← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 15 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 15 Ch. 197-198

အပိုင်း(၁၉၇)

"ငရုတ်သီးမှုန့်..."

ဤစကားကို ကြားသောအခါ လေဝါဂူအတွင်းရှိ မိစ္ဆာများသည် အံ့အားသင့်ကာ ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ထဲမှ မည်သူကမျှ ထို ငရုတ်သီးမှုန့် ဆိုသည်ကို တစ်ခါမျှ မကြားဖူးခဲ့ကြောင်း ထင်ရှားလှပေသည်။

"ခွင့်လွှတ်ပါ ဘုရင်ကြီး… အဲဒီ ငရုတ်သီးမှုန့် ဆိုတာကို ဘာအတွက် သုံးတာလဲ..."

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အခြား မိစ္ဆာဘုရင် တစ်ပါးက လေဝါမိစ္ဆာအား မေးခွန်းထုတ်လိုက်သည်။

"ငရုတ်သီးမှုန့်ဆိုတာ စားစရာ တစ်မျိုးပဲ… ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်နိုင်တယ်… ဆားလိုမျိုး လုပ်ဆောင်ချက်နဲ့ ဆင်တူမယ်လို့ ငါ ထင်တယ်..."

သူ၏ လက်အောက်ငယ်သား၏ အမေးကို လေဝါမိစ္ဆာက စဉ်းစားဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"ဟင်းခတ်အမွှေးအကြိုင် တစ်ခုသက်သက်ပဲလား..."

လေဝါမိစ္ဆာ၏ စကားကြောင့် ရောက်ရှိနေသော မိစ္ဆာများအားလုံး မှင်သက်သွားကြလေသည်။

လူတိုင်းကို ညသန်းခေါင်ကြီး အလောတကြီး ဆင့်ခေါ်လိုက်ခြင်းမှာ ဟင်းခတ်အမွှေးအကြိုင် တစ်ခုကို ရှာဖွေရန် သက်သက်သာ ဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလှပေသည်။

"အင်း... အဲဒီ ငရုတ်သီးမှုန့်က ဘယ်လိုပုံစံ ရှိတာလဲ..."

နောက်ထပ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မိစ္ဆာဘုရင် တစ်ပါးက ဝင်မေးလိုက်သည်။

"ငါ မသိဘူး..."

လေဝါမိစ္ဆာက ခေါင်းယမ်းလိုက်၏။

"ဒါဆိုရင် အဲဒီ ငရုတ်သီးမှုန့်မှာ ထူးခြားတဲ့ လက္ခဏာ တစ်ခုခု ရှိသလား..."

ချက်ချင်းဆိုသလိုပင် နောက်ထပ် မိစ္ဆာဘုရင် တစ်ပါးက ထပ်မံ စုံစမ်းမေးမြန်းလိုက်သည်။

"ငါ မသိဘူး..."

လေဝါမိစ္ဆာက ဆက်လက် ခေါင်းယမ်းလိုက်သည်။

"ဘုရင်ကြီး… ဒီ ငရုတ်သီးမှုန့်က ဘယ်နေရာမှာ ရှိနိုင်လဲဆိုတာ အရိပ်အမြွက်လောက်တော့ ရှိတယ်မလား..."

နောက်ဆုံးတွင် အခြား မိစ္ဆာဘုရင် တစ်ပါးက ရှေ့သို့ တိုးထွက်လာကာ မေးလိုက်သည်။

"အသုံးမကျတဲ့ ကောင်တွေ… အဲဒါ ဘယ်မှာရှိလဲဆိုတာ ငါ သိရင် မင်းတို့ကို သွားရှာခိုင်းနေစရာ လိုဦးမလား..."

လေဝါမိစ္ဆာက ဒေါသတကြီး အော်ဟစ်လိုက်ရာ ဂူအတွင်းရှိ မိစ္ဆာများအားလုံး သူတို့၏ ခေါင်းများကို နောက်သို့ ဆုတ်သွားစေလေသည်။

လေဝါမိစ္ဆာ၏ ဒေါသတကြီး ဆဲဆိုသံများကြားမှပင် မိစ္ဆာအုပ်စုကြီးသည် လေဝါဂူအတွင်းမှ ထွက်ခွာလာခဲ့ကြပြီး ထို ငရုတ်သီးမှုန့် ဆိုသည်ကို စတင် ရှာဖွေကြလေတော့သည်။

သို့ရာတွင် ဘုရင်ကြီး ကိုယ်တိုင်ပင် ငရုတ်သီးမှုန့်က မည်သို့ပုံစံရှိမှန်း မသိသည့် အရာတစ်ခုကို သူတို့က မည်သို့ ရှာဖွေနိုင်ကြမည်နည်း။

နောက်တစ်နေ့ နံနက်မိုးသောက်ချိန်တွင် မြို့အပြင်ဘက်၌ ပေါက်ပြားကို ထမ်းထားသော အသားမည်းမည်းနှင့် အမျိုးသားက ကျန်းလျိုအား လက်ပြနှုတ်ဆက်လိုက်သည်။

"ဆရာတော်… ဘေးကင်းလုံခြုံတဲ့ ခရီးဖြစ်ပါစေ… အနောက်ကောင်းကင်ဘုံကို အမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

"တခြားစကားလုံးနဲ့ ပြောင်းပြောလို့ မရဘူးလား..."

