဒီဘက်ကို ကြွပါ"
သို့သော်လည်း ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့တစ်သိုက်သည် အစမှအဆုံးတိုင်အောင်... ၎င်းတို့၏ ဘေးနားတွင် ဝိညာဉ်တစ်ခု အစဉ်သဖြင့် လိုက်ပါနေပြီး၊ ၎င်းတို့ တားမြစ်ချက် အစီအရင်ဖြင့် အဝင်ဝကို တစ်ဆင့်ပြီးတစ်ဆင့် ပိတ်ဆို့နေသည်ကို စိုက်ကြည့်နေကြောင်း လုံးဝ သတိမထားမိခဲ့ကြချေ။
ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက်... ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မိမိ၏ ပုံတူတစ်ခုကို ဖန်တီးကာ ကျန်ရစ်စေခဲ့ပြီး၊ သူ၏ စစ်မှန်သော ခန္ဓာကိုယ်မှာမူ အရိပ်များကြားတွင် နစ်မြုပ်ပျောက်ကွယ်သွားရင်း ကျောက်လိုဏ်ဂူ အဝင်ဝသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။
ရှေးဦးနတ်ဘုရားမျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ... လောကကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ၏ မျက်ဝန်းထဲတွင် အလွန်တရာ ရိုးရှင်းသွားပြီး၊ ရှုပ်ထွေးလှသော ကန့်လန့်ဖြတ်မျဉ်းကြောင်းငယ်များအဖြစ် ပြောင်းလဲသွားတော့သည်။
နာရီဝက်ခန့် ကြာအောင် စူးစမ်းဖော်ထုတ်ပြီးနောက်တွင်တော့ ဖန့်ချန်သည် မိမိ၏ စွမ်းအားဖြင့် ဤပိတ်ဆို့ခြင်း တားမြစ်ချက်ကို ဖျက်ဆီးရန် မဖြစ်နိုင်ကြောင်း သိရှိသွားသဖြင့်... နောက်ဆုံးတွင် မှန်လေး ထံမှ အကူအညီ တောင်းခံလိုက်ရတော့သည်။
"မှန်လေး... ဒီတားမြစ်ချက် အစီအရင်ကို ဘယ်လို ဖျက်ဆီးရမလဲ"
"တားမြစ်ချက် အစီအရင်တိုင်းမှာ ရှင်သန်ခြင်းတံခါး နဲ့ သေဆုံးခြင်းတံခါး ဆိုတာ အမြဲတမ်း ရှိစမြဲပဲ။ ဒါက ယင်နဲ့ ယန် သဘောတရားပဲလေ... ပုံမှန်ဆိုရင်တော့ ယင်နဲ့ ယန်ကြားက ဟန်ချက်ညီတဲ့ အချက်ကို ရှာဖွေနိုင်ရင် သင့်တော်တဲ့ ခွန်အားကို သုံးပြီး ဖြေလျှော့လို့ ရတယ်"
"ဒါပေမဲ့ ဒီတားမြစ်ချက်ကတော့ မရဘူး။ အဲဒီအပေါ်မှာ ဝါ့ထျန်းဧကရာဇ်ရဲ့ အငွေ့အသက်တွေ ရှိနေသလို... အတွင်းနယ်မြေရဲ့ စွမ်းအားနဲ့ စုစည်းတည်ဆောက်ထားတာ ဖြစ်လို့၊ အထဲကို ဝင်ချင်တယ်ဆိုရင်တော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဝါ့ထျန်းဧကရာဇ်ထက် ပိုပြီး အင်အားကြီးမားပြီး အတင်းအကျပ် အင်အားသုံး ဖောက်ထွင်းဝင်ရောက်မှ ရလိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင်တော့..."
"တခြား နည်းလမ်း လုံးဝ မရှိတော့ဘူးလား"
ဖန့်ချန် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
"နည်းလမ်းကတော့ သေချာပေါက် ရှိတာပေါ့။ အဲဒီတုန်းက မင်းဆီကနေ မသေမျိုးကျောက်တုံးတွေကို ငါ့ကို ကျွေးခဲ့တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ... အခုလို အချိန်မျိုးမှာ အသုံးဝင်လာပြီ မဟုတ်လား"
မှန်လေးက ခပ်ဖွဖွ ရယ်မောလိုက်ရင်း -
"ဘယ်လောက်ပဲ အင်အားကြီးမားတဲ့ အစီအရင် ဖြစ်ပါစေ... ငါ့မျက်စိရှေ့မှာတော့ အလွယ်တကူ ဖျက်ဆီးပစ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီအစီအရင်ကို ဖျက်ဆီးပြီးရင်... ၁၅ မိနစ် ခန့် ကြာတဲ့အခါကျရင် ဝါ့ထျန်းဧကရာဇ်က ချက်ချင်း သိရှိသွားလိမ့်မယ်။ အဲဒီအချိန်ကျလို့ မင်းသာ သူ့လက်ထဲ မိသွားရင်တော့... အသက်ရှင်မလား သေမလားဆိုတာ ပြောရခက်လိမ့်မယ်"
"သူက ဒီအစီအရင်ကို တစ်စုံတစ်ဦးက ဖောက်ထွင်းဖျက်ဆီးသွားတာလို့ သိနိုင်မှာလား... ဒါမှမဟုတ် ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့ ပြန်ဖွင့်တာလို့ ထင်မှာလား"
"အာ... အဲဒါကတော့ ခွဲခြားသိနိုင်မယ် မထင်ဘူး"
"ဒါဆိုရင် ငါ့မှာ အချိန်က ၁၅မီနစ်တင်မကဘူးပေါ့"
ဖန့်ချန်က ပြုံးလိုက်ရင်း -
"ကဲ... စလိုက်ကြစို့၊ ဒီအစီအရင်ကို ဖျက်ဆီးပေးပါ"
