အခန်း (၂၀၁-၂၀၂)
Vol. 15 Ch. 201-202
အပိုင်း(၂၀၁)
ဘေးတွင် သတိလစ် မေ့မြောနေခဲ့သော လေဝါမိစ္ဆာသည် နှာခေါင်းကို အကြိမ်အနည်းငယ် ရှုံ့မဲ့လိုက်ပြီးနောက် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လာခဲ့၏ သူ၏ ကြွက်မျက်လုံးများက မီးဖိုပေါ်တွင် ကင်နေသော အသားကင်များထံသို့ စိုက်ကြည့်ရင်း တောက်ပသွားကာ သူ၏ နှုတ်ခမ်းထောင့်ကို အလိုအလျောက် သပ်လိုက်မိ၏။
ယမန်နေ့ညက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အသားကင်မှာ အစောကြီးကတည်းက အေးစက်နေပြီ ဖြစ်သော်လည်း သူ့အား အဆုံးမဲ့သော အရသာခံစားမှုများကို ချန်ထားရစ်ခဲ့ဆဲ ဖြစ်လေသည်။
"နိုးလာပြီလား… မင်းကို ငါ မေးမယ်... ငါက မင်းဆီကို လေဝါဂူအထိ လာလည်တာ… မင်းက ငါတို့နဲ့ မတွေ့ချင်ရင်လည်း နေပါစေပေါ့… ဒါပေမဲ့ ဘာလို့ ငါတို့ကို အထဲဖိတ်ခေါ်ပြီး မင်းကိုယ်တိုင် တိတ်တဆိတ် လစ်ထွက်သွားရတာလဲ..."
လေဝါမိစ္ဆာ နိုးလာသည်ကို သတိပြုမိသွားသောအခါ ကျန်းလျိုသည် ကင်ထားသော အသားကင်များပေါ်သို့ ဇီယာမှုန့် အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ဖြူးလိုက်ကာ အကြိမ်အနည်းငယ် လှန်လိုက်ရင်း မေးလိုက်လေသည်။
"ကျုပ် အမှန်တိုင်း ဝန်ခံမယ်ဆိုရင်… ကျုပ်ကို အသက်ချမ်းသာပေးမလား..."
လေဝါမိစ္ဆာသည် သူ၏ အကြည့်များကို အသားကင်များထံမှ ရွှေ့လိုက်ပြီး ကျန်းလျိုအား မေးလိုက်သည်။ မည်သို့ပင် ဆိုစေ... သူ၏ အသက်က အရေးအကြီးဆုံး ဖြစ်၏။
"ဟွန့်… မင်းမှာ စျေးဆစ်ပိုင်ခွင့် ရှိတယ်လို့ ထင်နေတာလား..."
ကျန်းလျို ပြန်မဖြေရသေးမီမှာပင် စွန်ဝူခုန်းက လေဝါမိစ္ဆာ၏ စကားများကို ကြားသွားပြီး ဒေါသတကြီး ဆဲဆိုလိုက်လေသည်။
စွန်ဝူခုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ဟန်ပန်ကြောင့် လေဝါမိစ္ဆာမှာ အနည်းငယ် တုန်ယင်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။
"တကယ်တော့... ခင်ဗျားတို့က ကျုပ်ကို ပြဿနာလာရှာမယ်ဆိုတာ သိနေလို့… နောက်ပေါက်ကနေ ကျုပ် လစ်ထွက်သွားနိုင်အောင် ကျုပ်တပည့်တွေကို အချိန်ဆွဲခိုင်းထားလိုက်တာပါ..."
"ဒီလိုဖြစ်ရမယ်..."
လေဝါမိစ္ဆာ၏ အဖြေက အံ့သြစရာ မဟုတ်ပေ။ ကျန်းလျိုသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။
"ဒါဆို ငါတို့က လေဝါတောင်ကြောကို ပြဿနာလာရှာမယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိနေတာလဲ… ငါတို့က အရင်က တစ်ခါမှ တွေ့ဖူးတာ မဟုတ်ဘူးလေ..."
"ကျုပ် အမှန်တိုင်း ဖြေရင် ကျုပ်အသက်ကို ချမ်းသာပေးနိုင်မလား..."
အသက်ရှင်သန်လိုစိတ် ပြင်းပြနေသော အမူအရာဖြင့် လေဝါမိစ္ဆာက ထပ်မံ ပြောဆိုလိုက်ပြန်သည်။
"ဟင်..."