ထိုအသားမည်းမည်းနှင့် အမျိုးသား၏ နှုတ်ဆက်စကားကြောင့် ကျန်းလျို၏ မျက်နှာမှာ အတော်လေး မည်းမှောင်သွားလေ၏။

သူ့အမြင်တွင် ဤစကားများသည် ဆုတောင်းစကား ဖြစ်သော်လည်း ကျန်းလျိုအတွက်မူ ကြောက်မက်ဖွယ် ကျိန်စာတစ်ရပ်ကဲ့သို့ ကြားနေရပေသည်။

"ဗျာ..."

ကျန်းလျို၏ မျက်နှာပျက်သွားမှုကို မြင်သောအခါ အမျိုးသားမှာ သူ၏စကားများတွင် မည်သည့်အရာက မှားယွင်းသွားမှန်း နားမလည်နိုင်ဘဲ ဇဝေဇဝါဖြင့် ခေတ္တရပ်တန့်သွားလေသည်။

သို့ရာတွင် ကျန်းလျိုက တခြားစကားလုံးဖြင့် ပြောင်းပြောရန် တောင်းဆိုထားသဖြင့် အမျိုးသားသည် သိပ်မစဉ်းစားတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဒါဆိုရင် လေရူးနဲ့အတူ ချောမွေ့တဲ့ ခရီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..."

"အဓိပ္ပာယ်က အတူတူပဲလေ...”

ကျန်းလျိုသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ဤအကြောင်းအရာကို ဆက်လက် ပြောဆိုလိုစိတ် မရှိတော့ချေ။ သူက ဆက်၍...

"ငါတို့ လမ်းခွဲကြပြီဆိုတော့… ရေစက်ပါရင် နောက်တစ်ကြိမ် ပြန်ဆုံကြသေးတာပေါ့… ဇီယာစေ့တွေကို ကြိတ်ခွဲတာနဲ့ ကင်တဲ့ နည်းလမ်းတွေကို မင်း မြင်ပြီးပြီဆိုတော့… ဘယ်လို ဆက်လုပ်ရမလဲဆိုတာ မင်းကိုယ်တိုင် တွေးကြည့်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်..."

"ကျေးဇူးတင်ပါတယ် ဆရာတော်..."

ဆရာတော်က သူ၏ နည်းလမ်းများအား သင်ယူခြင်း အပေါ် လုံးဝ ဆန့်ကျင်ခြင်းမရှိကြောင်း ကြားသောအခါ အသားမည်းမည်းနှင့် အမျိုးသားမှာ ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားလေသည်။

အခြားတစ်ဖက်၌ ကျန်းလျိုမှာလည်း ဇီယာမှုန့် ဒါဇင်ပေါင်းများစွာကို လက်ခံရရှိခဲ့သဖြင့် စိတ်ထဲတွင် ကျေနပ်နေကာ လက်ပြနှုတ်ဆက်လိုက်ပြီးနောက် နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်၍ လှည့်ထွက်လာခဲ့လေသည်။

"နေပါဦး ဆရာတော်..."

သို့ရာတွင် ကျန်းလျို လှည့်ထွက်သွားသည်ကို ကြည့်ရင်း အသားမည်းမည်းနှင့် အမျိုးသားသည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ လှမ်းပြောလိုက်၏။

"ဆရာတော် အနောက်ဘက်ကို သွားမယ်ဆိုရင် သတိထားပါ… အနောက်တောင်ဘက်မှာ မိစ္ဆာတချို့ နေထိုင်တဲ့ လေဝါတောင်ကြော ရှိတယ်… ဆရာတော်အနေနဲ့ အဲဒီ လေဝါတောင်ကြောကို ရှောင်သွားတာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်..."

"လေဝါတောင်ကြော ဟုတ်လား..."

အမျိုးသား၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ တောက်ပသွားလေသည်။

‘လေဝါတောင်ကြော... ဒါက မူရင်းဇာတ်လမ်းထဲမှာ လေဝါမိစ္ဆာ နေထိုင်တဲ့ နေရာ မဟုတ်ဘူးလား…’

"ငါ့ကို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒီလိုမှမဟုတ်ရင် ငါ တကယ်ပဲ လွတ်သွားတော့မလို့..."