"ကောင်းပြီ... နောက်ပိုင်းမှာ မင်းဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်။ ငါပြောတဲ့အတိုင်း တစ်ချက်ကလေးမှ မလွဲစေနဲ့။
ခြေလှမ်းတစ်လှမ်းတင် မှားသွားရင်... ဝါ့ထျန်းဧကရာဇ်ကို ထားလိုက်ဦး၊ ဒီနေရာမှာ ရှိနေတဲ့ ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်တွေကတင် လှုပ်ရှားမှုကို ချက်ချင်း သတိပြုမိသွားလိမ့်မယ်"
မှန်လေး၏ လေသံမှာ အလွန်တရာ လေးနက်တည်ကြည်သွားသည်။
ဖန့်ချန်က ခေါင်းကို သာသာလေး ညိတ်ပြလိုက်ရင်း၊ သူ၏ မျက်ဝန်းထဲတွင်လည်း လေးနက်တည်ကြည်သည့် အရိပ်အယောင်တစ်ခု ပေါ်လွင်လာခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင်... ကျဆုံးမသေမျိုး ကင်းလှည့်ကျင့်ကြံသူ တစ်ဖွဲ့သည် ဤနေရာသို့ ဖြတ်သန်းသွားခဲ့ကြပြီး၊ ၎င်းတို့သည် ကျောက်လိုဏ်ဂူ အဝင်ဝကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ဆက်လက်၍ ကင်းလှည့်သွားခဲ့ကြသည်။
ထိုအချိန်တွင်... အခြားတစ်ဖက်၌မူ။
အဖြူရောင် မြူခိုးများက အိုင်ကြီးတစ်ခုလုံးကို လွှမ်းခြုံအုပ်ဆိုင်းထားသည်။
လေပြေညင်းလေး ဖြတ်သန်းတိုက်ခတ်သွားသည့် အချိန်မှသာ... ဤအိုင်ကြီး၏ မျက်နှာပြင်ထက်တွင် ရေလှိုင်းငယ်လေးများ ဖြည်းညှင်းစွာ လှုပ်ရှားသက်ဝင်လာလေ့ရှိသည်။
ကမ်းစပ်တွင်မူ... လော့ရွှမ်သူတော်စင်တို့တစ်သိုက်သည် ရှေ့တွင် ရှိနေသည့် အိုင်ကြီးကို စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် စိုက်ကြည့်နေကြသည်။
အကယ်၍ အမှားအယွင်းမရှိဘူးဆိုလျှင်... ဤနေရာသည် ဒဏ္ဍာရီလာ မသေမျိုးသန့်စင်ကန်ပင် ဖြစ်ပေလိမ့်မည်။
"ကြည့်ရတာ ထူးထူးခြားခြား ဘာမှ ရှိမနေပုံပဲ... ဘာဖြစ်လို့ မသေမျိုးတွေကို ကျင့်ကြံခြင်း ဖျက်ဆီးနိုင်တဲ့ အာနိသင်မျိုး ရှိနေရတာလဲ"
ချန်ရှန်း သူတော်စင်က မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်မိသည်။
"မိတ်ဆွေတို့လည်း ထူးဆန်းတယ်လို့ ခံစားရတယ်မလား... ငါတို့တွေ စတင် မြင်ဖူးတုန်းကလည်း ဒီလိုပဲ ထူးဆန်းတယ်လို့ ထင်ခဲ့တာလေ၊ ဒါပေမဲ့ ဒါက အမှန်တကယ်ပဲ မသေမျိုးသန့်စင်ကန်ပါပဲ"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးရယ်လျက် ဆိုလိုက်သည်။
"အရင်တုန်းက အောက်ကမ္ဘာတွေထဲမှာ... မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း လမ်းကြောင်း မှားယွင်းသွားတဲ့ ကျင့်ကြံသူ အများအပြားဟာ၊ အိပ်မက်ထဲအထိ ဒီနေရာကို လာပြီး ရေချိုးသန့်စင် အစကနေ ပြန်ကျင့်ချင်ခဲ့ကြပေမဲ့ သူတို့ မလာဝံ့ကြဘူး။
ဘာဖြစ်လို့လဲဆိုတော့ မသေမျိုးသန့်စင်ကန်က နတ်ဘုရားလောကရဲ့ ထူးခြားဆန်းပြားလှတဲ့ နယ်မြေကြီး လေးခုထဲက တစ်ခု ဖြစ်နေလို့ပဲ။ ဝါ့ထျန်းဧကရာဇ်က နတ်ဘုရားလောကကြီးတစ်ခုလုံးကို တစ်ဦးတည်း မအုပ်ချုပ်ခင်တုန်းက... ငါ အပါအဝင် မင်းဆက်အသီးသီးရဲ့ အချုပ်အခြာအာဏာပိုင်တွေဟာ ဒီနေရာကို ခွဲတမ်းနဲ့ စီမံအုပ်ချုပ်ခွင့် ရခဲ့ကြတာ။
မသေမျိုးသန့်စင်ကန်ကို ငါတို့ပဲ လာခွင့်ရှိပြီး... ဘယ်ပြင်ပလူကိုမှ ခြေတစ်လှမ်းမျှ တက်နင်းခွင့် မပြုခဲ့ဘူး၊ အကယ်၍ တစ်စုံတစ်ဦးကသာ စည်းကမ်းဖောက်ဖျက် ကျူးကျော်ဝင်ရောက်လာခဲ့ရင်... သူ့ကို ဝါးမြိုပစ်လိုက်ကြတာပဲ"
"ဒါက... ငါ့ခန္ဓာကိုယ်ပေါ်က ကျင့်ကြံခြင်းအဆင့် အားလုံးကို ဖျက်ဆီးပစ်မှာလား"
ကျန်းဝူ တစ်ပိုင်းသူတော်စင်က မေးမြန်းလိုက်သည်
"ဒါက ဘယ်လောက်ကြာမှာလဲ... ဒီအတောအတွင်းမှာ ဘာဘေးအန္တရာယ်မျိုးတွေ ရှိနိုင်လဲ"
"အချိန် ဘယ်လောက်ကြာမလဲဆိုတာကတော့... မင်းကိုယ်တိုင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်အထိ ရှုပ်ထွေးနောက်ကျိနေလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အကယ်၍ မင်းရဲ့ ကျင့်ကြံခြင်းက လုံလောက်အောင် စင်ကြယ်သန့်စင်နေမယ်ဆိုရင်တော့ အချိန်အများကြီး ပေးစရာ မလိုပါဘူး။