ဘေးနားရှိ စွန်ဝူခုန်းက သူ၏ အသားကင်ကို ချလိုက်ပြီး လေဝါမိစ္ဆာအား ခြိမ်းခြောက်သည့် အကြည့်ဖြင့် ဘေးတစောင်း ကြည့်လိုက်လေသည်။
"မှန်ပါတယ်… ဆရာတော်တို့က ကျွန်တော့်ကို ဒီနေ့မှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ… ဒါပေမဲ့ ကျွန်တော်ကတော့ ဆရာတော်တို့ကို အခုမှ စမြင်ဖူးတာ မဟုတ်ပါဘူး… မနေ့ညက ကျွန်တော် အစားအသောက် နည်းနည်း ခိုးစားဖို့ ခိုးဝင်လာတုန်းက… ဆရာတော်တို့ အသားကင်နေတာကို မြင်ခဲ့တယ်… ပြီးတော့ ဆရာတော်တို့ရဲ့ စကားပြောဆိုမှုတွေကိုလည်း ခိုးနားထောင်ခဲ့မိတယ်..."
လေဝါမိစ္ဆာသည် ခေါင်းငုံ့လိုက်ရင်း မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲတော့ဘဲ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သမျှကို အတိအကျ ပြန်လည် ပြောပြလေတော့သည်။
"ဒါဆို မင်းက မနေ့ညက ကြွက်တစ်ကောင်လိုမျိုး အမှောင်ထဲမှာ ပုန်းနေခဲ့တာပေါ့ ငါ စွန်ဝူခုန်းကိုတောင် လှည့်စားနိုင်ခဲ့တယ်ဆိုတော့ တော်တော်လေး ရှက်စရာကောင်းတာပဲ..."
လေဝါမိစ္ဆာ၏ ဝန်ခံချက်ကို ကြားသောအခါ စွန်ဝူခုန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားမိသည်။ အနီးနားတွင် မိစ္ဆာတစ်ကောင် ပုန်းကွယ်နေခဲ့သည်ကို သူ သတိမထားမိခဲ့ပေ။
"အဲဒါက မနေ့ညက မဟာပညာရှိကြီး အရက်တွေ အများကြီးသောက်ထားပြီး နည်းနည်း မူးနေလို့ ကျွန်တော့်ကို သတိမထားမိတာပါ..."
လေဝါမိစ္ဆာက သူ၏ ခေါင်းကို ပုကျုံ့ရင်း ပြောလိုက်လေသည်။
အမှန်တကယ်တော့ ယမန်နေ့ညက ပြတင်းပေါက်မှနေ၍ ခိုးနားထောင်နေစဉ် စွန်ဝူခုန်းက သူ့ကို သတိထားမိသွားမည်ကို သူ အလွန် ကြောက်လန့်နေခဲ့ခြင်း ဖြစ်၏။
"ဟီးဟီးဟီး... ငါ စွန်ဝူခုန်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိတယ်ဆိုတော့… မင်းမှာ အကဲခတ်တတ်တဲ့ မျက်လုံး ရှိသားပဲ..."
ထိုမြှောက်ပင့်စကားလေး တစ်ခွန်းကြောင့် စွန်ဝူခုန်း၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်သွားလေတော့သည်။
"မင်း လိမ်နေတာ မဟုတ်လား..."
သို့ရာတွင် ကျန်းလျိုကတော့ လေဝါမိစ္ဆာ၏ စကားများက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက နယ်မြေတစ်ခုလုံးရဲ့ မိစ္ဆာဘုရင် တစ်ပါးပဲ… မင်းရဲ့ လက်အောက်မှာ မိစ္ဆာငယ်လေးတွေ မရေမတွက်နိုင်အောင် ရှိတယ်လေ… မင်းက တကယ်ပဲ အစားအသောက် ခိုးစားဖို့ လိုအပ်လို့လား..."
လေဝါမိစ္ဆာ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သွားသည့် အမူအရာ ပေါ်လာပြီး မျက်နှာငယ်လေးဖြင့် ပြန်ဖြေလိုက်၏။
"အင်း... အဲဒါက ကျွန်တော့်ရဲ့ သဘာဝစရိုက်ကြောင့်ပါ… ဆရာတော်ကို ရယ်စရာဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..."