လေဝါတောင်ကြောရှိ မိစ္ဆာများအကြောင်းကို တွေးမိကာ ကျန်းလျိုသည် တိတ်တဆိတ် ဝမ်းသာသွားပြီး အမျိုးသားအား ကျေးဇူးတင်စကား ဆိုလိုက်သည်။

စကားပြောဆိုရင်း သူသည် စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့ကို လိုက်ခဲ့ရန် လက်ယပ်ခေါ်လိုက်ပြီး လေဝါတောင်ကြောဆီသို့ ဦးတည်သွားလေတော့သည်။

"လွတ်သွားတော့မလို့ ဟုတ်လား..."

ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် အမျိုးသားသည် ကျန်းလျိုနှင့် သူ၏ အဖော်များ ထွက်ခွာသွားသည်ကို ကြည့်ကာ အဓိပ္ပာယ်ကို သေချာနားမလည်ဘဲ တိတ်တဆိတ် ရေရွတ်လိုက်လေတော့သည်။

...

"ဆရာ… ခုနက လူပြောသွားတာ လေဝါတောင်ကြောမှာ မိစ္ဆာတွေ ရှိတယ်ဆို… ကျွန်တော်တို့ ကွေ့ရှောင်ပြီး သွားကြရင် မကောင်းဘူးလား..."

ကျန်းလျို၏ နောက်မှ လိုက်ပါလာသော ကိုးခွသွား ထွန်ခြစ်ကို ထမ်းထားသည့် ကျူးပါကျဲက အကြံပြုလိုက်သည်။

ကျူးပါကျဲ၏ ပျင်းရိသော သဘာဝအရ တတ်နိုင်သမျှ တိုက်ပွဲများကို ရှောင်ရှားချင်သည်။ အထူးသဖြင့် မကြာသေးမီက ဖူထူတောင်ရှိ ပြဿနာများတွင် ဆရာဖြစ်သူ ကိုယ်တိုင်က ပြဿနာရှာရန် တက်ကြွနေခဲ့ပြီး ဝူချောင်ဆရာတော် ကိုယ်တိုင် ပါဝင်တိုက်ခိုက်လာအောင် ဆွပေးခဲ့သဖြင့် ကျူးပါကျဲမှာ အလွန်တရာ လန့်ဖြန့်ခဲ့ရသည်။

ထို့ကြောင့် လေဝါတောင်ကြောရှိ မိစ္ဆာများအကြောင်းကို ကြားသောအခါ ကျူးပါကျဲက ပြဿနာပိုများလာမည်ထက် နည်းသွားခြင်းက အကောင်းဆုံးဟု တွေးလိုက်ခြင်း ဖြစ်၏။

"ပါကျဲ… ဘုန်းကြီးတွေအနေနဲ့ ငါတို့က ရင်ထဲမှာ ကရုဏာတရားကို ထားရှိရမယ်… ကောင်းမြတ်မှုကို အားပေးရုံသာမက ဆိုးယုတ်မှုကိုပါ အပြစ်ပေးရမယ်… လေဝါတောင်ကြောမှာ မိစ္ဆာတွေ ရှိနေမှတော့ ငါတို့ ကိုယ်တိုင် သွားကြည့်ရမှာပေါ့… တကယ်လို့ မိစ္ဆာတွေက ခွင့်လွှတ်လို့မရအောင် ဆိုးယုတ်နေမယ်ဆိုရင်… သူတို့ကို နှိမ်နင်းပြီး ဒေသခံပြည်သူတွေကို ငြိမ်းချမ်းရေး ယူဆောင်ပေးဖို့က ငါတို့ရဲ့ တာဝန်ပဲလေ..."

ကျန်းလျိုက လေးနက်သော အမူအရာဖြင့် ကျူးပါကျဲအား အတည်ပေါက် ပြောဆိုလိုက်သည်။

"ဆရာ… ဘုန်းကြီးတွေက သတ်ဖြတ်တာကို ရှောင်ကြဉ်ရမှာ မဟုတ်ဘူးလား… ဆရာ လုပ်နေတဲ့ပုံစံနဲ့ဆိုရင် တစ်နေ့ကျ သတ်ဖြတ်ချင်တဲ့စိတ်ကို ဖျောက်ဖျက်ဖို့ ခက်ခဲမသွားနိုင်ဘူးလား..."