ဘေးအန္တရာယ်ပိုင်းကတော့... သေချာပေါက် အတိုင်းအတာတစ်ခုအထိ အန္တရာယ် ရှိတာပေါ့၊ အထဲကို ဆင်းသွားပြီး ဘယ်တော့မှ ပြန်တက်မလာတော့တဲ့ လူတွေလည်း ရှိဖူးတယ်"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးလျက် ဆိုလိုက်သည်။
"အကယ်၍ မိတ်ဆွေတို့ နောင်တရပြီး နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဉ်ရဲ့ လမ်းစဉ်ကို မလျှောက်လှမ်းချင်တော့ဘူးဆိုရင်လည်း... ဝါ့ထျန်းဧကရာဇ်က နားလည်ပေးမှာပါ၊ ငါတို့တွေ အတင်းအကျပ် မတောင်းဆိုပါဘူး"
"ဒီလို အခွင့်အရေးမျိုးကို... ဘယ်လိုနည်းနဲ့မျှ လက်လွှတ်ခံလို့ မဖြစ်ဘူး၊ ဆင်းလိုက်ပါတော့"
လော့ရွှမ်သူတော်စင်က ကျန်းဝူ တစ်ပိုင်းသူတော်စင်ထံသို့ လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် ကျန်းရန်သူတော်စင် မရှိတော့သော်လည်း... သူမသည် ကျန်းရန်သူတော်စင်နှင့် နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်ရာ၊ တစ်နည်းအားဖြင့် ဆိုရလျှင် သူမသည် ကျန်းဝူ တစ်ပိုင်းသူတော်စင်၏ မိဘသဖွယ် စီနီယာတစ်ဦးလည်း ဖြစ်ပေသည်။
"ဒါဆိုလည်း... ကောင်းပါပြီ"
ကျန်းဝူ တစ်ပိုင်းသူတော်စင်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး... လူတိုင်း၏ ရှေ့မှောက်တွင် မသေမျိုးသန့်စင်ကန်ထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။
သူ၏ ခြေဖဝါးနှစ်ဖက်လုံး မသေမျိုးသန့်စင်ကန်အတွင်းသို့ နစ်မြုပ်သွားသည့် အချိန်တွင်... သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများမှာ တစ်စစချင်း စတင်၍ ပြိုကွဲပျက်စီးလာခဲ့တော့သည်။
ထို့နောက်တွင်တော့ ဒူးဆစ်အထိ။
ရင်ဘတ်အထိ။
လည်ပင်းအထိ။
နောက်ဆုံးတွင်... သူ၏ တစ်ကိုယ်လုံးသည် မသေမျိုးသန့်စင်ကန်၏ ရေပြင်အောက်ခြေသို့ လုံးဝ နစ်မြုပ်ကွယ်ပျောက်သွားခဲ့ရသည်။
"စောင့်ကြတာပေါ့... အတိုဆုံးဆိုရင် ဆယ်ရက်ကနေ လဝက်လောက် ကြာနိုင်ပြီး၊ အရှည်ဆုံးဆိုရင်တော့ တစ်နှစ်ခွဲလောက်အထိ ကြာမှ ရလဒ်တစ်ခု ထွက်လာလိမ့်မယ်"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
"အကယ်၍ သူက မသေမျိုးသန့်စင်ကန်ထဲမှာ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့သွားခဲ့ရင်... ငါတို့တွေ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ"
လော့ရွှမ်သူတော်စင်က မေးမြန်းလိုက်သည်။
"သိနိုင်မယ့် နည်းလမ်း မရှိဘူး... အကယ်၍ နှစ်ပေါင်းများစွာကြာတဲ့အထိ ပြန်ပေါ်မလာဘူးဆိုရင်တော့ အန္တရာယ်ဖြစ်သွားပြီလို့ပဲ ကောက်ချက်ချရမှာပဲ"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... ဤနေရာတွင် ဆက်လက် စောင့်ဆိုင်းနေရန်သာ တတ်နိုင်ကြတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ... အဝါရောင် အဆောင်တစ်ခုသည် လူတိုင်း၏ ရှေ့မှောက်သို့ ထပ်မံ၍ ပျံသန်းဝင်ရောက်လာခဲ့ပြန်သည်။
"သူတို့ကို ဝင်ခွင့်ပြုပြီးပြီလား"
ဝါ့ထျန်းဧကရာဇ်၏ အသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဝင်ခွင့်ပြုပြီးပါပြီ... ကျုပ် ထွက်လာတဲ့ အချိန်တုန်းကလည်း အဝင်ဝကို သေသေချာချာ ပြန်ပြီး ပိတ်ဆို့ချုပ်နှောင်ထားခဲ့ပါတယ်"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့တစ်သိုက်၏ မျက်နှာတွင် ရိုသေခန့်ညားသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
"အင်း..."
အဝါရောင် အဆောင်ထံမှ စကားသံ ဆုံးသွားသည်နှင့်... ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထံသို့ ပျံသန်းကွယ်ပျောက်သွားခဲ့ပြန်သည်။
...
...