ကျန်းလျို ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်ခံလိုက်သည်။ ဝက်မိစ္ဆာတစ်ကောင် ဖြစ်သည့် ကျူးပါကျဲသည် ဝက်များ၏ ပုံမှန် လက္ခဏာရပ်များဖြစ်သော စကားထစ်ခြင်းနှင့် ပျင်းရိခြင်းတို့ကို ပိုင်ဆိုင်ထားပြီး၊ စွန်ဝူခုန်းသည်လည်း မျောက်တစ်ကောင်ဖြစ်သောကြောင့် မျောက်များ၏ စိတ်လိုက်မာန်ပါ ရှိတတ်သော သဘာဝကို ပြသနေသည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် လေဝါမိစ္ဆာသည် မူလက ကြွက်တစ်ကောင် ဖြစ်သောကြောင့် သူ၏ အစားအသောက် ခိုးစားလိုသည့် အကျင့်မှာ ကြွက်တစ်ကောင်၏ သဘာဝသက်သက်သာ ဖြစ်သည်ဆိုခြင်းက ယုတ္တိတန်နေပုံရသည် မဟုတ်ပါလော။
"ကောင်းပြီ… မင်းကို လောလောဆယ် ယုံလိုက်ပါ့မယ်… ဒါပေမဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေ ငရုတ်သီးမှုန့် လိုက်ရှာနေတာကရော… အဲဒါက ဘာဖြစ်တာလဲ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျိုက ဆက်လက် စုံစမ်းမေးမြန်းလိုက်လေသည်။
ငရုတ်သီးမှုန့် အကြောင်းအရာကြောင့် ကျူးပါကျဲနှင့် စွန်ဝူခုန်းတို့သည် လေဝါမိစ္ဆာအား သိချင်စိတ်ပြင်းပြစွာဖြင့် စူးစိုက်ကြည့်လိုက်ကြလေသည်။
"အသားကင်တွေ ပြီးပြည့်စုံသွားဖို့ ငရုတ်သီးမှုန့် ဖြူးရမယ်လို့ ဆရာတော် ပြောတာကို ကျွန်တော် ကြားလိုက်တယ်လေ… အဲဒါကြောင့် ငရုတ်သီးမှုန့်ကို ရှာပြီး ဆရာတော်ကို ဆက်သချင်လို့ပါ..."
အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် လေဝါမိစ္ဆာသည် မိမိကိုယ်ကို အလွန် နှိမ့်ချလိုက်ပြီး အသက်ရှင်သန်လိုစိတ် ပြင်းပြနေမှုကို ပြသလိုက်လေသည်။
စစ်မေးပြီးနောက် လေဝါမိစ္ဆာ၏ အခြေအနေကို ကျန်းလျို နားလည်သွားခဲ့သော်လည်း ဤသည်က မူရင်းဇာတ်လမ်းနှင့် များစွာ ကွာခြားလွန်းနေသည် မဟုတ်ပါလော။
မူရင်းကျမ်းစာထဲတွင် လေဝါမိစ္ဆာသည် သူ၏ လက်အောက်ငယ်သားဖြစ်သော ကျားမိစ္ဆာ ရှေ့တန်းတပ်မှူးကို စေခိုင်းကာ ထန်ဆရာတော်အား ပြန်ပေးဆွဲစေခဲ့ပြီး ၎င်းက ကြီးမားသော ဘေးဒုက္ခကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျန်းလျို မှတ်မိနေသေး၏။
သို့ရာတွင် ယခုအခါ၌မူ လေဝါမိစ္ဆာသည် အစောကြီးကတည်းက စွန်ဝူခုန်းနှင့် သူ၏ အဖွဲ့ကို ကြောက်လန့်သွားခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ အသက်လုကာ ထွက်ပြေးသွားခဲ့သည်လော။
သူ့ကို ရှာဖွေနိုင်သည့် စွန်ဝူခုန်း၏ မှော်နည်းစနစ်များသာ မရှိခဲ့ပါက သူတို့သည် ဤမိစ္ဆာကို အမှန်တကယ်ပင် လွတ်မြောက်ခွင့် ပြုလိုက်မိမည် ဖြစ်လေသည်။
"ဆရာတော်… ကျွန်တော်က ဆရာတော်ကို အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး… ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ..."
ကျန်းလျို၏ စဉ်းစားတွေးတောနေသော အမူအရာကြည့်ရင်း လေဝါမိစ္ဆာသည် အလောတကြီး အသနားခံလိုက်လေသည်။
ကျန်းလျို၏ ရင်ထဲတွင် တွန့်ဆုတ်မှု အချို့တော့ အမှန်ပင် ရှိနေခဲ့၏။ လေဝါမိစ္ဆာနှင့် ဤစိန်ခေါ်မှုသည် ယခုအခါ ဖြစ်နိုင်ခြေ မရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူနှင့် စွန်ဝူခုန်းတို့ တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ သူ မျှော်လင့်ထားသော အတွေ့အကြုံမှတ်များနှင့် ပစ္စည်းများကို ရရှိခဲ့ပြီး ဖြစ်လေသည်။
သို့သော် သူတို့ကို လှည့်စားသွားခဲ့သော ဤကြွက်မိစ္ဆာကို ဒီအတိုင်း လွှတ်ပေးလိုက်ရမည်လော။ ကျန်းလျိုသည် ၎င်းနှင့်ပတ်သက်၍ အနည်းငယ် အလိုမကျ ဖြစ်နေမိသည်။
အတော်လေး ဉာဏ်နီဉာဏ်နက်များသော လေဝါမိစ္ဆာသည် အလွတ်သဘော တောင်းပန်ရုံမျှဖြင့် သူ့အား လွှတ်ပေးရန် ဝန်လေးနေပုံရသော ကျန်းလျိုကို ကျေနပ်စေမည် မဟုတ်ကြောင်းကို ရိပ်မိလေသည်။ သူ၏ မျက်လုံးများကို ဟိုဟိုဒီဒီ ကစားလိုက်ပြီးနောက် အလေးအနက် ပြောဆိုလိုက်၏။
"ဆရာတော်... ငရုတ်သီးမှုန့်ကို ဘယ်မှာရှာတွေ့နိုင်မလဲဆိုတာ ကျွန်တော့်ကို ပြောပြမယ်ဆိုရင်… အဲဒါကို ရဖို့အတွက် ကျွန်တော့်အသက်ကိုတောင် စွန့်လွှတ်ပြီး ဆရာတော်အတွက် ရအောင် ယူဆောင်ပေးပါ့မယ်..."