ကျူးပါကျဲက စဉ်းစားဟန်ဖြင့် ခေါင်းယမ်းကာ မေးလိုက်သည်။

"ငါတို့က အသက်ကို သတ်တာမဟုတ်ဘူး… ကံကြမ္မာကို ဖြတ်တောက်တာပါ… နောက်ပြီး တိချန်းဗောဓိသတ်က 'ငါ ငရဲပြည်ကို မသွားရင် ဘယ်သူသွားမှာလဲ' လို့ ပြောခဲ့ဖူးတယ် မဟုတ်လား… ကောင်းကင်ဘုံက ငါတို့ကို ထူးခြားတဲ့ စွမ်းအားတွေ ပေးသနားထားပြီးပြီဆိုတော့ ငါတို့ကလည်း အဲဒီအပေါ် သင့်လျော်တဲ့ တာဝန်ကို ယူရမှာပေါ့၊ စွမ်းအားကြီးလေ တာဝန်ကြီးလေဆိုတာ မင်း နားမလည်ဘူးလား..."

သူ ဟောပြောနေသော ကြီးကျယ်ခမ်းနားသည့် အခြေခံမူများက သင့်လျော်သည်ဖြစ်စေ မသင့်လျော်သည်ဖြစ်စေ ကျန်းလျို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှင်းလင်းနေ၏။ လေဝါတောင်ကြောမှ မိစ္ဆာများကို နှိမ်နင်းရန်သာ ဖြစ်လေသည်။

"ကောင်းပါပြီ… ဆရာနဲ့ ငြင်းခုံရအောင် ကျုပ် ဝက်ကြီးက ဘယ်သူမို့လို့လဲ..."

ကျူးပါကျဲသည် ပေါ့ပေါ့ပါးပါး ကန့်ကွက်စကား ဆိုရုံမျှသာ ဖြစ်ပြီး ကျန်းလျို၏ ဆုံးဖြတ်ချက်ကို တားဆီးရန် သူ၌ သတ္တိမရှိချေ။ ဆရာတော် ကိုယ်တိုင်က မိစ္ဆာများကို သုတ်သင်ရန် သန္နိဋ္ဌာန် ချထားသည်ကို မြင်သောအခါ သူ့ အနေဖြင့် ဘာတတ်နိုင်မည်နည်း။

သူတို့ ခရီးဆက်လာသည်နှင့်အမျှ လေဝါတောင်ကြော၏ အကြမ်းဖျင်း ပုံသဏ္ဌာန်မှာ လျင်မြန်စွာ မြင်ကွင်းထဲသို့ ရောက်ရှိလာလေသည်။

သို့ရာတွင် လေဝါတောင်ကြောသို့ မချဉ်းကပ်မီမှာပင် ဒုက္ခသည်များနှင့် တူသော အမျိုးသားနှစ်ဦးသည် ထိတ်လန့်နေသော အမူအရာများဖြင့် သူတို့ထံသို့ ပြေးလာနေသည်ကို ကျန်းလျို ရုတ်တရက် မြင်လိုက်ရ၏။

"ခင်ဗျားတို့ နှစ်ယောက် ဘာဖြစ်လာတာလဲ… တစ်ခုခု ဖြစ်လို့လား..."

ထိုအမျိုးသားနှစ်ဦး၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ကျန်းလျိုသည် သူတို့ထံသို့ သွားကာ တားဆီးလိုက်ပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်လေသည်။

"ဆရာတော်… ရှေ့ဆက်မသွားပါနဲ့တော့… လေဝါတောင်ကြောက မိစ္ဆာတွေ ရူးကုန်ကြပြီ… ဒီနေ့ လေဝါတောင်ကြောထဲကနေ အားလုံး အုံနဲ့ကျင်းနဲ့ ထွက်လာကြတာ… အရမ်း ကြောက်စရာကောင်းတယ်..."

ကျန်းလျိုက လေဝါတောင်ကြောဆီသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ ထွက်ပြေးလာသော အမျိုးသားနှစ်ဦးက အလောတကြီး ပြောလိုက်သည်။

ပုံမှန်အားဖြင့် မိစ္ဆာများသည် သူတို့၏ ကိုယ်ပိုင် နယ်မြေများ ရှိကြသော်လည်း ဤအမျိုးသားနှစ်ဦး၏ စကားများအရ ယနေ့ လေဝါတောင်ကြောမှ မိစ္ဆာများသည် ပုံမှန်မဟုတ်ဘဲ ထူးဆန်းစွာ ပြုမူနေကြကြောင်း ပေါ်လွင်နေလေသည်။

"မိစ္ဆာတွေက လူစားဖို့ တောင်ပေါ်ကနေ ဆင်းလာကြတာများလား..."

ကျန်းလျို၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားပြီး အတည်ပေါက်လေသံဖြင့် မေးလိုက်သည်။

အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်နေပါက ယနေ့ သူသည် လေဝါတောင်ကြောမှ မိစ္ဆာများအားလုံးကို မပျက်မကွက် သုတ်သင်ရှင်းလင်းရတော့မည် ဖြစ်ပုံရ၏။

"မဟုတ်ပါဘူး… မဟုတ်ပါဘူး… အဲဒီလို မဟုတ်ပါဘူး..."