မှောင်မည်းနေသည့် ကျောက်လိုဏ်ဂူကြီးအတွင်းတွင်မူ... ဖန့်ချန်သည် သူ၏ နောက်ကွယ်တွင် ပြန်လည် ပိတ်ဆို့သွားခဲ့ပြီဖြစ်သည့် တားမြစ်ချက် အစီအရင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက်၊ ယန်ဘူးသီး ကို ထုတ်ယူလိုက်ကာ ဘေးနားတွင် ရှိနေသည့် အဆင့် ၁ မှ အဆင့် ၉ အထိ ရှိသော မသေမျိုးကျင့်ကြံသူများထံသို့ ဦးတည်၍ စုပ်ယူလိုက်တော့သည်။
စက်ရုပ်များကဲ့သို့ ကျင့်ကြံနေကြသည့် မသေမျိုးအဆင့် ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ယန်ဘူးသီးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
မကြာမီအချိန်အတွင်းမှာပင်... ဤအလွှာရှိ ကျောက်လိုဏ်ဂူကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်ကာ ဗလာကျင်းသွားခဲ့ရသည်။
ဖန့်ချန်သည် နောက်ထပ် အောက်ခြေအလွှာသို့ ချက်ချင်းပင် ဆက်လက် ဆင်းသက်သွားခဲ့ပြီး... အကန့်အသတ်ကျော်လွန်ခြင်း ပထမအဆင့်မှ တတိယအဆင့်အထိ ရှိသော ကျင့်ကြံသူ အားလုံးကိုပါ ယန်ဘူးသီးအတွင်းသို့ ကုန်စင်အောင် ထည့်သွင်းလိုက်တော့သည်။
"အစ်ကို.. မင်း ငါ့ကို ကျွေးထားတဲ့ မသေမျိုးကျောက်တုံးတွေက အကုန်လုံး နီးပါး ကုန်ဆုံးသွားပြီ ဖြစ်လို့၊ ငါ့အနေနဲ့ မင်းကို တားမြစ်ချက် အစီအရင် ဖွင့်ဖို့အတွက် ဆက်ပြီး လမ်းညွှန်ပေးနိုင်မှာ မဟုတ်တော့ဘူး။
ပြီးတော့ တားမြစ်ချက် အစီအရင်ကို ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့တာ ဖြစ်လို့... ဝါ့ထျန်းဧကရာဇ်က ပထမဆုံး အချိန်မှာတင် သေချာပေါက် သံသယ ဝင်သွားလိမ့်မယ်"
ကျိုးထျန်းကျန့်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"မလိုတော့ဘူး... သူတို့တွေ ကိုယ်တိုင် အထဲကို ဝင်လာကြလိမ့်မယ်"
ဖန့်ချန်က ဆိုလိုက်သည်။
ပြောပြီးသည်နှင့် သူက ယန်ဘူးသီးကို ပြန်လည် သိမ်းဆည်းလိုက်ပြီး... သူ၏ တစ်ကိုယ်လုံးကို အရိပ်များကြားတွင် ပြန်လည် နစ်မြုပ်စေကာ ပျောက်ကွယ်သွားခဲ့တော့သည်။
အချိန်ကာလမှာ မျက်တောင်ခတ်ရုံမျှ အချိန်အတွင်း ဆယ့်ငါးရက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
မသေမျိုးသန့်စင်ကန်အတွင်းမှ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး... ကျန်းဝူ တစ်ပိုင်းသူတော်စင်သည် ရေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ကာ၊ စိတ်ရွှင်လန်းလန်းဆန်းဆန်း ပုံစံဖြင့် ကမ်းစပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ အကုန်အစင် ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်သော်လည်း... သူ၏ ခန္ဓာကိုယ်ပေါ်တွင်မူ အသက်ဇီဝစွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ ယခင်က လူသားနယ်မြေ ကိုးခုတွင် လမ်းကြောင်းအမျိုးမျိုးကို စမ်းသပ်ကျင့်ကြံခဲ့ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ကျန်ရှိနေခဲ့သည့် ရောဂါဝေဒနာ အားနည်းချက်များ အားလုံးသည်လည်း... မသေမျိုးသန့်စင်ကန်ကြောင့် အစအနမျှမကျန် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"အောင်မြင်သွားပြီ"
လော့ရွှမ်သူတော်စင်၏ မျက်ဝန်းများ ချက်ချင်းပင် အရောင်တောက်သွားခဲ့ရသည်။
"အခုဆိုရင်... သူက အကန့်အသတ်ကျော်လွန်ခြင်း တတိယအဆင့် ရှိတဲ့ ခန္ဓာကိုယ်တစ်ခုကို အောင်အောင်မြင်မြင် လုယူနိုင်မလားဆိုတာကို ငါတို့ ကိုယ်တိုင် မျက်မြင်တွေ့ရဖို့ပဲ လိုတော့တယ်၊ အဲဒီအခါကျမှပဲ ကျဆုံးမသေမျိုး မျိုးနွယ်စုက ငါတို့ကို လှည့်စားနေတာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်"
ဟေးဖော် သူတော်စင်၏ အသံသည် လူတိုင်း၏ နားစည်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကံကောင်းတာပဲ... ပထမဆုံး အကြိမ်မှာတင် အောင်မြင်သွားခဲ့ပြီ၊ မိတ်ဆွေတို့ အားလုံး ငါနဲ့အတူ ကျောက်လိုဏ်ဂူကို ပြန်သွားကြတာပေါ့၊ သူ ခန္ဓာကိုယ်လုယူဖို့အတွက် ခန္ဓာကိုယ်တစ်ခုကို သွားပြီး ရွေးချယ်ပေးကြစို့"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ပြုံးရယ်လျက် ဆိုလိုက်သည်။
ကျန်းဝူ တစ်ပိုင်းသူတော်စင် ကမ်းစပ်သို့ ကူးခတ်ရောက်ရှိလာသည်ကို စောင့်ဆိုင်းပြီးနောက်... လူတိုင်းသည် ကျောက်လိုဏ်ဂူကြီးထံသို့ တစ်ဖန် ပြန်လည် ထွက်ခွာလာခဲ့ကြပြန်သည်။
တားမြစ်ချက် အစီအရင်ကို ဖွင့်လိုက်သည်။
ကျောက်လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။