လေဝါမိစ္ဆာ၏ စကားများကို ကြားသောအခါ ကျန်းလျို၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။ သူ့ကို သတ်ပစ်လိုက်တာထက် အလုပ်ခိုင်းတာက ပိုမို အကျိုးရှိသည့် ရွေးချယ်စရာ ဖြစ်သည်။
ထို့အပြင် အရာအားလုံး ချောမွေ့သွားမည်ဆိုပါက လေဝါမိစ္ဆာကို သူ၏ ကိုယ်ပိုင် အင်အားစုထဲသို့ ဆွဲသွင်းနိုင်မည် ဖြစ်သည်။
ဝက်ဝံနက် မိစ္ဆာနှင့် အခြားသူများကိုပါ ပူးပေါင်းစေပြီး မိစ္ဆာမျိုးနွယ်၏ အင်အားစုအခြေခံ တစ်ခုကို ဖန်တီးလိုက်မည်ဆိုပါက အနာဂတ်တွင် နတ်ဘုရားများနှင့် ဗုဒ္ဓများကို ပြန်လည်ရင်ဆိုင်ရာ၌ ထည့်တွက်ရမည့် အင်အားတစ်ရပ် ဖြစ်လာနိုင်ပေသည်။
လေဝါမိစ္ဆာ၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားသော်လည်း သမာဓိ နတ်လေ နှင့် ပတ်သက်သော သူ၏ ကျွမ်းကျင်မှုစွမ်းရည်များက အလွန်တရာ အစွမ်းထက်လှပေသည်။
ဤသို့ တွေးတောပြီးနောက်...
"ဒီလိုလား… ကောင်းပြီလေ… ဒါဆိုရင် မင်းကို အခွင့်အရေး တစ်ခုပေးမယ်… ငရုတ်သီးမှုန့်က ဘယ်လိုပုံစံ ရှိလဲဆိုတာကို ငါ ဖော်ပြပေးမယ်… အကယ်၍ မင်းသာ အဲဒါကို ရှာတွေ့ခဲ့ရင် မင်းကို ငါ လွှတ်ပေးလိုက်မယ်..."
ကျန်းလျိုကပြောလိုက်လေတော့သည်။
***
အပိုင်း(၂၀၂)
"ဆရာတော်ရဲ့ ကရုဏာတရားအတွက် ကျေးဇူးတင်လှပါတယ်ဘုရား… ဆရာတော်ရဲ့ ကရုဏာတရားအတွက် ကျေးဇူးတင်လှပါတယ်ဘုရား..."
ကျန်းလျိုက မိမိအား အသက်ချမ်းသာခွင့်ပေးမည်ဟု သဘောတူလိုက်သည်ကို ကြားလိုက်ရပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက် မရှိတော့ကြောင်း သိလိုက်ရသောအခါ လေဝါမိစ္ဆာ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့်တကွ ကျေးဇူးတင်ဝမ်းမြောက်သည့် အရိပ်အယောင်များ ထင်ဟပ်လာကာ ကျန်းလျိုအား မရပ်မနား ကျေးဇူးတင်စကား ဆိုလေသည်။
မူလက တထာဂတ ဘုရားရှင်၏ ဖန်မီးအိမ်ထဲမှ ဆီရည်ကြည်ကို ခိုးယူခဲ့ပြီးနောက် သူသည် ဝေးလံသော အရပ်သို့ ထွက်ပြေးကာ မိစ္ဆာတစ်ကောင်အဖြစ် အသွင်ယူနေထိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ကျန်းလျိုတို့နှင့် ဆုံတွေ့ရသောအခါ သူတို့သည် ကျမ်းစာပင့်ဆောင်သူ အဖွဲ့ဝင်များဖြစ်ကြောင်း သိရှိသွားသဖြင့် လေဝါမိစ္ဆာသည် သူတို့ ဖြတ်သန်းသွားသည်အထိ ပုန်းအောင်းနေရန် ရည်ရွယ်ခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူကသာ သူ့အား ဖမ်းဆီးသွားခဲ့လျှင် တထာဂတဘုရားရှင်၏ ရှေ့မှောက်၌ ကြီးမားသော ကုသိုလ်တော်တစ်ခု ရရှိသွားမည် မဟုတ်ပါလော။
ထို့အပြင် သူသည် ထိုသူတို့အား တစ်ကြိမ် လှည့်စားခဲ့ဖူးရာ သူ့အား အလွတ်ပေးလိုက်ရန် အကြောင်း လုံးဝမရှိပေ။ သို့သော်လည်း မမျှော်လင့်ဘဲ သူတို့က အမှန်တကယ်ပင် သူ့ကို အသက်ချမ်းသာခွင့် ပေးခဲ့ကြလေသည်။
"မင်းသွားပြီး ငရုတ်သီးတွေကို ရှာချေ… အဲဒါက တစ်ပေလောက်မြင့်တဲ့ အပင်ပုလေးတွေမှာ သီးတယ်… ပုံစံက မီးသီးလေးတွေနဲ့တူပြီး အထဲမှာ အခေါင်းပေါက်နဲ့ အစေ့တွေပါတယ်… အစိမ်းရောင်ရော အနီရောင်ရော ရှိတယ်… နောက်တစ်မျိုးကတော့ နွားချိုနီလေးတွေနဲ့ တူတယ်ကွ… တကယ်ကို စားကောင်းတဲ့ အရာလေးတွေပဲ… အဲဒါကို စားလိုက်ရင် သူ့ရဲ့ အစပ်အရသာလိုပဲ မီးဟပ်လိုက်သလို ခံစားရမှာ..."