ဤစကားကို ကြားသောအခါ အမျိုးသားနှစ်ဦးက ခေါင်းယမ်းလိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာများဖြင့်...

"အဲဒီမိစ္ဆာတွေက ထူးဆန်းတဲ့ အရာတစ်ခုကို ရှာနေကြပုံရတယ်… အဲဒါကို ဘယ်လိုခေါ်ပါလိမ့်..."

စကားပြောနေသော အမျိုးသားသည် မိစ္ဆာများ မည်သည့်အရာကို ရှာဖွေနေကြကြောင်းကို မမှတ်မိနိုင်ပုံရသဖြင့် သူ၏ အဖော်ဖြစ်သူအား ခေါင်းလှည့်၍ မေးလိုက်လေသည်။

"ဘာခေါ်ပါလိမ့်... ငရုတ်သီးမှုန့်လား… ဟုတ်တယ်… အဲဒါပဲ… ငရုတ်သီးမှုန့်..."

အမေးခံရသော အမျိုးသားသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ငရုတ်သီး... ငရုတ်သီးမှုန့်...

ဤစကားများကြောင့် ကျန်းလျိုမှာ မှင်သက်သွားရလေသည်။

သူ၏နောက်ရှိ စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့ပင်လျှင် မယုံကြည်နိုင်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သည် ပြီးခဲ့သည့်ညကမှ ဤငရုတ်သီးမှုန့် အကြောင်းကို ဆရာဖြစ်သူ ပြောသည်ကို ကြားခဲ့ရပြီး ၎င်းကို မည်သည့်နေရာတွင် ရှာရမည်မှန်း မသိဖြစ်နေခဲ့သည်။ ယခုအခါ ဤငရုတ်သီးမှုန့်နှင့် ပတ်သက်သည့် သတင်းကို ကြားလိုက်ရသည်တဲ့လား။

"ဝူခုန်း… ပါကျဲ… သွားကြမယ်..."

ငရုတ်သီးမှုန့် သတင်းကို ကြားသောအခါ ကျန်းလျိုသည်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။

အဆင့်တက်ရန် မိစ္ဆာများကို တိုက်ခိုက်မည့် အခွင့်အရေးရော ငရုတ်သီးမှုန့်ကိုပါ ရှာတွေ့နိုင်မည့် အခွင့်အရေးပါ ရှိနေသဖြင့် သူ မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

"ရှောင်ပိုင်… မြန်မြန်သွားကြစို့..."

ကျန်းလျို၏ အမိန့်ကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် နဂါးမြင်းဖြူသည် ဟီသံတစ်ချက်ပေးကာ ခွာများကို မြှောက်လိုက်ပြီး ချက်ချင်းဆိုသလို အဖြူရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လျှပ်စီးကဲ့သို့ လေဝါတောင်ကြောဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေတော့သည်။

ကျူးပါကျဲနှင့် စွန်ဝူခုန်းတို့ကမူ တွန့်ဆုတ်မနေတော့ဘဲ အမြန် လိုက်ပါသွားကြလေသည်။

"သူတို့… သူတို့..."

လေဝါတောင်ကြောမှ မိစ္ဆာများ တောင်အောက်သို့ ဆင်းလာကြောင်း သိလိုက်ရပြီးနောက် ၎င်းတို့ဆီသို့ တဟုန်ထိုး သွားနေကြသော ကျန်းလျိုတို့ကို ကြည့်ရင်း ထွက်ပြေးလာသော အမျိုးသားနှစ်ဦးမှာ ဆွံ့အ မှင်သက်သွားကြလေသည်။

အမျိုးသားနှစ်ဦးသည် တစ်စုံတစ်ခုကို လျင်မြန်စွာ ရိပ်မိသွားကြ၏။ ထိုဘုန်းကြီးငယ်လေးက မိစ္ဆာများကို နှိမ်နင်းပြီး ဆိုးယုတ်မှုများကို သုတ်သင်ဖို့ သီးသန့် ရောက်လာခဲ့တာ ဖြစ်နိုင်ပေသည်။

***

အပိုင်း(၁၉၈)

"ဟေ့... ဒီ ဘုန်းကြီးပေါက်စလေးက ဘယ်က ရောက်လာတာလဲ… ငါတို့ လေဝါကိုများ ကျူးကျော်ဝင်ရောက်ရဲတယ်..."