သို့သော်လည်း... ဟာလာဟင်းလင်း ဖြစ်နေသည့် ဗလာကျင်းနေသော ကျောက်လိုဏ်ဂူကြီးကို မြင်လိုက်ရသောအခါ၊ ဖျင်ရွှီ တစ်ပိုင်းသူတော်စင်၏ မျက်နှာပေါ်မှ အပြုံးများမှာ တစ်စစချင်း အေးခဲတောင့်တင်းသွားခဲ့ရတော့သည်။
ဖန့်ချန်ကတော့ ၎င်းတို့၏ နောက်ဆက်တွဲ မျက်နှာအမူအရာများကို ဆက်လက် စောင့်ကြည့်ရန် စိတ်ကူးမရှိတော့ဘဲ... အရိပ်များ၏ လမ်းကြောင်းအတိုင်း ထိုနေရာမှ တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေသည်။
အခန်း (၁၉၉၈) အကယ်၍ ဖောက်ဖျက်ကျူးလွန်ပါက... အရိုးကိုကြိတ်၍ ပြာကိုလေထဲလွင့်ပစ်မည်
ပထမအလွှာရှိ ကျောက်လိုဏ်ဂူကြီးအတွင်း၌ မူလက အဆင့် ၁ မှ အဆင့် ၉ အထိ ရှိသော မသေမျိုးကျင့်ကြံသူ အမြောက်အမြား ရှိနေခဲ့သော်လည်း... ယခုအချိန်တွင်မူ ထိုကျောက်ခွက်နေရာများသည် ဟာလာဟင်းလင်းဖြစ်ကာ ဗလာကျင်းနေခဲ့ပြီ ဖြစ်သည်။
ကျန်းဝူ တစ်ပိုင်းသူတော်စင်၏ မျက်နှာပေါ်တွင် အတင်းအကျပ် လုပ်ယူထားရသည့် အပြုံးတုတစ်ခု ပေါ်လာခဲ့ပြီး ဆိုလိုက်သည်။
"မိတ်ဆွေတို့က တကယ်ကို သတိကြီးလှတာပဲ... သူတို့ကို တားမြစ်ချက် အစီအရင်တွေနဲ့ ဖုံးကွယ်ထားလိုက်တာလား"
"ဖျင်ရွှီ တစ်ပိုင်းသူတော်စင်... ဒါ မင်း လုပ်လိုက်တာ မဟုတ်လား"
ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင် တစ်ဦးက ဖျင်ရွှီထံသို့ လှမ်းကြည့်လိုက်ပြီး... သူ၏ မျက်ဝန်းထဲတွင် စူးစမ်းမေးမြန်းလိုသည့် အရိပ်အယောင်နှင့်အတူ မျှော်လင့်ချက် အနည်းငယ် စွန်းထင်နေခဲ့သည်။
သူသည် ဖျင်ရွှီ တစ်ပိုင်းသူတော်စင်ထံမှ သာသာလေး ခေါင်းညိတ်ပြသည့် အမူအရာမျိုးကို အလွန်တရာ မြင်တွေ့ချင်နေခဲ့မိသည်။
ဤသို့ဆိုမှသာ... သူ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း သစ်တုံးတစ်တုံးကဲ့သို့ ဆွံ့အမှင်တက်နေသည့် ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် ယခုအချိန်မှသာ စိတ်အာရုံ တဖြည်းဖြည်းချင်း ပြန်လည်လည်ပတ်လာခဲ့ပြီး... သူသည် ဘာစကားမျှ ဆက်မပြောတော့ဘဲ နောက်ထပ် အောက်ခြေအလွှာသို့ တိုက်ရိုက် ပြေးဆင်းသွားခဲ့တော့သည်။
လူတိုင်းလည်း ထိုမြင်ကွင်းကို ကြည့်ကာ... အလောတကြီးဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
ကျောက်လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး အရပ်။
အကန့်အသတ်ကျော်လွန်ပြီးသား ဖြစ်သည့် ကျင့်ကြံသူ အားလုံးသည်လည်း... ပထမအလွှာနည်းတူပင် လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် မည်သည့် သဲလွန်စ အရိပ်အယောင်မျှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် ရုတ်တရက်ကြီး ဟားဟားဟား ဟု ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်၊ သူ၏ ရယ်သံမှာ သွေးရူးသွပ်ပူး ဖြစ်နေသည့်အလား ပုံပျက်ပန်းပျက်နိုင်လှပြီး... သူ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာလည်း ရူးသွပ်ဒေါသတကြီးဖြင့် ထန်ထန်ပြင်းပြင်း ဆူဝေလာခဲ့ရသည်။
"မရှိတော့ဘူး... အကုန်လုံး မရှိတော့ဘူး... ဟားဟားဟား"
"မရှိတော့ဘူး ဟုတ်လား... မင်းတို့တွေ ဖုံးကွယ်ထားတာ မဟုတ်ဘူးပေါ့..."
လော့ရွှမ်သူတော်စင်တို့တစ်သိုက်၏ မျက်နှာအမူအရာများမှာ တစ်ခဏချင်းအတွင်း အကြီးအကျယ် ပျက်ယွင်းသွားကြတော့သည်။
"မရှိလို့ မဖြစ်ဘူးလေ..."
ကျန်းဝူ တစ်ပိုင်းသူတော်စင်က တွေဝေငေးမောစွာဖြင့် ရေရွတ်လိုက်မိသည်။
"ဘယ်လို တည်ရှိမှုမျိုးက... ဒီနေရာကို တိတ်တဆိတ် ဝင်ရောက်ပြီးတော့ ငါတို့တွေ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ပြိုးထောင်ထားခဲ့တဲ့ ခန္ဓာကိုယ်အစားထိုးကောင် တွေကို အကုန်လုံး ခိုးယူသွားနိုင်ရတာလဲ"
ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင် တစ်ဦးက လက်သီးကို တင်းတင်းဆုပ်ထားရင်း... ရုတ်တရက် သူက လော့ရွှမ်သူတော်စင်တို့တစ်သိုက်ထံသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လူသတ်လိုသည့် အာဃာတအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်၊ ဤအကြည့်ကြောင့် လော့ရွှမ်သူတော်စင်တို့သည် စိတ်ထဲကနေ အလိုလိုပင် နောက်သို့ တရွတ်တိုက် ဆုတ်ခွာသွားခဲ့ကြရသည်။
"မင်းတို့ ဘာလုပ်မလို့လဲ"
ချန်ရှန်း သူတော်စင်က လေးနက်တည်ကြည်သည့် လေသံဖြင့် ဆိုလိုက်သည်။
"ဒီကိစ္စက ငါတို့တွေနဲ့ လုံးဝ မသက်ဆိုင်ဘူး... ငါတို့တွေက မင်းတို့နဲ့အတူ မသေမျိုးသန့်စင်ကန်ဘက်မှာ ရှိနေခဲ့ကြတာလေ"
"ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုက်ဆိုင်သွားရမှာလဲ။ ငါတို့ မင်းတို့ကို ဒီနေရာကို ခေါ်လာပြီးတာနဲ့... ချက်ချင်းပဲ ဒီနေရာမှာ ပြဿနာ တက်ရတယ်လို့လား"
ထိုကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်သည် လော့ရွှမ်သူတော်စင်တို့ထံသို့ တစ်လှမ်းချင်း ဖိအားပေး ချဉ်းကပ်လာခဲ့သည်။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း... သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ပိုမို၍ အင်အားကြီးမား ထက်မြက်လာခဲ့ပြီး၊ ဝေဝါးဝိုးတဝါး အနေအထားတွင် လူတိုင်းသည် သူ၏ နောက်ကွယ်၌ ခန့်ညားထည်ဝါလှသော တံခါးကြီးတစ်ချပ် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ဖက်လူသည်... သူ၏ အတွင်းနယ်မြေကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
လော့ရွှမ်သူတော်စင်တို့တစ်သိုက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အရှိန်အဝါများမှာလည်း ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
အကယ်၍ ယနေ့တွင် သေချာပေါက် တိုက်ပွဲဝင်ရတော့မည်ဆိုပါက... ၎င်းတို့အနေဖြင့် မိမိတို့၏ အခြေခံအုတ်မြစ် ထိခိုက်ပျက်စီးသွားရလျှင်ပင် ဤနေရာမှ အတင်းအကျပ် ဖောက်ထွင်း ရုန်းထွက်သွားကြမည်သာ ဖြစ်သည်။
"နေဦး"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က လက်ကို ဝေ့ယမ်းလိုက်ရင်း
"အလျင်စလို လက်မပါကြနဲ့ဦး... ဒီကိစ္စကို ဝါ့ထျန်းဧကရာဇ်ဆီ အရင်ဆုံး တင်ပြလိုက်ပြီး၊ ဧကရာဇ်က ဘယ်လို အမိန့်ချမှတ်မလဲဆိုတာ စောင့်ကြည့်ရအောင်"
သူက လော့ရွှမ်သူတော်စင်တို့တစ်သိုက်ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ဝေ့ကြည့်လိုက်ရင်း... သူ၏ မျက်ဝန်းထဲတွင် အငြိုးအတေး အာဃာတများဖြင့် ပြည့်နှက်လျက် ဆိုလိုက်သည်။
"အကယ်၍ ဝါ့ထျန်းဧကရာဇ်ကလည်း မင်းတို့တွေ လက်ချက်လို့ ယူဆခဲ့မယ်ဆိုရင်... မင်းတို့တွေ သေချာပေါက် သေရလိမ့်မယ်"
သူက စကားကို ခေတ္တရပ်လိုက်ပြီး -
"တကယ်လို့ ဒါက တကယ်ပဲ မင်းတို့တွေ လှည့်ကွက်ဆင်ထားတာဆိုရင်... အဲဒီ ခန္ဓာကိုယ်အစားထိုးကောင် တွေကို ပြန်ပြီး အပ်နှံလိုက်စမ်းပါ။ သူတို့ကို ငါတို့ဆီ ပြန်ပေးမယ်ဆိုရင်တော့ ငါတို့တွေ အတိတ်က ကိစ္စတွေကို အစမဖော်ဘဲ... ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်။
မင်းတို့လည်း ဒီကောင်လေး ခန္ဓာကိုယ်လုယူစရာ အစားထိုးကောင် တစ်ယောက်မှ မရှိဘဲနဲ့ ဖြစ်သွားတာမျိုးကို မမြင်ချင်ကြဘူးမလား"
သူက ကျန်းဝူ တစ်ပိုင်းသူတော်စင်ကို လက်ညှိုးထိုးပြလိုက်သည်။
ကျန်းဝူ တစ်ပိုင်းသူတော်စင်သည် မျက်ရည်မထွက်ရုံ ငိုချင်စိတ် ပေါက်သွားခဲ့ရပြီး... တစ်ဖက်လူများအနေဖြင့် ထိုခန္ဓာကိုယ်အစားထိုးကောင်များကို အမြန်ဆုံး ပြန်လည် ရှာဖွေတွေ့ရှိနိုင်ပါစေရန်သာ စိတ်ထဲကနေ ဆုတောင်းနေမိသည်။
အကယ်၍ မဟုတ်ပါက... သူသည် အစကနေ ပြန်လည်၍ ပင်ပန်းကြီးစွာ ကျင့်ကြံအားထုတ်ရတော့မည် မဟုတ်ပါလား။
"ဒီကိစ္စက... ငါတို့တွေနဲ့ တကယ်ကို မသက်ဆိုင်ပါဘူး"
လော့ရွှမ်သူတော်စင်တို့တစ်သိုက်သည် လေးနက်တည်ကြည်သည့် မျက်နှာအမူအရာများဖြင့် ခေါင်းကို ခါယမ်းလိုက်ကြသည်။
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်... ဖြည်းညှင်းစွာဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရာ၊ ခန့်ညားထည်ဝါလှသော တံခါးကြီးတစ်ချပ်သည် လျှပ်တစ်ပြက် ပေါ်ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုတံခါးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
လော့ရွှမ်သူတော်စင်တို့သည် ယခင်က သူတော်စင်အဆင့်ရှိ ခွန်အားကြီးသူများ ဖြစ်ခဲ့ကြဖူးသဖြင့်... ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် သူ၏ အတွင်းနယ်မြေကို အသုံးချကာ ဤနေရာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သဘာဝကျကျပင် ကောင်းကောင်းသိရှိကြသည်၊ သူသည် ထိုဝါ့ထျန်းဧကရာဇ်ထံသို့ သွားရောက်ကာ လက်ရှိ အခြေအနေကို သတင်းပို့ တင်ပြရန် သွားခြင်းဖြစ်ပေလိမ့်မည်။
ဖျင်ရွှီ တစ်ပိုင်းသူတော်စင် ထွက်ခွာသွားပြီးနောက်... ကျန်ရှိနေသည့် ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်များသည် လိုဏ်ဂူ၏ ထွက်ပေါက်ကို လုံခြုံအောင် ပိတ်ဆို့လိုက်ကြပြီး၊ တစ်ချိန်တည်းမှာပင် အမိန့်ပေါင်းများစွာကို ဆက်တိုက် ထုတ်ပြန်လိုက်ကြသဖြင့်... အပြင်ဘက်တွင် ရှိနေသည့် လူများသည် တစ်မြို့လုံးကို စတင်၍ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ကာ အရေးပေါ် အခြေအနေ ကြေညာလိုက်ကြတော့သည်။