ကျန်းလျိုသည် လေဝါမိစ္ဆာအား ငရုတ်သီးများ သွားရောက်ရှာဖွေစေရန်အတွက် ငရုတ်သီး၏ လက္ခဏာရပ်များကို အတိုချုပ် ရှင်းပြလိုက်သည်။
"နားလည်ပါပြီ… မှတ်သားထားပါ့မယ်..."
ကျန်းလျို၏ စကားကို တုံ့ပြန်ရင်း လေဝါမိစ္ဆာသည် ခေါင်းကို လျင်လျင်မြန်မြန် ညိတ်ပြကာ ငရုတ်သီး၏ ပုံပန်းသဏ္ဌာန်များကို မှတ်ဉာဏ်ထဲ၌ စွဲကပ်သွားအောင် မှတ်သားထားလိုက်သည်။
"ကောင်းပြီ… မင်းရဲ့ နှလုံးသွေးအနှစ်အနည်းငယ်ကို ဒီအပေါ် ချလိုက်စမ်း… ငါခိုင်းထားတဲ့ အလုပ်ကို မင်းမေ့သွားခဲ့ရင်တော့ မင်းအသက်ကို လာနုတ်ယူတဲ့အခါ ငါတို့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့နော်..."
လေဝါမိစ္ဆာ၏ ဝန်ခံကတိပြုမှုအပြီးတွင် ကျန်းလျိုသည် သေးငယ်ပြီး သေသပ်လှပသော အလှဆင်ကြေးမုံတစ်ခုကို ထုတ်ယူကာ လေဝါမိစ္ဆာအား ပြောလိုက်ခြင်းဖြစ်သည်။
"ဒါက... မှော်ကြေးမုံလား… ဒါက ကွမ်ယင်ဗောဓိသတ်ရဲ့ ရတနာတွေထဲက တစ်ခုမဟုတ်ဘူးလား..."
နတ်ဝိညာဉ်တောင်တော်မှ ဆင်းသက်လာသော ကြွက်တစ်ကောင် ဖြစ်သည့်အားလျော်စွာ လေဝါမိစ္ဆာ၏ မျက်လုံးများသည် အလွန်စူးရှပြီး ကျန်းလျို၏ လက်ထဲရှိ ဓမ္မရတနာကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားလေသည်။
"ဟုတ်တယ်… ငါဒီရတနာကို ကွမ်ယင်ဗောဓိသတ်ရဲ့ လက်ထဲကနေ ရခဲ့တာ… အဟမ်း…ဗောဓိသတ်ဆီကနေ တောင်းလာခဲ့တာပေါ့… မင်းဒါကို မှတ်မိတယ်ဆိုတော့လည်း ကောင်းတာပေါ့… မင်းငါ့ကို လှည့်စားရဲမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်… အဲဒီလိုမှမဟုတ်ရင် မင်းဘယ်နေရာမှာပဲ ပုန်းနေပုန်းနေ ငါမင်းကို ရှာတွေ့နိုင်တယ်နော်..."
ကျန်းလျိုသည် လေဝါမိစ္ဆာက ထိုရတနာကို မှတ်မိသွားသဖြင့် ပို၍ပင် စိတ်အေးသွားခဲ့လေသည်။
အခြားသူတစ်ဦး၏ အမိုးအောက်တွင် ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ စွန်းဝူခုန်း၏ ရန်လိုသော အကြည့်များကို မြင်လိုက်ရသဖြင့် လေဝါမိစ္ဆာသည် သူ၏ နှလုံးသွေးအနှစ် အနည်းငယ်ကို ထုတ်ယူကာ မှော်ကြေးမုံပေါ်သို့ အစက်ချပေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်… မကြာခင် ဆရာတော်ဆီကို ငရုတ်သီးတွေ သေချာပေါက် ယူလာခဲ့ပါ့မယ်..."