နဂါးမြင်းဖြူက အစွမ်းကုန် အရှိန်ဖြင့် ဒုန်းစိုင်းပြေးနေစဉ် ရုတ်တရက် ဖားမိစ္ဆာ တစ်ကောင် ခုန်ထွက်လာပြီး သံခက်ရင်းခွကို ဝှေ့ယမ်းကာ မြင်းပေါ်ရှိ ကျန်းလျိုအား အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

သို့ရာတွင် ဖားမိစ္ဆာ၏ စကားမဆုံးမီမှာပင် လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး ၎င်း၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ဝါးတားတား ဖြစ်သွားလေ၏။

နောက်သို့ လှည့်ကြည့်လိုက်ရာ အရှိန်ဖြင့် ပြေးထွက်သွားသော မြင်းဖြူကိုသာ မြင်လိုက်ရ၏။

"ဒီလောက်… ဒီလောက် မြန်တဲ့ မြင်းပါလား..."

...

"ဟင်... ငါ ခုလေးတင် အသံတစ်ခုခု ကြားလိုက်သလား..."

ခရီးစဉ်မှာ အလွန် ချောမွေ့နေပြီး နဂါးမြင်းဖြူပေါ်တွင် ထိုင်ကာ လေဝါမိစ္ဆာနှင့် ငရုတ်သီးမှုန့် အခြေအနေကို စဉ်းစားတွေးတောနေသော ကျန်းလျိုသည် ရုတ်တရက် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်လေသည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက အလျင်အမြန် နောက်ဆုတ်သွားနေပြီး အခြား ဘာမှမရှိသောကြောင့် ကျန်းလျိုက ခေါင်းယမ်းလိုက်ကာ သူ စိတ်ထင်သွားခြင်းသာ ဖြစ်မည်ဟု တွေးလိုက်၏။

အကြောက်အလန့်မရှိ တဟုန်ထိုး ပြေးဝင်လာရာ လေဝါဂူ အဝင်ဝသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြသည်။ ထို့အပြင် လေဝါတောင်ကြောမှ မိစ္ဆာအများစုမှာ ငရုတ်သီးမှုန့် ရှာဖွေရန် ထွက်ခွာသွားကြပြီ ဖြစ်သောကြောင့်၊ ကျန်းလျိုနှင့် သူ၏ အဖော်များသည် ဂူအဝင်ဝသို့ တိုက်ရိုက် သွားရာလမ်းတွင် မမျှော်လင့်ဘဲ မည်သည့် အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ရချေ။

"မင်းတို့က ဘယ်သူတွေလဲ… ငါတို့ လေဝါဂူကို ဘာကိစ္စနဲ့ ရောက်လာတာလဲ..."

ဂူအဝင်ဝတွင် လက်နက်များကို ကိုင်ဆောင်ထားသော သားရဲခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် မိစ္ဆာစစ်သူကြီး နှစ်ဦးသည် မြင်းဖြူပေါ်တွင် စီးနင်းလာသော ကျန်းလျိုနှင့် သူ၏နောက်မှ ပိန်လှီသော မျောက်တစ်ကောင်၊ ရုပ်ဆိုးသော ဝက်မည်းမိစ္ဆာ တစ်ကောင်တို့ကို ကြည့်ကာ အံ့အားသင့်သွားပြီး ခက်ထန်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒီမှာ လေဝါဘုရင် ရှိပါသလား ခင်ဗျာ… သူ့ကို မေးစရာရှိလို့ လာရှာတာပါ..."

တိုက်ခိုက်ရေး မစတင်မီ ငရုတ်သီးမှုန့် မည်သည့်နေရာတွင် ရှိကြောင်းကို ကျန်းလျိုမှာ ရှင်းရှင်းလင်းလင်း သိချင်နေသေးသဖြင့် အလောတကြီး မလှုပ်ရှားသေးဘဲ ယဉ်ကျေးမှုကို အရင်ပြပြီးမှ အင်အားသုံးမည့် ဗျူဟာကို ကျင့်သုံးလိုက်လေသည်။

"မင်းတို့ စောင့်နေ… ဘုရင်ကြီးကို ငါ သွားပြီး သတင်းပို့လိုက်မယ်..."

ကျန်းလျိုက သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်ကို မြင်သောအခါ မိစ္ဆာစစ်သူကြီး တစ်ဦးက ပြန်ဖြေလိုက်ပြီး ဂူထဲသို့ လှည့်ဝင်သွားလေသည်။

ထိုအချိန်တွင် လေဝါမိစ္ဆာသည် သူ၏ ပလ္လင်ပေါ်၌ ပျင်းရိပျင်းတွဲ မှီလျက် ထိုင်နေပြီး လက်အောက်ငယ်သား တစ်ဦးက အလောတကြီး ပြေးဝင်လာရာ သူ၏ ကမန်းကတန်း ခြေသံများက ဂူအတွင်း၌ ရှင်းလင်းစွာ ပဲ့တင်ထပ်နေလေ၏။

"ဘာကိစ္စလဲ..."