"လော့ရွှမ် စီနီယာ... ငါတို့တွေ အခု ဘာဆက်လုပ်သင့်လဲ"
ကျန်းဝူ တစ်ပိုင်းသူတော်စင်က လော့ရွှမ်သူတော်စင်ထံသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်သာ ရှိနေဦးမည်ဆိုပါက... သူ ဤမျှအထိ ကြောက်ရွံ့နေမည် မဟုတ်ချေ။
အနည်းဆုံးတော့ အသက်ဘေးမှ လွတ်မြောက်ရန် ရုန်းကန်နိုင်သည့် ယုံကြည်ချက် အားကိုးရာ အနည်းငယ် ရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့် အားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ... ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်များကို ထားလိုက်ဦး၊ သာမန် အဆင့်နိမ့် ကျင့်ကြံသူ တစ်ဦးကပင် သူ့ကို အလွယ်တကူ သေအောင် ညှစ်သတ်ပစ်နိုင်စွမ်း ရှိပေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ရတနာလက်နက် အသုံးအဆောင်များမှာလည်း... တစ်ခုမျှ ထုတ်ဖော်အသုံးချ၍ မရတော့ချေ။
ထိုအချိန်တွင်... ဖန့်ချန်သည် မသေမျိုးသန့်စင်ကန်၏ အနီးအနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ လမ်းခရီးတွင် နောက်ထပ် တားမြစ်ချက် အစီအရင်တစ်ခုက သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားခဲ့ပြန်သည်။
မှန်လေး၏ အကူအညီ မပါဘဲ... မိမိ၏ ရှေးဦးနတ်ဘုရားမျက်လုံး တစ်ခုတည်းဖြင့်သာ ဤတားမြစ်ချက် အစီအရင်ကို ဖျက်ဆီးမည်ဆိုပါက အချိန်အတိုင်းအတာတစ်ခုအထိ ပေးရမည်ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် အခြားသူများ၏ သတိပြုမိခြင်းကို ခံရရန်လည်း အလွန်တရာ လွယ်ကူလှပေသည်။
ထို့ကြောင့် သူသည် မည်သည့်အသံမျှ မထွက်စေဘဲ... လူတိုင်း ရှိနေသည့် အိမ်ရာဝင်းငယ်လေးထံသို့ တိတ်တဆိတ် ပြန်လည် ဆုတ်ခွာလာခဲ့တော့သည်။
"ဝမ်မိတ်ဆွေ... မင်း ကျင့်ကြံလို့ ပြီးသွားပြီလား။ ငါတို့တွေကို ဒီနေရာမှာ ပစ်ထားပြီး ဘယ်သူမှ လာပြီး ဂရုမစိုက်ကြတာ... သူတို့ ဘာသဘောလဲဆိုတာ မင်း သိလား။ မုရုံဟွေ့လည်း ငါတို့တွေနဲ့ အိမ်ရာဝင်းတစ်ခုတည်းမှာ အတူတူ နေတာလေ... ဒီရက်ပိုင်းအတွင်းမှာ ကျင့်ကြံသူ အတော်များများက သူမရဲ့ တံခါးဝအထိ လာရှာနေကြတာကို တွေ့တယ်၊ ငါတို့လည်း အဲဒီဘက်ကို သွားပြီး တစ်ချက်လောက် စုံစမ်းမေးမြန်းကြည့်ရင် မကောင်းဘူးလား"
ဝူယဲ့တီသည် ဖန့်ချန် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ... ချက်ချင်းပင် လေသံကို နှိမ့်၍ တိုးတိုးလေး မေးမြန်းလိုက်သည်။
"ရောက်လာမှတော့ ရောက်လာတဲ့အတိုင်းပဲ စိတ်အေးအေးထားပြီး နေရုံပေါ့"
ဖန့်ချန်က ပြုံးလိုက်သည်။
ထိုအချိန်တွင်... အပြင်ဘက်မှ အလျင်စလို ပြေးလွှားလာသည့် ခြေသံပြင်းပြင်းများ ထွက်ပေါ်လာခဲ့ပြီး၊ မကြာမီမှာပင် မျက်နှာတည်အုံ့မှိုင်းနေသည့် ကျင့်ကြံသူတစ်ဦးသည် လူတိုင်း၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
လူတိုင်းသည် ဤလူကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း... သူ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသည့်၊ ချီသန့်စင်ခြင်းအဆင့်ထက် အဆမတန် ဝေးကွာလှသော ဖိအားအရှိန်အဝါကို ကောင်းစွာ ခံစားသိရှိနိုင်ကြသည်။
အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်ဘူးဆိုလျှင်... ၎င်းသည် ရွှေအမြုတေအဆင့် ဖြစ်ပေလိမ့်မည်။
လူတိုင်း၏ စိတ်နှလုံးထဲတွင် အနည်းငယ် တင်းကျပ်သွားခဲ့ရပြီး... ရောက်လာသည့်လူကို စိုက်ကြည့်ရင်း ဘာစကားမျှ မပြောဝံ့ကြချေ။
"ဒီအတောအတွင်းမှာ... မင်းတို့ထဲက တစ်စုံတစ်ယောက် အပြင်ကို ထွက်သွားခဲ့ဖူးလား"
တစ်ဖက်လူ၏ ကောက်ကျစ်ညှို့မှိုင်းနေသည့် အကြည့်များသည် လူတိုင်း၏ မျက်နှာထက်သို့ ဖြည်းညှင်းစွာဖြင့် တစ်ဦးချင်းစီ ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်နှင့် ဆုံမိသွားကြသည့် ချီသန့်စင်ခြင်း ကျင့်ကြံသူများသည် ကျောချမ်းဖွယ်ရာ ခံစားချက်မျိုးကို ခံစားလိုက်ရသဖြင့်... စိတ်ထဲကနေ အလိုလိုပင် ခေါင်းကို ငုံ့ချလိုက်ကြပြီး ၎င်းနှင့် မျက်လုံးချင်း မဆုံဝံ့ကြချေ။
"ဘယ်သူမှ အပြင်ကို မထွက်ခဲ့ပါဘူး"
ဝူယဲ့တီက သတ္တိမွေး၍ ဆိုလိုက်သည်။
တစ်ဖက်လူသည် ထပ်တလဲလဲ အဖန်ဖန် မေးမြန်းစစ်ဆေးခဲ့ရုံမျှမက... အိမ်ရာဝင်းအတွင်းရှိ အိမ်စေအဘိုးအိုကိုပါ သေသေချာချာ မေးမြန်းခဲ့ပြီး၊ လူတိုင်း အပြင်သို့ လုံးဝ မထွက်ခွာခဲ့ကြောင်းကို အတည်ပြုပြီးမှသာ... အေးစက်စက် လေသံဖြင့် ခြိမ်းခြောက်လိုက်သည်။