သူစကားပြောနေစဉ်မှာပင် သူ၏ သွေးတန်းမှာ အနည်းငယ် ပြန်လည်ပြည့်ဖြိုးလာပြီး ဒဏ်ရာသည်လည်း ခံသာနိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ လေဝါမိစ္ဆာသည် ရုန်းကန်၍ မတ်တပ်ရပ်လိုက်ကာ ကျန်းလျိုအား နှုတ်ဆက်စကား ဆိုလေသည်။
"နေဦး… မင်း အပြင်းအထန် ဒဏ်ရာရထားတာပဲ… မသွားခင် ခဏလောက် အနားယူဦး… ထိုင်ပြီး တစ်ခုခု စားလိုက်ပါဦး..."
တုတ်ဖြင့် ရိုက်ပြီးပါက ချိုမြိန်သော စွန်ပလွံသီးတစ်လုံးကို ပြန်လည်ကမ်းလှမ်းသင့်သည် မဟုတ်ပါလော။ ထွက်ခွာသွားတော့မည့်ပုံစံဖြင့် ခေါင်းငိုက်စိုက်ကျနေသော လေဝါမိစ္ဆာအား မြင်လိုက်ရသဖြင့် ကျန်းလျိုက သူ့အား တားဆီးရန် စကားဆိုလိုက်ခြင်းဖြစ်သည်။
စကားပြောနေစဉ်မှာပင် သူ၏ လက်တစ်ဖက်က အကင်တုတ်တစ်ချောင်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကို မြှောက်ကာ လေဝါမိစ္ဆာထံသို့ ဝှေ့ယမ်းလိုက်ပြီး ကွမ်ယင် ဂါထာ စွမ်းရည်ကို တစ်ကြိမ် အသုံးပြုလိုက်လေသည်။
အသက်စွမ်းအင် နှစ်ဆယ်ရာခိုင်နှုန်း အကျိုးသက်ရောက်မှုသည် လေဝါမိစ္ဆာ၏ သွေးတန်းကို ချက်ချင်းဆိုသလို သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
လေဝါမိစ္ဆာသည် သူ၏ဒဏ်ရာများ သက်သာလာခြင်းကို ခံစားသိရှိနိုင်လေသည်။ ပြင်းထန်စွာ ဒဏ်ရာရရှိထားဆဲ ဖြစ်သော်လည်း သူ၏အသက်အန္တရာယ်အတွက်မူ စိုးရိမ်စရာ မရှိတော့ပေ။
"ကျေးဇူးတင်ပါတယ် ဆရာတော်..."
လေဝါမိစ္ဆာသည် သဘာဝလွန် စွမ်းအင်များဖြင့် ကုသပေးနိုင်သော ကျန်းလျို၏ စွမ်းရည်အပေါ် အံ့အားသင့်နေခဲ့ပြီး ဖြစ်သည်။
ထို့နောက် အကင်များ အတူစားရန် ဖိတ်ခေါ်လိုက်သည့် ကျန်းလျို၏ စကားကိုထပ်မံ ကြားလိုက်ရသောအခါ ၎င်းသည် အံ့အားသင့် ဝမ်းသာသွားခဲ့ကာ မျက်နှာတစ်ပြင်လုံး ကျေးဇူးတင်သည့် အရိပ်အယောင်များဖြင့် ကျန်းလျိုအား အဆက်မပြတ် ကျေးဇူးတင်စကား ဆိုလေသည်။ သူ၏ မျက်နှာပေါ်တွင် အရေးတယူ ဆက်ဆံခံရမှုကြောင့် ကြည်နူးသွားသည့် အမူအရာများပါ ပေါ်လွင်နေသည်။
လေဝါမိစ္ဆာ၏ မျက်နှာပေါ်မှ ကျေးဇူးတင်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။
သမာဓိ လေစွမ်းအင်ကို ပိုင်ဆိုင်ထားသည့် နတ်ဝိညာဉ်တောင်တော်မှ ဤကြွက်သည် အတော်အတန် အစွမ်းထက်လှပေသည်။ သို့သော်လည်း ၎င်းအား ယုံကြည်စိတ်ချရသူအဖြစ် မိမိဘက်သို့ သိမ်းသွင်းနိုင်မည်၊ မသိမ်းသွင်းနိုင်မည်ကို ဆုံးဖြတ်ရန်နှင့် စုံစမ်းစစ်ဆေးရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း ကျန်းလျို သိထားလေသည်။
အကယ်၍ ထိုမိစ္ဆာသည် မဟာယနဂိုဏ်းအပေါ် အငြိုးအတေး ထားရှိပါက သူ့အား မိမိ၏ ကိုယ်ပိုင်အဖွဲ့ထဲသို့ ခေါ်ဆောင်လာရန် ပြဿနာရှိမည် မဟုတ်ပေ။ စိုးရိမ်စရာရှိသည်က... ဤမိစ္ဆာသည် ကွမ်ယင်၏ အမိန့်ကို နာခံ၍ လူ့ပြည်သို့ ဆင်းသက်ကာ မိစ္ဆာအဖြစ် ခံယူထားခြင်းမျှသာ ဖြစ်နေပြီး ၎င်း၏ စိတ်နှလုံးထဲတွင် မယာယန ဗုဒ္ဓဂိုဏ်းအပေါ် သစ္စာရှိနေဆဲ ဖြစ်နေမည်ကိုပင် ဖြစ်သည်။