မျက်လုံးများကို ဖွင့်လိုက်ပြီး လေဝါမိစ္ဆာက သူ၏ရှေ့ရှိ လက်အောက်ငယ်သားကို ကြည့်ကာ မေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု တည်ရှိနေသည်။

"ငါ ရှာနေတဲ့ ငရုတ်သီးမှုန့်ကို မင်းတို့ ရှာတွေ့သွားပြီလား..."

"မဟုတ်ပါဘူး ဘုရင်ကြီး… အပြင်ဘက်မှာ ဘုန်းကြီးတစ်ပါး ရောက်နေတယ်… ဘုရင်ကြီးကို တစ်ခုခု မေးစရာရှိတယ်လို့ ပြောနေတယ်..."

မိစ္ဆာစစ်သူကြီးက ခေါင်းယမ်းကာ ပြန်ဖြေလိုက်ပြီး စိတ်ထဲတွင်မူ အခြေအနေကို ဝေဖန်နေလေသည်။

‘ဘုရင်ကြီးက လူတိုင်းကို ငရုတ်သီးမှုန့် ရှာခိုင်းထားပေမဲ့ ကိုယ်တိုင်တောင် အဲဒီအကြောင်း ဘာမှ မသိဘဲနဲ့များ တစ်ညတည်းနဲ့ သူတို့ကို ငရုတ်သီးမှုန့် ရှာတွေ့ဖို့ ဘယ်လိုများ မျှော်လင့်နေရတာလဲ...’

"ဘုန်းကြီးတစ်ပါး ဟုတ်လား… ငါ သူ့ကို မတွေ့ဘူး..."

မျက်မှောင်ကုတ်လျက် လေဝါမိစ္ဆာသည် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး မျက်လုံးများ မှိတ်ကာ ဆက်လက် အိပ်စက်နေလေသည်။

သို့ရာတွင် မိစ္ဆာစစ်သူကြီး မထွက်ခွာမီမှာပင် လေဝါမိစ္ဆာသည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ ရုတ်တရက် မျက်လုံးများ ပွင့်လာပြီးမေးလိုက်၏။

"နေပါဦး… မင်းပြောတဲ့ ဘုန်းကြီးက ဘယ်လိုရုပ်သွင်မျိုး ရှိတာလဲ..."

မိစ္ဆာစစ်သူကြီးက ခြေလှမ်းများ ရပ်တန့်သွားပြီး ဘာကိုမှ မဖုံးကွယ်ရဲဘဲ ပြန်ဖြေလိုက်သည်။

"ရောက်လာတဲ့ ဘုန်းကြီးက အရမ်းငယ်ရွယ်ပုံရတယ်… အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်ပဲ ရှိဦးမယ်… အရမ်း ခန့်ညားတဲ့ မြင်းကြီးတစ်ကောင်ကို စီးနင်းလာတယ်..."

"ပြီးတော့ရော… ဒီဘုန်းကြီးနဲ့အတူ မျောက်တစ်ကောင်နဲ့ ဝက်တစ်ကောင် ပါလာသေးလား..."

မိစ္ဆာစစ်သူကြီး စကားမဆုံးမီမှာပင် လေဝါမိစ္ဆာက ရုတ်တရက် ဖြတ်မေးလိုက်လေသည်။

မိစ္ဆာစစ်သူကြီးက ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့… မှန်ပါတယ် ဘုရင်ကြီး… အဲဒီ ဘုန်းကြီးက ဘုရင်ကြီးရဲ့ မိတ်ဆွေလား..."

လေဝါမိစ္ဆာသည် တစ်ဖက်လူကို မတွေ့ရသေးဘဲနှင့် သူတို့၏ ရုပ်သွင်ကို သိနေပုံရသောကြောင့် လေဝါမိစ္ဆာနှင့် ကျန်းလျိုတို့ကြားရှိ ဆက်ဆံရေးကို မိစ္ဆာစစ်သူကြီး တစ်ယောက် လွဲမှားစွာ နားလည်သွားခဲ့ကြောင်း ထင်ရှားလှပေသည်။

"သွားပြီ… ငါတော့ နောက်ပေါက်ကနေ ထွက်ပြေးမှ ရတော့မယ်..."