"ဒီအတောအတွင်းမှာ... ငါ့အမိန့်မရှိဘဲ အိမ်ရာဝင်းထဲကနေ ခြေတစ်လှမ်းမျှ အပြင်ကို မထွက်ကြနဲ့၊ တကယ်လို့ ဖောက်ဖျက်ရင်.. အရိုးကိုကြိတ်ပြီး ပြာကိုလေထဲလွင့်ပစ်မယ်"
ပြောပြီးသည်နှင့်... ထိုလူသည် ဖြည်းညှင်းစွာဖြင့် လှည့်ထွက်သွားခဲ့တော့သည်။
သူ ထွက်ခွာသွားသည်နှင့်... လူတိုင်း ဆွံ့အမှင်တက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ချက်ချင်းပင် လေသံကို နှိမ့်၍ အကြောင်းအရင်းကို အမျိုးမျိုး စတင် ခန့်မှန်းတွေးတောကြတော့သည်။
၎င်းတို့အနေဖြင့် ဤနေရာတွင် ဘာပြဿနာ တက်နေသည်ကို တိတိကျကျ မသိရှိကြသော်လည်း... ထိုလူ၏ အမူအရာနှင့် လေသံအရ ကြည့်မည်ဆိုလျှင် ဤနေရာတွင် အလွန်တရာ ကြီးမားလှသော အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပွားနေကြောင်း ထင်ရှားလှပေသည်၊ သို့သော်လည်း ထိုကိစ္စက ၎င်းတို့အပေါ်သို့ သက်ရောက်မှု ရှိလာမလားဆိုတာကိုတော့ မပြောတတ်ချေ။
လူတိုင်း၏ စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လာခဲ့ရသည်။
မသေမျိုးကံတရား ဆိုသည့် အခွင့်အရေးကို မျက်မြင်မတွေ့ရသေးခင်မှာပင်... ယခုအခါတွင် မိမိတို့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို အရင်ဆုံး ရင်ဆိုင်နေရပြီ ဖြစ်သည်။
ထိုအခြေအနေက တကယ်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းလှပေသည်။
...
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် အတွင်းနယ်မြေထဲတွင် ရပ်တန့်နေခဲ့ပြီး... မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ စိတ်ထဲတွင် ဘာကို တွေးတောနေသည်ကို မသိနိုင်ချေ။
ရုတ်တရက်... သူ၏ အတွင်းနယ်မြေသည် တစ်စုံတစ်ခုကို တိုက်မိသွားသည့်အလား ကျယ်လောင်လှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် သူ၏ အတွင်းနယ်မြေကို အလောတကြီးဖြင့် ရပ်တန့်လိုက်ရပြီး... တစ်ချိန်တည်းမှာပင် အလွန်တရာ ခန့်ညားထည်ဝါလှသော တံခါးကြီးတစ်ချပ်သည် သူ၏ မျက်စိရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုတံခါးကြီး၏ ဆန့်ကျင်ဘက်တွင်မူ... သူ ဘယ်လိုနည်းနဲ့မျှ သေသေချာချာ မမြင်နိုင်သည့် ခန့်ညားလှသော လူရိပ်တစ်ခု မတ်တတ်ရပ်နေခဲ့သည်။
"ဝါ့ထျန်းဧကရာဇ်..."
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်၏ မျက်နှာတွင် ရိုသေလေးစားသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့ပြီး... လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။
"ဘာကိစ္စရှိလို့... မင်းရဲ့ အတွင်းနယ်မြေကိုထုတ်သုံးပြီး ငါ့ကို လာရှာရတာလဲ"
ဆန့်ကျင်ဘက် တံခါးဝဆီမှ အေးဆေးတည်ငြိမ်လှသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျွန်တော်မျိုးတို့ရဲ့... 'ခန္ဓာကိုယ်အစားထိုးကောင်တွေ'... အကုန်လုံး ပျောက်ကွယ်သွားပါပြီ"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်၏ လေသံမှာ ထစ်ထစ်အအ ဖြစ်နေခဲ့ရသည်။
ဆန့်ကျင်ဘက်မှ တည်ရှိမှုကြီးကမူ အစဉ်သဖြင့် တောင်တန်းကြီးတစ်ခုကဲ့သို့ တည်ငြိမ်မြဲမြံနေဆဲ ဖြစ်ပြီး... ဤစကားကို ကြားလိုက်ရသည့်တိုင်အောင် ကြီးမားလှသော စိတ်ခံစားမှု လှုပ်ရှားမှုမျိုး လုံးဝ ရှိမနေခဲ့ချေ။
အတန်ကြာ အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးမှသာ... ပြန်လည်၍ မေးမြန်းလိုက်သည်။
"မင်း ပြောတဲ့ ပျောက်ကွယ်သွားတယ်ဆိုတာ... ဘာသဘောလဲ"
ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် မျက်နှာပျက်ပျက်ဖြင့်... ဖြစ်ကြောင်းကုန်စင်ကို ဖြည်းညှင်းစွာဖြင့် အသေးစိတ် တင်ပြလိုက်တော့သည်။
ပြောပြီးနောက်တွင်တော့ သူသည် လက်ကို အောက်သို့ ချထားရင်း မတ်တတ်ရပ်လျက်... တစ်ဖက်လူ၏ အမိန့်ညွှန်ကြားချက်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေမိသည်။
"ဒီလို နေရာမျိုးမှာ...အသံ မထွက်စေဘဲ ခန္ဓာကိုယ်အစားထိုးကောင် အားလုံးကို တိတ်တဆိတ် သယ်ဆောင်သွားနိုင်ရုံတင်မကဘူး၊ ငါကိုယ်တိုင် ချမှတ်ထားခဲ့တဲ့ တားမြစ်ချက် အစီအရင်ကိုပါ ဖျက်ဆီးသွားနိုင်တယ်ဆိုတော့...
လူသားနယ်မြေ ကိုးခုတစ်ခုလုံးမှာ ဒီအဆင့်အထိ လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ တည်ရှိမှုမျိုးက အများကြီး မရှိပါဘူး။
မင်း စကားပြောနေတဲ့ အချိန်မှာတင်... ငါကိုယ်တိုင် မသေမျိုးသန့်စင်ကန်ကို ရောက်ရှိနေခဲ့ပြီ၊ မင်း အခုပဲ ပြန်လာခဲ့တော့... ငါတို့တွေ မသေမျိုးသန့်စင်ကန်မှာ တွေ့ကြတာပေါ့"