အကယ်၍ ထိုသို့သာဖြစ်နေပါက သူ့အား မိမိဘက်သို့ သိမ်းသွင်းခြင်းသည် ဗုဒ္ဓဂိုဏ်းအတွက် သူလျှိုတစ်ယောက်ကို မိမိအဖွဲ့ထဲသို့ ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထိုအချက်များကြောင့်သာလျှင် ကျန်းလျိုသည် သူ၏ အင်အားစုဆောင်းလိုသော ရည်ရွယ်ချက်ကို ထုတ်ဖော်မပြဘဲ လောလောဆယ်တွင် လေဝါမိစ္ဆာအား ငရုတ်သီးများ သွားရှာရန်သာ စေခိုင်းလိုက်ခြင်း ဖြစ်သည်။
ထိုစည်းမျဉ်းသည် လေဝါမိစ္ဆာတစ်ကောင်တည်း အတွက်သာ မဟုတ်ဘဲ နတ်ဘုရားများ၊ ဗုဒ္ဓဘာသာဝင်များနှင့် ဆက်နွယ်နေသော အခြား မည်သည့် မိစ္ဆာများကိုမဆို နောင်လာမည့်ကာလများတွင် အလွန်တင်းကြပ်စွာ စောင့်ကြည့်လေ့လာရမည် ဖြစ်ပေသည်။
...
"အင်း… အရသာရှိလိုက်တာ… အရသာရှိလိုက်တာ… ဆရာတော် ပြောတဲ့ ပိုပြီးပြည့်စုံတဲ့ အကင်အရသာဆိုတာကို မြည်းစမ်းကြည့်ဖို့ ငရုတ်သီးတွေကို ငါမဖြစ်မနေ ရှာရမယ်..."
မကြာမီတွင် အကင်များ ကျက်သွားပြီးနောက် လေဝါမိစ္ဆာသည် လက်တစ်ဆုပ်စာ အကင်များကို ကိုင်ထားကာ မျက်ရည်ကျမတတ် ခံစားချက်များဖြင့် အရသာခံစား စားသုံးနေလေတော့သည်။
အကင်များသည် အေးနေချိန်ထက် ပူနေချိန်တွင် ပို၍ အရသာရှိလှသည်မှာ ထင်ရှားလှပေသည်။ ယခု အရသာပင်လျှင် မျက်ရည်ကျစေလောက်အောင် ကောင်းမွန်နေပြီ ဖြစ်သည်။ ဆရာတော် ပြောခဲ့သကဲ့သို့ ငရုတ်သီးမှုန့်သာ ထည့်လိုက်ပါက အကင်များသည် မည်မျှ အထိ ပို၍ အရသာရှိသွားမည်ကို သူ တွေးတောရုံသာ တွေးတောနိုင်တော့သည်။
အေးစက်နေသော အကင်တစ်ချောင်းသည်ပင် လေဝါမိစ္ဆာ၏ စိတ်အာရုံထဲ၌ အချိန်ကြာမြင့်စွာ စွဲထင်နေခဲ့လေသည်။ ယခုမူကား သူသည် လက်တစ်ဆုပ်စာမျှသော အကင်များကို စိတ်ကြိုက် စားသုံးခွင့်ရသွားခဲ့ပြီး အဝစားလိုက်ရလေပြီ။ ဗိုက်ကားပြီး ပြည့်အင့်သွားသောအခါ လေဝါမိစ္ဆာသည် သူ၏ဗိုက်ကို ပုတ်လျက် ဤသည်မှာ အမှန်တကယ် ရှင်သန်ရကျိုးနပ်သော ဘဝဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
စားသောက်ပြီးစီးသွားသောအခါ လေဝါမိစ္ဆာသည် နှုတ်ဆက်၍ ထွက်ခွာသွားလေသည်။ သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး ငရုတ်သီးမှုန့်ကို ရှာဖွေကာ ဆရာတော်နှင့်တကွ အပေါင်းအပါများထံသို့ အမြန်ဆုံး လာရောက်ပို့ဆောင်ပေးပါမည်ဟု ကတိပြုသွားလေသည်။
ကျန်းလျိုက ခေါင်းညိတ်ပြလိုက်ပြီး လေဝါမိစ္ဆာ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်လေသည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် လေဝါမိစ္ဆာသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်သို့ ပြန်လှည့်လာလေသည်။
"ဘာဖြစ်လို့လဲ… တခြားကိစ္စ ရှိသေးလို့လား…"
လေဝါမိစ္ဆာ၏ အမူအရာကို မြင်သောအခါ ကျန်းလျိုက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ဟုတ်တယ် ဆရာတော်… နတ်ဝိညာဉ်တောင်တော်မှာတုန်းက တထာဂတဘုရားရှင်နဲ့ ဗောဓိသတ်တို့ ကျမ်းစာပင့်ဆောင်ရေး ခရီးစဉ်အကြောင်း ပြောနေကြတာကို ကျွန်တော် ကြားခဲ့ဖူးတယ်… ဆရာတော်ကို သေချာပေါက် ပြောပြသင့်တဲ့ ကိစ္စတချို့ ရှိနေတယ်လို့ ထင်လို့ပါ…"
လေဝါမိစ္ဆာသည် အရေးကြီးသော အရာတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ကျန်းလျိုအား ပြောလိုက်လေသည်။
"အို... ဘာကိစ္စများလဲ..."