သို့သော်လည်း... လေဝါမိစ္ဆာကတော့ ဖျပ်ဖျပ်လူးနေပြီ ဖြစ်သည်။ လက်အောက်ငယ်သား၏ စကားများမှတစ်ဆင့် ရောက်ရှိလာသူများမှာ မည်သူများဖြစ်ကြောင်းကို နားလည်သွားခဲ့ပြီး သူ၏ ရင်ထဲတွင် ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်နေပြီ ဖြစ်လေသည်။

သူတို့ မည်သူဖြစ်ကြောင်းကို မသိရှိခဲ့စဉ်က ကြောက်ရွံ့စရာ ဘာမှမရှိခဲ့ပေ။ သို့သော်လည်း ပြီးခဲ့သည့်ညက ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့၏ စကားပြောဆိုမှုများကို ခိုးနားထောင်ခဲ့ရသဖြင့် တစ်ယောက်မှာ ကောင်းကင်ဘုံကို ကမောက်ကမ လုပ်ခဲ့သော မဟာပညာရှိကြီး ဖြစ်ပြီး နောက်တစ်ယောက်မှာ လူ့ပြည်သို့ ဆင်းသက်လာသော ထျန်းဖုန်စစ်သူကြီး ဖြစ်ကြောင်းကို သူ သိရှိသွားခဲ့လေသည်။

သူတို့ နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ရန် မဆိုထားနှင့် တစ်ယောက်ချင်းစီကိုပင် သူ ယှဉ်နိုင်မည်မဟုတ်ကြောင်းကို လေဝါမိစ္ဆာသည် သူ၏ စိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိထားပေသည်။

ရင်ထဲ၌ ထိတ်လန့်နေသော်လည်း လေဝါမိစ္ဆာ၏ အပြင်ပန်း အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။

သူက မျက်လုံးများကို တစ်ပတ်လှည့်ကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"အင်း... ရောက်လာတဲ့ ဧည့်သည်တွေက ငါ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေပဲ… သူတို့ကို သေချာ ဧည့်ခံဖို့ အထဲကို ခေါ်သွားလိုက်ပါ… ငါ ရေမိုးချိုးပြီး အဝတ်အစား လဲလှယ်ပြီးမှ သူတို့နဲ့ သွားတွေ့မယ်..."

"ဟုတ်ကဲ့ပါ ဘုရင်ကြီး..."

လေဝါမိစ္ဆာ၏ စကားများကို ကြားသောအခါ မိစ္ဆာစစ်သူကြီးသည် ခေါင်းညိတ်လိုက်ပြီး မည်သည့် သံသယမျှ မရှိဘဲ လှည့်ထွက်သွားလေသည်။

ဂူအပြင်ဘက်သို့ ရောက်သောအခါ မိစ္ဆာစစ်သူကြီးသည် ကျန်းလျိုနှင့် အခြားသူများကို ဂူအတွင်းသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တို့… ကျွန်တော်တို့ရဲ့ ဘုရင်ကြီးက ဖိတ်ခေါ်ပါတယ်..."

သူတို့သည် ဘုရင်ကြီး၏ မိတ်ဆွေများ ဖြစ်ကြပြီး ဘုရင်ကြီး ကိုယ်တိုင်က သူတို့နှင့် မတွေ့ဆုံမီ ရေမိုးချိုးကာ အဝတ်အစားများ လဲလှယ်ရန်ပင် ပြင်ဆင်နေသောကြောင့် ထိုဧည့်သည်များသည် အဆင့်အတန်းမြင့်မားပြီး ဘုရင်ကြီးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူများ ဖြစ်ရမည်ဟု တွေးကာ မိစ္ဆာစစ်သူကြီးသည် သူတို့အပေါ် ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ချေ။

"ဟင်... ဒီ လေဝါမိစ္ဆာက ပုံမှန်အားဖြင့် ဒီလောက်တောင် ဧည့်ဝတ်ကျေပွန်တတ်တာလား..."

အိမ်ရှင်ဖြစ်သူ၏ စိတ်အားထက်သန်သော ဟန်ပန်ကို မြင်သောအခါ ကျန်းလျိုသည် တိတ်ဆိတ်စွာ အံ့အားသင့်သွားလေသည်။

ကျန်းလျိုသည် လေဝါမိစ္ဆာကို ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သူ ရောက်ရောက်ချင်း တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

"ဒီလိုဆိုမှတော့ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."

ကျန်းလျိုက နှိမ့်ချယဉ်ကျေးစွာ ပြောဆိုလိုက်ပြီး လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် နဂါးမြင်းဖြူပေါ်မှ ဆင်းကာ စွန်ဝူခုန်း ကျူးပါကျဲတို့နှင့်အတူ လေဝါဂူအတွင်းသို့ ဝင်ရောက်သွားလေသည်။

အပြုံးနဲ့လာတဲ့ ဧည့်သည်ကို ပါးမရိုက်ရ ဆိုတဲ့ စကားလိုမျိုး အရင်တိုက်ခိုက်ပြီးမှ ယဉ်ကျေးမှုပြရန် ပြင်ဆင်ထားခဲ့သော်လည်း တိုက်ခိုက်ခြင်းမပြုမီ ယဉ်ကျေးမှုကို အရင်ပြနိုင်မည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေသည်။

All Chapters