လေဝါမိစ္ဆာ၏ စကားကြောင့် ကျန်းလျိုသည် စိတ်ဝင်စားသွားလေသည်။
လေဝါမိစ္ဆာသည် ဤနေရာ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။ ဆိုလိုသည်က ကျန်းလျို ဤကမ္ဘာသို့ ကူးပြောင်းမလာမီကတည်းက ဖြစ်သည်။ သို့ဆိုလျှင် သူသည် လွန်ခဲ့သော နှစ်များစွာကတည်းက တထာဂတဘုရားရှင်နှင့် ကွမ်ယင်တို့ ကျမ်းစာပင့်ဆောင်ရေး ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့သည်ကို ကြားခဲ့ရခြင်း ဖြစ်နိုင်ပါမည်လော။
"အနောက်အရပ်ကို သွားမယ့်ခရီးစဉ်မှာ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခတွေကို ကြုံတွေ့ရဖို့ ကံစီမံထားတယ်လို့ ဗောဓိသတ် ပြောခဲ့တာကို ကျွန်တော် မှတ်မိနေတယ်… ဒါကြောင့် အနောက်ဘုံကိုသွားမယ့် လမ်းခရီးမှာ ဆရာတော်အနေနဲ့ ဘေးအန္တရာယ်တွေ၊ အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်… ဂရုစိုက်တော်မူပါဘုရား…"
တုတ်တစ်ချောင်းနှင့် ချိုမြိန်သော စွန်ပလွံသီးတစ်လုံးသည် လေဝါမိစ္ဆာအား ကျန်းလျိုအပေါ် ကျေးဇူးတင်စိတ်များ ကိန်းအောင်းသွားစေခဲ့သည်။ ထို့ကြောင့် သူသည် ကျန်းလျိုအား ကြိုတင်သတိပေးရန် လိုအပ်သည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။
ကျန်းလျိုသည် ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခများအကြောင်းကို ကြိုတင်သိရှိထားပြီး ဖြစ်သောကြောင့် ဤသတိပေးချက်သည် သူ့အတွက် အလွန်အရေးကြီးသည်ဟု မခံစားရပေ။
သို့သော်လည်း စေတနာကောင်းဖြင့် ပြောခြင်းဖြစ်သောကြောင့် ကျန်းလျိုက ခေါင်းညိတ်ကာ ဆိုလိုက်လေသည်။
"ကောင်းပြီ… ဒါကို ငါမှတ်ထားပါ့မယ်… သတိပေးတဲ့အတွက် ကျေးဇူးပဲ…"
"ဒါဆို ကျွန်တော် သွားခွင့်ပြုပါဦး… နောက်တစ်ကြိမ် ဆုံတွေ့တဲ့အခါ ဆရာတော် ကိုယ်တိုင်လုပ်ထားတဲ့ စပိုက်စီ အရသာ အကင်တွေကို ထပ်ပြီး မြည်းစမ်းခွင့်ရဖို့ မျှော်လင့်ပါတယ်…"
စပိုက်စီ ဆိုသည်မှာ ဘယ်လိုမှန်း မသိသေးသော်လည်း ကျန်းလျို၏ စကားကို ယူကာ သူ သုံးလိုက်ခြင်း ဖြစ်သည်။ ပြောစရာရှိသည်များကို ပြောပြီးသွားသောအခါ လေဝါမိစ္ဆာသည် ဆက်လက်နေထိုင်မည့်ဟန် မပြတော့ချေ။ သူသည် အဝါရောင် လေပြင်းတစ်ရပ်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်ထက်သို့ လျင်မြန်စွာ တက်ရောက်သွားပြီး အဝေးသို့ ပျံသန်းသွားလေတော့သည်။
***